#ကျွန်မက မချောပါဘူး
(ဒုတိယပိုင်း)(ဇာတ်သိမ်း)
(၄)
မမ နေမကောင်းသောနေ့။
အလုပ်တိုက်သို့ မသွားပါ။ ကျွန်မ ဧည့်ခန်းပန်းအိုးများ ပြင်နေတုန်း အိမ်ရှေ့က ဘဲလ်သံ ကြားရပြန်သည်။ ကိုစိုးမောင် လာပြန်ပြီ ထင်ပါရဲ့။ ကျွန်မ ခြံဝကို ပြေးထွက်သွားသည်။ ဟုတ်ပါသည်။ ကိုစိုးမောင်ပါပဲ။
“မလေးခင် စာလက်မှတ်ထိုးယူဦး။ ပြီးတော့ ရေတစ်ခွက်လောက်လည်း ပေးစမ်းပါဗျာ”
သူသည် မိတ်ဆွေဟောင်းလို ရင်းရင်းနှီးနှီး ပြောသည်။
ကျွန်မ လက်မှတ်ထိုးရင်း သူ့ကို ကြည့်လိုက်တော့ အတော်မောနေပုံရသည်။
“မပြောချင်ဘူး၊ ဟိုဘက်တောင်ကုန်း နင်းရတာ သေလုရော။ အိမ်ကလည်း နံပါတ်သာ တူတာ လူတွေ မရှိတော့ဘူးတဲ့။ နာမည်ကလည်း မဟုတ်ဘူး” သူသည် အဝေးရှိ ကုန်းမြင့်ပိုင်းမှ အိမ်များကို လက်ညှိုးထိုးကာ ပြောပြနေပါသည်။ ကျွန်မ စာကိုယူကာ မမကို သွားပေးပါသည်။ မမက စာကိုဖတ်ရင်း မျက်နှာက ဝမ်းသာသွားပုံရသည်။
“လေးခင် ဒီစာပို့သူငယ်က စိုးမောင်လား”
“ဟုတ်ပါတယ်”
“ခေါ်လိုက်စမ်း၊ ဧည့်ခန်းမှာ ထားလိုက်”
“ဟုတ်ကဲ့ မမ။ သူက ရေသောက်ချင်တယ် ဆိုလို့ ကျွန်မ ရေတိုက်ပါဦးမယ်”
“ ကျွန်မ ကိုစိုးမောင်ကို ခေါ်ကာ ဧည့်ခန်းထဲ သွင်းလိုက်ပါသည်။ သူ့အတွက် ရေသွားယူနေတုန်း မမ ဆင်းလာပါသည်။ ရေခပ်ပြီး ကိုစိုးမောင် ဘေးမှာ ကျွန်မ ဖန်ခွက်ချလိုက်ပါသည်။
“လေးခင်ရဲ့ ... မောင်စိုးမောင်က စာပို့သမားထဲမှာ လူတော်ပဲ။ မမတို့နဲ့ ခင်တာ ကြာပြီ။ မမရဲ့ အရေးကြီးတဲ စာတွေ နိုင်ငံခြားက လာတိုင်း သူက အချိန်မရွေး ကြိုးကြိုးစားစား လာပို့တယ်။ အလုပ်တိုက်ကို လာတဲ့ စာတွေလည်း ရှိပါတယ်။ ဒါပေမဲ့ အိမ်က စာအရောက် ပိုမြန်သလိုပဲ။ ဒီနေ့ ကနေဒါက လာတဲ့စာမှာ မမ အလုပ်ဖြစ်တယ်လေ။ မောင်စိုးမောင်ကို ဆုချရဦးမယ်။ နိုင်ငံခြားသားတွေနဲ့ ဆက်ဆံရတာမှာ အချိန်က တိကျမှ”
ကိုစိုးမောင်က ရေသောက်ပြီး ဖန်ခွက်ကို ချလိုက်ကာ ပြုံးနေပါသည်။
“မမရယ် ဆုချဖို့ မလိုပါဘူး။ ကျွန်တော် ဆောင်ရွက်လို့ မမတို့ အကျိုးဖြစ်ထွန်းတယ်ဆို ကျွန်တော် ကုသိုလ်ရပါတယ်။ ဝမ်းသာလှပါပြီ”
“မမကတော့ အထူးကျေးဇူးတင်တယ်”
ကျွန်မ ဖန်ခွက်ကိုင်၍ ဧည့်ခန်းမှ ထွက်မည်အလုပ် ...
“လေးခင်ရဲ့ နေပါဦး ...”
မမက တားလိုက်သည်။
“မောင်စိုးမောင်၊ လေးခင်ကို သိလား”
“ရီဂျစ်စတာ စာတွေ သူ လက်မှတ်ထိုးယူလိုက်လို့ သိပါတယ်”
“အေး ... တနင်္ဂနွေ တစ်နေ့နေ့ မအားဘူးလားကွယ်။ လေးခင်ကို ခေါ်ပြီး ဘုရားတွေ ပို့ပေးစမ်းပါ”
ကျွန်မရင်ထဲမှာ အံ့အားသင့်သွားပါသည်။ ကိုစိုးမောင်လည်း အမ်းတမ်းတမ်းနှင့် ကျွန်မကို လှမ်းကြည့်ပါသည်။
“ဟုတ်ကဲ့၊ နောက်တနင်္ဂနွေ ကျွန်တော် လာခေါ်ပါ့မယ်”
ကျွန်မက ဘာမှမပြောဘဲ ဖန်ခွက် ကောက်ကိုင်ကာ အခန်းထဲမှ ထွက်လာခဲ့ပါသည်။ မမနှင့် ကိုစိုးမောင် စကားပြော ကျန်ရစ်ကြသည်။ ကိုစိုးမောင်ကို ဘာဆုတွေ ပေးနေသလဲ မသိ။
ကျွန်မရင်ထဲမှာ တစ်နေ့လုံး စိတ်လှုပ်ရှားနေပါသည်။ မမအစီအစဉ်ကို နားမလည်ပါ။ ညနေကျတော့ ပို၍ စိတ်လှုပ်ရှားရပြန်ပါသည်။
မီးဖိုမှာ ပန်းကန်တွေ ပြင်နေတုန်း ဒေါ်မုံး ရောက်လာပါသည်။
“မလေးခင် မမက အပေါ် လာဦးတဲ့”
ကျွန်မ အပေါ် တက်သွားတော့ မမ အိပ်ခန်းထဲမှာ ကိုကိုပါနှင့်မမ ဆိုဖာပေါ် ထိုင်နေကြသည်။
“လာပါဦး မလေးရဲ့။ မင်းအတွက် ကိုကိုပါ စာအုပ်တွေ လက်ဆောင်ယူလာတယ်”
ကိုကိုပါ့အသံက အေးမြနေသည်။
ကျွန်မ ရင်တွေ တဒိတ်ဒိတ် ခုန်နေပါသည်။ ကျွန်မ ကိုကိုပါကို မကြည့်မိ၊ မမမျက်လုံးတွေကို လှမ်းကြည့်မိသည်။ ကိုယ်တွေပါ သိမ့်သိမ့် တုန်သွားသလို ထင်ရသည်။ မမမျက်လုံးတွေမှာ မီးလျှံတွေကို မြင်လိုက်သလိုပဲ။
“ယူသွား လေးခင်”
မမအသံက အမိန့်ပေးသံ၊ ကျွန်မ ဘာတစ်လုံးမှ မပြော၊ ကိုကိုပါ လှမ်းပေးသော စာအုပ်တွေ ယူကာ ကျွန်မ အခန်းသို့ ပြန်လာခဲ့ပါသည်။ စာအုပ်တွေကို ပိုက်ကာ၊ ရင်တွေ တုန်လှချည်ရဲ့။ စာအုပ်ရ၍ ဝမ်းသာတာထက် မမမျက်လုံးတွေက ကျွန်မနှလုံးသားကို စူးဝင်သွားသလို ခံစားနေရသည်။
မလေးခင်သို့ မေတ္တာလက်ဆောင်။
ကိုကိုပါ ...။
စာအုပ်တိုင်းမှာ ရေးထားသော ကိုကိုပါ့လက်ရေးတွေ၊ စုံထောက်ဝတ္ထု နှစ်အုပ်နှင့် တခြားဝတ္ထုများ ငါးအုပ်။ ဘုရား ... ဘုရား ... ကောင်းသောရရှိခြင်း ဖြစ်ပါစေ။
* * *
(၅)
ကိုစိုးမောင်တို့ရပ်ကွက်ထဲကို ကျွန်မ ဝင်လာသည်။ ကိုစိုးမောင်က ဘုရားကို မသွားခင် သူတို့အိမ်ကို ပြချင်သည်တဲ့။ သူတို့ ရပ်ကွက်က ကျွန်မတို့ တာကြီးပိုင်းလို မဟုတ်။ လမ်းတွေ ကျဉ်းလှသည်။ လမ်းကြိုလမ်းကြားကို ကွေ့ကောက်သွားရသည်။ ကျွန်မတို့တဲတွေက ခြံတွေထဲမှာဆိုတော့ တစ်တဲနှင့်တစ်တဲ အလှမ်းဝေးသည်။ သူတို့တဲတွေမှာ တစ်တဲနှင့်တစ်တဲ မှီနေသလိုပါပဲ။
ကျွန်မတို့ အိမ်ဝမှာ ရပ်လိုက်ပါသည်။ အိမ်က ဓနိမိုး ထရံကာ၊ လှေကား သုံးထစ်နှင့် အိမ်ရှေ့ ဖိနပ်ချွတ်ကို ဝါးခြမ်းတွေ ကာထားသည်။ အိမ်ဝ ကတည်းက ပတ်ဝန်းကျင်မှ ချဉ်စုတ်စုတ်အနံ့တွေက လှိုင်နေသည်။ အိမ်အမြင့်က သုံးပေလောက်ပဲ ရှိမည် ထင်ပါသည်။ ကျိုးတိုးကျဲတဲနှင့် ကြမ်းပြင်ပေါ် ကျွန်မတို့ လှမ်းတက်လိုက်တော့ အိမ်က လှုပ်တုပ်လှုပ်တုပ် ဖြစ်သွားသည်။ အိမ်လေးက နှစ်ခန်း၊ ခေါင်းရင်းမှာပဲ ပြတင်းပေါက် တစ်ပေါက် ရှိသည်။ ပြတင်းပေါက် ဖွင့်ထားပေမင့် တစ်ဖက်က တဲကြောင့် အလင်းရောင် မလာပါ၊ မည်းမှောင်မှောင် ဖြစ်နေသည်။ ထရံများက တစ်ခါတုန်းက ရေနံသုတ်ထား၍ ညစ်ထေးထေး အရောင်။ တချို့နေရာ ဝါးခြမ်းလေးတွေ ကျိုးနေ၍ အပြင်ကို မြင်ရသည်။
“ဒါ ကိုယ်တို့အဖေ”
ကျွန်မ ထိုင်ဖို့ သတိမရ။ ကိုစိုးမောင် ညွှန်ပြနေသော ခေါင်းရင်းဘက်ကို ကြည့်လိုက်ပါသည်။ လိပ်တင်ထားသော ခြင်ထောင်မည်းမည်းအောက်မှာ ပက်လက်လှန်နေသော လူတစ်ယောက်။ ဂွမ်းစောင်ကလည်း အကွက်တွေ မှိန်နေပြီ။ မျက်စိမှိတ်နေသော လူနာမျက်နှာက အရိုးငေါငေါနှင့် ရှပ်အင်္ကျီကလည်း မည်းညစ်နေပြီ။ အသားက ညစ်ထေးထေး။
“ထိုင်လေ၊ အဖေက လေဖြတ်ထားတာ”
ကျွန်မက ခါးပန်းမှာ ထိုင်ကာ အိမ်တွင်းကို ကြည့်မိသည်။ အဘိုးကြီး အိပ်ရာနောက်မှာ ထရံကာထားသော အခန်းရှိသည်။
“ကိုစိုးမောင် အလုပ်သွားတော့၊ အဖေ့ကို ဘယ်သူကြည့်လဲ”
“အစ်ကို့မိန်းမ ရှိတယ်။ သူ ဘယ်သွားလဲမသိ။ သူတို့က နောက်ခန်းမှာ အိပ်တယ်။ အစ်ကိုက အဖေ့ခြေရင်းမှာ အိပ်တယ်”
အဘိုးကြီးက မပြတ်မသား အသံပြုလိုက်သည်။ အိပ်ခန်းထဲမှ အမျိုးသမီးတစ်ယောက် ထွက်လာသည်။
“စိုးမောင် ခြင်ထောင်ချလိုက်၊ အဖေ နောက်ဖေးသွားချင်ပြီ ထင်တယ်”
အမျိုးသမီးက ပြောလိုက်၏။
ကိုစိုးမောင်က ခြင်ထောင် ချလိုက်သည်။ အမျိုးသမီးက ခြင်ထောင်ထဲ ဝင်သွားပါသည်။ ရိနွမ်း မည်းတူးနေသော ခြင်ထောင်ပါးပါးလေးထဲမှာ အဘိုးကြီးကို ထူ၍ နောက်ဖေးတည်နေသည်ကို ကျွန်မ မြင်ရပါသည်။ အိပ်ရာဘေးက ကြမ်းပြင်အပေါက်မှာပဲ၊ အဘိုးကြီး နောက်ဖေးသွားသည်။ စူးစူးဝါးဝါး အညစ်အကြေးနံ့တွေ ထွက်လာသည်။ ပြီးတော့ ခြင်ထောင် တင်လိုက်သည်။ အိမ်အောက်မှာ ခွေးတစ်ကောင် တွေ့ရသည်။ မိလ္လာသိမ်းရန် ထင်ပါရဲ့။
“အစ်မ ကျွန်တော့်သူငယ်ချင်း ဘုရားလိုက်ပို့မလို့”
အစ်မ ဆိုသူသည် ကျွန်မကို လှမ်းကြည့်ရင်း ခေါင်းညိတ်ပြသည်။ ခေါင်းမှာ ကော်ဘီး ရှည်ရှည်ကြီးနှင့် ပတ်ထားသော ဆံပင်တွေက နီကြောင်ကြောင်နှင့် မျက်နှာကလည်း ကျောက်ရုပ်ကြီးလို တုံ့ပြန်မှု မရှိ။ သူ့ကို ကြည့်ရသည်မှာ ရယ်မောပျော်ရွှင်စွာ စကားပြောဖို့ အားမရှိသလို။ မျက်တွင်းဟောက်ပက်နှင့် လည်တံရှည်ကို ညိတ်ကာ ပြလိုက်သည်။ နှုတ်ဆက်ခြင်းသဘောပါပဲ။ ဝါးထရံတွေပတ်ဝန်းကျင်မှာတော့ ပင့်ကူမျှင်တွေ တွဲရရွဲ ဆိုင်းနေသည်။
“ယောက္ခမကို ဂရုစိုက်သားပဲနော်”
ကျွန်မက ပြောလိုက်၏။
“သွားမယ် အစ်မ၊ ကျွန်တော်တို့ နေပူတော့မယ်။ သွားစို့ မလေးခင်”
ကျွန်မတို့နှစ်ယောက် ရပ်ကွက်လမ်းကလေးကို ဖြတ်ကာ လမ်းမကြီးပေါ် ရောက်လာပါသည်။
“ကိုယ့်မရီးကလည်း ကောင်းကောင်း မမာဘူးလေ။ အဖေ့ကို ပြုစုနေတာပဲ ကျေးဇူးတင်ရသေး။ ဒါနဲ့ ဘုရားကိုပဲ သွားမှာလား။ ကန်တော်ကြီးတို့ ဘာတို့ မသွားချင်ဘူးလား”
ကိုစိုးမောင်က လမ်းလျှောက်ရင်း မေးပါသည်။
“မသွားချင်ဘူး။ ရွှေတိဂုံဘုရားပဲ သွားမယ်။ ကန်တော်ကြီးဆိုတာ ကောင်းတဲ့နေရာ မဟုတ်ဘူး။ မိန်းကလေးတွေအဖို့ အန္တရာယ်”
“ဘာ ... ခင်ဗျားက ဘယ်မှ မရောက်ဖူးသေးလည်း ဆိုရဲ့”
“ဟုတ်ကဲ့၊ ဒါပေမဲ့ ကျွန်မဖတ်ဖူးတဲ့ ဝတ္တုတွေထဲမှာလေ ကန်တော်ကြီးကြောင့် ဘဝပျက်ရတဲ့ မိန်းကလေးတွေဇာတ်လမ်း အများကြီး ဖတ်ရတယ်။ ဘုရားပဲ သွားမယ်။ ကျွန်မ စဉ်းစားနေတာက မမဟာ ဘာလို့ ကိုစိုးမောင်နဲ့ကျွန်မကို လည်ဖို့ ခွင့်ပြုတာလဲလို့”
“အေး ကိုယ်လည်း ဒါပဲ စဉ်းစားနေတယ်”
ကျွန်မတို့နှစ်ယောက် တိတ်ဆိတ်စွာ လမ်းဆက်လျှောက်ကြသည်။ အတော်ကြာမှ ဘတ်စ်ကားဂိတ် ရောက်သည်။ ဘတ်စ်ကားထဲမှာလည်း စကားမပြောဖြစ်။
ဘုရားရောက်တော့ တက်တက်ချင်း မုခ်မှာ ဘုရားရှိခိုးပါသည်။ ရွှေတိဂုံဘုရားကို မမအိမ် လာစဉ် အဝေးမှ လှမ်းမြော် ဖူးမိပါသည်။ ခုမှ အနီးကပ် အသေအချာ ဖူးရပါသည်။ ကိုစိုးမောင် ဘာတွေ ဆုတောင်းနေသည် မသိပါ။ ကျွန်မ ရင်ထဲမှာတော့ စိတ်တွေ မတည်ငြိမ်။ ဘာကိုလိုချင်လို့ ဆုတောင်းရမှန်းပင် မသိသလို ဖြစ်နေသည်။
“လာ ဘုရားကို ပတ်ရအောင်”
သူက ဘုရားကိုပတ်ရင်း မုခ်တစ်ခု ရောက်လျှင် ဒါက အရှေ့မုခ်၊ ဒါက တောင်မုခ်၊ ဒါက အနောက်မုခ် ဟူ၍ ပြောပြောသွားပါသည်။ မုခ်တစ်ခုနား ရောက်တော့ “အဲဒီက ဆင်းသွားရင် အာဇာနည်ကုန်း ရောက်တယ်” ဟု ပြောပါသည်။
ကျွန်မသည် ဇရပ်တစ်ခုဘေးရှိ ညောင်ပင်ကြီးကို ကြည့်လိုက်သည်။ အုပ်အုပ်ဆိုင်းဆိုင်းနှင့် ကြီးမားလှသည်။ အောက်မှာ ခုံတန်းတွေနှင့် လူတစ်ယောက် နှစ်ယောက် ထိုင်နေသည်။
“ဟို ညောင်ပင်ကြီးအောက် ခဏ နားရအောင် ကိုစိုးမောင်”
“ကောင်းသားပဲ”
ကျွန်မတို့နှစ်ယောက် ခုံတန်းပေါ် ထိုင်မိကြသည်။ စေတီတော်ကြီးကို ကြည့်ရင်း စိတ်ထဲမှာ ရင်ခုန်သံ မှန်လာသလို အမောပြေသွားသလို ဖြစ်လာသည်။ ညောင်ပင်ရိပ်က အေးမြ၍ လေအေးများက ကုန်းတော်ပေါ်ကို ဖြတ်သန်း တိုက်ခတ်သွားသည်။
“အေးချမ်းလိုက်တာနော် ... ဟိုမှာလည်း ခိုလေးတွေ”
ကျွန်မက အဝေးကို ညွှန်ပြမိ၏။
“မင်း ခွင့်ရတဲ့အခါတိုင်း ကိုယ် လာခေါ်ရမလား၊ မမကတော့ မင်း ဘယ်မှမသွားရလို့ ကိုယ်အားတဲ့အခါ လာခေါ် ပါလားတဲ့”
ကိုစိုးမောင် စကားကြောင့် ကျွန်မမျက်လုံးများ သူ့ဆီ ရောက်သွားသည်။
“ရှင် ဘယ်လိုထင်လဲ၊ ကျွန်မကတော့ စဉ်းစားလို့ မရဘူး”
“ဘာကိုလဲ”
“ကျွန်မကို ရှင်နဲ့ ထွက်လည်ဖို့ ခွင့်ပြုတာလေ”
ကိုစိုးမောင်က ခေါင်းငုံ့၍ ခဏကြာ တွေးနေသည်။
“သူပြောတာကို ကိုယ်ပြောပြမယ်လေ ... မင်းစဉ်းစားကြည့်”
သူက ကျွန်မကို မကြည့်၊ အဝေးကို မျှော်၍ ဆက်စကားပြောသည်။
“ကိုယ့်ကို မမက ပြောတယ်၊ မောင်စိုးမောင်ဟာ အလုပ်လည်း ကျေပွန်တယ်၊ ရိုးသားပုံလည်း ရတယ်တဲ့၊ ဒီအိမ်မှာ လေးခင်က ဘယ်မှ မသွားရဘူး၊ ဘကြီးဖြိုးလည်း လိုက်ပို့ဖို့ မအားဘူး။ ဒီတော့ မင်း မလေးခင်ကို အားတဲ့ခါ လာခေါ်ပါတဲ့။ သူပြောတာကတော့ ဒါပါပဲ ...။ ကိုယ့်မှာလည်းလေ အလုပ်အားချိန် ရေလည်း ထမ်းရသေး၊ အဖေ့ကိုလည်း ပြုစုရ၊ တို့အိမ်ကို မင်းမြင်တဲ့ အတိုင်းပဲ၊ အမောပြေစရာ မရှိဘူး၊ အခု မင်းနဲ့ ထွက်လည်ရတာ ပျော်စရာ ကောင်းပါတယ်၊ မင်းကော မပျော်ဘူးလား”
“ပိုပြီးတော့ မပျော်ပါဘူး၊ ရွှေတိဂုံဘုရားကြီး ဖူးရတာတော့ ကြည်နူးမိတယ်။ ဒီလိုလေ ကျွန်မနေရတဲ့ မမတို့အိမ်က သိပ်သာယာတယ်၊ မမကလည်း အိမ်မှာ မရှိတာ များတယ်၊ ကိုယ့်ကို လွှမ်းမိုးနေတဲ့လူ မရှိတော့ စိတ်မကျဉ်းကျပ်ဘူး၊ သန့်ရှင်းရေးလုပ် အဝတ်လျှော်ပြီးတော့ အားချိန် စာဖတ်၊ အိမ်ထဲမှာ အေးချမ်းတော့ အပြင် ပျော်စရာ မရှာချင်ပါဘူး”
“မင်းက စာဖတ် ဝါသနာပါတယ်လား”
“ပါတယ် ...၊ ကိုကိုပါကလည်း စာအုပ်တွေ ယူလာပြီး လေးခင်ကို လက်ဆောင်ပေးတယ်”
“ကိုကိုပါ ဆိုတာ ...”
“မမရဲ့ ချစ်သူ ထင်တယ်။ သူက လူချော၊ ထောင်ထောင်မောင်းမောင်းနဲ့ သိပ်ကျက်သရေရှိတာပဲ။ မမကလည်း ချောတယ်၊ ကိုကိုပါက နည်းနည်းငယ်တာပဲ ရှိပါတယ်”
သူ့ပါးစပ်လေး အဟောင်းသားနှင့် နားထောင်နေပါသည်။ တစ်ခုခု ပြောချင်သလို ဟန်ပြင်ရင်း ဘာမှမပြောဘဲ ငြိမ်နေသည်။
“အဖေနဲ့ နေရကတည်းက ကျွန်မက အိမ်မှာ ပျော်တယ်။ ကျွန်မတို့တဲက မန်ကျည်းပင်အောက်မှာ။ ယာခင်းရယ်၊ ရေတွင်းရယ်။ ရေသယ်လိုက်၊ အဖေနဲ့ကူ ဂေါ်ဖီတို့ မုန်ညှင်းတို့ မြောင်းတွေ ရေလောင်းပြီး နေမကောင်းတဲ့ အမေ့ကို ရေနွေးနဲ့ ရေချိုးပေး၊ အားရင် ဘူးစင်အောက်မှာထိုင် စာဖတ်၊ လေတအားတိုက်တာပဲ။ အိမ်သာကလည်း ဝေးတယ်၊ အနံ့အသက် ကင်းပြီး လေကောင်းလေသန့် ရတယ်။ ညနေကျ အခင်းထဲဆင်း ဟင်းသီးဟင်းရွက်တွေ ခူးပြီး မြို့က ဈေးသည်တွေ ဖောက်သည်ပေး၊ ညကျ ဆရာဌေးအောင်ကျောင်း တက်၊ သိပ်ပျော်တာပဲ။ လုပ်နိုင်ဖို့ ကိုယ်မှာ အင်အားနဲ့ လုပ်ချင်တဲ့စိတ်က ပါတယ်။ ရေတွင်းဘေးမှာ ကျွန်မ အဝတ်လျှော်ရတာကို သိပ်စိတ်ချမ်းသာတယ်။ အဒေါ့်ဆီ ပြောင်းတော့ ရေက တအားရှား၊ အားကိုးစရာလည်း မရှိ။ အဖေတို့ အမေတို့ သေတော့ အဒေါ်နဲ့ အတူတူနေရတာ ကျဉ်းကျပ်လိုက်တာ။ သူတို့ဘက် တာကြီးပိုင်းက မြို့နဲ့နီး၊ သစ်ပင်မရှိ ဘာမရှိ လွင်တီးခေါင်၊ တဲအိမ်တွေကလည်း ကျပ်ပြီးတော့၊ အနားက လက်ဖက်ရည်ဆိုင်မှာ လူပေါင်းစုံနဲ့ ကက်ဆက်သံက ဆူ။ အို... ကျွန်မ နည်းနည်းမှမနေချင်ဘူး၊ ထွက်ပြေးချင်တယ်၊ အရောင်းအဝယ်လုပ်နေရတုန်းက အိမ်မှာနေတဲ့ရက် နည်းလို့ ဒီလောက် စိတ်မညစ်ဘူး၊ အရောင်းအဝယ် မလုပ်ဘဲ အိမ်ထဲ နေတော့မှ စိတ်ညစ်လိုက်တာ။ လက်ဖက်ရည်ဆိုင်က ဆေးကြောသမျှ အညစ်အကြေးကလည်း ကျွန်မတို့ခေါင်းရင်းမှာ ချဉ်နံ့ပေါက်လို့၊ ကျွန်မလေ အနံ့တွေ မကောင်းရင် အော်ဂလီဆန် တတ်တယ်၊ အခု မမအိမ်က အစစ အဆင်ပြေပါတယ်၊ မမအိမ်က ခွာမသွားချင်ဘူး”
“မင်း ... အရောင်းအဝယ် လုပ်သေးတယ်လား”
ကျွန်မ သူ့မေးခွန်းကြောင့် ထိတ်လန့်သွားသလို ဖြစ်သွားသည်။ အမှန်ကတော့ သူ့မေးခွန်းက ထူးခြားသောမေးခွန်း မဟုတ်ပါ။ ကျွန်မရင်ထဲမှာသာ ခံစားမှုကြောင့် လှုပ်ရှားရပါသည်။
“ဟုတ်တယ် ... အရောင်အဝယ် လုပ်ခဲ့ဖူးတဲ့အကြောင်းကို မမတို့ကို မပြောပြခဲ့ဖူးဘူး။ လိုလည်း မလိုအပ်ဘူးလို့ ထင်တယ်လေ။ ရှင့်ကိုတော့ ပြောပြမှာပေါ့၊ ကျွန်မအကြောင်းကို မသိရင် ခုထွက်လာတဲ့ ကိစ္စမှာပေါ့။ အမှန်တော့ မမက ကျွန်မအုပ်ထိန်းသူအနေနဲ့ ရှင်နဲ့ အပြင်ထွက်လည်ခွင့်ပေးလို့ ကျွန်မ လိုက်လာတာ၊ ကျွန်မကို ဒီလိုပဲ ယောက်ျားတွေနဲ့ တွဲလည်နေကျလို့ ရှင် အထင်သေးကောင်း သေးနိုင်တယ်”
“ဟင့်အင်း ... မင်းကို ကိုယ် ဒီလိုမထင်ပါဘူး။ မင်းကို ပြောခဲ့ပါပကော၊ ကိုယ့်ဘဝမှာလည်း ခုလို သွားရတဲ့အချိန်လေးပဲ ကိုယ့်မှာ ပျော်စရာရှိတယ်လို့”
“ဟုတ်ပါပြီ၊ အထင်မသေးဘူးဆိုရင် ကျေနပ်ပါတယ်။ ကျွန်မတို့ဘဝက သူများအထင်သေးခံရဖို့ သိပ်လွယ်တယ်လေ၊ ကိုယ့်မှာ နောက်ခံအင်အား ဘာမှမရှိတဲ့သူတွေ။ ကျွန်မအကြောင်း သိထားရင်တော့ ရှင် အထင်မသေးတော့ဘူး ထင်တယ်”
“ဘယ်အကြောင်းကိုလဲ”
“ယောက်ျားတွေကို အော်ဂလီဆန်တဲ့အကြောင်း”
“ဘာဗျ ...”
“ယောက်ျားတွေနဲ့ သွားလာနေဖို့ သာယာလိမ့်မယ် မထင်ပါနဲ့လို့ ပြောချင်တာ ...”
ကျွန်မပြောစကားကြောင့် သူ့မျက်နှာက မျှော်လင့်ချက်ကုန်သွားဟန် ညှိုးငယ်သွားသည်။
“ကိုယ် ဘယ်လိုမှ မင်းကိုအထင်မသေးဘူးဆိုတာ ထပ်ပြောပါရစေ”
“နားထောင်ပါဦးလေ၊ ကျွန်မအကြောင်းကို နားထောင်ပြီးမှ ဆုံးဖြတ်ပါ။ အဖေက အရင် ဆုံးတယ်လေ။ အဖေဆုံးတော့ အမေ့ရောဂါကလည်း ပိုသည်း၊ ကျွန်မက အဖေ့လောက် ယာခင်းမှာ အလုပ်မလုပ်နိုင်ဘူး။ အမေ နောက်ထပ်ဆုံးတော့ အမေ့ဆေးဖိုး ကြွေးတစ်ပုံနဲ့ ကျွန်မတို့ခြံလေးကိုရောင်း၊ ကြွေးဆပ်။ ပိုတာလေးကို ကျွန်မ ကုန်ကူးတယ်။ နေတာကတော့ အဒေါ့်အိမ် လိုက်နေတာပေါ့။ အဒေါ်တို့အနားက တာကြီးပိုင်ဈေးမှာလည်း အထည်ရောင်းတဲ့ ဆိုင်ငယ်လေးတွေ ရှိတယ်။ မြို့ထဲမှာလည်း ဆိုင်ကြီးတွေ ရှိတယ်။ ဒါပေမဲ့ လမ်းဘေးဈေးဆိုင်ငယ်လေးတွေက မိန်းကလေးတွေက ကျွန်မနဲ့ ဆက်သွယ်တယ်။ ကျွန်မက သူတို့မှာတာတွေ ရန်ကုန် သွားဝယ်၊ အရင်း ကိုယ်က စိုက်ရပေမဲ့ မဆိုးပါဘူး။ သူတို့ကလည်း မြို့က ဆိုင်ကြီးတွေကတစ်ဆင့် ယူရတာ ဈေးကြီးတော့ ကျွန်မကိုပဲ မှာတယ်။ အရောင်းအဝယ်ကောင်းတယ် ဆိုရမှာပေါ့လေ။ အထည်နဲ့ အလှကုန်ပစ္စည်းတချို့ပေါ့။ ဒီတုန်းကာ အသက် ၂၀ တောင် မပြည့်သေးဘူး။ ဒေါ်အုံးကြီး ဆိုတဲ့ မိန်းမကြီးနဲ့ ရန်ကုန်အတူသွား ဈေးဝယ်ရတယ်။ နောက်ပိုင်းတော့ ကျွန်မဘာသာ သွားတတ်သွားတယ်”
“မင်းက ဘယ်မြို့မှာလဲ”
“ကျွန်မမြို့နာမည်ကို မပြောချင်ဘူး။ ရေလမ်းက မြို့၊ သင်္ဘောကို ညဘက်စီးပြီး ရန်ကုန် လာရတယ်။ တစ်ညခရီး ဆိုပါတော့။ သင်္ဘောကလည်း တအားကျပ်တာပဲ။ တစ်ည ကျွန်မ အောက်ထပ်မှာပဲ နေရာရတယ်။ ညသန်းခေါင်လောက်ကျတော့ အိမ်သာ ထသွားတယ်။ ဒီအချိန်မှာ မီးတွေလည်း မှိန်နေတယ်လေ။ ခရီးသည်တွေလည်း အိပ်မောကျနေတယ်။ ကျွန်မကလည်း သတိမထားမိဘူး။ အိမ်သာခန်းတစ်ခုထဲ အဝင်မှာ အထဲရောက်မှ တံခါးက ချက်မရှိဘူး။ အိမ်သာထဲမှာလည်း မီးမရှိဘူး။ ကျွန်မ လက်တစ်ဖက်နဲ့ ကိုင်ပြီး သွားနေတုန်း၊ ဝုန်းဆို အပြင်က အားနဲ့ ဆွဲဖွင့်လိုက်တာ ကျွန်မလည်း လန့်သွားတယ်။
ကျွန်မက ရုတ်တရက် မတ်တတ်ရပ်တော့ လူတစ်ယောက် အင်္ကျီ မပါ၊ ပုဆိုးပဲ ဝတ်ထားတယ်။ ကျွန်မကို တအားဖက်တာပဲ။ ကျွန်မကလည်း အတင်းရုန်း၊ ငယ်သံပါအောင် အော်တာ။ သူ့ကို အတင်း တွန်းဖယ်တယ်။ တံခါးက ပွင့်သွားရမှာ မပွင့်ဘူး။ အပြင်က တစ်ယောက်ယောက် တံခါးဝကို ပိတ်ထားပုံရတယ်။ ကျွန်မတော့ အပျိုရည် အပျက်မခံနိုင်ဘူး။ အားရှိသမျှ ဒီလူ့မျက်လုံးကို ကုတ်ဖဲ့၊ ရင်ဘတ်ကို ဒူးနဲ့ဆောင့်၊ အော်လိုက်တာလည်း မပြောနဲ့။ သူက ကျွန်မပါးစပ်ကို ပိတ်တော့လည်း ကျွန်မက တအားကိုက်တာပဲ။ လက်တစ်ဖက်က အတင်းပဲ ဖက်ထားတယ်။ နောက်တော့ တံခါးကြီး ပွင့်အသွား သူလည်း အရှိန်နဲ့ အပြင်ဘက် လဲကျသွားတယ်။
အပြင်မှာ လူနှစ်ယောက် သတ်ပုတ်နေတာ တွေ့ရတယ်။ ကျွန်မအော်သံနဲ့ ခရီးသည်တချို့ နိုးလာတော့ ကျွန်မနဲ့ နပန်းလုံးတဲ့လူလည်း ဘယ်ရောက်သွားလဲ မသိဘူး။ အပြင်ဘက်လူတော့ မိတယ်။ သူတို့က တစ်ယောက်က အိမ်သာခန်းထဲဝင် တစ်ယောက်က အပြင်က တံခါးကိုပိတ်စောင့်၊ တစ်ယောက်တစ်လှည့် မတရားကြံဖို့ပေါ့။ ကျွန်မအသံ ကြားတဲ့ တစ်ဖက်အိမ်သာခန်းက ခရီးသည်က ချက်ချင်း အပေါက်ဝက ပိတ်စောင့်သူကို ဆွဲထိုးလို့ တံခါးပွင့်သွားတာ နို့မို့ရင် ကျွန်မဘဝ ဆုံးရော။
သင်္ဘောဟာ ခုတ်မောင်းနေတုန်း ရေသံ စက်သံနဲ့ ဆူနေတာ။ ဒါကြောင့် ကျွန်မအော်သံကို ဘေးက မကြားရတာ။ ပြီးတော့ တံခါးကလည်း ပိတ်ထားသေးတာ။ ဟိုခရီးသည်နဲ့ အပြင်က အပေါက်စောင့် သတ်ကြ ပုတ်ကြတာရော တစ်သင်္ဘောလုံးလည်း နိုးပြီး ကျွက်ကျွက်ညံသွားတယ်။ ကျွန်မက သင်္ဘောစာရေးကို တိုင်ပြီး ရန်ကုန်လည်း ရောက်ရော ချက်ချင်း ရေကြောင်းသွားလာရေးအဖွဲ့ကို တိုင်တယ်။ အဖွဲ့ကလည်း အရေးယူပါတယ်။ ဒီလူနှစ်ယောက်က သင်္ဘောအလုပ်သမားတွေ။ အမှုပြီးတော့ သူတို့ အလုပ်ပြုတ်သွားတယ်။ ကျွန်မ သိပ်ရှက်ပါတယ်။ ဒီလို ရင်ဆိုင်ခဲ့ရပြီးတဲ့နောက်ပိုင်း နောက်ဆက်တွဲအဖြစ်ကလည်း ရင်နာစရာ”
“ဘာဖြစ်လို့လဲ”
ကိုစိုးမောင်က မေး၏။
“အမှုဖွင့် စစ်လား ဆေးလား လုပ်ကတည်းက အလုပ်သမားတွေကလည်း သူတို့ဘက်က လွတ် ပြီးရော ထွက်တာပေါ့။ သူတို့ထွက်ဆိုချက်က ကျွန်မက သင်္ဘောပေါ်မှာ သွားနေကျ ကုန်သည်။ အလျဉ်းသင့်ရင် ပိုက်ဆံရှာသတဲ့”
ကျွန်မ ပြောရင်း မျက်ရည်တွေ ဝဲလာသည်။
“ကျွန်မ မှန်ရက်နဲ့ အမှုမှာ အရှုံးမခံနိုင်တော့ ရှေ့နေတွေ ဘာတွေ ငှား ရင်ဆိုင်ရတာ။ ငွေလည်း သိပ်ကုန်တာပဲ။ တော်ပါသေး၊ ဆရာ ကိုဌေးအောင်ရယ် ကျွန်မငယ်စဉ်ကတည်းက အကျင့်စာရိတ္တ ရိုးသားဖြောင့်မတ်တာ သက်သေခံတယ်။ ပြီးတော့ ကျွန်မအော်သံ ကြားလို့ ဖက်လုံးတဲ့ ခရီးသည် အစစ်ခံချက်ကြောင့် ကျွန်မ အလိုမတူဘူး ဆိုတာ ထင်ရှားလို့ ကျွန်မ နိုင်တာ။ ဒါပေမဲ့လည်း ဒီအမှုက မြို့မှာ ကျော်ကြားသွားတော့ တချို့မြို့က လူတွေက ကျွန်မ အပျိုရည်ပျက်သွားပြီအနေနဲ့ မထီလေးစား ဆက်ဆံတယ်။ ပိုပြီး ရင်နာစရာကောင်းတာက အဒေါ်က ပြဿနာရှာတဲ့မိန်းမတဲ့။ အရောင်းအဝယ် မလုပ်ရတော့ဘူး”
“အဲဒါနဲ့ ယောက်ျားတွေကို အော်ဂလီဆန်သွားရောလား”
သူကလည်း သူသိလိုသည်ကို ဖြတ်မေးပါသည်။
“ဒီလိုပါလေ။ ကျွန်မ ဒီတုန်းက အသက်နှစ်ဆယ် မပြည့်သေးဘူး။ ယောက်ျားဆိုတာ မတွေ့ဖူးပါဘူး။ အချစ် ဆိုတာကိုလည်း စာအုပ်ထဲကသာ ဖတ်ဖူးတာ။ ကျွန်မစိတ်တွေ အင်မတန် သန့်ရှင်းပါတယ်။ အဲ.. အဲဒီအချိန် ပထမဦးဆုံး အတွေ့မှာ ယောက်ျားတစ်ယောက်ကို သူရဲမရဲစီးသလို အဖြစ်နဲ့ တွေ့ရတော့ ကျွန်မ သိပ်ကြောက်သွားတယ်။ ပြီးတော့ အဲဒီ အိမ်သာခန်းထဲ ဝင်လာတဲ့ လူရဲ့ပါးစပ်က အရက်နံ့ကလည်း ချဉ်စုတ်စုတ် ကိုယ်တုံးလုံးနဲ့ လူကို ကိုက်ဖဲ့သတ်ရတော့ ချွဲကျိကျိနဲ့ ချွေးတွေစို့နေတဲ့ အသားတွေ၊ အမလေး အော်ဂလီဆန်စရာကြီး။ အဲဒီကတည်းက ကျွန်မလေ ပိုပြီးတော့ ရွံတတ်တယ်။ ပြီးတော့ ယောက်ျားတွေကို အော်ဂလီဆန်တဲ့ရောဂါ စွဲသွားတာပဲ”
ကျွန်မက မျက်နှာမသက်မသာနှင့် ရှုံ့မဲ့ကာ ကျွန်မ ခံစားရသလို ပြောလိုက်တော့ ကိုစိုးမောင်မျက်နှာလည်း ရှုံ့မဲ့သွားပါသည်။ သူလည်း သက်ပြင်းချလိုက်၏။ ကျွန်မအဖြစ်ကို ကြားရ၍ ကျွန်မပေါ် မသတီသွား၍လား၊ ဒါမှမဟုတ် သူပါ ဒီလူတွေကို အော်ဂလီဆန်သွားသလား မသိပါ။
“အန္တရာယ်များလိုက်တာနော်” ဟူ၍ ပြောသော သူ့အသံမှာတော့ စာနာစိတ် ပါလာသည်ဟု ကျွန်မ ထင်ပါသည်။ ကျွန်မကတော့ ပြောလက်စ စကားကို ဆက်ပြောပါသည်။
“ဘဝကံ ဆိုတာ ရှိတယ်လေ။ ကံနည်းလို့ ဆင်းရဲရတာ မကြောက်ပါဘူး။ အဝတ်အစုတ် ဝတ်ရရုံပေါ့။ တဲစုတ်နဲ့လည်း နေဖို့သတ္တိ ရှိပါတယ်။ နေလည်း နေခဲ့ရပါတယ်။ ညစ်ပတ်၊ နံစော်တဲ့ အယုတ်တမာ ဇာတ်လမ်းတွေဟာ ဆင်းရဲတာထက် ဆိုးတဲ့ပြဿနာပဲ၊ တော်ပါသေး၊ ဘုရားတန်ခိုးပဲ၊ ကျွန်မ ရေနံဆီသံပုံး နှစ်ပုံးနဲ့ ရေလောင်းနေကျ အင်အားကြောင့် ဒီလူကို ဖက်သတ်နိုင်တာ။ သာမန်မိန်းကလေး ပျော့ပျော့ဆို သွားပြီ၊ ဘဝ အဆုံးပဲ။ ဒါပေမဲ့ မြို့ပေါ်မှာ ဒီသတင်းက ပြန့်သွားတယ်”
ကျွန်မက သက်ပြင်းချလိုက်ပါသည်။
“အဒေါ်က ရှက်လို့ ကျွန်မကို ပြဿနာကောင်မ တဲ့။ အိမ်မှာတောင် မထားချင်ဘူးတဲ့။ နောက်ဆုံး သူ့ဆေးလိပ်ခုံပိုင်ရှင် အန်တီဝင်းကို အကူအညီတောင်းတာနဲ့ အန်တီဝင်းက မမဆီ ပို့လိုက်တာ”
“မမဆီမှာ အန္တရာယ်ကင်းပါတယ်လေ”
သူက ကျွန်မကို ကြည့်ရင်း ပြောသည်။
“ပြီးတော့လည်း ကိုယ်နဲ့ ဒီလို သွားလာလို့ကတော့ မင်းမှာ အန္တရာယ်မရှိပါဘူး။ နောက်အပတ်တော့ ဟုတ်ဘူးလေ။ တစ်ပတ်ခြားလောက် ကိုယ်လာခေါ်မယ်။ မင်း လိုက်နိုင်မလား”
ကျွန်မ သူ့အမေးကို မဖြေပါ။ ဘာကြောင့် လိုက်ရမှာလဲ။ ခုတစ်ခါတောင် မမက အမိန့်အနေနှင့် ပြော၍ ကျွန်မ လိုက်လာခြင်း ဖြစ်ပါသည်။
“ရှင်ကတော့ ခင်စရာ ကောင်းပါတယ်။ ဒါပေမဲ့လေ ကျွန်မရင်ထဲမှာ သင်္ဘောပေါ်က ညအိမ်သာက သိပ်ချောက်ချားနေတယ်၊ ပြီးတော့ အရက်နံ့ ချဉ်စုတ်စုတ် ချွေးနဲ့ ချွဲကျိကျိ။ အမလေး၊ ယောက်ျားဆိုတာကို ပုံဖော်ရင် အဲဒီလို တွေးမိပြီး ရင်တုန်လိုက်တာ”
ကျွန်မက ထပ်တလဲလဲ ပြောမိသည်။
“အရက်နံ့ မနံတဲ့ ယောက်ျားတွေလည်း ရှိပါတယ်လေ”
သူက အေးဆေးစွာ ပြန်ပြော၏။
“ကျွန်မတို့ ပြန်ကြရအောင်”
ဒါပဲ ပြောကာ ကျွန်မက အရင် ထလိုက်ပါသည်။
“တစ်ပတ်ခြားပေါ့နော်။ ကိုယ်လာခဲ့မယ်”
* * *
(၆)
ကိုစိုးမောင်နှင့် တွေ့ပြီး နောက်တစ်ပတ် တနင်္ဂနွေ။
မမက နိုင်ငံခြားသား ဧည့်သည်များကို နေ့လယ်စာ ကျွေးစရာရှိ၍ ဘကြီးဖြိုးနှင့် ၁၂ နာရီထဲက အပြင်ထွက်သွားပါသည်။ ကျွန်မနှင့်ဒေါ်မုံး ထမင်းစားနေတုန်း ကိုကိုပါ ရောက်လာသည်။
“မမရယ်၊ နေ့လယ်စာ ကျွေးစရာရှိလို့ ထွက်သွားတယ်။ အပါ လာမှာ မသိဘူး ထင်တယ်။ ကြိုပြီး ဖုန်းဆက်ရောပေါ့”
ဒေါ်မုံးက ပြောပါသည်။
“ချိန်းမထားဘူး ဒေါ်မုံး၊ ကိစ္စ မရှိပါဘူး”
“ထမင်းစားမလား”
“စားပြီးပြီ။ သစ်သီးစုံ ရှိလား။ မလေး ဧည့်ခန်းကို ယူလာ၊ မလေးနဲ့ စကားပြောရတာပေါ့”
ကိုကိုပါ ပြောပြီး ဧည့်ခန်းထဲ ဝင်သွားသည်။ ကျွန်မက ဘာမှမပြောဘဲ ဒေါ်မုံးမျက်နှာကို ကြည့်နေမိသည်။ သူ့မျက်နှာက ညိုမှောင်သွားသလို ချက်ချင်း ပြောင်းလဲသွားသည်။ မီးဖိုဘက် လှည့်ထွက်သွားကာ ရေခဲသေတ္တာဖွင့်၍ သစ်သီးစုံနှင့် နို့တစ်ပန်းကန် ပြင်ပေးပါသည်။ ကျွန်မက ဗန်းပေါ်တင်ကာ ဧည့်ခန်းကို ယူသွားပါသည်။
“ထိုင် မလေး ...၊ ထမင်းစားပြီးပလား”
“ပြီးပါပြီ”
“အေးအေးဆေးဆေး စကားပြောရတာပေါ့။ ကိုကိုပါ ပေးတဲ့ စာအုပ်တွေ ဖတ်ပြီးပလား”
ကျွန်မသည် ခပ်လှမ်းလှမ်း ဆိုဖာတစ်ခုပေါ် ထိုင်ရင်း ရင်ထဲမှာ လှုပ်ရှားနေသည်။
“အကုန်မပြီးသေးပါဘူး”
“အေး.. အေး... ပြီးခဲ့တဲ့တနင်္ဂနွေကလည်း မောင်စိုးမောင်နဲ့ လျှောက်လည်တယ်ဆို၊ မမက ပြောတယ်”
“ဟုတ်ပါတယ်”
“မမက အားကြီး အလိုက်သိတတ်တယ်။ မလေး ပျင်းနေမှာစိုးလို့ အပြင် အလည်ခိုင်းတာ”
“ဟုတ်ကဲ့”
“ဝတ္ထုတွေထဲမှာပေါ့။ မလေး အစုံ ဖတ်ဖူးမှာပေါ့။ ယောက်ျားလေးတွေနဲ့ မိန်းကလေးတွေ လည်ကြ ပတ်ကြတာ”
ကျွန်မ ဘာပြန်ဖြေရမှန်း မသိပါ။
“တကယ့်လက်တွေ့ကျတော့ အန္တရာယ်သိပ်များတယ်နော်”
“ဟုတ်ပါလိမ့်မယ်။ ကျွန်မကတော့ အဖေ့ခြံမှာလို လသာရင် သီချင်းအော်ဆိုချင်တာပါပဲ။ နေ့ဖြစ်ဖြစ် ညဖြစ်ဖြစ် မသမာတဲ့လူ ဆိုရင် မိန်းကလေးတွေအတွက် အန္တရာယ်ပါပဲ”
“ဟုတ်ပါတယ်။ မောင်စိုးမောင်ကလည်း လူကောင်းလေးပါ။ မင်းကို အန္တရာယ်မပေးမှာမို့ မမကလည်း အတူသွားခွင့်ပြုတာပေါ့”
ကျွန်မ ဘာဆက်ပြောရမှန်း မသိပါ။ သူပြောတာကိုပဲ နားထောင်နေပါသည်။ သူ လမ်း ၄၀ မှာ နေသည့်အကြောင်း၊ အောက်ထပ်က ပုံနှိပ်စက်၊ အပေါ်ထပ်မှာ သူနေ၍ စာအုပ်ထုတ်ဝေကြောင်း၊ စာအုပ်ဆိုင်ကိုလည်း အမျိုးတစ်ယောက်ကို မဟာဗန္ဓုလပန်းခြံလမ်းမှာ ဖွင့်ပေးထားသည့်အကြောင်းတွေကို ပြောပြနေသည်။
“မြို့ထဲ တိုက်ခန်းတွေ ဆိုတော့ အသက်ရှူမဝပါဘူး။ ကိုယ်တော့ ညနေကျမှ ပန်းဆိုးတန်းဘက် လျှောက်ပြီး၊ ကမ်းနားတံတားမှာ သွား သွား ထိုင်ရတယ်။ မမဆီလာလည်း မတွေ့ရတာ များတယ်။ တကယ်တော့ ဒီအိမ်ကြီးက သိပ် ကျယ်ဝန်းတာပဲ။ ကိုကိုပါတို့ တိုက်ခန်းတွေနဲ့ တခြားစီ။ ခြံကလည်းကျယ်၊ မြက်ခင်းနဲ့ ပန်းတွေ ပနံသိပ်ရတာပဲ။ မမက အဲဒီခြံနဲ့ တိုက်ကို တစ်နေကုန် ပစ်ပြီး မြို့ထဲက သူ့ကုမ္ပဏီကို သွားနေရတယ်။ တနင်္ဂနွေတောင် မအားရဘူး။ ဒီချမ်းငြိမ်း အေးချမ်းတဲ့အလှတွေ၊ အရသာတွေ သူ့မှာ မခံစားရဘူး။ လူတွေဘဝ သိပ်ဆန်းကြယ်တာပဲနော်၊ ဟော ဒေါ်မုံး”
ဒေါ်မုံး အခန်းဝ ရောက်သည်ကို ကိုကိုပါ မြင်ပါသည်။ ကျွန်မက ကျောခိုင်းနေ၍ မမြင်လိုက်ပါ။
“လာလေဗျာ ... ခင်ဗျားတို့မမအကြောင်း ပြောနေရတာ။ တနင်္ဂနွေနေ့လေးတောင် မအားရှာဘူး”
“ဟုတ်ကဲ့၊ နိုင်ငံခြားသားတွေ ထမင်းကျွေးစရာရှိလို့ပါ”
“ရှိတာနဲ့ပဲ ဒီနေ့ညစာ ကျွန်တော် ဒီမှာ စားမယ်။ မမနဲ့ တွေ့ပြီးမှ ပြန်တော့မယ်။ ကဲ မလေး ရေနွေးကြမ်းနဲ့ လက်ဖက်သုပ်လုပ်၊ အပြင်ကို ယူခဲ့၊ တို့ စားရအောင်”
သူက ပြောပြောဆိုဆို ဧည့်ခန်းမ၏ဘေးဘက် တံခါးမကြီးမှ ကျောက်သားများ ခင်းထားသော ဝရန်တာကို ထွက်သွားပါသည်။
ကျွန်မမှာ ဒေါ်မုံး အကူအညီနှင့် လက်ဖက်သုပ်၊ ရေနွေးကြမ်းတွေ လုပ်နေရပေမဲ့ ဒေါ်မုံး၏မျက်နှာထား အမူအရာကို မကြိုက်လှပါ။ နှစ်မြို့ဟန်မရှိသလို ဖြစ်နေသည်။ ကျွန်မကိုလား ကိုကိုပါကိုလား၊ သို့တည်းမဟုတ် ကျွန်မတို့ နှစ်ယောက် အတူထိုင် စကားပြောနေခြင်းကိုလား၊ မတတ်နိုင်ပါ၊ တစ်နေ့သောအခါ ဤအိမ်ကြီး၏အရှင်သခင် ဖြစ်လာမည့် ကိုကိုပါ ခိုင်းသည့် အတိုင်း လုပ်ရမည်။ လက်ဖက်သုပ်နှင့် ရေနွေးကြမ်း ထည့်ထားသော ဗန်းကို ဧည့်ခန်း ဝရန်တာ ရှိရာသို့ ယူသွားရပါသည်။
ကြိမ်စားပွဲပေါ်မှာ ဗန်းကို ချလိုက်ပါသည်။
“ဒီမှာထိုင်”
ကိုကိုပါက ကြိမ်ကုလားထိုင်ကို လက်ညှိုး ညွှန်ပြလိုက်ပါသည်။
“အေးချမ်းလိုက်တာနော်”
ကိုကိုပါက အဝေးရှိ ပန်းခြံများကို လှမ်းမျှော်ကြည့်ရင်း ပြောသည်။ ကျွန်မကို ဘာကြောင့်များ အနား ထိုင်ခိုင်းထားမှန်း မသိ။ ကျွန်မကတော့ ထသွားချင်လှပြီ။ ရေနွေးကရားမှ ရေနွေးများကို ကြွေပန်းကန်ထဲ ကျွန်မ ထည့်လိုက်၏။
“ကိုကိုပါ သောက်ပါ”
“အေး.. အေး.. ဟုတ်ပါရဲ့၊ လက်ဖက် အရင်စားဦးမယ်”
သူသည် လက်ဖက်ပန်းကန်ကို ယူ၍ စားလိုက်၏။
“တကယ်တော့ ဒီတိုက်ရော ခြံရော ခုခေတ်ဈေးနဲ့ သိန်းတစ်ရာလောက် တန်တာ။ ကိုယ့်ပုံနှိပ်စက်ရော တိုက်ခန်းရော ရောင်းတောင် ဒီငွေရမှာ မဟုတ်ဘူး၊ ခြံနဲ့ ဝင်းနဲ့ နေချင်ရင် မလေး ပြောပြောနေတဲ့ မလေးတို့အဖေခြံလိုဟာမျိုး ဝယ်နေမှ ထင်ပါရဲ့။ ကိုယ်ကလည်း အလုပ်ရှိလို့သာ နေရတာ။ မြို့ထဲတိုက်ခန်း မနေချင်ဘူး”
“ဟင် ကျွန်မတို့ခြံက သစ်ပင်စိုက်စားရတာ ကိုကိုပါ။ အလုပ်တိုက် ဖွင့်လို့မှ မရတာ”
“အေးပေါ့၊ ဒါကြောင့် ပျော်ရာ မနေရ တော်ရာ နေရမယ် ပြောတာ”
သူက အေးအေးဆေးဆေး စားလိုက်၊ ရေနွေးသောက်လိုက်နှင့် အေးဆေးနေပုံ ရပါသည်။ သူ့စကားထဲမှာ တစ်နေ့သောအခါ မမနှင့် လက်ထပ်ပြီး ဒီအိမ်ကြီးကို ပိုင်ဆိုင်လာသူ တစ်ယောက်အနေနှင့် တွေးခေါ် မျှော်မှန်းချက်တွေ လုံးဝမပါ။ မမနှင့် သူ့အခြေအနေ ဘယ်လိုပါလိမ့်။
“စန္ဒရားတစ်လုံး ဝယ်ပြီး မမကို အတီးသင်ခိုင်းဦးမှ”
ရေနွေးပန်းကန်ကို ကိုင်ကာ သူ ဆက်ပြောနေသည်။
“မမတစ်ယောက်ကလည်း အိုရမှာ သိပ်ကြောက်၊ အလုပ်မှာ သိပ်လောဘတက်ရင် မြန်မြန် အိုလွယ်တယ်။ သူကလည်း သူ့အလှကို သိပ်ထိန်းချင်တာပဲ။ အလှထိန်းချင်ရင် စိတ်ကို ထိန်းရမှာကွ”
ကဲ ... သူ့စကားကို သူ စိတ်ဝင်စားစွာ ပြောနေပြန်သလို။
“ဟုတ်တယ်မို့လား မလေး”
“အလုပ်ကို နားနားနေနေလုပ်၊ အားလပ်ချိန် စန္ဒရားလေး ဘာလေးတီး၊ စိတ်ကို လျော့လျော့ထား၊ ဒါမှ လူလည်း လန်းဆတ်နေမှာ။ မမက သူ့ရုပ်ကို ထိန်းဖို့ ပြင်လိုက်ရတာ၊ စိတ်ကို ထိန်းဖို့တော့ သတိမရဘူး”
“ကိုကိုပါ အကြံဥာဏ်ပေးရင် မမက လိုက်နာမှာပါ”
သူက လက်ဖက်စားရာမှ မျက်လုံးကို ပြူးလိုက်၏။ ပြီးတော့ ရယ်ပါသည်။
“မရပါဘူးကွယ်၊ မင်းတို့မမ သိပ်ခေါင်းမာတာ၊ အလုပ်တွေ အောင်မြင်နေချိန် ကိုယ်ရောစိတ်ပါ မြှုပ်ထားတာ လောဘဇောဟာ သူ့ခန္ဓာကိုယ်အလှကို မြန်မြန် ကျွမ်းလောင်သွားမှာ။ ရုပ်ခန္ဓာအလှ ဆိုတာ ဒီလိုပဲ ... မမြဲဘူး။ မမကလည်း အလှကိုမက်။ အေးပေါ့လေ မြတ်စွာဘုရားတောင် ခေမာမိဖုရားကို အနုနည်းနဲ့ ချွတ်ရတယ်”
သူ့ပြောစကားတွေကို ကျွန်မ စိတ်ဝင်စားစွာ နားထောင်နေပါသည်။
“မြတ်စွာဘုရားဆိုတော့လည်း သတ္တဝါစရိုက်ကို သိတယ်။ ဘယ်တော့မှ ကြမ်းကြမ်းတမ်းတမ်းနည်းလမ်း မသုံးဘူး။ ခေမာမိဖုရားဟာ အလှမှာ မာန်တက်လွန်းတော့ အလှရော၊ အလှတည်ရာ ရုပ်ဝတ္ထုရော မမြဲပုံကို ပြချင်တော့ အလှနဲ့ပဲ ပြတယ်။ ခေမာမိဖုရားထက်လှတဲ့ အမျိုးသမီးပုံကို မိဖုရားရှေ့မှာ ဖန်ဆင်းပြလိုက်တယ်။ ခေမာက သိပ်ပြီး ဒီအလှမှာ စိတ်ဝင်စားနေတုန်း တဖြည်းဖြည်းနဲ့ ရင့်ရော်အိုမင်းသွားပုံကို နောက်ဆုံး အရိုးခေါက်ခက်နဲ့ ပုံပျက် လဲကျ သေသွားတဲ့အထိ ပြလိုက်တယ်။ ဒီတော့ ခေမာ ...”
“အရိုးရုပ်ကို ပြဖို့ မလိုပါဘူး အပါရယ် ...”
ခန်းဆီးကြားမှ မမအသံနှင့်အတူ ကိုယ်လုံးပါ ထွက်လာတော့ ကျွန်မမျက်လုံးတွေ ပြာသွားပါသည်။ ကိုကိုပါကို ကြည့်သော မျက်လုံးက ချိုမြ ဝင်းလက်နေသလောက် ကျွန်မကို ကြည့်လိုက်သောအကြည့်မှာ ခါးသီး စူးရှလှသည်။ ချက်ချင်းပင် ထ၍ သူတို့ရှေ့မှာ ကိုယ်ကို ညွှတ်ကာ ကျွန်မ ဧည့်ခန်းထဲသို့ ဝင်သွားမိပါသည်။ မမတို့ စကားပြော ကျန်ရစ်သည်။
ဒီညစာ ကိုကိုပါ ဒီအိမ်မှာ စားမှာ ဆိုတော့ ကျွန်မ ဒေါ်မုံးနှင့်အတူ ပြင်ဆင်ပေးလိုက်ပါသည်။ ကိုကိုပါ ညည့်နက်မှ ပြန်သွားပါသည်။
ကျွန်မ အိပ်ရာပေါ် မောလျစွာ ခွေလှဲလိုက်ပါသည်။ ဘာကြောင့်မှန်း မသိ။ ရင်တွေ ခုန်လွန်းလို့ အိပ်မပျော်။ နောက် တနင်္ဂနွေ သူလာလျှင် လိုက်ရကောင်းမည်လား။ ထိုနေ့ည ကျွန်မ ကောင်းကောင်း အိပ်မရ။ ကိုကိုပါ စကားသံတွေ ကြားနေရသည်။ ပြီးတော့ မမမျက်လုံးတွေ မြင်ယောင်လာသည်။
* * *
(၇)
“ကဲ ... အဝတ်အစားတွေ သိမ်းတော့”
ကျွန်မ အံ့အားသင့်နေပါသည်။ အလုပ်ပြီး နေ့လယ်နားနေချိန် ဒေါ်မုံးက အခန်းထဲ ဝင်လာကာ ပြောနေခြင်းဖြစ်သည်။
“မမက သူပေးထားတာတွေ ယူနိုင်တယ်တဲ့။ ကိုဖြိုး သင်္ဘောဆိပ်ကို လိုက်ပို့လိမ့်မယ်။ ဗန္ဓကသင်္ဘောမှာ လက်မှတ်ယူထားတယ်။ ညည်း ဒီည ပြန်ရမယ်”
ကျွန်မ အဓိပ္ပါယ်ကို ရုတ်တရက် နားမလည်ပါ။ ကြောင်ငေးငေး ဖြစ်နေမိသည်။ ကျွန်မ သွားရမည်ပေါ့။ ဒီအိမ်မှာ နေဖို့ မလိုတော့ပြီပဲ။ အခြေအနေက ရုတ်တရက် အပြောင်းမြန်လိုက်တာ။
“ဒီအိမ်မှာ အလုပ်မလုပ်တဲ့နောက် ဒီအိမ်က ပေးတဲ့ပစ္စည်းတွေ ကျွန်မ မယူသင့်ပါဘူး။ ဒေါ်မုံး မမဟာ သိပ်ရက်ရောပါတယ်”
“အေးပေါ့။ မမ သိပ်ရက်ရောတတ်တာကို မင်း သတိပြုမိသားပဲ။ ဒါပေမဲ့ သူက အချစ်မှာတော့ မရက်ရောနိုင်ဘူးလေ”
သူ ဒါပဲပြောကာ လှည့်ထွက်သွားသည်။ သူပြောလိုက်သော စကားလုံးများက ကျွန်မ ဤအိမ်ကြီးမှ ထွက်သွားရခြင်းအကြောင်းရင်းပင် ဖြစ်ပါသည်။ ကျွန်မ သေတ္တာလေးကို ယူလိုက်ပါသည်။ သေတ္တာထဲမှာ ကျွန်မ ပါလာသော အဝတ်နှစ်စုံ၊ ပြီးတော့ အဖေဆုံးတော့ အဖေ့ခြင်ထောင်၊ ဘေးသားတွေ စုတ်၍ အမိုးကို ကိုက်ဖြတ်ချုပ်ထားကာ အိပ်ရာခင်းအဖြစ် ကျွန်မ အသုံးပြုရန် သိမ်းထားသော ပိတ်စအဖြူလေး၊ မမ ချုပ်ပေးသော အဝတ်နှစ်စုံကို အိပ်ရာခင်းပေါ် တင်ထားလိုက်သည်။
မမ တစ်စုံတစ်ခုတော့ ကျွန်မကို ပြောဖို့ သင့်ပါသည်။ ဒီတော့ ကျွန်မ၏ရှင်းလင်းပြောပြချက်တွေကို မမ နားထောင်နိုင်မည်။ ခုတော့လည်း ကျွန်မမှာ ဘာမှ ပြောပြခွင့်မရှိ။ သူ့ဘဏ္ဍာကို ကျွန်မ ရည်ရွယ်ရင်းမရှိကြောင်း ပြောချင်ပါသည်။ ကျွန်မ ရောက်စက ဒေါ်မုံးက ကျွန်မကို ပေါတောတော ကောင်မလေးဟု မှတ်ချက်ချခဲ့ပါသည်။ ယခုကိစ္စမှာ ကျွန်မဘက် ဒေါ်မုံးက အချစ်မှာ အတွေ့အကြုံမရှိသေးသော ပေါတောတောတစ်ယောက်ပါလို့ ရှေ့နေ မလိုက်တော့ဘူးလား။ အချစ်ကိစ္စမှာ ကျွန်မ အတွေ့အကြုံ မရှိသေးတာကို မမ မသိသေးဘူး ထင်ပါသည်။ ဟုတ်ပါသည်။ စာအုပ်မျိုးစုံက ကောင်မလေး ကောင်လေးတွေ အချစ်ကိစ္စကို ဖတ်ဖူးရုံကလွဲလို့ ကျွန်မမှာ အချစ်အတွေ့အကြုံ မရှိသေးပါ။ ပြီးတော့ ကျွန်မက မမလောက်လည်း မလှပါဘူး။ ကျွန်မ မလှပါဘူးဆိုတာ မမ တကယ်သဘောပေါက်ရင် မမ သဘောထားတွေကော ပျော့ပျောင်းသွားမလား။ ကျွန်မအလှကို မမနှင့် ယှဉ်ကြည့်ပါဦး။
ကျွန်မမျက်လုံးတွေဟာ ဝင်းမှောင် ရွှန်းလဲ့မနေပါဘူး။ မမလို မျက်တောင်ကလည်း မကော့၊ သေးသွယ်ရှည်လျားတဲ့ မျက်ခုံးမွေးအောက်မှ မမမျက်ခွံရောင်က ခရမ်းတွေ ပြာလဲ့လဲ့ နီထွေးထွေး သုံးပန်လှပန်းလိုပါပဲ။ ကျွန်မရဲ့ စုတ်ဖွားဖွား မျက်ခုံးမွေးတွေနဲ့ မျက်လုံးပြူးကြောင်ကြောင်ကို ကိုကိုပါက စိတ်ဝင်စားမတဲ့လား။ ကိုကိုပါ မပြောနဲ့၊ ကိုစိုးမောင်တောင် ကျွန်မကို ဟိုတနင်္ဂနွေက နှစ်ယောက်တည်းတွေ့ချိန် ဘာစကားမှ မပြောခဲ့ပါဘူး။ ကျွန်မကို အချစ်အကြောင်းပြောဖို့ စိတ်မဝင်စားဘူး ထင်ပါရဲ့။ ရေသယ်ထားတဲ့ ကျွန်မလက်ဖဝါးတွေကလည်း တုတ်တုတ်ခိုင်ခိုင်နဲ့ ကြမ်းတမ်းပါတယ် မမရယ်။ လောကအတွေ့အကြုံရော၊ စီးပွါးရေးအရှာအဖွေမှာရော မမ အစစ သာလွန်နေတာပါ။ ကျွန်မက အသက်ငယ်တာပဲ ရှိပါတယ်။ ငယ်ဂုဏ်တစ်ခုတည်းနဲ့ မမကို ကျော်လွန်ပြီး ကိုကိုပါ ကျွန်မကို စိတ်ဝင်စားမယ်လို့ မမ ထင်တာဟာ သံသယစောလွန်းပါတယ်။
အဖေ့ခြံထဲနေတုန်းက ရေလောင်းပြီး ရွှံ့ဗွက်တွေပေနေတဲ့ ခြေထောက်တုတ်ခိုင်ခိုင်တွေကို ရေဆေးထားသလို ကျွန်မစိတ်တွေဟာ ဖြူစင်သန့်ရှင်းနေဆဲပါ။
အဖေ့ယာခင်းမှာ နေခဲ့သော ညများအကြောင်းကိုလည်း မမကို ပြောပြချင်ပါသည်။
ညမှာ အဖေ့ယာခင်းက တိတ်ဆိတ်သည်။ ပရစ်သံလောက်သာ ကြားရသည်။ လျှပ်စစ်မီးရောင်မရှိသော အမှောင်ထဲမှာ လရောင်ဝိုးတဝါးသာ လင်းနေချိန်၊ နက်မှောင်နေသော ကောင်းကင်၏ဆံပင်မှာ လက ဆင်စွယ်ဘီး အကွေးလေးလို ချိတ်နေတတ်သည်။ ကျွန်မ ထိန်ထိန်သာသော လရောင်ကို မကြိုက်၊ ဝိုတဝါးလင်းသော အရောင်နှင့် စိန်ပန်းခိုင်လို တဖိတ်ဖိတ် တောက်ပနေသော ကြယ်တွေ လင်းလက်နေချိန်မှာ ကျွန်မ မန်ကျည်းပင်ရိပ်က ကွပ်ပျစ်မှာ ငေးမောနေတတ်ပါသည်။ ကျွန်မ၏စိတ် ကြည်လင်ဖြူစင်နေသောအချိန်ပါ။ ကျွန်မ ညများကို ဒီလိုပဲ ကုန်လွန်ခဲ့ပါသည်။
သင်္ဘောပေါ်မှာ ညတစ်ည၏အဖြစ်က ကျွန်မကို စိတ်ရောဂါသည် ဖြစ်စေပါသည်။ ဤဆိုးဝါးညစ်ပတ်သော မသမာသူတွေအကျင့်ကို အချစ်နှင့် ရောနှောတွေးတောမိကာ ယောက်ျားတစ်ယောက်ကို ချစ်ရမည်ဆိုတိုင်း ပက်ကျိတွေ၊ မျှော့တွေ၊ မြွေတွေကို ကိုင်မိသလို ကြက်သီးထမိသည်။ ရင်တုန်အောင် ကြောက်လန့်မိသည်ပါ။
ဒါဟာ အချစ်မဟုတ်လို့ ဘယ်သူက ရှင်းလင်းပြောပြမှာလဲ၊ မမအိမ်ကြီးကို ရောက်လာတော့ တွေ့ရသော သူစိမ်းယောက်ျားနှစ်ယောက်လုံး ကိုကိုပါရော ကိုစိုးမောင်ပါ အချစ်အကြောင်း တစ်လုံးတစ်ပါဒမှ မပြောခဲ့သေးဖူးပါ ဆိုတာကို မမယုံအောင် ပြောပြချင်ပါသည်။ အခွင့်အရေးက မရ၊ ရှင်းလင်းတင်ပြခွင့်လေးသာ ပေးလိုက်လျှင် မမမှာ အကောင်းတွေ စင်းလုံးချော ပြည့်စုံသွားမှာပါ။ ကျွန်မအပေါ် အစစကောင်းခဲ့သည့် မမ၏စေတနာကို စိတ်ကူးနှင့် ပြစ်မှားဖို့ နေနေသာသာ ကိုယ့်ရောဂါနှင့်ကိုယ် အချစ်ဆိုတာကို ယုတ်မာစုတ်ပဲ့ခြင်းလို့ ထင်နေသူပါ။ ဒီအကြောင်းတွေကို ရှင်းလင်းတင်ပြခွင့် ရလျှင် မမ ယုံမှာပါ။ တကယ်လည်း ယုံကြည်စေချင်ပါတယ်။ မမ ရှင်းလင်းခွင့် ဘာလို့ မပေးတာလဲ။ ကျောက်ကောင်းဆိုတာ အနာလေးတစ်ခုတော့ ပါမှာပေါ့လေ။ မမကို ခွင့်လွှတ်ပါသည်။ ကျွန်မတောင် အားလုံးကို စွန့်လွှတ်နိုင်သည် ဆိုပေမဲ့ အခုမှာတော့ စွဲလမ်းမှု ပါခဲ့သည်ပဲ။ အဒေါ်ကို ပြောခဲ့ဖူးသည်။ “အစားမှာ ဖြစ်သလို စားမယ်။ ငါးပိရည်နဲ့ပဲ စားရ စားရ၊ အဝတ်လည်း တစ်စုံပဲ ရှိရှိ အစုတ်နဲ့ပဲ နေရ နေရ၊ အိမ်ဆိုလည်း တဲနဲ့ပဲ နေရပါစေ။ နေနိုင်ပါတယ်။ မတပ်မက်ပါဘူး။ အိပ်ရာခင်း ဖြူဖြူလေး တစ်ခုကိုတော့ တပ်မက်ပါရစေ” ဟု ကျွန်မ ပြောခဲ့ပါသည်။
မမလည်း ဒီလိုပဲပေါ့။ အိမ်စေတွေအပေါ်မှာ အခွင့်အရေး အပြည့်အစုံ ပေးပါသည်။ လိုက်လျောပါသည်။ သန့်ရှင်းသပ်ရပ်စွာ ကျွန်မတို့ နေရပါသည်။ ကျွန်မအတွက်လည်း သင့်တော်သူ အိမ်ထောင်ဖက် ဟူ၍ ရည်စူး၍ ကိုစိုးမောင်နှင့် ရင်းနှီးအောင် အခွင့်အရေး ဖန်တီးပေးသားပဲ။ ကျွန်မအပေါ် မမ အလွန်ကောင်းခဲ့သည် ဆိုရမည်။ မမနှင့်တွေ့သောနေ့က ရင်းရင်းနှီးနှီး သီချင်းတောင်ဆိုပြခဲ့ရသော ပျော်ရွှင်ဖွယ်အခွင့်အရေး မမ ပေးခဲ့သည်ကို သတိရဆဲပါ။ ခုလည်း သီချင်းဆိုခွင့်ပေးရင် “သံသယ မစောပါနဲ့၊ ကျွန်မက မချောပါဘူး” ဆိုတဲ့ သီချင်းလေးကို ဆိုပြချင်ပါတယ် မမ။
ကိုစိုးမောင်ကလည်း ကျွန်မ သင်္ဘောပေါ်မှာ တွေ့ဖူးသော ချောကျိကျိ ချဉ်စုတ်စုတ် လူမျိုး၊ အရက်နံ့လှိုင်သော လူမျိုးတော့ မဟုတ်ဘူး ဆိုတာ ကျွန်မ သိပါသည်။ သူ့မှာလည်းလေ ကျွန်မကို တစ်ခုခု ပြောပြချင်နေသည်ကို ဟိုတွေ့ခဲ့သော တနင်္ဂနွေတုန်းက သူ့မျက်လုံးထဲမှာ ကျွန်မ တွေ့လိုက်ပါသည်။ ပြောလိုက်လျှင်လည်း ကောင်းမှာပါ။ တကယ်ဆို နောက်တနင်္ဂနွေနေ့အထိ စောင့်လိုက်လျှင် ကျွန်မနှင့် ကိုစိုးမောင် အခြေအနေက ပြောင်းလဲကောင်း ပြောင်းလဲ လာမှာပါ။ ဒါပေမဲ့ တစ်ပတ်အတွင်း ဒေါ်မုံးထံမှ ရရှိသော သတင်းအချက်အလက်တွေအရ စောစီးစွာ အရေးယူခြင်းပဲလား။ ကျွန်မနှင့်ကိုကိုပါ အစားအတူစား၍ စကားပြောတိုင်း ဒေါ်မုံး၏ မျက်နှာအမူအရာက ကျွန်မ၏လာလတ္တံ့သော အနာဂတ်အတွက် နိမိတ်ပြသည်ကို ကျွန်မ ဂရုမထားမိခြင်းပင်။
မမသည် အစစ အလိုက်သိတတ်သလို၊ အကင်းလည်း ပါးသည်။ ကျွန်မပေါ် လိုက်လျောမှုတွေ ရှိခဲ့သလို ‘ချ’စရာ ရှိတော့လည်း လက်ဦးမှုကို အရယူလိုက်ပါပြီ။
ကျွန်မ ဘာတတ်နိုင်ပါမည်နည်း။ သူအကွက်ဆင်ထားသလို ကျွန်မနှင့်ကိုစိုးမောင် ဝင်လာဖို့က အချိန်ပေးဦးမှပေါ့။ ဒါက ကျွန်မအတွေး။
သူ့ဘက်ကလည်း တွေးစရာ၊ သူပေးထားသောအချိန်အတွင်း ကျွန်မအခြေအနေက သူ့ပြိုင်ဘက်အဖြစ် ပြောင်းလဲသွားနိုင်သည်။ ရန်သူသည် အချိန်မရွေး ထိုးဖောက်ဝင်ရောက်ကာ သူ့နယ်မြေကို သိမ်းပိုက်နိုင်သည်။ ကိုကိုပါကလည်း ဘာကြောင့်များ လာတိုင်း ကျွန်မနှင့်သာ စကားလက်ဆုံ ပြောချင်ပါသနည်း။ မမ ပြန်လာတိုင်းလိုလို ကျွန်မနှင့် ကိုကိုပါ လမ်းအတူလျှောက်လျက် ခြံထဲမှာ တွေ့ရတာကိုက သူ့စိတ်ကို သံသယပွားစေမှာပါပဲ။ နောက်ဆုံး မမကိုယ်တိုင်တွေ့သော ကိုကိုပါ စကားပြောချိန်မှာ သူ ဘယ်တုန်းက ခန်းဆီးနောက်ကွယ်မှာ ရောက်နေသလဲမသိ။
သူ့အလှမှာ တပ်မက်မောပုံကို ကိုကိုပါ ပြောခဲ့သည်။ သူ့ထက်ငယ်သူ ကိုကိုပါကို ဆွဲဆောင်နိုင်ဖို့ သူ့မှာ အလှနှင့်ဓန ရှိဖို့လိုသည်ဟု သူ ယူဆသည်။ သူ့အလှ၊ ဓနစွမ်းအားနှင့် ကိုကိုပါကို သိမ်းသွင်းမိပြီဟု သူခိုင်မာစွာ ယူဆချိန်မှာ ကိုကိုပါစကားလုံးများက သူ့ယူဆချက်ကို ဖြိုခွဲလိုက်ပါသည်။
ဒီတော့ ကိုကိုပါကို သိမ်းပိုက်နိုင်ဖို့လမ်းကြောင်းမှာ ကျွန်မကို ပြိုင်ဘက်ဟု ယူဆချက်ဖြင့် အပြတ်ရှင်းခြင်းအတွက် သူ့သေနင်္ဂဗျူဟာသည် မှန်ပါသည်။ သူလုပ်သင့်သည်ကို လုပ်ခြင်းပဲ။
ကျွန်မသာ ဘယ်ကို ပြန်ရပါ့၊ အဒေါ့်ဆီကိုလည်း မပြန်ချင်။ ကိုစိုးမောင်အိမ်ကို သွားရရင်ကော ... ။
ခက်သားလား၊ သူ့အိမ်ရောက်ရင် ကျွန်မက သူ့အဖေ ခြင်ထောင်တွေ၊ စောင် အိပ်ရာခင်းတွေကို ရေနှင့် ဆပ်ပြာများများရောကာ၊ အိုးထဲမှာ ထည့်ပြုတ်ပစ်လိုက်ချင်သည်။ ဖြစ်နိုင်လျှင် အဘိုးကြီးကိုလည်း ပေါင်းအိုးထဲ ထည့်ပေါင်းပြီး ကြေးတွေ ချွတ်တိုက်ပေးချင်သည်။ ဒါပေမဲ့ အဝတ်လျှော်ဖို့ ကျွန်မ သုံးချင်သလောက် ရေ ကိုစိုးမောင် ခပ်ပေးနိုင်ပါဦးမှ။
ပြီးတော့ ခွေးသိမ်း မိလ္လာစနစ်ကို မကြိုက်လေတော့ အဘိုးကြီး အောက်က ပျဉ်ချပ်ကို ပိတ်ရမည်။ အိမ်ကိုလည်း ၆ ပေလောက် မြင့်မြင့် ပြင်ဆောက်ဦးမှ၊ လေကောင်းကောင်း ရအောင် ပြတင်းပေါက်လည်း များများ ဖောက်ရဦးမည်။ မမအိမ်မှာ အနေကြာလေတော့ မမရဲ့ အရိပ်အာဝါသမှာ သာယာမိနေပြီလေ။ ဒီတော့လည်း သူ့အိမ်အစုတ်ပလုတ်လေးမှာ ကျွန်မ ဘယ်လိုနေရပါ့။
အို ... သူ့အိမ်မှာ သွားကျယ်လို့ သူ့အစ်ကို လင်မယားကလည်း ရှိသေး။ ပြီးတော့ ကိုစိုးမောင်က တစ်ပတ်ခြား တွေ့ချင်တယ်လို့သာ ပြောသေးတာ၊ တစ်စုံတစ်ရာ ဖွင့်ပြောသေးတာ မဟုတ်။ ဪ ... ဘာမှ မရေရာပါလား။ ဒါပေမဲ့ လာမည့်တနင်္ဂနွေမှာ ကိုစိုးမောင် ကျွန်မကို လာခေါ်ပါက၊ ဒီလို တွေးမိတော့လည်း ကျွန်မနှလုံးသားက နာကျင်သား ...။
ကိုကိုပါများ တကယ်လို့ စိတ်ကူးရပြီး တာကြီးပိုင်း ကျွန်မတို့အနားက ခြံတစ်ခုခုကိုများ လာဝယ်လျှင် ...။
---------
#ခင်နှင်းယု
စံပယ်ဖြူ၊ မတ်၊ ၁၉၉၀။
0 Comments