ပန်းများကို ပွင့်စေသူ -ခင်နှင်းယု အပိုင်း (၃)

ပန်းများကို ပွင့်စေသူ (ခင်နှင်းယု)
________________________

အပိုင်း (၃)

ဧပြီလ၏ နောက်ဆုံးပတ် စနေသည် ကျွန်မစိတ်အား လှုပ်ရှားစရာများ တစ်ပြိုင်နက်တွေ့သောနေ့ပင် ဖြစ်ပေသည်။ 

သင်္ကြန်လွန်ပြီးလျှင် မိုးသက်ရနံ့များ အနောက်တောင်လေတွင် ပါဝင်စ ပြုလာလေသည်။ နံနက်တွင် မိုးတိမ်များ ကောင်းကင်တွင် မှိုင်းနေသော်လည်း ရာသီဥတုမှာ ခြောက်ခြောက်သွေ့သွေ့ပင် ရှိနေသေးသည်။ သင်္ကြန်တုန်းက ပွင့်ခဲ့သော ပိတောက်အကြွင်းအကျန်တို့၏ ရနံ့သည်လည်း လေထဲတွင် ကျန်ရစ်နေသေး၍ မိုးပင်မရွာသော်လည်း နံနက်ခင်းသည် အေးမြကြည်လင်ပေသည်။ 

ရှည်လျားသော နွေရတုသည်လည်း ကုန်လွန်ခဲဘိခြင်း။ ကဏ္ဌပိုင်းခြားခြင်းမရှိသော မိုးသာ ဧပြီလလယ်တွင် မရွာသွန်းခဲ့ပါလျှင် ပူပြင်းခြောက်သွေ့သော နှောင်းနွေသည် ပျင်းရိငြီးငွေ့ဖွယ်ရာအတိ ဖြစ်ပေလိမ့်မည်။ 

နွေနှောင်းရက်များသည် သင်္ခါရတို့ ကြီးစိုးခြင်းကို ပြသည်ဖြစ်၍ ရွက်ဝါဟောင်းတို့ လွင့်ပါးပျောက်ပျက်ကြလေကုန်ပြီ။ နောက်တစ်လဆိုလျှင် ရွက်နုတို့သည် မိုးကို ကြိုကြပေတော့မည်။ ရွက်အိုဟောင်းတို့၏ ပုံပြင်တေးသည်လည်း လောကဓာတ်တခွင်တွင် တိမ်ကော ပပျောက်ကြရတော့မည်ပါတကား။ 

သွေ့ခြောက်သောနွေရက်များကို စာဖတ်ခြင်းဖြင့် ကုန်လွန်ခဲ့ရ၏။ တစ်နွေလုံး စုဆောင်းရှာဖွေထားသမျှကို မိုးဦးတွင် တပည့်တို့အား သင်ကြားပြသရပေဦးမည်။ ကျွန်မသံသရာသည် ယခုလို လည်ပတ်လာခဲ့သည်မှာ ကြာမြင့်ခဲ့ပြီး ဘာမျှ ထူးထွေဆန်းကျယ်ခြင်း မရှိပေ။ 

ကျွန်မ၏ချစ်သောသူတို့မှာ ကလေးများနှင့် စာအုပ်များဖြစ်၏။ စာအုပ်များကို သူတို့အတွက်လည်း ရွေးချယ်ပေးရ၏။ ကိုယ့်အတွက်လည်း ရွေးချယ်ရလေ၏။ 

ထိုနေ့နံနက် တစ်မနက်လုံး အပြင်ထွက်ရန် ပြင်ဆင်နေသော်လည်း ၁၀နာရီထိုးကာနီးမှပင် စာအုပ်ဆိုင်သို့ ထွက်ဖြစ်ပေတော့သည်။ 

ကျွန်မ၏တပည့်များသည် ကလေးဟု ဆိုရသော်လည်း တက္ကသိုလ်ဝင်သင်တန်းသူတို့မှာ အပျိုကြီးဖားဖားဖြစ်ကြလေ၏။ သူတို့အား မြန်မာမှုတွင် စိတ်ဝင်စားစေချင်သည်။ သူတို့အတွက် ပုံကျသော မြန်မာစာပေစာအုပ်များကို ရွေးချယ်ပေးရသည်။ 

ယခုနှစ်တွင် ၁၀တန်း မြန်မာစာသည် ဝေဿန္တရာဖြစ်၍ မြန်မာစာအတွက် အတော်အထောက်အကူရပေသည်။ မြန်မာစာပေသမိုင်းဆိုင်ရာ စာအုပ်နှစ်အုပ် သုံးအုပ် ကလေးတို့အတွက် ဝယ်ယူလိုက်၏။ ကျွန်မအတွက်မူ ဘာစာအုပ်ကိုမျှ မည်မည်ရရ ရွေးချယ်၍ မရသေးပေ။ ရှေးနှစ်ဟောင်း ရာဇဝင်ကြောင်းများကို ရေးသားထားသော ဝတ္ထုစာအုပ်နှစ်အုပ် သုံးအုပ်ကို ရွေးဝယ်ကာ ပြန်ထွက်လာခဲ့၏။ မျက်မှောက်ပစ္စုပ္ပန်ကို ငြီးငွေ့လာသောအခါ နှောင်းခဲ့သောခေတ်တို့တွင် ဘာဖြစ်ခဲ့သည်ကို ပြန်၍ကြည့်ချင်လာလေသည်။ 

စာအုပ်ဆိုင်မှအပြန် ဗိုလ်ချုပ်စျေးကို လှည့်ဝင်လိုက်၏။ ကျောင်းဖွင့်ရက်တွင် မိန်းကလေးများကို သိုးမွှေးထည်ထိုးနည်း၊ အင်္ကျီချုပ်နည်းများ သင်ကြားပြသရန်အတွက် အပ်ချုပ်ဘက်ဆိုင်ရာ ဆရာမကို ပစ္စည်းများ ဝယ်ပေးရန်ဖြစ်ပေသည်။ ကျွန်မသည် သိုးမွှေးချည်ခင်နှင့် ပစ္စည်းများကို ပိုက်ကာ တက္ကသိုလ်သမဝါယမ ဆိုင်ဝမှ ကားလမ်းပေါ်ရှိ အုတ်လှေကားမှ အဆင်းလိုက်တွင် တအံ့တဩနှင့် ရပ်နေမိပေသည်။ ကျွန်မရှေ့တည့်တည့်တွင် ကားအနက်တစ်စီးကို ထိုးရပ်လိုက်၍  ကားတံခါးကို ဖွင့်ကာ မိန်းမတစ်ယောက်သည် ဆင်းလာလေသည်။ 

သူသည်လည်း တအံ့တဩနှင့်ရပ်နေသော ကျွန်မကို မြင်လျှင်မြင်ချင်း အပြေးလေးလျှောက်လာကာ ကျွန်မကို လှမ်း၍ ဖက်လိုက်သည်။ 

" မျမေမ"

ကျွန်မအသံများသည် တုန်ယင်၍နေ၏။ သူ့ကို မမျှော်လင့်ဘဲတွေ့ရ၍ ဝမ်းသာနေ၏။။

" မခင်သိုက် ...ကိုယ်လေ ...ကိုယ် .. "

သူသည် အဓိပ္ပါယ်မရှိသော စကားပိုင်းများကို ပြောကာ ကျွန်မကိုယ်ကို ဖက်၍ လှုပ်လိုက်သည်။ ဤဟန်ပန်မှာ ငယ်ကတည်းက ချစ်ဖွယ်ကောင်းသောဟန်ပင် ဖြစ်သည်။ သူ့မျက်နှာကလေးသည် ပြုံးရယ်၍နေသော်လည်း အနည်းငယ်သွေ့ခြောက်နေပုံရသည်။ ဖြူ၍နွဲ့သော သူ့ကိုယ်လုံးတွင် နက်ပြာရင့်အောက်ခံပေါ်၌ နှင်းဆီပွင့်အနီကျဲကျဲများ ဖော်ထားသော ပိုးလုံချည်အဖျော့ကို ဝတ်၍ထားပေသည်။ ကျောင်းကတည်းက သူသည် အရောင်ရင့်ရင့်များကို ရွေးချယ်ဝတ်တတ်သည့်အပြင် များသောအားဖြင့် လုံချည်ဆင်တွင် နှင်းဆီခက်လေးများ ပါတတ်လေ၏။ သူသည် ပြောချင်စရာတွေ အများကြီး ရင်ထဲတွင် တစ်ဆို့နေ၍ ဘာမျှ ပြောမရသလို ငေးကြောင်ကြောင်ဖြစ်နေပြန်၏။ 

ကျွန်မထင်သလိုပင် မှန်ပေသည်။ 

" မခင်သိုက် ကိုယ် ဝမ်းသာလိုက်တာဟယ်၊ ဘာပြောရမှန်းတောင်မသိဘူး၊ မင်း ...အိမ်ထောင်မကျသေးဘူးနော် "

"အေး ...မကျသေးဘူး "

" ကိုယ် ကောလိပ်ဆက်သွားမိရင် မင်းနဲ့ကွဲမှာ မဟုတ်ဘူး။ အေးကွယ် ....မင်းဘဝက အေးချမ်းလိုက်တာနော် "

သူသည် ကျွန်မမျက်နှာကို ရွှန်းရွှန်းစားစားကြည့်ကာ ဝမ်းသာဝမ်းနည်းဟန်များ သူ့မျက်နှာပြင်တွင် လှုပ်ရှားရင်း ပြောနေလေသည်။ သူ့စိတ်ထဲတွင်လည်း ဤဗိုလ်ချုပ်စျေးကြီးတစ်ခုလုံး သူနှင့်ကျွန်မ နှစ်ယောက်တည်းရှိတော့သလို အားရပါးရ ပြောနေပေသည်။ 

" မင်းကိုတွေ့တော့ ကိုယ့်ဘဝက ဝမ်းနည်းစရာကြီး မခင်သိုက်ရယ်၊ ကိုယ့်မှာ ကလေးရှစ်ယောက်တောင်ရှိတယ်။ သူနဲ့ ကိုယ့်အကြောင်းရော မင်း ကြားပြီးပြီလား။ ကိုယ်တော့ စိတ်ပျက်ပျက်နဲ့ ဘယ်သူငယ်ချင်းမှ အကြောင်းမကြား မဆက်သွယ်မိတော့ဘူး "

သူ့ရုပ်ရည်မှာ ကလေးရှစ်ယောက်အမေဟူ၍ပင် မယုံကြည်နိုင်လောက်အောင် နုပျို၍ နေပေသေးသည်။ 

" တစ်နေ့တုန်းက မင်းရဲ့ကိုထင်ပေါ် ကိုယ်တို့အိမ်လာလည်တော့မှ မင်းတို့အကြောင်း သိရတယ်။ စိတ် သိပ်မကောင်းတာပဲကွယ် "

ကျွန်မသည် သူ့အတွက် ဝမ်းနည်းကြောင်းစကားသာ လွှတ်ခနဲ ထွက်လိုက်မိသည်။ 

"အမှန်တော့ မဆန်းပါဘူးလေ။ မဆန်းပါဘူး မခင်သိုက်ရယ်။  လောကကြီးမှာ ယောက်ျားတစ်ယောက်ဟာ မိန်းမတစ်ယောက်ကို ရာသက်ပန် ရိုးမြေကျ စွဲစွဲလမ်းလမ်း ပေါင်းလိမ့်မယ်လို့ ယူဆတဲ့မိန်းမလောက် ရူးတာမရှိဘူး။ အိုလေ .... ကိုယ် မင်းနဲ့ စကားအများကြီး ပြောချင်တယ်။ ခုက စျေးထဲမှာ ..."

သူသည် စျေးထဲအဖြစ်ကို သတိရသလို သူ့စကားကို ရပ်နားလိုက်၏။ 

" အင်း ...ဒီလိုဆို မင်း အားလား ...အိမ်ကို လိုက်ခဲ့လေ "

" ခုတော့ မအားဘူးကွယ်။ ကိုယ့်သားကြီးနှစ်ယောက် အိုင်အေအောက်တန်းမှာ မနေ့က စာမေးပွဲအောင်စာရင်းထွက်လို့ သားတို့ကို ဆုချဖို့ ဆွယ်တာတွေ လာဝယ်တယ်။ ပြီးတော့ ဆေးတွေလည်း ဝယ်ရမယ် ။ ကိုယ် ဝယ်ပြီး လိုက်ခဲ့မယ်လေ။ မင်းအိမ် ဘယ်မှာလဲ။ ကိုယ် ၃နာရီလောက်မှ ပဲခူးကို ပြန်မယ်။ အဖော်တွေနဲ့ ဒေါက်တာကျော့်အိမ်မှာ ဆုံရမှာကိုး။ လာခဲ့မယ်လေ "

" ည မအိပ်နိုင်ဘူးလား "

" ဖေဖေတို့ကို ဘာမှ မပြောခဲ့သေးဘူးကွယ်၊ တစ်ခုလပ်ဆိုတော့ အနေအထိုင် ဆင်ခြင်ရဦးမယ်ကွယ့် "

သူ့အား ကုက္ကိုင်းလမ်းရှိ ကျွန်မအိမ်နံပါတ်ကို ပြောပြခဲ့ရ၏။ သူသည် ကျွန်မကိုယ်ကို လှုပ်ယမ်းနှုတ်ဆက်ရင်း မျက်နှာမှာ ညှိုးကျသွားကာ ငိုင်နေရစ်သည်။

" အိမ်ကို ထမင်းစားမီအောင် လာခဲ့ကွယ်၊ ဟိုတုန်းကလိုပေါ့၊ စာမေးပွဲဖြေပြီး နောက်ဆုံးနေ့တိုင်း ကိုယ်တို့အိမ်မှာ မင်းတို့စားတတ်တဲ့ ထမင်းလက်သုပ်အညာသုပ် လုပ်ထားလိုက်မယ် "

သူသည် ခေါင်းကို ဖြည်းညင်းစွာ ညိတ်လိုက်၏။ ကားပေါ်သို့ ပြန်တက်ကာ ကားမှာ ထွက်လာခဲ့သော်လည်း ကျွန်မစိတ်များသည် ကျောင်းနေတုန်းက အချိန်များကို ပြန်လည်သတိရ၍ နေပေသည်။ အေဘီအမ်မိန်းကလေးကျောင်းတွင် ဆယ်တန်းအောင်ပြီးနောက် မမြမေသည် ကျောင်းဆက်မနေတော့ဘဲ ပဲခူးသို့ ပြန်တော့၏။ ကျွန်မသာ ဆက်လက်ပညာသင်ရန် တက္ကသိုလ်သို့ ဆက်၍လာခဲ့လေသည်။ 

ကျောင်းတက်မည့်နေ့ နံနက်တိုင်း ခြံထဲမှ နှင်းဆီပန်းသုံးပွင့်ကို ကျွန်မသည် အမြဲခူး၏။ တစ်ပွင့်မှာ မမြမေအတွက်ဖြစ်ကာ တစ်ပွင့်မှာ မလှရင်အတွက်ဖြစ်ပေသည်။ ဘာအရသာမှန်းတော့ တွေးခေါ်၍မတတ်ပေ။ သူတို့ကို နှင်းဆီပန်းလေးများ ဝေပေးလိုက်ပြီး သုံးယောက်လုံးခေါင်းတွင် နှင်းဆီပွင့်လေးများပန်၍ ကျောင်းတက်ရသည်ကို ကြည်နူးမိပေသည်။ မိန်းမပျိုလေးများ၏ဖြစ်ပေါ်တတ်သော စိတ်ကူးယဉ်မှုပင်လား မသိ။ 

မလှရင်ကမူ ဆယ်တန်းအောင်ပြီး ဆရာမ ခေတ္တလုပ်ကာ ယခုတွင်မူ လူထုပညာရေးဘက်တွင် အလုပ်လုပ်နေပေသည်။ 

" သူငယ်ချင်းရေ ...အလုပ်ချင်း တူပေမယ့် အများအကျိုးအတွက်  သက်ရောက်တဲ့အလုပ်ကို လုပ်ရတာ ပိုပြီးနှစ်သိမ့်တယ် "ဟု တစ်ခါက သူရေးလိုက်သော စာလေးထဲတွင် ဖတ်ရပေသည်။ သူသည် များသောအားဖြင့် လူသူအရောက်အပေါက်နည်းသော တောတောင်တွေထဲတွင် တာဝန်ကျတတ်ပေသည်။ 

မမြမေသည် သူ့လုံချည်ပေါ်ရှိ နှင်းဆီခက်များနှင့် ကျွန်မပေးသော နှင်းဆီပွင့်များ အရောင်ချင်းတူသောအခါ ဝမ်းသာအားရ ကျွန်မကိုဖက်၍ လှုပ်တတ်ပေသည်။ 

စာမေးပွဲများ စစ်ပြီးသော နောက်ဆုံးရက်တိုင်း မေမေသည် ကျွန်မသူငယ်ချင်းများကို ထမင်းသုပ်ကျွေးပေသည်။ မေမေ့ထမင်းသုပ်မှာ ရိုးရိုးအသုပ်ထက် နုပ်နုပ်စဉ်းထားသော ကြက်သားဆီပြန်ဟင်းတစ်ခွက် ပိုပေသည်။ ယခုတော့ မေမေလည်း မရှိတော့ပေ။ နှင်းဆီသုံးပွင့်၏ကံကြမ္မာသည်လည်း လောကဓံသမိုင်းတွင် ဘယ်သို့ ထင်ရစ်မည်မသိ။ 

* * * * * 

ကား အိမ်ရှေ့ရောက်၍ ဒရိုင်ဘာလုပ်သူက တံခါးဖွင့်ပေးမှ စိတ်ကူးသည်လည်း ပြတ်သွားတော့သည်။ ကျွန်မသည် ပစ္စည်းများသယ်ကာ အိမ်ထဲသို့ ယူလာ၏။ 

" သမီး ပြန်လာပြီလား၊ ထမင်းစားစို့ "

ကြီးကြီးသည် ထမင်းစားရန် စောင့်နေပေသည်။ 

"စားနှင့်ပါလားကြီးကြီး၊ မမြမေနဲ့ စျေးမှာ တွေ့ခဲ့တယ်၊ သူ ထမင်းလာစားလိမ့်မယ်၊ အိမ်မှာ ကြက်သားပြုတ်ထားတာ ရှိတယ်မဟုတ်လား၊ မချိန်ကို ထမင်းသုပ်ထဲ ထည့်ဖို့ နုပ်နုပ်စဉ်းပြီး ချက်ခိုင်းရအောင်"

" ရှိတယ်၊ အေး အေး၊ မမြမေနဲ့ တွေ့ခဲ့တယ်လား၊ အေး ...သနားစရာမိန်းကလေးပဲ၊ သူနဲ့တွေ့ရမှာ စိတ်မကောင်းလိုက်တာကွယ်၊ ဝမ်းလည်း သာပါရဲ့ .... အေး ..အေး"

ကြီးကြီးသည် အေး စကားလုံးပေါင်း တပြုံကြီးနှင် သူ့အကျင့်အတိုင်း ပြောနေပြန်သည်။  

မမြမေရောက်လာသောအခါတွင် ထမင်းပွဲမှာလည်း အဆင်သင့်ဖြစ်၍နေပေသည်။ သူသည် အတော်ပင် စိတ်လက်ပေါ့ပါးနေဟန်ရှိပေသည်။ ပြင်ပြီးသားထမင်းပန်းကန်ကို သူ့ရှေ့တွင် ချလိုက်လျှင် ငယ်ငယ်ကအကျင့်အတိုင်း ငရုတ်သီးမှုန့်များ ထပ်ထည့်ကာ ထမင်းသုပ်ကို ပယ်ပယ်နယ်နယ် နယ်၍နေပေသည်။ 

" ကွယ် ဒီနေ့ ဒီရောက်ရတာ ကိုယ့်စိတ်ထဲမှာ ၁၅နှစ်လောက် ပြန်ငယ်သွားသလိုပဲ၊ တို့များ အသက်တွေ ကြီးလှပြီနော်၊ ငယ်တုန်းက အချိန်တွေကို မလွမ်းဘူးလား၊ မခင်သိုက်က သိပ်ကြည်လင်ပြီး အေးချမ်းတယ်၊ ပွင့်စပန်းလိုပဲ သန့်ရှင်းလိုက်တာ"

"ဟာ ...မင်းတို့နှစ်ယောက် ကွဲသာနေတယ်၊ စကားလုံးကတော့ တစ်သံတည်း ထွက်ပါလား"

"ဘာလဲဟင်၊ ဘာဖြစ်လို့လဲ"

သူသည် မျက်လုံးပြူးကာ မေးလိုက်၏။ သူ့မျက်လုံးလေးများသည် ပြူးလိုက်ခါမှ ချစ်စဖွယ် ဝိုင်း၍ လက်သွားကြသည်။ 

"ကိုထင်ပေါ် ဒီအိမ်ကို ပထမဆုံး လာတဲ့နေ့ကလဲ ငယ်ငယ်တုန်းက ဘဝဟာ ပွင့်စပန်းလို တယ်ပြီး သန့်ရှင်းတယ်၊ မြတ်နိုးစရာကောင်းတယ်လို့ ပြောတယ် "

"ဒါပေမဲ့ စကားလုံးချင်းသာ တူကြတော့မယ်၊ လူချင်းကတော့ ဝေးကြပါပြီကွယ် "

သူ့အသံလေးသည် တိမ်ဝင်သွားသည်။ 

"ကဲ ဒီအကြောင်းတွေ ထမင်းစားပြီးမှ ပြောကြစမ်း"

ကြီးကြီးက ဝင်၍ ဟန့်လိုက်တော့မှ ကျွန်မတို့နှစ်ယောက်သည် စကားစပြတ်သွားတော့သည်။ 

ထမင်းပွဲအပြီးတွင်မူ  ကျွန်မအိပ်ခန်းရှိရာသို့ နှစ်ယောက် တက်လာကြ၏။ ကျွန်မခုတင်ပေါ်တွင် သူသည် ပစ်လှဲရင်း သူ့နောက်ကြောင်းကို စ တော့သည်။ ကျွန်မသည် သူ့ဘေးတွင် တစောင်းအိပ်ကာ နားထောင်နေသည်။ တစ်ယောက်အိပ်ခုတင်ပေါ်တွင် နှစ်ယောက်သား ကျပ်ကျပ်တည်းတည်း အိပ်၍ စကားပြောရသည်မှာ နှစ်သိမ့်စရာလိုလို ပျော်စရာလိုလို ဖြစ်လိုက်ပေသေးသည်။ 

" အဖြစ်က ဘာလို့ကွဲလဲလို့ မေးရင် ကိုယ် ဘယ်က စ ဖြေရမှန်းတောင် မသိပါဘူး မခင်သိုက်ရယ်၊ မကျေနပ်စရာတွေ သူ့အပေါ် အများကြီးရှိပေမယ့် ကိုယ် ဘာတစ်လုံးမှ မပြောဘူး။ သူ့ကို မြဲမြဲစွဲစွဲ ပေါင်းချင်ပါတယ်၊ ကိုယ်တို့မှာ မိန်းမသားမဟုတ်လား။ ပြီးတော့ ကိုယ့်ဖာသာရွေးချယ်ခဲ့တဲ့လူလည်း ဖြစ်တယ်၊ ကိစ္စတစ်ခု ပြောပြရဦးမယ်၊ ပထမဆုံး ချောက်မှာတုန်းက မိန်းမတစ်ယောက်နဲ့ သူ့အဖြစ်ကလည်း ခပ်ဆန်းဆန်းပါ၊ အဲဒီမိန်းမက သူ့ဆီကို အထုပ်အထည်နဲ့ ရောက်လာတာ၊ သူက သူနဲ့ ဘာမှမဖြစ်ရပါဘူး ငြင်းပြီး ဟိုမိန်းမ ပြန်သွားရတာပဲ၊ ကိုယ်သိတာကတော့ ဒါပဲ၊ ညတိုင်းလိုလို သူ အလည်ကျူးတဲ့ကိစ္စတွေကတော့ ထည့်ပြောဖို့တောင် ရိုးနေပါပြီ။ အလကားပါကွယ်၊ မင်းကတော်ဖြစ်ရတာဟာ "

သူသည် စိတ်ပျက်စွာ သက်ပြင်းချလိုက်ကာ ဆက်၍ ပြောပြန်သည်။ 

" အဲဒီတစ်ခါ ပထမဆုံး ကိုယ် အကျိုးအကြောင်း ဖွင့်မေးတယ်၊ သူက ရိုးရိုးခင်တာတဲ့၊ ဒီမိန်းမကသာ လိုက်လာတဲ့အကြောင်း ပြောတယ်၊ မင်း စဉ်းစားကြည့်စမ်း၊ မိန်းမတစ်ယောက်ဟာ သူ့ ဂုဏ်သရေနဲ့နေတာ ဘာမှမဖြစ်ဘဲ ဒီယောက်ျားဆီ ချစ်လှချည်ရဲ့ ဆိုပြီး လိုက်လာတယ်လို့ ကဲ ဖြစ်နိုင်မလား၊ ကိုယ်ယူဆတာကတော့ 'မှားတယ်'ဆိုတဲ့အဖြစ်တစ်ခု ဖြစ်လာတိုင်း ယောက်ျားနဲ့မိန်းမ ပြိုင်တူ မှားတာချည့်ပဲဟေ့၊ နောက်မှ အလကား သတ္တိကြောင်ပြီး ကိုယ့်အပြစ် ကိုယ်ဖုံးတာ  "

သူ့ပြဿနာမှာ တစ်ထောင့်တစ်ညပုံပြင်များထဲမှ ပြဿနာများထက် ဖြေရှင်းရ ခက်နေပေသေးသည်။ ကျောင်းနေစဉ်က စကားတစ်လုံးတစ်လုံး မနည်းထွက်ကာ အေးစက်စက်နေတတ်သော မမြမေရုပ်ကို ပြန်၍ သတိရမိ၏။ ယခုအချိန် လင်မီးစာ မွေးမိသောအခါတွင်မူ တရားဟောဆရာမကြီးလို  အဆက်မပြတ် ပြောနေပေတော့သည်။

"အဲဒီကိစ္စဟာ ကိုယ်တော့ ယောက်ျားတစ်ယောက်အနေနဲ့ မပြုသင့်ဘူးထင်တယ်၊ ကိုယ့်အနေနဲ့ကတော့ ကိုယ့်လင်တစ်ယောက်လုံး ဘယ် တခြားသူနဲ့ ဖြစ်စေချင်မလဲ၊ ဒါပေမဲ့ ခုကိစ္စမှာ ကိုယ် နောက်စုံစမ်းတော့ သူ ဒီမိန်းမနဲ့ ဝင်ထွက်ဆက်သွယ်ပြီးမှ ဒီမိန်းမလိုက်အလာမှာ ဘူးခံတာပဲ၊ ကဲ ...ဒါဟာ ယုတ်တာ မဟုတ်ဘူလား ကွယ် ...ဟင်"

ကျွန်မသူငယ်ချင်းထံမှ သိရသော ချောက်မှ ကိုသက်ဖေမိန်းမကိစ္စကို သူ နောက်ကြောင်းပြန်နေခြင်း ဖြစ်ပေသည်။ 

ကျွန်မသည် ဘာမျှ မသိသေးသလို ငြိမ်၍ နားထောင်နေ၏။ 

" ကိုယ်လေ သည်းခံခဲ့ပါတယ်၊ စကားမရှည်ချင်လို့ ဘာမှ ဆက်မပြောဘူး၊ အဲဒါဟာ ပထမဆုံး သူ ရှုပ်ခဲ့သမျှထဲမှာ ဝင်မေးမိတာပဲ၊ ဒုတိယကတော့ သူ ရန်ကုန်ပြောင်းရပြီ၊ တွဲဘက်အတွင်းဝန်ပေါ့ကွယ်၊ သူ လုပ်ခဲ့တဲ့ဌာနတော့ ဖွင့်မပြောပါရစေနဲ့တော့၊ သူက မနက် ဂေါ့ဖ်ရိုက်တယ်၊ ညမှာ မာကျောက်ဆွဲတယ်၊ စနေနေ့ဆို ရုံက အရေးတကြီး ဖုန်းဆက်၊ သူက ဂေါ့ဖ်ကွင်းက မတက်လာသေးဘူး၊ ကိုယ့်အနေနဲ့ ဘယ် ဖွင့်တော့ပြောမလဲ၊ ဒါပေမဲ့ ကိုယ့်စိတ်ထဲမှာ ကြာတော့ မချိဘူး"

"ဟင် ... သူ သိပ်ပြီး အလုပ်တော်တယ်ဆို"

ကျွန်မက ဖောက်၍ မေးလိုက်၏။

"အလုပ်တော်တာထက် အပေါင်းအသင်းတော်တယ်ဆိုရင် ပိုမှန်မယ်၊ တကယ်ဆို ရိုးရိုးသားသား ပြည်သူ့ဝန်ထမ်းတစ်ယောက်အနေနဲ့ မလုပ်ထိုက်ဘူးပေါ့၊ တစ်နေ့တော့ သူ့တို့အမျိုး ဒေါက်တာကြီးတစ်ယောက် အိမ်မှာ ထမင်းလာစားရင်း  သူကိုင်တဲ့စီမံကိန်းတစ်ခုအကြောင်း စကားစပ်ပြောကြတယ်၊ အဘိုးကြီးက အဲဒီစီမံကိန်းဟာ သောက်သောက်လဲ အရှုံးပေါ်နေတယ်ပေါ့၊ အစကသာ သေသေချာချာလုပ်ရင် မရှုံးနိုင်တာတွေ အဘိုးကြီးက တော်တော် စိတ်ဝင်ဝင်စားစား ပြောတယ်၊ ဆွေးနွေးတယ်၊ သူက ဘာပြန်ပြောတယ် အောက်မေ့လဲ"

" အို ...လေးရက်နဲ့ပြီးအောင် စီမံကိန်း ဆွဲ ဆိုတော့ ပြီးပြီးရော လုပ်ပေးလိုက်တာပေါ့တဲ့၊ ကဲ ပြန်ဖြေတာမှ ပေါ့ပေါ့လေး ဆရာ၊ ကိုယ်ဖြင့် မိန်းမတွေ တစ်ထောင်ပဲ ယူယူ၊ အရက်နဲ့ပဲ ရေချိုးနေနေ ခွင့်လွှတ်ခဲ့ပါတယ်။ ဒါပေမဲ့ ဒါလောက် စိတ်သဘောယုတ်တာ စေတနာမဲ့တာတော့ စက်ဆုပ်တယ်ကွယ်၊ ကိုယ့်လင်သားတစ်ယောက်ဟာ ဒီလိုလူမျိုးလို့ သိရတာ ကိုယ်ဝမ်းနည်းလိုက်တာ၊ တကယ်ဆို ဖြစ်ရမှာက ဝန်ကြီးက ဘာပြောပြော မဖြစ်နိုင်သေးရင် မဖြစ်သေးဘူး။ ဘယ်လောက်အချိန်ယူ ရေးဆွဲရမယ်ဆိုတာ ရှင်းလင်းပြောရဲရမှာပေါ့၊ ဝန်ကြီးက ငါ့အာခံတယ် ထင်ရင်လည်း မှန်တဲ့နေရာမှာ ခံရဲရမှာပဲ၊ သူ ပြောလိုက်ပုံက အဲဒီစီမံကိန်းတွေ သူနဲ့ ဘာမှ မဆိုင်သလိုပဲ "

မမြမေ ပြောဟန်များသည် သာမာန်မင်းကတော်များကဲ့သို့ မဟုတ်ပေ၊ အေဘီအမ်ကျောင်းထွက်ဖြစ်သော်လည်း သူ၏တာဝန်သိတတ်သော မျိုးချစ်စိတ်ကို ကျွန်မစိတ်ထဲမှ ချီးကျူးမိ၏။ 

" အမှန်တော့ အတွင်းကျကျ သိလေ ဝမ်းနည်းစရာတွေ အများကြီးပဲ၊ ကိုယ်ထင်တယ်လေ၊ အစိုးရအဖွဲ့ကလည်း စေတနာတွေ တပုံတပင်နဲ့ ဘာမဆို လောလွန်းတယ်၊ သူ့နောက်ပိုင်းက လိုက်တဲ့လူတွေကလည်း စေတနာမဲ့လွန်းတယ်၊ ဒီတော့ အစိုးရမှာ ခါးပြတ်နေသလိုပဲ "

" လူတွေအားလုံးတော့လည်း မဟုတ်ပါဘူးကွယ် "

" အေးပါလေ၊ သန်းခေါင်အထိ မီးထွန်းပြီး လုပ်ရတဲ့အတွင်းဝန်တွေလည်း အများကြီးပါ၊ ဒါတွေလည်း ချီးကျူးပါတယ်၊ ကိုယ့်ယောက်ျားလိုဟာမျိုးက ဘယ်နှယောက်ပါနေမလဲ မင်း သိလား၊ သူ့ပြောပုံတွေက 'ဒါ ငါ့တာဝန်'လို့ လေးလေးနက်နက် ရှိပုံ မရပါဘူး၊ 'ဘယ်အစိုးရ တက်တက် တို့ကတော့ အမြဲရှိနေရမှာ' ဆိုတာလဲ သူ့ပါးစပ်က ပြောနေတော့ ကိုယ် သိပ်စိတ်ပျက်တာပဲ၊ အဲဒီတုန်းက ဒုတိယတစ်ခါ ကိုယ် နည်းနည်း သူ့အလုပ်မှာ စွက်ဖက်ပြောမိတယ်၊ သူ့အမျိုး ဒေါက်တာကြီးကတောင် ပြည်သူ့ဝန်ထမ်းတစ်ယောက်အနေနဲ့ ဒီလို တာဝန်မဲ့ မပြောသင့်ကြောင်း ပြောသွားသေးတယ်၊ ကိုယ်ကတော့ ဘာမှ မပြောတော့ပါဘူး၊ ခဏခဏ ဆိုသလို သူ့စကားလုံးတွေက သရော်တော်တော်နဲ့ မိတ်ဆွေတွေချင်းပေမယ့် 'မကြာတော့ပါဘူး၊ အစိုးရလုပ် ရှူးဖိနပ်တွေ ပေါ်တော့မယ်၊ အင်္ကျီတွေလည်း မချုပ်ကြနဲ့ဦး၊ အိမ်လည်း မဆောက်ကြနဲ့ဦး၊ သံရေကျိုစက်ကြီးတွေက သံတွေ ထုတ်ပေးလိမ့်မယ်နဲ့ လှောင်ပြီး ပြောတယ်၊ နိုင်ငံရေးသမားတစ်ယောက်ပါးစပ်က သူ့ဝါဒချင်းမှ မတူဘဲ သရော်ချင် သရော်နိုင်တယ်၊ သူ့ပါတီတက်မှ သူ စားရမှာကိုး၊ အစိုးရအရာရှိကတော့ သေအထိ သူတို့ကို တိုင်းပြည်က ငွေပေးနေရတယ်၊ နာမည်ကိုက ' ပြည်သူ့ဝန်ထမ်း'၊ သေသေချာချာ စဉ်းစားကြည့်စမ်း၊ ဘယ်လောက်တာဝန်ကြီးလဲ ဆိုတာ၊ သူ့အနေနဲ့က တာဝန်ရှိတယ်ကွဲ့၊ လေးစားရမယ်၊ မဖြစ်ရင် ဖြစ်အောင် နည်းလမ်းရှာကြရမယ်၊ ကိုယ့်မှာတော့ ဝမ်းနည်းစရာကြီးပါပဲ၊ သူ့အယူအဆတွေနဲ့ဟာ အရှေ့နဲ့အနောက်ပဲ၊ ဒါပေမဲ့ ကိုယ်တို့နှစ်ယောက် ကွဲတာ အဲဒီအကြောင်းတွေကြောင့် မဟုတ်ဘူးလို့ ကိုယ်ယုံကြည်တယ် "

မမြမေသည် အိပ်၍ပြောရာမှ အားမရသလို ထထိုင်လိုက်ပြန်ကာ- 
" သူ့အဖေ ဦးအောင်ကျော်ကြီး ဆုံးတော့ ကိုယ် ကိုယ်တိုင် ပဲခူးသွား သင်္ဂြိုဟ်၊ မဆုံးခင်လည်း ပြုစုပါတယ်၊ အဲဒီကတည်းက ဖေဖေလဲ နည်းနည်းနေမကောင်းဘူး၊ ကိစ္စပြီးလို့ ပြန်လာပြီး ငါးလလောက်ကြာတယ်၊ မေမေ မမာတာနဲ့ ကိုယ့်ကို ဖုန်းဆက်ခေါ်တယ်၊ ကိုယ်လဲ သည်းနေတယ်ဆိုတော့ ကမန်းကတန်းပေါ့၊ ပြင်ဆင်ပြီး သူ့ကိုလဲ ပြောရော 'မင်း ပြန်သွားပြီးရင် ပြန်မလာနဲ့တော့တဲ့'၊ ကဲကွယ် ဘာမှန်းကို မသိဘူး၊ ကိုယ်ဖြင့် ယုံတောင်မယုံနိုင်ဘူး၊ နောက်တော့မှ ကလေးတွေပါ အားလုံးခေါ်သွားလို့ ပြောတယ်၊  အဲဒီကတည်းက ပြတ်ကြတာပဲလေ၊ ကဲ ဒီတော့ 'မင်းတို့ ဘာလို့ ကွဲလဲ 'မေးရင် ကိုယ့်အနေနဲ့ ဘာပြန်ဖြေရမှန်းတောင်မသိဘူး၊ မေမေလဲ ပထမတော့ သက်သာသလိုလိုနဲ့ ကိုယ်တို့အဖြစ်လဲ ရိပ်မိရော တစ်နှစ်လောက် ပြန်လဲသွားတယ်၊ ခုလဲ သိပ်မမာလှဘူး "

သူသည် စကားစ ဖြတ်ပစ်လိုက်ကာ လက်ပတ်နာရီလေးကို ငုံ့၍ကြည့်နေပေသည်။ 

"မင်းတို့ကို တစ်လ ငါးရာထောက်တယ် ဆို"

"အေး အဲဒါလည်း ကိုယ့်ငွေထဲကပါ၊ ကိုယ့်လက်ဝတ်လက်စားတွေ ဘဏ်မှာ အပ်ထားတယ်ဆိုတာလဲ ကိုယ့်ကိုသာ နှင်လိုက်တယ်၊ ဘာတစ်ခုမှ မပေးလိုက်ဘူး၊ ဒါတွေလည်း ကိုယ် မမက်ပါဘူး၊ သူတို့ယောက်ျားတွေဟာ တို့များကို တယ် အထင်သေးတယ်၊ ပိုက်ဆံရရုံလောက် သူတို့ကိုများ ပေါင်းနေတယ် ထင်တယ်ကွယ်၊ ပိုက်ဆံရရုံလောက်သာဆို လင်တောင်မယူဘူး "

သူသည် ခပ်မဲ့မဲ့လေး ပြောပြီးမှ "ယောက်ျားတစ်ယောက်ရဲ့ စေတနာ မေတ္တာကို မပိုင်တော့တဲ့နောက် ဘာလုပ်တော့မလဲ၊ ရွှေပုံကြီးလဲ မတို့ချင်တော့ပါဘူး "

ဆက်ပြောရင်းမှ ခေါင်းကို ဖြည်းညင်းစွာ ယမ်း၍ နေလေသည်။ ပိုးခန်းဆီးနောက်ကွယ်မှ သူ့ငရဲခန်းလေးကလည်း တစ်မျိုးပင်ဖြစ်ပေသည်။ ပြတင်းဆီသို့ကြည့်နေသော သူ့မျက်လုံးညိုမှောင်မှောင်မှ မျက်ရည်လေးများပင် ဥလာကြသည်။ အပြင်တွင်လည်း မိုးသားတွေ အုံ့၍ မှိုင်းပျပျဖြစ်လာပြန်သည်။ လေအေးများသည် ပြတင်းမှ တိုးဝှေ့ဝင်လာကြရင်း ဝရန်တာရှိနှင်းဆီပန်းရနံ့များကို ကျွန်မတို့နှစ်ဦးရှိရာသို့ သယ်ယူလာလေသည်။ ကျွန်မသည် နှင်းဆီပန်းလေးများကို ချက်ချင်းသတိရ၍ အိပ်ရာမှ ထလိုက်ကာ ဝရန်တာကို ထွက်လာခဲ့သည်။ နှင်းဆီခိုင်များကို ကတ်ကြေးနှင့် ဖြတ်ကာ သူ့ဆီသို့ ယူလာခဲ့သည်။  

"မင်း ပြန်ရင် နှင်းဆီပန်းတွေ ယူသွားနော် "

သူသည် ခေါင်းကို ညိတ်ကာ ရှိုက်၍နေလေသည်။ 

"နှင်းဆီပန်းလေးတွေဟာ သန့်ရှင်းကြည်လင်တဲ့ ငယ်တုန်းက တို့များဘဝရဲ့အထိမ်းအမှတ်အဖြစ်ပေါ့၊ ကိုယ်တော့ ဒီပန်းလေးတွေမြင်တိုင်း စိတ်အေးချမ်းပါတယ်၊ မင်း ငိုနေရင် ကိုယ်လည်း စိတ်မကောင်းပါဘူး၊ 'အချစ်' ဆိုတာ အသည်းနှလုံးမှာ တည်နေတဲ့ ဝိညာဉ်တစ်ခုပါပဲ၊ အသည်းနှလုံးတွေတောင် ပျက်စီးကြေပြုန်းရသေးတာပဲ၊ အချစ်ဆိုတာကတော့ တည်မြဲနိုင်မတဲ့လား၊ ဘေကွန် ပြောသလိုပဲ 'ဘာမှမတည်မြဲတဲ့ လူ့လဝကြီးရဲ့ အဖြစ်အပျက်ဖြစ်ရပ်တွေကို အဟုတ်ကြီး ထင်မှတ်ယုံကြည်နေတဲ့သူဟာ ရေပေါ်မှာ ပန်းချီဆွဲတဲ့သူလို ဘာမှ အရာမထင် အချည်းအနှီးဖြစ်မှာပါပဲ' ဆိုတာလိုပေါ့၊ မငိုပါနဲ့ကွယ်၊ သူတို့အချစ်ကို ယုံမိတဲ့ ကိုယ်တို့စိတ်ကိုပဲ ပြန်ပြီး ထိန်းရမှာပဲ"

သူသည် မျက်ရည်စများကို လက်ကိုင်ပဝါဖြူဖြင့် တို့ကာ သုတ်ရင်း ကျွန်မလက်များကို ဆုပ်၍ ကိုင်လိုက်၏။ 

"မင်းရဲ့အသည်းနှလုံးမှာ အချစ်ဆိုတဲ့သဘော မဝင်လေသေးတော့ ပြောနိုင်တယ် မခင်သိုက်၊ တကယ့်တကယ် စွဲလမ်းမိကြပြီ ဆိုတော့ မေ့ပျောက်ဖို့ အင်မတန် ခဲယဉ်းတယ်၊  ပြီး ကလေးတွေ တစ်ပုံနဲ့ဟာ၊ ဘာပဲပြောပြော သူ့ကလေးတွေမှာ သူ့ဟန်ပန်သဏ္ဌန်တွေဟာ ပါနေလေတော့ နေ့တိုင်းပဲ အသစ်ဖြစ်ရတယ်၊ ပြီးတော့ မင်း ပြောသလိုမဟုတ်ဘူး၊ ဒီခန္ဓာကိုယ်သာ မစိုးပိုင်လို့ ပျက်စီးဘဝပြောင်းရမယ်၊ အချစ်ကတော့ ဘယ်တော့မှ မသေစေရဘူး။ (အင်မော်တယ်လဖ်) Immortal love ပေါ့ "

သူသည် အင်္ဂလိပ်လို ညှပ်၍ ပြောနေပြန်သည်။

" ကဲ ဒီစကားတွေ ရပ်လိုက်ကြပါစို့၊ ကိုယ် စန္ဒယားတီးပြမယ်လေ၊ မချိန်ကိုလဲ ပန်းတွေ ငှက်ပျောရွက်နဲ့ ထုပ်ခိုင်းလိုက်ဦးမယ် "

သူသည် ခေါင်းခါလိုက်ကာ ခုတင်ပေါ်မှ ဆင်းလိုက်၏။ 

" အချိန်မရှိတော့ဘူး၊ ကိုယ် သွားမယ်၊ မင် ဘဝပဲ အေးပါတယ်ကွယ်။ ပန်းပွင့်လေးတွေရယ်၊ စန္ဒယားရယ် စာအုပ်ရယ် ဒါတွေနဲ့ပဲ နေတာကောင်းပါတယ်"

သူသည် ခုတင်ခေါင်းရင်း စားပွဲပေါ်မှ ကျွန်မစာအုပ်တစ်အုပ်ကို ကိုင်ကာ ပြောနေပြန်၏။ 

" ပြီးတော့ မင်းအသည်းနှလုံးဟာ မင်း ငယ်ငယ်ကရေးတဲ့ ကဗျာထဲကလိုပဲ ရှိနေပါစေ ဆိုတာ ကိုယ် အမြဲဆုတောင်းပါတယ်၊ ကိုယ် အဲဒီကဗျာလေးကို မမေ့ပါဘူး၊ မဉ္ဇူသကနတ်ပန်းလို အစဉ်လန်းဆတ် သန့်ရှင်းတဲ့ မင်းရဲ့အသည်းနှလုံး ဆိုတာလေ၊ ကဗျာစပ်တဲ့လူက မေ့နေပြီလား၊ ရှင်ပစ္စေကဗုဒ္ဓါတို့လို တန်ခိုးတော်ရှင် ကိလေသာကင်းငြိမ်းသူတွေသာ ဒီပန်းရှိရာ ရောက်နိုင်တယ် ဆိုတာလေ"

ကျွန်မသည် ပြုံးစနဲ့နဲ့လုပ်ကာ သူ့ပါးကို လိမ်၍ဆွဲလိုက်သည်။ 

"အဲဒါ အခု မဟုတ်တော့ဘူး၊ ကိုယ့်အသည်းနှလုံးထဲမှာ မင်းနဲ့ခွဲသွားပြီးမှ တစ်ယောက်ယောက် ရှိနေမယ် ဆိုရင်ကော မဖြစ်နိုင်ဘူးလား "

" မဖြစ်နိုင်ဘူး၊ မင်းမျက်လုံးတွေ ဒီလို ကြည်လင်နေသေးသမျှ မင်းပြောတာကို မယုံဘူး၊ မေတ္တာနဲ့အချစ်ဟာ မတူဘူးကွယ့်၊ အချစ်မှာ တဏှာပါလေတော့ အချစ်ဝင်လာရင် ပင်ကိုယ်အရောင်အသွေးဟာ နောက်ကျိလာတယ်၊ အရောင်ဆိုးထားတဲ့ အရည်တစ်ခုခုလိုပေါ့၊ ကဲ မိုးတောင် ရွာလာပြီ၊ သွားမယ် "

သူ ရှေ့က စထွက်နှင့်၍ ကျွန်မသည် ပန်းများကို ကိုင်ကာ သူ့နောက်မှ လိုက်သွားရသည်။ ပန်းများကို ငှက်ပျောရွက်နှင့်ထုပ်ကာ သူ့ကားပေါ်သို့ တင်ပေးလိုက်၏။ ကြီးကြီးကို မသွားခင် သူသည် ကန်တော့လိုက်သေးသည်။ 

ကားပေါ်ရောက်လျှင်မူ မိုးစက်များကို ကြည့်ရင်း "ယောက်ျားတွေဟာ မိုးလိုပဲဟေ့၊ သူတို့ ရွာချင်တဲ့အချိန် ရွာတတ်တယ် "ဟု ကျွန်မကို ခပ်ဟစ်ဟစ်ပြော၍ သွားလေသည်။ 

သူ့ကို တွေ့လိုက်ရသည်မှာ ကြည်နူးနှစ်သိမ့်သလို ဖြစ်၍သွားလေသည်။ သူ့အကြောင်းများကြောင့် စိတ်မကောင်းရသည်မှာ တခြားသက်သက်လို ဖြစ်နေပေသည်။

ဆက်ရန်
--------------------
ခင်နှင်းယု

Post a Comment

0 Comments