#ဘုရင်ခံ မလိုချင်ပေါင်
အပိုင်း(၂)
တခါတလေလည်း ဒေါ်ငြိမ်းမယ်သည် အမေ့ကို လွမ်းမိသည်။ ခုလို ဝယ်ခြမ်းစားရပုံမျိုးကို အမေသာကြုံလျှင် ထမင်းမျိုကျမည်မဟုတ်။ အမေသည် စည်းကမ်းစနစ်ကြီး၏။ ကြက်သွန်ကို မြစ်သားအမျိုးအစားကို မသုံး။ မင်းဘူးကြက်သွန်ကို အညာလှေကြီးများဆိုက်လျှင် အချိန်တဆယ်လောက်ကို ဝယ်၍ မီးဖိုချောင်တွင် ဖြန့်ထားသည်။ သူကတော့ လူငယ်ဖြစ်၍ စိတ်မြန်လက်မြန်ဖြစ်၏။ ဒီမင်းဘူးကြက်သွန် အမြွာသေးသေးလေးများကို ခွာနေရသည်ကို စိတ်မရှည်။ မြစ်သားကြက်သွန်လို ဥတလုံးကြီးတွေကိုသာ မြန်မြန်ထက်ထက် နွှာ ထုထောင်း ချက်ပြုတ်လိုက်ချင်သည်။
“ဟဲ့သမီးရဲ့၊ နဲနဲတော့ ပင်ပန်းတာပေါ့အေ၊ မင်းဘူးကြက်သွန်ကလေ အနှစ်လဲ များများရ၊ ဟင်းခပ်ရာမှာလဲ မွှေးတယ်။ ပြီးတော့ အဖိုးကလဲ ခေါက်ချိုးနီးနီးလောက် ကွာတာ...”
ဆီသုံးသည့်နေရာမှာလည်း တပုံးကို သုံးဆယ် သုံးဆယ့်ငါးကျပ် ဝယ်ရချိန်ကို ကြုံလိုက်ရ၏။ ဒီလောက်ဈေးကိုသော်မှ အမေက ရင်မ,နေ၏။
“ဟဲ့...ငြိမ်း၊ နင့်အဖေ (ကိုအကောင်းကြိုက်)ကိုသာ ဆီအိမ့်အိမ့် ချက်ပေး၊ ဆီပြန်ဆိုရင် နှစ်ကျပ်ခွဲမှုတ် တမှုက်ဘဲ သုံးနော်။ ငါးကို ဆီပြန်နေအောင် ချက်ပြီး ချကာနီးတော့ ရေလေး နဲနဲရော၊ ခရမ်းချဉ်သီးခပ်လိုက်ရင် ဆီထွေး ရေထွေး နယ်လို့ ဖတ်လို့လဲ အနှစ်များများ ရတယ်။ နို့မို့ရင်လေ ညည်းအဖေက ထမင်းဝိုင်းထိုင်မိရင် ဘယ်မှာလဲ အနှစ်ဆိုပြီး စကားရှည်အုံးမယ်....”
ငြိမ်းသည် ဟင်းချက်ရင်း ပြုံးမိ၏။ သူတို့ဌာနေ မြစ်ဝကျွန်းပေါ်လို သားငါးအစုံပေါသည့် နေရာတွင်တောင် အမေသည် အိမ်သားများနှင့်အတူ ငါးသံချိတ်၊ ငါးနုသန်း၊ ငါးဘဲဖြူ စသည့် ငါးသေးနုတ်လေးများကိုသာ စားလေ့ စားထရှိသည်။
“ဒိုများစားဘို့ ငါးသံချိတ်ဆီပြန် ခြောက်ခြောက်လေး ချက်၊ ငပိထောင်းလေး သံပုရာရေညှစ်၊ ဆိတ်ဖူး တို့မယ်။ ကင်းပုံရွက်ဟင်းချိုချက်၊ တော်ရောပေါ့။ သမီးတို့အဖေဘို့ ငါးမြင်းဆီပြန်တခွက် ချက်ပေးလိုက်ပေါ့”
လင်ကိုတော့ ဦးစားပေး စေတနာလေးမှာ အမေ့တွင် အမြဲရှိသည်။ ဒါတောင် အမေ့ခေတ်က ငါးမြင်းရင်းတပိသာ သုံးကျပ် လေးကျပ်ရှိ၏။ ရန်ကုန်လိုသာ ငါးမြင်းရင်း ရှစ်ကျပ်မှသည် ဆယ့်ငါးကျပ်ဈေးအထိ ဝယ်စားရလျှင် အမေ တယောက် ထမင်းကို ဟင်းနဲ့တောင် စားချင်မှစားပေတော့မည်။
အမေ့ လက်သုံးစကားကမူ
“ဝမ်းတထွာသာ ဆိုတယ်၊ တနေ့ထဲ တခါထဲ စားလို့ ပြီးတာမှမဟုတ်ဘဲ သမီး၊ နေ့စဉ် စားနေရတဲ့ကိစ္စ၊ ဘယ်သူမဆို မျက်မျက်ကလေးတော့ စားချင်ကြတာပေါ့။ ကျန်တဲ့ရက်တွေမှာ တော်ရုံတန်ရုံပေါ့သမီးရယ်.....”
အမေသည် ချက်ရင်းပြုတ်ရင်း သည်လိုဘဲ ငြိမ်းကို မသိမသာ ဆုံးမသွား၏။ သို့သော် အမေသည် သူကသာ ခေါင်းတရာရှိသော ငါးသေး ငါးမွှားလေးများကို ဆီခြောက်ခြောက်ချက်လိုက်၊ ရေစပ်စပ်ချက်လိုက်နှင့် ဆီအကုန်နဲအောင် ကြံဖန်ချက်စားသည်။ အဖေဘို့တော့ ဦးစားအနေနှင့် ဟင်းတခွက်ကောင်း ချက်ပေးခဲ့သည်။
ငြိမ်းသည်လဲ မြမြစိန်တို့အဖေနှင့် ရပြီးချိန်တွင် ဦးစားဆိုသည့် လင့်အပေါ် စေတနာသည် အမေလို ဖြစ်လာပြန်အခါ၊ အမေတူ သမီးငြိမ်းတွင် လင်ကိုဦးစားပေးသောစိတ် ဝင်လာရတော့သည်မှာ မဆန်းပေ။
အမေ့စီမံကိန်း အောင်မြင်အောင် အခြေအနေကလည်း အမေဖန်တီးယူ၍ရ၏။
ကင်းပုံရွက်၊ မန်ကျည်းရွက်၊ ကင်ပွန်းချဉ်ရွက်ဆိုသည်က ပိုက်ဆံနှင့် တပြားမှ ပေးမဝယ်ရ။ သူတို့အိမ်မှာ ခြံစောင့်ဖထီးတို့လင်မယားက မြေပိုတွင် စိုက်ရင်းပျိုးရင်း ရောင်းစားသည့်အထဲက အမြဲခူးစားနေရသည်။
ယခု သူနေသော မြို့လယ်တိုက်ခန်းကျဉ်းလေးမှာ မြေပို တလက်မ မရှိ။ မြေက ပိုပို၊ မပိုပို သစ်ပင်တပင် ရေလောင်းဘို့ မဆိုထားနှင့်။ နွေပေါက်လျှင် မီးဖိုချောင်အတွက်ရော အိမ်သားများ ရေချိုးဘို့ရော ရေခံရသည်မှာ အခါတရံ ညသန်းခေါင်တိုင်အောင်ပင်ဖြစ်သည်။
“မေမေရာ အိပ်သာအိပ်ပါ၊ သမီး ကျောင်းက ပါလာတဲ့ လေ့ကျင့်ခန်းတွေ ပြင်ရင်း ရေစောင့်မယ်....."
သမီးက ကရုဏာနှင့်ပြောသော်လည်း ညဘက် အိပ်ရေးဝဝအိပ်ရမှ သမီးလေး မနက်ကျောင်းတက် စာသင် အလုပ်ကောင်းကောင်း လုပ်နိုင်မည်။ ဆရာမအလုပ်က ပင်ပန်းပေသား။
သားမက်ကျတော့လည်း သူက အယ်ဒီတာ၊ ဦးနှောက်သုံးရတဲ့သူမို့ အေးအေးချမ်းချမ်းရှိစေချင်သည်။ အိမ်ရောက်လျှင် စာအုပ်နှင့်မျက်နှာနှင့်မခွာသော သားမက်ကို ကိုယ်ရေးကိုယ်တာအိမ်ကိစ္စများ ဘာမျှအပူမပေးချင်။ သို့သော် သူ့သားမက်သည် စာတဖက် ဖတ်ရင်း ကလေးနို့တိုက်၊ ပုခက်လွှဲဖော်ရသေး၏။
ဒါတောင် တနေ့က သူ့သမီး မြမြစိန်သည် လင်ကို စွာကျယ် စွာကျယ်နှင့် ရန်ထောင်လိုက်သေးသည်။ ဒေါ်ငြိမ်းမယ်က အိပ်ခန်းထဲတွင် ကလေးကိုသိပ်ရင်း ကြားလိုက်ရ၏။
“ကိုကိုက တခါလာ ဒို့မဂ္ဂဇင်းမှာရေးတဲ့ ဒေါ်အာဝဇ္ဇန်းရဲ့ ဝတ္ထုတွေ၊ ဆောင်းပါးတွေများ ဖတ်ပါအုံးစိန်ရယ်။ စိန်စိန်လိုသာ ရတဲ့လခနဲ့ မလောက်တာ ညည်းတွားနေရင် ဒီမဂ္ဂဇင်းတိုက်က ကိုရေခဲ တလရှစ်ဆယ့်နှစ်ကျပ်နဲ့ ဘယ်လိုလုပ်နေမလဲနဲ့၊ ဒါဘဲ ထပ်ခါထပ်ခါ ပြောနေတာဘဲ။ စိန်ကလေ ကိုရေခဲ ရှစ်ဆယ့်နှစ်ကျပ်နဲ့ ဘယ်လိုနေသလဲ၊ ဒေါ်အာဝဇ္ဇန်း ဆိုတဲ့ ဆရာမကြီးဟာ ဘာလဲဆိုတာ စိန်အကုန်သိတယ်....."
“အမယ် ဆိုစမ်းပါအုံး...”
ကိုသန်းချိန်သည် အသံစေးစေးနှင့်ပင် မေး၏။
“ကိုရေခဲ လမ်းကြုံလို့ ဝင်လာတိုင်း စိန်က စပ်စုတာပေါ့။ ကိုရေခဲ ရှင့်ဆရာကတော့ စိန်ဟာ အင်မတန်ညည်းတယ်၊ လေရှည်တယ်နဲ့ သိပ်ပြောတာဘဲ။ ကိုရေခဲတို့များ ရှစ်ဆယ့်နှစ်ကျပ်နဲ့ လောက်အောင်သုံးတဲ့ ကိုရေခဲအကြောင်းတောင် ဒေါ်အာဝဇ္ဇန်းက ဝတ္ထုတိုလေးလိုရေးထားတာ မင်းက မဖတ်ဘဲကိုးတဲ့၊ ကျမကို ဏခဏဆူတယ်။ ရှင် ရှစ်ဆယ့်နှစ်ကျပ်နဲ့လောက်အောင် သုံးတဲ့နည်း ကျမကို ပြောစမ်းပါရှင် ဆိုတော့ ...ကိုရေခဲက ဘာပြောလဲ သိလား..”
မြမြစိန်သည် ဆရာမပီပီ သူ့စကားကို စိတ်ဝင်စားမှုပိုရှိအောင် မေးခွန်းလေးနှင့် ရပ်ထားပြီးမှ ဆက်ပြော၏။
“ဟောဒီမှာကြည့် ဆရာကတော်ရေ၊ ဒါ ဘာလဲတဲ့၊ သူ့လွယ်အိတ်ထဲက ဆွဲထုတ်ပြတာကို ကြည့်တော့ ဘာအောက်မေ့လဲ၊ ခေါက်ထီး ခေါက်ထီး၊ တလက်ကို ခြောက်ဆယ်ကနေ တရာ့ငါးဆယ်လောက် ပေးရတယ်။ အဲဒီပစ္စည်းမျိုးတွေကို သူကလဲ သူ့နည်းသူ့ဟန်နဲ့ ရှာလာခဲ့ပြီး၊ သူ့နည်းသူ့ဟန်နဲ့ဘဲ အမြတ်တင် ပြန်ရောင်းနေတယ်၊ အဲဒီအမြတ်အစွန်းလေးတွေနဲ့ ရောဖက်စားလို့ ကျုပ်တို့ ခလေး လေးယောက် ရှစ်ဆယ့်နှစ်ကျပ်နဲ့ ထမင်းစားနေရပေါ့တဲ့၊ အဲဒီထီးက ဘယ်သူမှာထားတယ်ဆိုတာ ကိုကိုသိလား..”
“သိပါဘူး”
ကိုသန်းချိန်က ဖြေ၏။
“ဒေါ်အာဝဇ္ဇန်း မှာထားတာတဲ့ရှင်၊ ကဲ ကဲ..သိပလား စာရေးဆရာကြီး အယ်ဒီတာကြီးရဲ့။ စိန့်ကို လေရှည်တယ် ပြောအုံးမယ်၊ ဆရာမဆိုတော့ လေရှည်ရှည် ပြောရအုံးမယ်။ စိန်တို့ကျောင်းက ဆရာမတွေကို ကျောင်းအုပ်ကြီးက တနေ့ ခေါ်ပြောတယ်၊ အိမ်တွင်းသိပ္ပံ ချွေတာရေး သင်ခဏ်းစာအတွက် စာရေးဆရာမကြီး ဒေါ်အာဝဇ္ဇန်းက ဟောပြောမယ်တဲ့၊ နားထောင်ကြရမယ်ဆိုလို့ စနေနေ့မနက်ပိုင်း စိန်တို့ နားထောင်ကြရတယ်၊ သူ့ကိုလဲ မမြင်ဘူးတော့ ကြည့်ချင်ကြတာပေါ့။ ဒေါ်အာဝဇ္ဇန်းကလေ ကရိနိုင်လွန် နံ့သာရောင်နဲ့ အင်္ကျီလေးဝတ်လို့၊ ရှမ်းတူတယ် နက်ပြာမှာ အဝါပွင့် ဖော်ထားတဲ့ထဘီနဲ့၊ ခေါင်းကလဲ သဗြုသီးဖက်ရှင်ဆံထုံးနဲ့။ လက်ထဲက ကိုရေခဲ ပြသွားတဲ့ ခေါက်ထီးလေးကိုင်ထားပြီး စိန်တွေ တလက်လက်နဲ့ စာသင်ခန်းမကြီးထဲ ဝင်လာပုံကို ရောင်စုံ ရုပ်ရှင်ရိုက်ပြီးတော့သာ စိန်က ပြလိုက်ချင်တယ်"
"စိန်တို့ကျောင်းဆရာမတွေသာ တကတည်း ကျောင်းသူတွေ နည်းယူဘွယ်ဖြစ်အောင် ဆိုပြီး တခါလာ ပိတ်အင်္ကျီလက်ရှည်၊ မာစရိုက်ထဘီစိမ်းနဲ့ ပြီးနေရတာလား။ ကိုကို့ဒေါ်အာဝဇွန်းလိုသာ ကရိနိုင်လွန်နဲ့ ခေါက်ထီးဆောင်းရင်လေ ရှစ်ဆယ့်နှစ်ကျပ် မပြောနဲ့၊ ကိုကို့လခ အကုန်ကို ကလေးတွေမပါ စိန်တယောက်ထဲ သုံးရင်တောင် မလောက်ဘူး။ ကိုကိုတို့ရဲ့ ဒေါ်အာဝဇ္ဇန်းကို ပြောလိုက်စမ်းပါ၊ ကိုယ်မထိန်းနိုင်တဲ့ အကျင့်ကို သူများကို ကျင့်ပါလို့ တရားမဟောစမ်းပါနဲ့လို့"
"ကိုကိုလဲ တူတူဘဲ၊ စိန် ရှစ်ဆယ့်နှစ်ကျပ်နဲ့ လောက်အောင် သုံးပြမယ်။ တော်ကြာရင်သာ “စိန်ရယ် ကိုကိုတို့က ညာဏအလုပ်သမား၊ ဦးနှောက်သုံးရတော့ အစာအိမ်ဒုက္ခပေးမှာမို့ ဆန်ကလေးတော့ ငကျွဲစစ်စစ် ပျော့ပျော့ပျောင်းပျောင်း စားပါရစေနဲ့ မပြောနဲ့။ မိစိန်စိန်တို့မှာ ကိုယ့်ပိုက်ဆံနဲ့ကိုယ် သူခိုးဖြစ်နေတယ်။ ငကျွဲဆန်စစ်စစ် တတင်း နှစ်ဆယ့်လေးကျပ်ကို တောသည်နဲ့ အဆက်လုပ်ပြီး ကိုကိုနဲ့ ကိုကို့သားတွေသမီးတွေကို ကျွေးနေရတာ သိလား။ လိမ်းချင်လိုက်တဲ့ ရပ်ဒလီမျက်နှာလိမ်းပေါင်ဒါ၊ စိန်လဲ မိန်းမဘဲ လှချင်တာပေါ့၊ အောင့်ထားရတယ်။ တဗူး လေးဆယ့်ငါးကျပ်၊ မှောင်ခိုဈေးမှာ ဝယ်လို့ရတယ်။ ငါ့လင် သိရင် မှောင်ခိုဈေး အားပေးရမလားဆိုပြီး ငါ အဆူခံရမယ်။ ဒီဈေးနဲ့လဲ မလိမ်းရက်ပါဘူး၊ လိမ်းလို့ ဒီဝင်ငွေနဲ့ လောက်မလား။ စိန် အခု ဘာလူးနေလဲ သိရဲ့လား၊ ချောင်းဦးက သနပ်ခါးမှုန့်ကို ကံ့ကော်ဝတ်ဆံနဲ့ ရောလူးနေရဘယ် မင်းဘုရားရေ"
“ဟား...ဟား....ဟား...ဟား..တော်ပါတော့ ကျောင်းဆရာမကြီး ဒေါ်ရှာရှည် မောလှရော့မယ်၊ ကျွန်တော် ခင်ဗျား အတန်းက ကျောင်းသားတွေ မဟုတ်ပါဘူး....”
မောင်သန်းချိန် ရယ်သံနှင့် လင်မယား စကားပြောခန်း ရပ်သွားမှ ဒေါ်ငြိမ်းမယ်မှာ အိပ်ခန်းတွင်းမှ အသက်ရှူချောင်သွားသည်။ သူသည် အိမ်ဆူဆူ ဆူဆူနှင့် လင်မယား ရန်ဖြစ်မည်ကို အလွန်ကြောက်သည်။
နောက်နေ့ မောင်သန်းချိန်ကွယ်ရာတွင်မူ ဒေါ်ငြိမ်းမယ် သမီးဖြစ်သူကို တိုးတိုးတိတ်တိတ် ကျိတ်ဆုံးမပြန်၏။
“ညက မေမေဖြင့် သမီးတို့လင်မယား ရန်ဖြစ်မလားလို့ ရင်တထိတ်ထိတ်နဲ့၊ သမီးကလဲ စကားပြောတာ ခုနစ်သံချီဘဲ၊ တိုးတိုးပြောလဲ ဒီစကား၊ ကျယ်ကျယ်ပြောလဲ ဒီစကားဘဲဟာ။ မေမေ ခဏခဏ ပြောရက်သားနဲ့။ ညင်ညင်သာသာ ပြောပါအေရယ်၊ စကားကလဲ ရှည်လိုက်တာ.....”
မြမြစိန်သည် ရယ်လိုက်ရင်း..... “အရှိန်သတ်မရလို့ မေမေရေ့၊ ကျောင်းက အရှိန်က အိမ်မှာ စကားပြောရင် ပါပါသွားတယ်။ တခုကလဲ မေမေ့သားမက်က သူ့ကိုယ်သူ အယ်ဒီတာကြီးဆိုပြီး အားလုံးသိတယ် ထင်နေတာ။ ဒီတော့ သမီးကလဲ အယ်ဒီတာကြီး မသိ တာတွေ ရှိသေးတယ်လို့ ပြောပြရတာ မေမေရဲ့” ဟု ဆို၏။
“ဒီလိုပေါ့ သမီးရယ်၊ ယောက်ျားဆိုတာ ဘယ့်နှယ် အစုံအလင်သိနိုင်မလဲ။ ဂျပန်ခေတ်ကဆိုရင် သမီးတို့ဖေဖေက ချည်ချောလုံချည်ဝတ်တတ်တော့ မေမေ့မှာ မနဲ ဖန်တီးရတယ်။ သမီးဖေဖေက ဟင်းလေးလဲကောင်းမှ၊ ဆန်လဲ ပျော့
ပျောင်းမှ၊ အဝတ်ကျလဲ ချောမှ။ မောင်သန်းချိန်လို လူအေး မဟုတ်ဘူး.......”
“မေမေကလဲ အလိုလိုက်လွန်းပါလိမ့်မယ်။ သူတို့ယောက်ျားတွေကလေ အလိုလိုက်တဲ့မိန်းမနဲ့ တွေ့ရင် ရောင့်တက်တယ်။ ကဲ....ခု ကြည့်လေ ရိုးရိုးသားသားနဲ့ ခြိုးခြိုးချန်ချန်နေမယ်ဆိုတဲ့ သမီးလိုမိန်းမမျိုးရတော့ ကိုကိုက နင်းကန် တရားဟောနေတာဘဲ။ သမီးကလေ ကျောင်းမှာနေကထဲက ငါကြိုက်တဲ့ လူဟာ စာရေးဆရာအဖြစ် ၀ါသနာပါတယ်လို့ သိတယ်။ ဒီတော့ ထမင်းနပ်ကျော် မစားရအောင်၊ ကိုယ့်ထဘီ ကိုယ်ဝယ်ဝတ်နိုင်အောင်၊ ဒီ ဘီ အေ အီး ဒီ ဒီဂရီကို ရအောင် ယူခဲ့တာ မေမေရဲ့။ သူက ကျိတ်ကျိတ်ပြီး သမီးကို တိုးတိုးလေး တရားဟောနေတာ မေမေမှ မကြားဘဲ။ အကျယ်ကြီး ပြန်ပြောတဲ့သမီးက အဆိုးဖြစ်နေတယ်။ သမီး ဘယ်နေရာမှ ပိုးစိုးပက်စက် မသုံးပါဘူး”
မြမြစိန်ပြောသည်မှာလည်း မှန်၏။ ကျောင်းသားများ၏လေ့ကျင့်ခန်းစာရွက်များ မဖျက်ရ၊ မစစ်ဆေးရသော တချို့သော ညဘက်တွင် သမီးသည် ငယ်ခြမ်းထားသော ပိတ်စလေးများကို ကလေးခြောက်ယောက်အတွက် ကျောင်းဝတ်စုံရော၊ အိမ်နေရင်းဝတ်ဖို့ရော ကိုက်ညှပ်ထားတတ်၏။ ကြိုကြားကြိုကြားပြီးအောင် စက်တလုံးနှင့် ချုပ်သွားသည်။ ကိုသန်းချိန် စွပ်ကျယ်အင်္ကျီနှစ်ထည်အစုတ်ကို တထည် အကောင်းရအောင် ချုပ်၏။ ဒေါ်ငြိမ်းမယ်သည် ယခင်ကတော့ ကူချုပ်ပေးသည်။ ယခုတော့ သူ့မျက်လုံးများသည် စာကြည့်မျက်မှန်နှင့်ပင် အပ်ပေါက်ကို မသဲကွဲ၍ သမီးအပ်ချုပ်ခြင်းကို မကူညီနိုင်ပေ။ ရန်ကုန်မြို့ အပ်ချုပ်သမား အခက ကလေးခြောက်ယောက်ဝတ်စုံ တစုံစီဘဲ အပ်အုံး၊ ခြောက်စုံဆိုလျှင် လက်ခသည် ငွေ ၂၅-ကျပ်၊ အဝတ်တစ်စုံစာပင် ပြန်၍ ဝယ်လောက်ပေသည်။ သို့သော်လည်း အိမ်ဆူမည်၊ သမီးဖြစ်သူက လင်နိုင်သော မိန်းမတယောက်အဖြစ် ရောက်မည်ကို မလိုလားသော ဒေါ်ငြိမ်းမယ်သည် မြမြစိန်ကို ခဏခဏ လက်ကုတ်ရသည်။
“အေးပေါ့ သမီးရယ်၊ မေမေ မဂ္ဂဇင်းတွေထဲ ဖတ်သလို တချို့ စာရေးဆရာတွေလိုသာ အသောက်အစားလေးနဲ့ဆိုရင် သမီး မခက်ပါလား"
“အဲဒီလိုဆိုတော့ လန်ကွတ်တီဝတ်နေတာပေါ့ မေမေရ”
မြမြစိန်သည် ရယ်မောရင်း ပြန်ပြောလိုက်သည်။
“မေမက ဘယ်သူနဲ့တူလဲ ဆိုတော့ စိန်တို့ကျောင်းက ဆရာမနဲ့ တူနေပြီ။ သူကလေ နာမယ်နဲ့လိုက်အောင် အေးတယ်။ စကားပြောလဲ နွဲ့နွဲ့ အေးအေးလေးရယ်။ သူ့ယောက်ျားက စစ်ဗိုလ်၊ သူ့ယောက်ျားပြောင်းရာ နယ်ကို တခါတလေ လိုက်သွားရတာပေါ့။ သူက သူ့လင်ကို ပြောသတဲ့၊ “မောင်ရယ် စကားပြောရင် မောင့်စကားလုံးတွေက သိပ်ကြမ်းတာဘဲ၊ အေးအေးနဲ့ ယဉ်ယဉ်ကျေးကျေး ပြောပါ။ မြတ်စွာဘုရားဟာ ကောင်းသောစကားကို ဆိုတတ်လို့ “သုဂတော ဆိုတဲ့ဂုဏ်နဲ့ညီတာ”လို့ ပြောသတဲ့။ ဒီတော့ သူ့ယောက်ျားက ပြန်ပြောတယ်တဲ့ မေမေရ...၊ “ဟ အေးအေးရ၊ ဘုရားပရိသတ်နဲ့ ငါ့ပရိသတ် တူတာမှမဟုတ်ဘဲ၊ ဘုရားကတော့ ဘိက္ခဝေ ချစ်သားတို့လို့ ဥဒါန်းကျူးနိုင်ပေါ့။ သူ တရားဟောရတာ ရဟန်းပရိသတ်လဲ ဖြစ်ပြန်၊ တရားလာနာကတည်းက တရားနာပရိသတ်က ဥပသကာတွေ။ ငါ့မှာက မ,တရာသား လူပေါင်းစုံကိုဘဲ ဘိက္ခဝေ... ချစ်သားတို့သာ လုပ်နေရင် ပြီးပါရော...ပြီးပါရော” လို့ ဆိုသတဲ့....”
စိန်စိန်သည် သူ့စကား သူပြောရင်း ရယ်ပြန်ပါသည်။ ဒေါ်ငြိမ်းမယ်ပင် မနေနိုင်၊ လိုက်၍ရယ်မောမိ၏။
“အခုလဲ သမီးက ဖြစ်လာတဲ့ အခြေအနေကို ဖြစ်သမျှ အေးအေးချမ်းချမ်း ရင်ဆိုင်နိုင်အောင် ကြိုးစားပါတယ် မေမေ။ ဒါကိုဘဲ ကတွတ်တွတ်နဲ့ သူများကိုဘဲ သူက တရားဟောနေတယ်။ သမီး ကျောင်းမှာလဲ သမီး ပြသာနာနဲ့ပဲ။ မေမေတို ဆရာမလုပ်တုန်းကလိုမှ မဟုတ်ဘဲ။ တတန်းတတန်း ကျောင်းသား တရာလောက်ကို အာပြဲအောင် အော်၊ ကျောင်းဆင်းတော့ ကျောင်းကနေ အိမ်ရောက်မယ့်အရေး ဘုရားတ,ပြီး ဘတ်စ်ကားမှာ ဂျွမ်းပစ် စီးလာခဲ့ရတော့ ကုန်းအော်ချင်တာပေါ့။ မေမေ့သားမက်ကိုကလဲ သမီးတို့လို မိန်းမနဲ့ တွေ့လို့ပါ၊ ထင်တိုင်းသုံးတဲ့ မိန်းမတွေနဲ့ တွေ့ရင် ဝပ်နေမှာပါ ..”
ဒေါ်ငြိမ်းမယ်သည် ရင်ထဲက ပြုံးမိ၏။
“ကကယ်တော့ ဒို့မိန်းမတွေလဲ တူတူပါဘဲ..၊ အလိုလိုက်တဲ့လင်နဲ့ တွေ့ရင် နွဲ့ဆိုး ဆိုးတာပါဘဲ.....”
သမီးအား ဖြေ၍ပြောလိုက်ရင်း သူ့ရှေ့တွင်ပုံထားသော အင်္ကျီဖွပ်ပြီးသားများကို တထည်စီ ရေဆွတ်ကာ မီးပူတိုက်ရန် ဒေါ်ငြိမ်းမယ်က ပြင်ဆပ်နေသည်။ တနင်္ဂနွေနေ့ဖြစ်၍ မြမြစိန်သည် မီးဖိုချောင်ကို သူကိုယ်တိုင် ဝင်ချက်၏။
“သူဇာချိန်က ငရုတ်သီး ဆယ်တောင့် ထောင်း၊ ဘမောင်ချိန်က မေမေ့ကို ကန်းဇွန်းရွက် ကူပြီး ခြွေပေးစမ်း၊ လှမောင်ချိန် ကြက်သွန် အဖြူ အနီ အခွံခွာပေး၊ မေမေ ငါးကိုင်ပြီးရင် တခါထဲ ဟင်းတအိုးပြီးအောင်နော်....”
မီးဖိုမှ အသံဘလံများကို နားထောင်ရင်း ဒေါ်ငြိမ်းမယ်သည် သွားလေသူကို သတိရနေသည်။ ခြောက်နေသော အင်္ကျီများကို ရေတောက်၍ အတွန့်လေးများကို ပြန့်သွားအောင် လက်နှင့်ပြေအောင် ပွတ်၍ပွတ်၍ဖြေလိုက်၏။ ပုံကျအောင် ခေါက်ကာ ပုဆိုးထဲတွင်ထည့်၍ ပတ်ထားပြီးမှ တထည်စီယူကာ ဓာတ်မီးပူနှင့် တိုက်နေသည်။ သူ့စိတ်ကူးကတော့ အဝေးသို့ ပျံဝဲနေသည်။
“ငြိမ်းရေ... အဲဒီ မန္တလေးလုံချည်ကို ဖြန့်ဝတ်ရင် ခေါက်ရိုးနေရာကလေးက တြိဂံတွေ စတုဂံတွေ ဖြစ်နေရင် မောင် မကြိုက်ဘူးကွယ်၊ မီးပူထိုးလိုက်ပါအုံး...”
မောင်က မြူနီစီပယ်ရုံး အတွင်းရေးမှူးဖြစ်၏။ ရုံးသွားခါနီးမှ ဖြစ်ပေစေ၊ မောင်သည် သူဝတ်လိုသောလုံချည်၏ ခေါက်ရိုးတနေရာရာမှာ လေးထောင့်ချိုး၊ သုံးထောင့်ချိုးများပုံပေါ်လျှင် ချက်ခြင်း မီးပူတိုက်ခိုင်းသည်။ ရုံးသွားလျှင် ဘန်ကောက်တပတ်ရစ် မန္တလေးပိုးမြောက်ပြင်လုံချည်များကိုသာ ဝတ်တတ်၏။ အိမ်တွင်မူ ပလေကပ် မာစရိုက်ချည်ချောလုံချည်မှ မောင်က ဝတ်တတ်သည်။ ယခုလို ဓာတ်မီးပူကို အမေက မသုံး၍ ငြိမ်းကလည်း မသုံးရ။ ဟင်းချက်၍ ကနစိုထင်းမှ ကျသော မီးကျီခဲများကို မြေအိုးတလုံးတွင် ထည့်ကာ မီးသေအောင် အဖုံးလုံလုံ ပိတ်ထားရ၏။ မီးပူတိုက်မည့်အခါမှ ထိုထင်းမှဖြစ်သော မီးသွေးများကို ကြေးမီးပူထဲတွင်ထည့်၍ တိုက်ရသည်။ ဖထီးဇနီးမှာ နေ့လယ်ပိုင်းက အားလပ်ချိန်တွင် ငြိမ်းတို့အိမ်သားများဝတ်သော အဝတ်များကို ဖွပ်လျှော်ပေးသည်။ မီးပူတိုက်ပေးသည်။ မောင့်အဝတ်များကိုတော့ ငြိမ်းကိုယ်တိုင် မီးပူတိုက်ပေးသည်။ တခါတလေတော့လဲ မောင့်ကိုချော့ရသည်။
“မီးကျီးခဲမကျသေးဘူးမောင်ရယ်၊ တခြားအသစ်တထည် လဲဝတ်သွားနော်....။ ညကျရင် ခေါက်ရိုးကျေတဲ့ မောင့်ပုဆိုးတွေကိုရွေးပြီး ငြိမ်း ပြန့်အောင် တိုက်ထားလိုက်မယ်.....”
“လာပါအုံး ငြိမ်း၊ လည်ပင်းကြယ်သီး တပ်ပေးပါဦး။ အဲ... အဲ... ဟုတ်ပြီ၊ ဒီနေ့ မြူနီစီပယ်လူကြီးတွေ အစည်းအဝေး ရှိတယ်ကွယ့် .....”
“ငြိမ်းသိပါတယ်။ ဒီနေ့ စောစော မောင်တယောက်ထဲ ထမင်းစားသွားမယ်ဆိုတာ သိလို့ အမဲသားနှပ် ဖထီးကို ညကတည်းက နှပ်ခိုင်းထားတယ်....”
“ကျေးဇူးတင်လိုက်တာ၊ မေမေတို့ကလဲနော် အမဲသားနှပ်အရသာ မသိဘူးထင်ပါရဲ့ ”
မောင်သည် အမဲသားနှပ် ဆိတ်ကလီစာ စသည်များကို ကြိုက်တတ်သည်။ မောင့်ကို ထမင်းစောစောကျွေးရမည့် ရက်များတွင် ကြိုတင်မှန်းဆ၍ ငြိမ်းသည် မောင်ကြိုက်သောဟင်းများကို ဖထီးကို တိတ်တဆိတ် ချက်ခိုင်းထားရသည်။ အဖေအမေတို့နှင့် တဝိုင်းထဲ စားချိန်တွင် ထိုဟင်းများကို အမေက ညှီစော်နံသည်ဆို၍ စားပွဲပေါ်ကို တင်သည်ကိုမှ သည်းမခံနိုင်ပေ။ အမေတို့လဲ ကျေနပ်အောင် မောင့်အဖို့ သူကြိုက်သော ဟင်းများကိုလဲ စားရအောင် ငြိမ်းသည် အေးအေးဆေးဆေးပင် ဖန်တီးလိုက်၏။
မောင်သည် ငြိမ်းနှင့် ကြာရှည်စွာ မပေါင်းလိုက်ရ။ မြမြစိန်မွေးပြီး နှစ်နှစ်အကြာတွင် ဆုံးသွားရှာသည်။ ဒေါ် ငြိမ်းမယ် အတွေးသည် လင်တော်မောင်ကို တွေးနေရာမှ သားမက် မောင်သန်းချိန်ဆီသို့ ရောက်လာပြန်သည်။ သားမက်တော် မောင်သန်းချိန်မှာတော့ လုံချည်အချောကို နှစ်ရှစ်ဆယ် နှစ်တရာကိုမှ ရွေးမနေနိုင်၊ ပပကပေးသမျှ လုံချည်ကိုကောက်ဝတ်ကာ အလုပ်သွားရ၏။
အင်္ကျီများပေါ် မီးပူထိုးရင်းမှ ဒေါ်ငြိမ်းမယ်မျက်စိထဲတွင် မီးပူပျောက်သွားကာ ငြိမ်းဆိုသော မိန်းမငယ်၏လက်ကလေးကို ပြန်မြင်ယောင်လာပြန်သည်။ သူသည် နုပျိုစဉ်က ဤလှပသော လက်ကလေးများဖြင့် မောင် မနက်ရုံးအသွားတွင် စီးရန် ရှူးဖိနပ်အနက်ကို ပြောင်လက်နေအောင် ညဦးက ဆေးနှင့်တိုက်ထားရသည်။ မောင်သည် ရုံးသွားလျှင် ရှူးဖိနပ်၊ တခါတရံ ဓါးမောက်ခြေညှပ်ဖိနပ်ကို စီး၍ သွားတတ်၏။ မင်္ဂလာဆောင် ပွဲနေပွဲထိုင်ဆိုလျှင် ကတ္တီပါပိန်းတန်း ယောက်ျားစီးကို စီး၍သွားတတ်သည်။
ယခုတော့ သူ့ သားမက်ကလေး အယ်ဒီတာ မောင်သန်းချိန်သည် ငါးသုံးလုံး ဂျပန်ဖိနပ်ကိုဘဲ စီးသွားရသည်။ မောင့်လို မဟာဆံချင်နေ၍ကော အခြေအနေသည် ဖန်တီး၍ပေးပါမည်လား။ ဒေါ်ငြိမ်းမယ်သည် မိခင်ဝတ္တရားအတိုင်း မြမြစိန်ကိုတော့ ဆုံးမချင်သည်။ သူက မောင့်အပေါ်တွင် တခမ်းတနား ယုယပြုစုသလို မြမြစိန်က မောင်သန်းချိန်ကို တခမ်းတနား မပြုစုသည်ကို ရင်ထဲက မကျေနပ်လှ။ သူ့သမီးသည် မောင်သန်းချိန်အပေါ် လျစ်လျူရှုလွန်းလေသလား။
“အို...သူ့လင်ကို သူလဲ ငါ့လင် ငါချစ်သလို ချစ်ရှာမှာပါ”
သူ့စိတ် ဖြေလိုက်၏။ သေသေချာချာ အခြေအနေကို တွေးကြည့်ပြန်တော့ မြမြစိန်အဖို့လည်း သူ့အလုပ်ကို အချိန်မှီ အပြေးအလွှားတက်ဖို့၊ မိုးလင်းသည်နှင့်တပြိုင်နက် လေးခင်း ပြနေရသည်။
ငြိမ်း ဆရာမအဖြစ် ကျောင်းတက်ရသည်ဆိုသည်က အဖေတို့ အမေတို့ ထမင်းကျွေးပြီးမှ ကျောင်းခေါင်းလောင်းထိုးခါနီး လျှောက်သွားလိုက်လျှင် ကျောင်းကို ချွေးမထွက်ရဘဲ ရောက်သည်။ ရန်ကုန်မှာက မြမြစိန် ကျောင်းရောက် အောင် သွားရပုံကို မတွေးချင်။ ဒေါ်ငြိမ်းမယ်သော်မှ အပြင်ကို ထွက်ချင်သောစိတ်မရှိ။ တခါတရံ ထွက်မိသောအခါ ကားမှတ်တိုင်များတွင် ကားစောင့်သော လူအုပ်စုကြီးကို မြင်ရတိုင်း စိတ်မာလှသည်။
“ဖွားဖွား မေမေက အဝတ်ဟောင်းတွေပေးလိုက်ပါ တဲ့....”
သွားလေသူကို တွေးနေသော ဒေါ်ငြိမ်းမယ်၏အတွေးမှာ မြေး လှမောင်ချိန် အသံကြောင့် ရပ်သွားသည်။
“ဟို အဟောင်းခြင်းထဲမှာ ယူသွား၊ ဖွားဖွား မနက်က ဆပ်ပြာတောင့်ကို ရေနွေးဖျောထားတာ နှစ်ဖက်ဂိုင်းနဲ့ သံစည်ပိုင်းထဲမှာရှိတယ်။ အဲဒီအထဲမှာ အဝတ်တွေ အရင်နှစ်ပြီး စိမ်ထားလိုက်၊ ကုလားမ ဒီအချိန် မရောက်လာသေးပါဘူး..."
“ဟုတ်ကဲ့...”
လှမောင်ချိန်သည် အဝတ်ဟောင်းများကို ယူသွားသည်။ ကုလားမကို ဆပ်ပြာတောင့်နှင့် အဝတ်များကို တိုက်ခိုင်းလျှင် ရေစင်အောင် မလျှော်သောကြောင့် ခဏခဏ ဖွပ်ပြီးသား အဝတ်ခြောက်များတွင် ဆပ်ပြာမာကျောကျော အဖတ်များကို တွေ့ရသည်။
“ကဲ..ကိုကိုရေ၊ ပူစူးတို့ မာလေးတို့ကို ခေါ်၊ ရေချိုးတော့။ သားကြီး၊ အပါ... မေမေ့ဆီ လာ၊ မေမေ ထမင်းကျွေးမယ်....."
မြမြစိန်၏ မီးဖိုမှ အော်ကာ ထွက်လာသံကို ကြားလိုက်ရ၏။ နောက် ဆယ်နှစ်ဆိုလျှင် မြမြစိန်သည် ဒေါ်မြမြစိန်ဖြစ်ကာ ဒေါ်ငြိမ်းမယ်နေရာတွင် ဝင်၍ ကရအုံးတော့မည်။ ဒေါ်ငြိမ်းမယ်သည် သူ့အတွေးကို ရပ်လိုက်၏။
အပိုင်း(၃)ဆက်ရန်
----------------
0 Comments