မြကြာဖြူ (ခင်နှင်းယု)
________________
အပိုင်း (၁)
၁။
သန်းခေါင်ယံအထိ နေ့ခင်းက လက်ဖက်ရည်ပွဲကို ရှယ်လီတစ်ယောက် မေ့ပျောက်၍မရနိုင်သေးပေ။ သူထိုင်နေသော ဝရံတာပေါ်မှာ လရောင်က ဖျော့ဖျော့လေး ကျရောက်နေသည်။ ပျိုမျစ်သော လကွေးသည် ကတ္တီပါနက်ပေါ်မှာ စိန်ဘီးလေးတစ်စီးလို လဲလျောင်းနေသည်။
ဆန်းစဖြစ်၍ လရောင်က အားပျော့နေသလို သူ့စိတ်များလည်း အားပျော့နေသည်။ ခုတင်ပေါ်တွင် အိပ်စက်ကျန်ရစ်သော လင်းရွှေရောင်ကရော တကယ်မှ အိပ်ပျော်ပါလေစ။
ညနေထမင်းစားချိန်က နောက်ကျသည်။ လက်ဖက်ရည်ပွဲကပြန်လာမှ ညစာစားကြသည်။ ထမင်းစားနေချိန်တချိန်လုံး အထူးတိတ်ဆိတ်နေသည်ကို သူ သတိပြုမိသည်။ နှစ်ယောက်စလုံး စကားပြောချင်စိတ်မရှိကြ။ ထမင်းစားပွဲမှ လင်းက စောစီးစွာ ထသွားပေမယ့် သူက ကလေးတွေကို ဆက်လက်ကျွေးမွေးရင်း ထမင်းစားခန်းမှာ နောက်ကျမှ ထွက်ခဲ့ရသည်။
ညဦးမှာ ကလေးတွေ စာကြည့်နေသည်ကို စောင့်နေပြီးမှ ညဉ့် ၉ နာရီမှာ သားနှင့်သမီးကို သိပ်ရသေးသည်။ အိပ်ခန်းထဲသို့ သူ ဝင်လာတော့ အိပ်ရာပေါ်မှာ လင်း လှဲနေသည်။ မျက်လုံးများကို မှိတ်ထားပေမယ့် လင်း အိပ်ပျော်မည်မထင်။ သူသည် ခြေကို ဖွဖွနင်းကာ ခြင်ထောင်ချ၍ပေးလိုက်သည်။
မီးပြာပွင့်လေးတစ်ခုသာ ထွန်းခဲ့၍ အခန်းထဲရှိ မီးများကို ပိတ်လိုက်သည်။ ဝရန်တာပေါ်ရှိ ပက်လက်ကုလားထိုင်ပေါ်မှာ ထိုင်ချလိုက်သည်။ နောက်ကို မှီကာ ကောင်းကင်ကို မော့ကြည့်နေမိသည်။
ကောင်းကင်က ရတနာကုန်သည်၏ကတ္တီပါခွက်လို နက်မှောင်နေသည်။ ညဉ့်နတ်သမီးသည် စိတ်ပျက်လက်ပျက်နှင့် သူ့ကေသာမှစိန်ဘီးကို လွှင့်ပစ်လိုက်ပုံရသည်။ ကောင်းကင်ထောင့်တနေရာတွင် လကွေးလေးက တစောင်းအိပ်နေသည်။ ကြယ်စင်စိန်လည်ဆွဲကိုလည်း ဆွဲဖြတ် ပစ်ပေါက်လိုက်လေသလား။
ကြိုးပြတ်သွားသောလည်ဆွဲမှ လွင့်စင်သွားသော စိန်လုံးလေးတွေ ကောင်းကင်မှာ ပျံ့ကျဲနေကြသည်။ တချို့က နဂါးငွေ့တန်းဆီမှာ စုရုံးနေကြသည်။ တချို့နေရာမှာ ကြိုက်နှစ်သက်ရာပုံစံလေးတွေနှင့် သင်းဖွဲ့နေပေသလို တကိုယ်တော်ကြယ်ပွင့်လေးတွေလည်း အားပျော့စွာ လင်းလက်နေကြသည်။ လကွေးလေး၏မှေးမှိန်ပုံ လုံးချင်းကြယ်လေးများ၏အားပျော့သောအလင်းသည် ကောင်းကင်ည၏ဘဝကို သရုပ်ဖော်နေကြသည်။ ဘဝကောင်းကင်ထဲမှာ ကြယ်လေးများလည်း ဇာတ်စုံခင်းနေကြသည်။
သူ့စိတ်ထဲမှာ ညဉ့်နတ်သမီးလိုပဲ စိတ်ပျက်စွာ တစုံတရာကို ပစ်ပေါက်လိုက်ချင်သည်။ စိန်ဘီးလည်းမဟုတ်၊ လည်ဆွဲလည်းမဟုတ်သော သူ့ဘဝကို ဆွဲဖြတ်လွင့်ပစ်၍ မရဆိုသည်ကို သူနားလည်ပါသည်။ သင်းကွဲသောကြယ်လေးများလို နေ၍မဖြစ်၊ သူ့ဘဝကိုသူ အတတ်နိုင်ဆုံး ပြန်လည်စုစည်းရမည်။
သားကြီး ဂျင်နီပင် ဆယ်နှစ်ပြည့်၍ သမီးအင်နီက ရှစ်နှစ်။ အိမ်ထောင်သက်အားဖြင့် ၁၁ နှစ်ကျော်လာခဲ့ပြီဖြစ်သော သင်းရနံ့များ ပြယ်စပြုလာသော အခြေအနေကို သူ ထိန်းသိမ်းရမည်။
လွန်ခဲ့သောညဉ့်ဦးပိုင်းများမှာလည်း သူ တကိုယ်တော် ဒီလိုပဲ ဝရန်တာမှာ ထိုင်နေရသည်ဖြစ်၍ မဆန်းလှတော့ပါ။
ထိုခေတ်က အုပ်ချုပ်ရေးပိုင်းဆိုင်ရာတွေကို တိုင်းမင်းကြီး၊ အရေးပိုင်၊ နယ်ပိုင်စသည်ဖြင့် ခေါ်သောခေတ်။ သူတို့မြို့လေးမှာ နယ်ပိုင်ရုံးစိုက်ရာ အောက်လံမြို့လေးဖြစ်သည်။ (ယခုအခေါ် မြေထဲ)။ သူ့ခင်ပွန်းက အုပ်ချုပ်ရေးအရာရှိမဟုတ်။ မြို့နယ်လက်ထောက်ဆရာဝန်၊ ဒါပေမင့် အရာရှိများစုဝေးရာကလပ်တွင်တော့ အစိုးရဝန်ထမ်းအနေနှင့် ညတိုင်းကျ ရှိနေမြဲဖြစ်သည်။ ဆရာဝန်ကတော်တစ်ယောက်ဖြစ်လာတော့ သူလည်း တခြားအရာရှိကတော်တွေလို ညဦးပိုင်း၏သွေ့ခြောက်သော တကိုယ်တော်ဝေဒနာကို ခံစားရမြဲ။ သားကို မမွေးဖွားခင်ကတော့ အထီးကျန်နိုင်လှသောဒီအဖြစ်ကို အိမ်မှုကိစ္စလုပ်ရင်း ဖြတ်သန်းခဲ့သည်။ ယခု သူ့အပါးမှာ သားရောသမီးရော ရှိလာပြီ။
ကလေးတွေကို ပွေ့ပိုက်ယုယနေရသောအချိန် ရရှိသည်ကိုပဲ ကျေးဇူးတင်မိသည်။ ယခု သူတို့ဘာသာ နေနိုင်သွားနိုင်၊ ကျောင်းတက်နိုင်သောအခါ ညဦးမှာ ကလေးတွေကို စာပြသည်။ အချိန်ကို တန်ဖိုးရှိရှိ အသုံးချလာနိုင်သည်။ ငြီးငွေ့ခြင်း မကျေနပ်ခြင်းတွေ တစတစ လျော့ပါးလာသည်။
လင်းက ဆေးရုံက ပြန်လာလျှင် ခေတ္တနား၊ ညစာစားပြီး ကလပ်ကို ထွက်သွားသည်။ ညဉ့်နက်မှ ပြန်လာကာ အိပ်ရာဝင်သည်။ တခါတခါ လူမှန်းမသိအောင် မူးလာသောအခါ သူ၏ညဉ့်ဦးယံကို စိတ်ပျက်စွာ ဖြတ်သန်းလာခဲ့ရသည်။
သားနှင့်သမီးသည် သူ့လည်ဆွဲများဖြစ်သည်။ လင်းကို မကျေနပ်သည်နှင့် ညဉ့်နတ်သမီးလို ဆွဲဖြတ်လွှင့်ပစ်၍မဖြစ်။ ကောင်းကင်မှ ကြယ်လေးတွေ ကစဉ့်ကရဲဖြစ်နေသလို သူ့သားသမီးများကို အဖြစ်အခံနိုင်။
ဒီညနေကတော့ လက်ဖက်ရည်ပွဲပြီးလာကတည်းက ဒေါက်တာလင်းသည် သူနှင့်အတူ အိမ်ပြန်လာခဲ့သည်။ ထမင်းစားပြီး စောစောအိပ်ရာဝင်ခဲ့သည်။ လင်း အိပ်ပျော်မည်မဟုတ်သည်ကို သူ သိပါသည်။ လက်ဖက်ရည်ပွဲက ရုတ်တရက်ကျင်းပသော ပွဲဖြစ်သည်။ ပထမ တိုင်းမင်းကြီး သူတို့မြို့ကို ဖြတ်၍အသွားမှာ ညစာစားပွဲနှင့် ဧည့်ခံမည် စီစဉ်သော်လည်း အရေးတကြီးကိစ္စရှိ၍ တိုင်းမင်းကြီးက အချိန်မပေးနိုင်သောကြောင့် လက်ဖက်ရည်ပွဲ စီစဉ်၍ ဧည့်ခံရခြင်းဖြစ်သည်။ တိုင်းမင်းကြီးအသစ်ဖြစ်၍ မိတ်ဆက်ပွဲဆိုလျှင် မမှားပါ။ သူတို့စုံတွဲက နောက်ဆုံးမှ ရောက်သည်။ နယ်ပိုင်ဝန်ထောက်မင်း တိုင်းမင်းကြီးကတော်နှင့် သူ့ကို မိတ်ဆက်ပေးသည်။
"ဒါက ဒေါက်တာလင်းရွှေအောင်ကတော် မရှယ်လီပါ၊ ရှယ်လီ ...မမက တိုင်းမင်းကြီးကတော် ဒေါ်ခင်မေသိုက် "
သူသည် တိုင်းမင်းကြီးကတော်ဆိုသူကို လက်လှမ်းပေးရင်း ကြက်သေ သေနေမိသည်။
" ေဩာ် ...ဘယ်သူလဲလို့ ...ရှယ်လီပါလား "
ဒေါ်ခင်မေသိုက်က လှိုက်လှိုက်လှဲလှဲ သူ့လက်ကို ဆွဲယူလှုပ်ရှားလိုက်တော့မှ သူ သတိရသည်။ ကြိုးစား၍ပြုံးရသည်။ အံ့ဩစိတ်ဖြင့် သူ ကတုန်ကယင် ဖြစ်နေသည်။
"ကိုကိုရေ ....ဒေါက်တာလင်းကတော် ရှယ်လီက တူးတူးတို့နဲ့ တက္ကသိုလ်မှာ တဆောင်တည်း နေခဲ့ကြတာ "
တိုင်မင်းကြီးကတော်သည် သူ့လက်ကို မြဲမြဲကိုင်ထားကာ သူ့ကို တိုင်းမင်းကြီးနှင့် မိတ်ဆက်ပေးပြန်သည်။ တိုင်းမင်းကြီးသည် အသားညိုညို ထောင်ထောင်မောင်းမောင်း တူးတူးထက် အသက်ကြီးပုံရပေမယ့် ရုပ်ရည်က ခန့်ညားပါသည်။ အကြင်နာပြည့်သောမျက်လုံးများက တိုင်းမင်းကြီးစိတ်ထားကို ဖော်ပြနေသည်။ လက်ဖက်ရည်ပွဲမှာ ထိုင်သည်အထိ တူးတူးက သူ့ကို အနားရှိကုလားထိုင်မှာ ထိုင်ခိုင်းသည်။ ဒေါက်တာလင်းသည် တခြားအရာရှိများနှင့်အတူ တိုင်းမင်းကြီးနှင့် စကားလက်ဆုံကျနေကြသည်။
"ရှယ်လီ .... ကလေးတွေ ဘယ်လောက်ရနေပြီလဲ "
"နှစ်ယောက်ပါ၊ ယောက်ျားလေးတစ်ယောက်၊ မိန်းကလေးတစ်ယောက် "
"တူးတူးတို့ခွဲနေကြတာ ကြာပြီနော်၊ တူးတူးလည်း အမ်အက်စ်စီအောင်ပြီး တက္ကသိုလ်မှာ ဆရာမ ဝင်လုပ်နေတယ်လေ၊ အခုမှ ထွက်ပြီး လက်ထပ်လိုက်တာ "
ရှယ်လီက စကားပြော သိပ်မသွက်လှပါ။ သု့ရင်ထဲမှာ တခုခုက ဆုပ်ကိုင်ထားသလို တင်းကျပ်နေသည်။
"တူးတူး ....သူ့နာမည်က ဒေါ်ခင်မေသိုက်တဲ့ ...."
ရင်ထဲမှာ တီးတိုး ရေရွတ်နေမိသညိ။ ကျောင်းနေတုန်းက တူးတူးနာမည် ခင်မေသိုက်လို့ သူ မသိ။ မအေးသိုက်လို့ပဲ သိခဲ့ရသည်။ ယခု တိုင်းမင်းကြီးကတော်နှင့် လိုက်အောင်ထင်သည်။ တူးတူးသည် ဆံပင်ကို မြှင့်၍ တပတ်လျှို ကြီးကြီးထုံးကာ စပယ်ပန်းကုံးကို ဆံထုံးခြေမှာ ရစ်ခွေ ဆင်ထားသည်။ အပျိုတုန်းကလို ပိန်ပိန်သွယ်သွယ်လေးမဟုတ်။ ပြည့်ဖြိုးသော တင်နှင့် ရင်က မို့မို့၊ ပဝါ မီးခိုးရောင်မှာ ရင်ပေါ်မှာ လွှမ်းနေသည်။ အဖြူနှင့် မီးခိုးနှစ်ရောင် ချိတ်ပိုးလုံချည်ကို ဝတ်ထားသည်။
နှင်းဆီငုံ နှုတ်ခမ်းထူထူနှင့် ပြုံးရယ်စွာပြောနေသော တူးတူးကိုကြည့်ရင်း သူ့ရင်တွေ လှုပ်ရှားရပါသည်။ မျက်ခုံးမွှေးထူထူမည်းမည်းအောက်မှာ ဝင်းပသောမျက်လုံးက ကြည်လင်အေးမြနေသည်။ ဒီမျက်ခုံးမွေးထူထူက တူးတူး၏အမှတ်တံဆိပ်။ ကျောင်းနေတုန်းက အသားမဖြူလှဟု သူ ထင်သော်လည်း ယခု တူးတူးသည် ဝင်းပသော အသားဝါနှင့် ရွှန်းပတင့်တယ်သော သူ့မျက်နှာသည် သိက္ခာရှိသော မိန်းမတစ်ယောက်၏ဣနြေ္ဒကို ဖော်ပြနေပုံရသည်။ မြင်မြင်ချင်း မမှတ်မိနိုင်လောက်အောင် တူးတူးပုံစံက ပြောင်းလဲနေသည်။
ရှယ်လီသည် မသိမသာ လင်းရှိရာကို လှမ်း၍ကြည့်သည်။ သူတောင် ဒါလောက်စိတ်လှုပ်ရှားနေလျှင် လင်း၏ရင်မှာ ဘယ်လိုရှိပါလိမ့်၊ လင်း၏မျက်လုံးတွေ တူးတူးရှိရာသို့ တချက်တချက် ရောက်လာသည်ကို သူ သတိပြုမိသည်။
လက်ဖက်ရည်ပွဲမှာ နှစ်နာရီလောက်ပဲ အချိန်ကြာပါသည်။ တိုတောင်းစွာတွေ့ခဲ့ရသော အချိန်နှစ်နာရီခန့်အတွင်း တူးတူးခေါ် တိုင်းမင်းကြီးကတော် ဒေါ်ခင်မေသိုက်သည် သူ့ရင်ကို လှိုင်တံပိုး ထစေခဲ့ပါသည်။ ဤလှိုင်းသည် လင်းရင်ကိုလည်း ပုတ်ခတ်မှာပါ။
လင်မယားနှစ်ယောက် လက်ဖက်ရည်ပွဲမှ ပြန်လာကတည်းက တိတ်ဆိတ်နေသည်။ စကားမပြောမိ။ ညဉ့်ဦးတချိန်လုံးကို မြန်မြန်ကုန်ဆုံးစေချင်သည်။ လင်း၏ခံစားမှုများကို သူ အနှောင့်အယှက်မပေးလို။ သူလည်း နှုတ်ဆိတ်နေသည်။ လင်းသည် လွတ်လပ်စွာ ခံစားပါစေ။
တိုင်မင်းကြီးကတော်လင်မယားကတော့ မကွေးကို ဆက်လက်ထွက်ခွာသွားကြပြီ။ သူတို့လင်မယားသာ အတိတ်ကတစ္ဆေ၏ခြောက်လှန့်မှုအောက်မှာ လှုပ်ရှား ချောက်ချားနေသည်။
ဆက်ရန်
--------------------------------------------
0 Comments