ဗညားရှိန်း - ခင်နှင်းယု အပိုင်း (၂၂)

#ဗညားရှိန်း

အပိုင်း(၂၂)

နိုင်ငံခြားကို ထွက်သွားသောအခါ ဝဏ္ဏရှိန်း မလိုက်ဖြစ်ပါ။ ခေါင်းကို ထိခိုက်သော ဒဏ်ရာက မူးမူးနေ၍ ဝဏ္ဏရှိန်း အိမ်မှာ နားနေဖို့ ဆရာဝန်က အကြံဉာဏ်ပေး၍ နေရစ်ခဲ့ရသည်။

သူဇာကတော့ ဆေးတိုက်မှာ ဖြူပြာနှင့်အတူ ရုံးအဖွဲ့မှာ ဝင်လုပ်သည်ဟု အေးကို ပြောထားကာ မှန်မှန် အလုပ်ဆင်းသည်။ မီးဖိုကို ကွပ်ကဲသောအလုပ်မှာ သူ ပျော်ပါသည်။ ကဖြည်းဖြည်းနှင့်တော့ ရင်ထဲမှ ဝေဒနာကို ကုစား၍ရလာသည်။ ပျောက်ကင်းသွားသည်တော့ မဟုတ်ပါ။ အားလပ်ချိန်များတွင် မလေးနှင့် စကားပြောချိန် ပိုရလာသည်။ အလုပ်လုပ်ချိန်မှာ သွက်လက်ဖျတ်လတ်သလောက် အနားယူချိန်မှာ မလေးနုတစ်ယောက် အေးဆေးငြိမ်သက်စွာ တစ်ကိုယ်တည်းနေသည်ကို သူဇာက အံ့သြနေသည်။

ညဉ့်ဘက် ဂျူတီကျ၍ဖြစ်စေ၊ အရေးပေါ်လူနာ ခွဲစိတ်ရ၍ဖြစ်စေ မလေးနု နေ့လယ်ဘက် နားနေချိန်တွင် သူဇာသည် နို့များ၊ ဟောလစ်များ တစ်ခုခုဖျော်၍ မလေးနု ခုတင်ဘေးမှာ၊ စားပွဲမှာ ချထားတတ်သည်။ ယနေ့တော့ မလေးနု နိုးချိန်ကို သူစောင့်နေသည်။ 

မလေးနု နိုးလာလျှင် အံ့အားသင့်သွားသည်။ အိပ်ရာမှ ထထိုင်လိုက်ကာ မလေးနုက ပြောလိုက်သည်။

“အန်တီမလေးကို ဂရုစိုက်တာ ကျေးဇူးတင်ပါတယ်ကွယ်၊ ဒုက္ခမရှာပါနဲ့"

ကလေးငယ်တစ်ယောက်လို အပြစ်ကင်းစင်သော သူဇာကို ကြည့်ရင်း မလေးနုက ပြောသည်။

“နေ့ခင်းပိုင်း သူဇာ အားပေမယ့် အန်တီမလေးက မအားဘူး၊ ခုလို ညဂျူတီရှိချိန်မှာမှ နေ့ခင်း အန်တီမလေး နားချိန်တွေ့ရတာ၊ သူဇာ အလုပ်မများပါဘူး၊ အန်တီမလေးကိုကြည့်ပြီး တစ်ယောက်တည်း နေနေရတာ သူဇာ သနားလို့"

“မသနားပါနဲ့ကွယ်၊ အန်တီမလေးက ဒီလိုနေရတာ ရိုးနေပြီ၊ သိုက်သိုက်ဝန်းဝန်း လူများများနဲ့တောင် မနေတတ်သလိုပဲ၊ ဆေးတိုက်အလုပ်ကတော့ လူပေါင်းစုံနဲ့ ဆက်ဆံပြီး အေးအေးနေရတယ် မရှိပါဘူး၊ ခုလို နားချိန်မှာပဲ နေရတာ”

အန်တီမလေးကိုကြည့်ပြီး... 

“သူဇာက စိတ်ဖြေလို့ရလို့ပါ”

"အန်တီမလေးတောင် ချစ်သူသေဆုံးသွားပြီး ဒါလောက်ကြာကြာ တစ်ယောက်တည်းနေနိုင်သေးတာပဲ၊ သူဇာကရော ဘာလို့ မနေနိုင်ရမှာလဲလို့ စိတ်တင်းပြီး ဖြေရတယ်၊ တစ်ခါတစ်ခါတော့ ကိုကို့ကို သိပ်သတိရတယ်၊ သူဇာ့ကို တစ်ခါတည်း သစ်စိမ်းချိုး ချိုးသွားတာပဲ”

“ဒါတွေ မေ့လိုက်ပါတော့ သူဇာရယ်၊ မင်းကို ဘမောင်ချိန်က တကယ်ချစ်လို့မှ မဟုတ်တာ”

"သူဇာ တွေးတယ်လေ”

“ဘာတွေးတာလဲ”

"အန်ကီမလေးချစ်သူနဲ့ အန်တီမလေးက သိပ်ချစ်ကြတယ်၊ စေ့စပ်ပွဲလုပ်ပြီးမှ သေသွားရတော့ တစ်ယောက်နဲ့တစ်ယောက် အချစ်နဲ့ ခွဲခွာသွားကြရတာဆိုတော့ အန်တီမလေး ရင်မှာ မမေ့နိုင်အောင် တမြည့်မြည့်ဖြစ်နေမှာပေါ့၊ သူဇာကိုတော့ ကိုကိုက ရက်ရက်စက်စက် ကလဲ့စား ​ချေသွားတာ၊ အမုန်းနဲ့ ခွဲခွာတာ ဆို​တော့ သူဇာ ခံစားရတာက နာကြည်းခံခက် ဒေါသထွက်စရာပဲ”

"ဟုတ်ပါတယ်၊ ဒါပေမဲ့ သူဇာရယ်၊ ကိုယ့်မှာ အစွန်းအထင်းမှ မကျန်ရစ်တာ၊ တစ်နေ့နေ့ ကိုယ့်ကို သစ္စာရှိစွာနဲ့ မြတ်နိုးတဲ့သူ တစ်ယောက်ယောက် တွေ့လာဦးမှာပေါ့၊ အဲဒီအခါမှာ အလျင်စလိုတော့ မဆုံးဖြတ်နဲ့ပေါ့ "

"အန်တီမလေးရယ်၊ ခန္ဓာကိုယ်က မနွမ်းပေမယ့် သူဇာရဲ့ နှလုံးသားကတော့ နွမ်းခဲ့ပါပြီ၊ အန်တီမလေးလိုပဲ နမူနာထားရမှာပဲ၊ နို့သောက်လိုက်ဦး၊ အန်တီမလေး အားတဲ့အချိန်ကို သူဇာ နှောင့်ယှက်သလိုဖြစ်နေပြီ”

“ကိစ္စမရှိပါဘူး၊ အန်တီမလေး အားတဲ့အချိန်ဆို အချိန်မရွေး တွေ့နိုင်ပါတယ်၊ ဒါနဲ့ ဝဏ္ဏရှိန်းရော နေကောင်းလား"

မလေးနုက နို့သောက်ရင်း မေးလိုက်သည်။

“နေကောင်းပါတယ် အန်တီမလေး၊ လနဲ့ချီ နားတာပဲ” 

သူဇာက မလေးနု နို့သောက်သည်ကို စောင့်၍ ဖန်ခွက်ကို ယူကာ ထွက်သွားသည်။ သူ့ရင်ထဲမှာ မလေးနုနှင့် တွေ့ရသော အချိန်များတွင် စိတ်သက်သာရာရသလိုဖြစ်၍ ခဏခဏ အကြောင်းရှာ၍ သွားခြင်းဖြစ်သည်။ ယနေ့လည်း ဆေးတိုက်က ညနေအချိန်ကုန်၍ ပြန်သွားလည်း မလေးနုနှင့် စကားပြောခဲ့သည်ကို သတိရနေသည်။ ဖြူပြာရော သူဇာပါ ထမင်းစားပြီး ဝဏ္ဏရှိန်းအခန်းကို ဝင်သွားကြသည်။ ဝဏ္ဏရှိန်းအနားမှာ အေးက ထိုင်နေသည်။

ညီအစ်မနှစ်ယောက် ဝဏ္ဏရှိန်း၏တစ်ဖက်စီမှာ ထိုင်လိုက် “ယူကေကနေပြီး ဖေဖေ့ဆီက ဖုန်းလာတယ် မေမေ၊ ဝဏ္ဏ နေကောင်းရဲ့လားတဲ့”

သူဇာက ဝဏ္ဏကို ပြောလိုက်သည်။ အေးသည် စီးကရက်တစ်လိပ် ညှိသောက်ရင်း သားသမီးတွေ စကားပြောသည်ကို နားထောင်နေသည်။ ဝဏ္ဏရှိန်းက ပြုံးနေသည်။

"ဘာပြုံးတာလဲ”

ဖြူပြာက မေးလိုက်သည်။

"မြရည်ဦးနဲ့တွေ့တော့ ဝဏ္ဏကို ပြောတယ်၊ ဖေဖေဟာ သူ့ဆီမလာတာ ကြာပြီတဲ့"

ဝဏ္ဏက ဖြေလိုက်၏။

"ဘယ်လာတော့မလဲ။ ဟိုဆေးတိုက်မှာ ဟိုဟာမ ရှိနေတာကို၊ တမင် မြရည်ဦးဆီမှာ သားရှိနေတာ တွေ့အောင်လို့ မေမေက ပြောတာ၊ သူ့သားဟာ သူ့လိုပဲ မြရည်ဦးရဲ့ ထဘီကျွန်ဖြစ်နေတာ သူသိအောင်လို့”

အေးက ကောက်ကာငင်ကာ ဖြေလိုက်၍ ဖြူပြာရော သူဇာပါ အံ့အားသင့်သွားသည်။

"ဘယ်လိုပဲဖြစ်ဖြစ်ပေါ့ မေမေ၊ ဒီ စာရိတ္တမကောင်းတဲ့မိန်းမတွေဆီ ဖေ​ဖေ မသွားတော့ဘူးဆိုရင် ဝမ်းသာရမှာပေါ့၊ အဲဒီနေ့က ကျွန်တော်ကလည်း အရက်မူးမူးနဲ့ ဖေဖေ့ကို မချေမငံပြောမိလို့ ဖေဖေက လက်သီးနဲ့ထိုးတာ၊ သူ့မောင်ဆိုတဲ့လူကလည်း သူလွှတ်ချင်တဲ့လူနဲ့ မြရည်ဦးကို လွှတ်ပေးပြီး ခုမှ ဖေဖေ့ကို ငွေညှစ်ပေါက်ဆင်တော့ ဖေဖေက သိပ်စိတ်ဆိုးသွားတာ၊ သားကိုလည်း တော်တော်စိတ်ဆိုးတယ်ထင်တယ်၊ သားကလည်း အဲဒီနေ့က မြရည်ဦးဆီ သွားမိတာကိုး၊ နို့မို့ရင် ခုလောက်ဆို ဖေဖေနဲ့ အင်္ဂလန်ရောက်နေပြီ” 

"မှားမှန်းသိရင် နောင်ကို မသွားနဲ့ပေါ့၊ အရက်လည်း ​လျှော့သောက်တော့၊ ဖေဖေတောင် မသောက်တော့ဘူး”

ဖြူပြာက မောင်ကို ဆုံးမသည်။

“အန်တီမလေးနဲ့တွေ့မှ ဖေဖေက တော်တော် ​ခြေလှမ်း​ပြောင်းသွားတယ်နော်၊ အန်တီမလေးက ကိုယ့်ကိုလည်း သိပ်ဂရုစိုက်တယ်”

ဝဏ္ဏက ပြောလိုက်သည်။

“သူဇာ့ကိုလည်း ဂရုစိုက်တယ်၊ သူဇာလေ အားရင် သူနဲ့ စကားသွားပြောနေရတာ စိတ်ချမ်းသာတယ်၊ ဘာပဲပြောပြော အန်တီမလေးက သူ့ပတ်ဝန်းကျင်ကို ထိန်းနိုင်တယ်" 

“ဘာပြောတယ်”

အေးက မိုးချုန်းသံလို အော်လိုက်ရင်း ကတုန်ကယင်ဖြစ်လာသည်။ ဖြူပြာက သူဇာ့ကို လက်ကုတ်ရမှာ အလှမ်းက ဝေးနေသည်။ သူ မျက်စိမှိတ်ပြသည်ကိုလည်း သူဇာက မမြင်၊ အေး မျက်နှာတွေက ပြာလာသလိုပင် နှုတ်ခမ်းတွေလည်း တဆတ်ဆတ် တုန်လာသည်။

“ဟုတ်ပါတယ် ဟုတ်ပါတယ်၊ နင်တို့အမေလေးက ထိန်းတတ် သိမ်းတတ်ပါတယ်။ နင်တို့အဖေကိုလည်း ထိန်း၊ နင်တို့ကိုလည်း တစ်ယောက်ပြီးတစ်ယောက် သူ့ဘက်ပါအောင် သိမ်းသွင်းတာ ငါမသိဘူးမှတ်လို့၊ နင်တို့က ဒီကောင်မခြေလှမ်းကို အကောင်း ထင်နေတာ၊ မကြာဘူး၊ နင်တို့ အဖေရော ဆေးခန်းရော သူက အပိုင်စီးတော့မှာ သိရဲ့လား၊ သားတို့ သမီးတို့ အားလုံး အားလုံး မေမေ့အနားမှာ ဘယ်သူမှမရှိအောင် ဒီဆရာဝန်မ လုပ်နေတာ"

အေးသည် အော်ဟစ်ပြောနေရာမှ စကားဆက်မပြောနိုင်ဘဲ စီးကရက် လက်ထဲက လွတ်ကျသွားသည်။ အင့်ခနဲဖြစ်ကာ ထိုးအန်လိုက်၍ ဝဏ္ဏနှင့် ဖြူပြာ ဖက်ထားလိုက်ရသည်။ ပါးစပ်ထဲမှ သွေးများထွက်လာသည်။

“မေမေ… မေမေ သတိထားပါ၊ မိသူဇာကလည်း ဘာတွေပြောမှန်း မသိဘူး၊ သွား အန်တီသက်မာကို ဖုန်းဆက်"

ဖြူပြာက အမေကိုပွေ့ကာ ပြောလိုက်သည်။ သူဇာသည် ကြောက်အားလန့်အားနှင့် တယ်လီဖုန်းရှိရာ ပြေးတော့သည်။ အေး ပါးစပ်မှ သွေးများ အခဲလိုက် အန်ကျလာသည်။ သူဇာက အခန်းထဲ ပြန်ဝင်လာသည်။

“အန်တီသက်မာ ဆေးတိုက်ကနေ သူနာပြုကား လွှတ်လိုက်မယ်၊ အခု မေမေ့ကို ခေါ်ပြီး လာခဲ့ပါတဲ့၊ ဆေးရုံတင်မှ ဖြစ်မှာတဲ့” 

“ငါ မလိုက်ဘူး။ အဲဒီကောင်မဆေးခန်း ငါ မသွားဘူး၊ အိမ်မှာ အသေခံမယ်"

အေးက အားယူ ဖျစ်ညှစ် အော်နေသည်။

"မေမေ မောမယ်၊ စကားမပြောနဲ့၊ အန်တီသက်မာကို အကြောင်းကြားရုံကြားတာ၊ မေမေ့ကို ဆေးရုံကြီးတင်မှာ၊ ရှိန်းဆေးခန်းကို မခေါ်ဘူး၊ စိတ်ချ၊ သွား သူဇာ၊ ပြင်စရာရှိတာ ပြင်"

ဖြူပြာ သူဇာ့ကို ပြောလိုက်သည်။

ဝဏ္ဏရှိန်းက အမေကို ပွေ့ထားရင်းမှ ခေါင်းက မူးနောက်နောက်ဖြစ်လာသည်။ အေးသည် နောက်တစ်ချက် သွေးခဲတစ်ခု အန်ရင်း သတိလစ်သွားသည်။

ရှိန်းဆေးတိုက်မှ သူနာပြုကား ရောက်ရောက်ချင်း အေးကို တင်ကာ သူဇာနှင့်ဖြူပြာ လိုက်သွားကြသည်။ ဝဏ္ဏအနားမှာ ဦးပြူး၊ ဦးထွန်းတို့လင်မယား ထားခဲ့ရသည်။ 

အေးတို့သားအမိ ဆေးတိုက်ရောက်သောအခါ တင်သက်မာနှင့် မလေးနုသည် အဆင်သင့် သက်ဆိုင်ရာ ဆရာဝန်ကြီးနှင့် စောင့်နေကြသည်။ ဆရာဝန်ကြီးက စမ်းသပ်ကြည့်ပြီး စီးကရက်သောက်လွန်း၍ အသည်းခြောက်ရာမှ သွေးအန်သည်ဟု ပြောသည်။ အေးကို သတိရအောင်လုပ်ရင်းမှ သွေး ထပ်မံ မအန်အောင် ဆေးတစ်လုံးထိုးလိုက်သည်။ ချက်ချင်းပဲ သူနာပြုဆရာမလေးက ​သွေးတစ်ပုလင်း သွင်းလိုက်သည်။

တင်သက်မာနှင့် မလေးနုမှာ ဆရာဝန်ကြီးအနားတွင် ရှိ​နေသည်။ ဆရာဝန်ကြီးက မ​လေးနုကို တီးတိုး​ပြော​နေသည်။

"အခုလောလောဆယ် ငြိမ်ငြိမ်နေခိုင်းထားရမယ်၊ သွေးမအန်တော့မှ စမ်းသပ်မှုတွေ ဆက်လုပ်ရမယ်၊ ဓာတ်မှန်ရော အာထရာဆောင်းပါ ရိုက်မယ်၊ သူ့ခံနိုင်ရည်အပေါ်မှာ တည်ပြီး ရင်ထဲကြည့်မှန်ပြောင်းနဲ့လည်း စမ်းသပ်ကြည့်မယ်။ ပြီးတော့ အဖြေအားလုံး ရမှ ခွဲစိတ်သင့် ခွဲရမှာပဲ”

သူတို့ စကားပြောနေစဉ် လူနာက လူးလွန့်လာ၍ ဆရာဝန်ကြီးနှင့် မလေးနု အနားကပ်သွားသည်။ မလေးနုသည် တစ်ခါမှ အေး ဆိုသူကို မမြင်ဖူး၊ ယခုတစ်ခါ တွေ့ခြင်းပဲ။ မျက်နှာဝိုင်းဝိုင်း၊ နှာတံ မပေါ်တပေါ်၊ နှုတ်ခမ်းပါးနှင့် လူက ခပ်ဝဝပုပု၊ အသားက နဂိုဖြူရသည့်အထဲ သွေးအန်ထား၍ ဖြူဖျော့နေရာမှ အဝါဘက် သန်းနေသည်။ အေးသည် မျက်လုံးဖွင့်လိုက်ပေမယ့် မလေးနုတို့ကို မြင်ပုံမရ။ 

ဖြူပြာက အနားတိုးကပ်ကာ "မေမေ သတိရလာပြီနော်” ဟု ပြောလိုက်သည်။

"ဖြူပြာ အခု မေမေ ဘယ်ရောက်နေလဲ”

အေးအသံက အံ့ဩစရာ မာမာထန်ထန်ဖြစ်နေသည်။ ဆရာဝန်ကြီးကပါ အနားတိုးကပ်သွားလေသည်။ ဖြူပြာက အေးလက်ကို ကိုင်ရင်း “ဆေးရုံကြီးလေ၊ မေမေ ဆေးရုံကြီးရောက်နေတယ်၊ ဒီမှာ မေမေ့ကိုကုတဲ့ ဆရာဝန်ကြီး ဦးခင်မောင်လွင်”ဟု ပြောကာ သူဇာ့ကို မျက်ရိပ်ပြလိုက်သည်။ မလေးနုကတော့ ဖြူပြာ ဘာလို့ ဒီလိုပြောသည်ကို နားမလည်။ အေးသည် ငြိမ်မနေ။ ဆရာဝန်ကြီးဆိုသူကို ကြည့်ရင်း စကားပြောနေသည်။

“အေးကို ရှိန်းဆေးတိုက် မတင်ပါနဲ့၊ ဟို ဒေါက်တာမလေးနုကို မကြည့်ပါရစေနဲ့။ သူ့ဆေးကို မကုပါရစေနဲ့၊ ဖြူပြာ ဖြူပြာ”

"မေမေ ဖြူပြာ အနားမှာရှိတယ်”

"အဲဒီဟာမကို အကြောင်းမကြားနဲ့၊ မေမေ မကြည့်ချင်ဘူး၊ မိန်းမက ပျော့ပျော့ ပျော့ပျော့နဲ့ အပျော့ဆွဲ”

ဖြူပြာက မျက်စိမျက်နှာပျက်လာကာ အေးလက်ကို ဆုပ်ကိုင်ရင်း . . .

"သတိထားပါ မေမေ၊ အနားမှာ ဆရာဝန်ကြီး ဦးခင်မောင်လွင်လည်း ရှိပါတယ်”

"ငါ့လင်ကိုရော ငါ့သားသမီးတွေအားလုံး အားလုံး သူက အပိုင်စီးပြီး ငါ့ကို ငါ့ကို"

ဆက်မပြောနိုင်တော့ဘဲ အေး သတိလစ်သွားသည်။ ဆရာဝန်ကြီးက ပျာပျာသလဲ သူကိုယ်တိုင် သွေးချိန်၊ ရင်ဘတ်ကို စမ်းသပ်ကြည့်နေသည်။ သူဇာရော ဖြူပြာရော အမေ့ကိုတစ်လှည့်၊ မလေးနုမျက်နှာကိုတစ်လှည့် သူတို့ကြည့်ရင်း မျက်စိမျက်နှာပျက်နေသည်။ သူဇာက မလေးနုလက်ကို တင်းတင်းဆုပ်ကိုင်ထားသည်။ အေးက လူးလွန့်လှုပ်ရှား၍ မျက်လုံးဖွင့်လာပြန်သည်။ မလေးနုသည် တင်သက်မာနားကပ်ကာ တီးတိုးပြောလိုက်သည်။

“တင်သက်မာ ဆရာဝန်ကြီးရော မင်းရော ရှိပြီပဲ၊ မလေး အခန်းပြန်ပါရစေ”

တင်သက်မာက မလေး အခြေအနေကို ရိပ်မိပါသည်။

“ကိစ္စရှိရင် ခေါ်လိုက်ပေါ့” 

မလေးက ပြောကာ ထွက်သွားသည်။

တင်သက်မာ ခေါင်းညိတ်ပြလိုက်၏။ ဆရာဝန်ကြီးက နောက်ထပ်ဆေးတစ်လုံး ထပ်ထိုးလိုက်သောအခါ အေး မကြာမီ အိပ်ပျော်သွားသည်။ အေး အိပ်ပျော်သွား၍ ဆရာဝန်ကြီးက သူ့လက်ထောက်ကို ထပ်မံလုပ်စရာရှိသည်များကို ညွှန်ကြားကာ ပြန်သွားတော့သည်။ တင်သက်မာသည် သူဇာနှင့် ဖြူပြာကို လက်တို့လိုက်၍ အနားခေါ်လိုက်သည်။

“အန်တီသက်မာနဲ့ သူဇာ မလေးနောက် လိုက်သွားဦးမယ်၊ ဖြူပြာ နေရစ်ခဲ့နော်"

ဖြူပြာက ခေါင်းညိတ်ပြလိုက်သည်။ တင်သက်မာနှင့် သူဇာ မလေးနုကို ရုံးခန်းမှာ မတွေ့။ အပေါ်ထပ် အိပ်ခန်းရှိရာ လိုက်သွားကြသည်။ မလေးနုသည် အိပ်ခန်းထဲမှာ ပစ္စည်းများကို သိမ်းနေသည်ကို တွေ့ရသည်။ သူဇာသည်အပြေးကလေး မလေးနုလက်ကို ဆုပ်ကိုင်လိုက်သည်။

“အန်တီမလေး ဘာလုပ်တာလဲ” 

မလေးနုသည် ခုတင်ပေါ် ထိုင်လိုက်၏။

"သူဇာရော သက်မာရော အေးအေးဆေးဆေး ထိုင်ဦး"

သူက ကုလားထိုင်ကို ညွှန်ပြလိုက်၏။ သူဇာက ကုလားထိုင်ပေါ်ထိုင်ရင်း မလေးနုကို စူးစိုက်ကြည့်နေသည်။

“အခြေအနေအားလုံးကို တင်သက်မာ သိပါတယ်၊ မလေးနု ဒီဆေးတိုက်မှာ ဒါလောက်အထိပဲ လုပ်သင့်တယ်၊ မလေး ပြန်တော့မယ်၊ သူဇာတို့လည်း အရှိန်ရနေပြီပဲ၊ မင်းတို့အန်တီသက်မာလည်း ရှိပါတယ်၊ သူက ဆက်ပြီး အလုပ်လုပ်သွားနိုင်တယ်၊ ဒီညနေ ရုံးအုပ်ကြီးကို ရုံးခန်းမှာ ခေါ်ထားတယ်၊ စာရင်းအင်းအားလုံး လွှဲပြီး နက်ဖြန် မလေး ကလောပြန်မယ်၊ ဆေးရုံအုပ်ကြီးဆီကို ဒီည မလေး ထွက်မယ့်အကြောင်း သွားပြောမယ်”

မလေး စကားဆုံးတော့ သူဇာသည် မလေးရှေ့ရှိ ကြမ်းပေါ်ထိုင်ကာ လက်နှစ်ဖက်ကို ဒူးပေါ်တင်၍ မျက်နှာလေး မော့ကာ ပြောလိုက်သည်။

“အန်တီမလေးရဲ့၊ သူဇာတို့ကို ပစ်သွားတော့မလား၊ ဖေဖေလည်း မရှိ၊ မေမေ့အခြေအနေက စိတ်မချရသေးဘူး၊ ဒီဆေးတိုက်ကြီးနဲ့ သူဇာတို့ကို ထားခဲ့မယ်”

“မင်းတို့မှာ အသိုင်းအဝိုင်းကြီးနဲ့ တောင့်တင်းပါတယ်၊ အန်တီမလေးက တစ်ယောက်တည်းပါ၊ ပြီးတော့လည်း သက်ဆိုင်ရာဆရာဝန်ကြီးကို မင်းတို့မေမေကို အန်တီမလေး အပ်ခဲ့ပြီးပြီ၊ လိုအပ်တာတွေ စီစဉ်ခဲ့တယ်”

မလေးနုက သူဇာ့မျက်နှာကို မကြည့်၊ ကြေကွဲစွာ ပြောလိုက်သည်။

“မလေးရယ် ... မင်း အနစ်နာခံလာခဲ့ပြီးမှ ရှိန်းပြန်လာတဲ့အထိတော့ စောင့်ပါ၊ ရှိန်း ပြန်လာတော့ သွားပေါ့၊ မင်းကို စိတ်ချပြီး ရှိန်းက ထားခဲ့တာ၊ တစ်သက်လုံးကောင်းခဲ့တာ သံပရာတစ်ခြမ်းနဲ့ မခြေလိုက်ပါနဲ့တော့၊ သက်မာ တောင်းပန်ပါတယ်” 

သက်မာကပါ ဝင်၍ပြောလာသည်။

“ဝမ်းနည်းပါတယ် သက်မာ၊ မလေးဘက်က ကြည့်ပါဦး၊ အေးပြောတဲ့ စကားတွေဟာ ဆရာဝန်ကြီး ဦးခင်မောင်လွင်ပါ ကြားတယ်။ သူနာပြုဆရာမတွေ၊ လက်ထောက်ဆရာဝန်တွေပါ အကုန် ကြားတယ်၊ မလေး သိက္ခာဘယ်လောက်ကျလဲ”

“မေမေကလေ သတိလစ်ပြီး ကယောင်ကတမ်းပြောတာပါ အန်တီမလေး၊ မေမေ နေကောင်းလာရင် သူဇာတို့ မေမေ့ကို ရှင်းပြပါ့မယ်”

“ကယောင်ကတမ်းဆိုတာ စိတ်ထဲမှာရှိနေတာကို စွဲလမ်းပြီး ပြောတာ၊ သူ့ရင်ထဲမှာ ဘယ်လောက် အစိုင်အခဲဖြစ်နေလဲမှ မသိ၊ ဘေးလူတွေ ဘယ်လိုစွပ်စွဲစွပ်စွဲ မလေး ဂရုမစိုက်ပါဘူး၊ ကာယကံရှင်ကိုယ်တိုင်က သံသယဖြစ်နေမှ မလေး ဆက်လုပ်ဖို့မလိုဘူး၊ မင်းတို့မေမေ နေကောင်းလာလို့ သံသယရှင်းသွားလည်း အန်တီမလေး ပြန်မလာတော့ဘူး”

တင်သက်မာက ခေါင်းငိုက်စိုက်ဖြစ်သွားသည်။ 

“သူတို့ မငဲ့တောင် မင်းလူနာတွေကို ငဲ့ပါဦး မလေးရယ်”

"လူနာတွေအတွက် အသေးစိတ်စီမံခဲ့မှာပါ သက်မာ၊ အခုပဲ မ​လေးနဲ့ တွဲလုပ်တဲ့ အိုဂျီကြည်ကြည်သန်းကို ဖန်းဆက်လိုက်မယ်။ အားလုံး ကိစ္စရှင်းပြီးမှ သွားမှာပါ” 

“ဟုတ်ပါတယ် အန်တီမလေးရယ်၊ ဖေဖေ ပြန်လာမှ သွားဖို့ သူဇာ တောင်းပန်ပါတယ်၊ မေမေဟာ ခုတလော စိတ်မမှန်ပါဘူး၊ တိတ်ချင်လည်း တိတ်ဆိတ်ပြီး စကားတစ်လုံးမှ မပြောဘူး၊ ဒေါသထွက်လာရင် ကယောင်ချောက်ချားဖြစ်ပြီး ဆူပူသောင်းကျန်းလာတတ်ပါတယ်၊ အန်တီမလေးက ဆရာဝန်ဆိုတော့ မေမေ့စိတ်ဝေဒနာကို သိပါတယ်။ စိတ်တက်ကြွတဲ့အခါလည်း အလွန်ကဲ၊ စိတ်ဓာတ်ကျရင်လည်း တစ်ယောက်တည်း ငြိမ်နေရော။ မေမေ့ကို ခွင့်လွှတ်ပါ။ မေမေ့ကိုယ်စား သူဇာ တောင်းပန်ပါတယ်”

"ဘယ်သူ့အပြစ်မှ မရှိဘူး၊ အန့်တီမလေးကို တောင်းပန်နေစရာ မလိုဘူး၊ သူဇာတို့မေမေမှာလည်း အပြစ်မရှိဘူး၊ အန်တီမလေးအကျင့်က တစ်ခုခုအပြစ်ဖြစ်လာရင် အန်တီမလေးဘက်က ဘာမှားလဲဆိုတာ အမြဲပြန်ပြီး သုံးသပ်တတ်တယ်၊ ဒီဆေးခန်းမှာ ရှိန်း ရည်ရွယ်ချက်ရော အန်တီမလေး ရည်ရွယ်ချက်ရော ကောင်းပါတယ်၊ တစ်ခါ ရှိန်းကလည်း မိန်းမနဲ့စိတ်ဆိုးပြီး ဒီဆေးတိုက်ပြောင်းလာတယ်၊ ဘာပဲဖြစ်ဖြစ် မပြေးသော် ကံရာရှိဆိုသလို သူများအထင် လွဲစရာဖြစ်တယ်၊ ဇနီးတစ်ယောက်အနေနဲ့ အေးက ပိုပြီးသံသယဝင်စရာ ဖြစ်လာတာပေါ့၊ အေး အပြစ်မရှိပါဘူး၊ တစ်ခါတုန်းက ဒီကိစ္စ သက်မာကို မလေး ဖွင့်ပြောပြီး တိုင်ပင်ခဲ့ဖူးတယ်မို့လား”

"ဟုတ်ပါတယ်၊ ဒီတုန်းက သက်မာ ပြောခဲ့ပါတယ်၊ ကိုယ်ကောင်းရင် ခေါင်းဘယ်မှ မရွေ့ဘူးဆိုတာ၊ ဒါပေမဲ့ ခုက ရှိန်းမရှိတဲ့အချိန် မင်းထွက်သွားရင် မင်းအပေါ် ရှိန်းက လုပ်ရက်တယ်လို့ ထင်မှာစိုးတယ်”

“မပူပါနဲ့၊ ရှိန်းပြန်လာလည်း ကိုယ့်ကို တာဝန်မကျေလို့ အဆက်ဖြတ်ပါစေ၊ မလေး ခံရဲတယ်၊ ရှိန်းကိုသာ ပြောလိုက်၊ မလေးနုဆိုတဲ့ မိန်းမမှာ ကောင်းတဲ့အရည်အချင်းချည်း မရှိပါဘူးလို့၊ သူ့မှာ ပျော့ညံ့ချက်တွေလည်း ရှိပါတယ်လို့၊ ကဲ... မင်းတို့နှစ်ယောက် အေးဆီပြန်သွားပါ၊ မလေး လုပ်စရာတွေလုပ်ပြီး သက်ဆိုင်ရာဆရာဝန်တွေနဲ့ တွေ့ရမှာ ရှိသေးတယ်၊ မလေး လူနာတွေကိုတော့ ခွဲခွာသွားရမှာ ဝမ်းနည်းပါတယ်"

တင်သက်မာက သူဇာ့လက်ကိုဆွဲကာ ထွက်လာကြသည်။ သူဇာသည် တရှုပ်ရှုပ်ငို၍ လိုက်ပါလာသည်။ အေးအခန်းထဲ ရောက်တော့ အေးက အိပ်ပျော်နေဆဲ၊ သူဇာသည် ဖြူပြာနားနား ကပ်ကာ တီးတိုးပြောလိုက်သည်။ ဖြူပြာသည် မျက်နှာပျက်သွားသည်။ ညမှပဲ မလေးနုကို သွားတွေ့တော့မည်။ တင်သက်မာကတော့ ကိုအောင်ဝင်းထံ အကျိုးအကြောင်း ဖုန်းဆက်၍ အေးကို ညဉ့်နက်အောင် စောင့်ကြည့်လိုကြောင်း ကိုအောင်ဝင်းထံ ပြန်ပြောပြီး တင်သက်မာ အေးအနားကို ပြန်လာသည်။ အေးအနား ထိုင်သာနေရသည်၊ မလေးနုအတွက် စိတ်မကောင်း။ သူ့သူငယ်ချင်းအကြောင်း သူသိပါသည်။ ဘာလုပ်လုပ် အေးအေးနှင့် အခက်အခဲကို သည်းခံဖြတ်ကျော်တတ်ပေမယ့် စိတ်ထိခိုက်၍ ပေါက်ကွဲလျှင်တော့ တစ်ဖက်စွန်း ရောက်တတ်သည်။ 

မလေးနုအနေနှင့် ကျောင်းကတည်းက အင်မတန် ထိန်းထိန်းသိမ်းသိမ်းနေသူ၊ ကာယကံရှင် အေးက စတင်စွပ်စွဲလေတော့ မလေးနု စိတ်ထိခိုက်မည်။ သူသည် ခုတင်ဘေးထိုင်ရင်း အေးမျက်နှာကို စိုက်ကြည့်နေမိသည်။ ဘာမဆို အရှေ့ကို တွေးတွေးခေါ် ခေါ် မလုပ်တတ်၊ မလိမ္မာ၊ မပါးနပ်ဘူး ဆိုရမည်။ ရှိန်းဖြစ်လာသောကိစ္စ၊ သားသမီးတွေကိစ္စမှာ အေး မလိမ္မာမှုတွေက အများကြီးပါသည်။ နေမကောင်းဖြစ်လာတော့ သူ့စိတ် ပိုဆိုးလာသည်။ စိတ်ရောဂါဖြစ် ကာ အတွေးအခေါ်တွေလည်း ပုံမှန်မဖြစ်တော့ပါ။ ဖြူပြာပြောပြ၍ မြရည်ဦးဆီမှာ ဝဏ္ဏ ရောက်နေခြင်းကို တမင်အရွဲ့တိုက်ပြောတဲ့ အေး အယူအဆကို နားမလည်နိုင်တော့ပေ။ သူနှင့် မလေးနု သည် ရှိန်း မိသားစုကြီးကို တတ်နိုင်သ​လောက် ထိန်းသိမ်း​ပေးကြသည်။ စေတနာ ဖြူစင်စွာထားသော မလေးနု မရှိ​တော့သည့်​နောက် သူတစ်​ယောက်တည်း စခန်းသွားရမည်ကို သက်မာက စိတ်မ​ကောင်း။  အေးအပေါ်မှာ ငယ်သူငယ်ချင်းအဖြစ် အစစ သူသတိပေးပေမယ့် အေးရဲ့ အတွေးအခေါ်က တိမ်လွန်းသည်။ အေးအဖြစ်အပျက်ကို ကြည့်၍ သူ သင်ခန်းစာယူကာ ကိုအောင်ဝင်း အခြေအနေကို အချိန်မီ ထိန်းသိမ်းလိုက်နိုင်သည့်အတွက်တော့ အေးကို ကျေးဇူးတင်ပါသည်။ ထိုညက ဖြူပြာက အေးအနား အိပ်၍ သူဇာက မူယာတစ်ယောက်တည်းဖြစ်နေ၍ ပြန်သွားရသည်။ တင်သက်မာကလည်း ညဉ့်နက်မှ ပြန်ခဲ့သည်။

မလေးနုသည် ရှိန်းဆေးတိုက်က ထွက်ခွာရမည့်ညက အိပ်၍မရပါ။ လူနာများကို လွှဲပြောင်းပေးသောကိစ္စ၊ ငွေရေး ကြေးရေးကိစ္စ၊ ရုံးပြဿနာတွေနှင့် တော်တော်နှင့်မပြီး။ တစ်ခုကလည်း ဆေးရုံအုပ်ကြီးလုပ်သူ ဦးအောင်ထွန်းကို တယ်လီဖုန်းနှင့်ပြော၍ မတော်သောကြောင့် တွေ့ခွင့်တောင်းကာ အိမ်အထိလိုက်သွား၍ သူ ရှိန်းဆေးခန်းမှ နုတ်ထွက်မည့်အကြောင်း ပြောပြရသည်။ ဆရာကြီးကလည်း ရုတ်တရက်မို့ စိတ်မကောင်း၊ ရှိန်း ပြန်လာသည်အထိ စောင့်ဖို့ ဝမ်းနည်းစွာ ပြောပြသည်။ သူကလည်း ဝမ်းနည်းစွာနှင့်ပင် ဆရာကြီးဆန္ဒကို ငြင်းပယ်ခဲ့ပါသည်။ 

ဆရာကြီး အိမ်ကအပြန် ဦးအေးကြူတို့ကို ဝင်ပြောရသေးသည်။ အဘိုးကြီး အဘွားကြီးကလည်း အံ့အားသင့်နေသည်။ ဆေးတိုက်မှ ပြန်ရောက်မှ ဒေါ်လေးသန်းကို ဖုန်းဆက်ပြောလိုက်သည်။ ဒေါ်လေးသန်းကလည်း မလေးနုကိုယ်တိုင် လာမပြောသည့်အတွက် ကျေနပ်ပုံမပေါ်။ သူသည် အခုအချိန်မှာ တာဝန်ကျေသည်၊ မကျေသည်များကို စဉ်းစား၍ မရနိုင်တော့ပါ။ အလုပ်ကိစ္စများပြတ်မှ ပစ္စည်းများပြင်ဆင်၍ စားပွဲမှာ ထိုင်လိုက်သည်။ ရှိန်းထံ စာတစ်စောင်ရေးရန် ပြင်ဆင်တော့မှ မျက်ရည်များက တွေတွေကျလာသည်။ ဤမျက်ရည်များသည် ရှိန်းကို တွယ်တာသော သံယောဇဉ်၏ အတိုင်းအတာကို ဖော်ပြနေသည်။ သူသည် မျက်ရည်စက်လက်နှင့်ပဲ စာကိုရေးလိုက်သည်။

ချစ်လှစွာသော ရာဟုလာ/
 မလေး ဒီစာနဲ့ နှုတ်ဆက်ခဲ့ပါတယ်။ ရှိန်းကို ရာဟုလာလို့ခေါ်လို့ မလေးကို စိတ်ဆိုးသွားပြီလား။ အလောင်းတော် သိဒ္ဓတ္ထမင်းသားဟာ တောထွက်ဖို့ဆန္ဒနဲ့ သူ့စိတ်ဟာ လမင်းလို ကြည်လင်အေးမြနေပါတယ်။ အဲဒီအချိန်မှာ သားတော်လေး မွေးလာတယ်လို့ မင်းချင်းများ လာရောက်လျှောက်ထားတဲ့အခါ သားဆိုတဲ့ အနှောင်အဖွဲ့ သံယောဇဉ်တစ်ခု ရစ်ပတ်လာတဲ့အတွက် ခုန တောထွက်လိုတဲ့ ကြည်လင်တဲ့စိတ်ဆန္ဒမှာ လမင်းကို လငပုပ်ဖမ်းသလို အမှောင်နဲ့ ရစ်ပတ်ဖုံးလွှမ်း ညစ်နွမ်းစေတဲ့အတွက် သားတော်လေးကို ရာဟုလာ လို့ အမည်ပေးလိုက်တယ်တဲ့။

မလေးရင်မှာ သန့်စင်တဲ့ စေတနာမေတ္တာနဲ့ ရှိန်း ဆေးခန်းကြီးကို ဖြစ်မြောက်အောင် ထူထောင်ပြီး မလေး ကျေးဇူးရှင် ရှိန်းကို ကူညီဆောင်ရွက်ခဲ့ပါတယ်။ ဒါပေမဲ့ ကာလကြာလေလေ ရှိန်းရဲ့ စရိုက်အပြုအမူနဲ့ ရှိန်းပတ်ဝန်းကျင်ရဲ့အကြောင်းကြောင်းတွေကြောင့် မလေးရဲ့ နှလုံးသားလဝန်းကို လငပုပ်ဖမ်းသလို ညစ်နွမ်းစေခဲ့ပါတယ်။

ဒါ့ကြောင့် မလေး ရှိန်းကို ရာဟုလာလို့ ခေါ်လိုက်တာပါ၊ ရှိန်း ဒီစာဖတ်နေချိန်မှာ မလေးတစ်ယောက် ကလောအိမ်ကြီးမှာ အေးချမ်းစွာ ရောက်နေပါပြီ။ ပြဿနာအရပ်ရပ်ကို ရှိန်းနဲ့အတူ လက်တွဲဖြေရှင်းခဲ့တဲ့ မလေးရဲ့စေတနာကို နားလည်ရင်ဖြင့် ရှိန်း ပြန်တဲ့အထိမစောင့်ဘဲ ထွက်သွားတဲ့ မလေးအပေါ် ခွင့်လွှတ်နိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ရှိန်းဆေးတိုက်ကြီး တိုးတက်ပါစေ။
/မလေး

မလေးနုသည် စာကို လုံခြုံစွာပိတ်၍ တင်သက်မာမှတစ်ဆင့် ရှိန်း အင်္ဂလန်ကအပြန် ပေးဖို့ စီစဉ်ခဲ့သည်။ နောက်နေ့ နံနက်​စောစောမှာ ရှိန်းဆေးတိုက်ကြီးကို မလေး ​ကျောခိုင်းကာ ထွက်လာခဲ့ပါတော့သည်။

အပိုင်း(၂၃)ဆက်ရန်
------------------
#ခင်နှင်းယု

Post a Comment

0 Comments