အတ္တမြစ်ပျို ကမ်းပါးအို - မင်းဝေဟင်
၁။
“နင်ကျောင်းဆက် တက်မယ် ဆိုတာကိုတော့ ဘာမှ မပြောချင်ပါဘူး။ ဒါပေမဲ့ လုပ်နေတဲ့ အလုပ်က နင်ထွက်လိုက်တယ် ဆိုတာတော့ ဆိုးတာပေါ့။
ငါတို့ ပတ်၀န်းကျင် ဆိုတာက နင်သိတဲ့ အတိုင်းလေ”
အစ်မက ကျွန်တော့်ကို ပြောလာသော စကားကို ဆက်မပြောဘဲ သူမ လုပ်စရာကိုသာ ဆက်လုပ်နေသည်။ အဖေကမူ သူ့အလုပ်နှင့်သူ ထုံးစံအတိုင်း အလုပ် ရှုပ်နေဆဲ။ အစ်မပြောသော ပတ်၀န်းကျင် ဆိုသည်ကို ကျွန်တော် သိပါသည်။
“ကိုမင်းက အခု အချိန်ထိ ကျောင်းမပြီးသေးဘူးလား”
“ဘွဲ့တွေ တစ်ခုပြီး တစ်ခုယူပြီး ဘာလုပ်မလို့လဲ”
မသိသဖြင့် မေးခြင်း၊ စပ်စု၍ မေးခြင်း၊ ရွဲ့ချင်သလိုလို မေးခြင်း။ မည်သည့် အတွက်ကြောင့် မေးကြ သည် မသိသော်လည်း ဖြေ စရာအဖြေက ကျွန်တော့် အတွက် အဆင်သင့် ရှိမနေခဲ့။
“အသက်လည်း ၃၀ ပြည့်တော့မယ်။ ကျောင်းမပြီးသေးဘူး ဆိုတော့ ကျောင်းသားပဲ လုပ်စား နေတော့မှာ လား”
မေးလာသော မေးခွန်းများ၏ အောက်တွင် အမှန်စင်စစ် ကျွန်တော့် အတွက်တော့ ဖြေစရာ အကြောင်းမရှိခဲ့။ ကျွန်တော် လုပ်သော ကိစ္စ တစ်ခုသည် ပထမဦးစွာ ကျွန်တော့်အတွက် မှန်နေရမည်။ ဤသို့ဆိုလျှင် အတော် အသင့် ပြည့်စုံပြီဟုလည်း ကျွန်တော် ထင်ခဲ့သည်။ ဤသည်မှာ ဟိုစဉ်က အတွေး တစ်ခု။ အမှန်တကယ် လက်ရှိ ဘ၀တွင်မူ တစ်ခုခုကို စဉ်းစားမိပြီ ဆိုလျှင် ဆုံးဖြတ်ချက်တို့က မပြတ်သားချင်။ အလုပ် တစ်ခု၏ နောက်ဆက်တွဲတွင် ဟုတ်မှ ဟုတ်ပါ့ မလားဟူသော အတွေးမျှင် တို့က ဝိဝါဒ များစွာ ကပ်ငြိ နေဆဲ။
ပတ်၀န်းကျင်ကို ကြည့်မိသည်လား။ ကိုယ့် ကိုယ်ကိုယ် ကြည့်သည်လား။ သေချာ မသိနိုင်သော် လည်း ပုစ္ဆာ တစ်ပုဒ်၏ နောက်တွင် အဖြေတစ်ခုကို အဆင်သင့် မထုတ်နိုင်ခဲ့။ အရွယ်နှင့် ပညာ၏ နောက်တွင် ရဲရင့်ပြတ်သားနိုင်ခြင်း ဆုံးဖြတ်ချက် တစ်ခုကပိုပြီး ခိုင်မာလာရမည် မှန်သော်လည်း ကျွန်တော့် အတွက်မူ ပြောင်း ပြန်ပင်။ သည့်တိုင်အောင် ကိုယ့်အတွက် ကိုယ်ပဲကြည့် ပြီး ကျောင်းတွေမပြီးနိုင်၊ မစီးနိုင်တက်နေသူဟု စွပ်စွဲခံ ရသေးသည်ပင်။
“အဖေ့ရဲ့ ကျန်းမာရေးလည်း နင်အသိ၊ အဖေက ထွေထွေထူးထူး ဘာရောဂါမှ မရှိပေမယ့် နင်သိတဲ့အတိုင်း ဘယ်ကိစ္စကို မှတ်မိတော့လို့လဲ။ စားတာသောက်တာ၊ အပေါ့အလေးစွန့်တာကအစ၊ ငါ့တာ၀န်ပဲ။ နင့်ကိုကျောင်း မတက်စေချင်တော့တာက လည်း ဒီကို ပြန်လာစေချင် တာတော့ မဟုတ်ပါဘူး။ နင် ရန်ကုန်မှာပဲ နေချင်နေပါ။ ဒါပေမဲ့ နင်အလုပ် တစ်ခုတော့ အသေအချာလုပ်သင့်ပြီ”
အစ်မပြောလျှင် အဖေ့ကို တစ်ချက် ငဲ့ကြည့်မိပြန်သည်။ အဖေကမူ အေးအေးလူလူပင် သူ့သံသေတ္တာထဲမှ အ၀တ်အစား တချို့ကို အပြင် ဆွဲထုတ်လိုက်၊ ပြန်ထည့်လိုက်ဖြင့် အလုပ်ရှုပ်နေ သည်။ ကျန်သည့် အစ်ကို နှစ်ယောက်မှာမူ လူပျိုလူလွတ်တွေ ဆိုသော်လည်း အိမ်မှာ ရှိမနေကြ။ မောင်နှမ ငါး ယောက်မှာ တစ်ဦးတည်းသော အိမ်ထောင် ကျနေသူ ကျွန်တော့် အထက်က အစ်ကို ကတော့ သည်မြို့လေးထဲမှာပင် သီးခြား အိမ်တစ်လုံးနှင့်။ မောင်နှမတွေထဲမှာ အစ်မက အကြီးဆုံး ဖြစ်ပြီး ကျွန်တော် က အငယ်ဆုံး ဖြစ်သည်။
“အဖေက သူ့ပင်စင် စာအုပ်ကိုပဲ တယုတယ ရှိနေတာလေ။ ပင်စင် စာအုပ်ထဲမှာ ရှိနေတဲ့ ပိုက်ဆံက သောင်းဂဏန်းတောင် မရှိပါဘူးဟယ်။ အဖေ့ကို အများက ပြောသလို သူငယ်ပြန် နေတယ်လို့တော့ မပြောရက်ပါဘူး။ ဒါပေမဲ့ အဖေက သားသမီး ငါးယောက်နဲ့ သူ့ပင်စင် စာအုပ်ကလေးက လွဲလို့ ဘာမှကို မမှတ်မိတော့တာတော့ အံ့သြစရာပဲ”
အစ်မက ကျွန်တော့် ကျောင်းကိစ္စမှသည် အဖေ့ ကျန်းမာရေးသို့ စကားလမ်း ကြောင်းပြောင်းသွားသည်။ တကယ်တမ်းတွင် ကျွန်တော်က မနှစ်က နားထားသော ပီအိပ်ခ်ျဒီ ဘွဲ့အတွက် ကျောင်းဆက်တက်မည် ဆိုသည်ကို အစ်မက လွဲ၍ မည်သူ့ကိုမှ မပြောဖြစ်ခဲ့သေး။ အဖေကမူ ကျွန်တော်တို့ ပြောနေသော စကားတွေကို ကြားနေနိုင်သော်လည်း လုံး၀ မသိသူပီပီ စိတ်၀င်စားဟန် မပြ။ ကျောင်း ဆက်တက်ရန် အစ်မကို တိုင်ပင်မိသော စကားကိုမူ အကောင်အထည် မပေါ်ဘဲ အဆုံးသတ်ခဲ့ရလေသည်။
၂။
ကျွန်တော် ရူပဗေဒ မေဂျာဖြင့် မဟာ သိပ္ပံဘွဲ့ ယူပြီး ခါစကပင် အမေဆုံးသည်။ ထိုစဉ်က အဖေက ပင်စင်ယူပြီး ဖြစ်သော်လည်း ယခုကဲ့သို့ မဖြစ်သေး။ ကျွန်တော့် ဘ၀က ထိုအချိန်ထိ အပူ အပင် ကင်းမဲ့သည်ဟုပင် ဆိုရ မည်။ အမေ မရှိတော့သော်လည်း ကျွန်တော့်ကို ချစ်သော အဖေက ကျွန်တော့်နား မှာ မားမားမတ်မတ် ရှိနေလေသည်။ အမှန်အတိုင်း ၀န်ခံရလျှင် ပညာရေးနှင် ပတ်သက်ပြီး ကျွန်တော့်မှာ ရည် ရွယ်ချက် အကြီးကြီးဖြင့် ရှိမနေခဲ့။ တစ်ဘွဲ့ပြီးလျှင် နောက်တစ်ဘွဲ့ တက်ရန် အမှတ် မီခြင်းသည် ကျွန်တော် ကျောင်းဆက် တက်ဖြစ်ခဲ့ခြင်း၏ အကြောင်းအရင်း ဖြစ်နေပြီး မည်သည့် အဆင့်ထိ တက်မည်ဟုလည်း မရှိခဲ့။ သို့သော် ရောက်ရာ အရပ်မှာ ရပ်မနေချင်သည့် စိတ်သည် အတန်းတွေ ကြီးလာသည်နှင့် အမျှ ကျွန်တော့်ကို ဆိုးရွားစွာ နှိပ်စက်လာသည်။
ခေတ်ကာလ၏ ရင်းနှီး မြှုပ်နှံရသော အခြား လုပ်ငန်း များနှင့် အပြိုင် ပညာရေးတွင် လည်း စိန်ခေါ်မှုများက အတုံးအရုံး။ ကုန်ကျငွေ ဆိုသည်များက မြင်းပြေးခြင်း ဒီရေတက်ခြင်းတို့ထက် မြန်နှုန်းက ပြင်းလွန်းလေရာ လက်လှမ်း မမီတော့ဘဲ လမ်းတစ်၀က်မှာ တဖုတ်ဖုတ် ပြုတ်ကျန်ခဲ့ရသည့် သူငယ်ချင်း တွေဆိုသည်ကလည်း အစုလိုက် အပြုံလိုက်။ ကျွန်တော်၏ နောက်ခံ အခြေအနေ တချို့က သူတို့ထက် အနည်းငယ်မျှ သာလေရာ သူတို့လိုလည်း ပညာရေးကို တိကနဲ ဖြတ်မချနိုင်၊ ပညာရေးကို နောက်ဆံတင်း ဖြစ်သကဲ့သို့၊ လုပ်မိသည့် အပြင်က အလုပ်တွေ မှန်သမျှ ကျတော့လည်း စိတ်နှစ် ထားနိုင်မှုတွေ နည်းပါး လာရာ အောင်မြင်မှု ဆိုသည်နှင့် အလွဲလွဲ အချော်ချော် ဖြစ်ခဲ့ရသည်။
မဟာ သုတေသနတန်း ပြီးလျှင် Ph.D ၀င်ခွင့် ရပါလျက် အကြောင်း အမျိုးမျိုးကြောင့် ကျောင်းဆက်မ တက်ဖြစ်ကြဘဲ တက္ကစီ ဒရိုင်ဘာ ဖြစ်ကုန်ကြသူတွေ။ ဟို ကုမ္ပဏီ၊ သည်ကုမ္ပဏီမှာ ၀င်လုပ်ရင်း အလုပ်တစ်ခုပြီး တစ်ခု ပြောင်းနေကြ သူတွေလည်း ကျွန်တော့် အသိုင်းအဝိုင်းမှာ အပုံအပင်။
“သူငယ်ချင်းရေ ငါတော့ နယ်တက္ကသိုလ်မှာ ဆိုတော့ လစာအပြင် အခြားလည်း ဘာမျှော်လင့်စရာမှ မရှိဘူးကွာ။ အဲဒါကြောင့် ရန်ကုန်နဲ့ နယ်နိမိတ်မှာ ရှိတဲ့ တက္ကသိုလ် တစ်ခုခုကို ပြန်ရောက်ဖို့ကိုပဲ ဘုရားမှာ နားပူ နားဆာ လုပ်နေရတယ်”
ကျူတာ ၀င်လုပ်ကာ နယ်တက္ကသိုလ်တွေ ရောက်ကုန်ကြသူများ၏ အသံများကလည်း ညည်းချင်းတွေ အပြုံလိုက်နှင့် ခိုတွေနှင့် နင်လားငါလား။ တစ်ဖက်က ကြည့်လျှင် ကျောင်းတက်ကာ ရန်ကုန် တက္ကသိုလ်မှာ နေဖြစ်သည့် ကျွန်တော်တို့သည်လည်း “ဘာအတွက် ကျောင်းဆက် တက်နေကြ သလဲ” ဆိုသည့် မေးခွန်း အောက်မှာ တစ်ရာဖိုး မေးရာ ဆယ်မှတ်ဖိုးတောင် မဖြေနိုင်သည့် ကျောင်းသားများ ကဲ့သို့ အူလည်လည်။ သေချာသည်က ကျွန်တော်က အဖြေ မရှိသည့် မေးခွန်းကို ကိုယ်တိုင် ထုတ်ကြည့်နေခြင်းသာ ဖြစ်သည်။
“တည်မိတဲ့ဘုရား လင်းတ မနားချင်ဘူး” ဆိုသည့် လျှောက်လဲချက်တွေ မည်ကဲ့သို့ ပေးပြီး စိတ်ဓာတ် တွေကို မည်သို့သော ခွန်အားတွေနှင့် ကျားကန် ထားသော်လည်း “ဆုပ်လည်းစူး၊ စားလည်းရူး” သကဲ့သို့များ ဖြစ်နေသလားဟု ကိုယ့်ကိုယ်ကိုယ် ပြန်ပြီး ဆန်းစစ် ကြည့်နေရတာကလည်း အကြိမ်ကြိမ်မို့ မောပန်းလှစွာ လျှာပင် ထွက်ချင်နေပါပြီ။ သူများထက်လည်း ပိုသိချင်၊ ပိုတတ်ချင်။တဖန် ဝီရိယလည်းမရှိ ဆိုသည့်ကောင် သည် ကျွန်တော်လိုကောင်မှ စစ်စစ်။ ပေးဆပ်မှုပေါင်း များစွာဖြင့် အသေအချာ ချိန်စက် ပြီး ရင်းနှီးခဲ့ရသည့် တိုင်အောင် တစ်ခါတစ်ရံ ရလဒ်တွေက တူတန် မျှတမှု ရှိမနေခဲ့။ သို့သော် သို့သော်လည်း ခြစ် ကုတ် ဖက်တွယ် ထားမိခဲ့သည့် နေရာလေး တစ်ခုကိုမူ ကျွန်တော် အလွယ်တကူ ဖြတ်တောက် မပစ်နိုင်ခဲ့ပါ။ ထိုအတွက် ရင် ဆိုင်နေရသော အ၀န်းအဝိုင်းသည် ကျွန်တော် ကိုယ်တိုင် ဖန်တီးမှုမှ ပေါက်ဖွား လာသည်ဟု ဆိုပြန်လျှင်လည်း မှားမည်မထင်။
၃။
“အဖေ သားခွံ့ကျွေးတဲ့ ထမင်းစားလို့ ကောင်းရဲ့လား”
“အေးကွ ငါ့သားခွံ့ ကျွေးတာ တော်တော်ကောင်းတယ်။ မင်းအစ်မကျတော့ တစ်ခါတစ်ခါ စိတ်မရှည် တတ်ဘူးကွ။ ငါ့ပါးစပ်ကို များကွာ စပါးခြွေစက်ထဲ ကောက်လှိုင်းတွေ ပစ်ထည့် နေသလို- “ဟ ဟ” ဆိုပြီး ထမင်းတွေ တစ်လုတ်ပြီး တစ်လုတ် ပစ်ထည့်နေတော့တာ”
အဖေ ပြောသည်ကို နားထောင်ပြီး ကျွန်တော် ပြုံးမိသည်။ အဖေကမူ တကယ့်ကို ကလေးလေး တစ်ယောက်လို ဖြစ်သွားလေပြီ။ ကလေးကဲ့သို့ သူ့ကို ထမင်း ခွံ့သူအား အကောင်းပြောမည်။ ပြီးလျှင် နောက်တစ်ယောက်ကို အတင်းပြောမည်။ ထူးခြားသည်က အဖေက အားလုံး လိုလိုကို သတိ မရတတ်တော့ သော်လည်း ကျွန်တော်တို့ မောင်နှမ ငါးယောက်ကိုမူ အားလုံး မှတ်မိနေခြင်း ဖြစ်သည်။ ကျွန်တော့် အထက်မှ အိမ်ထောင်သည် အစ်ကို အိမ်ကိုလည်း ခဏခဏ သတိရ နေတတ်သေး၍ တစ်ခါတစ်ရံ လိုက်ပို့ရတတ်သေးသည်။ အိမ်မှာအစ်မ မရှိ၍ အဖေနှင့် နှစ်ယောက်တည်းမို့ အဖေ့ကို ထမင်းကျွေးကာ စကားပြော ကြည့်ချင်လာသည်။
“အဖေ သား မိန်းမယူရင် ကောင်းမလား။ ကျောင်းဆက်တက်ရင် ကောင်းမလား အဖေ”
“ဟ ငါ့သားရ။ မင်း မိန်းမယူဖို့ စောပါသေးတယ်ကွ။ အဖေတောင် မယူသေးတဲ့ဟာကို။ မင်းကျောင်းကို သာဆက်တက်။ မင်းတို့ အရွယ်ဆိုတာ နောက်ထပ် ဆယ်နှစ်လောက်တော့ ကျောင်း ဆက် တက်သင့်သေးတယ်”
“ဟား ဟား ဟား ဟား”
သည်တစ်ခါတော့ ကျွန်တော်အသံ ထွက်အောင် ရယ်မိပါသည်။ အသက် သုံးဆယ်မို့ ကျောင်းဆက်တက်ရန် အစ်မကပင် ခွင့်မပြုချင် တော့သော ကျွန်တော့်ကို အဖေက ငယ်သေးသတဲ့။ နောက်ထပ် ဆယ်နှစ်လောက် ကျောင်းဆက် တက်လိုက်ပါ ဦးတဲ့။
“ဒါပေမဲ့ မင်း ရန်ကုန်မှာ အကြာကြီးတော့ မနေနဲ့ကွ။ ဒီမြို့က ရန်ကုန်နဲ့ ဘာဝေးတာ မှတ်လို့၊ ဒီမြို့ကိုတော့ ခဏ ခဏ ပြန်လာခဲ့ကြားလား။ ပြီးတော့ ငါ့သားကို အဖေ ပြောစရာ ရှိသေးတယ်”
အဖေက ကျွန်တော့်အား ပြောနေသည့် အသံကို ရုတ်ခြည်း နှိမ့်ချလိုက်ပြီး မျက်၀န်းအိမ်တွေ လှုပ်ရှားကာ ပတ်၀န်းကျင်ကိုလည်း ဝေ့ကြည့်လိုက်သေးသည်။ အိမ်ထဲမှာ ကျွန်တော်နှင့် သူ နှစ်ယောက်တည်းမို့ စိတ်ချသွားသည့် ပုံစံဖြင့် စကားပြောရန် ဟန်ပြင်သည်။
“အဖေ့မှာရှိတဲ့ ပင်စင် စာအုပ် အတွက်လည်း အဖေ စိတ်မချဘူးကွ”
“ဗျာ”
ကျွန်တော့်နှုတ်မှ “ဗျာ” ကနဲ ဖြစ်သွားသည်။ အဖေ ပြောနေပုံသည် တကယ်ကို စိုးရိမ်တကြီး ဖြစ်နေသည့် ပုံစံ။ အဖေ့အင်္ကျီ အိတ်ကပ်ထဲမှာ ရှိနေသော ပင်စင် စာအုပ်ကို လက်ကလေး တစ်ဖက်ဖြင့် ဖိကာ ဘေးဘီဝဲယာကို ကြည့်နေပုံက အမှန်တကယ်ပင် ကျီးကန်း တောင်းမှောက်။ အဖေက သူ့ ပင်စင် စာအုပ်လေးကို စွဲလမ်းသည့် အကြောင်း အစ်မ ပြောစဉ်က အသိသား။ သို့သော် အဖေသည်မျှ ဖြစ်နေလိမ့်မည်ဟု ကျွန်တော် မသိခဲ့။
“မင်းအစ်ကို နှစ်ကောင်က ဘာမှ အားကိုးလို့ ရတာ မဟုတ်ဘူး။ အပြင်သွားပြီး အလေ လိုက်နေကြတဲ့ ကောင်တွေ၊ အိမ်မှာက မင်းသိတဲ့ အတိုင်း မင်းအစ်မနဲ့ အဖေက နှစ်ယောက်တည်း။ မတော် အဖေ့ပင်စင် စာအုပ်ကို ဓားပြ ၀င်တိုက်ပါပြီတဲ့။ ဘယ်လို လုပ်မလဲ ကဲ”
မျက်လုံး အဝိုင်းသားနှင့် ပြောလာသည့် အဖေ့ပုံက အမှန်ပင် အားငယ် နေသည့်ပုံ။ အဖေ့ဟန်၊ အဖေ့ အမူ အရာများကို ကြည့်ပြီး စောစောကကဲ့သို့ ရောက်တတ်ရာရာ စကားတွေလည်း မပြောချင်ပါ။ အဖေ့အတွက် သောကတစ်ခု ဖြစ်နေသည့် မည်သို့မျှ တန်ဖိုး မများလှသော အဖေ့ ပင်စင် စာအုပ်လေး အတွက်သာ ကျွန်တော် စိတ်မသက်မသာ ဖြစ်ရသည်။
၄။
“ဒါကတော့ နင့်အတွက် နောက်ဆုံး လက်နက်ပဲ ကိုမင်း၊ တကယ်တမ်း နင် ကျောင်းဆက် တက်ချင်တယ် ဆိုတော့လည်း ငါစိတ်မကောင်းပြန်ဘူး။ နင့်အစ်ကိုတွေ သိရင် ငါ့ကို တစ်မျိုး ပြောဦးမယ်”
“ဒါကြီးကတော့ ဖြစ်ပါ့ မလားဟာ၊ တော်ကြာ အဖေ သိသွားမှဖြင့်”
“အဖေသိလည်း ဘာမှ ဖြစ်မှာ မဟုတ်ဘူး။ နင်လည်း သိတဲ့အတိုင်း၊ အဖေက သူ့ရဲ့ပင်စင်စာအုပ်က လွဲလို့ အခြား သူ့ရဲ့တန်ဖိုးကြီး ပစ္စည်းတွေလည်း ဘာတစ်ခု သိတော့တာမှ မဟုတ်တာ။ နင်က ကျောင်းဆက် တက်ချင်တာ ပဲ။ တကယ်တမ်းတော့ ငါလည်း မတားချင်ဘူး။ ဒီပစ္စည်းက အဖေငယ်ငယ်က ပစ္စည်း ဆိုပေမယ့် အဖေလည်း မှတ်မိတော့တာမှ မဟုတ်တာ။ ဒီပစ္စည်းက တစ်ကျပ်ခွဲသား တောင်ရှိတာ ဆိုတော့ နင့်ရဲ့ Ph.D သင်တန်း တစ်နှစ်စာတော့ ရမှာပေါ့။ နင်ကလည်း ကျောင်းဆက် တက်ချင်တာကိုး။ ငါ့မှာလည်း ဒီနည်းပဲ ရှိတော့တယ်”
အစ်မက ကျွန်တော် ပြန်ပြောစရာ စကားတစ်ခွန်း တစ်စကိုသော်မှ ချန်ရစ်မ ထားခဲ့ပါဘဲ သူပြောချင်သည့် စကားကို တာကျိုး ကျသကဲ့ သို့ ဒလဟော ပြောလာသည်။ အစ်မ လှမ်းပေးသော အဖေ့ ရွှေကြယ်သီး တစ်စုံကတော့ အစ်မ လက်ထဲမှာ တလှုပ်လှုပ် တယမ်းယမ်း။ အစ်မပေးသည့် ရွှေကြယ်သီးကို လှမ်းယူလျက် စိတ်မလုံစွာ အဖေ့ကို လှမ်းကြည်ရာ အဖေကမူ ထုံးစံအတိုင်း သူ့ပင်စင်စာ အုပ်လေး တကိုင်ကိုင်နှင့် အလုပ် ရှုပ်နေသည်။ တစ်ချက် တစ်ချက်တော့ ကျွန်တော်တို့ စကားဝိုင်းဘက်ကို အဖေက လှမ်းကြည့်နေတတ်သည်။
“ငါ တရားသလိုမှ ဖြစ်ပါ့မလား အစ်မရာ”
“အမလေးဟဲ့ ငါ့ရှေ့မှာ ရုပ်ရှင် လာရိုက်နေပြန်ပါပြီ။ နင်လည်း ပညာတတ် တစ်ယောက်ပဲ။ နင်ကျောင်းဆက် တက်ဖို့ ဆုံးဖြတ်ပြီးပြီပဲ။ ဒူး အော်ဒိုင်းပေါ့။ ဘာမှ တွေဝေမနေနဲ့။ ဒါနဲ့နင်က ကျောင်း တောင်မတက်သေးဘဲနဲ့ ဂျာနယ် အလုပ်ကနေ ဘာလို့ ထွက်လိုက်ရတာလဲ”
အစ်မက ကျွန်တော် စိတ်မကောင်းမှာ စိုး၍လား တော့မသိ။ စကား လမ်းကြောင်းကို သိသိသာသာလွှဲ ပစ်၏။ ကျွန်တော်ကလည်း ရန်ကုန်မှာ ၀တ္ထုတိုလေး ဘာလေးရေးသည့် စာရေးဆရာ ဖြစ်ရာ ကျွန်တော့်ထက် စီနီယာ ကျသည့်၊ အစ်မ တစ်ယောက်ကဲ့သို့ ရင်းနှီးနေသည့် ၀တ္ထုတိုရေး ဆရာမ တစ်ယောက်၏ ဆွဲခေါ်မှု၊ နောက်ခင်မင် ရင်းနှီးသည့် သူငယ်ချင်း ဒါရိုက်တာ တစ်ယောက်၏ အားပေးမှုတို့ဖြင့် ကျွန်တော် ၀င်လုပ်ခဲ့သော ဂျာနယ်တစ် စောင်မှ တာ၀န်ခံ အယ်ဒီတာ ရာထူးကို နုတ်ထွက်လိုက်ခြင်းအား အစ်မက ပြောနေခြင်း ဖြစ်သည်။ အစ်မ ပြောလာသော စကားကို ကျွန်တော်က ခွန်းတုံ့မပြန်မိ။ ကျွန်တော့် လုပ်ရပ်သည် တစ်ပါးသူတွေ အတွက် အတ္တတစ်ခုများဖြစ် နေသလားဟု စိတ်မသက်သာ စွာတွေးနေမိသည်။ ကျွန်တော့် လုပ်ရပ်က အတ္တတစ်ခုပင် ထားပါဦးတော့။ ထိုအတ္တ များ၏ လမ်းဆုံးမှာ ကျွန်တော့် အတွက် နေရာ တစ်ခုဆိုသည် ရှိနေပါ့မလား။ အနာဂတ် အတွက် မသေချာလှသည့် ပင်လယ် တစ်ခုထဲကို စီး၀င်ဖို့ အတ္တမြစ်ပျိုသည် ရှိသမျှ ခွန် အားလေးတွေ အဆင်သင့် စုစည်းပြီး ဖြစ်လေသည်။
၅။
သည်တစ်ခေါက်ရွာ ကနေ ရန်ကုန်ကို ပြန်ရမည့် ညတွင် ကျွန်တော် လုံးလုံး အိပ်မပျော်ခဲ့။ အိပ်မပျော် ခဲ့သည့် အကြောင်းရင်းတွင် အဖေ့ ရွှေကြယ်သီး ကိစ္စနှင့် ကျွန်တော် ကျောင်းတက်ရန် ကိစ္စက အဓိက ဇာတ်ကောင် ဖြစ်နေသည်။ တစ်စုံတစ်ခုသည် ကျွန်တော့် ရင်ထဲတွင် တင်းကျပ်နေသည်။ကျွန်တော်တို့မြို့မှ မိုးမလင်း ခင်ကားဂိတ်သို့ ဆင်းမှလည်း ရန်ကုန်ကို ရောက်ချိန် အဆင် ပြေသည်။ မနက် လေးနာရီ ကားဂိတ်ကို ဆင်းဖို့ရာ ညကတည်းက အိပ်မပျော်နိုင်ဘဲ တစ်နာရီတစ်ခါ ဆိုသကဲ့သို့ နာရီကိုသာ ထပြီးကြည့်နေခဲ့မိ သည်။ ယခုမနက် လေးနာရီ မထိုးခင် ကျွန်တော်ထပြီး ပြန်ဖို့ပြင်ရာ အိမ်ကလူတွေ ကတော့ တရှူးရှူးနဲ့ အိပ်မော ကျနေတုန်း။ ကျောပိုးအိတ်ကို လွယ်။ လက်ဆွဲအိတ် တစ်လုံးကို ဆွဲပြီး ကျွန်တော်က အိမ် တံခါးကို အသာလေး ဟပြီး ပြန်ပိတ်ကာ အိမ်အောက်ကို ဆင်းခဲ့သည်။ ခြံတံခါးနှင့် အိမ်က အနည်းငယ် လှမ်းနေသေးသည်။ ခြံထဲကနေ ကောင်းကင်ပြင်ကို လှမ်းကြည့်မိတော့ လဆုတ်ရက်မို့ လားမသိ။ လကွေးကွေးက ကောင်းကင်မှာ သာနေသည်။
“ချွတ် ချွတ်”
အလင်းရောင် မျှင်မျှင် လေးအောက်မှာ အိမ်ပေါ်မှ ဆင်းလာသော လူရိပ်ကို တွေ့ရသည်။ မတ်တတ် ရပ်နေသည်မို့ လှမ်းအကြည့်မှာ ဘယ်သူဘယ်ဝါ ဆိုတာ ချက်ချင်း မသဲကွဲ။ ကျွန်တော် ရန်ကုန် ပြန်မှာမို့ ကျွန်တော့် အစ်ကို နှစ်ယောက်ထဲမှ တစ်ယောက်ယောက်က ကားဂိတ် လိုက်ပို့သည်လား။
“ဟေ့ကောင် ငါ့သား ခဏနေဦး”
“ဟာ အဖေ”
အဖေက အသံ ခပ်အုပ်အုပ်လေးဖြင့် ကျွန်တော့်ကို အသံပြုသည်။ အဖေဆိုသော အသိကြောင့် ရွှေကြယ်သီး ထည့်ထားသော ကျွန်တော့် ပိုက်ဆံအိတ်ကို ယောင်ယမ်း စမ်းမိသည်။ မနေ့က အစ်မ ပေးလိုက်သော ရွှေကြယ်သီးကိုများ အဖေ မြင်သွားသလား။ အဖေဟာ အခြေအနေ တစ်စုံတစ်ရာကိုများ ရိပ်မိ သွားသလား။
“နေဦးကွ။ အဖေ ပြောစရာ ရှိတယ်”
အဖေက ကျွန်တော် ကြားသာရုံ အသံ တိုးတိုးလေးကို ပြုလို့ ကျွန်တော့်နားကို ရောက်လာသည်။ လရောင် မျှင်မျှင်လေး၏ အလင်းနုနု အောက်မှာ မြင်နေရသော အဖေ့မျက်နှာ ပြုံးနေသလား။
“မနေ့က မင်းအစ်မနဲ့ မင်းပြောနေကြတာ အဖေ အားလုံး ကြားရတယ်ကွ။ ဘာတဲ့ ငါ့သားကျောင်းတက် မလို့ဆိုလား။ ဟုတ်တယ်မို့ လား”
“ဟုတ် ဟုတ်ပါတယ် အဖေ”
အဖေ့ မေးခွန်းအောက်မှာ ကျွန်တော့် စကားသံတွေက အထစ်ထစ် အငေါ့ငေါ့။ အဖေက အားလုံးကို သိနေပုံ ရသည်။ သို့ဆိုလျှင် အဖေက သူ့ကြယ်သီး အတွက် ကျွန်တော့် နောက်ကို လိုက်လာသည်ပေါ့။ ဒါဆို ကျွန်တော် ပြန်ပေးလိုက် ရတော့မည်ပေါ့။ ကျွန်တော် ကျောင်းဆက်တက်ဖို့ ကိစ္စ။ တဒင်္ဂအတွင်း ကျွန်တော့် အာရုံတွေ ချောက်ချားကုန်သည်။
“ငါ့သားကလည်း ပညာတတ်သာ ဆိုတယ် နုံလွန်း၊ အလွန်း လိုက်တာကွာ။ မင်းအစ်မ မင်းကို ပေးနေတဲ့ ကြယ်သီးက ဘယ်လောက် တန်ဖိုး ရှိမှာလဲကွ။ ငါးကျပ်၊ တစ်ဆယ်လောက် တန်မယ့် ဟာကို အရေးအရာ လုပ်နေတယ်။ ဒီမှာ ငါ့သား၊ အဖေ့မှာ အဲဒီထက် တန်ဖိုး အများကြီးရှိတဲ့ ပစ္စည်းရှိတယ်။ ဒါမှ ငါ့သား ကျောင်းဆက်တက်လို့ ရမှာပေါ့။ ရော့ ရော့ ယူ သွား၊ ဒါကို အဖေ ပေးလိုက်တာ မင်းအစ်ကို၊ အစ်မတွေ မသိစေနဲ့ ကြားလား။ ဒါဟာ မင်းအတွက် အဖေ့ အမွေပဲ။ ငါ့သား ကားချိန် နီးနေပြီ မြန်မြန်သွားတော့။ သူတို့ မသိအောင် အဖေလည်း ပြန်အိပ် လိုက်ဦးမယ်”
အဖေက ပြောပြီးပြီးချင်း ကျွန်တော့် လက်ထဲကို ပစ္စည်းတစ်ခု ထည့်ပေးလျက် ကလေးငယ် တစ်ယောက်ကဲ့သို့ သွက်လက်စွာ အိမ်ပေါ်သို့ ပြန်တက်သွားသည်။ အဖေ ပေးလိုက်သော ပင်စင်စာအုပ် လေးကို ကျစ်ကျစ်ပါအောင် ကိုင်လျက် ကားသံများ၏ တူရူဘက်ကို ကျွန်တော် ခြေလှမ်း ရွေ့လိုက်သည်။ ပင်စင် စာအုပ်လေးပေါ် ကျသွားသော ကျွန်တော့် မျက်ရည် များကိုမူ ရောင်နီတွေ ပျို့အန် တက်မလာသေးသော လရောင် ကလေး၏ အလင်းနုနု အောက်တွင် လောကကြီးကလည်း မြင်တွေ့လိုက်မည် မဟုတ်ပါ။ နောက်ဆုံးမှာတော့ အပြောကျယ်၍ အဆုံး မရှိသော ပင်လယ်ထဲသို့ စီး၀င် ဖြတ်သန်းရန် အတ္တမြစ်ပျို ကျွန်တော်ကတော့ ကမ်းပါးအို တစ်ခုကို ခွာခဲ့ရပြန်သည် လေ။
မင်းဝေဟင်
(ရွှေအမြုတေ မဂ္ဂဇင်း၊ဩဂုတ်လ ၂၀၁၁)
Shareby မွန်းလေးဖေဖေ
0 Comments