ဝတ္ထုတို အမည် -ကြယ်တစ်ပွင့်သေတဲ့ည
စာရေးသူ - ကိုးငယ်မင်း
Short Story
-------------------------------------------------
#ကြယ်တစ်ပွင့် သေတဲ့ ည '
💥💥💥💥💥💥💥💥💥
#ကိုးငယ်မင်း
မှတ်မိသေးတယ်... ။ အဲ့ဒီ မျက်လုံးတွေကို ... ။
ကျားသစ်တစ်ကောင်ရဲ့ မျက်လုံးကို ဖောက်ထပ်ထားလေသလား။ သားကောင်းအပေါ် ဂရုဏာ သနားစိတ်တွေက မိုးခေါင်ကုန်ခမ်းလို့နေတယ်။
ကျွန်မ ရင်ထဲမှာတော့ လျှပ်စီးတလက်လက်နဲ့။ မိုးတွေ ဝုန်းဒိုင်းရွာချနေတဲ့ ကြောက်လန့်စရာ ကမ္ဘာတစ်ခုထဲမှာ ဘာလုပ်ရမှန်း မသိအောင် ပိတ်လှောင်မွန်းကြပ်နေလေရဲ့။
စာနာသနားထောက်ထားမှုလေးတောင် မရခဲ့တော့ ဒီမျက်ရည်တွေက ကျနေလည်း အလကားပါပဲ။ သူ့ရဲ့ လိုချင်တပ်မက်မှုတွေက ဒီမျက်ရည်လေးလောက်နဲ့ ရင်လွှာခွဲလို့ ရနိုင်လိမ့်မယ် မထင်ခဲ့ပါ။ သူ့ နှုတ်ခမ်းကို တွန့်ရုံ ပြုံးလိုက်တဲ့ အပြုံးတွေထဲမှာ ကြောက်မက်စရာ တိရစ္ဆာန်တစ်ကောင် ဝင်ရောက်ပူးကပ်နေပြီ။
လိုချင်တပ်မက်မှုတွေထဲမှာ သူ လိုချင်တဲ့ အရာက အမိုက်မဲဆုံးပဲ။
အဲ့ဒီအချိန်တုန်းကလေ... ကျွန်မ ကမ္ဘာ့အပြင်ဘက်ကို ပြေးထွက်သွားချင်မိခဲ့တယ်။
📚📚📚
ခန်းစီးလိုက်ကာကို ဖယ်ထုတ်လိုက်ပြီး ကောင်းကင်ကြီးကို ငေးမောကြည့်လိုက်မိတယ်။ အမှောင်တွေအများဆုံး ခြယ်မှုန်းထားတဲ့ ပန်းချီကားတစ်ချပ်က မြင်လွှာကို ထင်ဟပ်နေလေရဲ့။
ညည်းသံလေး ခပ်တိုးတိုး နားထဲ တိုးဝင်လာသည်မို့ ကျွန်မ ချစ်လင်ကို ငဲ့စောင်းကြည့်လိုက်တော့ အိပ်ယာထဲမှာ စောင်မရှိဘဲ ကွေးကွေးလေး။
အော်... ဟုတ်သားပဲ။ ပြူတင်းပေါက်က တိုးဝင်လာတဲ့ လေအေးအေးက မောင့်ကိုယ်ပေါ် ပက်ဖြန်ဖျန်းမိတော့ ချမ်းပြီပေါ့။
ခေါင်းဖော်ရုံလောက်သာ ဂွမ်းကပ်စောင်ကလေးကို ခြုံပေးလိုက်တယ်။ မောင့်ညည်းသံ မကြားရတော့ပါ။
မောင် အိပ်မက်လှလှမက်ပါစေလေ... ။ ကျွန်မကတော့ ဒီညကို မအိပ်စက်နိုင်ဘဲ ဖြတ်ကျော်ရဦးမယ်။
တိတ်ဆိတ်မှုတွေနဲ့ အေးချမ်းလှတဲ့ ည... ။ အိမ်ရှေ့မှ ခွေးဟောင်သံက ညတစ်ခုရဲ့ တိတ်ဆိတ်မှုတွေကို ဖောက်ထွက်ထိုးထွင်းလာတဲ့အသံ။
အမှောင်ကို ထွင်းတတ်တဲ့ ညတစ်ခုရဲ့ စွမ်းအားရှင် အလင်းသခင်ကလည်း တစ်လုံးတည်း ထီးထီးကြီး ဝင်းလက်ပြည့်ဝိုင်းလို့။ ကြယ်တစ်ပွင့်ချင်းစီရဲ့ အလှကို ဖြည်းဖြည်းချင်းစီ စိုက်ကြည့်နေမိတယ်။
ဘုရား... ဘုရား... ။ ကျွန်မ ကြယ်ကလေးကို စိုက်ကြည့်နေချိန်မှာ ကြယ်မကြွေပါစေနဲ့။ ကျွန်မ ကြယ်ကလေးတွေ ကြွေသွားမှာ စိုးထိတ်မိတယ်။ ကြယ်ကြွေသံတွေကို ကျွန်မ ထပ်မကြားချင်တော့ပါ။
ကြယ်ကလေးတွေ ကောင်းကင်မှာ အဓွန့်ရှည်ပါစေသား။
ခပ်သော့သော့လေး ကျီစယ်ယှက်ပြေးလာတဲ့ လေညှင်းအေးအေးလေးကို အမိအရ ရှုရှိုက်သွင်းလိုက်တယ်။ အေးလိုက်တဲ့ အထိအတွေ့ အရသာ။ နှာထိပ်ဖျားကနေ ဝမ်းတွင်းအထိ အေးခနဲ လှိုက်ဖိုတဲ့ အထိအတွေ့။ ဒါပေမယ့် နှလုံးသားဗဟိုမှာ မီးဟုန်းဟုန်းတောက်အောင် ပိုင်စိုးပိုင်နင်း ဝင်ရောက်သောင်းကြမ်းနေတဲ့ ငရဲသားအယောက်တစ်ရာလောက်ရဲ့ နှိပ်စက်ခံရမှု ဒုက္ခပူတွေကိုတော့ လေညှင်းက အေးချမ်းဖို့မစွမ်းသာ။
"ဟင့်... ကြောက်တယ်"
အို... အလိုလေ။ ကျွန်မရဲ့ ငိုသံတွေလား။
ကျွန်မ ဒီငိုသံတွေကို ပြန်လည် ကြားယောင်ဖို့ နှလုံးသားအဟာရ မရှိတော့ပါ။
📚📚📚
ကလေးတွေ တသီကြီးနဲ့ မုဆိုးမအဖြစ် ရပ်တည်နေတဲ့ ကျွန်မ အမေရဲ့ ကစဉ့်ကလျား မသပ်မရပ် အလှတရားတွေကိုတော့ အထူးတလည် ထုတ်ဖော်ပြောပြနေစရာမလိုလောက်ပါဘူး။ စားဖို့အနိုင်နိုင် ဖြစ်နေတဲ့ ကျွန်မ အမေက သူ့အလှတရားကို ပြင်ဆင်ဖို့ မပြောနဲ့ ကျွန်မတို့ ကိုယ်ပေါ်မှာတောင် အရှက်ဖုံးရုံသာသာ အစုတ်အပြဲတွေ အဝတ်အစားတွေကို ကြံဖန် ရှာဝတ်ပေးထားရပုံပါပဲ။
"သားသမီး မရှိတော့ ကလေးကို ကိုယ့်သမီးလေးအရင်းလို ထားမှာပါ"
ငှက်ဆိုးတစ်ကောင် အိမ်ပေါ်က ဖြတ်ပြေးသွားမှန်း ကျွန်မ သတိမမူမိလိုက်ပါ။ သပ်သပ်ရပ်ရပ် လှလှပပ ဝတ်ကောင်းစားလှတွေ ဝတ်ထားကြတဲ့ အသက်ငါးဆယ်ဝန်းကျင်ရှိ လင်မယားနှစ်ယောက်က အမေ့ကို သိမ်သွင်းနေကြပြီ။
တစ်ထောင်တန် ငွေအုပ်တစ်အုပ်ကို အမေ့ဆီ ထိုးပေးလိုက်တုန်းက အမေ ပိုက်ဆံအများကြီး ရပြီဆိုပြီး အခန်းကွယ်ကနေ ချောင်းကြည့်ရင်း ကြိတ်ပျော်နေမိသေးတယ်။ များပြားတဲ့ ငွေပမာဏပေါ့လေ။ ဒါပေမယ့် တကယ်တော့ ဒီတစ်ထောင်တန်တစ်အုပ်နဲ့ မတန်မရာ အလဲလှယ်လုပ်ခြင်း ခံခဲ့ရတာက ကျွန်မ။
အမေကတော့ တစ်ထောင်တန်အုပ်ကို ရင်မှာပိုက်ပြီး စိတ်ချလက်ချ ကျွန်မကို တစ်ပါးသူလက်ထဲ ထိုးအပ်ခဲ့တယ်။ အမေရဲ့ နောက်ဆုံးနှုတ်ဆက်စကားက 'ငါ့သမီး ကောင်းစားမှာပါ ... အမေ ပျော်လိုက်တာ'တဲ့။
သြော် ... အမေ့အတွေးနဲ့ အမေကတော့ ကျွန်မ ကိုယ်စား ပျော်ပေးလို့ပေါ့။ ကန့်လန့်ကာနောက်မှာ ဘီလူးဆိုင်းတီးတော့မယ်ဆိုတာ ကျွန်မလည်း ကြိုမသိခဲ့သလို အမေလည်း ရိပ်မိခဲ့ပုံမပေါ်ပါ။
အမေ့ကို သိမ်သွင်းခဲ့တဲ့ စကားလုံးတွေက ပတ္တမြားကျောက်စီ ရွှေအထပ်ထပ်ကွပ်လို့ရလောက်ပေမယ့် ကန့်လန့်ကာရဲ့နောက်မှာတော့ အောက်တန်းကျတဲ့ စိတ်ဓာတ်တွေနဲ့ ဘီလူးဆိုင်းတီးဖို့ စောင့်နေကြတယ်။
သူတို့ ကျွန်မကို ခေါ်ကြတဲ့နာမည်က 'ဆားဗူး'တဲ့။ ဟိုနားလည်းပါရ၊ ဒီနားလည်း ပါရတဲ့ ဆားဗူး။ ညိုလေးဆိုတဲ့ ကျွန်မ နာမည်အရင်းက အမေ့ဆီမှာပဲ ကျန်ရစ်ခဲ့ပြီဆိုတာ တဖြည်းဖြည်း သိလာရတယ်။
"ဟဲ့... ဆားဗူး... ဧည့်ခန်းထဲ တံမြတ်စည်းလှဲဖို့ ခိုင်းထားတာ ဘာလုပ်နေတာလဲ"
မာန်လိုက် မဲလိုက်တာ... ။ ဆယ်နှစ်အရွယ်နဲ့ မလိုက်အောင် မာန်မဲခံလိုက်ရတာက တနင့်တပိုး။ မွေးစားတယ်ဆိုတဲ့ ခေါင်းစဉ်နဲ့မလိုက်အောင် ခပ်ထက်ထက်ဓားသွားနဲ့ ဒွန်တွဲလာတတ်တဲ့ အရင့်ရောင် စကားလုံးတွေ။
ကျွန်မလေ... ဒီလို မာန်မဲခံရတာကို အရမ်းမုန်းတီးနာကျည်းတာပဲ။ ဒါပေမယ့် တစ်ချက်လေးတောင် မကျေနပ်မျက်နှာနဲ့ မော့မကြည့်ရဲခဲ့ပါဘူး။ ဒီလောက် သနားစဖွယ် မျက်နှာထားလေးနဲ့ နေခဲ့တာတောင် အန်တီကြီးက ကျွန်မကို စိတ်အလိုမကျတာတွေ့ရင် မာန်မဲမှုတွေအပြင် ဗိုက်ခေါက်လိမ်ဆွဲလိုက်၊ ခေါင်းခေါက်လိုက်၊ သူ့လက်သည်းရှည်ကြီးနဲ့ လက်မောင်း၊ ပေါင်တွေကို ဆိတ်ဆွဲလိုက်နဲ့ မသေရုံ ညှင်းပန်းနှိပ်စက်နည်းတွေ။ ကျွန်မကလည်း ပေါလိုက်တဲ့ မျက်ရည်တွေ။ နေ့တိုင်းလိုလို ကျနေတဲ့ မျက်ရည်တွေက ကုန်ကို မကုန်နိုင်လောက်အောင် မနည်းမနှောပါပဲလား။
အန်တီကြီး စိတ်အလိုမကျလို့ ကျွန်မကို ရိုက်ရင် ဝင်ရောက်ဖျန်ဖြေပေးလေ့ရှိတဲ့ အန်တီကြီးရဲ့ အိမ်ဦးနတ် ဦးလေးကြီး။
"ကလေးကို မရိုက်စမ်းပါနဲ့ကွာ၊ စာနာစမ်းပါကွ"
ကျွန်မဘက်ကနေ ဝင်ရောက် ကာစီးပြောနေကျလေ။ အခုချိန်မှာတော့ အဲဒီစကားတွေက ကျွန်မအတွက် ကမ္ဘာ့အရယ်ရဆုံးစကားပါပဲ။
📚📚📚
ကြောက်လိုက်တဲ့ ည။ ဒီလိုညမျိုးကို အကျည်းတန် ဖြတ်ကျော်ရမယ်မှန်း ကျွန်မ ကြိုသိခဲ့ရင်ကမ္ဘာ့အပြင်ဘက်မှာ အကြိမ်ကြိမ်အခါခါ အသေခံပစ်လိုက်ချင်ရဲ့။
ချွန်မြတဲ့ အစွယ်တွေနဲ့ ကိုက်ဖြတ်စားဖို့ ချဉ်းကပ်လာတဲ့ ကျားရဲတစ်ကောင်ကို အစက ကျွန်မ သတိမထားမိခဲ့ဘူး။ ပြီးတော့ ကျွန်မကိုယ် ကျွန်မ သားကောင်တစ်ကောင်ဖြစ်နေမှန်း မသိခဲ့ဘူး။
အဲဒီနေ့ညက တစ်အိမ်လုံးမှာ ကျွန်မရယ် သူရယ်... နှစ်ယောက်တည်း။
အန်တီကြီးက သူ့ချစ်လင်အိမ်ဦးနတ်ကြီးကို စိတ်ချယုံကြည်စွာနဲ့ အိမ်စောင့်ထားခဲ့ပြီး ခရီးထွက်သွားတယ်။
အသက်ဆယ့်နှစ်နှစ်အရွယ်ရောက်လာပြီဖြစ်တဲ့ ကလေးတစ်ယောက်က ကိုယ် သားကောင်ဖြစ်တော့မယ့် အဖြစ်ကိုတော့ ကြိုတွေးတတ်တဲ့ အတွေးမျိုး မရှိခဲ့တာ မှားယွင်းမှုတစ်ခုလား။
ဒါတွေ မသိပါ။ ကျွန်မ သိတာ အဲဒီညက မသပ်မရပ် မလှမပ ညတစ်ခုပါပဲလား။
အခန်းတံခါး ကန့်လန့်မထိုးမိလိုက်ဘဲ စိတ်ချလက်ချ အိပ်မက်တွေနဲ့ မျောလွင့်ခဲ့မိလိုက်တယ်တယ်။ အခန်းတံခါး တွန်းဖွင့်လိုက်သံကြောင့် ကျွန်မ လန့်နိုးထလိုက်ချိန်ကစပြီး မတွေးမိခဲ့လိုက်တဲ့ အိပ်မက်ဆိုးကမ္ဘာတစ်ဖက်ခြမ်းဆီကို ရောက်သွားတော့တာပါပဲ။
"ဟင်... ဦး၊ ဘာအလိုရှိလို့လဲ"
လန့်လိုက်တာ... သူ့မျက်လုံးတွေက ကျွန်မကို စိုက်ကြည့်နေလိုက်တာများ... ။
အနားတိုးကပ်လာတဲ့ သူ့ခြေလှမ်းတွေက ဘာကိုလိုလို့လဲ အစက သတိမပြုမိခဲ့ပေမယ့် ခပ်ရေးရေးလေး သတိပြုမိလိုက်ချိန်မှာ ကျွန်မ ရင်တွေ ကမ္ဘာဆယ်စင်း ပြိုကျသံတွေ တအုန်းအုန်း တဗြုန်းဗြုန်း။ ချွေးစေးတွေက ကိုယ်ပေါ်မှာ ရှိန်းခနဲ စိမ့်ထွက်လာတယ်။
ခုန်အုပ်စားသောက်တော့မယ့် ကျားသစ်တစ်ကောင်ရဲ့ ရာဂမီးအရှိန်တွေက မီးတဝင်းဝင်းနဲ့ ကျွန်မရဲ့ အပျိုစင်ဘဝလေးကို ဆွဲယူဝါးမြိုတော့မယ့် ပုံပါပဲ။ လေကြမ်းမုန်တိုင်းက ဒီအခန်းလေးထဲမှာပဲ အဓိပ္ပာယ်မရှိ ကွက်ကြားချပြီး ခပ်ကြမ်းကြမ်းတိုက်ခတ်နေတော့တယ်။
ပြည့်ပြည့်ဝဝသာနေတဲ့ လတစ်စင်းကလည်း ကျွန်မကို ကယ်တင်နိုင်မှာ မဟုတ်ပါဘူးလေ။
"ဟင့်... ကြောက်တယ်"
ဘယ်သူ့ကိုမှ အကူအညီ အော်တောင်းလို့ မရမှန်း သိနေပြီး ကျွန်မ ဘဝလေး နွံနစ်တော့မယ့် အရေးမို့ ကြောက်လန့်တုန်လှုပ်မှုတွေက ပြောမပြတတ်လောက်အောင် ခြောက်ခြားနေတော့တယ်။
ကျွန်မ အနောက်ကို ခြေလှမ်းဆုတ်ဖို့ ခြေချစရာ နေရာမရှိတော့ပါ။ ကျွန်မ နောက်မှာ နံရံတစ်ချပ်သာ ရှိတယ်တယ်။ အပိုင်ဖမ်းယူစားသောက်တော့မယ့် ကျားသစ်တစ်ကောင်ရဲ့ မျက်လုံးတွေက သားကောင်တစ်ကောင်ကို နူးညံ့သယောင်ယောင် ကြည့်နေပေမယ့် စူးရဲလက်နေတဲ့ မျက်လုံးတစ်စုံက အရောင် လုံးဝ နူးညံ့သွားခြင်းမရှိပါ။
ကျွန်မရဲ့ မျက်ရည်တွေကို သူ ဥပေက္ခာပြုလိုက်ပြီး အပျိုမဖြစ်သေးတဲ့ အပျိုစင်ဘဝလေးကို သူ ဇွတ်အတင်း လေကြမ်းနှင်သွားခဲ့တယ်။ ကြယ်တစ်ပွင့်က ကောင်းကင်ပေါ်မှာ လှပစွာ ရှိမနေတော့ဘဲ ရာဂဘီလူးတစ်ကောင်ရဲ့ ဝါးမြိုခြင်းကြောင့် ရှုမလှ ကြွေလွင့်ခဲ့ရပြီ။
"ပြန်ပြောကြည့်... အသေသတ်မယ်၊ ကြားလား"
ကျွန်မရဲ့ မျက်ရည်တွေကို မစာမနာ လက်ညှိုးထိုးပြီး ခြိမ်းခြောက်သွားလိုက်တာ... ။
သေပွဲဝင်ခဲ့ရတဲ့ ဒီအခန်းလေးကို ကျွန်မ မုန်းမိတယ်။ ပြီးတော့... ည။ ဒီညကို ကျွန်မ ရူးမတက်မုန်းတီး ရွံရှာတယ်။ ရာဂဘီလူးတစ်ကောင်ရဲ့ သတ်ဖြတ်ခြင်းကို ကလေးတစ်ယောက်ရဲ့ ဘဝနဲ့မျက်ရည်တွေ စတေးခံခဲ့ရတဲ့ ည... ။
မိုက်ရိုင်းလိုက်တဲ့ ည... ။
နောက်နောင် ဒီလိုညမျိုးကို ကျွန်မ ထပ်ပြီး ရင်မဆိုင်ရဲတော့ပါ။ မနက်ဖြန်အတွက်လည်း ဒီအိမ်မှာ ဘယ်လိုရင်ဆိုင်ရပါမလဲ မတွေးဝံ့တော့ပါ။
📚📚📚
ကြယ်စင်ကလေးတွေရဲ့ အလှကို တစ်ပွင့်ချင်း မလှုပ်မယှက် စိုက်ကြည့်နေမိတယ်။
ဒီညက မမှောင်ပါဘူး။ လရောင်အလင်းလည်း မကွယ်ပါဘူး။ ပြီးတော့ အိမ်ရှေ့လမ်းမှာ မာကျူရီမီးတွေလည်း ထွန်းထားတာပဲ။ ဒါပေမယ့် ကျွန်မ စိတ်ထဲမှာ မှောင်နေသလို ခံစားရတယ်။ လရောင်အလင်း သာပါလျက်နဲ့ နှလုံးအိမ်မလင်းတဲ့ ညလို့ပဲ ပျစ်ပျစ်နှစ်နှစ် ခေါင်းစဉ်တပ်ပစ်လိုက်ချင်တယ်။ ကျွန်မ ဘာကို စိတ်အလိုမကျဖြစ်နေတာလဲ နားမလည်တော့ပါ။
အဲဒီတုန်းက အဲဒီညလိုမျိုး နောက်ထပ်ညဆိုးတွေ ထပ်မဖြစ်ခင်မှာ ကျွန်မ ထွက်ပြေး လွတ်မြောက်ခဲ့တယ်လေ...။ ပြီးတော့ ကျွန်မ အမေ အိမ်ကို မလာတတ်လို့ အနီးပတ်၀န်းကျင်က လူကြီးတွေရဲ့ အကူအညီတွေနဲ့ အမေ့ဆီ ပြန်ရောက်လာနိုင်ခဲ့တာပဲ။ အမေ့ကို ဖြစ်ကြောင်းကုန်စင် ဖွင့်ပြောခဲ့လို့ အမေက ကျွန်မကိုယ်စား မကျေနပ်ဖြစ်ကာ သူ့ကို တရားစွဲခဲ့ပြီး ဒီအမှုမှာ ကျွန်မတို့ အနိုင်ရခဲ့တယ်။ တရားနိုင်ခဲ့ပေမယ့် ကျွန်မ နှလုံးသားဒဏ်ရာကတော့ ပြည်တစိုစိုနဲ့ မကျက်တဲ့အနာကို ဆေးထည့်ပေးဖို့ အမေလည်း သတိပြုမိသွားပုံရတယ်။ ပုတ်နံ့တလူလူ ထနေတဲ့ ကျွန်မရဲ့ အမဲစက်သတင်းတွေက ရပ်ကွက်ထဲမှာ မသိသူရှား သိသူက များမို့ ဒီရပ်ကွက်ကလေးကနေ စွန့်ခွာပြီး အခြားဝေးကွာတဲ့ အရပ်မှာ ဘဝအသစ်တစ်ခုကို ထူထောင်ဖို့ အမေ စွမ်းဆောင်ပေးခဲ့တာပဲ။ ပြီးတော့ ပြည့်စုံကြွယ်ဝတဲ့ အမျိုးသားတစ်ယောက်ရဲ့ ဇနီးတစ်ယောက်ဖြစ်လာအောင် ကျွန်မကို စွမ်းဆောင်ပေးခဲ့တာပဲလေ။ အမေ့ တာဝန်ကျေပါတယ်။ အမေက အားရဝမ်းသာ အပြုံးနဲ့ 'တော်သေးတာပေါ့၊ ငါ့သမီးဘဝ လှသွားပါပြီ'တဲ့။
သြော် ... ဟုတ်သား.. ။ ခု ကျွန်မ ဘဝက လှနေပြီပဲလေ။ ကိုယ့်အပေါ် တကယ်ချစ်မြတ်နိုးတဲ့ သူဌေးတစ်ယောက်ရဲ့ ဇနီးမယားဖြစ်ခဲ့ရပြီပဲ။ ဆင်းရဲတဲ့ ဘဝကို လွန်မြောက်ခဲ့ပြီ။ `ဆားဗူးဆိုတဲ့ ဘ၀က ကျန်ရစ်ခဲ့ပြီလေ။
ဒါဆို ကျွန်မ ဘာကို စိတ်အလိုမကျ ဖြစ်နေတာလဲ။ ညတစ်ခုရောက်တိုင်း အိပ်မက်ဆိုးတွေ မကြာခဏ မက်နေတာက ဘာကြောင့်လဲ။ ကျွန်မ မဖြတ်ကျော်ချင်ခဲ့တဲ့ အတိတ်က ညဆိုးတစ်ခုကို လွတ်မြောက်ခဲ့ပြီးပြီ။ ဒါပေမယ့် ဒီနေ့ ဒီအချိန်ထိ ခြောက်လှန့်နေတုန်းပါပဲလား။ ဆိုးရွားလိုက်တဲ့ ညဆိုး ညမိုက်တစ်ခုကို ကျွန်မ မေ့ပစ်ချင်မိတယ်။
နှစ်ခြိုက်စွာ အိပ်စက်နေတဲ့ ကျွန်မရဲ့ ချစ်လင် မောင့်ကို လှမ်းကြည့်လိုက်တယ်။ ဟောက်သံတွေတောင် ထွက်နေတဲ့အထိ နှစ်နှစ်ခြိုက်ခြိုက် အိပ်စက်နေပါလား။ နားအေးပါတယ်လေ။
အတိတ်ဟောင်းက ညမိုက်တစ်ခုနဲ့ ရစ်ပတ်အသတ်ခံနေရတဲ့ ကျွန်မကတော့ အိပ်စက်လို့ ဘယ်ရပါ့မလဲနော်။
ကျွန်မ ထပ်ဖန်တလဲလဲ နှုတ်က ရေရွတ်ဆုတောင်းနေမိတယ်။
ရာဂဘီလူးတစ်ကောင်က ကြယ်တစ်ပွင့်ကို ဝါးမြိုဖဲ့ခြွေနေတဲ့ အိပ်မက်ဆိုးပုံရိပ်တွေ ထပ်မမက်ပါစေနဲ့တော့ ...။
ကိုးငယ်မင်း
ခရေရနံ့ မဂ္ဂဇင်း
ဒီဇင်ဘာလ ၂၀၂၀
0 Comments