"ဆန်ရေ" (ဟမ်စိုင်း|ဆေး-မန်း)
~~~~~~
ကျွန်တော်ရင်တွေ တဆတ်ဆတ် တုန်နေသည်။( .............)ဆေးပုလင်းထဲ အပ်စိုက်ရင်း ဆေးကုန် သည်အထိ စုပ်နေသော လက်များက ကတုန်ကယင်။ သည်ကိစ္စကို ဆရာဝန်တစ်ယောက်အနေဖြင့် မလုပ် သင့်မှန်း သိသည်။ သို့သော်...
"အဟမျး... အဟမျး"
အဘွား၏ ချောင်းဆိုးသံကြောင့် တုန်ယင်နေသော လက်အစုံမှ ဆေးပိုက်က ကုတင်ပေါ်သို့ ပြုတ် ကျသွားသည်။ ပိုက်ကို ကုန်းကောက်လိုက်ချိန် အဘွားထံမှ အညစ်အကြေးများ၊ ပြည်ပုပ်နံများနှင့် ရော ထွေးနေသော လူအိုနံ့က နှာခေါင်းထဲသို့ တိုးဝင်လာသည်။
"အဘွား ထပ်ပြီးစဉ်းစားပါဦးလားး"
"လူလေးရယ်၊ အဘွား ဆုံးဖြတ်ပြီးပြီ။ ဒါ အဘွားအတွက် လွတ်မြောက်မယ့် လမ်းပဲ။ လူလေးကျေးဇူးကို နောက်ဘဝမှ ဆပ်ပါ့မယ်"
´ငါလုပ်သင့်ရဲ့လား၊ ငါရော အဘွားနေရာမှာဆိုရင် ဘယ်လမ်းကို ရွေးမိမလဲ´၊ ကိုယ့်ကိုယ် သူ စိတ်ထဲမှ ပြန်မေးကြည့်သည်။ အဘွား၏ ဆုံးဖြတ်ချက်နှင့် ထပ်တူကျသော အဖြေထွက်လာသည်။ ကုတင် ပေါ်တွင် ပင်ပန်းကြီးစွာ လဲလျောင်းနေသော အဘွား၏ တွန့်လိပ်အိတွဲနေသော လက်မောင်းသားကို ဖိကိုင် ပြီး ဆေးထိုးအပ်ကို သွေးကြောထဲသို့ ထိုးသွင်းလိုက်သည်။ ဆေးထိုးသွင်းလိုက်ဖို့တော့ တွေဝေနေမိဆဲ။
"လူလေးရယ်၊ အဘွားသားနဲ့သမီးတွေ အိမ်ကိုပြန်မလာခင် မြန်မြန်ထိုးလိုက်ပါ။ ဒီနည်းက အဘွားကို ကူ ညီရာ ရောက်ပါတယ်"
ကျွန်တော့်လက်က နာရီကိုကြည့်မိတော့ နှစ်နာရီခွဲ။ အဘွား၏ သနားစဖွယ် ရုပ်သွင်နှင့် တောင်း ဆိုမှုက တုန်ယင်နေသော လက်အစုံကို အနည်းငယ် တည်ငြိမ်သွားစေသည်။ ဆယ်ပေပတ်လည် အခန်း လေးထဲတွင် ကျွန်တော့်နှလုံးခုန်သံ တဝုန်းဝုန်းမှအပ တိတ်ဆိတ်ငြိမ်သက်နေသည်။ နာရီလက်တံ ရွှေလျား မှုများကို ရင်ခုန်စွာ စောင့်စားရင်း သုံးနာရီအရောက်တွင်...
"အဘွား..အဘွား.."
".........."
"အဘွား....အဘွား..."
"........."
နားကြပ်မှတစ်ဆင့် အဘွား၏ နှလုံးခုန်သံများက တစ်ဆထက်တစ်ဆ တိုး၍ နောက်ဆုံးတွင် လုံးဝ ပျောက်ကွယ်သွားသည်။ သက်ပြင်းရှည် တစ်ချက်ချရင်း လှုပ်ရှားနေသော စိတ်ကို တည်ငြိမ်လာအောင် ကြိုးစားရသည်။ မျက်နှာမှ ချွေးသီးချွေးပေါက်များကို လက်ဖြင့် သပ်ချရသည်။ တိတ်ဆိတ်နေသော အခြေ အနေက ရုတ်တရက် ပျက်စီးသွားသည်။
"လူသတ်သမား၊ ငါတို့အမေအသက်ကို ပြန်လျော်ပေး"
"ဆရာဝန်လူသတ်သမား"
"လူသတ်သမား၊ အမေ့အသက်ကို ပြန်လျော်ပေး"
"မဟုတ်ဘူး။ ကျွန်တော် သတ်တာ မဟုတ်ဘူး"
"အမေ့နားမှာ မင်းပဲရှိတာ။ အခု မင်းလက်မှာ အပ်တန်းလန်းနဲ့။ မင်း ဆေးထိုးပြီး သတ်လိုက်တာမို့လား"
"မဟုတ်ဘူး။ ဆေးက လုံးဝ မထိုးရသေးဘူး။ ကျွန်တော်ကြောင့် မဟုတ်ဘူး။ မဟုတ်ဘူးဗျာ။ ကျွန်တော် သတ်တာ မဟုတ်ဘူး"
ကျွန်တော် နောက်ကိုဆုတ်ရင်း ဆုတ်ရင်း ဖင်ထိုင်လျက် လဲကျသွားသည်။ ဆေးထိုးအပ်က ကျွန် တော့်ခြေဖမိုးကို ထိုးစိုက်သွားသည်။
"အား..."
"ဟေ့ရောင် ကျော်ဇော၊ ထတော့။ အိမ်မက်ဆိုးတွေ မက်နေလို့လား။ ခြောက်နာရီထိုးပြီ။ ဒီမနက် မင်း ရွာ ပြန်မလို့ဆို"
ဂျုတီချိန်းရန်လာသော သူငယ်ချင်းကျော်မင်း၏ လှုပ်နှိုးမှုကြောင့် အိမ်မက်ဆိုးမှ လွတ်မြောက်လာ ရသည်။ အဖေ နေမကောင်းဟု ဖုန်းဆက်လာသောကြောင့် မနေ့ညနေကတည်းက နံနက်ခင်းအစော ကား လက်မှတ်ကို လှမ်းဖြတ်ထားသည်။ သူငယ်ချင်းကို လည်း ပုံမှန်ဂျုတီချိန်း ချိန် နံနက်ရှစ်နာရီထက် နှစ်နာရီ စော၍ လာပေးရန် အကူညီ တောင်းထားခဲ့သည်။ ဘာလိုလိုနှင့် နေပြည်တော် ကံ့ကော် အထူးကုဆေးရုံမှာ အလုပ်ဝင်တာ နှစ်လ ပြည့်တော့မည်။ အဆင်မပြေမှုတွေ ကြုံလာတိုင်း ဆရာဝန်ဘွဲ့ ရပြီးစက ဇာတိဖြစ် သော ကျောက်ဆည်မြို့နယ် အင်ရောင်းရွာ၌ ငါးလခန့် ကိုယ်ပိုင်ဆေးခန်း ဖွင့်ခဲ့သည့် နေ့ရက်တွေကို တမ်း တမိသည်။
**********
နေပြည်တော်မြို့မစျေး ကားကြီးကွင်းတွင် ခရီးသွားများ၊ စျေးသည်များနှင့် ကားများက ရှုပ်ထွေး လျက်။ အိမ်အတွက် နန်းစိန်ကိတ်မုန့်များ ဝယ်ပြီး ကားပေါ်တက်ထိုင် နေလိုက်သည်။
"လူလေး၊ ဒါနံပတ်ဆယ့်တစ်လား"
"ဟုတ်ပါတယ် အဘွား"
ခုံနံပါတ်ကပ်လျက်က အဘွားကို တွေ့တော့ မနေ့ညက အိပ်မက်နှင့် ဘွားစံမိ ကို မဆီမဆိုင် သတိရသွား၍ ပြုံးမိသည်။ ခုချိန်ဆိုလျှင် ဘွားစံမိတစ်ယောက် မန္တလေးအရိုးအထူးကု ဆေးရုံမှ ဆင်း၍ လမ်းတောင်လျှောက်နေပေရော့မည်။ ကားက သိမ့်ခနဲ စတင်ထွက်ခွာသည်။ မနေ့ညက နံနက်ပိုင်းခဏ သာ အိပ်ခဲ့ရသောကြောင့် ကားထွက်ထွက်ချင်း အိပ်ပျော်သွားသည်။ မိတ္ထီလာတွင် ထမင်းစားနားမှ နိုး တော့သည်။ မိတ္ထီလာမှ ပြန်အထွက် ကားပြတင်းပေါက်မှ ရှုခင်းများကြည့်ရင်း အတွေးများကဟို ရောက်ဒီ ရောက်။ ဘေးကအဘွားကို ကြည့်မိတော့ မျက်လုံးမှိတ်ပြီး ပုတီးစိပ်လျက်။
"သေမတတ်နာနေတာ တရားလည်း မမှတ်နိုင်ဘူးဟေ့"
ဘွားစံမိ၏ စကားသံကိုကြားယောင်ရင်း နေပြည်တော်မလာခင်နေ့က ဖြစ်ရပ်တွေကို မျက်လုံးထဲ မြင်ယောင်လာသည်။
"ဆရာလေး၊ အမေ ရေချိုးရင်းချော်လဲလို့၊ အိမ်ကို လိုက်ကြည့်ပေးပါ့ဦး"
ရွာတောင်ပိုင်းက အန်တီဝင်းက အလောတကြီး လာပင့်သည်။ ဆေးခန်းတွင် လူနာမရှိချိန် ဖြစ်၍ ဆေး အိတ်ကိုဆွဲကာ အမြန်ဆုံး လိုက်သွားသည်။
"ဒီဘက်အခန်းပါ ဆရာ "
ကုတင်ပေါ်တွင် ဘွားစံမိက နာကျင်စွာ အော်ဟစ်နေသည်။
"အား.. နာလိုက်တာ။ ကျွတ်ကျွတ်ကျွတ်.."
"အမေ ဘာမှမပူနဲ့။ ဆရာပင့်လာပြီ။ နာလွန်းရင် တရားမှတ်နေနော်"
"သေမတတ် နာနေတာ။ တရားလည်း မမှတ်နိုင်ဘူးဟေ့"
အဘွားစကားသံကြောင့် အနည်းငယ် ပြုံးမိသွားသည်။
"အဘွား စိတ်လျော့ထားနော်။ ကျွန်တော် ခဏစမ်းသပ်မယ်"
"အဘွားခြေထောက်တော့ ကျိုးပြီနဲ့တူပါတယ်။ အဘွားကို ကယ်ပါဦး လူလေးရယ်"
ဘွားစံမိ၏ ညာဘက်ပေါင်ရင်းက ယောင်ကိုင်းနေသည်။ ညာဘက်ခြေထောက်က အပြင်သို့ ကား၍ အနည်းငယ် ကွေးနေသည်။ ဘယ်ခြေထောက်ထက် အနည်းငယ် တိုနေသည်။ ညာပေါင်ရင်းပေါ် လက် တင်လိုက်သည်နှင့် အာခေါင်ခြစ်ပြီး အော်သည်။ စိတ်မှန်းဖြင့် ဆွဲသော Shoemaker's Line က ချက် အောက်မှ ဖြတ်သွားသည်။ ဘွားစံမိအား အနာသက်သာစေရန် ဆေးထိုးပေးလိုက်သည်။ ဆေးအိတ်ယူ ကာ အန်တီဝင်းကို မျက်ခြည်ပြ၍ အပြင်သို့ လိုက်ခဲ့ရန် ခေါ်ရသည်။
"ဆေးဖိုး ဘယ်လောက်ကန်တော့ရမလဲ ဆရာ"
"ငါးထောင်ပါ"
"ဦးလေးဆီက ယူပါဆရာ"
"အဒေါ်ဆီက ယူပါ"
"အို..အန်တီဝင်းဆီကပဲ ယူပါ"
ဘွားစံမိ ရေချိုးရင်း ချော်လဲသည်ဟူသော သတင်းကြောင့် တစ်ရွာတည်းနေ အိုးခွဲအိမ် ခွဲများဖြစ် သော သားကြီးဦးမောင်နှင့် သမီးလတ် ဒေါ်ခင်တို့ ရှေ့ဆင့်နောက်ဆင့် ရောက်လာပြီး ဘွားစံမိ နှင့်အတူ နေ သမီးငယ် အန်တီဝင်းနှင့် ဆေးဖိုး အပြိုင်အဆိုင် ပေးနေကြသည်။ ဆေးဖိုးကို ကျွန်တော်နှင့် အနီးဆုံး ဖြစ်သည့် အန်တီဝင်းထံမှ ယူလိုက်ရသည်။
"မိဝင်း နင်အသုံးမကျလို့ အမေဒီလို ဖြစ်ရတာ"
"အို ညီမလေးလည်း ကလေးတွေတစ်ဖက်နဲ့ အမေ့ဝေယျာဝစ္စကို တတ်နိုင်သမျှ လုပ်ပေးနေတာပဲ။ အမေ့ဖာသာ ရေချိုးရင်း ဖြစ်ရတာ။ မမကြီးအိမ်ကို ခေါ်ထားလို့ ပြောတုန်းကဖြင့် မသိချင်ယောင် ဆောင် နေပြီးတော့"
"ဟဲ့ နင်က အမွေအများဆုံး ရထားတာလေ"
"မမကြီးနဲ့ ကိုကြီးကရော မယူကြလို့လား"
"တောက်၊ တော်ကြစမ်း။ ဆရာလေးက အမေ့ရောဂါအခြေအနေ ပြောမလို့တဲ့။ ဒီကို လာကြဦး"
ဦးမောင်ခေါ်သံကြောင့် ညီမနှစ်ယောက် စကားသံများ ရပ်တန့်သွားသည်။
"ဘွားစံမိက ပေါင်ရိုးကျိုးသွားတယ်။ ခွဲစိတ်ဖို့လိုမယ်။ မန္တလေးအရိုးဆေးရုံကို တင်ရင် အကောင်းဆုံးပဲ"
"အခုချက်ချင်းလား ဆရာ"
"ဟုတ်ကဲ့၊ အခုသွားရင် အကောင်းဆုံးပေါ့"
"ပိုက်ဆံဘယ်လောက် ကုန်မလဲဆရာ။ နောက်ပြီး ကျွန်တော်တို့အမေမှာ ဆီးချိုရောဂါ အခံရှိတော့ ခွဲစိတ် လို့ရပါ့မလား"
"ဆီးချိုရောဂါကို ထိန်းချုပ်ပြီးမှ ခွဲမှာပါ။ ပေါင်ရိုးထဲ အစားထိုးမဲ့ ပစ္စည်းတွေက နိုင်ငံခြားက မှာရတာ။ စျေး တော့ကြီးတယ်။ ဆေးရုံနေစရိတ် စားစရိတ်တွေနဲ့ (..............)နီးပါးတော့ ကုန်လိမ့်မယ်"
ပတ်ဝန်းကျင်က ခဏတာ တိတ်ဆိတ်သွားသည်။ ညီမနှစ်ယောက်က အစ်ကိုဖြစ်သူ၏ ဆုံးဖြတ်ချက် ကို စောင့်စားနေကြသည်။ခဏအကြာ
"မယ်ဝင်း နင်က အမေ့အိမ်နဲ့လယ်တွေ ပိုရထားတော့ တစ်ဝက်ထုတ်။ ငါနဲ့ မယ်ခင်က တစ်ဝက်ထုတ် မယ်"
"အကိုကြီးကလည်း အဖေဆုံးကတည်းက အမေ့ကို တင်ကျွေးထားတာကျ မမြင်ဘူး။ ခွဲတမ်းချရင် အညီ အမျှချပေါ့။ ကိုယ့်ညီမက မုဆိုးမဆိုတာ သတိရပါဦး"
"ညည်းက အမေ့ရွှေတွေ ရောင်းတုန်းက အစ်မဖြစ်သူကို တစ်ပြားတစ်ချပ်ပေးခဲ့လား။ ဘာအခုမှ အညီအမျှ တွေ လာပြောနေတာလဲ"
မောင်နှမသုံးဦးစကားဝိုင်းက ဆွေးနွေးပွဲသို့ မရောက်ဘဲ ရန်ပွဲဘက်သို့ ဦးတည်နေသည်။ တစ်ရွာ တည်းသား ဆရာဝန်မို့ ဂရုစိုက်ကြဟန်မတူ။ မောင်နှမသုံးဦး ပိုင်ဆိုင်မှု၏ အပုံတစ်ရာပုံလျှင် တစ်ပုံတောင် မရှိသော ငွေကြေးအတွက် ငြင်းခုံနေကြသည်။ ဘွားစံမိ အတွက် စိတ်မကောင်း ဖြစ်မိသည်။
"အဟမ်း..ဟမ်း..။ အမေဆိုတာလေးတော့ ခေါင်းထဲထည့်ပြီး စဉ်းစားကြပါ။ မိဘဆိုတာ အစားထိုးလို့ မရ ပါဘူး။ ဦးမောင်အိမ်မှာ ကားရှိနေတာပဲ။ ဒီနေ့ပဲ သွားကြပါဗျာ"
"ဆရာရော ကျွန်တော်တို့နဲ့ လိုက်ခဲ့လို့ ရမလား"
"အားတော့ နာတယ်ဗျ။ ကျွန်တော်က နေပြည်တော်ဆေးရုံမှာ အလုပ်ရလို့ သွားရတော့မှာ။ ဒီညနေ ကားလက်မှတ် ဖြတ်ပြီးသွားလို့ပါ။ သွားဖြစ်အောင် သွားကြပါ။ ခွဲစိတ်ပြီးရင် ကောင်းသွားမှာပါ"
**********
"ဟန်မြင့်မိုရ်ရွာလမ်းခွဲ ဆင်းမယ့် အစ်ကို ကြိုတင်ပြီး ပြင်ဆင်ထားပါ"
ကားစပယ်ယာ၏ သတိပေးသံကြောင့် အတိတ်ကအတွေးစတို့ ပြတ်တောက် သွားရသည်။ ကားပေါ် မှ ဆင်းရန် ပြင်ဆင်ရသည်။ ရွာလမ်းခွဲတွင် ညီလေးက ရောက်နှင့်ပြီ ဖြစ်ကြောင်း လက်ပြ၍ အသိပေး သည်။ ဟန်မြင့်မိုရွာနှင့် အင်ရောင်းရွာက ဆိုင်ကယ်နှင့်ဆို ငါးမိနစ်ခန့် မောင်းရသည်။ ရွာလမ်းခွဲမှ ကျောက် ဆည်မြို့ဘက် ထွက်သွားသော ဦးမောင်၏ကားကို တွေ့လိုက်ရသည်။
ရွာထိပ်ပိုင်းကို ဖြတ်၍ တသွင်သွင် စီးဆင်းနေသည့် ချောင်းရေတွေက မွန်းတည့်နေမင်းအောက်တွင် တလျပ်လျပ် တောက်ပနေသည်။ ဗေဒါပင်တစ်ချို့ မြောပါသည့်နောက် ဘဲတစ်အုပ်က လိုက်ပါနေကြ သည်။ ရေဆန်ကို ဆန်တတ်နေသည့် ငန်းမောင်နှံကိုလည်း တွေ့ရသည်။ ရွာအဝင်လမ်းတွင် အသိများက လှမ်း၍ နှုတ်ဆက်ကြသည်။ ရွာအဝင်လမ်း တောင်ဘက်က ဒေါ်ခင့်ကုန်စုံဆိုင်တွင် ဈေးဝယ်သူတွေက ရှုပ်ယှက်ခတ်လျက်။ အိမ်ရောက်ရောက်ချင်း အဖေ့အကြောင်း ကြားရတော့ ငိုအားထက် ရယ်အားသန် ဖြစ်ရသည်။ အဖေက ဝက်သားတုတ်ထိုးအများကြီးစားပြီး ဝမ်းကိုက်ခြင်းဖြစ်သည်။ ဝမ်းသွားရင်း သွေးပါ လာသောကြောင့် အစိုးရိမ်လွန်ပြီး ကျွန်တော့်ဆီ ဖုန်းဆက်ခြင်း ဖြစ်သည်။ နီးစပ်ရာ ဆေးခန်းပြပြီး ညဦး ပိုင်းကတည်းက သက်သာသွားပြီဟု ဆိုသည်။ အဖေ့ကို စိတ်အေးရပြီဖြစ်သဖြင့် ဘွားစံမိ အိမ်သို့ ပြေး သွားမိသည်။
"အန်တီဝင်း အန်တီဝင်း"
"......"
အန်တီဝင်းတို့အိမ်က သုသာန်တစပြင်လို တိတ်ဆိတ်နေသည်။ ရောက်ဖူးသည့် အိမ်မို့ ဘွားစံမိ အ ခန်းထဲသို့ ဝင်သွားမိသည်။
"အဘွား၊ ကျွန်တော်ပါ။ သက်သာရဲ့လား"
အိပ်ရာထက်ဝယ် နွမ်းလျစွာ လဲလျောင်းနေသော ဘွားစံမိ၏ မှိန်ဖျော့ဖျော့ မျက်ဝန်းတွင် ရောင် စဉ်တစ်ခု ဖြတ်ပြေးသွားသည်။ ဘွားစံမိက သူမ၏နားကပ်ကို တုန်ယင်နေသော လက်အစုံ ဖြင့်ကြိုးစား ချွတ်ပြီး ကျွန်တော်ဆီသို့ပေးလာသည်။ ကျွန်တော်၏ မျက်ခုံးအစုံ ပင့်တက်သွားမိသည်။
"လူလေးရယ်၊ လူလေးကို ဒီနားကပ်နဲ့ ကန်တော့ပါတယ်။ အဘွားကို သေဆေး အမြန်ဆုံး ထိုးပေးပါ၊ အဘွားဘဝက ရှင်လျက်နဲ့သေနေတာပါ ဟီးဟီး...."
ရှိုက်ငိုနေသော ဘွားစံမိ ရုပ်ရည်က သိသာစွာပိန်ကျသွားသည်။ မျက်လုံး ဟောက်ပက်နှင့် ပါးရေ တွေက တွန့်လိပ်နေသည်။ အရိုးငေါ်ငေါ်ပေါ်က အရေပြား အောက်တွင် သွေးကြောများက အတိုင်းသား မြင်နေရသည်။ ကျင်ကြီးကျင်ငယ်နံ့များက အသက်ရှုကျပ်လာစေသည်။ ကျောနှင့် ခြေဖနှောင့်တွေမှာ အိပ် ရာပူနာများက ပြည်တရွှဲရွှဲ။ ဆီးချိုဆေးတွေ ပုံမှန်မသောက်ရဘူး ထင်သည်။
ဘွားစံမိ အခြေအနေက သိပ်ကိုမကောင်းတော့။ မွန်းကျပ်နေသော ကျွန်တော့်စိတ်ကို ထွက်ပေါက် ပေးသည့်အနေဖြင့် စကားလုံးတစ်ချို့ အန်ထွက်လာသည်။
"အဘွား.. ဆီးချိုဆေး ပုံမှန်မသောက်ဘူးလား။"
ဘွားစံမိက ခေါင်းကိုဖြည်းညင်းစွာ ခါယမ်းပြသည်။
"အဘွားရယ်၊ လူ့ဘဝဆိုတာ ရခဲပါတယ်။ တရားဘာဝနာ စီးဖျန်းပြီးနေပေါ။ ဝဋ်ကြွေး ဆပ်ရတယ်လို့ သ ဘောထားပါ။ ဆီးချိုဆေးတွေ ကျွန်တော် ဝယ်ပေးပါ့မယ်။ ဆေးသောက်ရင် အဘွားအနာတွေ ပျောက် သွားမှာသိလား"
လက်ရှိအခြေအနေကို ဖုံးကွယ်ရင်း အားပေးစကားတွေကို ဆက်တိုက်ပြောနေမိသည်။
"အယ်...ဆရာလေး၊ ဘယ်တုန်းက ပြန်ရောက်လဲ။ အန်တီဝင်း အပြင်သွားတုန်း အမေက နောက်ဖေး သွားထားတာနဲ့ တူတယ်။ အားနာစရာကြီး"
"ရပါတယ်။ ဒါနဲ့ ဘွားစံမိကို ဆေးရုံမတင်ဖြစ်ဘူးလား"
"ပြောမပြောချင်ဘူး ဆရာရေ။ ဟိုနှစ်ယောက်ပေါ့၊ ပိုက်ဆံငါးသိန်းထက် ပိုမပေးနိုင်ဘူးတဲ့။ သူတို့ အမေ မဟုတ်တဲ့အတိုင်းပဲ။ အန်တီတို့ စုံစမ်းကြည့်တော့ ဆေးရုံတင်ရင် သိန်းနှစ်ဆယ်ကျော်ကုန်မယ်တဲ့။ အန်တီ ဝင်းတစ်ယောက်တည်းကျတော့ မတတ်နိုင်ဘူးလေ။ ကလေးနှစ်ယောက် နောင်ရေးကလည်း ရှိသေး တယ်"
ဘွားစံမိ မျက်ဝန်းမှ မျက်ရည်စများ တလိမ့်လိမ့် စီးကျလာသည်။ အန်တီဝင်း မျက်နှာလွှဲ သွားသည် ကို အလိုက်ကန်းဆိုးမသိသော ကျွန်တော့်မျက်လုံးတွေက မြင်မိလိုက်သေးသည်။ အိပ်မက်ထဲတွင် ကျွန် တော့်ကို လူသတ်သမားဟု စွပ်စွဲပြောဆိုနေသော မောင်နှမတွေကို မြင်ယောင်ရင်း ဘယ်ဘက်ရင်အုံက စစ်ခနဲ နာကျင်သွားသည်။
ဟမ်စိုင်း (ဆေး/မန်း)
ရွှေအမြုတေမဂ္ဂဇင်း
ဇန်နဝါရီ ၂၀၁၅
[ ၂၀၁၈ စိမ်းလန်းရွှေပြည်စာပေပြိုင်ပွဲ
ဝတ္ထုတိုပေါင်းချုပ် အကောင်းဆုံးဆုရ
(တတိယလူနှင့်မဂ္ဂဇင်းဝတ္ထုတိုများ) စာအုပ်မှ]
0 Comments