စိမ်းသင့်မှစိမ်း - ခင်နှင်းယု အပိုင်း(၃)

စိမ်းသင့်မှစိမ်း (ခင်နှင်းယု)
___________________

အခန်း (၃)

စိမ်းရောက်လာသည့်နေ့ကစ၍ အလုပ်ပိုလာသူမှာ ကိုဝဏ္ဏဖြစ်သည်။ ယာခင်းအလုပ်များသည့်ကြားထဲမှ ကျောက်မဲကို သွားလိုက်ရသေး၏။ မိုင်းတွင်လည်း စိမ်းယောက်ျားအကြောင်းကို သက်ဆိုင်ရာသို့ သွားရောက် အကြောင်းကြားရသေးသည်။ သို့သော် ကိုဝင်းဖေအကြောင်းမှာ လေသံမျှပင် မကြားရပေ။

ခုတလော စိမ်းသည် အိပ်ရာမှထနိုင်ပြီဖြစ်၍ သူကိုယ်တိုင် ကျောက်မဲကိုသွားချင်ကြောင်းသာ ပြောနေသည်။ အမေကမူ စိမ်းကိုယ်တိုင် သွားဖို့ကို သဘောမတူပေ။ ယနေ့မနက်တွင်မှု ကိုဝဏ္ဏသည် အစောကြီးပင် ကျောက်မဲကို ဦးခွန်နောင်တို့နှင့်အတူ ထ၍သွားသည်။ နောက်နေ့ညနေမှ ပြန်လာမည်ဟု ပြော၍သွားသည်။

စိမ်းသည် နေကောင်းပေမယ့် အိမ်ပြင်ကိုမူ အမေက ထွက်ခွင့်မပေးသေး။ နေ့လယ်တွင် သူသည် တံမြက်စည်းတစ်ချောင်းနှင့် အမေ့ကိုကူ၍ အိမ်ရှင်းပေးသည်။ အိမ်မှာ တဲသာသာဖြစ်၍ မြေကြီးကို ခုံမြင့်မြင့်ပြုကာ ဆောက်ထားခြင်းဖြစ်သည်။ အမေတစ်ယောက်တည်း မြေကြီးအိမ်ကို ရှင်းလင်းရသည်မှာ နိုင်ပုံမပေါ်ပေ။

ကလေးတွေအခန်းသည် အမှိုက်များ၍ ကိုဝဏ္ဏအခန်းသည် စက္ကူစုတ်များလှသည်။ သစ်သားစားပွဲဟောင်းပေါ်တွင် စာအုပ်များသည် ပုံ၍ပြွတ်သိပ်ထိုးနေသည်။ ကိုဝဏ္ဏအိပ်သည့် သစ်သားကွပ်ပျစ်အောက်တွင်လည်း အဝတ်စုတ်စနှင့် မြေကြီးမှာ ရောထွေးနေသည်။ ပုဆိုးနှင့်အင်္ကျီအဟောင်းများမှာ ခုတင်ခြေရင်းတန်းတွင် တွဲလောင်းဆွဲကာ စီရရီဖြစ်နေသည်။ အခန်းထဲတွင် မှိုနံ့လို စိုထိုင်းထိုင်း နံနေသည်။

စိမ်းသည် အခန်းပြတင်းကို ဖွင့်လိုက်၏။ အပြင်မှ လေတိုးဝင်လာသောအခါတွင် မှိုနံ့မှာ နည်းနည်းလျော့သွားသည်။ ကျူထရံကို ဖောက်ထားသောပြတင်းမှာ အခန်းထဲ၌ နှစ်ခုရှိသည်။ သို့သော် ခေါင်းရင်းတစ်ခုမှာ ဖွင့်လေ့ဖွင့်ထရှိပုံမပေါ်ပေ။ စိမ်းသည် တံခါးကို မနည်းမ,၍ ဖွင့်ရ၏။ တံခါးရွက်များကို ဝါးလုံးနှင့် ထောက်ထားလိုက်သည်။

မြေကြီးကို ရေနည်းနည်းဖျန်း၍ တံမြက်စည်းလှဲလိုက်သည်။ အဝတ်ဟောင်းများနှင့် တန်းကိုဖြုတ်လိုက်လျှင် အခန်းသည် အတော်ရှင်း၍ လင်းလာ၏။ စားပွဲပေါ်မှ စာအုပ်များကို ရှင်းရပြန်သည်။ စာအုပ်များထဲတွင် စိုက်ပျိုးရေးနှင့်ပတ်သက်၍ လွယ်လွယ်ရေးထားသော အင်္ဂလိပ်စာအုပ် လေးငါးအုပ်ပါသည်။ ကျန်စာအုပ်များမှာ ဝတ္ထု၊ ဂျာနယ်များနှင့် နဂါးနီတိုက်ထုတ် စာအုပ်များဖြစ်လေသည်။

မခမ်းလုံသည် စိမ်းကိုကူ၍ လုပ်ပေး၏။ အခန်းတိုင်းလိုလို လင်း၍ ရှင်းရှင်းလင်းလင်းရှိလာသည်။ မနက်ဘက် နေရောင်ခြည်များ ပြတင်းမှ ဝင်လာချိန်တွင် အိမ်ကလေးသည် တောက်ပလာသလိုပင် ဖြစ်လာတော့သည်။

အမေသည် မီးဖိုထဲတွင် အာလူးပြုတ်ကို နွှာနေသည်။ မီးဖိုထဲမှာမူ သပ်သပ်ရပ်ရပ်ရှိ၏။ မီးဖိုကိုတော့ အမေ နိုင်နင်းပုံရလေသည်။ နေ့လယ်စာအတွက် နွားနို့တစ်ချိုင့်၊ အာလူးပြုတ် တစ်ပန်းကန်၊ ဆီပန်းကန်လေးတစ်ခုနှင့် ဆားပန်းကန်ကို ထမင်းစားပွဲခုံဘေးတွင် သစ်သားတန်းလျားခုံနှစ်ခု ချထားသည်။

နေ့ခင်းတွင် ကလေးများသည် အာလူးကို ဆီနှင့်ဆားနှင့် တို့စားသည်။ စိမ်းသည် သူ့အတွက် နို့တစ်ခွက်ပဲ ငှဲ့၍သောက်သည်။ အမေကမူ အာလူးကို ဆီဆားနှင့်တို့၍ ရေနွေးကြမ်းနှင့် သောက်နေသည်။ 

“သမီးက မြို့ကလာတော့ ဒီကအစားအစာတွေကို စားတတ်မှာ မဟုတ်ဘူး။ ဒီမှာ ကလေးတွေအတွက် ကောက်ညှင်းရယ်၊ ကန်စွန်းဥရယ်၊ အာလူးရယ်၊ ဒါပဲကျွေးရတယ်။ တစ်ခါတစ်ခါတော့ ထန်းလျက်နဲ့ မုန့်လုပ်ပေးပါရဲ့။ ကုလားပဲကို တို့ဟူးလုပ်ပေးတဲ့အခါ ပေးရတယ်။ ဒါပေမယ့် မအားပါဘူးကွယ်။ အမေဖြင့် မြန်မြန်ပြီးတာပဲ လုပ်ပေးရတယ်။ အရင်လို အမေဟာ မသွက်လက်တော့ဘူး”

“အမေတို့ ဒီမှာနေတာ ကြာပြီလား”

“မကြာသေးပါဘူး၊ မောင်ဝဏ္ဏအဖေဆုံးပြီးမှပေါ့ ဒီကိုပြောင်းလာတာ။ အစက အမေတို့ တောင်ကြီးမှာ နေတယ်။ မောင်ဝဏ္ဏအဖေက ကုန်သည်ပဲ။ အမေလဲ သူနဲ့အကြောင်းပါတာနဲ့ ယာခင်းကိုစွန့်ပြီး တောင်ကြီးကို လိုက်သွားတာပဲ။ အမေ့အဖေ အမေများကတော့ ယာခင်းမှာပဲ နေသွားကြတယ်။ သူတို့သေသွားတာတောင် အမေဖြင့် မသိလိုက်ဘူး၊ ဒီယာတွေကို ဦးခွန်နောင်အပ်ခဲ့လို့ အမေ ပြန်ရတာပဲ။ ဟိုမှာနေရတာ ကောင်းတော့ ကောင်းတာပေါ့လေ။ မောင်ဝဏ္ဏနဲ့ သူ့အောက်ကလေးတွေ အားလုံး စာသင်ရတယ်။ ဒီကလေးသုံးယောက်ပဲ စာမတတ်ဘူး”

“ကိုဝဏ္ဏအောက်မှာ ရှိသေးလား”

“ရှိတာပေါ့။ မခမ်းလုံနဲ့ မောင်ဝဏ္ဏကြားမှာ နှစ်ယောက်ရှိတယ်။ တစ်ယောက်က နမ္မတူဘော်တွင်းမှာ အလုပ်လုပ်နေတယ်။ တစ်ယောက်က နမ်းဆမ်က မိန်းကလေးနဲ့အိမ်ထောင်ကျပြီး ဟိုမှာ လက်ဖက်ခြံလုပ်နေတယ်။ ဒီကလေးတွေကြီးတဲ့အချိန်မှာ နည်းနည်းပါးပါးပဲ အမေ စာပြပေးရတယ်။ တိုးကြီးနဲ့ မခမ်းလုံတော့ နည်းနည်းဖတ်တတ်နေပြီ၊ ဒီဘက်ဆီမှာတော့ စာကို ဘယ်သူမှ အရေးတယူ မသင်ကြပါဘူး”

“တောင်ကြီးမှာနေရင် ကလေးတွေအတွက် ပိုကောင်းမှာပေါ့”

“ကောင်းတယ်ဆိုတာက သူတို့အဖေရှိရင်တော့ ကောင်းတာပေါ့။ သူတို့အဖေ ဆုံးပြီးတော့ အမေ ဘာမှမလုပ်တတ်ဘူး။ အမေတို့မှာ ငွေစုပြီးဆောင်းပြီးလဲ မရှိဘူး။ ပြီးတော့လဲ အမေဖြင့် သူရှိရာသာ လိုက်နေရတယ်၊ ယာ
တောလောက်မပျော်ဘူး။ ဒီမှာက ဝဝစားရသလိုပဲ။ ပင်တော့ပင်ပန်းတာပေါ့လေ။ ဒါပေမယ့် နို့စစ်စစ် တဝသောက်ပြီး ကောက်ညှင်းပူပူနွေးနွေးကို လက်နဲ့ဆုပ်ပြီး အမေက စားချင်တယ်။ ဟိုမှာက ဒီလိုမှမဟုတ်ဘဲ၊ အမေကိုယ်တိုင်က တခြားနည်းနဲ့ ငွေမရှာတတ်ဘူး။ ယာခင်းထဲမှာက ငွေသက်သက်ရှာဖို့ မလွယ်ဘူး။ အမေတို့ယာတောက ကောက်ညှင်းလဲရတယ်။ ပြီးတော့ အာလူးလဲ စိုက်တယ်။ ပြန်ရောင်းနိုင်အောင်တော့ ဆောင်းဝင်လာရင် ဂျုံစိုက်တာပဲ။ နွားကလဲ မွေးထားတော့ နွားနို့လှိုင်လှိုင် သောက်နေရပြီပဲ။ ဘာမှ သိပ်မလိုဘူးပေါ့။ တစ်နှစ်တစ်နှစ် ဂျုံရောင်းလို့ရတဲ့ ပိုက်ဆံထဲက အိမ်သုံးပစ္စည်းနဲ့ အဝတ်အထည်လေး ဝယ်လိုက်တာပါပဲ”

အမေသည် ရောင့်ရဲခြင်းနှင့်ပြည့်နေသော သူ့ဘဝရိုးရိုးလေးကို နှစ်သိမ့်စွာ ပြောပြနေ၏။

“မောင်ဝဏ္ဏကို တောင်ကြီးမှာတုန်းက သာသနာပြုကျောင်းမှာထားတယ်။ သူ ခုနစ်တန်းအထိသင်ခဲ့လို့ အင်္ဂလိပ်စာတွေဘာတွေ ဖတ်တတ်တယ်။ အမေ့စိတ်ထဲ သူ အင်္ဂလိပ်စာတတ်လို့ ယာတောကိုမှ ခေါ်လို့ရပါ့မလားလို့ တထိတ်ထိတ်နဲ့ ဖြစ်နေသေးတယ်။ သူလိုက်လာတာကိုပဲ ကျေးဇူးတင်ရသေးတယ်။ သူ မရှိရင် ယာခင်းကို ဘယ်သူလုပ်မလဲ”

အမေသည် ရေနွေးကြမ်းကို မော့သောက်လိုက်ပြန်သည်။ စိမ်းသည် အမေ့စကားနှင့်ဆက်၍ ကိုဝဏ္ဏအခန်းထဲမှစာအုပ်များကို စိတ်ရောက်သွား၏။ ကလေးတွေ စာမတတ်သည်ကိုလည်း စိတ်မကောင်းဖြစ်သွားပြန်သည်။ ကလေးများမျက်လုံးသည် ရှမ်းစပ်ဟန် မျက်ရစ်မရှိသော်လည်း ဝိုင်း၍ တောက်ပ၏။ သူတို့မျက်လုံးများသည် ဉာဏ်ထက်မြက်ကြောင်း ဖော်ပြနေသည်။ 

“ဒီလိုဆို သူတို့စာတတ်ဖို့အတွက် အမေဘယ်လိုလုပ်မလဲ”

“ဘယ်လိုလုပ်ရမယ်လို့တော့ မစီစဉ်ရသေးပါဘူး။ မောင်ဝဏ္ဏကတော့ ပြောတယ်။ ဒီယာခင်းတွေမှာ ကလေးတွေ အတော်များများရှိတယ်။ မိဘတွေက ငွေစုပြီး ကျောက်မဲကဖြစ်ဖြစ်၊ မိုင်းငေါကဖြစ်ဖြစ် ဆရာတစ်ယောက်ခေါ်ထားပြီး ကျောင်းသဘောမျိုး လုပ်ထားမယ်လို့ ပြောတယ်။ ဒါပေမယ့် ဒီလိုခေါင်တဲ့နေရာမျိုးကို ဘယ်သူလာမလဲ။ ဒီနေရာက လမ်းဆိုပေမယ့် သတ်သတ်ခွဲလာရတော့ အရောက်အပေါက်နည်းတယ်။ ရွာရယ်လို့လဲ မဟုတ်ဘဲကိုး။ သတင်းစာတို့ ဘာတို့လဲ မရောက်ဘူး”

ကလေးများသည် နေ့လယ်စာ စားပြီး ပန်းကန်များကို မီးဖိုချောင်သို့ မခမ်းလုံက သယ်သွားသည်။ အမေသည် စားပွဲမှထ၍ မီးဖိုကို ဆက်ဝင်သွားပြန်သည်။

* * *

နောက်တစ်နေ့ ညနေတွင် ကိုဝဏ္ဏ ပြန်လာချိန်ကို စိမ်းသည် အထူးပင်မျှော်လင့်မိ၏။ ကလေးများနှင့် ခြံဝရှိ ချယ်ရီပင်အောက်တွင်ထိုင်၍ စောင့်နေကြသည်။ အဝေးမှ ချောင်းငယ်စီးသံမှာ တဟည်းဟည်းမြည်နေသည်။ တဲရှိရာ ကုန်းမှာ တဖြည်းဖြည်းလျှောသွား၍ မြေနိမ့်ပိုင်းတွင် ယာခင်းအစိမ်းကွက်များကို မြင်တွေ့ရ၏။ ချောင်းတစ်ဖက်တွင် တောင်ကမ်းပါးသည် မြင့်မား၍ ညိုညိုမည်းမည်း အုံ့ဆိုင်းဆိုင်းဖြစ်နေသည်။ တောင်စွယ်တွင် နေလုံးမကွယ်သေး၍ ရွှေရောင်များသည် ယာခင်းအစိမ်းပေါ်တွင် ပြန့်ကြဲနေကြသည်။ မိုးပါးသော်လည်း လေက အေးစိမ့်စိမ့် ဖြစ်နေလေသည်။ ရေစီးသံသဲ့သဲ့ထဲမှ ကိုဝဏ္ဏ မြင်းခွာသံကိုပင် စိမ်းက စိတ်ဝင်စားနေသည်။

တဲရှေ့တွင်လည်း အမေသည် သူ့သားကို မျှော်နေဟန်ရှိသည်။ ညနေ၏ နေရောင်ခြည်ဝင်းဝင်းထဲတွင် ကိုဝဏ္ဏသည် ဖြည်းဖြည်းလေး မြင်းကိုစီးလာ၏။ မြင်းပေါ်တွင် ကိုဝဏ္ဏဟန်သည် မြင့်မားထွားကျိုင်း၍ လှပပေမယ့် မြင်းလှုပ်ရှားပုံမှာ နှေးကွေးလှသည်။ သူ့မျက်နှာကလည်း အေးဆေးငြိမ်သက်လှသည်။ 

စိမ်းသည် ရင်ထဲတွင် ထိတ်ခနဲဖြစ်သွားသည်။ ကိုဝဏ္ဏအပြန်ကို သူ တစ်ခါမှ သည်လိုမကြုံဖူးပေ။ ယခင်အခါများကလည်း ကိုဝဏ္ဏသည် ယခုလိုပဲ အေးအေးဆေးဆေး ပြန်လာဟန်ရှိပေမည်။

“အစ်ကို ပြန်လာပြီဟေ့”

ကလေးများသည် အော်ဟစ်ပြေးလွှား၍ ကိုဝဏ္ဏကို ကြို၏။ စိမ်းကမူ ချယ်ရီပင်အောက်ကပင် စောင့်နေသည်။ ကိုဝဏ္ဏသည် တဲညာဘက်ရှိ မြင်းဇောင်းတွင် မြင်းကိုထားခဲ့၍ စိမ်းရှိရာခြံဝသို့ လျှောက်လာသည်။ စိမ်းသည် လှမ်း၍ ပြုံးရုံသာပြုံးနိုင်သည်။ သူ့ပါးစပ်က ဘာမှမမေးရဲပေ။

ကိုဝဏ္ဏသည် စိမ်းကို စူးစူးစိုက်စိုက် ကြည့်လိုက်၏။ ညနေ နေခြည်ဖြင့် အသားမှာဝင်းနေသော်လည်း အဖျားဒဏ်ကြောင့် မျက်နှာမှာ သွယ်၍ကျနေသည်။ မျက်လုံးဝိုင်းကြီးများဖြင့်ကြည့်ကာ သူ့အားကြိုဆိုနေသော စိမ်း၏စိတ်ကို သူက သိပါ၏။ စိမ်းသည် သူ့ယောက်ျားသတင်းကို ကြားချင်ရှာပေလိမ့်မည်။

“စိမ်း နေကောင်းရဲ့လား”

သူသည် နှုတ်ဆက်ရင်း စိမ်းကိုဖြတ်၍ ရှေ့မှလျှောက်ကာ ခြံထဲကိုဝင်သွားတော့သည်။ စိမ်းသည် သူ့နောက်မှ ကပ်၍လိုက်လာ၏။ သို့သော် ပါးစပ်မှ စကားတစ်လုံးမှ မကြားရပေ။ အမေ့ရှေ့တွင်လည်း စိမ်းသည် ငြိမ်၍နေ၏။ သူ့မျက်နှာများကမူ ကိုဝဏ္ဏထံမှ စကားလုံးကို တောင်းဆိုသလို ခဏခဏ ကြည့်၏။

“အမေ...ကျွန်တော် ဆာလာပြီ၊ ရေချိုးပြီးပြီးချင်း ထမင်းစားမယ် အမေ”

အမေ့ကို ဒါပဲလှမ်းပြောကာ ကိုဝဏ္ဏသည် တဲထဲသို့ ဝင်သွားတော့သည်။ စိမ်းရင်ထဲတွင် မချင့်မရဲနှင့် ကျန်ရစ်ခဲ့ပြန်သည်။ ညနေစာအတွက် ပြင်ဆင်ရန် မီးဖိုချောင်သို့ ဝင်ခဲ့လေသည်။ အမေကတော့ သူ့သားအခန်းထဲသို့ ဝင်သွား၏။

ထမင်းပြင်ရင်း နားကမူ ကိုဝဏ္ဏအခန်းကို စွင့်နေသည်။ တကယ်ဆို ကိုဝဏ္ဏသည် ပြန်ရောက်ရောက်ချင်း သတင်းအစအနများကို ရသလောက် သူ့ကို ပြောသင့်ပါသည်။ ယခုတော့ အေးဆေးလွန်းလှသည်။ စိတ်ထဲမှ စိမ်းသည် အပြစ်တင်မိ၏။ ညစာ စားကြပုံမှာ တိတ်ဆိတ်လှသည်။ ကလေးများကလည်း ငြိမ်ငြိမ်သက်သက်ပင် စားကြ၏။ ကိုဝဏ္ဏကလည်း စကားတစ်လုံးမှမပြောပေ။ စိမ်းသည် ဒါလောက် ငြိမ်သက်နေပုံကို မကြိုက်။ အော်၍ပစ်လိုက်ချင်သည်။

ခပ်မြန်မြန်ပင် ထမင်းစား၍ သူ ထသွားမိသည်။ အိပ်ခန်းထဲသို့ဝင်သွားကာ တစ်ယောက်တည်း ထိုင်နေလိုက်သည်။ ယခုလို တစ်ယောက်တည်း ငြိမ်နေသည်က တော်ပေသေးသည်။ လူအများကြီးက ငြိမ်နေသည်မှာ တစ်ခုခုဖြစ်တော့မလို အရိပ်အယောင်တွေများလှ၏။

ထိုင်နေရင်း စိတ်မှာ ကျဉ်းကျပ်လှသည်။ ငိုရမည်လား၊ ငိုရလျှင်လည်း ဟစ်၍ငိုချင်သည်။ ပြတင်းအနားတွင် သွား၍ရပ်ပြန်သည်။ နေလုံးမှာ လုံးဝကွယ်သွား၍ တောင်တန်းမည်းမည်းကြီးသာ သဘက်ကြီးအိပ်နေသလို ရှည်လျားလျားကြီး မြင်နေရသည်။
အလင်းရောင်က မှုန်ရီရီဖြစ်နေ၍ စောစောကလို မြင်ကွင်းမှာ မသာယာလှ။ တောင်တန်းကြီးကလည်း အရုပ်ဆိုးနေသည်။ ရွှေရောင်လွှမ်းနေသော ညနေက သစ်ပင်များမှာလည်း မည်းညိုညိုအရိပ်များသာဖြစ်နေတော့ လေကလည်း အေးစက်စက်။

“သမီး...အခန်းထဲက မှောင်နေပြီ"

အမေ့အသံသည် အခန်းဝမှပေါ်လာ၏။ စိမ်းကမူ အမေ့ဘက်ကို ရုတ်တရက် လှည့်မကြည့်နိုင်ပေ။ မကြာခင် မီးရောင်လင်းလာသည်။ 

“သမီး ဘာကြည့်နေလဲ၊ ထိုင်ဦးလေ”

အမေက သူ့ကို ဆွဲ၍ခေါ်၏။ သူသည် အမေ့ကို မော်ကြည့်ရင်း စိတ်ထဲမှာ စကားလည်းပြောချင် ပြောလည်း မပြောရဲသလို ဖြစ်နေသည်။ မီးခွက်ဘေးရှိ ကွပ်ပျစ်တွင် ထိုင်ချရင်း သူသည် စိတ်ကိုတင်းလိုက်၏။

“အမေ...ကိုဝဏ္ဏ ပြန်လာတော့ စိမ်းယောက်ျားရဲ့အကြောင်း သူ ဘာမှ မကြားရဘူးတဲ့လား”

အမေသည် လက်ထဲမှ သတင်းစာရွက်များကို ဆုပ်ထားရင်း ခပ်ကြောင်ကြောင် ကြည့်နေသည်။

“သူ ဘာမှမကြားဘူးတဲ့လား အမေ” 

“ကြားတော့ မကြားဘူး၊ ဖတ်ခဲ့ရတယ်” 

“ဘာ... ဖတ်ခဲ့ရတယ်” 

“အင်း ... သတင်းစာထဲမှာ ဖတ်ခဲ့ရတယ်။ သတင်းစာက လားရှိုးကတစ်ဆင့် ကျောက်မဲကို ရောက်လာတာ တစ်ပတ်လောက်တော့ ရှိသွားပြီ။ သူ သတင်းစာပါ ဝယ်လာခဲ့တယ်”

အမေ့လက်ထဲမှ သတင်းစာကို စိမ်းသည် ကမန်းကတန်းယူ၍ ဖတ်လိုက်၏။ စိမ်းမျက်နှာကို စိုက်ကြည့်ရင်း အမေ့ရင်များပင် တဒိတ်ဒိတ်ခုန်နေသည်။ စိမ်းသည် သတင်းစာကို ဆုံးအောင်ဖတ်ရင်း မျက်နှာက ဖြူ၍ဖြူ၍လာ၏။ အဆုံးတွင် သူ့မျက်နှာသည် သွေးမရှိသလို ဖျော့သွားတော့သည်။

“သမီး”

အမေသည် သူ့ဘေးတွင် ကပ်ထိုင်ကာ သူ့ပခုံးကို ဖက်လိုက်၏။ သူသည် စကားပြောမရ။

“စိမ်း” 

အခန်းဝတွင်လည်း ကိုဝဏ္ဏသည် ရပ်နေသည်။ စိမ်း သတင်းစာကို ဖတ်ကတည်းက အားပေးရန်အတွက် အခန်းဝတွင် ကိုဝဏ္ဏ ရပ်နေခြင်းဖြစ်သည်။ စိမ်းသည် သူတို့အားလုံးကို မမြင်၊ ပတ်ဝန်းကျင်သည် ဟင်းလင်းဖြစ်၍ လေကိုပင် ရှူရှိုက်၍မရတော့ပါလား။ ဘာကိုမှ ဖက်တွယ်၍ထားမရသလို ဟာလွန်းလှသည်။ သတင်းစာကို ကောက်ကိုင်လိုက်ပြန်သည်။ ရုပ်ပျက်ဆင်းပျက်ဖြစ်နေသော ကိုဝင်းဖေအလောင်းနှင့် အလောင်းဘေးအိတ်ထဲမှရရှိသော ကိုဝင်းဖေ၏ဓာတ်ပုံမှာ သတင်းစာ တွင် ထင်ထင်ရှားရှား ပေါ်လွင်လှ၏။

လားရှိုးနားတွင် အလောင်းကို တွေ့ရသည်ဆိုပေသည်။ စိမ်းသည် သတင်းစာကို မဖတ်တော့ပေ။ လက်ထဲတွင် ကျစ်ကျစ် ဆုပ်ထား၍ သတင်းစာမှာ ကြေမွသွားတော့သည်။

“သူ သေသွားပြီ အမေ...” 

စိမ်းသည် အော်သလို ပြောလိုက်သည်။

ကိုဝဏ္ဏသည် စိမ်းရှိရာသို့ လျှောက်လာ၏။ အမေက စိမ်းကို အိပ်ခိုင်းသည်။ အိပ်ရာတွင် လှဲနေဖို့ ပြောသည်။ စိမ်း လက်ဖျားတွေမှာ ရေခဲလို အေးလာ၍ နှုတ်ခမ်းတွေ ပြာလာသည်။ စိမ်းကိုဆွဲ၍ အိပ်ရာပေါ် အိပ်ခိုင်းရင်း အမေသည် စောင်များကို ခြုံ၍ပေးလိုက်၏။ မီးရောင်အောက်တွင် ဖျော့တော့လှသော စိမ်းမျက်နှာကို ကိုဝဏ္ဏသည် မကြည့်ရက်ပေ။

“ကျွန်တော် ... ညကတည်းက ဦးဝင်းဖေအကြောင်းကို ပြောချင်ပါရဲ့။ မပြောရက်လို့ပါ စိမ်းရယ်၊ ဘာမှအားမငယ်ပါနဲ့၊ စိမ်း ဘာလုပ်ချင်တယ်ဆိုတာသာ ပြောပါ။ ကျွန်တော်တို့ အားလုံး ကူပါ့မယ်”

စိမ်းသည် ရှိုက်၍သာနေသည်။ မျက်ရည်က မထွက်။ ခေါင်းထဲတွင် အတွေးများပြတ်သွား၍ မနည်း သတိထားနေရသည်။ အမေသည် စိမ်းလက်ဖျားများကို နွေးလာအောင် ဆုပ်ပေးနေ၏။ 

“သမီး..ငိုချင်လဲ အားရအောင် ငိုလိုပိ"

“ငိုတော့ မငိုချင်ပါဘူး အမေရယ်၊ သူလဲ သေမှာ မဟုတ်ပါဘူး”

“စိတ်ထဲမှာတော့ ဘယ်တော့မှ မသေပါဘူး။ အမေ့ရင်ထဲမှာ မောင်ဝဏ္ဏအဖေဟာ ခုထိ အသက်ရှင်နေပါသေးတယ်။ ဒါပေမယ့် အားကိုးရာတော့ မဲ့တာပေါ့။ အချိန်တွေ ကြာလာပြန်တော့လဲ ဘဝဟာ နေလို့ စားလို့ ဖြစ်လာရတာပါပဲ။ စိတ်က တင်းရတာပဲ သမီး”

“တင်းရလွန်းလို့ ရင်ထဲမှာခြောက်နေတယ် အမေ”

စိမ်းသည် မောဆို့ဆို့ကြီး ပြောနေသည်။ ကိုဝဏ္ဏကို စေ့စေ့ကြည့်ရင်း သူသည် ရှိုက်လိုက်ပြန်၏။

“ကိုဝဏ္ဏအဖေ သေသွားပေမယ့် အမေ့မှာ အဖော်တွေအများကြီး ကျန်ရစ်ပါတယ်။ သားကြီး သမီးကြီးတွေဟာ အမေ့အဖော်ပေါ့။ စိမ်းမှာတော့ တစ်ယောက်တည်း ဘယ်သူမှ မရှိဘူး၊ စိမ်းတစ်ယောက်တည်းပဲ ကျန်ရစ်တယ်”

“မိဘတွေကော” 

ကိုဝဏ္ဏ မေးလိုက်လျှင် စိမ်းသည် ခေါင်းခါပြ၏။ 

“ဟင်...မောင်နှမတွေကော” 

“အားလုံးပေါင်း စိမ်းတစ်ယောက်တည်းပဲ ရှိတယ်" 

“အို ...” 

ကိုဝဏ္ဏရော အမေပါ စိမ်းအတွက် ပို၍ဆွေးသွားတော့သည်။ စိမ်း ယခုမှ မျက်ရည်များ စိမ့်ကျလာ၏။ အမေတို့အားလုံးသည် ငြိမ်သက်သွားကြသည်။

တောင်တန်းမည်းမည်းကြီးမှ လေများသာ အေးစက်စက်နှင့် ပြတင်းမှဝင်လာကြသည်။ ငယ်ငယ်ရွယ်ရွယ်နှင့် မုဆိုးမဘဝသို့ ကူးလာသော စိမ်းအတွက် အမေသည် ပို၍မချိပေ။ သားသမီးတွေနှင့် အိုကြီးအိုမဖြစ်နေသော သူပင်လျှင် ကိုဝဏ္ဏတို့အဖေ ဆုံးပြီးကတည်းက လောကကို စိတ်မဝင်စားတော့။ ခြောက်သွေ့ပျင်းရိမိ၍ ဟာလွန်းလှသည်။ စိမ်းအဖို့တွင်တော့ ခြောက်လမျှပေါင်းလိုက်ရသော သက်တမ်းမှာလည်း ဆွေးမြည့်စရာပေပဲ။ အထီးတည်းလောကတွင် ကျန်ရစ်သည်မှာလည်း ကြေကွဲစရာပင် ဖြစ်ပေတော့သည်။

စိမ်းကမူ တစ်ညလုံး တောင်ကို ဆင်းလိုက်တက်လိုက်လုပ်နေရသလို မောလည်းမောလှ၏။ ရင်ကလည်း ပူ၏။ အိပ်မပျော်ရင်လည်း ကောင်းပေသည်။ လုံးလုံးအိပ်ပျော်သွားလျှင်လည်း သောကကို မေ့နိုင်ပေမည်။ ယခုတော့ နိုးတစ်ဝက် အိပ်တစ်ဝက်နှင့် မပျော်တပျော်တွင် အိပ်မက်ခန်းများကလည်း ချောက်ချားစရာ ကောင်းလှသည်။ 

မိုးလင်းခါနီးတွင် အမောပြေသလို ရင်နည်းနည်း အေးလာသည်။ ကြိုးစားအိပ်ကြည့်၏။ အိပ်နေရင်း စိတ်ကူးထဲတွင် ဓားပြများ ကိုဝင်းဖေကို သတ်ကြပုံကို တွေးကြည့်ပြန်သည်။ ချွေးစေးတွေ ပြန်လာကာ ရင်ထဲမှာ ပူလာပြန်သည်။ မနက်တွင်မူ စိမ်းသည် ပြန်၍ဖျားနေတော့သည်။

“မိန်းကလေးရေ ...ကျန်းမာရေးတော့ မထိခိုက်စေနဲ့ကွယ့်၊ သမီးက ဘဝကို စခါစဆိုတော့ ဒုက္ခကို မတွေ့စဖူး တွေ့ရတာကိုး။ အမေကတော့ တစ်ဝက်ကျိုးသွားပြီ။ ခု အမေဟာ ဒုက္ခကို ဟုံသွားပြီ။ ရှေ့လျှောက် ဆက်လက်နေသွားသမျှ သုခရယ်လို့တော့ ရှိလှမယ်မဟုတ်ဘူး။ တွေ့သမျှ ဒုက္ခလို့ မှတ်သာသွားပေတော့၊ ဒါမှ နောင်ကို ခံနိုင်ရည် ရှိမယ်”

သူများအိမ်တွင်နေသည့် အတောအတွင်းတွင် စိတ်ကို တင်းမှဖြစ်မည်။ စိတ်ကိုလျှော့၍ ခွေကျသွားလျှင် မမာမကျန်းဖြစ်နေဦးမည်။ အမေတို့စေတနာကို သိပေမယ့် စိတ်ထဲမှာ အားနာနေသည်။

ရှေ့ဆက်၍ သူဘာလုပ်ရမည်နည်း၊ ဘာဖြစ်၍များ အထီးကျန်ဘဝတွင် မိန်းကလေးတစ်ယောက်အဖြစ်နှင့် နေရပါသနည်း။ အစက ကြိုတင်၍သိပါလျှင်လည်း လက်မထပ်ဘဲ အပျိုတုန်းကလိုပင် နေလိုက်ပါ၏၊ ယခုတော့လည်း တွယ်တာရခြင်းကြောင့် ဒုက္ခက ပိုရပြန်သည်။ ကွေကွင်းရခြင်းထက် သူတစ်ယောက်တည်း နေရဖို့ကိစ္စက ပို၍ရင်လေးစရာကောင်းပေသည်။ 

ကိုဝင်းဖေသာ ကျောင်းနေစဉ်ကတည်းက ချစ်ခဲ့သူဖြစ်၍ သူ့ကိုလက်ထပ်ခဲ့သည်။ ကိုဝင်းဖေ မိဘများကမူ စိမ်းကိုရွံ၏။ ခုထိ သူ့သားကိုသာ လက်ထပ်ခဲ့သည်၊ သူ့မိဘများကို စိမ်းသည် မျက်နှာချင်း မဆိုင်ရပေ။ Y.W.C.A တွင် တွယ်၍နေရသော သူ့ကို ယောက္ခမလောင်းများက အပေါစားဟု ထင်သည်။ တစ်ကောင်ကြွက် တွယ်ရာမဲ့သူမှာ Y.W. C.A ကိုမှ မတွယ်လျှင် ဘယ်ကိုတွယ်ရမည်နည်း။ ရုံးမှာ အလုပ်လုပ်နိုင်၍ ထိုနေရာတွင် နေနိုင်သေးသည်။ သူသာ ပညာမဲ့၍ အလုပ်မရှိခဲ့လျှင် တစ်အိမ်အိမ်တွင် ခိုကပ်၍ ကျွန်လိုနေရပေမည်။

ယခု သူတို့သား ဆုံးကြောင်းကိုသိလျှင် ယောက္ခမကြီးများသည် ဆွေ့ဆွေ့ခုန်ကြပေတော့မည်။ ဘာလုပ်ရမည်နည်း။ ယောက္ခမများထံ တိုးဝင်အသနားခံ၍ ကပ်နေရမည်လော။ တစ်ယောက်တည်းပင် အလုပ်ပြန်လုပ်၍ Y.W.C.Aသို့ ပြန်လည် ကပ်ရမည်လား။ တကယ်ဆိုတော့ စိမ်းတွင် ခိုဝင်နားနေဖို့နေရာကား တွေးလေ.. ဝေးလေ မမြင်နိုင်တော့ပေ။

ဆက်ရန်
--------------------------------------
ခင်နှင်းယု

Post a Comment

0 Comments