စိမ်းသင့်မှစိမ်း (ခင်နှင်းယု)
___________________
အခန်း (၄)
အာလူးခင်းများသည် ရေပေးသွင်းရန် လိုလာပြန်သည်။ ကိုဝဏ္ဏသည် ဦးခမ်းလွန်းနှင့်အတူ ယာတောဆင်းရန် ပြင်ဆင်နေသည်။ အမေသည် သူ့အတွက် ကောက်ညှင်းနှင့်လုပ်ထားသော ခေါပုပ်နှင့် ဆတ်သားခြောက်ကို ထုပ်၍ယူလာသည်။
“စိမ်း နေကောင်းရဲ့လား အမေ”
“အေး...သူ နို့ ကောင်းကောင်းသောက်လာပြီ။ မကြာပါဘူး ပြန်ပြီးလမ်းလျှောက်မှာပါ”
“စိမ်းရှိတာတော့ စိတ်ချမ်းသာတယ် အမေ...၊ အိမ်က ကြည့်ရတာ လင်းလာသလိုပဲ၊ ကျွန်တော့်အခန်းထဲလည်း သပ်သပ်ရပ်ရပ် ရှိမလာဘူးလား”
အမေသည် သူ့ခုတင်ပေါ် ထိုင်ရင်း သူ့ကို မော့ကြည့်၏။
“ဟုတ်တယ်... မိန်းကလေးက အိမ်ထောင်ကို နိုင်ပုံရတယ်။ အမေ့အတွက် သိပ်အဖော်ရတာပဲ။ အမေဖြင့် စိတ်ကူးကြည့်တယ်။ သူက ဆွေမရှိမျိုးမရှိဆိုတော့ “ရန်ကုန်ကို မပြန်ချင်တော့ဘူးဆိုရင် အမေတို့နဲ့အတူ ဒီယာတောမှာနေဖို့ အမေက တောင်းပန်ချင်တယ်”
“ဘာ...ဘာပြောတယ် အမေ”
ကိုဝဏ္ဏသည် တအံ့တဩဖြစ်ကာ ဝတ်မည့်အင်္ကျီကို ဘေးသို့ ပစ်ချလိုက်လေသည်။
“သူ့ကို အမေက ဒီမှာနေဖို့ ပြောမယ်လား။ မဖြစ်နိုင်တာ အမေရာ၊ နယ်ပိုင်ဝန်ထောက်ကတော်တစ်ယောက်လုံးက ဒီလိုတဲစုတ်မှာ နေမတဲ့လား အမေ...။ ပြီးတော့ အမေတို့ ကျွန်တော်တို့စားတဲ့ အာလူးပြုတ်ကို သူက စားမတဲ့လား။ မြို့မှာဆို အစေခံတွေ တစ်ပြုံကြီးနဲ့ ကော်ဖီတွေ ကိတ်မုန့်မျိုးစုံတွေ စားတဲ့လူတွေက ဒီတဲစုတ်မှာ ကောက်ညှင်းနဲ့အာလူးပြုတ်ကို စားမတဲ့လားအမေ”
“အေးလေ..သူတို့မနေရင်သာ မတတ်နိုင်ဘူးပေါ့။ အမေ တောင်ကြီးမှာတွေ့ခဲ့ပါတယ်။ သူတို့မြို့မှာသောက်တယ်ဆိုတဲ့ နို့ကလဲ ရေရောနို့တွေပါကွယ်၊ အာလူးလတ်လတ်ကလဲ အမေတို့လို မစားနိုင်ပါဘူး။ ပေါင်မုန့်ထက် အမေ့အာလူးက နူးညံ့ပါတယ်။ ကောက်ညှင်းဆိုလဲ ဆောင်းမနက်မှာ ပူပူနွေးနွေးစားရရင် အင်မတန်အရသာရှိတာ”
ကိုဝဏ္ဏသည် တစ်ချက်ပြုံးကာ အင်္ကျီကို ပြန်ဝတ်၍ ခေါပုပ်ထုပ်ကို ယူလိုက်၏။
“သူကျေနပ်သလို နေပါစေ...၊ ကျွန်တော်သွားမယ် အမေ”
အမေသည် ကိုဝဏ္ဏအခန်းမှထွက်၍ စိမ်းအိပ်ခန်းသို့ ဝင်ခဲ့၏။ စိမ်းမျက်နှာမှာ အတော်ရွှင်လန်းနေပုံရသည်။ မခမ်းလုံတို့မောင်နှမတစ်စုမှာ သူ့အနားတွင် ကစားနေကြသည်။
အခန်းထရံကြားမှ နေခြည်ပြောက်များ ထိုးကျနေ၍ မြေကြီးပေါ်တွင် အပြောက်ပြောက် ထင်နေသည်။ အမေ့ကိုမြင်လျှင် စိမ်းသည် ထ၍ထိုင်လိုက်၏။
“ကျွန်မ တော်တော်နေကောင်းနေပါပြီ အမေ”
အမေသည် စိမ်းအနားသို့ ကပ်ထိုင်ရင်း သူ့ဆန္ဒ ထုတ်ဖော်ရန် ကြိုးစားလိုက်သည်။
“သမီး နေကောင်းရင် ညနေကျ လမ်းလျှောက်ထွက်ပေါ့...။ ဒီမှာ နေကောင်းတဲ့အထိ နေတဲ့အပြင် ပျော်သလောက် ဆက်နေသွားပါလား”
“ရှင်..."
စိမ်းသည် အမေပြောသည်ကို နားလည်ပုံမပေါ်။
“အမေ တောင်းပန်ချင်တာက သမီး ရန်ကုန်ကိုမပြန်တော့ဘူးဆိုရင် ဒီမှာနေပါလို့၊ အမေပြောတာဟာ ရိုင်းများ ရိုင်းသွားသလား မသိဘူး။ အမေတို့ယာတောက ဟိုမှာလိုတော့ ဇိမ်ခံစရာတွေ မရှိဘူးဆိုတာ အမေသိပါတယ်။ အဲဒီအတွက်တော့ အားနာပါရဲ့၊ သာယာပြေပြစ်တာတွေတော့ ကွာမှာပေါ့။ သမီးတစ်ယောက်တည်းဆိုလို့ တောင်းပန်ချင်တာပါ"
ရုတ်တရက် စိမ်းသည် ဘာမျှ ပြန်မပြောနိုင်ပေ။ ကြောင်၍နေမိ၏။ အမေတို့စေတနာတွေမှာ လိုတာထက်ပင် ပိုနေပေပြီ၊ သူသည် လာမည့်ပြဿနာကို ရင်မဆိုင်ရဲသေး၍ မတွေးဘဲ ခဏမေ့ထားလိုက်သည်။ တွေးလိုက်တိုင်းလည်း ဘာလုပ်၍ ဘယ်မှာ နေရမှန်းမသိခဲ့။ လာစဉ်က ချစ်လင်နှင့် ပျော်ပျော်ခရီးထွက်ခဲ့၏။ အပြန်တွင်တော့ တစ်ယောက်တည်း မပြန်ချင်ပေ။ အမေ့ဆန္ဒကို လက်ခံသင့်ဖို့က များ၏။ သို့သော် သူသည် ဒီယာတောတွင် ကြာကြာနေနိုင် မနေနိုင်ကိုလည်း တွေးရပေဦးမည်။
“အဆုံးထိတော့ စိမ်းမပြောပါရစေနဲ့ဦး အမေ၊ စိတ်ပြေသလောက်အထိတော့ အမေနဲ့အတူ စိမ်း နေသွားပါ့မယ်။ တစ်နေ့နေ့ အစီအစဉ်လုပ်လို့ရလာတဲ့အခါ စိမ်းကို ခွင့်လွှတ်ပါ”
“အို .. ဘယ်လောက်ပဲဖြစ်ဖြစ် အမေတို့နဲ့အတူ စိမ်းနေတဲ့အချိန်ဟာ အမေစိတ်ချမ်းသာတာပါပဲ၊ ကလေးတွေကအစ မောင်ဝဏ္ဏပါ စိမ်း ဒီအိမ်မှာနေတဲ့အတွက် ဝမ်းသာနေကြတယ်။ ကဲ...မခမ်းလုံရဲ့ ကြက်ဥနဲ့ နို့တစ်ခွက်တော့ သောက်လိုက်ဦးနော်...”
အမေသည် သွက်သွက်လက်လက် ထသွား၏။ အမှန်တော့ အမေသည် အတော်ပင်အိုမင်းနေပြီ။ ပါးရေများ တွန့်နေပေမယ့် အနားမနေ၊ တလှုပ်လှုပ် အလုပ်လုပ်နေ၍လားမသိ တုန်ချည့်နှေးကွေးခြင်း မရှိပေ။ သန်သန်မြန်မြန်ပင် လုပ်ကိုင်တတ်ပေသည်။
စိမ်းသည် သူ့ဘဝ၏အပြောင်းအလဲ မြန်ပုံတွေကို ကြောက်သွားမိ၏။ လက်ထပ်ပြီးသည်မှာ တစ်နှစ်မပြည့်သေး။ အဖြစ်အပျက်များကမူ ဇာတ်က နေသလို တစ်ကွက်ပြီးတစ်ကွက် အပြောင်းအလဲမြန်လှပါကလား။
မိုးလယ်သို့ရောက်လာ၍ ဆောင်းဦး တန်ဆောင်မုန်းတွင် ဂျုံစိုက်ရန်အတွက် ဂျုံခင်းများကို ထယ်ထိုးရပြန်၏။ များသောအားဖြင့် တောင်ပိုင်းရှမ်းပြည်နယ်တွင်သာ အစိုက်များလေသည်။
နေလုံးပျောက်၍ တောင်တန်းကြီး ညိုရောင်သမ်းလာမှ ကိုဝဏ္ဏသည် တဲသို့ပြန်ရောက်သည်။ ယခုတလော တဲပြန်ချိန်သည် နှစ်သက် ပျော်မွေ့စရာကောင်း၏။ တဲခန်းများကို ကြည့်ရသည်ကိုက စိတ်ကြည်လင်စရာ ကောင်းပေသည်။
ညစာကလည်း ပူပူနွေးနွေးနှင့် အရသာရှိလှ၏။ ညဦးတွင် အကြွပ်ကြော်ထားသော အာလူးပါးပါးလေးများနှင့် တို့ဟူးခြောက်ကြော်များကို ရေနွေးကြမ်းနှင့် သောက်ရသည်မှာ ကိုဝဏ္ဏအဖို့ ကျေနပ်စရာပင် ဖြစ်၏။
လူတစ်ယောက်၏တန်ခိုးသည် ကြီးမားပေစ္စ၊ သက်မဲ့သော ဝတ္ထုပစ္စည်းများကိုပင် သူရှိလျှင်တစ်မျိုး သူမရှိလျှင်တစ်မျိုး ပြောင်းလဲ ထင်မြင်တတ်ကြရပေသည်။ သို့သော် စိမ်းကို မြင်ရသည့်အတွက် သူ့မှာ စိတ်မချမ်းသာပေ။ စိမ်းသည် မီးဖိုဆောင်ကို သူ့ရှေ့မှဖြတ်သွားတိုင်း အင်္ကျီကြီးများမှာ ကပိုကရိုနှင့် ဖိုးရိုးဖားရားနိုင်လှ၏။ အမေ့အင်္ကျီ ပွယောင်းယောင်းကြီးများက ကြီးမားရသည့်အထဲ စိမ်းလည်ပင်းသည် သေးသွယ်လွန်း၍ ငှက်ကြီးဝန်ပိုလို ငေါင်းစင်းစင်းဖြစ်နေသည်။ ယခုအချိန်အထိ စိမ်းမှာ အသားအရေ ပြန်၍မပြည့်ဖြိုးသေးပေ။
နောက်တစ်ခေါက် ကျောက်မဲကို သွားရလျှင် စိမ်းဖို့ အင်္ကျီအဝတ်အစား ဝယ်ရဦးမည်။ ရှေ့လာမည့်ဆောင်းတွင်လည်း စိမ်းအဖို့ အနွေးထည်များ လိုဦးမည်။ ရှမ်းပြည်နယ်၏ဆောင်းဒဏ်ကိုလည်း စိမ်းတစ်ယောက် ခံမှခံနိုင်ပါ့မလား ဟူ၍လည်း တွေး၍ပူမိသေး၏။
လောကတွင် ပူပင်ရမည့်သူတစ်ယောက်တိုး၍ လာပါပကော။ မကျေမနပ်အမြဲဖြစ်နေရသော သူ့ဘဝတွင် ယခုတစ်ခါတော့ စိတ်ကျေနပ်စရာ ကောင်းပါစေတော့ဟူ၍ ဆုတောင်းမိ၏။ ယခုထိတော့ ကျေနပ်ပျော်ရွှင်စရာများထဲ
တွေ့နေရသည်။
အဖေရှိစဉ်တုန်းကမှု အဖေက သူ့ကို စိတ်ကျေနပ်အောင်ထားသည်ဟုဆို၏။ သူကမူ တစ်ခါမှ အဖေထားသလိုမနေခဲ့။ သူ ကျောင်းကထွက်တော့မည် ပြောစဉ်က အဖေ့မျက်နှာ အတော်ဝမ်းနည်းပုံရလေသည်။
“ခုနစ်တန်းနဲ့ မင်း ဘာသွားလုပ်လို့ရမလဲ..၊ ခုခေတ်မှာ ပညာဟာ အနည်းဆုံး (၁၀)တန်းအောင်မှ တန်ကျနိုင်မယ်”
“ကျွန်တော် ဒီမှာမနေချင်ဘူး...”
“ဟေ..တို့များနဲ့အတူ မင်းမနေချင်ဘူး။ မင်းဟာ ကမ္ဘာကြီးကိုသိဖို့ အလွန်ငယ်ပါသေးတယ်။ ခုချိန်ဟာ မိဘရဲ့လက်အောက်မှာ ဘယ်လောက် ပျော်ရွှင်ချမ်းမြေ့ဖို့ကောင်း သလဲ...”
“အဖေကတော့ ကုန်သည်တစ်ယောက်အနေနဲ့ သားသမီးအပေါ်မှာ တာဝန်ကျေပါတယ်။ ဒါပေမယ့် ကျွန်တော့်ဘဝကို ကျွန်တော် မကျေနပ်ဘူး ...”
“ဘယ်လိုကွယ့် ... မကျေနပ်ဘူး...”
အဖေ့မျက်စိထဲတွင် သူ့သားလေးကို ငယ်ငယ်လို မြင်၏။ သူဘာပြောနေသည်ကိုလည်း အဖေက နားလည်ပုံ မပေါ်ပေ။
“အဖေက ကုန်သည်၊ မင်းအမေက ယာတောသူဆိုပေမယ့် တောင်ကြီးလိုမြို့မှာ ငါ့သားတွေကို အဖေကမွေးခဲ့တာပါ။ ငါ့သားတွေဟာ အားလုံး ပညာတတ်လေးတွေဖြစ်ရမှာပေါ့”
“ဟုတ်တော့ ဟုတ်တာပေါ့လေ...၊ ဒါပေမယ့် ယာတောမှာ ဆင်းရဲသားတွေဟာ ကုန်းပြီးခံနေရချိန်မှာ ကျွန်တော် ပညာတတ်ကြီးတစ်ယောက်အနေနဲ့ မြို့မှာ ရင်ကော့မနေချင်ဘူး”
“ဒီတော့ သားက ဘယ်သွားနေမှာလဲ ...”
အဖေသည် အသံကိုနှိမ့်၍ သူ့ကို ယုယစွာ မေးလိုက်သည်။
“ကျွန်တော် ပြည်မကိုသွားမယ်၊ ပြည်မမှာ ကျွန်ပညာကိုစွန့်ပြီး လွတ်လပ်ရေးအတွက် တိုက်နေချိန်မှာ ကျွန်တော်က မစ်ရှင်ကျောင်းတွေမှာ အေးအေးလေး အချိန်မဖြုန်းချင်ဘူး”
“အလို... ငါ့သားက နိုင်ငံရေးသမား ဖြစ်နေပါလားကွယ့်”
အဖေသည် တကယ်ပင် ပါးစပ်အဟောင်းသားနှင့် ငေး၍သွားတော့သည်။
“ယာတော၊ လယ်တောသမားတွေ လွတ်မြောက်ရေးဟာ ကျွန်တော်တို့အပေါ်မှာ တည်တယ်”
ထိုစဉ်က သူသည် တကယ့်နိုင်ငံရေးသမားလို ရင်ကော့၍ ခပ်မော့မော့လေး ပြောလိုက်၏။ ပြီးတော့မှ အဖေကို ဒီလိုပြောလိုက်မိသည့်အတွက် သူ နည်းနည်း ရှက်သွားလေသည်။
“ဘယ်လိုကွယ့်...၊ လယ်သမားတွေ လွတ်မြောက်ရေးအတွက် သားက ပြည်မသွားမယ် ဟုတ်လား၊ အမှန်တော့ သားဟာ အမေ့ယာတောကို သွားချင်တယ်ဆိုရင်တော့ ပိုပြီးမှန်မှာပဲ၊ အမေကလဲ သဘောတူမှာပဲ”
အမေသည် သူတို့သားအဖ ပြောနေရာသို့ ဝင်၍ပြောလိုက်၏။ ထိုစဉ်က အမေ့မျက်လုံးများသည် တောက်ပနေသေးသည်။ သူသည် အဖေနှင့်အမေကို ကြာကြာရင်ဆိုင်၍ မနေချင်ပေ။ ပြည်မဘက်ကို သွားချင်သောစိတ်ကို ဘယ်သူမှ မတားဆီးစေချင်ပေ။
“ပြီးတော့ ...လယ်သမားတွေ ခေါင်းဆောင်ချင်တဲ့လူဟာ ရွှံ့ကို နင်းဖူးရလိမ့်မယ်။ ဘယ့်နှယ့်လဲ၊ စပါးတစ်ပင် ဖြစ်အောင်ကော သား စိုက်တတ်ပြီလား”
အမေသည် သူ့ကို စူးစူးရှရှကြည့်၍နေမိစဉ် သူသည် ဘာမှမပြောဘဲ အိပ်ခန်းဘက်သို့ ထ၍လာခဲ့ရလေသည်။
““ဂျွန်နဲ့ စံရင်တို့ကောင်ကလေးတွေဟာ စာကို သိပ်ကြိုးစားတာပဲ။ ဦးခွန်နောင်ရဲ့ ကလေးတွေကတော့ စာမသင်နိုင်လို့ စိတ်ပျက်ကြတယ်။ ငါ့သားကတော့ စာမသင်ချင်ဘူးတဲ့”
အဖေ့ညည်းညူသံကို သူသည် အခန်းဝအရောက်တွင် ကြားလိုက်ရ၏။
“စာမသင်ချင်တာမဟုတ်ဘူး အဖေရဲ့၊ သင်ချင်တယ်။ ခုတော့ စိတ်ကို မထိန်းနိုင်ဘူး...။ ခုချိန်မှာ ပြည်မမှာဆိုရင် လွတ်လပ်ရေးအတွက် အပြင်းထန်ဆုံး ထကြွလှုပ်ရှားနေချိန်မှာ ကျွန်တော်က ချယ်ရီပင်အောက်မှာထိုင်ပြီး စာသင်မနေနိုင်ဘူး”
သူသည် စိတ်ထဲမှ အဖေ့ကို ပြန်၍ပြောကာ သူ့ အိပ်ရာပေါ်သို့ ပစ်လှဲလိုက်သည်။
အမေနှင့်အဖေသည် တစ်ယောက်ကိုတစ်ယောက် စေ့စေ့ကြည့်နေကြ၏။ အဖေသည် သားများကို ကျောင်းထားမရ၍ စိတ်မချမ်းမသာ ဖြစ်နေဟန်ပေါ်သည်။ အမေက သိပ်တုန်လှုပ်ပုံမရပေ။
“ရှင့်သားကြီးတွေကတော့ လက်ဖက်ခြံပဲ စိုက်ချင်တာပါ။ မောင်ဝဏ္ဏအတွက်ကတော့ စာဖတ်လွန်သွားတယ်လေ၊ သူဖတ်နေတဲ့စာအုပ်တွေ ရှင်တွေ့ရဲ့လား”
အမေက မေးလိုက်မှ အဖေသည် ပြန်၍စဉ်းစားမိ၏။ သူ့ခေါင်းရင်းက စာအုပ်စင်မှာ ကျောင်းသုံးစာအုပ်ထက် နိုင်ငံရေးစာအုပ်တွေ အများကြီးပဲ။ အတန်း ကုန်အောင် စာမသင်တာကတော့ ဝမ်းနည်းစရာပေါ့။ ဒါပေမယ့် သားဟာ အများအတွက် ဒီလိုလုပ်ချင်တယ်ဆိုတဲ့ စိတ်ပေါ်လာတာတော့ ဝမ်းသာစရာပဲ။ တစ်ခုပဲ ကျွန်မစိတ်ညစ်တယ်၊ လယ်သမားတွေ တိုးတက်အောင် လုပ်ချင်တဲ့သူဟာ ယာတောကိုမသွားဘဲ မြို့ကိုသွားမယ်ဆိုတာ မတွေးတတ်ဘူး”
“အင်း..ငါတော့ ဘာလုပ်ရမလဲ မတွေးတတ်ဘူး။ မင်းရောကလေးတွေပါ ယာတောမှာ အ,အကြီးတွေ ဖြစ်မှာစိုးလို့ ဆွဲထုတ်လာခဲ့တာပါ။ မင်းလဲ ဒီရောက်မှ စာဖတ်လာတာပါ။ မင်းစကား ပြောပုံဆိုပုံတွေဟာ ဦးခွန်နောင် မိန်းမပြောတာနဲ့ နည်းနည်းမှမတူတော့ဘူး၊ မတတ်နိုင်တော့ဘူးလေ။ ငါဟာ အဖေတစ်ယောက်နဲ့တူအောင်တော့ သားသမီးတွေအပေါ်မှာ လုပ်ခဲ့ပါတယ်”
“ဟုတ်ပါတယ်..၊ ရှင်တာဝန်ကျေပါတယ်၊ လူငယ်တွေ စိတ်ဆိုတာက တက်ကြွလာပြီဆိုရင် ချိုးနှိမ်ဖို့ခက်သားပဲ။ ကျွန်မတော့ သူတို့အားလုံး စာတတ်ပြီး သားသမီးတွေ တပျော်တပါးကြီးနဲ့ ယာတောကိုပြန်ချင်တာပဲ”
“တော်စမ်းပါ...တော်ကြပါတော့၊ ဒီယာတောကို ပြန်ချင်တာကိုလဲ ထပ်ထပ်ပြီး မပြောကြပါနဲ့၊ စော်ဘွားခြေအောက်က ရွှံ့ထဲမှာ မင်းတို့အားလုံး ပြန်နစ်ချင်နေကြပြီ”
အဖေက အသံကျယ်ကျယ်ကြီးနှင့် အော်လိုက်၍ အမေသည် ငြိမ်သက်၍နေလိုက်၏။ သားနှင့်အဖေတူလျက်နှင့် မတူသည်ကို အမေ့စိတ်ထဲတွင် နားလည်လိုက်ပါ၏။ အဖေက သူတို့တစ်တွေ ယာခင်းရွှံ့ခင်းထဲတွင် စော်ဘွားခြေထောက်အောက် နစ်မွန်းနေမှာစိုး၍ မြို့ကိုခေါ်ကာ စာသင်၍ အထက်တန်းကျကျထားမည်။ ပြီးတော့ စာရေးစာချီဘဝတွင် နေသွားရမည်။ သားကလည်း စော်ဘွားခြေထောက်အောက်မှ လွတ်ချင်သည်။ သို့သော် သားဆန္ဒထဲတွင် ရှမ်းပြည်နယ်သူတစ်စုလုံးပါသည်ကို အမေက သိ၏။ အမေသည် သားဆန္ဒကို သဘောတူပေမယ့် ပြည်မကိုသွားလိုသည့်ကိစ္စကိုမူ နားမလည်ပေ။
ကိုဝဏ္ဏ ပြည်မသို့ထွက်လာချိန်တွင် အဖေနှင့်အမေတို့သည် မတားမြစ်ကြပေ။ သားတစ်ယောက် နိုင်ငံရေးပင်လယ်ပြင်တွင် မျောနေပုံကိုတော့ အမေသည် နားစွင့်၍နေ၏။ အဖေကမူ ဘာကိုမှမမေးတော့ပေ။ ဂျွန်တို့လူစု သူတို့အိမ်ရှေ့မှ ဖြတ်၍ ကျောင်းတက် သွားတိုင်း အဖေသည် သက်ပြင်းတချချ လုပ်နေတတ်သည်။
“ရှင့်သား လွတ်လပ်ရေးစစ်တပ်ထဲမှာ ပါသွားပြီတဲ့”
အမေသည် ကိုဝဏ္ဏထံမှ စာရွက်ကိုကိုင်၍ အဖေ့အားပြောပြသည်။ အဖေကမူ ဘာမှပြန်မပြောပေ။
တစ်နှစ်ဆောင်းဦးတွင် ပြည်မမှ လွတ်လပ်ရေး၏ ရှေ့ပြေးဂယက်သံများသည်လည်းကောင်း၊ ပင်လုံညီလာခံမှ ပေါက်ကွဲသံတို့သည်လည်းကောင်း ပြင်းထန်သော ဆောင်းလေနှင့်အတူ ပါလာကြသော်လည်း အဖေသည် တစ်စုံတစ်ရာ တုန်လှုပ်ပုံမရပေ၊
သူ့လက်ချောင်းများသည် ဘာကိုမှ ကြာကြာမြဲမြဲဆုပ်၍မရ၊ မျက်လုံးများကလည်း အဝေးသို့မျှော်ကြည့်တိုင်း တမွဲမွဲအရောင်ကလွဲ၍ သဲကွဲစွာ မမြင်ရပေ။ အဖေသည် ပို၍တိတ်ဆိတ်ငြိမ်သက်ကာ အေးအေးလေး အနေများလာ၏။
အဖေ၏ငြိမ်သက်ဟန်မှာ စိတ်လျှော့နေပုံရသည်။
အမေသည် ဖြစ်ပေါ်နေသောသတင်းစကားများကို အဖေအား ခဏခဏ ပြောမပြတော့ပေ။ သားထံကရသည့် စာအကြောင်းကိုပင် သူသည် ပြောမပြပေ။ အဖေ ကောင်းကောင်းနေမကောင်းတော့သည့်အကြောင်းကိုမူ ကိုဝဏ္ဏထံသို့ အမေက ထည့်၍စာရေး၏။
လွတ်လပ်ရေးရပြီးသည့်တစ်ချိန်တွင် အမေသည် အဖေ့ကိုပြောပြ၏။ သို့သော် လွတ်လပ်ရေးအကြောင်းကို အိပ်ရာပေါ်တွင် လှဲနေရင်း အဖေက နားထောင်ရပေသည်။
“မောင်ဝဏ္ဏ ဘယ်တော့ပြန်လာမှာလဲ”
အဖေ့မေးခွန်းကို အမေသည် မဖြေတတ်ပေ။ တကယ်တော့လည်း သား ဘယ်တော့မှပြန်လာမည်ကို အမေက မသိပေ။
အဖေ မမာကြောင်း သိရချိန်တွင် ကိုဝဏ္ဏသည် ရှမ်းပြည်နယ်ကို ခဏပြန်ရန် စိတ်ကူးမိသည်။ သို့သော် လယ်သမားစည်းရုံးရေးမှာ အရေးကြီးသည်ဆို၍ သူသည် မပြန်ခဲ့ရပေ။
နွေပေါက်လာချိန်တွင် တောင်ကြီးကိုပြန်ရန် အဆင်သင့်ဖြစ်၍လာသည်။ အဖေ လိုလားသော ပညာတတ်ကြီးတစ်ယောက်အဖြစ်နှင့် မပြန်နိုင်သည့်အတွက် အဖေစိတ်ဆင်းရဲမှာ စိုး၏။ ဘယ်လိုပဲဖြစ်ဖြစ် အဖေသည် သူ့မျက်နှာကိုမြင်လျှင် စိတ်ချမ်းသာကောင်းပါရဲ့။
ပြန်ချင်ပြီဆိုတော့လည်း လေယာဉ်ပျံလက်မှတ်ကို ကမန်းကတန်း ပြေးဝယ်မိပြန်သည်။ သူလက်မှတ်ဝယ်နေစဉ် နောက်မှတစ်ယောက်က ပြေး၍ဖက်လိုက်၏။
“ကိုဝဏ္ဏ ...”
သူသည် နောက်ကိုလှည့်ကြည့်၏။
“ဟေး...ဂျွန်ပါလား၊ မင်း သိပ်ဝတာပဲနော်”
“အေး..ခင်ဗျားလဲ မတွေ့တာဗျာ၊ ကျောင်းက ထွက်ကတည်းကပဲ။ အခု ကျွန်တော် တောင်ကြီးပြန်မလို့”
“ကိုယ်လဲ ပြန်မလို့”
“ကျွန်တော် အမေရိကကို ပညာတော်သင်သွားရမယ်။ ခု အိမ်ကို နှုတ်ဆက်ရအောင် သွားမလို့၊ ခင်ဗျား ဘယ်ရောက်နေတာလဲ။ ကျွန်တော်တို့ (၁၀)တန်းရောက်တော့ စစ်စဖြစ်တာပဲဗျာ။ သတိရသေးတယ်။ နောက် စစ်ပြီးမှာ အရေးပေါ်ကောလိပ်ဝင်ပြီး သင်တယ်။ ခု..ကျွန်တော် ဘီအက်စီ အောင်ပြီ။ ခင်ဗျား ခုနစ်တန်းကထွက်ပြီး ဒီမှာ စာလာသင်နေတာ မဟုတ်လား”
ဂျွန်ကသူ့ ပညာသင်ကြားရေးကို ဝမ်းသာအားရ ပြောပြနေ၍ ကိုဝဏ္ဏသည် ပျော်လာသည်။ သို့သော် ဂျွန် စာသင်ချိန်က သူဘယ်ရောက်နေသည်ကို မတွေးတတ်ပေ။
“ဟင်...ခင်ဗျား ဘယ်ရောက်နေလဲ”
ဂျွန်က ထပ်မေးပြန်သည်။
“ကဲ ...သတိရပြီဗျို့၊ ကိုယ် ကျောင်းမနေပါဘူး၊ မင်းတို့ အရေးပေါ်ကောလိပ်တက်နေတော့ ကိုယ်က မျိုးချစ်ဗမာ့တပ်မတော်(P.B.F)ကနေ ခုလက်ရှိ တပ်မတော်ဆိုပါတော့ (Burma Command) အကူးအပြောင်းမှာ စိတ်လေနေတုန်းပေါ့”
“P.B.F”
ဂျွန်သည် စကားသုံးလုံးကို ရွတ်ဆို၍ ရယ်လိုက်၏။
“ကျွန်တော် ဖေဖော်ဝါရီလကုန် သွားမယ်။ ကိုစံရင်ကိုရော မှတ်မိသေးလား။ သူတော့ B.C.S ဝင်ဖြေလို့ အောင်သွားပြီ။ အလုပ်သင်ဝန်ထောက်အဖြစ်နဲ့ မြစ်ကြီးနားကို သူလဲ မနက်ဖြန်သွားလိမ့်မယ်”
“ဟုတ်လား ...ဝမ်းသာစရာပဲ၊ ကိုစံရင်ကို သတိရပါတယ်”
ဂျွန်သည် သူငယ်ချင်းများ၏ကောင်းသတင်းကို အရှည်ကြီး ဆက်၍ပြောနေသည်။ နောက်နေ့ တောင်ကြီးသွားသည့်လေယာဉ်ပေါ်တွင်လည်း ဂျပန်ခေတ်တစ်လျှောက်လုံးနှင့် စစ်ပြီးခေတ်တွင် သူတို့သူငယ်ချင်းတစ်စု စာသင်မပျက်အောင် နေခဲ့ပုံ၊ ကိုဝဏ္ဏအား လွမ်းပုံများကို ပြောပြသွား၏။
ဂျွန် စကားပြောသည်ကို နားထောင်ရင်း ကိုဝဏ္ဏမျက်လုံးများကမူ ဂျပန်နေတံဆိပ်အလံ၊ အင်္ဂလိပ်၏ယူနီယံဂျက်၊ ယမ်းငွေ့ဖုံးလွှမ်းသော လယ်ကွင်းနှင့် သွေးစသွေးကွက်များကိုသာ ပြန်၍မြင်သည်။ သူ၏ကျော်ဖြတ်ခဲ့သော အတိတ်မှာ ဒါပဲဖြစ်သည်။
တောင်ကြီးကို ရောက်ရှိခြင်းသည် ပျော်ရွှင်စရာမကောင်းပေ။ အဖေ့ကိုတွေ့ဆုံရန် လာပေမယ့် အဖေ့ကို မတွေ့လိုက်ရခြင်းကြောင့် ဖြစ်သည်။
အမေက စောစောသာလာလျှင် အဖေနှင့်တွေ့သွားရမည်ကို ငိုရင်းပြော၏။ သူသည် အမေပြောသမျှကို ငြိမ်သက်စွာ နားထောင်၍နေသည်။ ဘာတစ်ခွန်းမှ မပြောပေ။
“သား ထွက်သွားတာကို မကျေနပ်ပေမယ့် အပြစ်ရယ်လို့ ဘာမှမပြောရှာဘူး။ ဂျွန်တို့ကျောင်းတက်သွားတိုင်းသာ သူ သက်ပြင်းတစ်ချချ လုပ်နေတာပဲ”
“ခု ... ဂျွန်... အမေရိကကို သွားတော့မယ်”
သူသည် အမေ စိတ်ကျေနပ်အောင် ပြောလိုက်၏။
“အေး...မင်းအဖေ ဆုံးတဲ့နှစ်က ဂျွန်ရဲ့အမေ လာရင်း ပြောသွားပါတယ်။ သား အခု စာဆက်သင်ချင်သေးလား”
ကိုဝဏ္ဏသည် ခေါင်းခါလိုက်သည်။
“အဖေမရှိတော့ ကျွန်တော် အမေ့တို့အတွက် ဆက်လုပ်သွားမှာပါ။ ကျွန်တော့်ကို တာဝန်ယူမယ့်လူ မရှိတော့ဘူးဆိုတာ ကျွန်တော်နားလည်ပါတယ်။ အဖေဟာ အမေတို့အတွက် ငွေများများ မချန်ရစ်ခဲ့နိုင်ဘူး မဟုတ်လား”
အမေသည် မျက်ရည်စို့လာသော်လည်း သူ့သား သိတတ်ပုံအတွက် ကျေနပ်သွားသည်။
“ဟုတ်တယ် ... မင်းညီတွေကိုလည်း နေရာချလိုက်ရသေးတာကိုး၊ စစ်ဖြစ်တဲ့ လေးငါးနှစ်အတွင်းမှာ သား လုပ်ချင်တာတွေကို လုပ်လို့အားရပြီလား”
အမေသည် ဘာကိုလို၍ မေးမှန်း သူ မသိပါ။ သည် ခေါင်းကိုဖြည်းဖြည်းခါ၏။
“အားမရပါဘူး၊ မကျေနပ်ပါဘူး အမေ...”
“ဒါဖြင့် ပြည်မကို သားပြန်သွားဦးမလား”
“ပြန်ကြည့်ဦးမလားလို့”
“အလုပ်သွားရှာမလို့လား...”
ကိုဝဏ္ဏက အသံထွက်အောင် ရယ်လိုက်သည်။
“မရှာဘူး အမေ...”
“ဘယ်လိုဖြစ်လို့လဲ”
လေးလေးတွဲ့တွဲ့ကြီး သူက ရယ်၏။
“မင်းအဘိုးမှာ ဂျုံခင်းနဲ့ မြေယာကွက်တော်တော်များများ ကျန်ခဲ့ပါတယ်”
ကိုဝဏ္ဏသည် ရုတ်တရက် ဘာမှ အဖြေမပေးသေးပေ။ “စဉ်းစားဦးမယ်”ဟုပဲ အမေ့ကို ပြောလိုက်၏။
ညဘက်တွင် မြို့ထဲမှထွက်၍ အစိုးရဟိုတယ်ဘက်ကို လမ်းလျှောက်လာ၏။ ဟိုတယ်ရှိရာ တောင်ကုန်းမှကြည့်လျှင် တောင်ကြီးမြို့သည် မီးပွင့်မီးတန်းများနှင့် အတော်လှပသည်။ တောင်စွယ်ကျော်၍ ထွက်ပြူစ လဝန်းရောင်မှာ ပန်းချီချယ်မှုန်းထားသလို ရွှေရောင်ပြေပြေလေး ဖြစ်သည်။ နှင်းမှုန်များ ပွင့်နေသလို တောက်ပနေသည်။ ဆောင်းလေသည် ငြိမ့်ငြိမ့်လေး တိုက်ခတ်နေ၍ ထင်းရှူးရွက်များသည် တိမ်းသည့်တိမ်းပါးနှင့် လှုပ်ရှားနေကြသည်။
သူ့ချက်မြုပ်ဌာနေဖြစ်သည့် မောတို့နယ်မြေသည် လှပစိုပြည်သောတောင်ကုန်းမြေမြင့်ပင် ဖြစ်ပေသည်။ စမ်းချောင်းတို့လည်း မြွေနဂါးများလို လွန့်၍လွန့်၍ စီး၏။ ရေတံခွန်သည်လည်း နတ်သမီးတေးသံများလို ငြိမ့်ညောင်းစွာ ဆို၍ သွန်ကျလာကြသည်။ ပန်းမျိုးစုံတို့မှာ ရာသီမပြတ်ပွင့်၍ တောင်ကုန်းလွင်ပြင်ကို တန်ဆာဆင်၍နေကြသည်။
မြင်ကွင်းသည် သူ့နှလုံးကို ဆွဲယူလိုက်သည်။ ထိုညက သဘာဝအလှသည် သူ့အား တောင်းပန်တိုးလျှိုးဟန်ရှိသည်။ အမှန်တော့ ထိုညတွင် သူသည် ပြည်မကို မပြန်ရန် ဆုံးဖြတ်လိုက်တော့သည်။ မပြန်ခြင်းနှင့်ပတ်သက်၍ အမေ့ကို ဖွင့်မပြောလိုသော အကြောင်းများသည် အများကြီးဖြစ်၏။ ဖြစ်ခဲ့သည်များကို တွေးပဲမတွေးလိုတော့။
“အစိုးရဌာနတစ်ခုမှာ ခင်ဗျား ဝင်လုပ်ပါလား”
သူသည် သူ့ဆရာသမားများ၏လမ်းညွှန်ချက်အရ သက်ဆိုင်ရာဌာနများကို သွားခဲ့၏။ သွား၍ ဆိုင်ရာအတွင်းဝန်များနှင့်တွေ့တိုင်းပင် -
“ခင်ဗျား ဘယ်နှစ်တန်းအောင်လဲ”
ဒီမေးခွန်းသာ သူ့ကို သရဲခြောက်သလို လှမ်း၍ မေးခံရ၏။
“ခုနေခါမှာ ထူထောင်ရေးအတွက် စီမံကိန်းတွေ ဆွဲချိန်မှာ ဒီဂရီရတဲ့လူတွေပဲ လိုတယ်။ ကမ္ဘာတစ်ခုလုံးနဲ့ ဆက်ဆံတဲ့အတွက် တော်ရုံတန်ရုံနဲ့ ဖြစ်မှာမဟုတ်ဘူး”
အတွင်းဝန်မင်း၏ ပြန်လည်ဖြေကြားချက်မှာ လျော်ကန်သင့်မြတ်လှပေသည်။
“ခုနစ်တန်းပဲ တတ်ပါတယ်ဗျာ၊ ကျုပ်က ခုနစ်တန်းပဲတတ်တယ်...”ဟူ၍ သူသည် တိုးတိုးလည်းဖြေ၏။ ကျယ်ကျယ်လည်း ပြောလာတတ်၏။
နောက်တော့လည်း ဘယ်ကိုမှ မသွားချင်တော့ပေ။ သူအမှတ်မိဆုံးသော နေ့တစ်နေ့မှာ အတွင်းဝန်မင်းတစ်ပါးနှင့် တွေ့ခဲ့သောနေ့ဖြစ်သည်။ ဝန်မင်းဦးပေါဝကို သူသည် နိုင်ငံရေးကြောင့် သာယာဝတီထောင်သို့မကျခင်က တစ်ကြိမ်တွေ့ခဲ့ရ၏။
သူ့အမှုကို စီရင်ချက်ချစဉ်က ဦးပေါဝသည် စီရင်ချက်အပြီးတွင် ဘာမှမဆိုင်သော ဗလာသက်သက်စကားလုံများကို ရွတ်ဆိုလိုက်သည်။
“လွတ်လပ်ရေးကို လိုက်ချင်ဦးလေကွာ၊ လူရှုပ် ထောင်ထဲမှာနေပေရော့”
ဒီတုန်းက ဦးပေါဝကို စေ့စေ့ကြည့်၍ သူက ပြုံးခဲ့၏။ ယခု လွတ်လပ်ရေးပြီးတော့လည်း ကုလားထိုင်ပေါ်တွင် ဦးပေါဝကို အပြုံးမပျက် ပြန်လည်တွေ့ရလေပြီ။ ကိုဝဏ္ဏက ဘာကိုမျှ ပြန်လည်၍ မချေပလိုပါ။ သူတို့ အမြဲပဲ ပြည်တော်သာလျက်ရှိ၏။ ဘဝဆုတောင်း ကောင်းခဲ့ပေသကိုး။ ပညာလည်း တတ်ပေသည်။ ဦးနှောက်လည်းကောင်းပေသည်။ အုပ်ချုပ်ရေးလည်း နားလည်ပေသည်။ သူ့လိုခုနစ်တန်းက အတွင်းဝန်ရာထူးလည်း တောင်းဖို့မသင့်။ တကယ်ဆိုတော့ အကြမ်းပတမ်း တောက်တိုမယ်ရ ခိုင်းဖို့လောက်သာ အမွေခံဖို့ကောင်းသည့် လူကလေးများပေပဲဟု သူက သူ့စိတ်ကို သူဖြေ၏။ အားလုံးသည် လျော်ကန်သင့်မြတ်လှပေ၏ဟူ၍လည်း ဆင်ခြင်မိပါ၏။ ဘယ်သူ့အပြစ်မှလည်း မဟုတ်၍ ဘယ်သူ့ကိုမှလည်း သူအပြစ်မတင်လိုပါ။
လွတ်လပ်ရေးအတွက် တိုက်ပွဲတိုင်းတွင် ဖြူးဖြူးဖြောင့်ဖြောင့် နောက်လိုက်တစ်ယောက်အဖြစ် ကြိုးစားခဲ့သူမို့ ဘာပေးပါ၊ ညာပေးပါဟူ၍ တောင်းဆိုဖို့ကိုလည်း ဘယ်တုန်းမှ ပါးစပ်မရဲခဲ့ပေ။ လွတ်လပ်ရေး၏နောက်ပိုင်းတွင်လည်း ရာထူးအတွက် နားပူနားဆာလုပ်ဖို့ဆိုသည်မှာ သူ့စိတ်ထဲတွင် လုပ်အပ်သောကိစ္စဟူ၍ မထင်ခဲ့ပေ။ သူ့ကို အခွင့်အရေးသမားတစ်ယောက်ဟု ထင်မည်ကို သေရမည်ထက် ကြောက်နေ၏။
နောက်ဆုံး အမေပြောသလိုပင် လယ်သမားတို့နှင့်အတူ ရွှံ့ထဲသို့ဆင်းမှပင် ဘဝအမှန် ဖြစ်ပေမည်။ နွေနှောင်းစတွင် သူသည် အမေနှင့်အတူ မိုင်းငေါယာတောသို့ ပြောင်းရွှေ့လာခဲ့ခြင်း ဖြစ်ပေသည်။
ဆက်ရန်
-----------------
0 Comments