သုခမြို့တော် - (ဘာသာပြန်သူ - မြသန်းတင့်) အပိုင်း (၁)

#သုခမြို့တော်

အပိုင်း(၁)

သူ့ပုံပန်းသဏ္ဌာန်သည် မဂိုစစ်သည်တစ်ဦးနှင့် တူသည်။ ထူထဲနက်မှောင်၍ လှိုင်းထနေသော ဆံပင်၊ အောက်သို့ ငိုက်ဆင်းနေသော နှုတ်ခမ်းမွေးနှင့်ဆက်နေသော နားပန်းဆံများ၊ တောင့်တင်းကျစ်လျစ်သည့် တင်ပါး၊ ရှည်လျား၍  ကြွက်သားတို့ အပြိုင်းပြိုင်းထနေသော လက်တံများနှင့် မသိမသာခွင်သည့် ခြေတံတို့သည် မဂိုစစ်သည်တစ်ဦး၏ ပုံပန်းသဏ္ဌာန်ဖြစ်သည်။ သို့ရာတွင် အသက်သုံးဆယ့်နှစ်နှစ်သာရှိသေးသည့် ဟာစရီပါးသည် လယ်သမားတစ်ယောက်သာဖြစ်၏။ မိမိတို့အသက်မွေးမှုအတွက် ဘုမ္မစိုးနတ်ကို ကိုးကွယ်ပသနေကြသည့် အိန္ဒိယတိုင်းရင်းသား သန်းငါးရာတို့အထဲမှ တစ်ယောက်သာဖြစ်၏။

ဟာစရီပါးသည် သုံးပင်နှစ်ခန်း တဲကလေးတစ်လုံးကိုဆောက်၍ အကာကို ရွှံ့မံကာ အမိုးကို သက်ကယ်မိုး၏။ သူ့တဲကလေးသည် ဘင်္ဂလားပြည်နယ်အနောက်ပိုင်း၊ ဘန်ကူလီရွာနှင့် မနီးမဝေးတွင်ရှိသည်။ သူ့ဇနီး အာလောကသည် အသားအရေ ကြည်လင်သည့် မိန်းမငယ်တစ်ဦးဖြစ်ပြီး နတ်မိမယ်တစ်ဦးနှင့်တူသည်။ သူ့နှာခေါင်းတွင် ရွှေကွင်းတစ်ကွင်း ဖောက်တပ်ထားပြီး ခြေတွင် ခြေကျင်းတွေ ဝတ်ထားသည်။ လမ်းသွားသည့်အခါ၌ သူ့ခြေကျင်းများသည် တချွင်ချွင် မြည်နေကြ၏။ 

အာလောကသည် သားသမီး သုံးယောက် မွေးခဲ့ပြီးပြီ။ အကြီးဆုံး အမ္မရစ်တာမှာ ဆယ့်နှစ်နှစ်သမီးရှိလေပြီ။ အမ္မရစ်တာသည် အဖေ့ထံမှ ဝန်းဝိုင်းသော မျက်လုံးအစုံကို အမွေရခဲ့ပြီး အမေ့ထံမှ မက်မုံသီးလို ဝါဝင်းသော အသားအရေကို အမွေရခဲ့၏။ ရှစ်နှစ်အရွယ် မာနူးနှင့် ခြောက်နှစ်ရွယ် ရှမ်ဘူးတို့မှာ ဆံပင်နက်နက်၊ ကိုယ်လုံးကိုယ်ပေါက် ထွားထွားနှင့် ဖြစ်ကြ၏။ သူတို့ညီအစ်ကိုနှစ်ယောက်သည် ကျွဲကျောင်းခြင်းမပြုဘဲ ကန်ဘေးတွင် ပုတ်သင်ညို လိုက်ရိုက်နေတတ်ကြသည်။ 

သူတို့အိမ်တွင် ဟာစရီပါး၏ အဖေဖြစ်သူ ပရိုးဒစ်လည်းရှိသေးသည်။ ပရိုးဒစ်မှာ ပိန်ပိန်ပါးပါး၊ မျက်နှာတွင် အရေတို့ တွန့်စပြုလေပြီ။ မုတ်ဆိတ်တို့မှာလည်း ဖွေးဖွေးဖြူနေလေပြီ။ ဟာစရီပါး၏အမေ နာလီနီမှာလည်း ခါးကိုင်းကာ မျက်နှာသည် သစ်ချသီးကဲ့သို့ ရှုံ့တွနေလေပြီ။ ထို့ပြင် သူတို့အိမ်တွင် သူ့ညီနှစ်ယောက်နှင့် သူတို့ဇနီးများ၊ သားသမီးများလည်း ရှိသေးရာ သူတို့အိမ်တွင် စုစုပေါင်း အိမ်သားဆယ့်ခြောက်ယောက်နှင်နှင်ရှိ၏။

သူတို့တဲကလေးတွင် အပေါက်နိမ့်နိမ့်ကလေးတွေ ဖောက်ထားသည့်အတွက် ပူပြင်းသည့် နွေဆိုလျှင် အတန်အသင့် အေးပြီး၊ စိမ့်နေအောင်ချမ်းသည့် ဆောင်းတွင်းညများဆိုလျှင် အနည်းငယ် နွေးနေတတ်၏။ တဲကလေး တစ်ဖက်တစ်ချက်ရှိ ဝရန်တာနှစ်ဖက်ပေါ်တွင် အနီနှင့်အဖြူရောင် ဗိုလ်ကတော်မျက်ခုံးပန်းတွေ နွယ်တက်နေသဖြင့် အရိပ်ရနေသည်။

အိမ်ရှေ့တစ်ဖက်ယပ် အဖီကလေးထဲတွင် အာလောကသည် ခြေနင်းမောင်းဆုံကို တဂျောင်းဂျောင်း ထောင်းလျက်ရှိပြီး သမီးကြီး အမ္မရစ်တာက စပါးများကို မောင်းဆုံထဲသို့ ထည့်ပေးနေသည်။ အခွံကျွတ်သွားသည်နှင့်
မောင်းကျောက်ထဲမှ ဆန်များကို ပြန်ထုတ်ယူပြီး စပါးခွံရွေးသည်။ တစ်တင်းပြည့်လျှင် တလင်းထဲတွင်ရှိသည့် ပုတ်ထဲသို့သွား၍ ထည့်၏။ စပါးပုတ်မှာ လေးတိုင်စင်ကလေးပေါ်တွင် တင်ထားပြီး စပါးစည်အဖြစ်လည်းကောင်း၊ ခိုအိမ်အဖြစ်လည်းကောင်း အသုံးပြုသည်။

တဲပတ်ပတ်လည်ကို မျှော်ကြည့်လိုက်လျှင် ရွှေရောင်ဝင်းနေသော လယ်ကွင်းကြီးများကို မြင်ရ၏။ လယ်ကွင်းများအလယ်တွင် စိမ်းညို့နေသည့် သရက်ခြံများသည် ဆေးစက်ချထားသည့်နှယ်။ အစိမ်းရောင်လွင်လွင် ထန်းပင်အုပ်များနှင့် စိမ်းနုသော ဝါးရုံတောများက ခပ်လှမ်းလှမ်းတွင် ရပ်လျက်။ ရေသွင်းမြောင်းများသည် မြင်ကွင်းထဲတွင် ချုပ်ရိုးကြောင်းများသဖွယ် ကောင်းကင်ပြာကို ရောင်ပြန်ဟပ်ထားသည့် ဇာကွက်များနှင့် တူသည်။ ကြာပွင့်များ၊ ဗေဒါပွင့်များနှင့် တဲများပြည့်နေသည့် ရေအိုင်ပေါ်တွင် ချောင်းကူးတံတားကလေးများသည် ပေါင်းကူးလေးများလို ဖြစ်နေကြ၏။ ကလေးများက တုတ်ကလေးများကို ကိုင်ကာ ပြောင်ချောနေသည့်ကျွဲကြီးများကို တာရိုးတစ်လျှောက် မောင်းလာကြသည်တွင် သူတို့နောက်မှာ ဖုန်တွေ တထောင်းထောင်း ထ,ကျန်ရစ်ခဲ့သည်။ 

ပူပြင်းသည့်တစ်နေ့တာ ကုန်ဆုံးသည့်နောက် သူရိယနေမင်းကြီးသည် အနောက်မိုးကုပ်စက်ဝိုင်းသို့ နစ်မြုပ်လု နီးနေလေပြီ။ လေပြည်သည် ပင်လယ်ဘက်မှ တသုန်သုန် တိုက်စပြုလာ၏။ ညဦးကို ကြိုဆိုသည့်နှယ် ကွင်းပြင်တစ်ဝိုက်ဆီတွင် ငှက်ကလေးများသည် စပါးပင်ထိပ်ဖျားနားအထိ ထိုးဆင်းကာ ကျီကျီကျာကျော အော်မြည်နေကြသည်။ မှန်ပါသည်။ ဘင်္ဂလားပြည်နယ်သည် လင်္ကာစာဆို အကျော်အမော်တို့၏ အဖိုးထိုက်ရတနာဖြစ်ပါသည်။ လရောင်ဝင်းပသော ညများတွင် ကရိသျှဏနတ်မင်းသည် စောင်းညင်းပတ်သာတို့ကို ကစားဖော်များနှင့် တီးမှုတ်ရာ၊ သူ့ကြင်ယာ ရာဒြကို က,ခုန်အောင် ဂီတကို ကျူးရင့်ပေးရာ နေရာဖြစ်ပါသည်။

နေလုံးကြီး ကွယ်ပျောက်သွားသည့်အခါ နွားရိုင်းသွင်းချိန်ရောက်လာလေပြီ။ နွားတို့သည် စားကျက်မှ ပြန်လာကြပြီ။ လယ်သမားတို့သည်လည်း လယ်ထဲမှ ပြန်လာကြပြီ။ ကြက်တို့လည်း အိပ်တန်းတက်ကြပြီ။ 

ဟာစရီပါးသည် ဒိုတီကို ခါးတောင်းကျိုက်လျက် ထယ်ကို ပခုံးတွင်ထမ်းကာ လေကလေး တချွန်ချွန်ဖြင့် အိမ်သို့ ပြန်လာခဲ့သည်။ နေဝင်ဖျိုးဖျတွင် ချိုးတို့သည် ကူနွဲ့ နေကြ၏။ မန်ကျည်းပင်တစ်ပင်ပေါ်တွင် စာကလေးတစ်အုပ်သည် သူတို့၏ပဒေသာကပွဲကြီးကို က,ပြနေကြ၏။ ရှဉ့်နှစ်ကောင်သည် သင်္ဘောပင်ပေါ်သို့ တက်ပြေးကြ၏။ ဗျိုင်းဖြူများနှင့် ဗျိုင်းအောက်တို့သည်လည်း အိပ်တန်းသို့ ပျံကြလေပြီ။ ခွေးလေးတစ်ကောင်သည် ထိုနေ့ညတွင် အိပ်စရာနေရာကို ရွေးရန် မြေကြီးနမ်းနေ၏။ ပုစဉ်းရင်ကွဲတို့၏ စူးရှရှအသံသည် တဖြည်းဖြည်း မှိန်၍မှိန်၍သွားလေပြီ။ ဂျောက်ကလီကျောင်း၊ ဂျောက်ကလီကျောင်းဆိုသည့် နောက်ဆုံး မောင်းသံသည်လည်း တိတ်ဆိတ်သွားခဲ့လေပြီ။ 
ထို့နောက် တိတ်ဆိတ်မှုကို ရုတ်တရက် ဖြိုခွဲလိုက်သည့် ဖားအော်သံတို့၏ သံပြိုင်တေးကို ကြားရသည်။ ဖားခုံညင်းကြီးများ၏အော်သံသည် ထိုအသံများကြားမှ နရီမှန်မှန်နှင့် ပေါ်ထွက်လာသည်။

ငါးမိနစ်လောက်အတွင်းတွင် အပူပိုင်းဇုန်ညသည် ပြိုကျလာ၏။ ညစဉ် ပြု​နေကျအတိုင်း ဟာစရီပါး၏ဇနီး အာလောကသည် ညနတ်သမီးကို ပူဇော်ရန် ခရုသင်းကိုမှုတ်၏။ သူ့ယောက်မငယ်က တစ္ဆေသရဲတို့ကို နိုင်သည့်အနေဖြင့် ခေါင်းလောင်းကို လှုပ်သည်။ လမ်းထိပ်ရှိ နှစ်တစ်ရာသက်တမ်းရှိသော ညောင်ပင်အိုကြီးတွင် မကောင်းဆိုးဝါးတို့နေသည်ဟု သူတို့ယူဆသည်။ နွားကို ချည်တိုင်တွင် ချည်ပြီးလေပြီ။ အရေးထဲတွင် ဆိတ်တစ်ကောင်က ခြံထဲသို့ မဝင်ဘဲ ကိုးရို့ကားရာ လုပ်နေသဖြင့် ထိုဆိတ်ကို ခြံထဲသို့ မောင်းသွင်းရသေးသည်။ 

နောက်ဆုံးတွင် အားလုံးကိစ္စပြီးလေပြီ။ ဟာစရီပါးသည် သူ့နွားခြံထဲသို့ ခွေးအများ၊ မြေခွေးများ မဝင်နိုင်ရန် ဝင်းကို သွပ်ဆူးကြိုးတံခါးဖြင့် ပိတ်သည်။ ထိုနောက်တွင် ဟာစရီပါး၏အမေသည် အိန္ဒိယပြည်ကြီးလို အိုမင်းလှပြီဖြစ်
သော ပြုနေကျဝတ်ကို ပြုသည်။ နတ်ရုပ်ကားများရှေ့တွင် ထွန်းညှိထားသည့် ဆီမီးခွက်တွင် ဆီဖြည့်သည်။ 

အိမ်သူများက ရွှံ့မီးဖိုပေါ်တွင် ညစာကို ချက်ပြုတ်နေကြစဉ် ဟာစရီပါးနှင့် သူ့ညီနှစ်ယောက်တို့သည် ဝရန်တာအောက်ရှိ ဖခင်အနီးတွင် လာ၍ထိုင်ကြသည်။ ပိုးစုန်းကြူးရောင်များဖြင့် ထိုးဆွခြင်းခံရသော ညသည် သင်းထုံသော စပယ်နံ့ဖြင့် မွှေးနေသည်။ ကြယ်တို့ အပြောက်ခတ်ထားသည့် ကောင်းကင်ကြီးတွင် တစ်ခြမ်းပဲ့ လကလေးသည် ဝင်းပစပြုလေပြီ။ ထိုဆန်းစ, လသည် ကမ္ဘာလောကကြီးကို အစီးအပွားဖြစ်စေသော မျက်လုံးတစ်ထောင်ရှိသည့် သျှိဝကို ကိုယ်စားပြုသည်ဟု အယူရှိသည့်အတွက် ထိုဆန်းစ,လကို သျှိဝ၏လဟုခေါ်ကြသည်။ 

သူတို့သားအဖလေးယောက်သည် တိတ်ဆိတ်စွာ ထိုင်နေကြ၏။ သူတို့သားသုံးယောက်၏မျက်နှာကို တစ်လှည့်စီကြည့်နေသည့် သူ့ဖခင်ကို ဟာစရီပါး သတိပြုမိသည်။ ထို့နောက် တစ်ယောက်တည်းပြောနေသော အဖေ၏စကားသံကို ဟာစရီပါး ကြားလိုက်ရသည်။

“မီးသွေးခဲကို ရေနဲ့ ဘယ်လောက်ပဲဆေးဆေး ဖြူမလာပါဘူးကွာ၊ ကုလို့မရတဲ့ ရောဂါကို ကျိတ်မှိတ်ပြီး ခံရုံပဲရှိတယ်”

သူမွေးလာကတည်းက သူတို့အိမ်နားရှိ ရွာကရေကန်ကလေးထဲတွင် ကြာပွင့်တွေ ဘယ်နှစ်ကြိမ်ပွင့်၍ ဘယ်နှစ်ကြိမ် ညှိုးခဲ့ပြီးကို အဖေမသိ၊ မမှတ်မိနိုင်တော့။

“အင်း... ငါ့မှတ်ဉာဏ်တွေကလည်း ပရုတ်လုံးများအတိုင်းပဲ။ တဖြည်းဖြည်း အငွေ့ဖြစ်ပြီး ပျောက်ကုန်ကြပြီ၊ အဖြစ်အပျက်တွေက များလွန်းတော့ တချို့ကိုလည်း ကောင်းကောင်းမမှတ်မိတော့ဘူး၊ အေးလေ မမှတ်မိဆို အသက်လဲကြီးပြီကိုး၊ မွေးလာတုန်းကတော့ နတ်သိကြားများက ငါ့ကို ဆန်အပြည့် စပါးအပြည့်နဲ့ မွေးပေးလိုက်တာပဲ။ ခုတော့ စပါး ဘယ်လောက်ရှိမှန်းတောင် မသိတော့ဘူး”

သို့ရာတွင် အဖေမှတ်မိသည့် အရာတစ်ခုတော့ရှိသည်။ သူသည် တစ်ခါက ချမ်းသာသည့်လယ်သမားတစ်ဦး ဖြစ်ခဲ့ကြောင်းကိုမူ သူသတိရသည်။ ထိုစဉ်က သူပိုင် လယ်ရှစ်ဧကရှိပြီး စပါးတွေ အပြည့်လှောင်ထားသည့် စပါးကျီကြီးတွေ လေးလုံးရှိခဲ့သည်။ သူ့သားများ၏ ရှေ့ရေးအတွက် ဖူလုံသည်။ သူ့သမီးတွေအတွက် ခန်းဝင်ပစ္စည်းအဖြစ် ပေးဖို့လည်း လုံလောက်သည်။ အဘိုးကြီးအဘွားကြီးအရွယ်သို့ရောက်နေသည့် သူတို့လင်မယားနှစ်ယောက်အတွက်ကား မြေလေးတစ်ကွက်နှင့် မိဘလက်ထက်က ကျန်ခဲ့သော အိမ်ကလေး တစ်ဆောင်ရှိလျှင် လုံလောက်လေပြီ။

“ဒီလောက်ဆိုရင် ကျုပ်တို့လင်မယားနှစ်ယောက် အေးအေးဆေးဆေး နေနိုင်ပါတယ်ဗျာ” ဟု အဖေက အမေ့ကို ပြောလေ့ရှိသည်။

သို့ရာတွင် အဖေ့မျှော်လင့်ချက်သည် လွဲခဲ့ရ၏။ ထိုမြေကွက်ကလေးသည် သူ့အဖေအား မြေပိုင်ရှင်ကြီးက သနား၍ပေးခဲ့သည့် လယ်ကလေးတစ်ကွက်သာ ဖြစ်၏။ တစ်နေ့သော် မြေပိုင်ရှင်ကြီး၏သားသည် သူ့ထံသို့ရောက်လာပြီး ထိုမြေကွက်ကလေးကို ပြန်တောင်းသည်။ ပရိုးဒစ်က ပြန်မပေးနိုင်ဟု ပြောသည်။ ဤတွင် ရုံးပြင်ကန္နားသို့ ရောက်ကြရသည်။ မြေပိုင်ရှင်ကြီး၏သားသည် တရားသူကြီးကို ငွေဖြင့်ပေါက်၍ နိုင်သည်။ ဤတွင် အဖေသည် သူ့လယ်ကလေးနှင့်အိမ်ကလေးကို စွန့်ခဲ့ရသည်။ တရားရှုံးအဖြစ် တရားစရိတ်များကို ကျခံရမည်ဆိုသဖြင့် သမီးထွေးဖို့ ချန်ထားသည့် ခန်းဝင်ပစ္စည်းဖိုးကလေးနှင့် သားနှစ်ယောက်အတွက် ရည်စူးထားသည့် မြေကလေးနှစ်ကွက်ကိုလည်း ရောင်းချပေးလိုက်ရသည်။

“အဲဒီ မြေရှင့်သားဟာ ခွေးအ,ရဲ့ နှလုံးသားထက်တောင် မာတယ်” ဟု အဖေက ပြောတတ်၏။ သို့ရာတွင် တော်ပါသေး၏။ သားကြီးက သူတို့တစ်တွေကို သူ့အိမ်သို့ ခေါ်ထားနိုင်လောက်အောင် အခြေအနေကလေးရှိနေသည်။ ဟာစရီသည် သားလိမ္မာတစ်ယောက်ဖြစ်၏။ အဖေသည် ယခုတိုင် မိသားစု၏အကြီးအကဲဖြစ်ကြောင်းဖြင့် အဖေ့ကို ပြောပြ၏။ အမှန်အားဖြင့်လည်း အဖေသည် ရှေ့မီနောက်မီတစ်ဦးဖြစ်၏။ ဘယ်သူ့လယ်ကန်သင်းက ဘယ်အထိရှိသည်။ ဘယ်သူ့စားကျက်က ဘယ်နေရာရောက်သည် စသည်တို့ကို သိ၏။ ဘယ်ထုံးစံကို ဘယ်လိုလိုက်၍ ဘယ်အစဉ်အလာကို ဘယ်လိုထိန်းသိမ်းရမည်၊ မြေပိုင်ရှင်ကြီးများနှင့် ပြေလည်အောင် ဘယ်လိုဆက်ဆံရမည်ကို သိ၏။ သို့ဆက်ဆံနိုင်မှသာလျှင် လယ်သမားတို့ဘဝ ဖူလုံမည် မဟုတ်လော။

“ချောင်းထဲမှာနေတဲ့ ငါးဟာ မိကျောင်းနဲ့ တည့်အောင်နေမှဖြစ်မှာ” ဟု အဖေပြောတတ်သည်။ ပြောမည့်သာပြောသော်လည်း အဖေတွင် ဘာမျှမကျန်တော့ပြီ။ နေစရာအိမ်ပင် မရှိတော့သဖြင့် သားအိမ်တွင် လာ၍ခိုကပ်နေရလေပြီ။

“ဒါပေမယ့် ငါအားမငယ်ပါဘူးကွာ။ ငါ့မှာ ဘာမှမကျန်တော့ပေမယ့် သားသုံးယောက်ရှိပါသေးတယ်။ မောင်မင်းကြီးသားများ တော်ပေလို့ပေါ့” ဟု အဖေက သူ့ကိုယ်သူ နှစ်သိမ့်သည်။

သားသုံးယောက်ကြောင့်ပင် အိန္ဒိယလယ်သမားတစ်ယောက်အနေဖြင့် ကြည့်လျှင် သူ့တွင် ဖူလုံနေလေပြီ။ သူ့တွင် စပါးစည်တစ်လုံး၊ ကောက်ရိုးစင် တစ်စင်၊ နွားနှစ်ကောင်နှင့် ကျွဲတစ်ကောင်၊ မြေကလေးတစ်ကွက်၊ မိုးထဲလေထဲတွင် ထုတ်စားရန်အတွက် စဉ့်အိုးတွေနှင့် ထည့်ထားသည့် ဆန်ကလေး နည်းနည်းအပြင် စုဗူးထဲတွင် ကျပ်ပြားကလေးနည်းနည်းပါးပါး ရှိနေပြီ။ သူ့ချွေးမတွေကကော၊ သူတို့တစ်တွေကြောင့် သူတို့မိသားစုသည် စိုစိုပြည်ပြည် သာသာယာယာ။ သူ့ချွေးမများသည် ပါဝတီလို ချောကြ, လှကြသည်ချည်း။ သူတို့မိသားစုသည် ဆင်းရဲကောင်း ဆင်းရဲကြမည်၊ သို့ရာတွင် စိတ်ချမ်းသာကြသည်။ 

မနက်ဖြန်ဆိုလျှင် ကြာပွင့်တို့သည် နှင်းစက်များကြောင့် စိုစွတ်နေကြလိမ့်မည်။ စပါးရိတ်ချိန်လည်းရောက်ပြီ။ စပါးရိတ်ချိန်နှင့်အတူ မျှော်လင့်ချက်ဝေချိန်လည်း ရောက်ပြီ။ ဘုရားသခင်၏ဂုဏ်တော်ကို ပူဇော်သောအားဖြင့် သစ်ပင်အိုကြီးတွင် တွယ်နေကြသော သစ်ခွပန်းတို့ ဖူးပွင့်ကြတော့မည်။

အပိုင်း(၂)ဆက်ရန်
---------------------
#မြသန်းတင့်

Post a Comment

0 Comments