ဘုရင်ခံ မလိုချင်ပေါင် - ခင်နှင်းယု အပိုင်း (၁၂) ဇာတ်သိမ်းပိုင်း

#ဘုရင်ခံ မလိုချင်​ပေါင်

အပိုင်း(၁၂)(ဇာတ်သိမ်း)

​ဒေါ်သန်းဌေးအိမ်တွင် ညဉ့်က မေမေပြောသောစကားကို ကိုသန်းချိန်သည် မြမြစိန်ကို ပြောပြ၏။ မော်လီရော ဒေါ် သန်းဌေးပါ ​အနားတွင်ရှိကြသည်။ မြမြစိန်သည် ပထမတော့ ကြူကြူပါ​အောင် ငိုသည်။ ပြီးတော့ ရှိုက်၍ရှိုက်၍ ငိုသည်။ ကျန်လူသုံး​ယောက်မှာ ဘာစကားမျှဆို၊ ငြိမ်သက်၍ နေကြ၏။ မြမြစိန်သည် စကားပြောရန် အားယူလိုက်ရင်း မျက်ရည်က စကား​ပြောမရနိုင်လောက်အောင် တွေတွေ တွေတွေ ကျလာ၏။ ရှိုက်သံကတော့ တဖြည်းဖြည်း ဝေးသွားသည်။ ပြီးမှ သူ့အသံသည် တုန်ယင်စွာ ပေါ်လာ၏။

“စိန် နားလည်ပါတယ် ကိုကိုရယ်၊ အမှန်တော့ ​မေ​မေက မပြောဘဲနဲ့တောင် စိန်တို့ နားလည်သင့်ပါတယ်..”

မြမြစိန်သည် ဖြည်းညှင်းစွာ တလုံးချင်း ဆက်​ပြော၏။

“ဘာလို့လဲဆိုတော့လေ စိန်တို့ကသာ စိတ်ထဲမှာ ထင်နေတာကိုး၊ မိခင်ကြီးကို ကိုယ်နဲ့အတူမခွာ ခေါ်ယူပြီး ကျွေးနေတယ်လို့၊ တကယ် ရိုင်းရိုင်းပြောရရင် သူအိုမကြီးကို စိန်စိန်တို့ ခေါ်ပြီး ခိုင်းထားသလိုပါဘဲ"

“အို.. ဒီလိုလဲ ဘယ်ဟုတ်မလဲလေ” 

ဒေါ်သန်းဌေးက ဆို၏။ 

“ဟုတ်ပါတယ်လေ၊ စိန် စိတ်သက်သာအောင်လို့ ​ဖြေပြီး​တော့ ကြီးကြီး​ဌေး ပြောမနေပါနဲ့တော့။ စိန်ဟာ သိတတ်ဘို့ ကောင်းတယ်။ မေမေ ဆေးရုံတက်တော့ ကလေး​ခြောက်ယောက်နဲ့ အိမ်တာဝန်၊ ငွေရေးကြေးရေးနဲ့ ပတ်လည်နေလိုက်တာလေ၊ ဒါပေမင့် စိန်က အရွယ်ငယ်တယ်၊ စိန်​မွေးထားတဲ့ သားသမီးလေးတွေအတွက် စိန့်လျှာ အလျားသား ထွက်ပေစေ လုပ်ရမယ်။ မေ​မေ့အရွယ်က ထမင်း နံနက်စာစားပြီးရင် နာရီဝက်လောက်တော့ အနဲဆုံး နားရမယ်၊ အိပ်ရမယ်။ သူ့ခမျာ ဒီလိုနားနေမှုကို လုံးဝမရခဲ့ဘူး"

မြမြစိန်သည် မောလျစွာ အသက်ရှူလိုက်၏။

"ဖြစ်သမျှပြဿနာ သမီးဆီ တက်လာမှာစိုးလို့ လိုသမျှ အိမ်စရိတ်ကို သူ့ရွှေဒင်္ဂါးလေးတွေ ​ချွေရောင်းပြီး ဖြည့်တယ်။ စိန်ကတော့ ကိုယ့်စိတ် လှည့်စားပြီး အနား​ခေါ် လုပ်ကျွေးနေတယ်လို့ ထင်ခဲ့တယ်။ သူ့ဟာသူ နေနိုင်စားနိုင်တဲ့ မေမေ့အဖို့ ကျမတို့ လုပ်ကျွေးနေတာကို ခံယူနေရတာမှ မဟုတ်ဘဲ၊ သူက ပြန်လုပ်ကျွေးနေတဲ့ သဘောပါဘဲ​လေ..."

“မိခင်တွေရဲ့ စိတ်မှာ သူတို့သားသမီးတွေဟာ အိမ်ထောင်ရက်သားကျလို့ မြေးတွေရနေပါစေ၊ သူတို့ကတော့ ရင်ခွင်ထဲက မနေ့ကမှထွက်သွားသလို စိတ်မချနိုင်ဘူး စိန်စိန်...”

ဒေါ်သန်းဌေးက ဆို၏။ 

“ဟုတ်ကဲ့၊ ဒါပေမင့်... ဒါပေမင့် သားသမီးက နားလည်ရမှာ။ အို...ဘုရားတန်ခိုးတော်ဘဲ၊ မေမေ သေမှသာ စိန် ဒီလိုသဘောပေါက်မိရင်လား နောင်တရလို့ ဆုံးမှာမဟုတ်ဘူး"

စိန်စိန်သည် မငိုတော့၊ ငိုင်၍တော့နေသည်။ ကိုသန်းချိန် ရင်ခွင်ထဲတွင်လည်း တွေးစရာတွေ တသီကြီးလို ပေါ်လာ၏။ သူသည်လည်း သူ့မေမေအကြောင်းကို တွေးမိ၏။ မိခင်တိုင်းတွင် မေတ္တာကိုယ်စီရှိကြပါ၏။ သို့သော် ခံယူသောသဘောထားအယူအဆများမှာ ကိုယ်ပိုင်ခံယူချက်များနှင့် ကွဲလွဲချက်များရှိတတ်ကြသည်တကား...။ 

“ကြီးကြီးဌေးတောင်.... ”

ဒေါ်သန်းဌေးက ငြိမ်သက်နေခြင်းကို သူ့စကားစဖြင့် အသက်ဝင်လာစေ၏။

“မော်လီကို ခုထိ ခလေးလိုမြင်တယ်လို့ မင်းတို့ထင်မယ်။ ​ယောဂီထဘီဝတ်ပြီး မင်းကွန်းကျောင်းတိုက်နဲ့ ၃၂- လမ်း ကူးပြီး ဝီစိကိစ္စတွေနဲ့ ရှုပ်ထွေးနေတဲ့ မိန်းမကြီးလို့၊ သူ အားထုတ်နေတဲ့ တရားကလဲ ဘာတရားလဲလို့ ထင်မှာဘဲ။ ဟုတ်တယ်၊ အဲဒါ မော်လီကို စိတ်မချလို့..”

မော်လီသည် ယခုအခါ ဣ​နြေ္ဒရစွာ မိခင်မျက်နှာကို မော်ကြည့်၍ စူးစိုက်စွာ နားထောင်နေ၏။

“လိုင်စင်ခေတ် ကုန်ပြီး ဒီဘက်ပိုင်းမှာ သူ မတင်ရီတို့နဲ့ ပေါင်းပြီး ရိုးရိုးသားသား စိန့်ရွှေအရောင်းအဝယ် လုပ်တယ်။ တိုက်တွေ အိမ်တွေလဲ ပွဲစားလုပ်ရင်းက ငါ့သမီး ခြေလွန်သွားမလားဆိုတာ ကြီးကြီးဋ္ဌေး စောင့်ကြည့်နေတယ်။ လိုင်စင်ခေတ်ကတောင် တချို့ မိန်းမချော မိန်းမလှတွေ လင်ငုတ်တုပ် စိန်ရွှေအပြည့်နဲ့တောင် လောဘမသတ်နိုင်ဘဲ လိုင်စင်ရောင်းစားရာက ကုလား တရုပ်သူဌေးတွေရဲ့ ကြေးကြီးစား ခြေတာတင် ဖြစ်ခဲ့ကြတယ်..”

မော်လီသည် ခေါင်းငုံ့နေရာမှ ဆတ်ကနဲ မော့်လိုက်၏။ 

“မေမေကလဲ မော်လီ စီးပွားရေးဝါသနာပါလို့ လုပ်ခဲ့ပေမယ့် အဲဒီတုန်းကတောင် မော်လီ လိုင်စင်ရောင်းမစားခဲ့ဘူး...”

မော်လီသည် ညင်သာစွာ ဖြေ၏။ 

“ဟုတ်ပါတယ် သမီး၊ ခုလဲ တဖြည်းဖြည်း ခြေကျွံ လက်ကျွံနဲ့၊ မှောင်ခိုဂိုဏ်းတွေနဲ့ ပေါင်းမိသွားမှာစိုးလို့ ရင်တထိတ်ထိတ်နဲ့ မေမေ သမီးကို စောင့်ကြည်နေလာတာဘဲ။ ခုမှဘဲ ငြိမ်းတယောက် စကားဆိုသလို မေမေလဲ ဆိုပါရစေ​တော့၊ ကိုယ့်အားကိုယ်ကိုးနိုင်တဲ့ လူအိုတွေအဖို့ ကိုယ့်စိတ်ကြိုက် ကိုယ်နားခွင့်ကို ရွေးချယ်ချင်လာပြီ။ ဒီအတွက် ကိုယ်ကျိုးကြည့်တဲ့ မိခင်တွေလို့ အထင်လွဲရင်လဲ မေမေတို့ခံမယ်”

ဒီအခါ မော်လီ ငိုလေပြီ။ မြူးပျံကြွနေသော ငှက်ငယ်သည် ကမ်းပါးစောင်းတွင် နားရင်း သူ နေ့စဉ် ပျံသန်းနေသော ခရီးကို မျှော်ကြည့်မိ၏။ မေမေပြောခဲ့သလိုပင် တကယ်တော့ သူ ခေါက်တုံ့လူးလာ ပျံသန်းခဲ့သော ခရီးသည် အန္တရာယ်များလှသည်တကား။

"ဒီတော့ ရှိတာနဲ့စား၊ ရှိတာနဲ့ နေပါ ​မော်လီ။ မတင်ရီတို့နဲ့လဲ အဆက်ဖြတ်မယ်လို့ မေမေ့ကို ကတိပေးပါ..” 

“ဟုတ်..ဟုတ်ကဲ့...”

မော်လီသည် ငိုရှိုက်ရင်းမှ အဖြေပေး၏။ 

“ ကျူရိုး တိုင်ထူနေရတဲ့ မိန်းမသားတွေ သူတို့ရဲ့ ပျက်စီးရတာ၊ ဆင်းရဲတဲ့ သားသမီးတွေရဲ့ ဝတ္တရား မကျေတာကို ခွင့်လွှတ်နိုင်ကြပေမယ့် သမီးတို့လို အခြေအနေရှိတဲ့ အမျိုးသမီးတွေရဲ့ ခြေလှမ်းမှားတာကိုတော့ ဘယ်သူကမှ ခွင့်လွှတ်မှာ မဟုတ်ဘူး...”

ဒေါ်သန်းဌေးက ဤတွင် သူ့စကားကို နိဂုံးချုပ်လိုက်၏။ ကိုသန်းချိန် ခေါင်းထဲတွင်မူ သူ့မေမေရော မည်သို့သော အနားယူခြင်းကို ရွေးချယ်မည်နည်း။ သူသည် စဉ်းစားနေမိ၏။

“အခုတော့ မေမေနဲ့ ငြိမ်းရဲ့ အခြေအနေက သားသမီးကို လက်ဝါးဖြန့်တောင်းရအောင် ဆင်းရဲတဲ့အခြေအနေ မဟုတ်လေတော့၊ ဒို့များရဲ့ အိမ်ပြန်ချိန်ကို ဒို့များဖာသာ ရွေးချယ်လိုက်ပြီဆိုတာ ဒို့နှစ်ယောက် တိုင်ပင်ပြီး သမီးတို့ သားတို့ကို အသိပေးတာဘဲ....”

”သူတို့သူငယ်ချင်းနှစ်ယောက် ကြိုတင်စီမံကြခြင်းပေကိုး"

လူငယ် သုံးယောက်သည် ဘာမျှ ပြန်မပြောတော့ပေ။

* * * 

၃၂-လမ်းလို လမ်းကျဉ်းလေးမျိုးတွင် ဤဝရန်တာသည် လသာပြတင်းဖြစ်၏။ ဤလေသာ​ဆောင်တွင် ထိုင်၍ ထိုင်၍ အပန်းဖြေကြရ၏။ 

“သူတို့ ပြန်သွားကြပြီ..”

မြမြစိန်သည် တီးတိုးစွာ ရေရွတ်၏။ မေမေ၏ အိမ်ပြန်ချိန်ဇာတ်လမ်းသည် သူ့ နှလုံးသားတွင် အမြဲထင်နေသည်။ ထို​နေ့က...မေမေ့ကို ၀ါးခယ်မအထိ သူ လိုက်ပို့ရန် ခွင့်မပြုခဲ့။ သင်္ဘောဆိပ်အထိသာ သူလိုက်ပို့ရသည်။ ဖထီးတို့ လင်မယားရော ဒေါ်သန်းဌေးပါ ပြုံးရွှင်ကြည်လင်သော မျက်နှာနှင့် ဗန္ဓက သင်း​ဘောဦး ဧည့်ခံခန်းတွင် ထိုင်နေ၏။ မေမေသည် သူတို့အလယ်တွင် ငြိမ်းအေးသော မျက်နှာနှင့် သူ့ကို ကြည့်နေသည်။ မြေးငယ်လေးများကို သင်္ဘောဆိပ်လိုက်ပို့ရန်ကိုလည်း ဒေါ်ငြိမ်းမယ်က ခွင့်မပြု။ ယခင်လိုမဟုတ်၊ ဗန္ဓကသည် ယခု အချိန်စောထွက်၏။ ဇင်ရော်များ ပျံသန်း၍ သင်းဘောဦးပတ်ဝန်းကျင်တွင် ဝဲနေကြသည်။ ကိုသန်းချိန် တယောက်တည်းသာ ပြတင်းမှာ မတ်တပ်ရပ်ကာ လက်ထဲမှ ပေါင်မုံ့ကို ဖဲ့၍ စင်ရော်များကို ကျွေးမွေးနေသည်။
.
သင်္ဘောထွက်တော့မည်။ သူ၊ မော်လီ၊ ကိုသန်းချိန်နှင့် ခင်မောင်ရင်တို့သည် ကြမ်းပြင်တွင်ထိုင်၍ မေမေနှင့်ကြီးကြီး​ဌေးကို ကန်တော့၏။ အစဉ်ထာဝရလိုပင် မြမြစိန်ထက် ပြုံးရွှင်မြူးပျံနေတတ်သော မော်လီသည် ယခု သူ့ထက် ရှိုက်၍ ငိုသည်။

ကျဉ်းကျပ်သောလှေကားမှ သူတို့ အောက်ကိုဆင်းခဲ့၏။ ဗန္ဓကသည် ဆည်းဆာချိန်တွင် ရန်ကုန်မြစ်ကို ခွာခဲ့ပြီ။ တံတားတွင် သူတို့သုံး​ယောက် မတ်တပ်ရပ်နေ၏။ သင်း​ဘောပေါ်က အဖွားကြီးနှစ်ယောက်သည် လက်ကို ဝှေ့ရမ်းနေ၏။ သူသည် လက်ကိုမြောက်၍မရ၊ တချို့ ဇင်ရော်လေးများသည် ခုတ်မောင်းသွားသော ဗန္ဓကသင်္ဘောနောက်သို့ ရောယောင်၍ ပျံသန်းလိုက်သွား၏။ တချို့ စင်ရော်လေးများကတော့ ဆည်းဆာချိန်ရောက်ပြီမို့ သူတို့လည်း အိမ်ပြန်ကြသည်။

​မေ​မေတို့၏အိမ်ပြန်ချိန်သည် ကောင်းသောပြန်ခြင်းဖြစ်၏။ မေမေချစ်သော ၀ါးခယ်မ၏ခြံမြေလေးသည် သူ့ကို ဆီးကြိုနေမည်။ မိုးကျချိန် ဗွက်ထူသောဈေးအနီး ကမ်းနားလမ်းကသာ ညစ်ပတ်ပေရေနေပေမင့် မြို့ပြင် မေမေနေသော ကျောင်းကြီးအနားက ခြံမြေလေးသည် ယခုလည်း သာယာချမ်းမြေ့နေပေလိမ့်မည်။

ဪ တနေ့ သူသည်လည်း အိမ်ပြန်ရမည်။ သူ၏အိမ်ပြန်ခြင်းသည်လည်း ကောင်းသောပြန်ခြင်း ဖြစ်ပါစေသတည်း။

"အချိန်တန်ရင် အိမ်ပြန်ချင်သကို ချစ်သူနဲ့ လမ်းမှာ​တွေ့သကို"

သားသမီးများထဲတွင် သီချင်းဆို ဝါသနာပါလှသော လှမောင်ချိန်သည် သီချင်းအော်ဟစ်ဆိုရင်း သူ့ စဉ်းစားခန်းဝင်နေသော ဝရံတာသို့ ပြေးထွက်လာ၏။

“မေမေရေ...ဖေဖေကပြောတယ်၊ နောက်အပတ် စ​နေမှာ ရွှေတောင်ကြားက မေမေကြီး မင်းဘူး ပြန်မယ်တဲ့။ ဖေဖေကလေ ဦးလေး ဦးသန်းရှိန်နဲ့အတူ မင်းဘူးထိ လိုက်ပို့မယ်တဲ့၊ သားတို့က စနေနေ့မို့ ကျောင်းမတက်ရဘူး၊ လေယာဉ်ပျံကွင်းအထိ လိုက်ပို့မယ်နော်...”

“အေး ..အေး” 

ထိုအစီအစဉ်ကို သူ့ခင်ပွန်းသည်သည် သူ့အား ပြောပြီးဖြစ်၏။

"ဪ....မေမေကြီးလဲ အိမ်ပြန်တော့မယ်"

သူသည် ယောက္ခမကြီး၏အိမ်ပြန်ချိန်ကို အမှတ်ရလာသည်။

* * * 

ဒေါ်ဂျိုးဥ အိမ်ပြန်ချိန်မှာ စည်စည်ပင်ပင်ရှိ၏။ ဦးကောင်းဇံနှင့် ​ဒေါ်ဂျိုးဥ မိသားစုက ကားတစီး၊ ခင်မောင်ရင် မောင်းသောကားတွင် မော်လီ၊ မြမြစိန်နှင့် ဘမောင်ချိန်တို့အုပ်စုက တအုပ်စုဖြစ်၏။ လေယာဉ်ကွင်းတွင် ပွက်လောရိုက်နေသော သားသမီးတစုတို့ကို အ​တော်ထိန်းရ၏။

​ဒေါ်ဂျိုးဥသည် သူ့စိန်သေတ္တာကို လက်မှာပိုက်ထား၏။ မျက်လုံးအကြည့်များ ငြိမ်သက်ကောင်းမွန်လာ၍ အားလုံး စိတ်ချမ်းသာကြသည်။

လေယာဉ်ထွက်သည်အထိ ဘမောင်ချိန်တို့အုပ်စုသည် လက်ဝှေ့ရမ်း အော်ဟစ်ရင်း နှုတ်ဆက်နေကြသည်။

“မေမေ.....မင်းဘူးက ဖွားဖွားကြီးကလေ ဖွားဖွားငြိမ်းလိုမဟုတ်ဘူး၊ အဆို အက သိပ်ကောင်းတာဘဲ​နော်” 

လှမောင်ချိန်သည် ပြောရင်းဆိုရင်း အငြိမ်မနေ..။ 

“စိန်ဘီးလဲ ပန်ချင်သ​မောင်၊ တိုက်ကြီးလဲ တယ်မယ် မောင်၊ အဲဒါတွေကို ကိုယ့်ယောက်ျားမို့၊ ဒုက္ခများသမို့၊ အပိုမရှာချင်ပေါင်၊ လူတို့ခင်မင်အောင်၊ ဖြစ်သ၍နေပြီး မရှောင်၊ ရွှေကိုမင် လူကိုခင်တယ်၊ ချစ်တဲ့သူကလွဲ အကုန်လုံး ဖွဲနဲ့ဆန်ကွဲမောင်၊ ဘုရင်ခံမလိုချင်ပေါင်....”

သီချင်းကို သီဟစ်ဆိုရင်း ဒေါ်ဂျိုးဥ စိတ်ဖောက်ပြန်သည့်နေ့က က,သည့်အတိုင်း လှမောင်ချိန်က ရှေ့ဆုံးမှ က,၍ လေဆိပ်ဧည့်ခန်းဝ မှန်တံခါးကြီးရှိရာသို့ ပြန်ရန် ထွက်သွား၍၊ နောက်က မောင်နှမတစုက လက်ခုပ်တီးကာ လိုက်သွားကြသည်။ လေယာဉ်ပျံကွင်း ဧည့်ခန်း​ဆောင်ရှိ ခရီးသည်များမှာ သူတို့ကို ကြောင်၍ကြည့်နေသည်။

မြမြစိန်သည် ခလေးအုပ်ကို ထိန်းရင်း နောက်မှ ​အော်ဟစ်လိုက်သွား၏။

ဪ... ယောက္ခမကြီး၏ အိမ်ပြန်ချိန်သည်လည်း "ကောင်းသောပြန်ခြင်း ဖြစ်ပါစေသတည်း” ဟု ဆုပင် မတောင်းလိုက်ရ။ ခလေးများက ဆူလှပေသကိုး။

ပီကာဆို၏ ချိုးရုပ်သည် ငြိမ်းချမ်းရေး အထိမ်းအမှတ် အနေဖြင့် ရေးဆွဲသည်ဟု ဆို၏။ ဒေါ်ဂျိုးဥကတော့ ပညတ်သွားများ ဓာတ်သက်မပါ  မည်သည့်ချိုးက အုသွားလေမှန်း မသိ။ နှလုံးသွေးဆူအောင် မငြိမ်းချမ်းနိုင်ဘဲ ပူပန်ခဲ့ရ သော ​ဒေါ်ဂျိုးဥပါတကား...။
-----------------
#ခင်နှင်းယု

(ဤဝတ္ထု ဖြစ်မြောက်ရန်အတွက် ကာယကံရှင်များ မသိဘဲ၊ ကျမ၌ အကူအညီများ ရရှိခဲ့ပါသည်။ သို့ပါ၍ ​အောက်ပါပုဂ္ဂိုလ်များအား အထူးကျေးဇူးတင်ရှိပါသည်။ စိတ္တဇဆေးရုံအုပ်ကြီး ဒေါက်တာဦးနေဝင်း၊ ဒေါက်တာ ဦးအုန်းမောင်၊ ဒေါက်တာ ဒေါ် ​ဂျေခိုင်၊ စာရေးဆရာ​ ဆွေမင်း၊ ဆရာ​ ကျော်ဘုန်းတို့ ဖြစ်ပါသည်။)

Post a Comment

0 Comments