ဗညားရှိန်း - ခင်နှင်းယု အပိုင်း (၂၁)

#ဗညားရှိန်း

အပိုင်း(၂၁)

"ကဲ … မလေးကို ရှိန်း အားလုံးဖွင့်ပြောခဲ့တယ်၊ ရှိန်းဆိုတဲ့ အကောင်ကို မလေး သိပ်ရွံသွားပြီလား” 

မလေးဇုံသည် ရှိန်းမျက်နှာကို စေ့စေ့ကြည့်နေသည်။ ရှိန်းက ထိုအကြည့်ကို မခံနိုင်။ ခေါင်းငိုက်စိုက်ချလိုက်သည်။

"ဘယ်ဘာသာတရားကမှ ခွင့်မပြုဘူး “

"သူက ကြေးတန်းစား၊ အစကတည်းက ခေါ်ရင် လိုက်နေကျ၊ သူ့အကြောင်း လူတွေ သိပါတယ်၊ ဒါပေမဲ့ လူရွေးပြီးတော့ လိုက်တာ၊ ဒီဘဝရောက်လာတာလည်း သူဌေးကြီးတစ်ယောက် သူ့ကို အမြှောင်အဖြစ်ထားရာက ဖြစ်တာ” 

“ဒါတွေ မလေး မသိချင်ဘူး”

မလေးနုသည် ဒေါသဖြစ်ဖြစ်နှင့် အော်လိုက်သည်။ 

"ရှိန်းက ဘာလဲ၊ လမ်းပေါ်က ကြမ်းပိုးတေလေလား၊ ဒီလို မိန်းမတွေဆိုတာ ရွှံ့ဗွက်ပုပ်လို မိန်းမစား၊ ဒီဗွက်ကို လက်နဲ့ပုတ်ရင် ပုတ်တဲ့လူမျက်နှာကို ဗွက်ပုပ်စင်မှာပဲ၊ ရှိန်း ဒီရန်ကုန်မှာရော မြန်မာပြည်မှာရော လူကြီးလူကောင်းတစ်ယောက်အဖြစ် နာမည်တစ်လုံးနဲ့ နေတာ၊ ဒီသတင်း အပြင်မှာ ပျံ့သွားရင် ဘယ်လောက်ရှက်စရာကောင်းလဲ၊ ရှိန်းသိက္ခာတင်ကျတာ မဟုတ်ဘူး၊ ရှိန်းနဲ့ လက်တွဲအလုပ် လုပ်နေတဲ့ မလေးနုဆိုတဲ့ မိန်းမရဲ့ သိက္ခာပါ ကျတယ်ဆိုတာ ရှိန်း မတွေးမိဘူးလား ဟင်၊ အရင်က ဘယ်လိုနေနေ၊ အခု ရှိန်း ဆက်​ပွေလို့ မဖြစ်ဘူး”

 “ဝဏ္ဏရှိန်းကို သွားခေါ်တာပါ”

ရှိန်းက သူ့အပြစ်နှင့်သူ မပွင့်တပွင့် ပြောသည်။ 

"မလေး သိပ်ဝမ်းနည်းတယ် ရှိန်း၊ ရှိန်းမိန်းမ အေးဟာ ရှိန်းနဲ့ သဘောချင်း ဘယ်လိုကွဲလွဲ ကွဲလွဲ သူ့ကို ပစ်ထားပေမယ့် အိမ်ထောင်ရေး မဖောက်ပြန်ဘူး၊ အခု ရှိန်းတွဲနေတာတွေက အဆင့်အတန်းမရှိ"

“သူက အထက်တန်းလွှာကလူတွေ ခေါ်ရင် လိုက်နေကျ ဆိုတော့ ရှိန်းလည်း တွဲမိတာ မလေးရယ်၊ ရှိန်းကို သိပ်အထင်သေးသွားပြီပေါ့၊ အထင်သေးစရာအကြောင်းတွေက ထပ်ခါထပ်ခါ ဖြစ်လာတယ်လေ၊ ရှိန်း တစ်ခုတော့ ပြောပါရစေ၊ ဒီဆေးတိုက် ပြောင်းလာကတည်းက ဒီမိန်းမရှိရာကို ခြေဦးမလှည့်ခဲ့တာ အမှန်ပဲ၊ ခု တစ်ခေါက်က ဝဏ္ဏကို နိုင်ငံခြားသွားဖို့စီစဉ်ရင်း ဒီမိန်းမဆီ သွားနေမှန်းသိလို့ သွားခေါ်တာ၊ ဝဏ္ဏက ကိုယ့်ကို မချေမငံပြောတာနဲ့ ဒေါသထွက်ပြီး ဆွဲထိုးရာက ပြဿနာဖြစ်ကြတာပဲ”

မလေးနုသည် ရှိန်းစကား နားထောင်ရင်း နားကိုသာ ပိတ်ထားလိုက်ချင်သည်။

“တော်ပြီ ရှိန်းရယ်၊ မလေးနုကို ခွင့်ပြုပါတော့၊ မလေး ဘာမှမပြောပါရစေနဲ့၊ မလေး သွားပါရစေ”

မလေးနုသည် ရှိန်းထံမှ စကားကို မစောင့်တော့ဘဲ ရှိန်းကို ထားရစ်ကာ ပြန်လာခဲ့သည်။

နောက်နေ့ကျမှပင် ဝဏ္ဏရှိန်းကို သွားကြည့်ရသည်။ ခေါင်းနည်းနည်းမူးနေ၍ အိမ်မပြန်ခိုင်းခြင်းဖြစ်သည်။ ဒဏ်ရာက ဦးနှောက် မထိခိုက်သည်မှာတော့ သေချာသည်။

“ဘယ်လိုနေသေးလဲ ဝဏ္ဏ"

မလေးက နှုတ်ဆက်ရင်း အနားမှာ ဝင်ထိုင်လိုက်သည်။ 

“သက်သာပါတယ်၊ လှုပ်ရင် မူးမူးနေတယ်၊ ဆရာဝန်ကြီးက ဒီမနက် ပြောသွားပါတယ်၊ ဒီညနေဆင်းရင်တောင် ရပါပြီ၊ အိမ်ကနေ ဆေးထည့်နိုင်ပါတယ်တဲ့။ အိမ်မှာ နားပါတဲ့"

မ​လေးနုသည် နဖူးကို အသာစမ်းလိုက်သည်။

“မောင်ဝဏ္ဏတို့အဖြစ်က လူကြားရင် ရှက်စရာ၊ အန်တီမလေးက ရှိန်း နိုင်ငံခြားသွားရင် ဝဏ္ဏကို ခေါ်သွားပါဆိုလို့ ဖေဖေက နိုင်ငံကူးလက်မှတ် လျှောက်ခိုင်းထားတာတဲ့၊ ဝဏ္ဏကို ဖုန်းဆက်တော့ အဲဒီအိမ်သွားတယ်ဆိုတာနဲ့ ဖေဖေက လိုက်သွားတာ”

ဝဏ္ဏရှိန်းသည် မျက်လွှာကို ချနေသည်။

"အရွယ်ရောက်ရင် မိန်းမတစ်ယောက်တော့ ယူရမှာပဲ၊ ကိုယ်ကြိုက်တာမှ ယူပေါ့၊ အခု ဝဏ္ဏအသက် ဘယ်လောက်လဲ"

“နှစ်ဆယ့်တစ်နှစ်"

"ဒီအရွယ်မှာ တချို့လည်း မိန်းမယူကြပါပြီ၊ ဒါပေမဲ့ ဝဏ္ဏတို့မှာ မိန်းမတစ်ယောက် ရှာကျွေးနိုင်ဖို့ အလုပ်မှမရှိဘဲ၊ ခုလို မိန်းမတွေဆီ သွားတာလည်း မကောင်းဘူး၊ ဖေဖေကပြောတော့ ဝဏ္ဏကိုခေါ်ဖို့ အဲဒီမိန်းမအိမ် သွားတာတဲ့”

“ဟုတ်မှာပါ၊ မြရည်ဦးက ပြောတယ်၊ ဖေဖေ သူ့ဆီမလာတာ ကြာပြီတဲ့၊ ကျွန်တော်လည်း အဲဒီနေ့က အရက်က တော်တော်မူးနေတာနဲ့ ဖေဖေ့ကို မချေမငံ ပြောမိတာပါ”

“အရက်လည်း ဘာလို့ အလွန်အကျွံသောက်ကြရတာလဲ။ အခုဆို ကြည့်စမ်း၊ ဖေဖေ့လုပ်ငန်း သုံးခုတောင်။ စူပါမားကက်ရော၊ ကုမ္ပဏီရော၊ ဒီဆေးခန်းရော သားတို့ညီအစ်ကိုနှစ်ယောက်စလုံး တစ်နေရာရာမှာ ဝင်လုပ်ဖို့ကောင်းတယ်၊ ဖေဖေကပြော​တော့ သားတို့ ဆယ်တန်းအောင်အောင် စောင့်နေတာတဲ့၊ ဆယ်တန်းမအောင်ခင် အရက်သမားကြီးတွေ ဖြစ်တာပဲ အဖတ်တင်တယ်။ အာကာဆို ရဲဘက်က ဘယ်တော့မှလွတ်မယ် မသိဘူး၊ ဖေဖေ့ရဲ့ ရှာထားတဲ့
​ငွေက ဘယ်​လောက် ကြာကြာခံမှာ လိုက်လို့၊ သားတို့က အ​ဖေကို ဆက်ခံပြီး အလုပ်မလုပ်ရင် ဗာရာဏသီသူဌေးသား ဖြစ်မှာပဲ၊ ခွက်လက်စွဲ တောင်းစားပြီး ရွာမှထွက်လေ တောမှာသေသည်၊ ကောင်သေ လင်းတကျ၏တည်း”

ဝဏ္ဏသည် ခေါင်းငိုက်စိုက်နှင့် တွေးနေသည်။

“ဖြူပြာနဲ့ သူဇာ ဒီဆေးတိုက် ဝင်လုပ်နေတာ ဖေဖေ ဘယ်လောက်အားရှိသလဲ၊ သားတို့ကလည်း တခြားလုပ်ငန်း ဝင်မှပေါ့၊ အရွယ်ရောက်တဲ့ လူငယ်လေးတွေ အလုပ်လုပ်ချင်လွန်းလို့၊ အလုပ်က မရ၊ ငွေရင်းငွေနှီးနဲ့ လုပ်ရမယ့်အလုပ်မှာလည်း ငွေရင်းကမရှိ၊ လူငယ်လေးတွေဟာ ထမင်းတစ်လုတ်စားဖို့ အင်မတန်ဒုက္ခရောက်ကြရတယ်၊ ဒါ့ကြောင့် နိုင်ငံခြားမှာ လူငယ်တွေ ဘယ်လိုနေရလဲဆိုတာ သိရအောင် ဝဏ္ဏကို နိုင်ငံခြားခေါ်သွားဖို့ အန်တီမလေး တိုက်တွန်းတာ"

ဝဏ္ဏသည် သက်ပြင်းရှည်ကြီး ချလိုက်သည်။ 

"ဒီဆေးရုံကဆင်းရင် အရက်ဖြတ်ဖို့ ကြိုးစားပါ့မယ်”

“ဘိန်းဖြူရော”

“ဆေးရုံတက်ပြီး ကျွန်တော် ဖြတ်ပါ့မယ်"

“ဆေးရုံက ထွက်ထွက်ပြေးတယ်ဆို”

“ဒီတစ်ခါ မပြေးပါဘူး အန်တီမလေးရယ်” 

“အန်တီမလေး အသိဆရာဝန်တွေ စိတ်ကျန်းမာရေးဆေးရုံမှာ အများကြီးရှိတယ်၊ အန်တီမလေး ကြပ်မတ်ပြီး အပ်ထားမယ်၊ ငွေကြေးခန်းမှာ အစောင့်ချထားပြီး မပြေးအောင်လုပ်ဖို့ ပြောထားမယ်၊ အန်တီမလေးတို့ကရော မင်းတို့နဲ့ ဘယ်လောက်ကြာကြာနေမှာ လိုက်လို့၊ အခုတောင် စိတ်ပျက်လှပြီ 

“ဘယ်လို"

ဝဏ္ဏက စိုးရိမ်သောမျက်နှာထားနှင့် မေးလိုက်သည်။ 

“အန်တီမလေးက ဒီမှာ မလုပ်ချင်တော့ဘူး၊ ဝဏ္ဏတို့အလုပ် ဝဏ္ဏတို့ ဦးစီးဖို့သာပြင်"

"ဒီလိုလည်း မလုပ်ပါနဲ့ဦး အန်တီမလေးရယ်၊ ကျွန်တော် တောင်းပန်ပါတယ်"

"ကဲ အန်တီမလေး မအားဘူး၊ သွားမယ်”

မလေးနုသည် သူ့ရုံးခန်းပြန်လာခဲ့သည်။ ရုံးခန်းမှာ သက်မာ ရှိနေသည်။ နက်ဖြန် ခွဲစိတ်ရမည့် လူနာအကြောင်း ပြောပြီး မလေးနုသည် ရှိန်းနှင့် ဝဏ္ဏကိစ္စ တင်သက်မာကို ပြောပြနေသည်။

"အေးကလည်း မလိမ္မာ၊ ရှိန်းကိုယ်တိုင်ကလည်း ဘယ်လိုလူလည်းမသိ၊ ရှေ့အရှည်ဆက်ဆံဖို့ မလေး ဒီလူကို မလေးစားတော့ဘူး၊ လေးစားမှုမရှိရင် မခက်ဘူးလား”

သက်မာကလည်း မလေးနုစိတ်ကို သဘောပေါက်ပါသည်။ ဒါတောင် မလေးအပေါ် အေး၏ထင်မြင်ချက်များကို မလေး မသိသေး၍ တော်ပါသေးသည်။ မလေးသာသိလျှင် ပြဿနာက မလွယ်၊ သူ့သူငယ်ချင်း၏ ဖြောင့်မတ်သန့်စင်သော စိတ်ထားကိုတော့ တင်သက်မာ နားလည်ပါသည်။ 

"ရာဇာဓိရာဇ်လိုလူစား ထင်ပါရဲ့"

"မွန်ရာဇဝင်မှာ ရာဇာဓိရာဇ်ဟာ ထင်ရှားတဲ့ သူရဲကောင်း မွန်ဘုရင်ပေါ့။ သူ့ငယ်နာမည်က ဗညားနွဲ့၊ သူ အိမ်နိမ့်စံစဉ် မောင်နှမ တစ်ဝမ်းကွဲတော်တဲ့ တလမေဒေါဆိုသူကို ယူထားတယ်၊ သားတော်တစ်ပါး ထွန်းကားတယ်၊ ဘောလောကျန်းဒေါတဲ့၊ ဗညားနွဲ့ဟာ ခမည်းတော်ထီးနန်းကို သူ ဆက်ခံခွင့်ရှိပေမယ့် သူ့အရီးတော် မဟာဒေဝီက သူ့သမက် သမိန်ဗရမ်းနဲ့ ဖောက်ပြန်ပြီး ခမည်းတော်ဆင်ဖြူရှင် နတ်ရွာစံရင် သမိန်ဗရမ်းကို နန်းတင်ဖို့ ကြံစည်နေတယ်၊ ဗညားနွဲ့ ကူညီပါတယ်။ ပညာရှိတွေ အကြံဉာဏ်ကလည်း မဟာဒေဝီအကြံသိတော့ တိတ်တိတ်ပုန်း သူ့ထီးနန်းရဖို့ ပညာရှိတွေနဲ့ တိုင်ပင်တယ်၊ ဇနီး တလမေဒေါကလည်း သစ္စာရှိစွာ ထီးနန်းရယူဖို့၊ လူသူစုဆောင်းဖို့ ဗညားနွဲ့  ဒဂုန်ကို ထွက်သွားတဲ့အခါ ဒဂုန်မှာ ဆီသည်မ မွေမနိတ်ကို တွေ့တယ်လေ၊ လင်နဲ့မှန်း သိပေမယ့် မွေမနိတ်ကို ကောက်ယူတယ်။ နောက် သူ့ရဲ့ ခမည်းတော် ဆင်ဖြူရှင် မင်းတရားကြီး နတ်ရွာစံတော့ ဟံသာဝတီထီးနန်းကို တိုက်ခိုက်သိမ်းယူတယ်၊ အရီးတော် မဟာဒေဝီနဲ့ သမိန်ဗရမ်းကို အနိုင်ရတယ်ဆိုပါတော့၊ အဲဒီအခါမှာ ဘိသိက်ခံယူတဲ့အခါ ဆီသည်မ မွေမနိတ်ကို မိဖုရားခေါင်ကြီးအဖြစ် ဘိသိက်မြှောက်တယ်၊ တလမေဒေါစိတ်မှာ ဘယ်လောက်ထိခိုက်မလဲ၊ အငယ်အနှောင်း ထားတယ်ဆိုတာ ယောက်ျားတွေအဖို့ မဆန်းပါဘူး၊ အထူးသဖြင့် ဘုရင်တွေက သာ ကဲသေးတယ်၊ ဒါပေမဲ့ ဗညားနွဲ့ဟာ ရာဇာဓိရာဇ်အဖြစ် အထွတ်အထိပ်ကို ရောက်တဲ့အခါမှာတော့ တလမေဒေါ ငယ်မယားကို မဟာဒေဝီအဖြစ် ဘိသိက်မြှောက်သင့်တာပေါ့၊ အခုလို ပစ်ပယ်တာတော့ ရက်စက်လွန်းတယ်၊ ပြီးတော့လည်း တလမေဒေါက ဘယ်စိတ်ကောင်းနိုင်မလဲ၊ စိတ်ညစ်ပြီး မခစားတယ်လို့ တလမေဒေါကို ခမည်းတော် ဆင်ဖြူရှင်မင်းတရားပေးထားတဲ့ လက်စွပ်ဆယ့်နှစ်ကွင်းကို ပြန်တောင်းခိုင်းတယ်လေ။ တလမေဒေါက သူ့ခေါင်းက ဆံထုံးမှာ အမြဲထည့်ထားတဲ့ လက်စွပ်ဆယ့်နှစ်ကွင်းကို ပြန်ပေးပြီး သူ့ကိုယ်သူ အဆိပ်သောက်သေလိုက်တယ်”

မလေးနုက အံ့သြသွားသည်။

“သားတော် ဘောလောကျန်းဒေါကိုလည်း သားတော်က ဘုရင့်သားမို့လို့ ဓားရေး၊ လှံရေး၊ ဆင်ရေး၊ မြင်းရေး လေ့ကျင့်နေတာကို သူ့ ပုန်ကန်မယ်ဆိုပြီး ဖမ်းခိုင်းတယ်၊ သားတော်က အဖမ်းမခံဘဲ အဆိပ်သောက်သေလိုက်တယ်”

“ရက်စက်လိုက်တာဟယ်”

“သက်မာ ဆိုလိုချင်တာက သူရဲကောင်း ဘုရင်ကြီးပေမယ့်လည်း မိန်းမနဲ့ ပတ်သက်လာရင် တော် မတော်၊ ရာ မရာ မစဉ်းစားနိုင်ဘူး၊ တစ်ဖက်က စစ်ရေးမှာ တော်ပေမယ့် ဇနီးဖြစ်သူ တလမေဒေါနဲ့ သားတော် ဘောလောကျန်းဒေါအပေါ်မှာ ရက်စက်လွန်းတယ်၊ ဒါပေမဲ့လည်း သူ့စိတ်က အဆန်း၊ ခွင့်လွှတ်တဲ့အခါတော့လည်း နှစ်ယောက်မရှိဘူး"

“ဘယ်လို"

သူ့အရီးတော် မဟာမဒေဝီဟာ ဗညားနွဲ့ငယ်စဉ်က မိခင် ဆုံးသွားတော့ သူ့ကို ပြုစုစောင့်ရှောက်ခဲ့တယ်၊ နောက် ဗညားနွဲ့ ခမည်းတော် ဆင်ဖြူရှင်မင်းတရား နတ်ရွာစံခါနီးတော့ ထီးနန်းရယူချင်တာနဲ့ အရီးတော် မဟာဒေဝီဟာ သမိန်ဗရူးကို ထီးနန်းတင်ဖို့ တိတ်တိတ်ကြံစည်တယ်၊ သမိန်ဗရူးနဲ့လည်း တိတ်တိတ်ပုန်းညားနေကြတယ်၊ ဗညားနွဲ့ အသက်ကိုလည်း ကြံစည်ကြတာ အကြိမ်ကြိမ်ပဲ၊ ဒါပေမဲ့ ဗညားနွဲ့ အထွတ်အထိပ်ရောက်လို့ ရာမာဓိရာဇ်ဖြစ်လာတဲ့အခါ သစ္စာမဲ့တဲ့ အရီးတော် မဟာဒေဝီကို ငယ်ငယ်က သူ့ကို ပြုစုစောင့်ရှောက်တဲ့ ကျေးဇူးတရားရှိတယ်ဆိုပြီး ခွင့်လွှတ်ပြီး ကောင်းမွန်စွာ ချီးမြှောက်တယ်၊ သက်မာပြောတာက ဒီနေရာကျတော့လည်း ကျေးဇူးတရား သိတတ်ပြန်ရော၊ ပြန်တွေးရင် ရာဇာဓိရာဇ်မှာ မကောင်းတာနဲ့ ကောင်းတာ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်တဲ့ စရိုက်နှစ်ခု ရှိတယ်လေ၊ အခု ရှိန်းမှာလည်း ဆေးတိုက်အလုပ်နဲ့ ပတ်သက်ပြီး တော်တဲ့နေရာမှာ တော်ပါတယ်၊ တစ်ဖက်က မိန်းမနဲ့ ပတ်သက်လာတဲ့ ထိန်းနိုင်တဲ့အမူအကျင့်လည်းရှိတော့ ရာဇာဓိရာဇ်လို လူမျိုးလို့ ပြောတာ"

မလေးနုက ခေါင်းတညိတ်ညိတ်နှင့် နားထောင်နေရာမှ ..

“မလေး ထင်တယ်၊ သူ့နာမည်က စီးနေလားမသိ” ဟု ​ပြောလိုက်သည်။

"ရှိန်းနာမည်အရှည်က ဗညားရှိန်းလေ၊ ရာဇဓိရာဇ် ငယ်နာမည်က ဗညားနွဲ့၊ ဗညားချင်းတူလို့ စရိုက်ချင်းတူလား မသိ၊ မလေး သူဇာနဲ့ ဘမောင်ချိန်ကိစ္စဖြစ်တုန်းက ရှိန်းကို ဒေါသထွက်ထွက်နဲ့ ပြောမိတယ်၊ မလေးက သူ့ကို ဦးဗညားရှိန်းကြီးလို့ခေါ်တာ သူ မခံနိုင်ဘူး၊ မခေါ်ပါနဲ့တဲ့၊ မလေးက တမင် ဗညားအမည်ကို သတိရအောင်လို့ ခေါ်တာလို့၊ ဗညားဆိုတာ သူရဲကောင်းတွေရှေ့က တပ်ရမယ့်အမည်၊ ရှိန်းလုပ်ပုံတွေက သူရဲကောင်းစရိုက် ပီသရဲ့လား လို့ မလေးမေးတော့ ကြက်ကြီး လည်လိမ်ထားသလို ခေါင်းငိုက်စိုက်နဲ့"

"အေးကွာ.. မင်းပြောသမျှလည်း ခံပါတယ်၊ ဒါပေမဲ့ ဖြူပြာကရော ဦးပြူးကရော ပြောတယ်၊ ဒီဆေးတိုက်ပြောင်းလာမှ ရှိန်းဟာ အရက်လည်း မသောက်သလောက်ပဲတဲ့၊ အရင်က အလုပ်က ပြန်လာရင် ညသောက်ပွဲ အမြဲလုပ်ပေးရတယ်၊ သူတတ်နိုင်သလောက်တော့ ပြုပြင်လာတာ တွေ့ရတယ်” 

မလေးနုသည် သက်ပြင်းကြီး ချလိုက်သည်။

“မပြုပြင်လည်း မလေးနဲ့ဆက်လက်ပြီး အလုပ်တွဲလုပ်ဖို့ မလွယ်ဘူးထင်တယ်၊ သက်မာ ဒီဆေးတိုက်ဖွင့်စဉ်က ဆေးတိုက်မှာ အရက်မသောက်ရဆိုတဲ့ စည်းကမ်းတစ်ခု ထည့်ခဲ့တာက ညအိပ် ညနေ သူနာပြုဆရာမလေးတွေ၊ ဆရာဝန်၊ ဆရာဝန်မတွေ အတူနေရတာ အရက်ဝင်ရင် မှားတတ်တယ်၊ ရှုပ်ရှုပ်ယှက်ယှက် ပြဿနာဖြစ်တတ်လို့ မလေး ဒီစည်းကမ်းချက် ထည့်ခဲ့ရတာ"

“ဒီဆေးခန်းမှာ ရှိန်းက ဒီစည်းကမ်းကို လိုက်နာပါတယ်” 

“ဒါပေမဲ့ကွယ် မလေး စိတ်လေးလှတယ်၊ ဒီမိန်းမကိစ္စ ဖြစ်ဖြစ်လာတာ ရှိန်းဂုဏ်သိက္ခာနဲ့ ဒီ ရှိန်းဆေးတိုက်ကို မထိခိုက်ဘူးလား၊ မြရည်ဦးနဲ့ကိစ္စက လူကြီးလူကောင်း အပြုအမူမဟုတ်ဘဲ သိက္ခာမရှိလိုက်တာ”

သက်မာက ဖြည်းဖြည်း စဉ်းစားရင်းမှ ပြောပြ၏။ 

"ရှိန်း ဂုဏ်သိက္ခာကို ထိခိုက်တာတော့ အမှန်ပဲ၊ တစ်ခုကလည်း မင်းနဲ့ ရှိန်းက ဘာမှမတူဘဲ အရာနှစ်ခု ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်တဲ့ စရိုက်ရှိတဲ့သူနှစ်ယောက် အတူလက်တွဲ လုပ်မိတာကို မင်းက သိပ် rigid ဖြစ်တယ်၊ သက်မာတို့က ကျောင်းမှာ အတူနေခဲ့တဲ့ သူငယ်ချင်းဖြစ်တဲ့ မင်းစရိုက်သိပြီး ရှိန်းကိုလည်း တို့က ကိုမျိုးဇင်ကနေတစ်ဆင့် သိခဲ့ရတာ၊ ကျောင်းကတည်းက သူ့ရည်းစားမရှိတဲ့ အဆောင် ခပ်ရှားရှား၊ အရက်တမြမြကလည်း ပါသေး၊ လက်ထပ်ပြီး အလုပ်အကိုင်နဲ့ ဖြစ်လာတော့လည်း သွားလေရာ မိန်းမရရပါစေဆိုတဲ့ လူမျိုး။ ဒါပေမဲ့ ရှိန်းဆေးတိုက်လုပ်ငန်းရော ရည်ရွယ်ချက်ကရော အင်မတန် မွန်မြတ်ပါတယ်၊ မိခင်ကိုလည်း မင်းအမြင်ပဲ၊ အလွန်လေးစားတဲ့လူ၊ မလေး အသိပါပဲ၊ ဒါနဲ့ထေပြီး မလေး ရှိန်းကို ခွင့်လွှတ်ပါ၊ မင်းစကားကိုလည်း သူနားထောင်ပါတယ်၊ တစ်ခုကလည်း ရှိန်းက ကိုမျိုးဇင်ရဲ့ အချစ်ဆုံးသူငယ်ချင်းတစ်ယောက်ဆိုတာ မလေး သတိရပါ”

"အေး သက်မာ၊ မင်းရော ရှိန်းရော မလေးကို ဇင်နဲ့ ကိုင်ထားကြတာ၊ မလေးကလည်း ရှိန်းဟာ ဇင်ရဲ့ သူငယ်ချင်း၊ ဇင်တောင် ဆိုးဆိုးကောင်းကောင်း သူငယ်ချင်းကို သစ္စာရှိစွာ လက်တွဲ ပြီး ထိန်းမတ်ပေးခဲ့သေးတာပဲဆိုပြီး အစစ မလေး ထိန်းပေးခဲ့တာ သက်မာအသိ၊ သက်မာ တစ်ခါက မလေးကို တရားဟောတယ်လေ”

“ဘာတရားလဲ”

"မလေးက ဒီ ရှိန်းဆေးတိုက်မှာ ဆက်ကိုမလုပ်ချင်တော့ဘူး၊ သူများတွေစွပ်စွဲတာ မခံနိုင်ဘူးဆိုတော့ မလေးကို အာနန္ဒာနဲ့ တူတယ်လို့ မင်းပြောတာ မှတ်မိသေးလား”

`မှတ်မိပြီ၊ နေရာတိုင်းမှာ မာဂဏ္ဍီရှိတယ်လို့ ပြောဟာ “အခုလည်း သက်မာရော ရှိန်းရော သောနုတ္တိုရ်တွေ"

"ဘာ"

“ဒီတစ်ခါ မလေး တရားဟောတဲ့အလှည့်၊ ဆဒ္ဒန်ဆင်မင်းကို သူ့ရဲ့ ဗိုက်အောက်မှာ လိုဏ်ခေါင်းလုပ်ပြီး သောနုတ္ထိုရ်က လေးနဲ့ ပစ်တာ ဆဒ္ဒန်ဆင်မင်းက သိတယ်၊ ဒီမြားက ဗိုက်အောက်က လာတယ်ဆိုတာ၊ ဒါ့ကြောင့် မဟာသုဘဒ္ဒါနဲ့ တခြားဆင်တွေကို ပရိယာယ်နဲ့ ရန်သူအရှာလွှတ်လိုက်တယ်။ တစ်ပါးတည်းကျန်မှ ခွာနဲ့ ပျဉ်ကို ရှပ်လိုက်ပြီး နှာမောင်းနဲ့ သောနုတ္ထိုရ်ကို ဆွဲတင်တယ်၊ သောနုတ္ထိုရ်က သိတယ်၊ ဆင်မင်း အမျက်ထွက်ရင် သူသေတော့မယ်၊ ဆဒ္ဒန်ဆင်မင်း အလိုလားဆုံး သဗ္ဗညုတဉာဏ် ဘုရားဆုပန်ထားတာကို သတိရအောင်... ကိုယ်ပေါ်က ဟန်ဆောင်ရုံထားတဲ့ သင်္ကန်း နှာမောင်းပေါ် တင်ပေးလိုက်တယ်၊ ဆင်မင်းက သင်္ကန်းကို မြင်တယ်ဆို သူ ဆုထူးပန်ထားတာကို သတိရပြီး ရန်သူ သောနုတ္ထိုရ်ကို ခွင့်လွှတ်ပြီး စွယ်တော်လှူတယ်”

"အဲဒါနဲ့ ဘာဆိုင်လဲ"

"အခု မင်းတို့နှစ်ယောက် မလေး ဒေါသဖြစ်လာရင် ကိုမျိုးဇင်ကို ရှေ့တင်လာကြပြီ၊ မလေးကို နိုင်တာ ဒါပဲရှိတယ်မို့လား” 

တင်သက်မာက ရယ်နေစဉ် မလေးနုက ဆက်ပြောသည်။

“မလေးဟာ ရှိန်းရဲ့ ကျေးဇူးကို မမေ့ပါဘူး၊ ဒီဆေးတိုက်မှာ အလုပ်လုပ်ရင်း ကြွေးဆပ်ခဲ့တာ နှစ်သိန်းပဲကျန်တော့တယ်၊ အဲဒီ ကျေးဇူးတရားတွေ ထောက်ထားပြီး မလေး သည်းခံခဲ့တာ၊ မလေးဟာ သက်မာကို ပြောဖူးတယ်၊ intuition ကြိုသိနေတဲ့သဘော မလေးမှာရှိတယ်၊ ဒေါ်လေးသန်းတို့ အိမ်ပြောင်းလာစကလည်း တစ်ခုခုပဲ၊ ဘာမှန်းမသိဘူး၊ အဲဒီအိမ်မှာ ကြာကြာနေရမယ် မထင်ဘူး။ မကြာဘူး၊ ဦးလေးကိစ္စက ပေါ်လာရော၊ ခုလည်း ဟိုတစ်ည လသာတဲ့ ဝရန်တာမှာ မလေး ထိုင်နေတုန်း ရှိန်း ရောက်လာတယ်၊ မင်းကို ပြောပြဖူးပါတယ်၊ ဘာမှမဖြစ် ဘာမှမပြောပါဘူး၊ ဒါပေမဲ့ မလေး စိတ်မှာ ထင့်သွားတယ်။ ဒီဆေးတိုက်မှာ ကြာကြာနေဖို့ မသင့်ဘူးဆိုတာ၊ မင်း မာဂဏ္ဍီဟောတဲ့အချိန်လေ”

"မလေးရယ် ….. အချိန်က အဆုံးအဖြတ်ပေးပါလိမ့်မယ်၊ ဒါနဲ့ ရှိန်း နိုင်ငံခြားသွားမယ်ဆို”

"ဟုတ်တယ်၊ ဒါ့ကြောင့် မလေးက ဝဏ္ဏကိုခေါ် သွားဖို့ အကြံဉာဏ်ပေးလိုက်တယ်”

“စိတ်ထဲထင့်လည်း ဒီကိစ္စကို ရှိန်းပြန်လာမှ အေးအေးဆေးဆေး စဉ်းစားပေါ့၊ ဆေးတိုက်က အရှိန်ရပြီး လည်ပတ်နေပြီ၊ မင်းတို့နှစ်ယောက် ကြိုးပမ်းမှုနဲ့ ဆင်းရဲတဲ့လူနာတွေ ရောဂါပျောက်ကုန်ကြတာ သတိရပါ၊ ဒါနဲ့ စိတ်ဖြေပါလေ၊ ကောင်းတဲ့အလုပ်ဟာ ကောင်းကျိုးပေးမှာပါ"

သက်မာက စိတ်ဖြေသာအောင် ပြောပြရင်း လူချင်းခွဲလိုက်သည်။

အပိုင်း(၂၂)ဆက်ရန်
------------------
#ခင်နှင်းယု

Post a Comment

0 Comments