နိဂုံးတစ်ခု၏နိဒါန်း - မေ(လားရှိုး)

နိဂုံးတစ်ခု၏နိဒါန်း
#မေ(လားရှိုး)

********************************

သမီးငယ်သည် ရွှေရောင်လွှမ်းသော ဝတ်စုံလေးနှင့် မြူးကြွနေသည့် လိပ်ပြာငယ်လေး တစ်ကောင်နှယ်။ တခစ်ခစ်ရယ်မောသံနှင့် ဟိုလူဒီလူ ကူးခပ်ကာ နှုတ်ဆက်နေ၏။ အမေသည် သမီးငယ်အား မျက်တောင်မခတ် လိုက်ကြည့်နေရင်း အခန်း၏ ထောင့်ကျကျ တစ်နေရာတွင် ငြိမ်သက်နေသည်။ အမေ့ရင်ထဲတွင် ခွဲခွာခြင်း၏ နိဒါန်းဖြစ်သော အငွေ့အသက်များကို ရှူရှိုက်မိစဉ် ဆောက်တည်ရာမရ။ အမေ၏ ဘဝထဲသို့ နှစ်ပေါင်း နှစ်ဆယ်ကျော်သာ အလည်လာခဲ့သော သမီးငယ်ကို အမေ ငေးကြည့်နေမိသည်။ အမေနှင့်အတူနေခဲ့သော အချိန်တွေ၌ သမီးငယ်သည် ထိုမျှ ပျော်ရွှင်မြူးကြွနေသည်ကို မမြင်ခဲ့ဖူး။ သမီးငယ်၏ ပါးပြင်တွင် ရွှေရောင်လွှမ်းသော မိတ်ကပ်ကို လိမ်းထား၏။ ရွှေရောင်လွှမ်းနေသော ပါးပြင်အောက်မှ ရှက်သွေး အချို့ ဖြာနေသော အနီနုရောင် ခပ်ပါးပါးကို မြင်နေရသည်။ ပါးပြင်မှ သွေးကြောစိမ်းလေးများသည် ပျော်ရွှင်နေသည့် အထိမ်းအမှတ်နှင့် တဖျပ်ဖျပ်လက်၍ အတူလိုက်ပါ မြူးထူးက‚ခုန်နေသယောင်။

ခပ်စေ့စေ့ကြည့်မိသော် သမီးငယ်သည် တစ်ခါဖူးမျှ မမြင်ခဲ့ဖူးသည့် သူစိမ်းတစ်ယောက် ဖြစ်သွားပြန်သည်။ အမေသည် အသက်ကို ခပ်မျှဉ်းမျှဉ်း ပင့်ကာရှိုက်ကာ ရှူသည်။ ငိုချင်စိတ်တို့ တလှိုက်လှိုက် တက်လာသော်လည်း ငို၍မဖြစ်။ လူအများစုမှသတ်မှတ်ထားသော မင်္ဂလာအချိန်သည် အမေ့အတွက်တော့ မင်္ဂလာမမည်။ သူ တကာ ပျော်ရွှင်နေသော်လည်း အမေ မပျော်နိုင်။ သဘာဝတရားကို မလွန်ဆန်နိုင်မှန်း သိသော် ဝမ်းနည်းစိတ်ကို ကျိတ်၍ မျိုချသည်။ မျိုချသော်လည်း မကျနိုင်ဘဲ ရင်ဝတွင်သာ နင်၍နေ၏။ ဖြစ်နိုင်လျှင် သမီးငယ် တွဲခိုထားသော လက်မောင်းကို ဖြုတ်ချပစ်ချပစ်ချင်သည်။

“ညည်းအေ... မွေးကတည်းက ငါ့လက်ကို ဆွဲလာတာပါဟဲ့”

စိတ်ထဲမှ အကြိမ်ကြိမ် မြည်တမ်းပြောနေမိသည်။ သမီးငယ်သည်ကား သူ့ချစ်သူ၏ မျက်နှာကို မော့ကာ မော့ကာ ကြည့်၍ ရွှန်းလဲ့တောက်ပနေလေသည်။ တလက်လက်ဖြာနေသော မျက်ဝန်းအစုံမှာ တိုက်ပွဲဝင်ရန် အနာဂတ်ကို စိန်ခေါ်နေသယောင်။ သမီးငယ်၏ အနာဂတ်တွင် အမေသည် ကျန်ရစ်ခဲ့ရတော့မည်။ သမီးငယ်သည် လောကသစ်တစ်ခုဆီသို့ သွားရန် တောင်ပံ တဖျပ်ဖျပ်ခတ်၊ ခွာသံတရှပ်ရှပ်ပေးနေလေပြီ။ သမီးငယ် ပျော်ရွှင်နေလျှင် အမေသည်လည်း လိုက်ပါ ပျော်ရွှင်သင့်သည်ဟု ကျိတ်၍ ဘာသာ ဆုံးမသည်။ ယေဘုယျအားဖြင့်တော့ သမီးငယ်ပျော်နေလျှင် ကျေနပ်ပြီး သမီးငယ်ငိုလျှင် ဖေးမ နှစ်သိမ့်ရမည် ဖြစ်သင့်သည်။ အမေ၏ အတွေးထဲတွင်မူ သမီးငယ်သည် အဝေးဆုံးသို့ ခရီးနှင်ရန် ခွာသံ တရှပ်ရှပ်ပေးနေသည့် မြင်းပျိုမလေးတစ်ကောင်နှင့်သာ တူလေသည်။

အမေသည် လောကသစ်သို့ ဝင်ရောက်ရန် အားယူနေသော သမီးငယ်၏ အတောင်ပံတို့ကိုလည်းကောင်း၊ ခွာအစုံကိုလည်းကောင်း စေ့စေ့စပ်စပ် အကဲခတ်ပြန်သော် တော်ပံသို့တွင် ပျံသန်းရန် အားနည်းနေသေးသော အမွေးနုတို့နှင့် ခွာရိုက်ရန် မရင့်သေးသော ခြေဖဝါးနုနုတို့ကိုသာ မြင်လေသည်။ အမေ၏ အတွေးတွင် မာယာများနှင့် ပြည့်နှက်နေသည့် လောကအတွင်းသို့ ဝင်ရောက်ရန် မသင့်သေးဟုသာ အဖြေထွက်လေ၏။ ဖြစ်သင့်ခဲ့သည်မှာ သမီးငယ်၏ သူရဲကောင်းဆန်နေသော စိတ်တို့ကို နူးညံ့စွာ သိမ်းသွင်းသင့်သည်။ ရင်ဆိုင်ရမည့် အခက်အခဲ၊ ဒုက္ခ၊ သောက အမျိုးမျိုးတို့ကို ပမာပြု၍ ဖြားယောင်းခဲ့သင့်သည်။ ပျော်ရွှင်မှု အစစ်အမှန် မရှ်ိသော လောက၏ ရပ်တည်မှု အချို့ကို သမီးငယ် နားလည် လက်ခံလာအောင် ချော့မြူ သိမ်းသွင်းခဲ့သင့်သည်။ ယခုသော် အမေသည် လောက မာယာများအား အနည်းငယ်မျှ မသ်ိခဲ့ဘဲ ပျံသန်းရန် အားယူနေသော သမီးငယ်ကို ငေး၍သာ ကြည့်နေမိလေတော့သည်။

လောကသည် အပြောကျယ်လှ၏။ စာတစ်တန် ပေတစ်ဖွဲ့ ဖွဲ့၍မဆုံးသည်ကို သမီးငယ်အား သိစေလိုလှသည်။ ဘဝဖြတ်သန်းမှု အဖုံဖုံသည် မိမိ၏ ရှန်သန်မှုများ၊ အတွေ့အကြုံများ၊ ခံစားမှုများနှင့်သာ ဖွဲ့တည်ထားသည်ကို သမီးငယ်အား ပြောမပြဘဲ အလိုလို သိစေချင်မိသည်။ ရင်၌ဖြစ်သော သွေးတစ်စ၏ ပူပန်မှုမှာ အဆုံးမရှ်ိသည်ကို သိစေချင်သည်။ အတ္တများ ငယ်ထိပ်သို့ တက်လာသော် ပူပန်ရမည့် မည်သည့် သွေးတစ်စကိုမျှ မပြန့်ပွားစေလို။ ထိုသို့ သိရသော အရင်းအနှီးများ၊ ပေးဆပ်မှုများကို သမီးငယ်အား မကြုံစေလို။ ယခု ပျော်ရွှင်နေသော သမီးငယ်၏ ခံစားမှုများသည် ရေပွက်ပမာ ခဏသာ တင်ကျန်နိုင်သည်ကို အမေ၏ ဘဝနှင့် ရင်း၍ သိခဲ့ရကြောင်းတွေကို ရှင်းပြချင်လှသော်လည်း သမီးငယ်သည် မာန်ကိုချီကာ တောင်ပံတို့ကို 
တဖျပ်ဖျပ် ခတ်လေပြီ။

နိဂုံးတစ်ခုအား နှုတ်ဆက်၍ နိဒါန်းတစ်ခုအား စတင်ရန် ကြိုးစားနေသည့် သမီးငယ်သည် အဆုံးထိအောင် ပျော်ရွှင်သွားနိုင်ပါမည်လား။ အမေကတော့ ဘယ် လောက်အထိ ဖေးမကူ ပျံသန်းနိုင်ပါမည်လဲ။
တ‌ကယ်တော့ အမေလည်း သေချာမသိပါ။

************************************

“ညည်းအေ တွေ့ရာ ယောက်ျားတစ်ယောက်ကို ကောက်ယူရတယ်လို့။ ညည်း အသက် ခုမှ ၁၈ နှစ်ကျော်ရုံရှိသေးတာလေ။ လင်မရမှာ ပူနေသလား၊ ဟမ်၊ ဘဝဆိုတာ လင်ယူလိုက်တာနဲ့ သာယာသွားတယ်များ ထင်နေလား၊ လင်ယူလိုက်မှ ဒုက္ခတွေ များရတော့မှာ ကောင်မရဲ့”

သူမ၏ ကျောပြင်ကို တအုန်းအုန်း ထု၍ အမေပြောခဲ့သော စကားများသည် သူမအတွက် ကရုဏာဒေါသ စကားများ၊ ရင်ထုမနာ ပွင့်အန်လာသော စကားများ ဆိုသည်ကို နားမလည်ခဲ့။ အမေ့မျက်နှာသည် သပြေသီးမှည့်ရောင်မက အလျှံတညီးညီးတောက်လောင်နေသော မီးတစ်စပမာ။ သတို့သမီး ပြန်အပ်သော အခမ်းအနား၌ အမေသည် သူမအား အရှက်ခွဲသည်ဟုသာ ယူဆ ထင်မြင်ခဲ့မိသော သူမ ဘဝ၏ အစိတ်အပိုင်းများကို တရေးရေး မြင်ယောင်လာသည်။ ထိုအချိန်တွေတုန်းက အမေ့ကို မုန်းခဲ့သည်။ အမေသည် ဘီလူးမကြီးနှင့် တူသယောင် ခံစားရသည်။ စေတနာ၊ မေတ္တာတို့ကို နားမလည်စွာ မိုက်ရိုင်းခဲ့ဖူးသည်။

“ဒီနေ့ သောကြာနေ့အေ့။ ဗိုက်နာတာ ကောင်းတယ်။ သားဦး သောကြာ ပဒေသာတဲ့။ ဒီနေ့ မွေးပါစေ ဆုတောင်းရမှာ။ မနက်ဖြန်ဆို စနေနေ့ ဖြစ်သွားပြီ”

သူမ၏ သားဦးဗိုက်ကလေးကို ပွတ်၍ တတွတ်တွတ် ဆုတောင်းရေရွတ်နေသော အမေသည် တစ်ချိန်တုန်းက အမေ့အား စိတ်ရော ကိုယ်ပါ ဒုက္ခပေးခဲ့သည့် သမီးဟု သတိရပုံမပေါ်။ အမေ့လက်ကို အားကိုးတကြီး ခပ်တင်းတင်း ဆုပ်ကိုင်ကာ အတူတူ‌ဆုတောင်းခဲ့ဖူးသည်။ သူမနှင့်တူသော သမီးမျိုးတော့ မပိုင်ဆိုင်ရပါစေနှင့်ဟူ၍။

“ညည်းသမီးများအေ ညည်းနဲ့ တစ်ပုံစံတည်းပါအေ။ ဆတ်ဆလူးကို ခါနေတာပဲ။ ညည်းလို ၁၈ နှစ်ခံရင် ကံကောင်း”

သမီးငယ်၏ ဝေယျာဝစ္စများကို လုပ်ကိုင်ပေးရင်း ကြည်နူးပီတိသံနှင့် ဖြစ်စေကာမူ ခပ်တိုးတိုး ရေရွတ်နေသည့် အမေ့စကားသံများကို သူမ မကျေနပ်။ အတ္တခပ်များများ ပျော်ဝင်နေသော သူမဆန္ဒများတွင် သမီးငယ်အား သူမနှင့် မတူစေလိုပါ။ သူမနှင့် မတူဘဲ သူမနှင့်သာ သက်ဆုံးတိုင် အတူနေမည့် သမီးလေး ဖြစ်ပါစေဟု ခပ်တိုးတိုး ဆုတောင်းရင်း အမေ့မျက်နှာကို လိပ်ပြာမလုံစွာ ခိုးကြည့်ခဲ့ဖူးသည်။

“ညည်းနဲ့ တစ်ပုံစံတည်းပဲ” ဟူသော စကားသံများကို သမီးငယ် မသိစေချင်သည့် အခိုက်အတန့်များစွာ အမေ့ကို ရှောင်ဖယ်ခဲ့မိသည်။ သမီးငယ် နေမကောင်းဖြစ်တတ်သော အချိန်တွေ၌မူ-

“ကလေးက ငါ့ကိုလွမ်းနေရှာတာနေမှာ၊ ဒါကြောင့် ဖျားတာ။ ကောင်မကလေးကို ငါ့ဆီ ခေါ်မလာဘူး”

ဒေါသပြင်းပြင်း၊ မျက်ရည်ဝေ့ဝေ့နှင့် ရေရွတ်ကာ အမေသည် လက်ထဲမှ ပုတီးကို ခပ်မြန်မြန် ဘုရားစင်တွင် ချိတ်၍ သမီးငယ်ကို ဆွဲယူ သွားခဲ့ဖူးသည်။

“ညည်း တစ်နေ့ ဝဋ်လည်မှာပါ။ ငါ ကျိန်တာ မဟုတ်ဘူး။ မအေတစ်ယောက်ရဲ့ ခံစားချက်တွေကို ညည်း နားလည်လာမှာပါ။ ဒါက လောကကပေးတဲ့ သင်ခန်းစာတွေပဲ”

ရှိုက်ရှိုက်ငင်ငင် တစ်လုံးချင်း ပြောတတ်သည့် စကားလုံးများ။ အမေ့စကားလုံးများသည် သူမရင်ကို အပ်နှင့်ဆွသလိုပင်။ နားခါး နာကျင်လှသည်။ အမေ မမြင်အောင် မျက်စောင်းဝေ့ထိုးရင်း ချိုကြည် ရယ်မောနေသည့် သမီးငယ်ကို ငေးကြည့်ခဲ့ဖူးသည်။ “သမီးငယ်ကတော့ အမေနဲ့ မတူပါဘူး၊ နော့လေ” စိတ်ထဲမှ တီးတိုးရေရွတ် စစ်ကူတောင်းကာ သူမ၏ စိတ်နှလုံးတို့ကို နှစ်သိမ့်ခဲ့ဖူးသည်။ သူမ ရှန်သန်ခဲ့သော သက်တမ်းတစ်လျှောက်တွင် အမေ့နေရာမှ စာနာနားလည် ခံစားပေးခဲ့သည်မရှိ။ အမေ့ ခံစားမှုများ အားလုံးကို သူမ မသိကျိုးကျွန်ပြုခဲ့မိသည်သာ။

*************************************

အမေ ခန့်မှန်းခဲ့သလိုပင် သူမသည် သမီးငယ်ကို ဖတဆိုး ဘဝနှင့် ရှန်သန်စေခဲ့ရသည်။ ရေမှာ အရုပ်ရေး၍ ရသည်ဟူသော ထင်မြင်ခံစားချက်တို့သည် လက်တွေ့ဘဝအား ကောင်းစွာထိုးနှက်ကြတော့သည်။ အခြေမခိုင်ခဲ့သော အိမ်ထောင်ရေးတွင် အမေ့ စကားလုံးတို့သည် သွေးထွက်အောင် မှန်ခဲ့သည်။ သမီးငယ်၏ လိုအပ်ချက်မှန်သမျှတို့အား 
မိမစုံ၊ ဖမစုံ လူဖြစ်စေခဲ့သည့် သူမ၏ အပြစ်ဟု တွင်တွင်ခံယူရင်း သမီးငယ်၏ မသိသား ဆိုးဝါးမှုတို့ကို ခွင့်လွှတ်ခဲ့သည်။ သူမသည်လည်း ဖခင်နှင့် နှစ်အနည်းငယ်သာ အတူနေခဲ့ဖူး၍ သူမ၏ စာနာစိတ်များသည် သမီးငယ်အတွက် အဆိပ်များဖြစ်ခဲ့သည်လားဟု ဝေခွဲမရ။ လွတ်လပ်ခွင့်ကို ကောင်းစွာ အလွဲသုံးစား လုပ်သွားခဲ့သော သမီးငယ်သည် အချစ်အား ဘဝဟု ထင်မှတ်သွားပုံရသည်။ အချစ်တစ်ခုတည်းနှင့် ဘဝ တည်ဆောက်၍ မရနိုင်သည်ကို သမီးငယ်အား ပြောပြချင်လှသည်။ နှုတ်ဖျားမှ ထွက်မလာနိုင်သော စကားလုံးတို့သည် ရင်ကို အကြိမ်ကြိမ် ထုရိုက်နေ၏။ အမေ့မျက်နှာကိုသာ မြင်ယောင်ရင်း ပြောချင်သည့် စကားလုံးများ လည်ချောင်းဝတွင် တစ်ဆို့နေသည်။ သူမသည် အမေကဲ့သို့ လူပုံအလယ်တွင် ကရုဏာဒေါသများကို ဖွင့်ချရန် မဝံ့မရဲခဲ့။ လိပ်ပြာမလုံခဲ့။ စာနာစိတ်တို့နှင့် အမေ့အား ပြင်းပြင်းပြပြ သတိရနေခဲ့သည်။ “အမေ့လောက် သတ္တိမရှိဘူး အမေရယ်” ဟု တိုင်တည် ငိုပွဲဆင်လိုလှပါသည်။

အခါတော်×××ပေးတာက နတ်ရေးငယ်ရွှေစာ×××။

တူနှစ်ကိုယ် တဲအိုပျက်မှာ×××နေရ×××ချစ်တာ×××ချစ်တာ ပဓာနမို့×××။

လွင့်ပျံနေသည့် မင်္ဂလာသီချင်းသံများသည် သူမကို လှောင်ပြောင်ရယ်မောနေကြသည်။ သူမသည်လည်း တစ်ချိန်က ထိုသီချင်းသံတို့ကြားတွင် နှစ်လိုစွာ ရဲဝံ့ခဲ့ဖူးသည်အား မြင်ယောင်နေမိသည်။

***********************************

သူမ၏ အိမ်သည် တိတ်ဆိတ်ခြောက်သွေ့နေ၏။ သူမ နှလုံးခုန်သံသည် တိုင်ကပ်နာရီမှ တချပ်ချပ်မြည်သံထက် ကျယ်လောင်နေသယောင်။ အိမ်မြှောင်အချို့ရှပ်တိုက်ပြေးလွှားနေသည်မှ အပ သက်ဝင်လှုပ်ရှားနေသည့်အရာမရှိ။ ဒီနေ့ မနက်ခင်းအချိန်တွေတုန်းကတော့ သူမအိမ်၌ လူအတော်များများ ရှ်ိနေခဲ့သေးသည်။ သိပ်မကြာသော နာရီပေါင်းများစွာ လွန်ခဲ့သော် သူမ အိမ်သည် လိုတာထက် ပို၍ ခြောက်ကပ် အက်ကွဲနေသည်။ သူမ၏ ပြန်အလာကို သမီးငယ်သည် ခုန်ပေါက်၍ မကြိုဆိုတော့။ သမီးငယ်၏ အသံစာစာသည် ပျောက်ဆုံးနေ၏။ သွားဖြဲလေးနှင့် တီတီတာတာ ချွဲနွဲ့၍ ပြောတတ်သော သမီးငယ်သည် သူမအား စွန့်ခွာသွားလေပြီ။ ကြည့်မိလေရာ အရပ်တိုင်းတွင် သမီးငယ်၏ ပုံရိပ်များသည် ဝေးသွားလိုက်၊ နီးလာလိုက်နှင့်။

သမီးငယ်၏ မင်္ဂလာဦးညသည် သူမအတွက်တော့ အမင်္ဂလာညလိုပင် ခံစားနေရသည်။ သမီးငယ် စွန့်ခွာသွားသော သူ၏ အိပ်ခန်းသည် သူမအား ခြောက်လှန့်နေ၏။ ခေါက်သိမ်းမထားသော စောင်သည် ခြေရင်း၌ ပုံ၍ တွန့်ကြေနေသည်။ အိပ်ရာပေါ်မှ အရုပ်လေးများသည် သခင်မဲ့သွားသလို ဟိုတစ်ရုပ် ဒီတစ်ရုပ် ပျံ့ကျဲနေသည်။ မနက်ခင်းအထိ အိပ်စက်သွားသော သမီးငယ်၏ ခေါင်းအုံးလေးသည် နွေးထွေးမွှေးပျံ့နေဆဲ။ စားပွဲပေါ်တွင် ရေးလက်စဒိုင်ယာရီလေးသည် ပွင့်လျက်။ သူမ မျှော်လင့်ချက်အချို့နှင့် ဖတ်မိစဉ် သူမ နှလုံးသားတို့ နင့်နေအောင် နာကျင်လေသည်။ အနည်းဆုံးတော့ “မေမေ အစစအရာရာ ဂရုစိုက်ပါနော်” ဟူသော စာကြောင်းလေးပင်ဖြစ်စေ ရေးခဲ့သင့်သည်။ ရင်ကွဲနာကျသွားသလို တရှိုက်ငင်ငင် ငိုကြွေးမိသည်။ သမီးငယ်မရှ်ိတော့သော ပထမဆုံး ည အဖြစ် သူမ ငိုသင့်သည်။

“ဒေါက်... ဒေါက်... ဒေါက်...”

တံခါးဆီမှ အဆက်မပြတ် ခေါက်သံသည် သူမအား ကျင်စက်နှင့် တို့လိုက်သယောင် လန့်ဖျပ်သွားစေခဲ့သည်။ နာရီကို ကြည့်မိစဉ် ညဉ့် ၁၂ နာရီထိုးလုနီးပါး။ သမီးငယ် ပထမဆုံး စွန့်ခွာသွားသည့် အိပ်ရာနံဘေးတွင် မမှိတ်မသုန် ထိုင်ကြည့်နေမိသည်မှာ အဘယ်မျှ ကြာသွားသည်မသိ။ မျက်ရည်စက်တို့သည် လည်တိုင်မှ တစ်ဆင့် စီးဆင်းနေမှန်း သူမ မသိ။ အာရုံ၌ တံခါးခေါက်သံသည် မည်သူဖြစ်နိုင်မည်လဲ အပြေးအလွှား စဉ်းစားသည်။ သူမထံသို့ အချိန်မတော် တံခါးခေါက်သူ တစ်ဦးတလေမျှ မရှိခဲ့ဖူး။

“သမီးငယ် များလား”

သူ့အိပ်ရာကို မစွန့်ခွာနိုင်၍ အိမ်သို့ ပြန်လာသည်လား။ သူ့ချစ်သူနှင့် အဆင်မပြေဖြစ်၍ ပြန်လာသည်လား။ တံခါးဝ၌ သမီးငယ်ကိုသာ မြင်ရလိမ့်မည်ဟူသော ယုံကြည်ချက်ဖြင့် အပြေးသွား၍ တံခါးအား ဆွဲဖွင့်လိုက်စဉ်...၊ တံခါးဝတွင် မားမားရပ်နေသူမှာ အမေ။

“ညည်း ကနေ့ညတော့ဖြင့် အိပ်ပျော်မှာ မဟုတ်ဘူးဆိုတာ သိလို့ လာခဲ့တာ”

အမေသည် ထီမထင်သော ခပ်ပါးပါး အပြုံးနှင့် တံခါးဝတွင် မားမားရပ်လျက်။ မိုင်ပေါင်းများစွာ ဝေးကွာသော ခရီးကို အမေသည် မသန်သောခြေထောက်တစ်စုံနှင့် ရောက်အောင်လာခဲ့ပြီ။ အမေ၏ ထီမထင်သော အပြုံးနောက်မှ စာနာခြင်းများကို ရှာတွေ့လိုက်သည်။ သူမနှုတ်မှ ခပ်တိုတိုး ရေရွတ်မိသည်က-

“အမေ...”

“အေး... ညည်း ဘယ်လို ခံစားနေရမယ်ဆိုတာ လောကမှာ ကိုယ်ချင်းစာနိုင်တာ ငါတစ်ယောက်ပဲရှိတာလေ။ ဒါကြောင့် ဒီည အမီလာခဲ့တာ”

အမေသည် ချိုင်းထောက် နှစ်ဖက်ကို အားပြု၍ တစ်လှမ်းချင်း ဝင်လာ၏။

“အမေ...”

အမေ့အား ပြေး၍ ဖက်လိုက်မိသည်။ သူမ၏ နှလုံးသားနှင့် အမေ၏ နှလုံးသားတို့ တစ်သားတည်း၊ တစ်ထပ်တည်း ဖြစ်သွား၏။ သည်ညတော့ဖြင့် အမေ့ရင်ခွင်ထဲတွင် မေတ္တာများနှင့် နွေးထွေးချမ်းမြေ့စွာ အိပ်စက်လိုက်ပါတော့မည်။

အချို့... အချို့သော နိဂုံးများသည်လည်း နိဒါန်းတစ်ဖန် ပြန်ဖြစ်နိုင်သေးသည်ကိုတော့ သမီးငယ်သိအောင် ပြောမပြချင်တော့ပါ။

*************************************

                                        မတ်၊ ၂၀၂၀

                                        ရွှေအမြုတေမဂ္ဂဇင်း

ပြန်လည်မျှဝေပါသည်။
စာချစ်သူအပေါင်း စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျန်းမာခြင်းနှင့် ပြည့်စုံနိုင်ကြပါစေ
Maypalae 📖

Post a Comment

0 Comments