#ဘုရင်ခံ မလိုချင်ပေါင်
အပိုင်း(၃)
“ကျမလင်ကို အလှဆုံးထင်တယ် မောင်၊ ကိုမိုးကျရွှေကိုယ် ဆိုလောက်အောင် ယဉ်တယ် မောင်။ နန်းတော်ရှေ့ ... နန်းတော်ရှေ့ ပြောပါများရင်၊ မအေးမိ မောင်မောင်...”
"တွေးကြည့်ပါ၊ သူဌေးကြီးတွေ စပ်တာတောင် မိတော့ မယူဘူးမောင်၊ ကျမတော့ မယူဘူးမောင်၊ ရည်းစားတထောင်၊ ချစ်တဲ့သူကလွဲ ဖွဲ့နဲ့ ဆန်ကွဲမောင်၊ ချစ်ပါသမောင်၊ မောင်တဦးတည်းဘဲ၊ ချစ်ချစ်သမောင်၊ ယောင်ယောင် ပေါင် ပေါင် မစလာနဲ့၊ တွေးကြည့်ပါ၊ အေးမိ ကျမသဝန်ကြောင်၊ တိုက်ကြီးလဲ တည်မယ်မောင်၊ စိန်ဘီးလဲ ပန်ချင်သမောင်၊ အဲဒါတွေကို ကိုယ်ယောကျ်ားမို့၊ ဒုက္ခများသမို့၊ အပူမရှာချင်ပေါင်၊ လူတို့ခင်မင်အောင်၊ သူတို့ ခင်မင်အောင်၊ ဖြစ်သ၍နေပြီမရှောင်၊ ရွှေကို မခင်၊ လူကိုခင်တယ်၊ ချစ်တဲ့လူကလွဲ၊ အကုန်လုံး ဖွဲနဲ့ဆန်ကွဲမောင်၊ ဘုရင်ခံ မလိုချင်ပေါင်.....”
ထိုသီချင်းကို ရှေးအဆိုတော်ကြီး မအေးမိ ဆိုသွား၏။ မြမြစိန်တို့နှင့်ဆိုသော် တခေတ်လောက် ကွာနေမည်။ သို့သော် မြမြစိန်သည် ထိုသီချင်းကို တဆင့် ကြားဘူးကတည်းက အလွန်ကြိုက်သည်။ ကြိုက်၍လည်း သူ ခဏခဏဆိုသည်။ စကားလုံးများမှာတော့ လွဲချင်လွဲနေမည်။ အလိုက်ကတော့ မှန်ပေသည်။
ကိုသန်းချိန် (တိပ်-ရီကော်ဒါ) အသံဖမ်းစက် စ,ဝယ်သည့်နေ့က အသံသွင်းခွေများကို အစမ်းဖမ်းကြည့်မည် ဆိုသည်။ မြမြစိန်က သူ့အကြိုက်ဆုံးသီချင်း ဆိုကြည့်မည် ဆို၏။ သူ့ဇနီးသည်၏အသံကို ကိုသန်းချိန်သည် ဖမ်းယူထား သည်။ ထိုသီချင်းပါသောအသံသွင်းခွေကို အမှတ်တရ ကိုသန်းချိန်ကလည်း သိမ်းထားသည်။ ဘယ်လောက်များ ထိုသီချင်းကို ဖွင့်ကြသည်မသိ၊ ခုတော့ ဘမောင်ချိန်ရော၊ လှမောင်ချိန်၊ သူဇာချိန်ကအစ၊ အို.. စကားပြောစ မာလေးပင် မပီကလာ ပီကလာ ဆိုတတ်၍နေပေပြီ။
ဘမောင်ချိန်က ယနေ့လာလည်သော ကိုသန်းချိန်အမေ ဖွားဖွားကြီး ဒေါ်ဂျိုးဥကို သူ့တိပ်ခွေ ဖွင့်ပြ၏။ သူတို့ပါ ဝိုင်းဆိုသည်။ ယခင် ဒေါ်ဂျိုးဥ ခဏတဖြုတ် လာလည်စဉ်က ဤအသံဖမ်းတိပ်ခွေ မဝယ်ရသေးပေ။ အသံသွင်းထားသော တိပ်ခွေမှာ သီချင်းဆုံး၍ ရပ်သွား၏။ ကလေးများလိုက်ဆိုနေသောအသံလည်း ရပ်သွား၏။
“သားကြီး ဘမောင်ချိန် ပိတ်လိုက်တော့၊ ညီလေးတို့ ညီမလေးတို့ကို ခေါ်သွား၊ ထမင်းစား။ မင်းတို့စားပြီးတော့မှ ဖွားဖွား မာလေးတို့ကို ထမင်းကျွေးမယ်”
ဒေါ်ငြိမ်းမယ်သည် အသံသွင်းစက်ကို ရပ်ခိုင်းလိုက်၏။ ဘမောင်ချိန်သည် ကျွမ်းကျင်စွာပင် စက်ကိုပိတ်ကာ မီးဖိုထဲ ဝင်သွားသည်။
အသံသွင်းခွေမှ သီချင်းဖွင့်စဉ်က ကလေးများက စိတ်ဝင်စားစွာ နားထောင်ရင်း လိုက်၍ ဆိုနေကြသော်လည်း ဒေါ်ဂျိုးဥသည် သီချင်းသံကိုရော စာသားကိုရော စိတ်ပါပုံ မရပေ။ သူ့ရင်ထဲတွင် မကျေမနပ်သော ခံစားချက် မျက်နှာထားနှင့် အသံသွင်းစက်ကို ကြည့်နေ၏။ ပြီးတော့ ရေဒီယိုဆီ မျက်လုံးရောက်သွားပြန်သည်။ ရေဒီယိုနှင့် အသံသွင်းစက် နှစ်လုံးကြားရှိ စာအုပ်ဘီဒိုကြီးသို့ မျက်စိရောက်သွားပြန်သည်။ ဘီဒိုမှာ တံခါးများ မှန်တပ်ထား၍ အထဲမှစာအုပ်များကို မြင်နေရသည်။
ဒေါ်ဂျိုးဥသည် ရန်ကုန်လဲရောက်ခဲ၊ ရောက်ပြန်လည်း ဘယ်တော့မှ ကိုသန်းချိန်အိမ်မှာ မတည်း။ သူ့အကိုအကြီးဆုံး ဝတ်လုံတော်ရ ဦးကောင်းဇံ အိမ်မှာ တည်းသည်။ သားဖြစ်သူအိမ်တွင် အလွန်ဆုံး တညအိပ်သည်။
တခါတရံ ထမင်းတနပ်လောက်သာ စားရုံစား၍ ပြန်သွားတတ်သည်။
ယခုလည်း ကိစ္စတခုနှင့်လာစဉ် သားအိမ်တွင် တညလာအိပ်ခြင်းဖြစ်သည်။ ယခင် သူ တခေါက်လာစဉ်က မတွေ့သော ဤအသံသွင်းစက်ကို မကျေမနပ်ဟန်ဖြင့် ကြည့်နေသည်။ စာအုပ်ဘီဒိုမှာတော့ ယခင်တခါ လာကတည်းက တွေ့ထား၍ သူ့စိတ်ထဲတွင် မထူးခြားလှပေ။ သို့သော် ဘုရားစင်အောက်တည့်တည့် ကျွန်းသားဘီဒို အသစ်စက်စက်တလုံးကို သိချင်စိတ်ဖြင့် ကြည့်သည်။ ဘီဒိုတံခါးကလည်း မှန်တပ်၍မထား၊ သစ်သားတံခါးဖြစ်၏။ အထဲမှာ ဘာများ ရှိနေသလဲဆိုသည်ကို သူသိချင်နေပေသည်။
“ဒေါ်ဂျိုးဥရော အခု ထမင်းနှင့်မလား...”
ဒေါ်ငြိမ်းမယ်သည် အတွေးတွင်နစ်နေသော ဒေါ်ဂျိုးဥကို လှမ်း၍မေးလိုက်၏။ ဒေါ်ငြိမ်းမယ် မေးသံကို ကြားမှ ဒေါ်ဂျိုးဥသည် သူ့အတွေးကို ရပ်လိုက်သည်။
“မစားသေးပါဘူး မငြိမ်းမယ်ရယ်၊ မောင်သန်းချိန်တို့ လာတဲ့အထိ စောင့်အုံးမယ်...”
“ဟုတ်ကဲ့... သိပ်များ နေမြင့်နေမလားလို့၊ ရန်ကုန်ကလေ တနင်္ဂနွေနေ့မှာဘဲ နေ့အားရတော့ ဆွမ်းကျွေးတို့၊ မင်္ဂလာဆောင်တို့၊ ကင်ပွန်းတပ်တို့ ဆိုတာတွေကို တနင်္ဂနွေနေ့မှ လုပ်တတ်ဘယ်။ ပေါင်းရေးသင်းရေးကလဲ ရှိသေးတော့ တနင်္ဂနွေနေ့ မအားရပြန်ဘူး။ တခါတလေများ မောင်သန်းချိန်တို့ တယောက်တပွဲစီ ခွဲသွားရတယ်။ တော်ရုံတန်ရုံ ရင်းနှီးရုံနဲ့တော့ သွားခဲပါတယ်။ ခုပွဲကတော့ မောင်သန်းချိန်တို့ သတင်းစာတိုက်က တိုက်အုပ်ရဲ့မြေးဦး ကင်ပွန်းတပ်မို့ နှစ်ယောက်လုံး သွားတာ...”
ဒေါ်ငြိမ်းမယ်သည် ရန်ကုန်၏အားလပ်ချိန်ကို တစိတ်တဒေသ ရှင်းပြနေ၏။ သို့သော် ဒေါ်ငြိမ်းမယ် ဘာတွေပြောပြော ဒေါ်ဂျိုးဥက စိတ်မဝင်စား။
“ဒီမယ်.. မငြိမ်းမယ်၊ အဲဒီ ကြိုးခွေနဲ့ အသံသွင်းစက်က ဘာလုပ်ဝယ်ရပြန်တာလဲ။ ဒီသီချင်းတွေက ရေဒီယိုက ကြားနေရတာပဲမဟုတ်လား...”
သူ သိလိုသော ကြားဖြတ်မေးခွန်းကိုသာ ဦးစားပေး၍ မေးလိုက်၏။
“ဘယ်လောက်ပေးရလဲ....”
နောက်ဆက်တွဲမေးခွန်းကိုပါ ထည့်လိုက်ပြန်သည်။
“အမျိုးအစားက အကောင်းစားဆိုတော့ အခုဈေး သုံးထောင်ကျော်နေပြီထင်တယ်.....”
“အမလေး သုံးထောင်ကျော်...”
အဖွားကြီးသည် ရင်မ,၍ မျက်လုံးပြူးကာ မေး၏။
“ဝယ်ရင်းဈေးက တထောင်ကျော်ပါ...”
ဒေါ်ငြိမ်းမယ်ကလည်း ကောက်ကာငင်ကာ ဝယ်ရင်းဈေးကို မြန်မြန် ပြောလိုက်ရ၏။ အဘယ်ကြောင့်ဆိုသော် ခမည်းခမက်တော်လာရပြီဖြစ်သော ဒေါ်ဂျိုးဥအကြောင်းကို သိတန်သလောက် သိပြီးဖြစ်သည်။
“တထောင်ကျော်ဆိုရော နဲလား မငြိမ်းမယ်ရယ်။ ရွှေ...ရွှေ... ရွှေနှစ်ကျပ်သားဖိုးဘဲ....”
“ဟုတ်ကဲ့..မောင်သန်းချိန်အတွက် လိုအပ်တဲ့ပစ္စည်း ဆိုတော့ သူတို့ရှာတဲ့ငွေနဲ့ သူတို့ဝယ်တာကို ကျမလဲ ကန့်ကွက်ဖို့ လိုတယ်မထင်တာနဲ့ ဘာမှဝင်မပြောပါဘူး...”
“မောင်သန်းချိန် ဟုတ်လား၊ မောင်သန်းချိန်လိုအပ်တဲ့ ပစ္စည်း...”
အကယ်၍သာ ဤနေရာတွင် မောင်သန်းချိန် အမည်ကို ဒေါ်ငြိမ်းမယ်က စောစောစီးစီး မသုံးလိုက်လျှင် ဒေါ် ဂျိုးဥသည် ပထမဆုံး ဒေါ်ငြိမ်းမယ်ကို စွဲချက်တင်မည်။ မြေးများကို အလိုလိုက်လွန်းလို၍သာ ဤအသံသွင်းစက်ကို သမီးနှင့်သားမက်အား ဝယ်ခွင့်ပြုသည်။ တကယ်ဆိုလျှင် ဒေါ်ငြိမ်းမယ်သည် ဤအိမ်ထောင်၏ဦးစီးဖြစ်၍ ကန့်ကွက်ရမည်ဟု အစချီကာ ရန်မထောင်ရုံတမယ် လှည့်ပတ်သွယ်ဝိုက်၍ အပြစ်တင်ရန် မောင်းတင်ထားပြီးဖြစ်သည်။ ယခုတော့ သူ့သား မောင်သန်းချိန်အတွက် လိုအပ်သော ပစ္စည်းဆို၍ သူသည် ထွက်မည့်ဆဲဆဲ စကားလုံးများကို မျိုချလိုက်ရသည်။
“နေပါအုံး..အယ်ဒီတာတယောက်က အဲဒီ အသံသွင်းစက်နဲ့ ဘာလုပ်ရတာတုန်း..”
နောက်ထပ် ထပ်မံ၍ မေးခွန်းမေးလိုက်ပြန်သည်။
“ကျမ သိသလောက်တော့ မောင်သန်းချိန်ဟာ သူ အခု လုပ်နေတဲ့ မဂ္ဂဇင်းတိုက်တခုထဲမှာဘဲ တာဝန်ခံအယ်ဒီတာလုပ်နေတာ မဟုတ်ဘူးလေ။ တခြားမဂ္ဂဇင်းတွေ၊ သတင်းစာတွေမှာလဲ ကလောင်နာမည်နဲ့ သူ ဝတ္ထု ဆောင်းပါးတွေ ရေးနေတယ်။ စာရေးဆရာဆိုတာ ခက်သားလား၊ ညကြီးသန်းခေါင်ပေမင့် သူတို့ခေါင်းထဲ အတွေးတွေ ပေါ်လာရင် ထပြီး ရေးရသတဲ့။ အဲဒါ မရေးနိုင်တဲ့အခါ ပါးစပ်ကပြော အသံသွင်းယူထားပြီး နောက်မှ လက်ရေးတိုနဲ့ လိုက်ယူတတ်ကြတယ်။ ရန်ကုန်မှာ ပိုက်ဆံရှိတဲ့ အယ်ဒီတာ၊ စာရေးဆရာတွေတော့ လက်နှိပ်စက် စာရေးမလေးတွေလဲ ခန့်ထားတယ်။ အသံသွင်းစက်လဲ ထားတာဘဲ...”
ဒေါ်ငြိမ်းမယ်သည် ခပ်အေးအေးပင် ဖြေ၏။
“အို..ကျမ သိသလောက်တော့ စာရေးဆရာတို့၊ အယ်ဒီတာတို့ ဆိုတာ ထမင်းနပ်မှန်အောင် စားရတယ်ကို မရှိပါဘူး.....”
“ဟုတ်ကဲ့.. များသောအားဖြင့်တော့ ဆင်းရဲကြပါတယ်...”
“ဟင်း..”
ဒေါသဖြင့် မကျေနပ်ချက်များကို နှာခေါင်းဖြင့် မှုတ်ထုတ်လိုက်သလို ဒေါ်ဂျိုးဥက လုပ်လိုက်၏။
“ဒီသူငယ်ကိုက ဆင်းရဲဇာတာပါတယ်။ စာရေးဆရာဆိုတာ ဘယ်တော့များ ချမ်းသာလို့လဲ။ ဆင်မြီးဆွဲက ကိုရာမြင့်ဟာ သေသာသွားရော တဲပုတ်နဲ့ နေသွားရတာ။ အခုလဲ မောင်သန်းချိန်ကို ဘီအေအောင်ကတည်းက ဝန်ထောက်စာမေးပွဲ ဝင်ပါဆို မဝင်ဘူး။ ဘီအယ်လ် ဆက်ပြီး နေရင်လဲ သူ့ဦးကြီး ဦးကောင်းဇံလို ဝတ်လုံမဖြစ်ပါလား။ ခုတော့ လုပ်ချင်လိုက်တဲ့ စာရေးဆရာ၊ လုပ်ချင်လိုက်တဲ့အယ်ဒီတာ...”
ဒေါ်ငြိမ်းမယ်သည် ဘာမျှဝင်မပြော။ သူ့သားကိစ္စ သူပြောနေခြင်းအတွက် တစုံတရာ ဝင်ရောက်စွက်ဖက်ပြောဘို့ လိုမည်မထင်ပေ။ သူ့သမီးမြမြစိန်က လူငယ်ချင်း ချစ်ကြ၍ ပေးစားပါဆိုသောကြောင့်၊ သူ ရန်ကုန်လိုက်လာ၍ သမီးဆန္ဒကို ဖြည့်ခဲ့ရသည်။ ထိုစဉ်ကတည်းက ဒေါ်ဂျိုးဥကို ခေတ္တဆုံခဲ့ရသော်လည်း စိတ်ဓာတ်ကို ရိပ်မိတန်သရွေ့ ရိပ်မိပြီးဖြစ်သည်။
ဒေါ်ဂျိုးဥသည် သားဖြစ်သူကို မလွန်ဆန်နိုင်လွန်း၍သာ ပေးစားရသည်။ မြမြစိန်လို မိန်းကလေးတယောက်နှင့် သူ့သားမှာ တူသည်တန်သည်မထင် ဟူသော မျက်နှာထားနှင့် ဒေါ်ဂျိုးဥသည် လက်ထပ်ပွဲကို လက်ထပ်ပွဲ ဆိုရုံလောက် ကျင်းပပေးခဲ့၏။ ဝတ်လုံတော်ရ ဦးကောင်းဇံကို အမှူးထား လက်မှတ်ထိုးယူကြသည်။ သမီးလေး၏လက်ထပ်ပွဲမှာ ဒါလောက်နှင့်ပင် ပြီးခဲ့သည်။
အမှန်တော့ သူ့တွင် တဦးတည်းသော သမီးမို့ တခန်းတနား သပ်သပ်ရပ်ရပ် ကျင်းပပေးနိုင်လောက်အောင် အခြေတော့ ရှိပါသည်။ မဟာမင်္ဂလာပွဲကြီးမျိုးကိုသာ လုပ်မပေးနိုင်ပေ။
သို့သော် မြမြစိန်ကမူ
“မေမေ သမီးမင်္ဂလာပွဲအတွက် လုပ်ပေးမယ့်ငွေကို မေမေ အိုချိန်မှာ အသုံးချဘို့ ထားပါ။ သမီးတို့ချင်း ချစ်လို့ယူတဲ့အတွက် မေမေ့ကို သမီး တာဝန်ထပ်ပေးဘို့ မလိုတော့ဘူး။ သမီးချစ်သူကို မကန့်ကွက်ဘဲ မေမေ လက်ထပ်ခွင့်ပြုတာဘဲ သမီးကျေးဇူးတင်လှပြီ”
ဒါဘဲ သူ့ကိုပြော၏။
ဒေါ်ငြိမ်းမယ်သည် သူ့သမီးနှင့် သူတော့ နားလည်မှုရှိပြီး ဖြစ်ပါသည်။ သို့သော် လက်ထပ်ပွဲတချိန်က ဒေါ်ဂျိုးဥမျက်နှာထား၊ ဟန်ပန်လေသံတို့ကိုတော့ နည်းနည်းခံပြင်းမိသည်။ ပုထုဇဉ်လူသားပေဘဲ။
သို့သော် လူငယ်များ၏အိမ်ထောင်ရေးမှာ အဓိကသည် ကိုသန်းချိန်သာဖြစ်၍ ဒေါ်ဂျိုးဥမဟုတ်သောကြောင့် ဒေါ် ငြိမ်းမယ်သည် တစုံတရာ မစွက်ဖက်ခဲ့ပေ။
“ဒေါက်...ဒေါက်...ဒေါက်...ဒေါက်.. ”
တံခါးခေါက်သံမှာ အမယ်ကြီးနှစ်ယောက် စကားပြောပွဲကို ရပ်သွားစေသည်။ ဒေါ်ငြိမ်းမယ်သည် အဝင်တံခါးမကြီးကို ဆွဲဖွင့်လိုက်၏။
“ဪ.. မော်လီပါလား၊ အထဲဝင်ထိုင်လေ....”
မော်လီသည် ဖျတ်လတ်သွက်လက်စွာပင် အိမ်ရှေ့ခန်းသို့ ဝင်လာ၏။ မော်လီ စဝင်လာကတည်းက ဖိနပ်ခုံမြင့်ကို အ၀င်ဝတွင် ချွတ်ထားပုံ၊ ခြေဖျားလေးထောက်ကာ အိပ်ရှေ့ခန်းသို့ ခပ်ရွရွ ခပ်ဖွဖွလေး လျှောက်လာခဲ့သောဟန်၊ ကြာရွက်လိပ်လို ဆံပင်ကို နောက်ဘက်တွင်လိပ်၍ ရှေ့ဆံများကိုမူ နဖူးပေါ် ခန်းဆီးချထားသလို ချထားသော ထုံးဖွဲ့မှုများကို ဒေါ်ဂျိုးဥသည် စူးစူးစိုက်စိုက် ကြည့်နေပြန်၏။ ပြီးတော့ နှစ်ထပ်ဇာလက်တို အ၀ါနုနုအင်္ကျီ၊ ချောကလက်ရောင်ရင့်ရင့် ပါတိတ်လုံချည်ပါမကျန် အားလုံး သိမ်းကျုံးကြည့်လိုက်ပြန်သည်။ မော်လီသည် လှပစွာ ပြုံး၏။ အသံသာသာလေးနှင့် နှုတ်ဆက်လိုက်သည်။
“ကြီးကြီးဂျိုး၊ မော်လီ့ကို မမှတ်မိဘူးလား။ စူးစူးစိုက်စိုက် ကြည့်နေလိုက်တာ...."
ဒေါ်ဂျိုးဥသည် စောစောက မျက်နှာထားကို ပြင်ကာ ပြုံးလိုက်၏။
“အောက်ခန်းက မသန်းဌေးသမီးမှုတ်လား...”
“ဟုတ်ပါတယ် ကြီးကြီးဂျိုးရဲ့....”
“လှလာလို့ပါ။၊ ခုတလော ကြီးကြီးဂျိုးကလည်း အညာက မလာတာ တနှစ်နီးပါးရှိသွားပြီ၊ မော်လီက အသားလဲ ဖြူလာတာကိုး "
“ကြီးကြီးဂျိုးက မော်လီ့ကို ချီးကျူးနေပြန်ပြီ။ ဒါကြောင့် မော်လီက ကြီးကြီးကို ထမင်းကျွေးမလို့ လာဖိတ်တာ။ မေမေကလေ ညနေကျရင် မော်လီတို့အိမ်မှာ လာစားပါတဲ့။ မေမေကိုယ်တိုင်ချက်မှာပါ၊ မော်လီကတော့ အသားယူရုံ လာာဖိတ်တာ။ ခုတောင် မေမေက သူကိုယ်တိုင် လာမဖိတ်တာ စိတ်မရှိပါနဲ့ ခွင့်လွှတ်ပါတဲ့၊ ခုမနက်ပိုင်း မင်းကွန်းဓမ္မာရုံမှာ သူတို့ယောဂီတွေ အစည်းအဝေးရှိလို့တဲ့။ ညစာစားဖို့ ကြီးကြီးငြိမ်းလဲ လိုက်လာခဲ့ရမယ်နော်....”
လက်ညှိုးကလေးထောင်ကာ လှပစွာပြောနေသော မော်လီကို ဒေါ်ငြိမ်းမယ် ပြုံး၍ကြည့်နေရာမှ ခေါင်းကို ဖြေးညှင်းစွာ ခါလိုက်၏။
“မသန်းဌေးကို ပြောလိုက်ပါကွယ်၊ ကြီးကြီးငြိမ်းက ဧည့်သည်မဟုတ်ပါဘူး။ ညနေကျ စိန်စိန်ရယ် မိဘဆရာအသင်းအတွက်ဆိုလား စာကြည့်တိုက်အတွက်ဆိုလား အစည်းအဝေးရှိလို့ သွားရမယ်၊ အပြန်မိုးချုပ်လိမ့်မယ်။ ဒီခလေးတွေတအုပ်နဲ့ဟာ မလိုက်လာနိုင်ဘူး၊ ဒေါ်ဂျိုးဥဘဲ လွှတ်လိုက်မယ်....”
“ကဲ.. မော်လီ သွားအုံးမယ်။ ကိုကို့ကားနဲ့ အတူလိုက်သွားရမှာမို့ ကြီးကြီးဂျိုးရယ်၊ မော်လီကို ခွင့်ပြုပါအုံး”
“အေး...အေး...”
သွက်လက်စွာ ထသွားသော မော်လီ၏နောက်ပိုင်းအလှကို ဒေါ်ဂျိုးဥသည် စိုက်၍ကြည့်နေပြန်သည်။ ဒေါ်ငြိမ်းမယ်က တံခါးကိုဆွဲပိတ်ရင်း သော့ခလောက် ချိတ်လိုက်၏။
“မငြိမ်းမယ်၊ ဒီမော်လီဟာ အရင်က ဆင်ပုံပြင်ပုံ ခုလိုမဟုတ်ဘူးထင်တယ်...”
ဒေါ်ဂျိုးဥသည် မော်လီ့ဟန်ပန်ကို တဒင်္ဂ အမြင်အတွင်း သူ့ထင်မြင်ချက်ကို ပေးလိုက်၏။
“ရန်ကုန်မှာတော့ ထူးလှတယ်မဟုတ်ပါဘူး ဒေါ်ဂျိုးဥရယ်၊ သူတို့က တပတ်တခါ ဆံပင်ပုံစံ၊ အဝတ်အစားပုံစံ ပြောင်းနေကြတာကလား”
“အဲဒီ သူ အခုဝတ်လာတဲ့ ပခုံးကအင်္ကျီဆက်ပုံဟာ ကျမတို့ဆီမှာ သီလရှင်ဝတ်တဲ့ပုံစံပါ..”
"အစုံပါဘဲလေ၊ သူတို့ခေတ်နဲ့ သူတို့ကိုး။ ဆံပင်ဆိုလဲ တခါထုံးရင် ငါးကျပ်ကနေ လေးဆယ့်ငါးကျပ် ငါးဆယ်အထိ ထုံးခအမျိုးမျိုး ပေးရတယ်။ ဆံပင်အလှပြင်ဆိုင်တွေက ထုံးပေးတယ်....”
“အမလေး ငါးကျပ်၊ ငါးကျပ်ဆို ကျမတို့ဆီမှာ တပတ် ဟင်းချက်စရာ ဝယ်နိုင်တယ်။ ဆံပင်ကို လေးဆယ့်ငါးကျပ် ငါးဆယ်ပေးထုံးတာကတော့ ဒီသူငယ်မတွေ စိတ်မှနှံ့သေးရဲ့လား၊ ရူးနေပြီထင်တယ်....”
ဒေါ်ငြိမ်းမယ်သည် ဘာမျှပြန်မဖြေ၊ ရယ်နေ၏။
“ဒါနဲ့ မော်လီ့ရင်ပပ်က ဆွဲပြားကိုဝိုင်းထားတဲ့ကျောက်ဟာ စိန်အစစ်ဟုတ်ကဲ့လား”
ရုတ်တရက် မျက်စိလျင်လွန်းသော ခမည်းခမက်ဒေါ်ဂျိုးဥကို အံ့ဩဟန်ဖြင့် ဒေါ်ငြိမ်းမယ်သည် ကြည့်ရင်း “ဒါတော့ မသိဘူးဒေါ်ဂျိုးဥ၊ ကျမ သတိမထားလိုက်မိဘူး”ဟုဖြေလိုက်၏။
“အင်း...ခုတော့ မော်လီ့ယောကျ်ားက ကားဝယ်နိုင်ပြီထင်တယ်၊ ဒီကမောင်သန်းချိန်မှာသာ ကားလဲမတွေရ ဘာလဲမတွေ့ရ၊ ကျမတခါလာလဲ ဒီပုံစံအတိုင်းဘဲ...”
ဒေါ်ငြိမ်းမယ်သည် ဘာမျှ ပြန်မဖြေဘဲ နေပြန်သည်။ ဒေါ်ဂျိုးဥ စိတ်ထဲတွင်တော့ သူ့ကို စကားနည်းနည်းတော့ ပြန်ပြောစေချင်သည်။ ဒေါ်ငြိမ်းမယ် ငြိမ်သက်နေ၍ သူ့စကား ဆက်ပြောဘို့ ပိတ်နေသလို ဖြစ်နေသည်။
“ ခုခေတ် မိန်းကလေးမိဘရှင်တွေက လူလည်တွေ၊ မောင်သန်းချိန်အောက် သားငယ်မောင်သန်းရှိန် မင်္ဂလာဆောင်တုန်းကများ ဒေါ်ငြိမ်းမယ် လိုက်လာစေချင်တယ်..."
“ဟုတ်ကဲ့ ကျမလဲ လိုက်လာမလို့ဘဲ၊ စိန်စိန့်သားတွေ ကျမခြံထဲ လိုက်လည်ချင်တယ်ဆိုလို့ နွေရာသီကျောင်းပိတ်ရက် အလည်ခေါ် သွားရတာ။ ဟိုမှာတော့ သူတို့လဲ ကျယ်ကျယ်ပြန့်ပြန့် ဆော့ကစားရတယ်..”
“အဲဒီ မင်္ဂလာဆောင်တုန်းက ကျမစိတ်ဆိုးလိုက်တာ၊ လူကြီးတယောက်အနေနဲ့ စကားမပျက်ချင်လို့သာ လုပ်လိုက်ရတယ်။ မောင်သန်းရှိန်ကလဲ လူအေး...၊ မေမေရယ် ရှက်စရာကြီးဆိုလို့ လက်ထပ်ပွဲပြီးအောင် လုပ်ပေးရတယ်။ မိန်းကလေးဘက်ကလုပ်ပုံက ဘယ်လောက်မခံချင်စရာကောင်းလဲဆို ကျမကတော့ ကျမသားကို ဆရာဝန်ဖြစ်အောင် ခုနှစ်နှစ် ခုနှစ်မိုး သင်ပေးလိုက်ရတယ်၊ သူတို့ရဲ့ သမီးကို စိန်တဆင်စာ တင်ပါမယ်ဆိုပြီး ကတိထားတယ်။ အဲဒါ တကယ့်မင်္ဂလာဆောင်ကျတော့ အလယ်က လော့ကက်သီး မြကို ဝိုင်းထားတာကသာ စိန်အစစ်၊ ကြိုးပေါ်မှာစီထားတဲ့ စိန်က အတုတွေ။ သူတို့လေ ဂျိုးဥကို စိန်အကြောင်း နားမလည်ဘူးအောက်မေ့နေတာကလား။ ကျမကလေ မြင်တာနဲ့သိတော့ တခါထဲ ထပြန်မလို့၊ မောင်သန်းရှိန်က မေမေရယ် ရုပ်ပျက်လှပါတယ်ဆိုလွန်းလို့ မင်္ဂလာပွဲပြီးအောင် အောင့်နေရတယ်။ မနက်စာတောင် ကျမ မစားခဲ့ဘူး....”
“ဟုတ်ကဲ့"
“ဒေါ်ငြိမ်းမယ်သည် ထင်မြင်ချက်ကိုလည်း မပြော၊ ဝေဖန်ချက်ကိုလည်းမပြောပေ။
“ခုတော့လေ ဆရာဝန်ကြီးကတော်၊ ဆရာဝန်ကြီးယောက္ခမတွေအနေနဲ့ စားသောက်နေလိုက်ကြတာ၊ ညိမ့်လို့ ....”
“သူတို့ရော မြင်းခြံမှာဘဲလား....”
ဒေါ်ငြိမ်းမယ်က တခြားစကားကို ကောက်၍ မေးလိုက်ပြန်သည်။
“ဆေးခန်းဖွင့်ပါဆိုတာလဲ မဖွင့်ဘူး။ မြင်းခြံမြို့ပေါ်မနေချင်ဘူးဆိုပြီး အညာတခွင် လျှောက်ပြောင်းနေလေရဲ့...."
“အစိုးရ အလုပ်ကိုး.....”
“ဒီလိုရှိတယ်လေ မငြိမ်းမယ်ရယ်၊ မောင်သန်းရှိန်ယောက္ခမတွေကိုက ညံ့ပါတယ်။ မြင်းခြံမှာ ဆေးဆိုင်ဖွင့်ပေးလိုက်ရင် ငြိမ်းငြိမ်းအေးအေး နေရရက်သားနဲ့၊ ခုတော့ အစိုးရလခစား ဆိုတော့ သွားနေရတာပေါ့...”
"လူငယ်တွေဆိုတော့ တနေရာထဲ ငြိမ်ငြိမ်မနေချင်ဘူးထင်ပါရဲ.”
“ဘာဟုတ်မလဲရှင်၊ မြင်းခြံမှာနေတော့ မင်းဘူးကနေ ကျမ ခဏခဏလာနေမှာကို သူ့မိန်းမက မကြိုက်ဘူး ထင်ပါတယ်။ ဒါကြောင့်ပြောရတယ်။ ငါ့မှာ ငါ့အထုပ်၊ ငါ့အထည်နဲ့ မင်းတို့ဆီ လာမလည်ဘူး။ မင်းအကို မောင်သန်းချိန်ဟာ အယ်ဒီတာဖြစ်ပေမင့် တလတရာ ငါ့ဆီ ငွေမှန်မှန် ပို့ရတယ်။ မင်းက ဆရာဝန်ဆိုတော့ နှစ်ကျပ်သားရှိတဲ့ ရွှေကြိုးတကုံး မှန်မှန် တနှစ်တကုံး ပို့ရမယ်လို့ ကျမ တခါထဲ သတ်မှတ်ထားတယ်"
ဒေါ်ငြိမ်းမယ်ကလည်း နေနိုင်လွန်းစွတကား။ တကယ်ဆို ရွှေစီမံကိန်း၊ စိန်စီမံကိန်းများကို တလုံးတလေ ဝင်ပြောသင့်သည်။ ဒေါ်ငြိမ်းမယ်က ဘာမျှမပြောလေလေ၊ ဒေါ်ဂျိုးဥသည် ရပ်သွားရမည့်အစား အသဲယားသလို ဖြစ်သွားဟန် တူသည်။
“မှန်မှန်ပို့ရတယ်ရှင့် မှန်မှန်ပို့ရတယ်၊ မပို့ရင်တော့လား ဂျိုးဥက နယ်ခြားမကလို့ နိုင်ငံခြားရောက်နေနေ အတင်းလိုက်မှာပဲ။ လာမယ့်နှစ်အတွက်တော့ ပြောထားလိုက်တယ်လေ၊ ခုခေတ်မိန်းကလေးတွေဆွဲတဲ့ ယိုးဒယားရွှေဘတ်ကြိုးဆိုတာလေ နှစ်ကျပ်သားတကုံး ပို့ရမယ်လို့၊ သားတွေမွေးထားပြီး အဲဒီလိုမှမနိုင်ရင် ဘယ်ဖြစ်မလဲ....”
“ဟုတ်ကဲ့၊ ဒါနဲ့ ဒေါ်ဂျိုးဥ ဆာရောပေါ့၊ ထမင်းစားစို့လား..."
“အို.. ဆာသေးပါဘူး ဖြေးဖြေးဘဲစားမယ်။ ညကျရင် ကျမအတွက် ထည့်မချက်နဲ့နော်၊ မသန်းဌေးဆီ သွားစားရမှာ။ မသန်းဌေးကလဲ မင်းကွန်းကျောင်းတိုက်မှာ သွားသွား ဥပုသ်စောင့်တယ်ထင်တယ်.....” -
"ဟုတ်ကဲ့"
“နေပါအုံး၊ သူကရော စွန်းလွန်းလမ်းစဉ်လား၊ မိုးကုတ် ဝိပဿနာလား၊ သဲအင်းဂူလား၊ မဟာစည်လား၊ မိုးညှင်းလား ”
“ကျမလဲ သေသေချာချာ မမေးမိပါဘူး။ ကျမမှာ အိမ်တာဝန်ကြောင့် ၀ါးခယ်မရိပ်သာမှာ တရားထိုင်ပြီးကတည်းက တခါမှ ရိပ်သာနား မကပ်ခဲ့ရဘူး၊ သူတို့တတွေ ဗာဟီရနဲ့ ရှုပ်နေတာဘဲ။ ဘယ်လမ်းစဉ်ရယ်လို့ မဟုတ်ပါဘူး၊ နိဗ္ဗာန် ရောက်ကြောင်း တရားဆိုတာ ဝိပဿနာပါဘဲ။ နောက်ဆုံးတော့လဲ ဒီဝိပဿနာတရားကို အားထုတ်ရင် တမဂ် တဖိုလ် ဆိုတာကတော့ ရောက်ရစမြဲပေါ့၊ နောက်ဆုံး နိဗ္ဗာန်မှာ နိဂုံးချုပ်ဘဲ။ ကျမ မာလေးတို့ကို ထမင်းကျွေးအုံးမယ်....”
ဒေါ်ငြိမ်းမယ်သည် စကားစ ဖြတ်ကာ ကလေးများကို ထမင်းကျွေးဘို့ မီးဖိုချောင်သို့ ဝင်သွားတော့သည်။
ကိုသန်းချိန်တို့ ပြန်လာမှ နံနက်စာကို ဒေါ်ဂျိုးဥက သူ့သားနှင့်အတူ စားတော့သည်။
အပိုင်း(၄)ဆက်ရန်
-------------------
0 Comments