စာရေးသူ - ချစ်ဦးညို
Short Story
-------------------------------------------------
ဗျဂ္ဃ
#ချစ်ဦးညို
နေလုံးကြီးဟာ ဟိုးအနောက်ဘက် တောင်တန်းတောင်စွယ်ပေါ်မှာ မေးတင်ထားရာကနေ ပြုတ်ကျသွားတယ်။ ရှည်လျားတဲ့ နေရောင်ခြည်တန်း အလင်းမျှင်တွေလည်း ချက်ချင်းဆိုသလိုပဲ ဖြုတ်ခနဲ ပျောက်သွားတယ်။
လက်ထဲက ဓားရိုးကို ကျစ်ကျစ်ပါအောင်ဆုပ်ရင်း တံခါးနီမှူးကြီးကို ကျုပ်တစ်ချက် လှမ်းကြည့်လိုက်တယ်။ တံခါးနီမှူးကြီးက ခေါင်းတစ်ချက် ညိတ်အပြမှာပဲ။
ကျုပ်လက်ထဲကဓား အပေါ်ကို မြောက်ကြွသွားတယ်။
ပြီးတော့ အောက်ပြန်အကျ ...။
တစ်ချက်ကလေးတောင် မအော်နိုင်ပါဘူး။ ဘာဝေဒနာကိုမှလည်း ခံစားမသွားရပါဘူး။ ငမိုက်သားရဲ့ ဦးခေါင်းဟာ သူ့ကိုယ်ကနေ လွင့်စင်သွားတယ်။ ငေါက်ခနဲ ပန်းထွက်လာတဲ့ သွေးတွေကို တပည့်ကျော် “ငဆွံ့” က အင်တုံနဲ့ ခံပြီးတော့ ထုံးစံအတိုင်း သူသတ်ကုန်း မြေပေါ်ကို ဖျန်းပက်လိုက်တယ်။
ခွေးကြီး စက္ကကလည်း ရှည်ရှည်လျားလျား အူတယ်။
အမှောင် သန်းပြီ။
အင်း ... ရာဇဝတ်သား တစ်ယောက်လည်း သူ့လမ်းသူ သွားခဲ့ပြီပေါ့။ တစ်နေ့တာအတွက် တာဝန်ပြီးပြန်ပြီ။ သူသတ်ကုန်းထောင့်က တဲဆီကို ကျုပ်ပြန်လာခဲ့ရတယ်။ ကိုယ်တိုင် ချက်ထားတဲ့ အရက်ကို သောက်မယ်။ ထမင်းစားမယ်။ ပြီးတော့ အိပ်မယ်။
အမောင်တို့ အမိတို့ သိချင်သာဆိုလည်း ပြောရတာပ။
ကျုပ်နာမည်က ဗျဂ္ဃ၊ နေပြည်တော်သူ နေပြည်တော်သားတွေကတော့ မကောင်းဆိုးဝါးကောင်ကြီး ဗျဂ္ဃလို့ ခေါ်ကြလေရဲ့။ ဒါကလည်း သူတို့ ဘာသာ သူတို့ အချင်းချင်းစကားပြောရင်း ကျုပ်ကို အမည်တပ်ကြတာပါ။ တကယ်တော့ ကျုပ်ကို စေ့စေ့တောင်မှ ကြည့်ရဲကြတာ မဟုတ်ပါဘူး။
ကျုပ်နဲ့ မတွေ့ချင်၊ မဆုံချင်၊ အသိအကျွမ်း မဖြစ်ချင်ကြဘူး။ ကျုပ်ရှိရာ အရပ်ကိုလည်း မလာချင်ကြဘူး။ ဘယ်လို အကြောင်းကြောင့်နဲ့မှ မပတ်သက်ချင်ကြဘူးလေ။
ဟား ... ဟား ... ဒီလိုပဲဖြစ်ရမှာပေါ့။
အမောင်တို့ အမိတို့ကော ကျုပ်နဲ့ ပတ်သက်ချင်ကြသလား။ မပတ်သက်ချင်ကြနဲ့။ ကိုယ်ကျိုးနည်းသွားမယ်နော်။
အေးလေ ... သူသတ်ကုန်းက အာဏာပါးကွက်သားကြီး ဗျဂ္ဃဆိုတာ လူတွေအတွက ခင်မင်နှစ်လိုဖွယ်မှ မဟုတ်တာကလား။ ကျုပ်ဆီကို ရောက်လာတဲ့သူတွေဟာ မြို့ဝန်မင်း အမိန့်တော်အရ ရာဇဝတ် သင့်လာသူတွေချည်းပဲ။ တောပုန်းဓားပြတွေ၊ မုဒိမ်း တန္တတွေ၊ ဘုရင်မင်းမြတ်ကို ပုန်စား ခြားနားသူတွေ။
ဓားတန် ဓား၊ ပုဆိန်တန် ပုဆိန် ဝါးရင်းတုတ်တန် ဝါးရင်းတုတ် အပြစ် ကြီးငယ်ကို လိုက်ပြီး ကျုပ်က သင်းတို့ကို စီရင်ပေးရတယ်။ အင်း ... စီရင်ပေးရတယ် ဆိုတဲ့ စကားလုံး ကျုပ်ဟာကျုပ် တယ်ကြိုက်။ ဟုတ်သပ။ နေပြည်တော်က လူတွေကတော့ ကျုပ်ကို လက်မရွံ့ ပါးကွက်သားကြီးတဲ့။ လူ့ဘီလူးကြီးတဲ့၊ လူ့ခန္ဓာကိုယ်ရှိတဲ့ တိရစ္ဆာန်ကြီးတဲ့။ ငရဲသားကြီးတဲ့။ စုံလို့ပါဘဲ။ အမည်နာမပေါင်း များစွာနဲ့ သိဒ္ဓိတင်ပေးနေကြတာ။ အင်း ... ဇနပုဒ်သားတွေကတော့ သူသတ်သမားကြီးတဲ့လေ။
ဒီ “သတ်” ဆိုတဲ့ စကားအသုံး ကျုပ် တယ်မကြိုက်ချင်ဘူး၊ ကျုပ် အလုပ်နဲ့ သိပ်မအပ်စပ်ဘူး။ ဒီစကားလုံးဟာ အမှန်က စီရင်ပေးရတာ၊ စီရင်ရတာ။
ကြည့်လေ၊ ဓားနဲ့လား၊ ပုဆိန်နဲ့လား၊ ဝါးရင်းတုတ်နဲ့လား။ ဘာနဲ့ပဲ အလှည့်သင့်သင့် ရာဇဝတ်သား ဝေဒနာ မခံစားရအောင် ကျုပ်က တစ်ချက်နဲ့ အပြီး လုပ်ပေးရတာ။ သွေးရူးသွေးတန်း ထပြေးတာ၊ အော်ဟစ်နေတာမျိုး မရှိစေရ။ တစ်ချက်မှ တစ်ချက်တည်း။ ဒီလို ဗျဂ္ဃမျိုးပါ။ ဟေ ... ဟေး ... ဟေး။
တစ်ခုတော့ ရှိသပေါ့လေ။ ရာဇဝတ်သားတွေဟာ ကျုပ်ဆီရောက်လာပြီး တုံးပေါ် လည်စင်းပေးတဲ့ အချိန်အထိတော့ ကယောင်ကတမ်း ဖြစ်နေ ကြတာပါပဲ။ တချို့ဆို ကြောက်လွန်းအား ကြီးပြီး ကျုပ်ဘာမှ မလုပ်ခင်မှာပဲ ရူးတဲ့လူရူး၊ မေ့တဲ့လူမေ့၊ နှလုံးသွေးရပ်တဲ့လူ ရပ်နဲ့။
အမှန်က ကျုပ်လက်ကြောင့်မို့တော့ ဘာမှ အနာတရ မခံစားစေရဘူး။ ဘယ့်နဲ့ ဗျဂ္ဃတို့ ပါးကွက်သား လုပ်လာတာ ကြာပြီပဲဟာ။
ကျုပ်က ကျုပ်အလုပ် သိပ်ဂုဏ်ယူတာ။ လောကာမှာ ဘယ်သူမှ မလုပ်ရဲ၊ မလုပ်ချင်၊ မလုပ်တတ်တဲ့ အလုပ်မျိုး ရှားရှားပါးပါး ကျုပ်တစ်ယောက်တည်း ရှိတာ။ ဪ ... ကျုပ်တစ်ယောက်တည်း ဆိုရင် စကားမုသားပါနေဦးမယ်။
အမှန်က ကျုပ်လက်အောက်မှာ လူတစ်ယောက်နဲ့ ခွေးတစ်ကောင် ရှိတယ်။ မထူးပါဘူး။ လူနဲ့ခွေး ဆိုပေမယ့် သတ္တဝါနှစ်ကောင်ပဲ ဆိုကြပါစို့။ ဟုတ်တယ်လေ၊ ငဆွံ့ ဆိုတဲ့ အကောင်က လူဖြစ်နေလို့သာ လူခေါ်ရတာ နာမည်နဲ့လည်း ကိုက်ပါ့။ စကားလည်း မပြောတတ်၊ နားမကြား။ အဲ ... အထင်တော့ မသေးနဲ့လေဗျာ။ ငဆွံ့ကလည်း သူ့အလုပ်တော့ သူအင်မတန် ကျွမ်းကျင်တာ။ သူ့အလုပ်က ဒီလိုလေ၊ ကျုပ် စီရင်လိုက်တဲ့ ရာဇဝတ်သားရဲ့ အလောင်းကို ရှင်းလင်းတဲ့ အလုပ်။
နောက်တစ်ကောင် ရှိပါသေးကော။ ကျုပ်ရဲ့ ခွေးကြီးလေ။ ဟဲ ... ဟဲ ... သူ့နာမည်ကိုကော သိချင်ကြသေးလား။ လွယ်ပါတယ်။ တခြားနာမည် မပေးတတ်တာနဲ့ ကျုပ်လည်း ကျုပ်ခွေးကို စက္ကလို့ မှည့်လိုက်တယ်။ စက္ကတဲ့၊ အံမာ၊ ခွေးဆိုပြီး အထင်မသေး လိုက်နဲ့နော်။ စက္ကဟာ ခွေးလိုခွေး မဟုတ်ဘူး၊ ကျားလိုခွေး၊ သူသတ်ကုန်းမှာ မြှုုပ်ထားသမျှ အလောင်းတွေကို ဒီအကောင် ဖော်ဖော်ပြီးစားရင်းနဲ့ ဝဖီးနေတာ။ ရာဇဝတ်သားရဲ့ သွေးများဆို ဒီကောင် တယ်ကြိုက်သကိုး အင်း ... စက္ကက ကျုပ်လိုပဲ။ မီးတောက်အရက်လည်း ကြိုက်တယ်။ သခင်ဗျဂ္ဃ၊ ခွေးစက္က တယ်ဟုတ်သကိုး။
အဲ ... ကျုပ်ရယ်၊ ငဆွံ့ရယ်၊ စက္ကရယ် ဒီသုံးယောက်ပဲ သူသတ်ကုန်းမှာ နေကြတာ။ ကျုပ်အဖို့လည်း ဘယ်မှ သွားစရာ မလိုဘူး။ ဘယ်သူနဲ့မှလည်း တွေ့စရာ မလိုဘူး။ ကိုယ့်အလုပ် ကိုယ်လုပ်။ သေသောက်၊ ထမင်းစား၊ အိပ် ဒါပဲ။
ဘယ်သူမှလည်း ကျုပ်တို့ဆီ တခုတ်တရ မလာကြပါဘူး။ဟဲ ... ဟဲ ... လာမိတယ် ဆိုရင်လည်း ပြန်ထွက်သွားစရာ အကြောင်းမှ မရှိတော့တာကိုး။
ကဲ... အမောင်တို့ အမိတို့ကော၊ ခုလို အကြောင်း အစုံအလင် သိကြ ရပြီးတဲ့နောက်၊ ဘယ်လိုရှိစ။ လာချင်ကြသလား။ ဟေး ... ဟေး ...။
---
ခုတလော ရွှေနန်းတော်တစ်ဝိုက်မှာ အရေးတော်ပုံများ ရှုပ်ရှုပ်ထွေးထွေး ရှိလှတယ်လို့ တံခါးနီမှူးကြီးက ဟိုတစ်နေ့က ရာဇဝတ်သား တစ်ယောက် လာပို့ရင်း ပြောသွားတယ်။ ကျုပ်တော့ ဒါတွေကို နားမလည်ပါဘူး။ စိတ်ဝင်တစားလည်း မရှိလှပါဘူး။ ကျုပ်တို့ မြို့ဝန်မင်းကလည်း အတော်အလုပ်များနေ သတဲ့။ ရွှေနန်းတော် အခစားဝင်လိုက်၊ ဇနပုဒ်တွေ ဆင်းလိုက်နဲ့ မအားရဘူးတဲ့။
ထူးခြားတာ တစ်ခုတော့ ပြောသွားတဲ့ စကားထဲမှာ မှတ်မိလိုက်ရဲ့။ မြို့ဝန်မင်းက ဘုရင်မင်းမြတ်ရဲ့ သစ္စာတော်ကို လျှို့လျှို့ဝှက်ဝှက် ဖီဆန်နေတယ် ဆိုပဲ။ ဘဏ္ဍာတော်တွေကို ဖြတ်ယူသတဲ့။ ခိုးသား ဓားပြတွေ တိတ်တဆိတ် မွေးသတဲ့။ ဇနပုဒ်သားတွေ အပေါ်လည်း တယ်ဖိနှိပ်သတဲ့။ အခွန်အတုတ်တွေ ဖိကောက်၊ ပစ္စည်းတွေ မတရားသိမ်း၊ ရွှေနန်းတော်ကို ဝင်တဲ့ အခါကျတော့ တစ်မျိုးတဲ့။ သူ့နယ်က ပြည်သားလူထုတွေကပဲ ဆိုးသယောင် သူက ရွှေနားတော်သွင်းသတဲ့။
တံခါးနီမှူးကြီးက ပြောသွားသေးတယ်။
“မြို့ဝန်မင်း အကောက်ကြံပြီး ဆိုးရွားရက်စက် နေပုံကို နေပြည်တော်သူ နေပြည်တော်သားတွေက ဘုရင်မင်းမြတ် ရွှေနားတော် ပေါက်ကြားအောင် လုပ်ဖို့ ကြိုးစားနေတယ်။ ဒါကို မြို့ဝန်မင်းကလည်း သိတော့ အဖိအနှိပ် အကွပ်အညှပ်တွေ ပိုများလာတယ်”
“ဒီအတိုင်း မှန်ရင်တော့ မြို့ဝန်မင်း တဆိတ် ရိုင်းသကိုး”
လို့ ကျုပ်က ပြန်ပြောမိတယ်။ ဒါပေမယ့် ဒီအကြောင်းက ဒီလောက်နဲ့ပဲ ပြီးသွားတယ်။ ကျုပ်က စိတ်ဝင်စားတာ မဟုတ်ဘူးလေ။ ကျုပ်နဲ့မှ မဆိုင်တာကလား၊ ကျုပ် အလုပ်က အမိန့်တော် တစ်ခုခုနဲ့ သူသတ်ကုန်းထဲ ရောက်လာမယ့် ရာဇဝတ်သားကို အမိန့်တော် အတိုင်း စီရင်ပေးဖို့ပဲ။
“ဟေး ... ဗျဂ္ဃကြီး၊ ငါအခု ပြောသွားတာတွေကို ဘယ်သူမှ မကြားပါစေနဲ့၊ နှုတ်လုံပါနော်” တဲ့။
တံခါးနီမှူးကြီးက ပြန်ခါနီး ပြောသွားတယ်။
ကျုပ်ကလည်း ပြန်ပြောလိုက်ပါတယ်။
“ကျုပ်ကို ငဆွံ့ လို့ပဲ အောက်မေ့လိုက်စမ်းပါဗျာ”
---
တောင်စွယ်မှာ နေကွယ်သွားပြီ။ ဘယ်ရာဇဝတ်သားမှ ရောက်မလာဘူး။ ဒီနေ့တော့ဖြင့် အနားရပဟဲ့လို့ မီးတောက် အရက်အိုးကို ဖွင့်ပြီး ထမင်းစားမယ် ပြင်ခါမှ သူသတ်ကုန်း အဝဆီက အသံတွေ ကြားလိုက်ရတယ်။ စက္က ဝေါခနဲ ထိုးဟောင်တော့တာပဲ။
“ဗျဂ္ဃကြီး၊ ဟေ့ ... ဗျဂ္ဃကြီး၊ ငါပါဟ၊ မီးတိုင်လေး ဘာလေး ပြပါဦး”
တံခါးနီမှူးကြီးရဲ့အသံပဲ။
ဘယ့်နှယ့်။ ညဉ့် အချိန်မတော်ကျကာမှ ဘာအရေးအရာ ပေါ်ပြန်ပလဲလို့ စဉ်းစားရင်း တဲ အပြင် ထွက်လိုက်တယ်။ လကလည်း ခပ်သာသာကိုး။ သူသတ်ကုန်းပေါ် တက်လာတဲ့ လူတစ်သိုက် တွေ့လိုက်ရတယ်။
“ဗျဂ္ဃကြီး ရာဇဝတ်သား ပါလာသဟေ့”
“အား ... နေကွယ်ပြီပါပကော”
“နေကွယ်ကွယ်၊ လထွက်ထွက်၊ အမိန့်တော်နဲ့ပဲ”
“ပြစမ်းပါဦး”
အမိန့်တော်စာကို ယူပြီး မီးတိုင်မှာ ကပ်ကြည့်လိုက်တယ်။ စာဖတ်တာ မဟုတ်ပါဘူး။ ကျုပ်မှ စာမတတ်တာ။ ကျုပ်ကြည့်တာက အမိန့်တော်စာထဲက ရုပ်ပုံပါ။ ဓားပုံလား၊ ပုဆိန်ပုံလား။ စီရင်ရမယ့် လက်နက် အမျိုးအစား။
“အား ... ဝါးရင်းတုတ်ပါလား”
“ဟုတ်တယ်၊ ကဲ ... ဒီမှာ ရာဇဝတ်သားတွေ ထားခဲ့မယ်”
“ရာဇဝတ်သားတွေ ဟုတ်လား၊ တစ်ယောက် မဟုတ်ဘူးလား”
“နှစ်ယောက်၊ နှစ်ယောက် ဒီမှာ ထားခဲ့ပြီ၊ ငါတို့ ပြန်တော့မယ်”
တံခါးနီမှူးကြီးရဲ့ ရဲမက် နှစ်ယောက် ခြေလှမ်းပြင်နေကြတယ်။
“နေပါဦးလား၊ တဲထဲဝင်ပြီး မီးတောက်လေး ဘာလေးချ”
“တန်ပါ ကောင်ကြီးရာ၊ ဒီလို အချိန်မတော်ကြီး မင့်နေရာ လာရတာကိုက စိတ်မသန့်ပါဘူး၊ အမိန့်တော် ကြောင့်သာ”
“အောင်မာ၊ တံခါးနီမှူးကြီးနှယ့်၊ မီးတောက်ကလေး ကောင်းလွန်းလို့ပါ”
အင်း ဒီည အနားရပြီ အောက်မေ့တာ။ အလုပ်က ပေါ်လာပြန်ပြီကိုး။ ဘာတဲ့။ ဝါးရင်းတုတ်တဲ့။ အပြစ် မသေးပါလား။ လည်မျိုကို ဝါးရင်းတုတ်နဲ့ ရိုက်။ ဒီစီရင်နည်းမျိုးဟာ အင်မတန်ကို အပြစ်ကြီးမှ စီရင်တဲ့နည်းမျိုး။ တော်တော်တန်တန်တွေ ဆိုရင် ခေါင်းဖြတ်တာလောက်၊ ပုဆိန်နဲ့ ခုတ်တာလောက်ပဲ။ ခုဟာက နေပါဦး။ ရာဇဝတ်သားကလည်း တစ်ယောက်တည်း မဟုတ်။ နှစ်ယောက်။
မီးတိုင်ကို မြှောက်ကိုင်ပြီး ရာဇဝတ်သားတွေရဲ့ မျက်နှာနား ကပ်ကြည့်လိုက်တော့ ...
အလိုလေး ...
မျက်စိများ မှောက်လေသလား။ မီးတောက်အရက်လည်း ဒီလောက် သောက်ရသေးတာ မဟုတ်ပါဘူး။ ဟုတ်မှ ဟုတ်ပါလေစ။ မီးရောင်နဲ့ ထပ်ကြည့်လိုက်တယ်။ ရာဇဝတ်သား နှစ်ယောက်။ တစ်ယောက်က အမျိုးသား၊ တစ်ယောက်က အမျိုးသမီး။ ငယ်ငယ်ရွယ်ရွယ် နုနုနယ်နယ်လေးတွေ။ လူပုံလေးတွေက နဖူးရေ ဒူးရေ သန့်သန့်ပြန့်ပြန့်။ ဘယ့်နှယ့် ရာဇဝတ်သား ပုံပန်း မဟုတ်ပါလား။ ပြီးတော့လည်း ဝါးရင်းတုတ်နဲ့ ရိုက်သတ်ရမှာဆိုတော့ အပြစ်က မြို့ဝန်မင်းလောက်ထိကို ပုန်စားပုန်ကန် လုပ်တဲ့ အပြစ်မျိုး။ သိချင်စိတ် မမျိုသိပ်နိုင်တော့တာမို့ ကျုပ် ဖွင့်မေးလိုက်တယ်။
“အမောင်နဲ့ အမိက ဘယ်လို အပြစ်မျိုး သင့်လာကြတာတုံး”
မဖြေဘူး။ မျက်လွှာ တစ်ချက်ပဲ ပင့်ကြည့်ကြတယ်။
“အမောင်နဲ့ အမိက ဘာတော်သတုံး၊ မောင်နှမတော့ မဖြစ်တန်ဘူး”
ဒါလည်း မဖြေကြဘူး။
“ရော ... ဘာမှ မပြောကြပါလား၊ အကြောက်လွန်ပြီး နှုတ်ဆွံ့သွားပြီလား”
ဒီတစ်ခါတော့ ယောက်ျားပျိုက တစ်ချက်ပြုံးပြီး မိန်းမပျိုရဲ့ လက်ကို ဆုပ်ကိုင်လိုက်တာ တွေ့ရတယ်။
ငဆွံ့ ရောက်လာတယ်။ လက်ဟန် ခြေဟန် ပြတယ်။ သူသတ်ကုန်း ထိပ်ကို ညွှန်ပြတယ်။ အဓိပ္ပါယ်ကတော့ ရာဇဝတ်ကောင်တွေကို စီရင်ဖို့အတွက် အသင့် ပြင်ဆင်ပြီးကြောင်း လာပြောတာ။ ငဆွံ့ ဒါတွေ တော်တာ။
သိုင်းထားတဲ့ လက်ပြန်ကြိုးစကို ငဆွံ့က စုဆွဲပြီး ရာဇဝတ်ကောင်တွေကို ခေါ်လာခဲ့တယ်။ ကျုပ်ကတော့ ဝါးရင်းတုတ်ကို ထမ်းလို့ပေါ့။ သူသတ်ကုန်းထိပ် ရောက်ခဲ့ပြီ။ လကလည်း ခပ်သာသာ။ သူသတ်ကုန်း တစ်ပြင်လုံးက မြေကမူ မို့မို့တွေ၊ တွင်းချိုင့်ချိုင့်တွေ၊ ကားစင်တွေ၊ ပြီးတော့ ကားစင်ထိပ်မှာ ချိပ်ဆွဲထားတဲ့ အရာတွေကို လရောင်အောက်မှာ အထင်အရှား တွေ့နေရတယ်။
စက္ကကြီးကလည်း တအင်အင်နဲ့၊ အမြီးတနန့်နန့်နဲ့၊ သွေးအသစ် သောက်မြိုဖို့ အသင့်ရှိနေပြီလေ။
ရာဇဝတ်သား နှစ်ယောက် တုံးရှေ့မှာ ထိုင်လိုက်ကြတယ်။ ပြီးတော့ တုံးပေါ်ကို ဇက်တင်ပြီး လည်ပင်းကို မော့လိုက်ကြတယ်။ အားလုံး ငဆွံ့ရဲ့အကူအညီနဲ့ပေါ့။ သက်သောင့်သက်သာ အဖြစ်ဆုံး အနေအထား ရအောင်လေ။
လရောင်အောက်မှာ ဝင်းနေတဲ့ လည်တိုင် နှစ်ခုကို ကြည့်ပြီး မီးရောင်နဲ့ ထပ်ကြည့်လိုက်တယ်။ ကျုပ်လက်ထဲက ဝါးရင်းတုတ်ဟာ အလိုလို လှုပ်ရှားလာသလိုပဲ။ ဒါပေမယ့် ငယ်ရွယ်နုနယ် ပျိုမြစ်တဲ့ ရာဇဝတ်သား နှစ်ယောက်ကို ကြည့်ပြီး ဝါးရင်းတုတ် ကိုင်ထားတဲ့လက်တွေက မလှုပ်မရွ ဖြစ်နေကြတယ်။
ကျုပ်ရင်ထဲမှာ မတင်မကျကြီး။
သူတို့ ဘာတော်သလဲ၊ သူတို့ ဘာအပြစ် ကျူးလွန်ထားသလဲ၊ သူတို့ ဘယ်ကလဲ၊ ပြီးတော့ သူတို့ နှစ်ယောက်ဟာ သူသတ်ကုန်း ထိပ်ကို ရောက်နေပြီး ဗျဂ္ဃကြီး ရှေ့မှာ ဝါးရင်းတုတ်နဲ့ အရိုက်ခံဖို့ အသင့် ရှိနေချိန်ထိ ကြောက်ရွံ့ တုန်လှုပ်နေဟန် တစ်ချက်မပြဘူး။
ပကတိ တည်ငြိမ်တဲ့ အမူအယာတွေနဲ့။
ကျုပ်ဆီ ရောက်လာတဲ့ ရာဇဝတ်သားတိုင်းဟာ သူ့နည်းနဲ့သူတော့ တုန်လှုပ်ချောက်ချား သွားကြတာချည်း။ အော်လိုအော်၊ ငိုလိုငို၊ တချို့ မေ့သွား၊ တချို့ ရူးသွားနဲ့။
အခု သင်းတို့ နှစ်ယောက်ကျခါမှ ကျုပ်ရဲ့ ပါးကွက်သား သက်တမ်းတွင်းမှာ ပထမဆုံးအကြိမ် တည်ငြိမ်သော ရာဇဝတ်သားကို တွေ့ရခြင်း။
ကျုပ် မအောင့်နိုင်တော့ဘူးလေ။
“ဟေ့ ဟေ့၊ အခုဟာက နင်တို့ရဲ့ လည်တိုင်လှလှလေးတွေကို ဝါးရင်းတုတ်နဲ့ ရိုက်သတ်မယ့်ကိစ္စ နားလည်ရဲ့လား”
စကားမပြောဘူး။
“ဟေ့ ... ဟေ့၊ ဒါ သူသတ်ကုန်းနော်”
မတုန်မလှုပ်။ ကျုပ်စိတ်ရှုတ်လာတယ်။ သင်းတို့လည်တိုင်ကို ဝါးရင်းတုတ်နဲ့ မရိုက်ခင် အဲဒီအထဲက စကားပြောသံ တစ်သံတလေ ထွက်လာဖို့ကိုပဲ ကျုပ်အလို ရှိနေတယ်။ ခက်တာက နှစ်ယောက်စလုံး တုံဏှိဘာဝေ။ ကျုပ် ဝါးရင်းတုတ်ကို ဒီအတိုင်း ကိုင်လျက်သား။ ဘာလုပ်ရမှန်း မသိဖြစ်နေချိန်မှာ သူတို့ဆီက သူတို့ချင်းပြောတဲ့အသံ ထွကလာတယ်။
“နှမလေး”
“ကြောက်သလား”
“ဟင့်အင်း၊ မောင်ကြီးနဲ့ အတူရှိနေတာပဲ”
“တကယ်နော်”
“တကယ်ပါ မောင်ကြီး”
“စောင်းမရှိတာတော့ ဆိုးသကွယ်၊ ဒါပေမယ့် ဒီအတိုင်းပဲ တေးဆိုကြရအောင်၊ မောင်ကြီးပါ ရောဆိုမယ်လေ”
“အို ... အင်မတန် အဓိပ္ပါယ် ပြည့်ဝတဲ့ အချိန်အခါပေါ့ မောင်ကြီး”
“သေခြင်းတရားကို မောင်ကြီးတို့ နှစ်ယောက်ရဲ့ တေးနဲ့ ရင်ဆိုင်ရအောင်”
“တေးဆိုကြစို့ မောင်ကြီးရယ်”
အလိုလေး ... တေးသံတစ်စ သူတို့နှုတ်က ထွက်လာပါပကော။ ကျုပ်နားထဲမှာ အဝေးဆီက သဲသဲ့လွင့်လာသလို အနီးကပ်ပြီး မြည်ဟီးထစ်ချုန်း လာသလို။ တေးသံဟာ နားကတဆင့် တစ်ကိုယ်လုံး အနှံ့အပြား စီးဆင်းလာတယ်။
“××× လှပသော အနာဂတ်၏ နံနက်ခင်းအခါ ... ငြိမ်းချမ်းသော ငှက်ငယ်လေးများ တေးသံသာ လွတ်လပ်သော ပန်းပွင့်လေးများ ဖူးပွင့်ဝေဆာ မွှေးပျံ့ရနံ့ ထုံယစ်ကြိုင်လှိုင်စွာ အို ... လင်းအရုဏ်၏ ချိုမြသော အလင်းရောင် မဟာကမ္ဘာလောက သည်မြေအနှံ့ စီးပျံ့တော့မည်သာ ×××”
အလိုလေး ... အလိုလေး၊ ဒီတေးတစ်ပိုဒ်ကို ကျုပ်စိတ်ထဲက လိုက်ဆိုနေမိပါပကောလား။
ဟုတ်သလေ။ နေပြည်တော်မှာ အလွန်လူကြိုက်များ လူတိုင်း ပါးစပ်ဖျားမှာ သီနေတဲ့ တေး၊ ကျုပ်လို ကောင်မျိုးတောင်မှ နားစွန်နားဖျားကြား၊ တစ်ပိုင်းတစ်စ ရပြီး၊ သိပ်ကြိုက်နေတဲ့ တေး။ ဒါ ... ဒါဆိုရင် သူတို့ဟာ ...။
“ဟေ့ ... ဟေ့ ... မင်းတို့ဟာ ဂီတမောင်နှံ ဝေဠုနဲ့ ဟေမာ ဆိုတာလား”
ကျုပ်အသံတွေ ထူးထူးခြားခြား တုန်နေတယ်။ တေးသံ ရပ်သွားတယ်။ ယောက်ျားပျိုက မျက်လုံးပင့် ကြည့်တယ်။
“မှန်ပါတယ် ဗျဂ္ဃကြီး၊ ကိုင်း ကိုယ်လုပ်စရာရှိတာ လုပ်ပေတော့ ကျုပ်တို့ တေးဆိုလို့ ပြီးသွားပါပြီ”
“နေ ... နေပါဦး... ဆရာလေး၊ ဒီလောက် ကျွမ်းကျင်ပြောင်မြောက်ပြီး လူချစ်လူခင်ပေါတဲ့ ဂီတမောင်နှံ နေပြည်တော် တစ်ဝန်းလုံးမှာ တေးအလှတွေကို ဖုံးလွှမ်းစေခဲ့တဲ့ ဂီတမောင်နှံဟာ ဘယ်လိုအပြစ်မျိုးနဲ့များ ကျုပ်ဆီကို ရောက်လာကြတာတုံး၊ ပြောကြစမ်းပါ”
“ဟင် ... ဗျဂ္ဃကြီး တကယ် မသိဘူးလား”
“တကယ် မသိပါဘူး ဆရာလေး”
“မြို့ဝန်မင်းရဲ့ ရက်စက်ယုတ်မာ ကောက်ကျစ်ပုံတွေကို ကျုပ်က တေးဖွဲ့တယ်လေ၊ ပြီးတော့ ဟောဒီ ချစ်ဇနီးဟေမာက တေးဆိုတယ်လေ၊ ဈေးရုံတော် အဝမှာ ကျုပ်က စောင်းတီး၊ သူက တေးဆို၊ ဒီတေး ချက်ချင်းပျံ့နှံ့သွားတယ်၊ ရွှေနန်းတော် ပွဲကြည့်ဆောင်ကို ရောက်သွားတယ်၊ မြို့ဝန်မင်းက ဒါကို သိပြီး ... ကျုပ်တို့ နှစ်ယောက်ကို ...”
ကျုပ်တစ်ကိုယ်လုံး သွေးရပ်သွားသလိုလို လက်မောင်းထဲမှာ စစ်ခနဲ ကျင်သွားတယ်။ အဆင်သင့်ရှိနေတဲ့ လက်က အပေါ်ကို မြောက်သွားတယ်။ ပြန်ကျလာတယ်။ သူတို့ နှစ်ယောက်ရဲ့ နောက်က မြေစိုင်ခဲတွေ ဖွါထွက်သွားတယ်။ ဝါးရင်းတုတ်လည်း အဝေးကို လွင့်သွားတယ်။ သူတို့ အနားမှာ ကျုပ် ဒူးတုပ် ထိုင်ချလိုက်တယ်။ ပြီးတော့ ကြိုးတွေ ဖြည်ပေးရင်း
“အလိုလေး၊ အချိန်မီ သိရလို့ပါလား ဆရာလေး၊ ကဲ ... ကဲ ... အချိန်မရှိဘူး၊ သူသတ်ကုန်းရဲ့ ဟောဟို ဆင်ခြေလျှောအတိုင်း ဆင်းသွား ခင်တန်း အစပ်ကိုလွန်ရင် ချောင်းကလေးတစ်ချောင်း တွေ့ရလိမ့်မယ်၊ ချောင်းရိုးအတိုင်းသာ ဆင်းသွား ရွှေနန်းတော်သွားတဲ့ လမ်းမကြီး ရောက်ရော၊ ကိုင်း ... နံနက်မလင်းခင် ရွှေနန်းတော် အရောက်ဝင်ကြပေတော့”
သူတို့ အတိုင်းမသိ အံ့ဩတဲ့ မျက်လုံးတွေနဲ့ ကြည့်နေကြတယ်။
“ကျုပ်ပြောတဲ့အတိုင်း လုပ်ပါ၊ ဒါဟာ ကျုပ်ကို ကူညီရာရောက်ပါတယ်၊ ပါးကွက်သားကြီး ဗျဂ္ဃရဲ့ တစ်သက်မှာ ကောင်းသော အလုပ်တစ်ခုကို လုပ်ခွင့် ရစေဖို့ ကျုပ်ကို ကူညီပါ”
အလို၊ သူတို့ သူတို့ ကျုပ်ကို လက်အုပ်ချီ ကန်တော့နေကြလေရဲ့။ ကျုပ် သဲသဲကွဲကွဲ မမြင်ရတော့ဘူး။ ထူးဆန်းပါလား။ ကျုပ် မျက်လုံးထဲ မျက်ရည်တွေ စို့နေပါလား။
သူတို့ ဆင်းသွားကြပြီ။ အမှောင်ထုထဲ တိုးဝင်သွားကြပြီ။ အမှောင်ဟာ တဖြည်းဖြည်း ထူထပ်လာမယ်။ ပြီးတော့ တစ်စတစ်စပြန်ပြီး ပါးလျားသွားမယ်။ သည်လိုနဲ့ပဲ တစ်ညဉ့်ကုန်ပြီး နောက်တစ်နေ့ အလင်းရောက်တော့မယ်။ အဲဒီအချိန်ဆို သူတို့လည်း ရွှေနန်းတော် ရောက်လောက်ပြီ။ တရား မှန်ကန်တဲ့အတိုင်း ဖြစ်သွားကြမယ်လို့ ကျုပ်ယုံကြည်တယ်။ ကောင်းလေခြင်း ဗျဂ္ဃ၊ ကောင်းလေခြင်း။
အင်း ... ကျုပ်ရယ်၊ ငဆွံ့ရယ်၊ ခွေးစက္ကရယ်ကတော့ ရှင်းရှင်းလေး။ ရာဇဝတ်သားကို အမိန့်နဲ့ အညီ မစီရင်ဘဲ အသက်ချမ်းသာ ပေးရုံမက နှောင်ကြိုးက လွှတ်ပေးလိုက်တဲ့ အပြစ်ဆိုတာဟာ ပါးကွက်သား တစ်ယောက်အဖို့ နည်းနည်းနောနော အပြစ်လား။
မြို့ဝန်မင်းက ဘယ်ညှာလိမ့်မတုံး။
အေးလေ ... ကျုပ်ကလည်း အားလုံးကို ကြိုတွက်ပြီးသားပါ။ နောက်နေ့ တောင်စွယ်နေကွယ်ချိန်က စပြီး ကျုပ်၊ င ဆွံ့နဲ့ ခွေးစက္က တို့ရဲ့ ခေါင်းပြတ်ကို သူသတ်ကုန်း ကားစင်ထိပ်မှာ အားလုံး တွေ့ကြရ တော့မယ်လေ။
Bookish by Karine 📚✨
0 Comments