အဲ့ဒါ ငါ့အဖေ ( လယ်တွင်းသားစောချစ် )
-------------------------------------------------------
ကျွန်တော်ငယ်ငယ်က အဖေ့ကို ကျွန်တော် သိပ်ချစ်တယ်။ အဖေလည်း ကျွန်တော့်ကို သိပ်ချစ်ခဲ့ပါတယ်။ ကျွန်တော်တို့သားအဖဆက်ဆံရေးက ပျော်စရာ၊ ကြည်နူးစရာပါ။ အခု ကျွန်တော်ကြီးလာပြီးမှ ခပ်မှန်မှန် ခပ်တန်းတန်းဆက်ဆံရေး ဖြစ်သွားတာပါ။
အထူးသဖြင့် ကျွန်တော်ဆယ်တန်းအောင်ပြီး တက္ကသိုလ်ရောက်မှ ခုလို အဆင်မပြေဖြစ်သွားတာပါ။
ကျွန်တော်ငယ်ငယ်က အဖေ ကားမ၀ယ်နိုင်သေးဘူး။ သံချည်သံကွေး၊ သံပန်း ကိုယ်ပိုင်လုပ်ငန်းတော့ ရှိပြီ။ ကျွန်တော်ကျောင်းသွားရင် အဖေ့ပခုံးပေါ် ခွစီးသွားရတယ်။ အဖေက ကျွန်တော့်လွယ်အိတ်ကို လွယ်ပြီး ကျွန်တော့်ထမင်းဘူးလေးကို ဆွဲထားသေးတယ်။ အဲဒီရက်တွေကို ကျွန်တော် မမေ့နိုင်ဘူး။ သိပ်သဘောကျတယ်။ အမှန်အတိုင်းပြောရရင် အဲဒီအချိန်မှာ ကားနဲ့ကျောင်းသွားတဲ့လူတွေကို အားမကျမိဘူး။ အဖေ့ဂုတ်ပေါ် ခွစီးပြီး အားလုံးကို အမြင့်ကြီးကနေ ကြည့်ရမြင်ရတာ သဘောကျတယ်။ ကားလေးတွေကိုလည်း အဖေ့ပခုံးပေါ်ကနေ ကျွန်တော် ငုံ့ကြည့်ရတယ်။
အဖေက ဆယ်တန်းမအောင်ခဲ့ဘူး။ ၇ တန်းအထိပဲ ကျောင်းနေခဲ့ရတယ်။ ဒါတောင် တောရွာကအလယ်တန်းကျောင်းမှာ ၇ တန်းအောင်ပြီး ဆင်းရဲလို့ ကျောင်းဆက်မနေနိုင်တာနဲ့ ကြုံရာကျပန်း ရရာအလုပ်ကို လုပ်ရတယ်။ နောက်မှ ရန်ကုန်က ဦးလေးတစ်ယောက် အဆက်အသွယ်နဲ့ သံချည်သံကွေးသံပန်းလုပ်ငန်းတစ်ခုမှာ အလုပ်ရတယ်။ လုပ်ရင်းလုပ်ရင်းနဲ့ လုပ်ငန်းကျွမ်းကျင်ပြီး လခကောင်းကောင်း ရလာတယ်။ အရွယ်လေးရတော့ လုပ်ငန်းရှင်က အားကိုးရတဲ့ သံချည်သံကွေး၊ သံပန်း သံတံခါးဆရာ ဖြစ်လာတယ်။
ငွေကလေးစုမိတော့ အဖေက ကိုယ်ပိုင်လုပ်ငန်း ခွဲထောင်တယ်။ အမေနဲ့အိမ်ထောင်ကျတော့ အဖေက ကိုယ်ပိုင်လုပ်ငန်းနဲ့ ဖြစ်နေပြီ။ အဖေက ကျွန်တော့်ကို သူ မအောင်ခဲ့တဲ့ ဆယ်တန်းကို အောင်စေချင်တယ်။ သူ မတက်ခဲ့ရတဲ့ တက္ကသိုလ်ကို တက်စေချင်တယ်။
ကျွန်တော်ဆယ်တန်းကို ဂုဏ်ထူး ၃ ဘာသာနဲ့ အောင်တယ်။ အဖေ၀မ်းသာလွန်းလို့ အိမ်မှာ လူတွေကို ဖိတ်ပြီး ကျွေးမွေးဧည့်ခံတယ်။ ကျွန်တော့်ကိုလည်း ဆုတွေ ပေးတယ်။ ကျွန်တော်လည်း ပျော်တာပေ့ါ။ အဲဒီအထိ အဖေနဲ့ကျွန်တော် အဆင်ပြေပါတယ်။
တက္ကသိုလ်တက်ပြီးတော့ သူငယ်ချင်းတွေနဲ့ ပေါင်းရသင်းရ၊ သူငယ်ချင်းတွေရဲ့ မိဘတွေနဲ့ တွေ့ရဆုံရ ပြောဆိုရတော့ အဖေ့ရဲ့နေပုံထိုင်ပုံ၊ ပြောပုံဆိုပုံတွေကို အထင်သေးလာတယ်။ အဖေက အများအားဖြင့် သူ့အလုပ်သမားတွေနဲ့ ပြောရဆိုရတော့ စကားပြောတာ မာတယ်၊ ကြမ်းတယ်၊ သိမ်သိမ်မွေ့မွေ့ သိပ်မရှိဘူး။ ၀တ်တာဆင်တာလည်း အိမ်မှာရော အလုပ်ထဲမှာရော သံဂဟေ၊ သံချည်သံကွေး လုပ်နေရတော့ ခပ်ပေပေ ခပ်နွမ်းနွမ်း ခပ်ကြမ်းကြမ်းအ၀တ်တွေပဲ ၀တ်တယ်။ သားသမီးကို ဆုံးမတာလည်း ထင်ရင်ထင်သလို၊ မထင်ရင် မထင်သလို ပြောတတ် ဆိုတတ်တယ်။ စေတနာရှိတာသိပေမယ့် ဆုံးမပုံ စနစ်မကျဘူးလို့ ထင်တယ်။
ကွန်ပျူတာတက္ကသိုလ်မှာ အတန်းတူဖြစ်တဲ့ ဇော်မင်းထက်အိမ် လိုက်သွားတဲ့အခါ သူ့အဖေ ဦးအောင်ထက် နေပုံထိုင်ပုံ၊ ပြောပုံဆိုပုံကို သိပ်သဘောကျတယ်။ သူက ဥပဒေဘွဲ့ရ၊ ခရိုင်တရားသူကြီး။ ကျွန်တော့်ကိုလည်း သူ့သားရဲ့သူငယ်ချင်းအဖြစ်နဲ့ ချစ်ခင်ပါတယ်။ ကျွန်တော့်မိဘအလုပ်အကိုင် မေးလို့ သံချည်သံကွေး၊ သံပန်း၊ သံတံခါးလုပ်ငန်းလုပ်တာ ပြောတော့ " ကောင်းတာပေ့ါ၊ ကိုယ်ပိုင်အလုပ်ကမှ ကြီးပွားချမ်းသာတာ၊ လွတ်လွတ်လပ်လပ် လုပ်ပိုင်ခွင့်လည်း ရှိတယ်။ ဘယ်သူ့မှ ကြောက်မနေရဘူး။ ကြိုးစားသလောက် တိုးတက်နိုင်တယ် " လို့ ပြောတယ်။ ဒါပေမယ့် ငယ်တုန်းတော့ ပညာကို ကြိုးစားသင်ယူဖို့လိုကြောင်း၊ ဘွဲ့တစ်ခုခုရဖို့ လိုအပ်တဲ့အကြောင်း ပြောပါတယ်။ အင်္ဂလိပ်စကားလုံးတွေ သုံးတဲ့အသံထွက်ကလည်း သိပ်ကောင်းတာပဲ။ ငါ့အဖေလည်း ဒီလိုဖြစ်နေရင် ကောင်းမှာလို့ စိတ်ဆန္ဒဖြစ်မိတယ်။
အဲဒီနေ့က အိမ်ပြန်ရောက်တော့ မိသားစုအတူစားကြတဲ့ ညနေစာထမင်းဝိုင်းမှာ ဇော်မင်းထက်အဖေအကြောင်း ချီးကျူးပြောဆိုမိတယ်။ အဖေ ဘာမှ ပြန်မပြောဘူး။ နောက်တစ်နေ့ ကျောင်းကို အဖေ ကားနဲ့လိုက်ပို့တော့ လမ်းမှာ ယာဉ်ထိန်းရဲတွေစောင့်ပြီး စစ်ဆေးနေတာ တွေ့ရတယ်။
အဖေက “ဟ ဆပ်ပလိုင်းချက်တွေနဲ့ တွေ့နေပြီ” လို့ ပြောတယ်။
“အဖေကလည်းဗျာ..ဆပ်ပလိုင်းချက် မဟုတ်ပါဘူး… ဆပ်ပရိုက်ချက်ပါလို့” အင်္ဂလိပ်လို ပီပီသသပြောပြီး ပြင်ပေးလိုက်တယ်။
“မင်းကလည်း ငါသင်ပေးလို့ တက္ကသိုလ်ရောက်တာနဲ့ ကြီးကျယ်မနေစမ်းပါနဲ့၊ လူတိုင်း ဆပ်ပလိုင်းချက်လို့ ပြောနေကြတာပဲ.. ဆပ်ပလိုင်းချက်တော့ ဘာဖြစ်လဲ”
ကျွန်တော့်ကို မကျေမနပ် ပြန်ပြောတယ်။ ကျွန်တော်က ဘယ်ခံမလဲ။
“အဖေပြောတာ အသံထွက်မှားနေလို့ ပြင်ပေးတာပဲ.. သူများကြားရင် အဖေ့ကို ရယ်မှာစိုးလို့ စေတနာနဲ့ပြောတာ၊ ကိုယ်မသိရင် မပြောနဲ့ပေ့ါ” လို့ ပြန်ပြောလိုက်တာပေ့ါ။
နောက်တစ်နေ့ကစပြီး အဖေ ကျွန်တော့်ကို ကျောင်းလိုက်မပို့ဖြစ်တော့ဘူး၊ စကားလည်း သိပ်မပြောတော့ဘူး။ ကျွန်တော် ဘတ်စ်ကားနဲ့ပဲ ကျောင်းသွားပါတယ်။ အဲဒီကတည်းက အဖေနဲ့ကျွန်တော့်ရဲ့ဆက်ဆံရေးဟာ ခပ်မှန်မှန်၊ ခပ်တန်းတန်း ဖြစ်သွား ပါတယ်။ ပြောစရာရှိရင် အမေကတဆင့် ပြောကြဆိုကြပါတယ်။ ညီမလေးက ကိုးတန်း၊ ညီမလေးကိုတော့ အဖေ ကားနဲ့ ကျောင်းပို့ကျောင်းကြိုလုပ်ပေးပါတယ်။
နောက်တော့ အဖေ အင်္ဂလိပ်လို စကားလုံးအမှားတွေ ပြောနေတာ အများကြီး ကြားနေရတယ်။ ဆစ်ကနယ်မီးတို့၊ အော်ဒီဂျင်တယ်တို့လို ဟာမျိုးတွေပေ့ါ။ ရှက်စရာကောင်းတယ်။ ကျွန်တော် ဘာမှ မပြောတော့ပါဘူး။ ကိုယ့်စေတနာကို သူမှ လက်မခံတာပဲ။ ဒါပေမယ့် သူများရှေ့မှာ ကိုယ့်အဖေက မပီမသ မမှန်ကန်တဲ့ အသံထွက်တွေနဲ့ ပြောနေတော့ ရှက်စရာကောင်းလို့ စိတ်ပျက်တာပေ့ါ။ လူကြီးလူငယ်ရဲ့အားပြိုင်မှု၊ ခေတ်ပညာမတတ်တဲ့ အဖေနဲ့ ခေတ်ပညာတတ်တဲ့ သားသမီးရဲ့ အားပြိုင်မှုလို့ပဲ နားလည်ထားလိုက်ပါတယ်။ ကျွန်တော့်ကျောင်းစရိတ်၊ သွားစရိတ် လာစရိတ်၊ စားတာ၊ ၀တ်တာ၊ ကုန်ကျတာအားလုံးတော့ အဖေကပဲ ပေးနေရတာပါ။ တစ်အိမ်လုံးမှာ စီးပွားရေးဆိုလို အဖေတစ်ယောက်ပဲ ရှိတာကိုး။ ဆည်တဲ့ ကန်သင်းဖြစ်တဲ့ အမေကတော့ အားလုံးအတွက် စီမံခန့်ခွဲ သုံးစွဲရာမှာ ကျွန်တော့်အတွက်လည်း ပါတာပေ့ါ။ ကျွန်တော့်အတွက် ကုန်ကျတာက အများဆုံးတောင် ဖြစ်ချင်ဖြစ်မယ်။
တစ်နေ့တော့ ဇော်မင်းထက်နဲ့ ကျွန်တော် ဝါးနက်ချောင်းရွာဘုရားပွဲကို သွားကြတယ်။ ကျွန်တော်တို့နဲ့တစ်တန်းတည်း ကွန်ပျူတာတက်နေတဲ့ အောင်မိုးတို့ရွာပေ့ါ။ အောင်မိုး အတင်းခေါ်လို့ အလည်လိုက်သွားကြတာ။ အောင်မိုးအဖေက လယ်သမား၊ လယ်တွေများလို့ ကျွဲတွေ၊ နွားတွေလည်း ခြောက်ကောင်လောက်ရှိတယ်။ အိမ်က နှစ်ထပ်အိမ်ပါပဲ။ ဒါပေမယ့် လယ်သမားအိမ်ဆိုတော့ ရှုပ်လို့ ပွလို့။ သူတို့အိမ်နဲ့စာရင်တော့ ကျွန်တော်တို့အိမ်က သပ်သပ်ရပ်ရပ်နဲ့ အဆင့်ရှိတာပေ့ါ။ ဇော်မင်းထက်တို့အိမ်ကတော့ ဘာမှ မဆိုင်ဘူး။ အသပ်ရပ်ဆုံးနဲ့ အထက်တန်းအကျဆုံးပဲ။
ဘုရားပွဲထုံးစံအတိုင်း ဧည့်သည်တွေကလည်း များ၊ စားစရာတွေကလည်း စုံလို့။ ကျွန်တော်တို့ ကတော့ လူရှင်းရာ အောင်မိုးအခန်းမှာပဲ နေကြတယ်။ အောင်မိုးအခန်းမှာ စာကြည့်စားပွဲနဲ့၊ ခုတင်နဲ့၊ စာအုပ်စင်နဲ့ ကွန်ပျူတာနဲ့ သန့်သန့်ရှင်းရှင်းလည်း ရှိတယ်။ ကျွန်တော်တို့သုံးယောက် စကားပြောနေကြတုန်း အောင်မိုးအဖေ ၀င်လာတယ်။ ကုလားထိုင်တစ်လုံးမှာ ၀င်ထိုင်ပြီး ကျွန်တော်တို့စကားပြောတာကို နားထောင်နေတယ်။ ကျွန်တော်တို့ပြောတဲ့အထဲမှာ ကွန်ပျူတာ ဗိုင်းရပ်စ်၀င်တဲ့ အန္တရာယ်အကြောင်း ပရိုဂရမ်တွေ၊ ဆော့ဖ်ဝဲလ်တွေ ပျက်ကုန်တဲ့အကြောင်း ပြောတော့ အောင်မိုးအဖေက ၀င်မေးလိုက်တယ်။
“အဲဒီ ဗိုင်းရပ်စ်ဆိုတာ ပိုးလား” တဲ့။
အောင်မိုးက “ပိုးတစ်မျိုးပေ့ါ” လို့ ပြောတယ်။
“အဲဒီပိုးကောင်က ဘယ်လို ရောက်လာပြီး ကျွန်ပျူတာထဲကို ဘယ်အပေါက်က ၀င်တာလဲ။ အဲဒီ အပေါက်ကို လုံအောင်ပိတ်ထားလို့ မရဘူးလား။ ငါ့လယ်မှာ သုံးတဲ့ သြဘာပိုးသတ်ဆေးသုံးရင် မရဘူးလား” လို့ မေးတယ်။
့
ကျွန်တော်နဲ့ ဇော်မင်းထက် ပြုံးရုံမကဘူး၊ အသံထွက် ရယ်မိကြတယ်။ ရယ်မိပြီးမှ သတိရလို့ အောင်မိုးကို ကြည့်လိုက်ကြတယ်။
ကျွန်တော်ဆိုရင် “သွားစမ်းပါ၊ အဖေကလည်း မသိရင် မသိသလို နေစမ်းပါ၊ ၀င်မပြောစမ်းပါနဲ့” လို့ ရှက်စိတ်လွန်ပြီး ပြောမိမှာပါ၊ တကယ်လည်း ရှက်စရာကိုး။
ဒါပေမယ့် အံ့သြစရာ။ အောင်မိုးက မျက်နှာမပျက်ဘူး။ ရှက်လည်း မရှက်ဘူး။ သူပါ ကျွန်တော်တို့နဲ့ အတူရယ်ပြီး “အဲဒါ ငါ့အဖေပဲကွ၊ လေးတန်းထိပဲ ကျောင်းနေဖူးတယ်။ ရွှံ့ထဲဗွက်ထဲ ဆင်းဆင်းရဲရဲ ရုန်းကန် လယ်လုပ်ပြီး ငါ့ကို ကွန်ပျူတာ တက္ကသိုလ်ရောက်အောင် ကျောင်းထားပေးတယ်။ အဲဒီကွန်ပျူတာကလည်း အဖေ ၀ယ်ပေးထားတာပေ့ါ။ ပြော အဖေ.. ဘာမှ မဖြစ်ဘူး။ အဖေထင်တာ ပြောလို့ရတယ် .. ပြော..” တဲ့။
အားတောင် ပေးလိုက်သေးတယ်။ သူ့အဖေကလည်း သူ့သားအားပေးတာ သဘောကျပြီး ပြုံးလို့ရယ်လို့၊ မေးချင်တာတွေကို မေးချင်သလို ဆက်မေးနေတာပေ့ါ။ အောင်မိုးက သူ့အဖေနားလည်အောင် ရှင်းပြတယ်။ ပျော်စရာကြီး။
အဲဒီအချိန်မှာပဲ ကျွန်တော့်ခေါင်းထဲမှာ အသိတစ်ခု ဖြစ်သွားတယ်။ အောင်မိုးပြောပုံနဲ့ တွေးပုံမြင်ပုံက ရိုးရိုးလေးပါပဲ။ ကောင်းလိုက်တာလို့ နားလည်သွားတယ်။ အောင်မိုးရဲ့စိတ်နေသဘောကိုလည်း လေးစားမိတယ်။ တကယ်လို့သာ ကျွန်တော်တွေးမိသလို " သွားစမ်းပါဗျာ.. အဖေကလည်း မသိရင် မသိသလို နေစမ်းပါ.. ။ ၀င်မပြောစမ်းပါနဲ့ " လို့ ငေါက်လိုက် မာန်လိုက်ရင် အဖေ ဘယ်လောက်ရှက်ရှာမလဲ။ အခန်းထဲက ထွက်သွားရရင် ဘယ်လောက် စိတ်မကောင်းဖြစ်လိုက်မလဲ။ သူသင်ပေးလို့ တတ်တဲ့ ပညာနဲ့ သူ အငေါက်ခံနေရတာလေ။
ကျွန်တော့်အမှားကို ချက်ချင်း နားလည်လိုက်ပါပြီ။ ကျွန်တော့်အဖေပြောတဲ့ အမှားတွေဟာ တကယ်တော့ အောင်မိုးအဖေပြောတာလောက် မဆိုးပါဘူး။ အဖေသင်ပေးလို့ တတ်တဲ့ပညာနဲ့ အဖေ့ကို အထင်သေးစော်ကားနေခဲ့မိတာ ကျွန်တော် စိတ်မကောင်းဖြစ်ရတယ်။
“တောင်းပန်ပါတယ် အဖေ”
စိတ်ထဲမှာတင် ပြောနေမိတာ။ ဒီကနေ အိမ်ပြန်ရောက်သွားရင် ကျွန်တော့်ဆက်ဆံရေးတွေ ပြောင်းတော့မယ်။ အဖေ့ကို အထင်သေးအမြင်သေး မပြောတော့ပါဘူး။ အဖေ့မေတ္တာကို ရအောင် ပြန်ယူမယ်။ အဖေ အင်္ဂလိပ်အသံထွက်တွေ မှားပြောရင်လည်း
“ပြော..အဖေ..ဘာမှမဖြစ်ဘူး.. လွတ်လွတ်လပ်လပ်သာ ပြော”
အောင်မိုးတို့သားအဖကို လှမ်းကြည့်ရင်း ကျွန်တော့်စိတ်ထဲမှာ အဖေ့ကို တတွတ်တွတ်နဲ့ ပြောနေမိတယ်။
လယ်တွင်းသားစောချစ်
0 Comments