#ဘုရင်ခံ မလိုချင်ပေါင်
အပိုင်း(၁၁)
“ကိုယ်တော့လေ မော်လီရယ်၊ ဒါရိုက်တာ မြတ်လေးလိုပဲ နာမည်ပေးချင်တယ်၊ ရုပ်ရှင်မရိုက်ချင်ဘူး”
မိခင်ဖြစ်သူအတွက် ခေါင်းရင်းဘက်တွင် အိပ်ရာကို သပ်သပ်ရပ်ရပ်ပြင်ရင်း မြမြစိန်က ပြော၏။
“အောင်မယ် မချောစိန်က ဒါလောက်ဗျာများနေတဲ့ကြားထဲ ဘာဇာတ်ထုပ်ကို ဘာနာမည်ပေးချင်နေသေးသလဲ....”
မော်လီသည် မြမြစိန်ဘေးတွင် ထိုင်ရင်း ခေါင်းအုံးစွပ်အသစ်ကို ကူ၍လဲပေးနေ၏။ ဒေါ်သန်းဌေးကတော့ ကုလားထိုင်ပေါ်တွင် ထိုင်ရင်း သူတို့နှစ်ယောက် ပြောသည်ကို နားထောင်နေသည်။
“မြတ်လေးက ရုပ်ရှင်နာမည်ပေး တယ်ကောင်း၊ အခုလဲ ကိုကိုတို့မိသားစုပြဿနာကို စိန်စိန်က "သူတို့မှာ တလ ကိုယ့်မှာတော့ တနှစ်”လို့ နာမည်ပေးချင်တယ်၊ တကယ်ပါဘဲ။ မောလိုက်တဲ့စိတ် ဆိုတာလေ၊ အရင်ကတော့ မေမေကြီးကို ယောက္ခမဆိုတဲ့ စိတ်နဲ့ တကယ့်ကို ဒေါပွမိ စိတ်ဆိုးမိတာ ဝန်ခံပါတယ်။ မေမေက မိခင်အရင်းပါဘဲ။ ဒါပေမင့် မေမေကြီးကို အရူးထောင်ထဲ ပို့တဲ့အဖြစ်လဲရောက်ရော၊ မေမေ့အတွက် သောကတွေ ဘယ်ရောက်ကုန်လဲမသိ၊ သူ့အပေါ် ယောက္ခမဆိုတဲ့ အာဃာတစိတ်လဲ မရှိတော့ဘူး။ စိန် စိတ်ပူလိုက်တာ။ နောက်များ ခြောက်လလောက် ပြသနာမရှင်းရင်လား၊ မိစိန်စိန်လဲ အရူးထောင်ရောက်မှာဘဲ"
မော်လီသည် ဟက်ဟက်ပက်ပက် ရယ်၏။
“အေး... သမီး ကြပ်ကြပ် ရယ်၊ ဟင်း...သမီးလဲ တနေ့တော့ တံတားလေးရောက်လိမ့်မယ်။ လောဘ၊ ဒေါသဆိုတာ သတ္တဝါတွေမှာ ဘယ်သူမှမကင်းဘူး။ အဲဒီမှာ လိုအပ်တာထက် ပိုမိုစွဲလန်းလာပြီဆိုရင် ရူးမှာချည်းဘဲ။ မေမေတို့တောင် ငယ်ငယ်က ဓမ္မစကြာအသင်းဝင်တော့ လိုချင်တာ မရသော ဆင်းရဲကို ကိုယ့်ချစ်တဲ့သူနဲ့ မရတဲ့ဆင်းရဲလို့ဘဲ ခပ်တိမ်တိမ်ဘဲ အဓိပ္ပါယ်ကောက်မိတယ်။ လူငယ်ကိုး။ နောက်မှ စာတွေရော၊ လက်တွေ့ရော တရားဘက် လေ့လာတော့ နိဗ္ဗာန်ရောက်ကြောင်း ဝိပဿနာတရားကိုတောင် ဘာလို့ မရရမှာလဲ ဆိုပြီး လွန်ကဲတဲ့စိတ်နဲ့ အားထုတ်ကြည့်၊ လောဘ ဒေါသ ပါလာပြီး ရူးတော့တာဘဲ။ ဒါကြောင့် တရားအားထုတ်ရာမှာလဲ အသင့်အတင့် နှလုံးသွင်းပြီး အားထုတ်ရတာဘဲ၊ အေး... ခုလဲ မြမြစိန်ရေ.. ဒါလောက်နဲ့ပြီးသွားတာ ရတနာသုံးပါး ဂုဏ်ကျေးဇူးဘဲ အောက်မေ့...”
ဒေါ်သန်းဌေးသည် ထုံးစံအတိုင်း သူ့သမီးကို ဦးတည်၍ တရားဟောပြန်၏။
“ဟုတ်တာပေါ့ ကြီးကြီးဌေးရယ်၊ ကိုသန်းရှိန်နဲ့ ကိုကိုနဲ့ တွေ့တဲ့နေ့ကဖြင့်လေ အန်ကယ်ဦးကောင်းဇံကလဲ အစီအမံကောင်းလို့ဘဲ၊ စိန်ဖြင့် ရင်တွေဘာတွေတုန်၊ ရွတ်ဖတ်လိုက်ရတဲ့ ပရိတ်တွေဆိုတာလဲ ကုန်ရော။ ကိုကိုရဲ့ ဒေါသ အရှိန်ကို အန်ကယ်ဦးကောင်းဇံက ဆီးကြိုပြီး အရင်ခံလိုက်ပေလို့။ တဖြည်းဖြည်း ပြေလောက်မှ စိန်နဲ့ ကိုသန်းရှိန်ရယ် အပေါ်ထပ်က ဆင်းလာပြီး တွေ့ရတယ်။ နို့မို့ရင်လား ညီအကို သတ်ပွဲဘဲ...”
“ခုတော့ကော....”
“သူ့စိန်သေတ္တာပြန်ရတော့ တော်တော်လေး စိတ်ငြိမ်သွားပြီပေါ့။ တပတ်ဘဲ ဆေးရုံမှာသွားတယ်။ အန်ကယ့်အိမ်မှာနေပြီး နှစ်ပတ်တခါလောက် သွားပြီး ဓာတ်နှိပ် ခံရအုံးမယ်။ စကားပြော တခါ တခါ ဖောက်တယ်။ ဦးလေးဖေတို့ ဦးလေးရွှေတို့ကို ဆက်ဆံတာကလဲ ကျေကျေနပ်နပ်ဘဲ။ အန်ကယ် ဦးကောင်းဇံနဲ့ ဆရာဝန်ကြီးတွေရှေ့မှာ သူ့စိန်တွေ ရွှေတွေ ခွဲဝေပေးပါတယ်တဲ့၊ ကိုကိုနဲ့ ကိုသန်းရှိန်ကတော့ မေမေ့ ပြန်အပ်ပါတယ်လို့ဘဲ ပြောလိုက်တယ်.....”
“စိန် အဲဒီ အမွေခွဲတဲ့နေ့က လိုက်သွားသေးလား..”
မော်လီက မေး၏။
“အောင်မလေး... ကြောက်လွန်လွန်းလို့ ကိုကို့ကို ပြောရတယ်၊ မစားဘူးတဲ့အရသာကို ဘယ်သူမှ မတောင့်တပါဘူးလို့၊ ကိုကို့မေမေရဲ့ စိန်တွေကိုလဲ အမွေအဖြစ်ရဘို့ မပြောနဲ့၊ ကြည့်တောင် မကြည့်ပါရစေနဲ့လို့ ပြောလိုက်တယ်။ ဟုတ်တယ်လေ၊ ကိုယ့်စိတ်လဲ ကိုယ်နိုင်ချင်မှ နိုင်မှာ။ ကိုယ်တွေ့ကျရင် စိတ်မထိန်းနိုင်လို့ ရူးကြတာတွေ ပြည့်လို့။ မြတွေ၊ စိန်တွေ၊ ရွှေတွေကို ကြောက်လွန်းလို့ မြမြစိန်ဆိုတဲ့ နာမယ်ကိုတောင် ပြောင်းချင်တယ်...”
“အင်း..ဒါလဲ ဟုတ်တာဘဲ။ မော်လီဖြင့် မော်လီ့ဖေဖေဘက်က ဘိုးတော်ကြီးတွေရဲ့ “ငါးနုသန်းလေးကောင် စီမံကိန်း” ကို စံတင်ထားလောက်တဲ့ ဒဏ္ဍာရီအနေနဲ့ သောစရာလုပ်ပြီး ပြောနေလိုက်တာ၊ ကြီးကြီးဒေါ်ဂျိုးဥရဲ့ “စွန်တာနီ ပဲပင်ပေါက် စီမံကိန်းမှဘဲ လက်မြှောက်ရတော့တယ်...”
“အင်း...ဟုတ်ကဲ့ မရွှေမော်ရယ်၊ ရှင်တို့ကလဲ သားသမီးအနေနဲ့ ပြောအားရှိသပေါ့၊ ခုကိစ္စမှာ မဂျိုးဥက တဖက်စွန်းရောက်လွန်းသွားလို့ အပြစ်ပြောရတာကိုး၊ ရှင်တို့သားသမီးများကရော ကြောက်စရာ”
ဒေါ်သန်းဌေးက ပြုံး၍ ပြောလာ၏။
“ဓမ္မပဒမှာ မတွေ့ဘူးလား၊ သာဝတ္ထိပြည်က ပုဏ္ဏားကြီးလေ၊ ငါအိုလာပြီ၊ အေးအေးချမ်းချမ်းနေမယ် စိတ်ထားနဲ့ သူ့ဖို့တောင် သူ မချန်ဘူး၊ သား လေးယောက်ကို အသပြာ ရှစ်သိန်း အမွေခွဲဝေပေးလိုက်တယ်။ ငါအိုလာရင်လဲ ငါ့ကို ပြန်ကြည့်မှာဘဲလို့ ထင်တာကိုး၊ ဝတ်ရုံနဲ့ တောင်ဝှေးဘဲ ချန်ထားတယ်။ သူထင်သလို နောက်ပိုင်းတော့ သားတွေက ပြန်မကြည့်၊ ချွေးမတွေက ငြူစူတော့ ဆင်းရဲဒုက္ခ အကြီးအကျယ်ရောက်ပြီး၊ လက်ထဲက တောင်ဝှေးဘဲ အဖော်ပြုပြီး ဘုရားသခင်ဆီ ပြေးရတယ်။ ဒို့များတော့ တရားဘယ်လိုရရ သားသမီးများ မယုံပေါင်၊ အထူးသဖြင့် မိမော်လီကို သာပြီး မယုံသေး...”
မော်လီနှင့် မြမြစိန်သည် ကျိတ်၍ရယ်ကြ၏။
“ဒါနဲ့ သမီးတို့စကားတွေ ရပ်စမ်း၊ မနေ့က အာ၀ါးရဲ့ ကြားသင်းဘောနဲ့ ပါလာတဲ့ ၀ါးခယ်မအနောက်ပိုင်းက တင်တင်ပုက လမ်းတွေ့လို့ ပြောသွားတယ်၊ ဖထီးက ကြုံရင် ဒေါ်ငြိမ်းမယ်ကို ပြောလိုက်ပါ၊ သူတို့မိသားစု နောက်တပတ် အတွင်း အရောက်လာမယ်လို့တဲ့၊ စာလဲ ထည့်လိုက်တယ်ဆိုလား”
ဒေါ်သန်းဌေးက ပြောလိုက်၏။ မြမြစိန်သည် အိပ်ရာပြင်ဆင်ပြီး၍ ဒေါ်သန်းဌေးအနား လာထိုင်၏။
“ဟုတ်တယ်၊ မနေ့က စိန်ရဲ့ နာမည်တပ်ပြီး ဖထီးဆီက စာလာတယ်၊ မေမေ စီမံထားတာတွေ သူ အားလုံး လုပ်ထားတယ်တဲ့၊ လကုန်လောက် မှန်းပြီး သူတို့ လာခဲ့မယ်တဲ့။ မေမေ စိတ်ချမ်းချမ်းသာသာ နေပါတဲ့။ မေမေ ဘာများ စီထားလဲ မသိဘူးနော် ကြီးကြီးဌေးရယ်..”
မြမြစိန်သည် ခပ်ငေးငေးလေး တွေးရင်း မေး၏။
“အေးပေါ့လေ၊ သူ့မှာလဲ သူ့အစီအစဉ် ရှိမပေါ့။ ကြီးကြီးဌေးလဲ ပြောမလို့ မပြောဖြစ်ဘူး၊ ဒီမှာ မဂျိုးဥ ရုတ်ရုတ်ရက်ရက်ဖြစ်တဲ့နေ့က ကြီးကြီးဌေး ဆေးရုံသွားတယ်မို့လား”
“ဟုတ်ကဲ့၊ စိန် မအားလို့”
“အဲဒီနေ့က ဖထီးဆီ စာတစောင် ထည့်ခိုင်းလို့ ကြီးကြီးဌေး စာတိုက်ကနေ ထည့်လိုက်တယ်...”
"အော်"
“ဒါနဲ့ ညနေကျရင် ကြီးကြီးဌေး ဆေးရုံလိုက်ခဲ့ရအုံးမလား၊ ဒီအိမ်ကဘဲ စောင့်ရမလား...”
“အိမ်ကဘဲစောင့်နေ ကြီးကြီးဌေး"
“အေးအေး... သူငယ်ချင်းကြီး ဆေးရုံမှာ နှစ်လနေရတာ စိတ်တော့ ကျဉ်းကျပ်မယ်၊ အသားတော့ ဖွေးနုနေတာဘဲ၊ ကဲ... စိန် လိုတာရှိပြော ကြီးကြီးဌေး သွားတော့မယ်။ ညနေကျမှဘဲ လာမယ်..”
ကြီးကြီးဌေးသည် ထပြန်သွား၏။
“မေမေသွားမှ မော်လီက အတင်းချရအုံးမယ်...”
မော်လီသည် စိန်စိန့်အနား လာထိုင်ကာ အားရပါးရ ပြော၏။
“ကိုယ်တို့ မှားတော့လေ လူကြီးတွေက ငယ်ငယ်ထဲက တုတ်နဲ့လဲ ဆော်လိုက်သေး၊ ပေါင်တွင်းကြာလိမ်ဆွဲ၊ ခေါင်းခေါက်နဲ့ ဝပ်နေရတာ။ သူတို့လူကြီးတွေ မှားရင် သိပ်အပြောရခက်တာ၊ မော်လီသာ အဲဒီဒေါ်ဂျိုးဥကြီးကို ယောက္ခမ တော်ရရင် ဒုက္ခဘဲ၊ သူမှားနေလို့ မှားတယ်လို့ ထောက်ပြရင်လဲ ယောက္ခမမို့လို့ အဃာတနဲ့ပြောတယ်လို့ စွပ်စွဲအုံးမယ်၊ စိန့်ကို ကိုယ်ချင်းစားပါတယ်၊ မလွယ်ဘူး... မလွယ်ဘူး”
မော်လီက သက်ပြင်းရှိုက်၍ ဒီတခါ လေးလေးနက်နက် တည်တည်ကြည်ကြည် ပြော၏။
“အေးပေါ့လေကွာ၊ အိမ်ထောင်ကိုယ်စီမှာ ဒုက္ခကိုယ်စီ ရှိကြတာဘဲနော်။ ကိုယ်လေ စိတ္တဇဆေးရုံမှာတွေ့ခဲ့တဲ့ ဒေါ်ခင်မေသွယ်ကို ခုထိမမေ့ဘူး၊ ဒေါက်တာ ဦးမြင့်မောင်ကြီးကို တွေ့တိုင်း စိန်ကလဲ စပ်စုတယ်လေ၊ ဦးမြင့်မောင်ဟာ ဦးနှောက်နဲ့ အာရုံကြော အထူးကု ဆရာဝန်ကြီးကိုး။ အဲ.. ဒေါ်ခင်မေသွယ်တို့အိမ်ကြီးကိုလဲ ဒေါ်ခင်မေသွယ်ရဲ့ အဖေရယ်၊ သူ့ယောက်ျား ဦးသောင်းထိုက်ရယ်၊ နှမ အမကြီးတွေရယ်၊ စုနေသတဲ့။ ဒေါ်ခင်မေသွယ်ကလဲ ကလေး ရှစ်
ယောက်၊ အိမ်ကြီးကလဲ အကြီးကြီး၊ ပိုက်ဆံလဲချမ်းသာပါရဲ့ ကွာ။ နောက်ဆုံးတော့ ဒေါ်ခင်မေသွယ်ဟာ လုံးဝစကားမပြောဘဲ တယောက်ဘဲ နေတော့တယ်၊ ခုလဲ ဆရာဝန်နဲ့တွေ့ရင်သာ စကားပြောတာ၊ အိမ်ရောက်ရင်တော့ သူတို့ အိမ်ကြီးရဲ့ နောက်ဆုံးခန်းမှာ တယောက်ထဲ ချက်ထိုးနေတယ်.....”
“အင်း..ယဉ်ယဉ်လေးနဲ့ ရူးရရှာတာဘဲ၊ မော်လီလဲ စိတ်ဝင်စားမိတယ်...”
“ကဲ...သူကတော့လဲ ချမ်းသာလို့တဲ့၊ လက်ချမီး ဆနွင်းမှုန့်ရောင်းတဲ့ မကုလားမကလဲ စော်ဘွားအမျိုးအနွယ် ဒေါ်ခင်စောမူဖြစ်ပြီး အဲဒီပဲခူးဘုရားကြီးမှာဘဲ နေချင်သတဲ့ကွာ။ အချိန်အားရရင် လက်ချမီးကို ကိုယ် သိပ်လေ့လာချင် တာဘဲ...”
“အေးလေ...ရူးနေတယ်ဆိုတဲ့ သူတို့ဘ၀မှာ သူတို့ရဲ့ ဆန္ဒတွေအားလုံး ပြည့်စုံနေတယ် ထင်ပါရဲ့နော်....”
မော်လီသည် သက်ပြင်းလေးရှူကာ သူ့စကားကို နိဂုံးသတ်လိုက်သည်။
* * *
ဒေါ်ငြိမ်းမယ်ကို မြေးများက ဆီးကြို၍ မနက်က မြမြစိန် ပြင်ဆင်ထားသော အိပ်ရာဖွေးဖွေးလေးပေါ်တွင် မေမေသည် သက်တောင့်သက်သာစွာ အိပ်ချလိုက်သည်။ ပူစူးနှင့် မာလေးသည် သူတို့ဖွားအေ၏ပါးကို ညင်သာစွာ နမ်း၏။ ဒေါ်ငြိမ်းမယ်သည် ပြုံးနေ၏။
“ငြိမ်းတော့ စိတ်လွတ်လက်လွတ် ပျော်သွားပြီ...”
ဒေါ်သန်းဌေးသည် အိပ်ရာဘေးတွင် ကပ်၍ထိုင်ရင်း ပြော၏။
“ဘာတွေစားချင်လဲ ပြော၊ ကျမ အားလုံးစီမံပေးမယ်..."
“တော်ပါပြီ မသန်းဌေးရယ်၊ အိမ်ရောက်တယ်ဆို အလိုလို စိတ်ချမ်းမြေ့သွားတာဘဲ၊ ကုသမှုကျတော့လဲ ဆေးရုံကမှ ကိရိယာစုံစုံလင်လင်နဲ့ ကျွမ်းကျင်တော့ ဆေးရုံရဲ့ ကျေးဇူးတရားကလဲ မကင်းဘူးပေါ့လေ...”
“အင်း... ကျမတို့ကတော့လဲ ဗုဒ္ဓဘာသာအယူနဲ့ ဝေဒနာကို ရှုမှတ်ရင်း၊ သက်သာအောင် ကြံဖန်နေတတ်အောင် ဝိပဿနာတရားကို အားထုတ်ကြတယ်။ တနေ့က ခရစ်ယာန် ဆရာဝန်မလေးကလဲ ကျမကို အင်္ဂလိပ်လို ရှင်းပြတယ်၊ ပေးရှင့် patient လို့ လူနာကို အင်္ဂလိပ်လို ဘာကြောင့်ခေါ်လဲ ဆိုတော့ ဖြစ်လာတဲ့ဝေဒနာကို နှစ်ရှည်လများ ကြာတော့လဲ သည်းခံပြီး စိတ်ရှည်လက်ရှည် ကုသခံကြရတယ်တဲ့။ ဝေဒနာကို သည်းခံတဲ့အတွက် သည်းခံခြင်းကို အစွဲပြုပြီး ဝေဒနာရှင်ကိုလဲ patient လို့ ခေါ်တာပါတဲ့လေ...”
“ဟုတ်ပါတယ်လေ၊ နာတာရှည်တော့လဲ ဝေဒနာခံစားရတာထက် သေရတာက ကောင်းသေးလို့ ထင်တယ်၊ ဒါပေမယ့် ကိုယ်ဇာတ်ကိုယ်မပိုင်ကြလေတော့ ဇာတ်သိမ်းခန်းက သိမ်းချင်သလို သိမ်းလို့မရဘူးပေါ့လေ...”
ဒေါ်ငြိမ်းမယ်သည် သူ့အကျင့်အတိုင်း လေအေးလေးနှင့် ပြောနေ၏။
“မေမေ မိုးချုပ်သွားမယ်၊ သမီး ထမင်းပြင်လာခဲ့ပြီ”
မြမြစိန်သည် ယွန်းဗန်းကို သယ်လာ၏။ ဘမောင်ချိန်သည် စာပွဲဝိုင်းခုံမြင့်အငယ်လေးကို ဖွားအေအပါးသို့ ရွှေ့လာ၏။ မြမြစိန်သည် သူပြင်လာသော ထမင်းပွဲကို ဘမောင်ချိန် သယ်လာသော ခုံပေါ် တင်လိုက်၏။
“မေမေ လမ်းလျှောက်လို့ ရပြီ၊ ကြမ်းကြမ်းတမ်းတမ်းသာ မလုပ်ခိုင်းတာ။ မီးဖိုမှာဘဲ ဝင်စားလို့ ရတယ်၊ သမီးတို့ ဒုက္ခပိုမယ်....”
“မပိုပါဘူးမေမေ..”
သားမက်ဖြစ်သူ ကိုသန်းချိန်သည် အနားလာထိုင်၏။
“အကြောင်းမထူးတော့ဘူး မေမေရေ၊ ကိုယ်စိတ် သက်သာအောင်နေ၊ ကျွန်တော်လေ မြမြစိန်ကို ပြောထားတယ်၊ ညဆရာမကိုလဲ မဖြတ်သေးဘူး၊ အိမ်အထိ ခေါ်လာတယ်၊ ညဘက် မေမေ အပေါ့အပါး သွားရ လွယ်ကူအောင်လို့။ နေ့ခင်းတော့ စိန်စိန်ရှိနေပြီ၊ စိန်စိန် ကျောင်းပြန်တက်လဲ မေမေ့အနားမှာ အားလုံးအဆင်ပြေအောင် ကြီးကြီးနဲ့ တိုင်ပင်ပြီး ကျွန်တော်တို့ အမျိုးသမီးတယောက်ထားဘို့ စီစဉ်ထားတယ်....”
ဒေါ်ငြိမ်းမယ်သည် ထထိုင်ကာ သားမက် စကားကို ခေါင်းညိတ်နားထောင်ရင်း ဟင်းချိုကို သောက်ကြည့်နေ၏။
“မဂျိုးဥ အခြေအနေရော.....”
“အားလုံးကောင်းတယ်မေမေ၊ မပူနဲ့၊ မပူနဲ့တော့....”
“အေးပေါ့လေ...မေမေလဲ ဆေးရုံကနေ မေးလျက်ပါ၊ အကုသိုလ်ကံတပါးပါးဟာ အကျိုးပေးလာရင် ဆုံတဲ့ပြီး ဖြစ်တတ်တယ်။ အကုသိုလ်တရားကို ကုသိုလ်တရားနဲ့ဘဲ ငြိမ်းသတ်နိုင်တယ်။ ဝဋ်ရှိလို့ ခံရ၊ ဖြစ်ကြ၊ ပျက်ကြရတောင် ကုသိုလ်အစဉ်ပွားနေသူတို့အဖို့ ကစဉ့်ကရဲ မဖြစ်ဘူးပေါ့..”
“ဟုတ်ကဲ့.. မုန်တိုင်းကတော့ တိုက်ရိုက်ကို အတိုက်ခံတာဘဲ၊ မပျက်မစီးကျန်ရစ်ခဲ့တာ အမြတ်ပေါ့လေ....”
ကိုသန်းချိန်သည် ယောက္ခမကြီး စားသောက်နေသည်ကို ကြည့်ရင်း ပြောပြနေ၏။
စင်စစ်တော့လည်း မုန်တိုင်းစဲ၍သွားပေပြီ။ မုန်တိုင်းဆိုသည်မှာ အဖျားခတ်ခံရသည်တောင်မှ မရှုမလှပေတည်း။ ယခုတောင် အိုးအိမ်မပျက် ကိုသန်းချိန်တို့လင်မယား နှစ်ယောက်မှာတော့ ဆယ်နှစ်လောက် အိုစနာသွားသည်ထင်ရ လောက်အောင် ဤအလနှစ်လက ဒုက္ခအကြီးအကျယ်ပေးလိုက်သည်။
ညဉ့်နက်လာပြီဖြစ်၍ တလမ်းလုံး တိတ်ဆိတ်နေပြီ။ အနော်ရထာလမ်းမှ ဘတ်စ်ကားများ ပြေးသံသာ ကြားနေရ၏။ ကိုသန်းချိန်သည် ဝရံတာတွင်ထိုင်ကာ နဂါးအဝါပတ်ကြီးကို ဖွာရှိုက်နေသည်။ ဒီတခါ အေးချမ်းစွာ စိတ်လွတ် လက်လွှတ် သောက်နေခြင်းဖြစ်၏။ အိမ်ထဲတွင်လည်း မြမြစိန်သည် ကလေးများစာကျက်ပြီးသွား၍ ကလေးများနှင့်အတူ အိပ်ရာဝင်ကြပြီ။ ဒေါ်ငြိမ်းမယ်သည် ညနေစာစားပြီးကတည်းက အိပ်ရာပေါ်လှဲရင်း ငြိမ်သက်စွာ အနားယူနေ၏။ ညစောင့်ဆရာမလေးသာ စာပွဲတင် မီးပွင့်နားတွင် ကုလားထိုင်တလုံးပေါ်ထိုင်၍ စာဖတ်နေ၏။
မြို့ပြင်လို ညဉ့်ဦးယံလေများက လတ်ဆတ်ခြင်း မရှိသော်လည်း ဝရံတာသည် တိုက်ကြိုတိုက်ကြားမှတိုက်ခတ်လာသော လေအေးများအရှိန်ကြောင့် အေးမြနေသည်။
“ဘယ်နေရာရယ်လို့ မဟုတ်ပါဘူး၊ လေမရှိတဲ့နေရာကို မရှိအောင် ကမ္ဘာအနှံ့ လေကတော့ တသုန်သုန်တိုက်နေတာဘဲလေ၊ ခံယူတဲ့သတ္တဝါက လိုက်ပြီး လတ်ဆတ်တဲ့ညဉ့်ဦးလေပြေ မဟုတ်တာတော့ ကျုပ်တိုလဲ မတတ်နိုင်ဘူးပေါ့”ဟု လေညှင်းက စကားဆိုဟန်ရှိသည်။ အဘယ်ကြောင့်ဆိုသော် တချီတချီ ရေမြောင်းပုပ်နံ့၊ အမှိုက်ပုံးမှ အနံ့များမှာ လေထဲတွင် ပါလာသည်။ သို့သော် ကိုသန်းချိန်၏စိတ်ကူးကို သူတို့ ဘယ်လိုမှ မလွှမ်းမိုးနိုင်ပေ။
ညဉ့်ဦးယံ လေညှင်းတွင် ပန်းရနံ့များကလည်း သင်းနေပြီဆိုပါတော့၊ တိုက်ကြိုတိုက်ကြားမှ မြင်ခဲ့ရသော ရှင်လမင်းကလည်း ကောင်းကင်တွင် ထိန်ထိန်သာနေဆဲဘဲဆိုပါတော့၊ လမင်း၏ ငွေရည်စက်များကို ပွင့်ဖတ်များ၊ မြရွက်များပေါ် တွင် မြင်နိုင်အောင် ခြံကြီးကလည်း ကျယ်ဝန်းပြီ ဆိုပါတော့...ဆိုပါတော့...ဆိုပါတော့...အမယ်လေး ဆိုပါတော့တွေ တရာလောက်ဘဲ ပုံနေပါစေ။ ဤခံစားနိုင်သော မနုဿလူသားကောင်၏ စိတ်ဓာတ်ခံက အေးမြချမ်းငြိမ်းခြင်းမရှိပါလျှင် ပန်းတွေ ကုဋေချီ ပွင့်၍နေပါစေ။ လမင်းက ပုလဲမိုး သွန်ချပါစေ။ လေညှင်းက မြသစ်ရွက်များကို ညင်သာစွာ လှုပ်ရှား၍ ညဉ့်ငှက်၏တေးများနှင့် အသံညှိကာ ဂီတကို သီကြူးပါစေ။ ဤလူသားသည် လမင်းကိုလည်း မမြင်နိုင်ပါ။ တေးသံကိုလည်း မကြားနိုင်ပါ။ ပန်းလေးများသာ ပွင့်ဖတ်လွှာ ဖွင့်၍ ကပြရင်း မောလျစွာ အိပ်ပျော်သွားမည်။ မနုဿလူသားကောင်ကတော့ ဤအလှများကို ခံစားနိုင်မည်မဟုတ်ပါပေ။
ကိုသန်းချိန်သည် ဆေးလိပ်ကိုဖွာရင်း မျက်စိမှေးထားရာမှ သူ နောက်လတွင် ပြုစုလိုသော အရှေ့တောင်အာရှ စစ်ပွဲများအကြောင်းစာအုပ်အတွက် စဉ်းစားနေ၏။
“အကိုကြီး..အကိုကြီး၊ ကြီးကြီးငြိမ်းက ခဏလာပါအုံးတဲ့...”
သူနာပြုဆရာမလေး ခေါ်၍ ကိုသန်းချိန်သည် ထ လိုက်သွား၏။
“မေမေ မအိပ်သေးဘဲကိုး”
သူသည် မေမေ့အပါးတွင် ထိုင်ရင်း မေးလိုက်၏။
“အစောကြီးက အိပ်ပျော်သွားတယ်၊ နှစ်နှစ်ခြိုက်ခြိုက် ရှိလိုက်တာ၊ တရေးနိုးတော့ တံခါးပွင့်နေလို့ ဆရာမလေး မေးကြည့်တော့ မောင်သန်းချိန် မအိပ်သေးဘူးတဲ့....”
“ဟုတ်ကဲ့ မေမေ၊ စာတအုပ်အကြောင်း စဉ်းစားနေတာနဲ့..”
“အင်း... အတော်ပါဘဲ၊ မြမြစိန်ကိုလဲ မနှိုးနဲ့၊ မေမေ မင်းကို စကားပြောချင်လို့...”
“ကျွန်တော့်ကို....”
“အေးလေကွယ်၊ ပြီးတော့ မြမြစိန်ကို မင်းပြောပြပေါ့၊ လျှို့ဝှက်တာမဟုတ်ပါဘူး...”
“ပြောစရာရှိတာ ပြောပါ မေမေ”
ကိုသန်းချိန်သည် စိတ်ဝင်စားစွာ နားထောင်နေ၏။
“ညနေက သားတို့အစီအစဥ် ပြောပြလို့ မေမေ အားလုံးကိုဘဲ ကျေးဇူးတင်ပါတယ်၊ ဒါပေမင့် ငွေကြေးမတတ်နိုင်တဲ့ လူအိုများကလွဲလို့ သူတို့ကိုယ်သူတို့ အားကိုးနိုင်တဲ့လူများဟာ သူတို့ရဲ့ အိုမင်းချိန်ကို သူတို့ကြိုက်သလိုဘဲ အသုံး ချချင်တယ်ကွယ်....."
မေမေ့စကားသည် တိုသော်လည်း စိတ်ဝင်စားစရာကောင်း၏။
“နောက် နှစ်ပတ်လောက်အတွင်း ဖထီးတို့လင်မယား ရောက်လာမယ်။ သူသမီးနဲ့ သားမက်လည်း ပါလာမယ်။ သူ့မှာ သားတယောက် သမီးတယောက်ရှိတယ်။ ဖထီးသားက မောင်းတီးမယ်ရှိတဲ့ သူတို့လယ်ဘဲဆိုပါတော့၊ မေမေပိုင်ပေတဲ့ သူတို့လုပ်ကိုင်စားပြီး သူတို့သဒ္ဓါသလောက်ဘဲ ပေးသမျှ မေမေ လက်ခံတယ်။ သားကတော့ အဲဒီလယ်ကို ဦးစီးလုပ်နေတယ်၊ ခု ဖထီးနဲ့အတူပါလာမယ့်သမီးကို မြမြစိန်ကိုကူဘို့ မေမေ ထားရစ်မယ်။ ဖထီးသားမက်ကို မင်းတို့အလုပ်ရှာပေးလိုက်ပါ၊ မင်းတို့လခနဲ့ ခေါ်ထားမယ့် မိန်းကလေးနဲ့စာရင် သွေးသားလိုဖြစ်နေတဲ့ ဖထီးသမီးဟာ ဒီအိမ်အပေါ် မှာ မေမေ့ကို သစ္စာရှိသလို သစ္စာရှိမှာပါ။ မေမေ ...မေမေကတော့လေ...”
မေမေသည် ဤနေရာတွင် ပင်ကိုယ်သံထက် နှိမ့်၍ ဖြည်းညှင်းစွာ ပြော၏။
“ပြန်ပါရစေတော့နော်၊ မေမေ့ခြံလေးမှာ မေမေပြန်ပြီး အနားယူတော့မယ်...”
ကိုသန်းချိန်သည် တကယ်ပင် ငိုချင်သလို ဖြစ်သွား၏။ သူ့ကိုမွေးသော အမေ ရူးသွားစဉ်က သူစိတ်ထိခိုက်လိုက်သော ဝေဒနာခံစားမှုသည် တမျိုး။ ရုတ်တရက် ကိုယ်ကို မီးလောင်ခံရတာမျိုးဖြစ်၏။ ယခု ယောက္ခမ၏စကား ကြား ချိန်တွင် ခံစားရသောဝေဒနာသည် ကြေကွဲခြင်းလား၊ ဆွေးမြေ့ခြင်းလား၊ သူသည် မဖေါ်ပြတတ်အောင်ပင် ဖြစ်သွား၏။
“မေမေ့ကို ဘယ်သူတွေကြည့်မလဲ....”
“မပူပါနဲ့ သား၊ ဖထီးဟာ မေမေနဲ့ အသက်တနှစ် နှစ်နှစ်ပဲ ကွာပေမယ့် သူတို့လင်မယားနဲ့အတူ မေမေ မွေးလာကတည်းက တခြံထဲမှာ လက်ရေတပြင်စီး ကြီးလာတာပါ။ မောင်းတီးလယ်ကို သူတို့အသက်ကြီးလို့ မလုပ်ဘဲ သားကို လွှဲထားတယ်၊ သူတို့ကတော့ ခုထိဘဲ မေမေ့ခြံမှာ အသီးအနှံစိုက်ပြီး စားနေကြတယ်။ မေမေ သူတို့နဲ့ နေမယ်၊ လက်တိုလက်တောင်း ကျောင်းလာနေတဲ့ သူတို့မြေးလေးတွေလဲ ရှိတယ်။ မေမေနဲ့ ဖထီးတို့ရဲ့ ကျေးဇူး အတုံ့အလှယ်တွေဟာ ခွဲခြားလို့မရဘူး။ မေမေ့ပင်စင်လစာနဲ့ မေမေ လုံလောက်ပါတယ်။ မေမေပြန်ချင်ပြီကွယ်။ သားတို့ မေမေ့ကို ခွင့်လွှတ်ပါ။ မေမေ ဒီမှာလာနေတာ လှမောင်ချိန်တသက်ဘဲ...”
မှန်၏။ ဘမောင်ချိန် မွေးပြီး မြမြစိန် ကသီမှာစိုး၍ မေမေ လာနေသည်မှာ လှမောင်ချိန် မွေးစကတည်းက ဖြစ်သည်။ ယခု လှမောင်ချိန် ဆယ်နှစ်ထဲဝင်လာခဲ့ပြီ။
“မေမေ့ကို ရက်စက်တယ်လို့ ထင်သလား၊ မေမေ့ကို ကိုယ်ကျိုးကြည့်တယ်လို့ ထင်သလား.....”
“မထင်... မထင်ပါဘူးမေမေ၊ ကျွန်တော်သဘောပေါက်ပါတယ်၊ ကျွန်တော် အများကြီးသဘောပေါက်ပါတယ်.....”
ကိုသန်းချိန်သည် တုန်ယင်စွာ ပြောရင်း၊ လေးလေးပင် အသက်ရှိုက်၍ ရှူမိ၏။
“ဒါပါဘဲ၊ သွားပြီးအိပ်တော့နော်...”
အပိုင်း(၁၂)(ဇာတ်သိမ်း)ဆက်ရန်
---------------------
0 Comments