အချစ်ပူ - ကိုးငယ်မင်း


 ဝတ္ထုတို အမည် -အချစ်ပူ

စာရေးသူ - ကိုးငယ်မင်း

Short Story


-------------------------------------------------
“အချစ်ပူ “ #ကိုးငယ်မင်း

"နေပူက ပူပူနဲ့ ထီးလည်းမပါဘူး၊ ဘယ်သွားမလို့လဲ"

လမ်းမှာတွေ့ခိုက် နှုတ်ဆက်တော့ ခင်ထားက သူ့ကို အပြုံးကင်းမဲ့ဇုန်ထဲက မျက်လုံးတွေနှင့် ကြက်ခြေခတ်သွား၏။

"ပူပူပေါ့ဟယ်"

ငှက်ဖြူမလေးတစ်ကောင် ရန်တွေ့သံလေးနှင့် အော်ဟစ်နေသလိုလို။ ရန်တွေ့သော်လည်း ချစ်စဖွယ်ဟန်ကလေးက တစ်စက်ကလေးမျှပင် လျှော့မသွားပေ။

🎵🎵🎵

အခန်း ၁။

ခြစ်ခြစ်တောက်အောင် ပူနေသည့် နေအပူရှိန်က နွေရာသီဖြစ်သော်လည်း ဒီရပ်ကွက်ကလေးထဲ ဖြတ်လျှောက်သွားလျှင် တော်ရုံနှင့် နေမထိနိုင်ပါ။ သို့သော် လေမတိုး၍ မအေးချေ။ အိမ်ချင်းခြံချင်း ဆက်နေအောင် ဆောက်ထားသည့် ရပ်ကွက်ငယ်ကလေး။
သူတို့အိမ်ကလေးကလည်း ထိုရပ်ကွက်လေးထဲတွင် လျော့တိလျော့ရွဲနှင့် ခပ်ကျဉ်းကျဉ်းလေးသာ နေရာတစ်ခုကို ယူထား၏။
ညနေခင်းဆိုလျှင် အိမ်ရှေ့တွင် မီးခိုးတလူလူနှင့် ညှော်နံ့ထိုင်ရှုရဖို့သာပြင်။ သူ့ အမေ အင်္ကျီများတွင် ပေကျံနေတတ်သည့် မုန့်နှစ်တွေကိုလည်း မမြင်ချင်တဆုံး။
ပွက်ပွက်ဆူနေသည့် ဆီပူအိုးထဲက ဘူးသီးကြော်၊ ကြက်သွန်ကြော်၊ မြင်းခွာရွက်ကြော် စသည်တို့ကို သူကပဲ အထက်၊အောက် ကျက်အောင်လှန်၊ ရဲကြွပ်လာပြီဆိုလျှင် ဆယ်ယူရသည့် တာဝန်ဖြစ်၏။

"ကြီးစိန် အကြော် နှစ်ရာဖိုး၊ ဘူးသီးကြော်နဲ့ ကြက်သွန်ကြော်နှစ်မျိုးကို မျှထည့်ပေးပါ"

မီးခိုးငွေ့တလူလူနှင့် အကြော်နံ့ ညှော်နံ့များကြားထဲက မိတ်ကပ်ရနံ့ ခပ်သင်းသင်းလေးက မထိတထိလေး စွဲညှို့သွားလေသလား။
အရုပ်မလေးလို လှနေသည့် ကောင်မလေးက သူတို့ ရပ်ကွက်ထဲက တဲအိမ်ကလေးတစ်လုံးတွင် နေထိုင်သည်။ သူ့နာမည်က ခင်ထား။ ခင်ထားက နုဖတ်နေအောင် လှသည့် ဆယ်ကျော်သက်ကောင်မလေးမို့ ကာလသားတွေ မျက်လုံးထဲ အူအသည်းယားဖွယ် စွဲမက်ကြသည်မှာ သိပ်မဆန်း။ နုနုဖပ်ဖပ် မျက်နှာကလေးပေါ်တွင် မိတ်ကပ်၊ နှုတ်ခမ်းနီ၊ ကာခြယ်တွေကြောင့် အပြစ်ကင်းစင်သော ချစ်စဖွယ်ဟန်ကလေးကို ခပ်ဟော့ဟော့မျက်နှာဖုံးတစ်ခုက အနိုင်ယူသွား၏။ 'ဘာမှ မခြယ်လည်း လှပါတယ် ခင်ရယ်...'ဟု ပါးမို့မို့လေးကို နမ်းကာ သူ ပြောလိုက်ချင်မိသည်။
ငေးကြည့်နေမိသည့် သူ့ကို အမေက မုန့်နှစ်နယ်ရင်း မော့ကြည့်သည်။ 'ဟဲ့'ဟု အသံပြု၍ အကြော်နှစ်ရာဖိုး ထည့်ပေးလိုက်လေ ဆိုသည့်မျက်လုံးနှင့် ကြည့်တော့မှ သတိဝင်ကာ အကြော်ထည့်ပေးလိုက်၏။

"တစ်ခုအပိုထည့်ပေးလိုက်တယ်နော်"

ခင်ထားက ကျေးဇူးတင်စကားပင် မပြန်နိုင်လောက်အောင်"မာန" ပိဿာတစ်ရာလောက်ကို နှုတ်ခမ်းဖျားပေါ်တွင် ထည့်တင်ထားလေသည်။

🎵🎵🎵

အခန်း ၂။

"ဟိုမယ် ကြည့် ကြည့်... လမ်းလျှောက်တဲ့ပုံစံကိုက မြေကြီးနဲ့ ခြေထောက် မထိတော့ဘူး"

ထိုမိန်းမများ၏ ပါးစပ်ဖျားတွင် စက်ဆုပ်ဖွယ်အတင်း၊ ခပ်ညံ့ညံ့အဖျင်းတွေ ပျံဝဲပေတော့မည်။ ထိုစားပွဲဝိုင်းကို သူ အချဉ်စပ်ပုဂံချပေးရင်း ထိုမိန်းမတွေ ပြောနေကြသည့်သူကို ဘာရယ်မဟုတ် လှမ်းကြည့်လိုက်သည်။
လက်စသတ်တော့ ခင်ထား အကြောင်းကို အကြော်စားရင်း အရသာခံ ပြောကြပေဦးမည်။

"ဒီကလေးမ အရင်က အေးတိအေးစက် မလှုပ်တလှုပ်ကလေးပါပဲ၊ ခုဘယ်လိုဖြစ်သွားရတာလဲ၊ ဝတ်ပုံစားပုံကအစ ပြောင်းသွားတယ်နော်"

အပုတ်ချနေသော ထိုအမျိုးသမီးနှစ်ဦးကို ရေနွေးအိုးချပေးကာ မမြင်သာအောင် မသိမသာလေး မျက်မှောင်ကျုံ့၍ ကြည့်ပစ်ခဲ့လိုက်သည်။ သူ့စိတ်ဆန္ဒအရသာဆိုလျှင် အချဉ်စပ်ပန်းကန်နှင့် မျက်နှာတွေကို ပက်ပစ်လိုက်ချင်စိတ်က ဟီးဟီးထနေ၏။

"ပြောင်းတာပေါ့ဟယ် သူ တွဲနေတဲ့ အကောင်က ဘောစိလေ"

အကြော်ပလုပ်ပလောင်းစားနေရင်း ပြောနေသည့် ထိုအမျိုးသမီး၏ စကားကြောင့် သူ့ဗဟိုနန်းတော်တွင် တုန်ခါမှု အရှိန်ခပ်ပြင်းပြင်းပါသည့် ငလျင်အစင်းတစ်ရာ ဝင်ရောက်မွှေနှောက်သွားသည့်နှယ်....။

ပွက်ပွက်ဆူနေသည့် ဆီပူအိုးကြီးကို ငူငူငိုင်ငိုင်ကြီး အဓိပ္ပာယ်မဲ့စွာ ကြည့်နေမိသည်။

အမေက'ဟဲ့ကောင်လေး... အကြော်တွေ ဆယ်တော့လေ၊ အကြော်တွေ ကျွမ်းကုန်တော့မှာပဲ'ဟု သတိပေးဆူငေါက်သတိပေးသံကြောင့် စိတ်မပါလက်မပါနှင့် အကြော်များကို ဆယ်ယူကာ ဆီစစ်ဇကာထဲထည့်လိုက်၏။

ပွက်ပွက်ဆူနေသည့် ရင်တွင်းပူကြီးထဲတွင် သူ့နှလုံးသားတစ်စုံလည်း ကျွမ်းလုပြီလား မသိပေ။ လွင့်မျောသွားသည့် အတွေးများနောက် သူ အမောတကောနှင့် တကောက်ကောက်လိုက်သွားမိပြန်သည်။
ခင်ထားကို ချစ်ရေးဆိုခဲ့ဖူးသော ကာလသားထဲတွင် သူရော ပါခဲ့ဖူးလားဟု မေးလျှင် ငြင်းမည်မဟုတ်ပါ။ 'ခင်ထား... နင့်ကို ငါ... ငါ... ချစ်တယ်' အဖွဲ့အနွဲ့ အကာအရံမပါဘဲ ရိုးရိုးရှင်းရှင်းစကားလေးနှင့် ဖွင့်ဟခဲ့ဖူးသည်။

ခင်ထားက လှောင်ပြုံးတစ်ပွင့်ကို နှုတ်ခမ်းပေါ်ဝယ် ရဲပလောင်းခပ်နေအောင်တင်ထား၏။'နင့်လိုအကောင်မျိုးကို ငါက ကြိုက်စရာလားဟယ်'ဆိုသည့် ရုပ်ရှင်တွေထဲက စကားလုံးတွေလို ခပ်နှိမ်နှိမ်စကားမျိုးနှင့် ထိုးနှက်ခဲ့သော်လည်း ဗွေမယူရက်ခဲ့ပါ။

"ငါ့လက်က မုန့်နှစ်နယ်ပြီး ဆီပူပေါက်ခံ၊ အညှော်ခံ အကြော်ရောင်းစားရမယ့်လက်မဟုတ်ဘူးဟဲ့၊ အကြော်သည်ရဲ့ကတော်ဖြစ်တန်စရာလားဟယ်"

ခင်ထား ပြောခဲ့ဖူးသည့် စကားလုံးတစ်ခွန်းကိုလည်း ယခုချိန်ဝယ် ရင်ထဲ နာနာကျင်ကျင်ပြန်လည်သတိရလာပြန်ပေပြီ။
လွင့်မျောနေမိသည့် ဒဏ်ရာပါ အတိတ်တစ်ခုကို 'အချဉ်စပ် ထပ်ထည့်ပေးပါဦး' ဟု ဖောက်ထွက်လာသည့်အသံတစ်ခုက နှင်ထုတ်ပစ်သည်။
စိတ်မပါလက်မပါနှင့် အချဉ်စပ်ပန်းကန် ချပေးလိုက်၏။ ထိုအမျိုးသမီးတွေနှင့် ဆက်ပြောမည့်အသံကို မနှစ်မြို့သော်လည်း နားစွင့်နေမိသည်။

"သူ့ဘဲက ငွေအတော်ကျပုံပဲနော်"
"အေးပေါ့ဟယ်... သူ့အခြေအနေနဲ့ ဒီလိုအဝတ်အစား ဘယ်ဝတ်နိုင်ပါ့မလဲ၊ သူ့ဘဲက ပေးမှာ ကမ်းမှာပေါ့"

"အေးနော်... ဒီကလေးမ အရွေးတော်သားပဲ"

တစ်ဖက်အမျိုးသမီး လက်ကို ဖျတ်ခနဲ သာသာလေးရိုက်ကာ ရယ်ကျယ်ကျယ်နှင့် 'အမလေးဟယ်... အတော်လွန်နေမှ ဒုက္ခ' ဟု ဆိုလေသည်။
ဘာကိုဆိုလိုတာလဲဟု သူပင် မျက်မှောင်ကျုံ့၍ စဉ်းစားသွားရပါသေးသည်။ 'ဒီခေတ်ယောက်ျားတွေက သိပ်လွယ်တာမဟုတ်ဘူးဟဲ့'ဟု ဆက်၍ ပြောလေမှ သဘောပေါက်သွား၏။ သဘောပေါက်ခြင်းနှင့်အတူ ဒွန်တွဲလိုက်ပါလာသည်က စိုးရိမ်ပူပန်မှုများသာ။
အလကားမိန်းမတွေ... သူတို့ထင်တာတွေ မဟုတ်တမ်းတရား လျှောက်ပြောနေကြတယ်ဟု စိတ်ထဲတွင် ကျိတ်၍ မကျေမချမ်းပြောနေမိသော်လည်း စိုးရိမ်သောကတွေကတော့ ပြည့်လျှံနေဆဲပင်။

နွေခေါင်ခေါင် ညနေခင်းတစ်ခုတွင် ချွေးဒီးဒီးကျအောင် ပူစပ်ပူလောင် ဖြစ်ရသည်။ ထိုထက်ဆိုးသည်မှာ နှလုံးသားတစ်စုံသည် ရင်တွင်းမှ လောင်မြိုက်နေသော အပူမီးတွေကို ကျောပိုးလွယ်ကာ နွေခေါင်ခေါင် ညနေခင်းတစ်ခုကို ဖြတ်သန်းပြေးလွှားနေရသည်။

🎵🎵🎵

အခန်း ၃။

ခြောက်ခွဲနေပြီဖြစ်သည့် ညနေခင်းက နွေခေါင်ခေါင်ရာသီတစ်ခုနှင့် တည့်တည့်တိုးချိန်မှာတော့ အိုက်စပ်စပ်နှင့် မမှောင်သေးသည့် ညနေခင်းဖြစ်ခဲ့ရသည်။ အကြော်ဆိုင်ထွက်သော်လည်း တစ်ခါတလေ ဘော်ဒါများနှင့် ဘောလုံးဝင်ကန်ချင်သောကြောင့် အကြော်ဆိုင်လူရှင်းချိန် အမေ့ကို ချော့ပြောပြီး ထွက်လာခဲ့ရ၏။

ဘောလုံးကစားပြီး ခဏနားချိန် ပူကလည်း ပူတော့ လှိုင်ခေါင်းသံထွက်အောင် ဟောဟဲစိုက်နေကြပြီ။ ရေအိုးစဉ်ကိုသာ အလုအယက် ပြေးသောက်ကြရသည်။

"ဆက်ကန်ကြဦးမှာလား..."

"နားပါဦးကှ"

ကန်လေ့ကန်ထ အလေ့အကျင့်သိပ်မရှိတော့ ဒီကောင်တွေလို ချက်ချင်းအမောမပြေပေ။

"ဟေ့... ဟေ့... ဟိုမယ် ခင်ထား တွေ့လား"

ခပ်လှမ်းတွင် လမ်းလျှောက်လာသည့် ခင်ထားကို သူလည်း ကပျာကယာ ကြည့်လိုက်၏။ ထုံးစံအတိုင်း ကျော့မော့နေအောင် ခပ်ဟော့ဟော့လေး ဝတ်ထားပြန်သည်။
ထိုအခိုက်မှာပင် ကားတစ်စီး ဆိုက်လာ၏။ ကားပေါ်က ဆင်းလာသူကိုကြည့်လိုက်တော့ ငွေကြေးအရ အထက်တန်းစားဆန်ဆန် အနေအထားမျိုးရှိသော်လည်း ဝတ်ထားပုံက သိပ်ပုံမကျချေ။ ဝတ်စားပုံကိုကြည့်ရုံဖြင့် မိုက်ကန်းကန်း အချိုးမျိုးမှန်း မပြောလည်း သိသည်။ ကားတံခါးကို ဖွင့်ပေးတော့ ခင်ထားက ပြုံးရယ်ရင်း ကားထဲဝင်သွား၏။
ရင်ဝကို သံဖိနပ်နှင့် ဆောင့်ကန်ခံလိုက်ရသလို နင့်ခနဲ နာသည်။

"ဟာ... မင်းကောင်မလေးကလည်း မမိုက်ပါဘူးကွာ၊ ဒီလိုကောင်ကိုမှ... "

သူ ဘာမှ မပြောနိုင်ပါ။

"ချမ်းသာလို့ ကပ်တာပေါ့ကွ"

"အေး မိန်းမတွေကလည်း ငွေရှိမှ လူရာသွင်းချင်ကြတာကွ၊ ငါ့ကောင်ကြီး... ဘာမှ စိတ်ညစ်မနေနဲ့ ဝမ်းဂိုး တူးကမ်းပေါ့ကွာ"

သူ့ပုခုံးကို ပုတ်ကာ ဘော်ဒါတွေက နှစ်သိမ့်သည်။ သူ ဘာမှ ပြန်မပြောနိုင်သေးလောက်အောင် နှုတ်က ဆွံ့အနေဆဲ...။

"ဒီဘဲကြီးကြည့်ရတာ စားပါးဝနေတဲ့ ကြောင်ပါးကြီးထင်ပါရဲ့ကွာ"

ထိုစကားကြောင့် သူ သွေးပျက်လုမတက်ခြောက်ချားတုန်လှုပ်သွားရသည်။ မြစ်ကမ်းတစ်ဖက်က လက်ပစ်ကူးလာသည့် လူတစ်ယောက်နှယ် ရင်ထဲတွင် မောဟိုက်လို့နေလေပြီ။

ဒီနေ့လည်း နွေခေါင်ခေါင် ညနေခင်းတစ်ခုတွင် နှလုံးသားတစ်စုံက ပူလောင်ခြင်းတွေကို ကျောပိုးလွယ်ရပြန်သည်။

🎵🎵🎵

အခန်း ၄။

"နင်က ငါ့ကိစ္စကို ဝင်ပါရအောင် နင်နဲ့ငါ ဘာဆိုင်လို့လဲ..."

"ငါ နင့်ကို စိုးရိမ်လို့ ပြောတာပေါ့ ခင်ထားရယ်"

ခင်ထားက ရယ်သည်။ ရယ်သံတွေက အသက်မပါ။

"ငါ့ဘာသာ ဘယ်အကောင်နဲ့တွဲတွဲ နင် ဝင်ပါစရာအကြောင်းမရှိဘူး၊ ငါတွဲနေတဲ့သူက အကြော်သည်အဆင့်ထက်တော့ သာပါတယ်ဟယ်"

သူ မျက်နှာ ကွတ်ခနဲ ပျက်သွားရသည်။ ပြောရက်လိုက်လေခြင်း။

"ဒီမယ် နင်မှတ်ထားဖို့က နင် ငါ့အချစ်ကို ဘယ်တော့မှ မမျှော်လင့်နဲ့၊ ငါ့ဘာသာ ဘယ်အကောင်နဲ့တွဲတွဲ နင့်အပူမပါဘူး... ဖယ်"

ရင်ဝကို ဆောင့်တွန်းဖယ်ကာ ထွက်ခွာသွား၏။ ယိမ်းခနဲ ဖြစ်ရသည့် ခန္ဓာကိုယ်လေးနှင့်အတူ နှလုံးသားတစ်စုံလည်း သိမ့်ခနဲ ယိမ်းယိုင်သွားပုံရသည်။

ဒီနေ့လည်း နွေခေါင်ခေါင်တွင် နှလုံးသားတစ်စုံက..... ။

🎵🎵🎵

အခန်း ၅။

"ဟဲ့ ... ငါ မပြောဘူးလားဟယ် ဒီခေတ်ယောက်ျားတွေက သိပ်လွယ်တာမဟုတ်ဘူးလို့"

"အေး ပြောပါဦး"

"ဟယ်... နင်ကလည်း သဘောမပေါက်ဘူး၊ အဲကလေးမမှာ ဒါရှိနေပြီ"

အမျိုးသမီးက ဗိုက်ကို လက်ညှိုးထိုးပြကာ လက်နှစ်ဖက်နှင့် ဝလုံးသဏ္ဍာန် ဝိုင်းပြ၏။
သူ ဘေးက နားထောင်ရင်း 'ဟင်'ခနဲပင် အံ့သြမင်သက်ဖြစ်သွားရသည်။ ခေါင်းထဲ မိုးကြိုးစက်ကွင်းများ တစ်စင်းပြီး တစ်စင်း ဝင်ရောက်ထိုးနှက်ခြင်းကို ခံလိုက်ရသည်။

"ဟုတ်လို့လား"

ဘေးကအမျိုးသမီးက အကြော်ကို အချဉ်စပ်တို့ရင်းက တအံ့တသြမေးသည်။

"ဟုတ်ပါတယ်ဆိုနေမှပဲ၊ မဟုတ်ဘဲ ကျုပ်က ပြောပါ့မလားလို့၊ ဖုံးမရ ဖိမရ ဗူးပေါ်သလိုပေါ်လာပြီလေ ကြည့်ပါလား ဒါကြောင့် သူ အိမ်ထဲက အိမ်ပြင်မထွက်တော့တာ၊ သူတွဲနေတဲ့အကောင်လည်း ခါတိုင်းဆို အပတ်တိုင်း လမ်းထိပ်မှာ ကားကြီးတကားကားနဲ့ ရောက်လာတတ်တာလေ... ခုတော့ ကြက်ပျောက် ငှက်ပျောက် ပျောက်သွားလိုက်တာ အမြှီးတောင်မမြင်ရဘူး"

သူ လက်ကို ကျစ်ကျစ်ပါအောင် ဆုတ်ပြီး အံကြိတ်နေမိယုံမှအပ။
'ယုတ်မာလိုက်တဲ့အကောင်၊ လူယုတ်မာ'ဟု စိတ်ထဲတွင် အကြိမ်ကြိမ် ဆဲနေမိ၏။ 'ယုတ်မာဦးကွာ'ဆိုပြီး မျက်နှာကို အားရပါးရ ထိုးပစ်ချင်သည်။
ရင်နာလိုက်လေခြင်း။(ချစ်တဲ့ ခင်ထားရယ်)

🎵🎵🎵

အခန်း ၆။

"နေပူက ပူပူနဲ့ ထီးလည်းမပါဘူး၊ ဘယ်သွားမလို့လဲ"

"ပူပူပေါ့ဟယ်"

တစ်ချိန်က ထိုစကားများသည် သူ့ နားထဲ တစ်ချက်တစ်ချက် ပြန်ကြားယောင်လာ၏။

ထို့နောက်...
"နင့်အပူမပါဘူး" ဟု ထပ်၍ တစ်ဖုံကြားယောင်လာပြန်သည်။

ငါ့အပူမပါပေမယ့် နင့်အပူကြီးပါလာခဲ့ပြီလေဟု သူ ရင်ထုမနာ ပြောမိလျှင် 'ပူပူပေါ့ဟယ်'ဟု ရန်တွေ့စကားဆိုလေဦးမလား။
တွေးမိလေတိုင်း အူနုကျွဲခတ်သလို နာကျင်၏။

ဒီနေ့တစ်နေကုန် သူ နေမထိ ထိုင်မသာနှင့် 'ပူပူပေါ့ဟယ်'ဆိုသော စကားကိုပဲ ထပ်ခါထပ်ခါ ကြားယောင်မိနေတော့သည်။ ထိုသို့ ကြားယောင်မိလေတိုင်း သူ့ရင်တွေလည်း အပူလွင်ပြင်ထဲတွင် တဟုန်းဟုန်းမြည်အောင် လောင်ကျွမ်းနေလေတော့သည်။ 

ကိုးငယ်မင်း

ရွှေအမြုတေ မဂ္ဂဇင်း (ရွှေနှလုံးသား)
ဖေဖော်ဝါရီလ ၂၀၂၁

Post a Comment

0 Comments