မြကြာဖြူ - ခင်နှင်းယု အပိုင်း(၆)

မြကြာဖြူ (ခင်နှင်းယု)
________________

အပိုင်း (၆)

၈။
တူးတူးအကူအညီနှင့် ရှယ်လီတို့ ရန်ကုန်သို့ ပြောင်းလာကြသည်။ ရန်ကုန်ဆေးရုံကြီးမှာ ဆရာဝန်များအတွက် ဆောက်ထားသော အဆောက်အဦးမှာ အိမ်ခန်းတစ်ခုရသည်။ ရန်ကုန်ဆေးရုံကြီး မေ့ဆေးဘက်ဌာနမှာ ဒေါက်တာဖေသိန်းကို သူတို့တွေ့ရသည်။ မေ့ဆေးဆရာဝန်ကြီးပင်ဖြစ်နေသည်။ လင်းရွှေအောင်က ခွဲစိတ်ကုသသည့်ဘက်မှာ လက်ထောက်ဆရာဝန်ပဲဖြစ်နေသေးသည်။ ဒေါက်တာဖေသိန်း၊ ဒေါ်လီတို့နှင့် သူတို့သည် တက္ကသိုလ်မှ ကျောင်းနေဘက်ချင်းဖြစ်၍ ဆေးရုံကြီးမှာ ပြန်တွေ့ရသောအခါ ရှယ်လီ ဝမ်းသာသွားသည်။ 

သူငယ်ချင်ကောင်း ဒေါ်လီနှင့် ပြန်တွေ့ရသလို တောင်ပေါ်မြို့လေးက ဒေါ်ခင်သက်တင်ကိုလည်း စကော့စျေးမှာ ကုမ္ပဏီပိုင်ရှင်အဖြစ် တွေ့ရသည်။ ဒေါ်ခင်သက်တင်အိမ်က ခြောက်မိုင်ခွဲမှာဖြစ်၍ ဝေးသည်။ ဒေါ်လီ့အခန်းနှင့်တော့ သိပ်မဝေးလှ။ ဒေါ်လီမှာ ကလေးသုံးယောက်ရပြီ။ မိန်းကလေး နှစ်ယောက်၊ ယောက်ျားလေးတစ်ယောက်။

ရှယ်လီသည် တူးတူးကူညီပုံကို ဒေါ်လီကို ပြောပြသည်။ စကားပြောပွင့်လင်းသူဖြစ်၍ ငယ်ငယ်ကအကြောင်း၊ သူ့ယောက္ခမအကြောင်းတွေပြောရင်း လင်းရွှေအောင်အကြောင်းလည်း စကားစပ်မိကြသည်။ 

"လင်းသာ မိန်းမပြဿနာ အရှုပ်အရှင်းမရှိရင် ခုလောက်ဆို ခွဲစိတ်ကုဆရာဝန်ကြီးဖြစ်နေပြီပေါ့၊ ဒေါ်လီ့ကိုဖေသိန်းနဲ့ လင်းက တတန်းတည်းပဲဟာ "

ဒေါ်လီက ငြိမ်သက်စွာ တွေးနေသည်။ ဒေါ်လီကလည်း လင်းရွှေအောင်သတင်း ကြားပြီးဖြစ်သည်။ ဒေါ်လီသည် ကျောင်းနေတုန်းက တူးတူးအခန်းဖော်ဖြစ်သလို ရှယ်လီ၏သူငယ်ချင်း။ သူ ရှယ်လီ၏အပြုအမူကို ကျောင်းတုန်းက မကြိုက်ပေမယ့် ယခု ဆေးရုံကြီးမှာ ပြန်တွေ့ရတော့ ရှယ်လီကို ကူညီပါသည်။ သူငယ်ချင်းကောင်းတယောက်လို အကြံပေးသည်။ 

"မင်းတို့လက်ထပ်တာကို လင်းမိဘတွေက ဟက်ဟက်ပက်ပက်မရှိပေမယ့် ရှယ်လီတို့မှာ ကလေးရလာပြီပဲ၊ မြေးတွေတွေ့ရင် စိတ်ပြေမှာ။ သူ့သားကို ဝင်ထွက်စေချင်မှာပါ။ လင်းရွှေအောင် ကလေးတွေခေါ်ပြီး သူ့မိဘတွေကို သွားတွေ့ပါစေလား"

ဒေါ်လီ၏အကြံဥာဏ်ကို ရှယ်လီက စဉ်းစားနေသည်။ လင်းမိဘများနှင့် အဆက်အသွယ်ပြတ်သလိုဖြစ်နေသည်။ လင်းမိဘများ စစ်တွေမှပြောင်းကာ အင်းလျားလမ်းမှာ နေကြသည်ဟု သိရသည်။ သူလည်း မသွားမိ၊ လင်းက သွား မသွားတော့ သူ မသိ။ ဒေါ်လီက စကားဆက်ပြောသည်။ 

"ဒေါ်လီတွေးမိတာက ဒီလို၊ တို့သူငယ်ချင်းမို့လို့ ပွင့်ပွင့်လင်းလင်းပြောရရင် လင်း ဒီအတိုင်းနဲ့တော့ နောက်ထပ်ဘွဲ့ထပ်ယူဖို့မပြောနဲ့၊ ရာထူးတိုးဖို့ ခပ်ခက်ခက်။ ဒီတော့ မိဘတွေနဲ့ ပြေလည်အောင်လုပ်ရင် သူတို့သားအတွက် သူတို့ ငွေထုတ်မယ်ထင်တယ်လေ၊ အင်္ဂလန်ကို ကိုယ့်စရိတ်နဲ့ကိုယ်သွားပြီး F.R.C.S ဘွဲ့ကို ထပ်ယူရင် မကောင်းဘူးလား။ လင်းက ငယ်ပါသေးတယ်။ ဖြစ်ခဲ့တာတွေအတွက် ရာထူးမတက်၊ ရာထူးမတက်တော့ စိတ်ဓာတ်ကျ၊ စိတ်ဓာတ်ကျတော့ အရက်သောက်နဲ့ လုံးလည်လိုက်နေတယ်။ ကိုဖေသိန်းက ခဏခဏပြောတယ်၊ ခွဲစိတ်တာနဲ့ မေ့ဆေးက တွဲလုပ်နေရတော့ လင်းက တကယ်တော်တယ်တဲ့။ အလုပ်ခွင်မှာ အရက်မသောက်သလို အပြင်မှာမသောက်ရင် ကောင်းမှာပဲတဲ့"

ရှယ်လီက သက်ပြင်းချလိုက်၏။ ဒေါ်လီ့စကားတွေက မှန်ပါ၏။ မိန်းမမှု၊ အရက်မှုတွေနှင့် အထက်လူကြီးတွေ အထင်သေးစရာဖြစ်ရ၏။ သူနှင့် တတန်းတည်း တချိန်တည်း ဘွဲ့ရခဲ့သူတွေအချင်းချင်း သူက ရာထူးငယ်နေတော့ စိတ်ဓာတ်ကျစရာ။ 

ဒေါ်လီ့အကြံဥာဏ်ကို လင်းအား ရှယ်လီက ဖွင့်ပြောလိုက်သည်။ 

"လူကြီးတွေ လင်းကို နောက်ထပ်ဘွဲ့အတွက် ပညာတော်သင် လွှတ်ချင်လည်း လွှတ်မပေါ့။ မလွှတ်လည်း လင်းမိဘတွေနဲ့ လင်း အဆင်ပြေရင် မိဘတွေစရိတ်နဲ့ လင်း သွားနိုင်ပါတယ်။ လင်းရဲ့ ဒက်ဒီနဲ့မာမီဆီကို အဝင်အထွက်လုပ်ရုံပါပဲ။ နောက်အချိန်တွေမှ အင်္ဂလန်သွားဖို့ပြောပေါ့။ လင်း သွားရင် သားတို့သမီးတို့ပါ ခေါ်သွားပေါ့။ သူတို့မြေးတွေက ချစ်စရာတွေပါ။ မြေးတွေမြင်ရင် သူတို့ ချစ်မှာပါ။ ရှယ်လီ လင်းနဲ့အတူ မလိုက်ပါဘူး။ သူတို့တွေ့ချင်တဲ့ဆန္ဒရှိမှ ရှယ်လီလိုက်ပါ့မယ်"

ရှယ်လီသည် နောက်ဆုံးစကားကို မျက်ရည်ရစ်ဝဲကာ ပြောမိသည်။ သူ့ယောက္ခမများသည် သူ့ကို တွေ့လိုမည်မဟုတ်။ သူ ပါသွားလျှင် အနှောင့်အယှက် ဖြစ်ကောင်းဖြစ်မည်။ 

လင်းက အကြံဥာဏ်ကို လက်ခံသည်။ နောက်တနင်္ဂနွေမှာ သွားဖြစ်သည်။ ရှယ်လီက ကလေးတွေကို သပ်သပ်ရပ်ရပ် အဝတ်အစားပြင်ဆင်ပေးသည်။ ဘိုးဘိုးဘွားဘွားများကို တွေ့လျှင်  ရိုရိုသေသေဆက်ဆံဖို့ အားလုံး မှာလိုက်သည်။ လင်းတို့ထွက်သွားတော့ သူ သက်ပြင်းချမိသည်။ သူ့ယောက္ခမများသည် သူ့သားသမီးလေးများကို ကောင်းမွန်စွာ လက်ခံပါ့မလား။ 

လင်းမိဘများသည် ဘိုဆန်သည်လို့လည်း ကြားဖူးသည်။ မာနလည်းကြီးသလို ငွေကြေးချမ်းသာကြသည်။ ဦးရွှေဇံအောင် ဒေါ်စံကျော့ခိုင်ဆိုသည်မှာ စစ်တွေမြို့မျက်နှာဖုံး၊ လင်းထက် အကြီး သားနှစ်ယောက်ကိုရော အငယ်ညီမနှစ်ယောက်ကိုပါ သူတို့စိတ်တိုင်းကျ အိမ်ထောင်ချပေးသည်။ အားလုံး ဘွဲ့ယူပြီးမှ အိမ်ထောင်ပြုကြသည်။ အိမ်တလုံးစီ ဝယ်ပေးလိုက်သည်။ 

လင်းက ဘွဲ့မရသေးခင် ယူ၍လည်းတကြောင်း၊ ရှယ်လီက ထိုက်ထိုက်တန်တန် တင်မတောင်းသည်ကို လင်းမိဘတွေက မကျေနပ်။ စစ်တွေရခိုင်ထုံးစံက သတို့သားရာထူး အဆင့်အတန်းအလျောက် မိန်းကလေးက တင်တောင်းရသည်။ အထူးသဖြင့် ထိုစနစ်ကို ဦးရွှေဇံအောင်မိသားစုက လက်ခံကျင့်သုံးသည်ဟု သိရသည်။ 

ရှယ်လီသည် သားအဖတတွေ ပြန်လာချိန်ကိုပဲ လည်တဆန့်ဆန့် မျှော်မိသည်။ အားလုံး အဆင်ပြေပါစေဟု ဆုတောင်းမိသည်။ 

သူ့ဆုတောင်းပြည့်ပါသည်။ ကလေးတွေက အိမ်ဝမှ အော်ဝင်လာသည်။ 

"မာမီရေ ...ဘိုးဘိုးကြီးက ပေးလိုက်တယ်"

ဂျင်မီရော အင်နီပါ ဝမ်းသာအားရ သူ့ဆီ ပြေးလာကာ ပြသည်။ ချောကလက်တွေ အထုပ်လိုက်ဖြစ်သည်။ အေမီက သူ့အနားကပ်ကာ ရင်ဘတ်ကိုပြသည်။ ရွှေဆွဲကြိုးလေးတကုံး၊ 

"ဘွားဘွားကြီးက ပေးလိုက်တယ်"

အေမီက ရွှေဆွဲကြိုးကိုကိုင်၍ ဝမ်းသာအားရပြောသည်။ ရှယ်လီသည် ဝမ်းသာ၍လား ဝမ်နည်း၍လားမသိ၊ မျက်ရည်များ လည်လာသည်။ သူ့အကြောင်းနှင့်ပတ်သက်၍တော့ လင်း၏ဒက်ဒီနှင့်မာမီတို့ ဘာပြောသည်ဆိုသည်ကိုတော့ လင်းက တခွန်းမှ မဟ။  ဘာပဲဖြစ်ဖြစ် သူတို့မိသားစု ပြေလည်လျှင် ကျေနပ်ပါပြီ။ 

လင်းရှေ့ရေးနှင့် ကလေးတွေရှေ့ရေးက ရှိသေးသည်။ လင်းဒက်ဒီတို့က သူတို့သားနှင့် မြေးများကို ပစ်ထားမည်မဟုတ်။ သူ့ဘက်က ဒက်ဒီတို့ကတော့ သူ့ကို ဘယ်လိုမှ အကူအညီမပေးနိုင်ကြ။ သူ့အကူအညီကိုသာ တောင်းခံနေကြသည်။ သူကလည်း ဒက်ဒီတို့ကို ပြန်မကြည့်နိုင်။ 

လင်း ရန်ကုန်ဆေးရုံကြီးမှာ တနှစ်ရလာတော့ ဒက်ဒီနေမကောင်း၍ လာဖို့ ညီမလေးများက စာရေးလိုက်သည်။ ကလေးများကျောင်းပိတ်ရက်မှာ သူ နမ္မတူကို ခေတ္တပြန်ခဲ့သည်။ 

သူရောက်တော့ ဒက်ဒီ့အခြေအနေက မြေးများကို ပထမဆုံးနှင့် နောက်ဆုံးအကြိမ် တွေ့ရခြင်းဖြစ်သည်။ အသက်မီရုံပဲရှိသည်။ လင်းက ငွေကို ပိုပိုလျှံလျှံ မပေးလိုက်။  ယခင်က သူ့ကို လင်းပေးထားသော ငွေများထဲမှ တစတစစု၍ဝယ်ထားသော ရွှေလက်ကောက်တရံ ပါလာသည်။ ထိုရွှေကို ထုခွဲ၍ ဒက်ဒီကို နောက်ဆုံး သင်္ဂြိုဟ်လိုက်သည်။ သူ လက်ထပ်စဉ်က စိန်လက်စွပ်တကွင်းကို ရောင်းချကာ လှလှပပလုပ်ပေးခဲ့သော ဒက်ဒီ၏နောက်ဆုံးခရီးကို သူ့ရွှေလက်ကောက်တရံပဲ ရောင်းချကာ အဆင်ပြေအောင် လုပ်လိုက်ရသည်။ သူ့အကြောင်းဘာမှမသိသော ညီမလေး၊ မောင်လေးများနှင့် မိထွေးက ငွေကြေးနှင့်ပတ်သက်၍ သူ့အပေါ် ပိုမို၍ မျှော်လင့်ကောင်းမျှော်လင့်ကြမည်။

သူ ဘာမှမတတ်နိုင်ပါ။ ဒက်ဒီမျှော်မှန်းသလို ဖြစ်မလာသော သူ့အိမ်ထောင်ရေးကို ဒက်ဒီ ဘာမှသိမသွားသည်မှာ တမျိုး ကံကောင်းသည်။ ဒက်ဒီသာသိရင် စိတ်ကောင်းနိုင်မည်မဟုတ်။ 

ကြာကြာမနေနိုင်၊ ဒက်ဒီရက်လည်တော့ သူ ပြန်လာခဲ့သည်။

၉။
ရှယ်လီပြန်ရောက်ရောက်ချင်း ဒေါ်လီက သူ့အခန်းကို ကူးလာသည်။ 

"ရှယ်လီရေ ...မင်းဒက်ဒီဆုံးတာလည်း တို့ သတင်းကြားရလို့ စိတ်မကောင်းပါဘူး၊ တခုက တူးတူးလည်း ဆေးရုံတက်နေရတယ်"

ရှယ်လီက လန့်သွား၏။ 

"ဘာဖြစ်လို့လဲ၊ သူတို့ ပြောင်းလာတာလား"

"ဦဘဇံကြီး ရန်ကုန်ပြောင်းဖို့ အမိန့်က ထွက်လာပြီ၊ ဘာမှမပြင်ဆင်နိုင်ဘဲ တူးတူးနေမကောင်းတာနဲ့ ရန်ကုန်ဆင်းလာရတာ၊ ဒီနေ့ ဗိုက်ခွဲတဲ့နေ့ပဲ၊ လင်းရွှေအောင်နဲ့ကိုဖေသိန်း ခွဲမှာလေ"

"ဘာရောဂါတဲ့လဲ"

"အလုံးလို့ပြောတယ်၊ ခွဲပြီး အလုံးကို ဘိုင်အိုစီ လုပ်ကြည့်ရမှာပေါ့။ တို့ ညနေသွားရအောင်"

ရှယ်လီနှင့်ဒေါ်လီ ညနေစောင်းတော့ ဆေးရုံကြီးဘက် လျှောက်လာကြသည်။ ထိုစဉ်က ယခု နှလုံးရောဂါအဆောက်အအုံမှာ Private Ward (ငွေပေးရသော အထူးခန်း)ရှိသည်။ သူတို့ အခန်းထဲဝင်လိုက်တော့ တူးတူး ခုတင်ပေါ်မှာ သတိမရသေး၊ စပယ်ရှယ်သူနာပြုဆရာမလေးက ခြေရင်းမှာ ရပ်နေသည်။ 

"လာ ...ရှယ်လီတို့ ထိုင်ကြ"

ဦးဘဇံက နေရာပေးလိုက်၏။ 

" ခွဲစိတ်ကုဆရာဝန်ကြီး ဒေါက်တာဘမော်ကိုယ်တိုင် အနားမှာ စောင့်ကြည့်နေတယ်၊ ဒေါက်တာလင်းရွှေအောင် ခွဲစိတ်တာကို ကြည့်ပြီး ချီးကျူးတယ်၊ ကျွန်တော် အများကြီး ကျေးဇူးတင်ပါတယ်"

ဦးဘဇံက ရှယ်လီကိုကြည့်ကာ ကျေးဇူးတင်စကားပြောလိုက်သည်။ မကြာခင် မေ့ဆေးဆရာဝန်ကြီး ဒေါက်တာဖေသိန်းဝင်လာကာ စကားပြောဖြစ်ကြသည်။ ညနေ ၅နာရီလောက်မှာ တူးတူး သတိရလာပေမယ့် စကားမပြောနိုင်သေး၊ မူးရီ၍ ဝိုးတဝါးဖြစ်နေသည်။ 

"လိုအပ်တာရှိရင် ပြောပါ တိုင်းမင်းကြီးရယ်၊ ရှယ်လီ တူးတူးကျေးဇူးကို မမေ့ပါဘူး၊ ဒီက မေ့ဆေးဆရာဝန်ကတော် ဒေါ်လီကလည်း တူးတူးသူငယ်ချင်းပဲ၊ ရှယ်လီတို့က ဒီဆေးရုံနောက်က ဆရာဝန်အဆောက်အအုံမှာ နေကြပါတယ်၊ တူးတူးအတွက် လိုအပ်တာ ပို့ပါမယ်၊ လာလည်းကြည့်မယ်"

"ဟုတ်ပါတယ် ဦးဘဇံ"

ဒေါ်လီကလည်း ဝင်ပြောသည်။ 

"ကျေးဇူးတင်ပါတယ်ဗျာ၊ မကွေးကို ပစ္စည်းသိမ်းဖို့ လူလွှတ်လိုက်ပြီ၊ ကျွန်တော် ရန်ကုန်မှာပဲ နေမှာပါ၊ တူးတူးသတိရရင် သူငယ်ချင်းတွေ အနားမှာ တွေ့ရတော့ အားရှိမှာပဲ၊ မကွေးမှာ တူးတူးဖေဖေ ဆုံးသွားတော့ သူ့အဖေစိတ်နဲ့ နေမကောင်းဖြစ်သွားတယ်ထင်တာ၊ နလန်ထနှေးလို့ ကျွန်တော် ရန်ကုန်လာပြတာ၊ ဒေါက်တာလင်းရွှေအောင်နဲ့ တွေ့ပေလို့၊ ဒေါက်တာလင်းရွှေအောင်ဟာ လူတော်တယောက်ဆိုတာ မြေထဲကတည်းက ကျွန်တော်သိခဲ့ပါတယ် "

လင်းရွှေအောင်က မျက်နှာမထားတတ်သလိုဖြစ်နေသည်။ အတော်ကြာနေပြီးမှ တူးတူးကို နှုတ်ဆက်ကာ သူတို့ပြန်လာသည်။ ယခင်က လူနာကို ခွဲစိတ်စရာရှိလျှင် ခွဲစိတ်ပြီး လင်း ပြန်လာနေကျ၊ ခုတော့ တူးတူး သတိရသည်အထိ စောင့်နေသည်။ သူလည်း သူ့ချစ်ဦးသူကို သံယောဇဉ်ရှိမှာပေါ့။ ရှယ်လီက ရင်ထဲမှာ တွေးနေမိသည်။ 

ညစာစားတော့မှ တူးတူးအခြေအနေကို လင်းကို မေးမိသည်။ 

"သွေးဆင်းနေတာနဲ့ ဆရာဝန်ကြီးဦးဘမော်က စမ်းသပ်ကြည့်ပြီး လင်းကို ခွဲခိုင်းတာ၊ ကင်ဆာဖြစ်ချင်တော့ သားအိမ်ထုတ်ပစ်ရတာပေါ့၊ အလုံးကလည်း ရှိတယ်၊ ခုတော့ ကောင်းသွားမှာပါ"

ရှယ်လီသည် လင်းစကားကို နားထောင်ရင်း ပြောပြလိုက်၏။ 

"ရှယ်လီတို့ တူးတူးကို ကျေးဇူးဆပ်ဖို့ကြုံလာတာပေါ့၊ လင်း ရန်ကုန်ပြောင်းရအောင် တူးတူးက လုပ်ပေးတာ"

"ဟုတ်လား ...တူးတူးလုပ်ပေးတာ ..."

လင်းရွှေအောင် တအံ့တဩမေးလိုက်ပေမယ့် ချက်ချင်းပဲပြန်၍ ငြိမ်သက်သွားသည်။ လင်းရွှေအောင် တိတ်ဆိတ်စွာ ဘာတွေများ တွေးနေမလဲ ရှယ်လီသိချင်သည်။ 

နောက်နှစ်ရက်ကြာတော့ တူးတူးက ကောင်းစွာ သတိရပြီ။ ထ၍တော့ မထိုင်နိုင်သေး၊ နေ့လည်ဘက် တရေးနိုးတော့ သူမျက်လုံး မပွင့်သေး။ မျက်လုံးများကို ပိတ်ထားဆဲ၊ နှာခေါင်းထဲမှာ ကံ့ကော်ပန်းနံ့ သင်းပျံ့လာသည်။ တူးတူးက အံ့အားသင့်သွားသည်။ မျက်လုံးကိုဖွင့်ကြည့်လိုက်တော့ ခြေရင်းက မှန်တင်ခုံမှာ ဖန်အိုးလေးထဲတွင် ကံ့ကော်ပန်းတွေ။

"ဘုရား ...ဘုရား ...ဘယ်သူပေးတာများပါလိမ့်"

တန်ခူးလေသည် ရန်ကုန်မှာ ခြောက်သွေ့ပူပြင်းလှသည်။ သို့ပေမယ့် ကံ့ကော်ပန်းနံ့သင်းပျံ့နေသော သူ့အခန်းထဲမှာ အေးမြနေသည်။ 

"အင်ဂျလာ ...ကံကော်ပန်းတွေ ဘယ်သူယူလာသလဲ"

"ဆရာ ...ဒေါက်တာလင်းရွှေအောင်"

ဆရာမလေးက သူ့အနားကပ်ကာ ပြောလိုက်၏။ 

"မမနိုးလာရင် သူ လာခဲ့မယ်တဲ့ "

အင်ဂျလာပြောနေတုန်း ဖိနပ်သံ တဒေါက်ဒေါက်ကို ကြားနေရ၍ တူးတူး ရင်ခုန်လာသည်။ 

"ဟော ...တူးတူး နိုးပြီလား ..."

လင်းရွှေအောင်သည် အသံနှင့်အတူ အခန်းဝမှ ပေါ်လာကာ သူ့ခုတင်ဘေးမှာ ဝင်ထိုင်လိုက်သည်။ 

သူနာပြုဆရာမလေးကို သူ့ပစ္စည်းတခုကို ယူခိုင်းလိုက်သည်။ တူးတူးသည် ခေါင်းအုံးပေါ်မှီကာ မှေးနေသည်။ သူ့ချစ်သူ အနားမှာထိုင်နေသည်ကို သူသိသည်။ မတွေ့ချင်လို့လည်း မနေရ၊ သူက ချစ်သူ၏လူနာဖြစ်နေပြီကိုး။ 

"တူးတူး  နေလို့ကောင်းလား၊ ဟံအေးကို ကံ့ကော်တွေ ဝယ်ခိုင်းရတယ်၊ လင်းကိုယ်တိုင် စောစောက လာပို့တာ"

တူးတူးသည် မျက်လုံးဖွင့်ကာ ခေါင်းညိတ်ပြလိုက်၏။ 

"တူးတူးရောဂါဖြစ်လာလို့ လင်းကုသခွင့်ရတာ သိပ်ဝမ်းသာတယ်၊ တူးတူးကျေးဇူးတွေဆပ်ဖို့ အခွင့်ကြုံတာပေါ့၊ ပြီးတော့ တူးတူးအပေါ် လင်းပြုခဲ့တဲ့အပြစ်က ခွင့်လွှတ်နိုင်စရာမရှိဘူး၊ ဒီအတွက်လည်း လင်း တောင်းပန်ဖို့ အခွင့်ကြုံရပြီ"

"လင်းရယ် ဒီအကြောင်းတွေ မပြောကြရင်ကောင်းမယ်နော်" 

တူးတူးက အားပျော့စွာ ပြန်ပြော၏။ 

"တူးတူးရော ကိုကိုရော လင်းကို တူးတူးအသက်ကယ်တဲ့အတွက် ကျေးဇူးတင်ရမှာပါ၊ ကျောင်းတုန်းကအကြောင်းတွေကို မေ့ရအောင်လားလင်းရယ်"

"ခံရတဲ့သူလိုပဲ ကျူးလွန်တဲ့သူက မမေ့နိုင်ဘူးတူးတူး၊ တူးတူဝေဒနာကို လူတိုင်း သိနိုင်ပေမယ့် လင်းရင်ထဲကဝေဒနာကိုတော့ ဘယ်သူမှ သိမှာမဟုတ်ဘူး။ ကံ့ကော်ပန်းတွေပွင့်ရင် လင်း ရူးချင်တယ်တူးတူးရယ်"

" တူးတူး တခုခု သောက်ချင်တယ်"

လင်းစကားကြောင်းကို တူးတူးက လွှဲပြောင်းလိုက်၏။ 

"အရည်တခုခု သောက်လို့ ရတယ်လေ"

လင်းက ပြောရင်း စားပွဲပေါ်မှ ရှောက်ချိုသီးကို လှမ်းယူလိုက်စဉ် ဆရာမလေး ဝင်လာသည်။ ဆရာမလေးကို အရည်ညှစ်ခိုင်း၍ ဖန်ခွက်တွင် ထည့်ခိုင်းသည်။ လက်သုတ်ပဝါကို တူးတူးမေးအောက်ထား၍ သူကိုယ်တိုင် ဇွန်းနှင့်ခပ်၍ တူးတူးကို တိုက်သည်။ 

''ဆရာမ တိုက်ပါလိမ့်မယ် လင်းရယ်"

"ဟင့်အင်း တူးတူး ဆေးရုံမှာနေတုန်း ခွဲစိတ်တဲ့နေ့မဟုတ်ရင် နေ့လည်ဘက် လင်း အနားမှာ လာနေမှာပဲ၊ ဘယ်သူမှ လင်းကို မတားနိုင်ဘူး"

ခက်ကပြီ။ တူးတူးသည် သက်ပြင်းချလိုက်၏။ လင်းမျက်နှာကို ရဲရဲမကြည့်ရဲ။ သူနာပြုဆရာမလေးကို အနားမှာ ရပ်ခိုင်းထားသည်။ ဆရာမလေးကလည်း ဆရာဝန်ကိုယ်တိုင် ပြုစုသည်ကို တအံ့တဩကြည့်နေသည်။ 

" အင်ဂျလာရေ ....တူးတူးက ဆရာ့ရဲ့နှမလည်းနှမ၊ ကျေးဇူးရှင်လည်း ကျေးဇူးရှင်။ ဆရာ့မိန်းမလည်း ညနေကျ လာလိမ့်မယ်"

လင်းက ဆရာမနာမည်ခေါ်ကာ ရှောက်ချိုသီးအရည်ဖန်ခွက်ကို ဆရာမကို လှမ်းပေးပြီး ပြောလိုက်သည်။ သူ့စကားများက တူးတူးအပေါ် သံသယရှင်းစေလိုသောသဘော ဆရာမလေးက သူ့အပြုအမူကို သံသယရှိမရှိ မသိပါ။ 

ရှယ်လီနှင့်ဒေါ်လီကတော့ ညနေပိုင်းကျမှ အားကြရသည်။ ကလေးတွေ လင်သားတာဝန်တွေနှင့် နေ့လည်မှာမအားကြ။ ဆေးရုံကလည်း နေ့လည် ဧည့်သည်လာခွင့်မပြု၍ ညနေပိုင်းကျမှ လာကြရသည်။ 

သူတို့လာတော့ ဦးဘဇံနှင့် သားနှစ်ယောက် တူးတူးကို လာကြည့်ကြသည်။ တူးတူးက ထူထူထောင်ထောင်ဖြစ်လာ၍ အစားအစာပျော့ပျော့ စားသောက်နိုင်သည်။ ရှယ်လီက ခဏခဏဆိုသလို ပူတင်းဖုတ်လာတတ်သည်။ 

ရှယ်လီတို့ ဒေါ်လီတို့နှင့်ဆုံတိုင်း ဦးဘဇံက ဒေါက်တာလင်းရွှေအောင်ကို ကျေးဇူးတင်ကြောင်း တဖွဖွ ပြောတတ်သည်။ 

"ခွဲစိတ်အထူးကုဆရာဝန်ကြီး ဦးဘမော်နဲ့ပြတော့ ဦးဘမော်က လက်ခံပြီး ဒေါက်တာလင်းရွှေအောင်နဲ့ခွဲခိုင်းမယ်လို့ သူက ပြောတယ်။ သူကိုယ်တိုင်လည်း ခွဲခန်းထဲမှာ နေပေးတယ်၊ အရေးအကြောင်းရှိ ကူညီရအောင်တဲ့။ သူ့တပည့်တော်တာကို ကျွန်တော့်ကို ပြောပြတယ်။ တူးတူးအခြေအနေက နည်းနည်းစိုးရိမ်ရတယ်လေ၊ ရှယ်လီတို့ကျေးဇူးတွေ ကျွန်တော်မမေ့ပါဘူး"

ဦးဘဇံစကားဆုံးတော့ တူးတူးက ဆက်ပြော၏။ 

"နေ့လည်ဆိုလည်း ခွဲစိတ်ခန်းမဝင်ရတဲ့နေ့ဆိုရင် လင်း တူးတူးဆီ အမြဲလာတယ်"

ရှယ်လီက အံ့ဩဟန်ပြပြီး ချက်ချင်း သူ့မျက်နှာဟန်ကို သိမ်းလိုက်၏။ ဖျော်ရည်ကိုယ်တိုင်တိုက်သည်ကိုတော့ တူးတူးက ဆက်မပြော။ 

နှစ်ပတ်လောက်နေပြီးတော့ တူးတူး ဆေးရုံမှဆင်းသွား၏။ သူတို့အိမ်က ၆မိုင်ခွဲမှာဖြစ်သည်။ ဆေးရုံမှဆင်းပြီး နောက်တပတ် ရှယ်လီနှင့်ဒေါ်လီကို တူးတူးအိမ်သို့ နေ့လည်စာ စားကြွဖို့ တူးတူးက ဖိတ်၏။ နေ့လည်စာ သွားစားရန် ဒေါ်လီက အဝတ်အစားလဲပြီး ရှယ်လီကို သွားခေါ်သည်။ 

"ထိုင်ပါဦး ဒေါ်လီ၊ ရှယ်လီလိုက်ပါ့မယ်၊ တခု ဒေါ်လီနဲ့တိုင်ပင်ချင်လို့။ တူးတူးကို ခွဲစိတ်ကုသတဲ့ကိစ္စမှာ တကယ်တော့ လင်းက စေတနာနဲ့ လုပ်ပေးတာပါ၊ လင်းနဲ့တူးတူးကိစ္စလည်း ဒေါ်လီသိပြီးသားပဲ၊ သံယောဇဉ်လည်း ကုန်ချင်မှ ကုန်မှာပေါ့လေ "

ရှယ်လီ ဘာကိုဆိုလိုသည်ကို ဒေါ်လီ နားမလည်သေး။ ငြိမ်သက်စွာပင် နားထောင်နေသည်။ 

"လင်းက နေ့လည် တူတူးကို သွားကြည့်ရုံတင်မကဘူး။ ဖျော်ရည်ပါ ကိုယ်တိုင်တိုက်တယ်"

"မင်း ဘယ်လိုလုပ်သိလဲ ရှယ်လီ"

ရှယ်လီက မချိပြုံးလိုလို ပြုံးလိုက်ကာ ဆက်ပြော၏။ 

" စပယ်ရှယ်နပ်စ်က ပြောပြတာ၊ သူလည်း အနားမှာ ရှိနေပါတယ်တဲ့၊ ဘာပဲဖြစ်ဖြစ်လေ ဒီအတွက် ကိုယ် သံသယမဖြစ်ပါဘူး"

"အဲဒီတော့....."

ဒေါ်လီက စိတ်ဝင်စားလာကာ စကားထောက်လိုက်၏

"တူးတူးအနေနဲ့ကလည်း ဘယ်လိုစိတ်ထားလဲ မသိဘူး၊ ဒါပေမဲ့ ဦးဘဇံကြီးကတော့ လင်းကို တကယ်ပဲ ကျေးဇူးတင်နေတာ၊ လင်းကောင်းစားတာကိုလဲ တူးတူးလိုလားမှာပါ"

"ရှယ်လီ ဘာဖြစ်ချင်တာလဲ"

" ဦးဘဇံ လုပ်ပိုင်ခွင့်ရှိရင် လင်းကို အင်္ဂလန်မှာ ပညာတော်သင်သွားနိုင်အောင်၊ ခွဲစိတ်အထူးကုဘွဲ့ယူနိုင်အောင်ပေါ့ကွာ။ တူးတူးကို ပြောကြည့်ချင်တယ်၊ ဒါပေမဲ့ ရှယ်လီပြောရင် အခွင့်အရေးယူရာလည်းကျမယ်၊ လင်း ခွဲစိတ်ကုသပေးတဲ့စေတနာကိုလည်း အလွဲသုံးစားပြုရာကျမယ်၊ လင်းအဖြစ်က မိဘတွေနဲ့ပြေလည်ပေမယ့် အလုပ်မှာ နောက်ကျနေပြီ။ ဒေါ်လီ့ယောက်ျားကိုဖေသိန်းဆို အင်္ဂလန်က မေ့ဆေးပါရဂူဘွဲ့ယူပြီး ပြန်လာပြီ။ လင်းမှာတော့ နောက်ကြောင်းက အမည်းစက်တွေနဲ့ ပါရဂူဘွဲ့ရဖို့နေနေသာသာ ဆရာဝန်ကြီးတောင် မဖြစ်သေးဘူး။ ဒီတော့ ရှယ်လီ့ကိုယ်စား ဒေါ်လီစကားစပ်မိတဲ့အခါ ဦးဘဇံနဲ့ တူးတူးကို လင်းအတွက် ပြောပေးပါလား"

ဒေါ်လီ ငေး၍ စဉ်းစားနေသည်။ တူးတူးကော ရှယ်လီကော ကျောင်းနေဘက် သူငယ်ချင်းများဖြစ်သည်။ နှစ်ယောက်လုံးအကြောင်းတွေကိုလည်း သူသိသည်။ လင်း ဘယ်လိုပဲပွေပွေ ရှယ်လီသည် လင်း၏တိုးတက်ရာတိုးတက်ကြောင်းကိုတော့ အမြဲလိုလားမှာ ဖြစ်သည်။ 

"အေးပေါ့လေ၊ စကားစပ်မိတဲ့အခါ ကိုယ် ပြောပြပါ့မယ်၊ အကယ်၍ အစိုးရက သူ့ကို မလွှတ်ဘူးဆိုရင်တောင် အလုပ်ကထွက် ကိုယ့်စရိတ်နဲ့ကိုယ် အင်္ဂလန်သွား ဘွဲ့ယူနိုင်တာပဲ။ သူ့မိဘတွေကလည်း ငွေကြေးတောင့်ပါတယ်၊ အလုပ်ထွက်ခွင့်ရအောင်နဲ့ သွားခွင့်ရအောင် တူးတူးကို အကူညီတောင်းလည်း ဖြစ်တာပဲ"

သူငယ်ချင်းနှစ်ယောက် တူးတူးအိမ်သို့ ထွက်လာခဲ့သည်။ တူးတူးက နေကောင်းနေပြီ။ သူ့ရင်ထဲမှာ မလုံမလဲစိတ်ကြောင့် လင်းရွှေအောင်ကို ထမင်ဖိတ်ခေါ်ကျွေးလိုပေမယ့် ဦးဘဇံကိုယ်တိုင်က စကားစလာမှ သူက ကျွေးချင်သည်။ ဦးဘဇံ မအားမလပ်ဖြစ်နေချိန်မှာ ဇနီးသည်တွေပဲ တွေ့ဆုံသည့်အနေနှင့် ရှယ်လီနှင့်ဒေါ်လီကို နေ့လယ်စာ စားဖို့ ဖိတ်ခြင်းဖြစ်သည်။ 

တူးတူး အိမ်ဝက ဆီးကြိုတော့ ရှယ်လီသည် မြေထဲတုန်းက အကြောင်းကို သတိရသည်။ ယခုလည်း တူးတူးအကူအညီကိုပဲ သူ တောင်းခံရဦးတော့မည်။ 

တူးတူးက အပြန်လိုက်ပို့မည်ဆို၍ ဒေါ်လီ့ကားကို ပြန်လွှတ်လိုက်သည်။ 

သူတို့ကို တူးတူးက ဧည့်ခန်းကို ဦးဆောင်ခေါ်သည်။ ဧည့်ခန်းထောင့်မှာ မြေထဲအိမ်မှာ တွေ့ခဲ့သော ဦးဘဇံနှင့်တူးတူး ယှဉ်တွဲလျက် ဓာတ်ပုံကို ပန်းချီဆွဲကာ နောက်မှီခုံနှင့် ထောင်ထားသည်။ 

ပုံက အကြီးချဲ့ထား၍ ရုပ်လုံးကြွနေသည်။ ဆိုဖာများက အစိမ်းရင့်ရောင် ပွင့်ခက်များ အုပ်ထားသည်။ နံရံကလည်း ဖက်ဖူးရောင်ပြေးနေသည်။ ပြတင်းတံခါးကြီးများမှ လျှောကျနေသော ဇာခန်းဆီးများကလည်း နွယ်စိမ်းတွေမှာ ပန်းပွင့်ဖြူလေးများ ချိတ်နေသောအဆင်။

လေက ဖြည်းညင်းစွာ တိုက်ခတ်တိုင်း ပန်းပွင့်ကလေးများ လှုပ်ရှားယိမ်းနွဲ့ပုံမှာ တောအုပ်လေးနှင့်တူနေသည်။ ဧည့်ခန်းတခုလုံး စိမ်းမြစိုပြည်ခြင်း၊ ငြိမ်းအေးခြင်းတို့ဖြင့် လွှမ်းခြုံနေသည်။ တကယ်လည်း တူးတူးဘဝက အေးချမ်းပါသည်။ တူးတူးက သူတို့ကို နေရာပေးလိုက်၏။ 

သူတို့သုံးယောက်လုံး ဆိုဖာပေါ် ထိုင်တော့ မိန်းကလေးတယောက် လိမ္မော်ရည်ဗန်းလေးကိုင်ကာ သူတို့ရှေ့ လာချသည်။ 

"နော်မေ ...စားပွဲ စပြင်တော့နော်"

တူးတူးက ကလေးမလေးကို ပြောလိုက်သည်။

"ကဲ ဖျော်ရည် အမောပြေ သောက်ထားကြနှင့်နော်၊ တူးတူး မုန့်ဟင်းခါးချက်ထားတယ်၊ မိန်းမကြိုက်လေ၊ ရှယ်လီကတော့ မသိဘူး။ ဒေါ်လီက အလွန်ကြိုက်"

"ရှယ်လီလည်း ကြိုက်ပါတယ် "

"တူးတူးက ကိုကို့ကို မစောင့်နိုင်ဘူး၊ ကိုကိုက ပြောပါတယ်၊ သူ အလုပ်များနေလို့တဲ့။ တနေ့ ဒေါက်တာလင်းရွှေအောင်ကို ညစာကျွေးချင်တယ်တဲ့၊ ရန်ကုန်ရောက်မှ ကိုကိုလည်း မအားဘူး၊ ပြည်ထဲရေးဌာန အတွင်းဝန်ဆိုတော့ အလုပ်ရှုပ်သားလား၊ ဒါနဲ့ တူးတူးက ကိုကိုမအားသေးရင် အားတော့မှ ဒေါက်တာ့ကို ဖိတ်ကျွေးတာပေါ့လို့၊ တူးတူး ခု ရှယ်လီတို့ မိန်းမချင်းဆုံရအောင်ဆိုပြီး မုန့်ဟင်းခါးကျွေးတာ"

"ကောင်းတယ်၊ ယောက်ျားတွေမပါတော့ တို့ဟာတို့ လွတ်လွတ်လပ်လပ် စကားပြောရတာပေါ့"

ဒေါ်လီက စကားစလိုက်သည်။ သူတိုကျောင်းတုန်းကအကြောင်းတွေ၊ တူးတူးရောဂါအကြောင်းတွေ ပြောနေကြဆဲ ကလေးမလေးက မုန့်ဟင်းခါးပြင်ပြီးကြောင်း လာပြောသည်။ 

ထမင်းစားခန်းထဲ ဝင်ကာ သူတို့ မုန့်ဟင်းခါးစားနေတုန်း ဦးဘဇံက အပြင်မှ ပြန်ရောက်လာသည်။ ထမင်းစားခန်းထဲသို့ တိုက်ရိုက်ဝင်လာ၏။ 

"တူးတူးက သူ့သူငယ်ချင်းတွေကိုပဲ ဖိတ်ကျွေးတာ၊ ကျွန်တော်က ဘာရမလဲ၊ မှီအောင် ပြန်လာတာ"

လှိုက်လှိုက်လှဲလှဲ အကျွမ်းတဝင် ဦးဘဇံက ပြောလိုက်သည်။ 

"ထိုင် ကိုကို၊ တခါတည်း ဝင်စားမယ်မဟုတ်လား"

တူးတူး ထကာ မုန့်ဟင်ခါးတပန်းကန်ပြင်ပေး၍ ဦးဘဇံရှေ့မှာ ချလိုက်၏။ ဦးဘဇံသည် ချက်ချင်းမစားသေးဘဲ စကားဆက်ပြောနေသည်။ 

"ရှယ်လီရော ဒေါ်လီရောပဲ ဒေါက်တာတို့ကို ပြောပြပါ။ အားတဲ့ တနင်္ဂနွေတည ပြောပါလို့၊ ကျွန်တော် ဒေါက်တာ ဖေသိန်းကိုရော ဒေါက်တာ လင်းရွှေအောင်ကိုပါ ထမင်းစားဖိတ်ချင်ပါတယ်၊ တခါတည်း ဆရာဝန်ကြီးဦးဘမော်ကိုပါ ဖိတ်မယ်။ 
သူ့တပည့်ဂုဏ်ပြုပွဲမှာ သူ့ကိုပါ ဖိတ်ရမှာပေါ့"

ဦးဘဇံစကားကြားရတော့ အမျိုးသမီးသုံးယောက်လုံး ဝမ်းသာသွားသည်။ တူးတူးကတော့ သူ့ချစ်သူကို ချစ်သူအနေနဲ့မဟုတ်တောင်မှ ကျေးဇူးရှင်ဆရာဝန်အနေနှင့် ကျေးဇူးပြုချင်သည်။ 

ဦးဘဇံ ဆန္ဒ အလိုအလျောက်ဝင်လာ၍ သူ ဝမ်းသာသည်။ ရှယ်လီနှင့်ဒေါ်လီကတော့ သူတို့အကြံဥာဏ်အတိုင်း ထိုနေ့ ညစာစားပွဲမှာ လင်းရွှေအောင်ရှေ့ရေးအတွက် ပြောဖြစ်အောင် ပြောကြမည်။ ထမင်းစားပွဲမတိုင်ခင် ဒေါ်လီက တူးတူးကို စကားထည့်ထားမည်ဖြစ်သည်။ 

ရှယ်လီက သူ့ရှေ့တူရူရှိ နံရံကို ကြည့်လိုက်၏။ နံရံပေါ်က ဓာတ်ပုံ၊ ဦးဘဇံက အလယ်မှာရပ်၍ သားနှစ်ယောက်က ဘေးမှရပ်ကာ တူးတူးက ဦးဘဇံရှေ့မှာ ထိုင်နေသော မိသားစု ဓာတ်ပုံ။ 

ဒီဓာတ်ပုံက တူးတူးနှင့် လင်ပါသားများ အဆင်ပြေသောအဓိပ္ပါယ်ကို ဖော်ညွှန်းနေလေသည်။ တဦးစီ၏အပြုံးရိပ်များက မိသားစုငြိမ်းချမ်းမှုကို ထင်ရှားစေသည်။ 

ညနေစောင်းမှ တူးတူးကိုယ်တိုင် အိမ်ကကားနှင့် ရှယ်လီတို့ကို ပြန်ပို့သည်။ ဒေါ်လီတို့အိမ်မှ ပြန်လာတော့ ဦးဘဇံကို ခြံထဲမှာ နားနားနေနေ တူးတူးက တွေ့ရသည်။ 

တူးတူးသည် အင်္ကျီမလဲတော့ဘဲ ဦးဘဇံအနားလျှောက်လာကာ ဘေးတဘက်ရှိကုလားထိုင်မှာ ထိုင်လိုက်သည်။ သူ့ရင်ထဲမှာ လေးနေသည်။ မသိုးမသန့်ဖြစ်နေသည့်အကြောင်းကို သူ ပြောပြချင်သည်။

သည်စိတ်ကူးက ဆေးရုံမှာကတည်းက စိတ်ကူးဖြစ်သည်။ သူနှင့်လင်းရွှေအောင်အကြောင်းကို ကိုကို့ကို သူ မပြောပြရသေး။ 

ဆေးရုံမှာ လင်းရွှေအောင်က သူ့ကို လာရောက်ပြုစုသည်ကို သူမပြောခင် ကိုကိုသိလျှင် တစုံတရာ အထင်လွှဲမှားနိုင်စရာ ဖြစ်နိုင်သည်။ ပြောလိုက်လျှင်ကော ကိုကို့သဘောထား ဘယ်လိုပါလဲ။ 

သူ့စိတ်ကို သူ အရင်မေးလိုက်သည်။ လင်းအပေါ်မှာ သန့်စင်ပါသည်။ အကြောင်းတိုက်ဆိုင်၍ ပြန်လည်တွေ့ဆုံကြခြင်းသာဖြစ်၍ ရှေ့ ဇာတ်လမ်းက ဆက်စရာမရှိ။ ဖွင့်ပြောတာပဲ ကောင်းမည်။ ကိုကိုက ခွင့်မလွှတ်နိုင်ဘူးဆိုလျှင်လည်း သူ့ကံတရားပေါ့။ တခါက သူ့နှလုံးသားတွင် သင်းပျံ့ခဲ့သော ကံ့ကော်ရနံ့အကြောင်းကို ပြောရမည်။ ယခု နွေနှောင်းခဲ့ပြီ၊ အနောက်တောင်မှာ တိမ်ညိုများ ရစ်သိုင်းစပြုလာပြီ။ မိုးကိုမျှော်နေသော စကားဝါဖူးတွေ ရွှေရည်လူးစပြုပြီ။ 

လေက နွေလေနှောင်းမို့ သွေ့ဆဲ။ ဒါပေမဲ့ ညနေစောင်းမို့ သူတို့ခြံထဲမှာ အပူသက်သာသည်။ သည်ခြံထဲမှာ စကားဝါပင်တွေပဲများသည်။ 

သူနှင့် ဦးဘဇံ လက်ထပ်စက ကံ့ကော်ပင်စိုက်ဖို့ ဦးဘဇံက ပြောခဲ့ဖူးသည်။ သူ လက်မခံခဲ့။ တော်ပါပြီ။ သထုံခြံမှာပဲ ကံ့ကော်၏မွှေးပျံ့ခြင်းတွေ နေရစ်ခဲ့ပါတော့။ သူ့ရင်မှာ ကံ့ကော်ရနံ့ ဘယ်သွားသွား မွှေးပျံ့နေဆဲဖြစ်လေတော့ အပြင်မှာ ထပ်မံမတွေ့လိုတော့ပါ၊ အသစ်မဖြစ်လိုတော့ပါ။ 

ဦးဘဇံသည် ဘာကိုမှ မပြောဘဲ သူ့အနားငုတ်တုတ်ထိုင်ကာ ကောင်းကင်ကို မော့ကြည့်နေသော ဇနီးကို အကဲခတ်နေသည်။ 

ညနေခင်း၏လေညှင်းများက တူးတူးနဖူးစမှ ဆံစများကို လွင့်ပါးစေသည်။ ခေတ္တခဏတော့ တူးတူး ဦးဘဇံကို မေ့သွားသည်။ သူ ဣနြေ္ဒပျက်နေသည်ကို သတိမထားမိ။ 

"ဘာတွေများ တွေးနေလဲတူးတူးရယ်၊ အမောပြေ ဖျော်ရည်သောက်လိုက်ဦး"

ဦးဘဇံက တူးတူးကို လိမ္မော်ရည်ကမ်းပေးလိုက်မှ တူးတူးက အသက်ဝင်လှုပ်ရှားလာသည်။ လိမ္မော်ရည်ကို လှမ်းယူသောက်ရင်း စကားစရှာနေသည်။ တူးတူးမပြောခင် ဦးဘဇံက စကားစလာသည်။ 

"တူးတူး ကိုကိုတို့ လင်းရွှေအောင်ကို မကန်တော့ရသေးဘူးနော်၊ ကိုကို့သဘောကတော့ ထမင်းကျွေးတဲ့နေ့မှာ ငွေငါးထောင်နဲ့ ကန်တော့ရအောင်။ ဦးဘမော်ကြီးကတော့ မလိုဘူးပဲ ပြောနေတာပဲ"

"ကိုကို့သဘောပေါ့"

"ပြီးတော့လည်း ကိုကိုစဉ်းစားတယ်၊ ခွဲစိတ်ကုသမှု ဒါလောက်တော်တဲ့သူ မြှုပ်နေတာ မသင့်တော်ပါဘူး၊ နိုင်ငံခြားမှာ အထူးကု ခွဲစိတ်ကုသတဲ့ဘက်က ဘွဲ့တခုခု သွားယူဖို့ ကောင်းပြီ"

"ခက်တာက သူ့နောက်ကြောင်းတွေက မရှင်းလို့ လူကြီးတွေကများ ထစ်ထားတာလား"

"ကိုကို စဉ်းစားနေတယ်၊ ဦးဘမော်ထောက်ခံရင် ရမှာပါ။ ကိုကိုလည်း ကျန်းမာရေးဌာနက အတွင်းဝန်နဲ့ တိုင်ပင်ချင်တယ်။ ဒီလိုလုပ်မယ်၊ အဲဒီညစာစားပွဲမှာ ဦးဘမော်ရော ကျန်းမာရေးအတွင်းဝန် ဦးကျော်သာနဲ့ သူတို့ဇနီးတွေကို ကိုကို ဖိတ်လိုက်မယ်။ ရှယ်လီနဲ့ဒေါ်လီလည်း ပါလာပစေပေါ့။ ဒေါက်တာလင်းရွှေအောင်ကိုတော့ တူးတူးကိုယ်တိုင် ဖိတ်လိုက်ပါ"

တူးတူးသည် ဖျော်ရည်ကို တစိမ့်စိမ့်သောက်ရင်းမှ ဖန်ခွက်ကို စားပွဲဝိုင်းပေါ် တင်လိုက်သည်။ သူသည် စကားပြောရန် အားယူနေသည်။ ရင်ထဲမှာလည်း တဒိတ်ဒိတ်နှင့်၊ ခြေဖျားလက်ဖျားတွေပါ အေးလာသလိုဖြစ်လာသည်။

"ကိုကို့ကို တူးတူး တခုပြောစရာရှိတယ်"

ဦးဘဇံက တူးတူးမျက်နှာကို အေးဆေးစွာ ကြည့်လိုက်သည်။ 

"ပြောလေ"

"အမှန်တော့ အစောကြီးက ပြောဖို့ သင့်ပါတယ်၊ ဒါပေမဲ့ ပြန်လည်ပြီး မဆုံကြတော့ဘူးထင်လို့ တူးတူး မပြောခဲ့တာ၊ အခု ပြန်လည်တွေ့ကြရတော့ နောင်မှ သင်္ကာမကင်းစရာတွေ ဖြစ်မှာစိုးလို့"

"ဘာကိုလဲ၊ တူးတူးစကားက မရှင်းဘူး"

ဦးဘဇံက နဖူးရှုံ့၍ မေးလိုက်၏။ တူးတူးရင်ထဲမှာ ခုန်လာကာ သက်ပြင်းတချက်ရှိုက်လိုက်၏။ 

"ဒေါက်တာလင်းရွှေအောင်က တူးတူးဆေးရုံတက်နေတုန်း နေ့လည်ဆို တူးတူးကို လာကြည့်ရင်း သူကိုယ်တိုင်ပြုစုတယ်၊ ဆရာဝန်တယောက်က လူနာကို ဂရုတစိုက်ပြုစုတာမဆန်းဘူးဆိုပေမယ့် တူးတူး စိတ်မသန့်ဘူး၊ ဘာကြောင့်လဲ ဆိုတော့ ..."

တူးတူးက စကားရှေ့မဆက်ဘဲ ခေတ္တရပ်ဆိုင်းထား၏။ ပြီးမှ လေသံတိုးတိုးနှင့် ဆက်ပြောသည်။ 

" တူးတူးတို့ကျောင်းမှာနေတုန်းက ရှယ်လီနဲ့မတွေ့ခင် လင်းရွှေအောင်ဟာ တူးတူးရဲ့ချစ်သူပါ"

တူးတူးအသံက တုန်ရင်ကာ တိုးဝင်သွား၏။ သူ့မျက်လုံးမှာ မျက်ရည်တွေ ဝေလာသည်။ ဦးဘဇံက တူးတူးကိုမကြည့်။ ကြိမ်ကုလားထိုင်မှီကာ ကောင်းကင်ကို မော့ကြည့်နေသည်။ ချက်ချင်း ဘာမှ ပြန်မပြောသေးပါ။ 

တူးတူးရင်ထဲမှာ ကြာမြင့်ခြင်းဝေဒနာကို သည်းမခံနိုင်သလို ဖြစ်လာသည်။ ပြီးတော့မှ ဦးဘဇံက သူ့မျက်နှာကို ကြည့်လိုက်သည်။ 

"လက်ရှိအခြေအနေက တူးတူးအပေါ်မှာ တည်ပါတယ် တူးတူး"

လင်သည်၏ပညာသားပါပါပြောစကားက လေးနက်လှသည်။ 

"ကျောင်းတုန်းကအကြောင်းကတော့ ကိုကို တူးတူးကို လက်မထပ်ခင်ကတည်းက စုံစမ်းခဲ့တာ၊ ကိုကိုရဲ့သားနှစ်ယောက်နဲ့ဖြစ်မဖြစ် တူးတူးရဲ့စိတ်နေသဘောထားအားလုံး စုံစမ်းပြီးမှ တူးတူးကို လက်ထပ်တာဆိုတော့ တူးတူးနဲ့ လင်းရွှေအောင်အကြောင်း ကိုကိုသိပြီးသားပါ"

တူးတူးသည် ပါးစပ်အဟောင်းလေးနှင့် ဖြစ်သွား၏။ 

"ကိုကို သိတယ်"

သူသည် ပါးစပ်မှ ရေရွတ်ရင်း ဦးဘဇံလက်ကို ဆွဲယူ ဖျစ်ညှစ်ထားသည်။ 

"သိပါတယ်၊ လင်းက ရှယ်လီကို ယူသွားတာပဲ၊ ပြီးတော့ ကိုကိုက သားနှစ်ယောက်အဖေ မုဆိုးဖို၊ တူးတူး အပျိုအစစ်ကို ရတာ ကိုကို ဘာ ခွင့်မလွှတ်နိုင်စရာရှိသလဲ"

ဘုရား ...ဘုရား ....။ တူးတူးရင်ထဲမှာ ကိုကို့ကို ကျေးဇူးတင်လိုက်တာ...။ 

စိတ်ထဲမှာလည်း ပြောမိ၏။

"တူးတူး ကိုကို့အပေါ်မှာ သစ္စာရှိလျက်ပါ ကိုကို "

ညနေစောင်း၏ ပြေလည်အေးချမ်းခြင်းအလှများ သူတို့အပါးမှာ ရစ်ဆိုင်းနေသည်။

ဆက်ရန်
---------------------------------
ခင်နှင်းယု

Post a Comment

0 Comments