#ဗညားရှိန်း
အပိုင်း(၁၅)
တော်သလင်းလပြည့်နေ့မှာတော့ မလေးမွေးနေ့ဖြစ်၍ ဘုရားတက်ချင်သည်။ ဒါပေမဲ့ လပြည့်နေ့မှာ သူ့ဂျူတီက ခွဲစိတ်ရမည့်နေ့ဖြစ်၍ ဘုရားကို သွားနိုင်မည်မဟုတ်၊ နံနက်ပိုင်း ခွဲခန်းဝင်ပြီး ညနေမှာတော့ ဘုရားတက်နိုင်သည်။ ဘာပဲဖြစ်ဖြစ် ရွှေတိဂုံဘုရားမသွားနိုင်လည်း သူ့အခန်းက ဘုရားမှာပဲ ပန်းကပ်တော့မည်။ သူသည် ဦးစံမောင်ကို ခေါ်လိုက်သည်။
"ဦးစံမောင် နက်ဖြန် မလေး မွေးနေ့မို့လို့ ဘုရားမှာ ပန်းသက်စေ့ကပ်ချင်လို့၊ မနက် ဈေးသွားရင် သစ္စာပန်းအဖြူ လေးဆယ့်ရှစ်ခိုင် ဝယ်ခဲ့ပါ"
“ကောင်းပါပြီ”
ဦးစံမောင်က ပြန်လှည့်ထွက်သွားသည်။ မကြာခင် သူဇာ ဝင်လာသည်။
"ဟင်... သူဇာ ကျောင်းမသွားဘူးလား”
မလေးနုက မေးလိုက်၏။
“ဖေဖေ့ကို ထမင်းကျွေးပြီးမှ သွားမယ်၊ ဒီနေ့ကလပ်စ်က ညနေပိုင်းမှ၊ ခုန ဦးစံမောင်က ဟင်းတွေလာပို့ရင်း ပြောသွားတယ်၊ နက်ဖြန် အန်တီမလေး မွေးနေ့ဆို”
"အန်တီမလေး လေးဆယ့်ရှစ်နှစ်ရှိပြီလား၊ ဘုရားပန်း လေးဆယ့်ရှစ်ခိုင် မှာတယ်ဆို"
အန်တီမလေး အသက်က လေးဆယ့်ငါးနှစ်။ ဘုရား၊ တရား၊ သံဃာ သုံးပါး စုစုပေါင်း လေးဆယ့်ရှစ်ပေါ့၊ နက်ဖြန် ဘုရားသွားချင်မှ သွားနိုင်မှာမို့ အိမ်မှာပဲ ကပ်မယ်"
"ထွန်းမောင် မေးကြည့်ဦးမယ်၊ အားရင် ညနေ သွားတာပေါ့၊ သူဇာရော ဖြူပြာပါ လိုက်မယ်”
သူဇာက ပြောပြောဆိုဆို ထွက်သွားသည်။
နောက်နေ့မှာ မလေးနုသည် ခွဲစိတ်ခန်းဝင်ရင်း ဒီတစ်နေ့အဖို့ သူ၏မွေးနေ့အလှူအဖြစ် လူနာများကို ခွဲစိတ်ကုသခြင်းဟု အာရုံပြုကာ သူခွဲစိတ်သည်။ ခါတိုင်းလည်း မခွဲခင် ဘုရားကိုအာရုံပြု၊ လူနာကို မေတ္တာပို့ပြီးမှ ခွဲသည်။ ယနေ့ခွဲစိတ်သော လူနာ အမျိုးသမီးများမှာ ငွေကြေးခန်းက သုံးယောက်၊ စေတနာခန်းက နှစ်ယောက်။ ရောဂါကြီးသူ နှစ်ယောက်က ငွေကြေးခန်းဖြစ်သည်။ ထိုနေ့ ငါးယောက်အတွက် သူ ခွဲစိတ်ခ မယူ၊ လှူဒါန်းမည်ဟု ဆုံးဖြတ်လိုက်သည်။ ငွေရှင်းသည့်အချိန်ကျလျှင် ထိုနေ့ရသည့်ငွေကို စေတနာခန်း ရန်ပုံငွေကို လှူလိုက်ရုံပဲ။
နေ့လယ် နှစ်ချက်တီးကျော်မှ ခွဲစိတ်ပြီး၍ တင်သက်မာနှင့်အတူ ထမင်းစားခန်းကို ဝင်လာသည်။ သူတို့နှစ်ယောက် ထမင်းစားခန်းထဲ ဝင်ဝင်ချင်း "Happy Birthday to you" ဟု သံပြိုင်ဆိုလိုက်သော အသံများကို ကြားရ၍ မလေးနုမှာ အံ့အားသင့်ရင်း ခြေလှမ်း တုံ့သွားသည်။ စားပွဲမှာရပ်၍ သံပြိုင်ဆိုနေသူများက ရှိန်းသူဇာ၊ ဖြူပြာနှင့် ဦးပြူး။
“လာပါ အန်တီမလေးရဲ့၊ ဒီမှာ အန်တီမလေးအတွက် မွေးနေ့ကိတ်မုန့်"
ဖြူပြာက ခေါ်လိုက်သည်။
မလေးနုမှာ စားပွဲမှာထိုင်လိုက်ရင်း ဝမ်းသာသွားသည်။ တင်သက်မာကလည်း သားအဖများမျက်နှာကို လှမ်းကြည့်ရင်း ကျော်သွားသည်။
“သူဇာ မနေ့က အားလုံးစီစဉ်ထားတာ၊ အန်တီမလေးက ဒီနေ့ သူ့မွေးနေ့ဆိုတာ ဦးစံမောင်ကို ပြောကတည်းက အန်တီမလေးအတွက် ကိတ်မုန့်ကို မှာလိုက်တယ်၊ ပြီးတော့ ဒီနေ့ စေတနာခန်းကို ထမင်းမကျွေးဘဲ ခေါက်ဆွဲကြော် စပါယ်ရှယ်ကျွေးတယ်၊ အလှူရှင်က ဒေါက်တာမလေးနုလို့ ပြောလိုက်တယ်၊ သူဇာနဲ့ ဖြူပြာက မှာလိုက်တဲ့ အန်တီမလေးအတွက် မွေးနေ့ကိတ် မလှဘူးလား၊ ကြည့်ပါဦး”
သူဇာက ကိတ်မုန့်ကို လက်ညှိုးထိုးကာ ပြောလိုက်သည်။ မလေးနုသည် သူ့ကို အရေးတယူစီစဉ်ပေး၍ ဝမ်းသာကြည်နူးမိပါသည်။ သူသည် ယခုလို မိသားစုသိုက်သိုက်ဝန်းဝန်း၏ ကရုဏာထားမှုကို မခံစားရသည်မှာ ကြာပြီ။ ကိတ်မုန့်အပိုင်းလေး၏ အနားသတ်မှာ ပန်းခွေနှင့်သတ်ထား၍ အလယ်မှာ အသည်းပုံလေးနှင့် စာတန်းရေးထိုးထားသည်။
အန်တီမလေး ချမ်းမြေ့ရွှင်လန်းပါစေ
ရှိန်းမိသားစု
“ကျေးဇူးတင်လိုက်တာ ဖြူပြာနဲ့ သူဇာရယ်၊ အန်တီမလေး ပျော်သွားတာပဲ”
“ဦးပြူးကိုလည်း ကျေးဇူးတင်၊ မနေ့က သူဇာ ကမန်းကတန်း သူ့ကို ခိုင်းရတာ”
“ကျေးဇူးတင်ပါတယ် ဦးပြူးရယ်”
ဦးပြူးမျက်နှာကလည်း ပြုံးပြုံးကြီး။
'ကဲ... ဖေဖေ့ကို မနေ့က သူဇာပြောထားလို့ ဖေဖေကလည်း အန်တီမလေးကို မွေးနေ့လက်ဆောင် ပေးမယ်ဆို”
“ပေးမှာပေါ့”
ရှိန်းက စားပွဲထိပ်မှ ထလိုက်သည်။ မလေးနုက တအံ့တသြနှင့် ရှိန်းရှိရာသို့ ကြည့်လိုက်သည်။ ဦးပြူးက နံရံကပ်စားပွဲခုံပေါ်မှ ပိုးပဝါဖြူလေးအုပ်ထားသော ငွေလင်ပန်းလေးကို ရှိန်းလက် လှမ်းပေးလိုက်သည်။ ရှိန်းသည် ငွေလင်ပန်းလေးကိုယူကာ မလေးနုအနား ကပ်လာသည်။ ငွေလင်ပန်းပေါ်မှ ပဝါပါးလေးကို ဖွင့်လိုက်တော့ မလေးနုရင်တွေ တလှပ်လှပ် ခုန်လာသည်။ လင်ပန်းပေါ်မှာ စံပယ်ကုံးတစ်ခွေအလယ်တွင် ကတ္တီပါဘူးလေး။ ရှိန်းက စံပယ်ကုံးကိုယူကာ မလေးနုလည်မှာ စွပ်လိုက်သည်။ ပြီးတော့ ကတ္တီပါဘူးလေးထဲမှ လက်စွပ်ကိုယူကာ မလေးနု ညာဘက်လက်ခလယ်မှာ စွပ်လိုက်သည်။ လက်စွပ်က တစ်လုံးတည်းလက်စွပ်လေး။
“ဟေး…."
သူဇာနှင့် ဖြူပြာတို့က သံပြိုင်အော်ကာ လက်ခုပ်တီးလိုက်တော့ ရှိန်း၊ သက်မာနှင့် ဦးပြူးတို့ပါ မနေနိုင် လက်ခုပ်တီးကြသည်။
“ကျေးဇူးတင်လိုက်တာ ရှိန်းရယ်”
မလေးနုက အသံတုန်ယင်စွာပြောရင်း မျက်ရည်များလည်လာသည်။ ဖြူပြာနှင့် သူဇာတို့က အနားကပ်ကာ မလေးနုပါးကို တစ်ဖက်စီ နမ်းကြသည်။ မလေးနုသည် တော်တော်နှင့် စကားပြန်မပြောနိုင်။
"ကဲ…. အန်တီမလေး၊ ကိတ်မုန့် ဓားနဲ့လှီးလေ၊ ဒီနေ့ ခေါက်ဆွဲကြော် အန်တီမလေးအလှူ၊ အန်တီမလေး ပြန်စားပေတော့”
သူဇာက မုန့်လှီးဓားလေး လာပေးသည်။ မလေးနုသည် မုန့်ကိုခွဲစိတ်ကာ မုန့်စားပန်းကန်ပြားပေါ် ထည့်လိုက်စဉ် ဦးပြူးက ခေါက်ဆွဲပန်းကန်များ လိုက်ချပေးသည်။
မလေးနုက စားရင်းမှ "ဒီနေ့ အန်တီမလေး အလှူဆိုတော့ စေတနာခန်းအတွက် ကုန်သမျှ ခေါက်ဆွဲကြော်ဖိုး လှူမယ်နော်”ဟု ပြောလိုက်သည်။
"ဦးပြူး ပြန်ရင်လည်း ကိတ်မုန့်နဲ့ အိမ်ကလူတွေအတွက် ယူသွားပါ၊ မလေးက လှူပါတယ်လို့ ပြောပါ”
ဦးပြူးက ဝမ်းသာအားရ ခေါင်းညိတ်ပြသည်။
“ဖေဖေ ညနေ ဘယ်မှမသွားရင် ကားပေးပါ၊ သမီးတို့ အန်တီမလေးနဲ့ ဘုရားတက်မလို့"
“ညနေ ခြောက်နာရီဆို အားပါပြီ”
"အိုကေ အန်တီမလေး ညနေ ဘုရားသွားမယ်နော်၊ အန်တီသက်မာရော အဆက်ကြီးဆီ ခွင့်တောင်းပြီး လိုက်ခဲ့ပါလား"
"ကြိုတင်ချိန်းမထားတော့ အန်တီသက်မာ တခြားအစီအစဉ်ရှိလို့ ခွင့်ပြုပါ"
သူဇာသည် ဝမ်းသာအားရ တက်ကြွနေသည်။ မလေးနု၏မွေးနေ့ပွဲလေးကို သိပ်သိပ်သည်းသည်း စီစဉ်ပေးရ၍ သူ ကျေနပ်နေသည်။
* * *
မလေးနုအဖို့ လေးဆယ့်ငါးနှစ်မြောက် မွေးနေ့ပွဲလေးကို ဘယ်တော့မှမမေ့ပါ။
ဦးပြူးက အိမ်ပြန်ရောက်လာသည်။ သူသည် ထမင်းချိုင့်ကြီးကို စားပွဲပေါ်တင်လိုက်တော့ ဦးထွန်းနှင့် ဒေါ်သိန်းမေတို့က အနားရောက်လာသည်။
"ဟော... ဦးပြူး ပြန်လာပြီလား၊ မနက်က ဘာမှ ချက်ယူမသွားဘူး၊ ဒီချိုင့်ကြီးက ဘာလဲ”
ဒေါ်သိန်းမေက မေးရင်း ချိုင့်ကို တစ်ခုစီ ဖြုတ်နေသည်။ အေးသည် လှေကားမှဆင်းလာကာ ထမင်းစားခန်းဝ ခန်းဆီးအကွယ်မှာ ရပ်နေသည်။
"ဟယ်... ခေါက်ဆွဲကြော်တွေပါလား”
ဒေါ်သိန်းမေက အော်ဟစ်ပြောလိုက်သည်။
“ဟုတ်တယ်၊ ဒီနေ့ ဒေါက်တာမလေးနု မွေးနေ့လေ၊ မွေးနေ့အထိမ်းအမှတ် ဆေးတိုက်တစ်ခုလုံး ခေါက်ဆွဲကြော် ကျွေးတယ်”
အေးသည် ဦးပြူးစကားပြောသံကို ဆက်နားထောင်နေသည်။
“ကိတ်မုန့်တွေလည်းပါတယ်နော်”
“အေး… ဒေါက်တာမလေးနုက အိမ်ကလူတွေစားဖို့တဲ့ ထည့်ပေးလိုက်တာ၊ မမကို ဦးချပြီး ခွဲထား၊ မင်းတို့ ယူပြီး စားပစ်၊ မွေးနေ့လေးက ပျော်စရာဟယ်”
အေးရင်ထဲမှာ တုန်လှုပ်လာသော်လည်း လူက လှုပ်မရ။
“မနေ့ကတည်းက သူဇာက ငါ့ကို မွေးနေ့ကိတ်မှာခိုင်းလို့ မှာရတာ၊ ဒီနေ့ ဆေးတိုက် မီးဖိုမှာ ခေါက်ဆွဲကြော်ဖို့ သူဇာက အားလုံးစီစဉ်တယ်၊ ထမင်းစားခန်းမှာ ပျော်စရာကောင်းလိုက်တာ၊ မလေး ဝင်လာတော့ ဆရာတို့သားအဖတွေ အင်္ဂလိပ်လို အော်တယ်”
အေးသည် နားထောင်နေရာမှ လည်ပတ်နေသော သွေးများ ရပ်တန့်သွားသလိုပင် တောင့်တောင့်ကြီး ဖြစ်သွားသည်။
"ငါမေးကြည့်တော့ ပျော်ရွှင်ဖွယ်မွေးနေ့ဖြစ်ပါစေ”လို့ ဆုတောင်းတာတဲ့၊ ပြီးတော့ သူဇာက ဖေဖေကလည်း အန်တီမလေးအတွက် မွေးနေ့လက်ဆောင်ပေးပါလိမ့်မယ်လို့ ပြောတော့ ...”
ဦးပြူးပြောသံကို ဆက်၍ကြားရသောအခါ … အေး အသက်မရှူနိုင်။
"ငါကလေ ဆရာ စီစဉ်ထားတဲ့အတိုင်း ပိုးပဝါဖြူလေး အုပ်ထားတဲ့ ငွေလင်ပန်းလေးကို ဆရာ့လက်ထဲ ထည့်လိုက်တယ်၊ ဆရာက လင်ပန်းကိုယူသွားပြီး မလေးနုအနားမှာ ရပ်လိုက်တယ်၊ ပဝါလေးကို ဖွင့်လိုက်တော့ အထဲမှာ စံပယ်ပန်းကုံး၊ ဆရာကလေ စံပယ်ကုံးကိုယူပြီး မလေးနုလည်တိုင်မှာ စွပ်လိုက်တယ်”
အေးသည် ယိုင်မသွားအောင် စိတ်ကို ထိန်းထားသည်။ သွေးများက နားထင်မှာ တဒိတ်ဒိတ်နှင့် တိုးလာသည်။
“ပြီးတော့ ငွေလင်ပန်းထဲက ကတ္တီပါဘူးလေးထဲက လက်စွပ်လေးယူပြီး ဆရာက ဒေါက်တာမလေးနုလက်ကို စွပ်ပေးလိုက်တော့ တို့အားလုံးက လက်ခုပ်ဝိုင်းတီးကြတယ်၊ ပြီးတော့ သူဇာတို့ညီအစ်မကလေ ဒေါက်တာမလေးနုပါးကို တစ်ဖက်စီ နမ်းကြတယ်၊ သူတို့ညီအစ်မ မလေးနဲ့ ဒီညနေ ဘုရားသွားကြလိမ့်မယ်"
အေးသည် ရင်တွေပါ တဒိတ်ဒိတ်ခုန်လာသည်။ မျက်လုံးမှ မျက်ရည်တွေ တွေတွေစီးကျလာသည်။ တစ်စုံတစ်ခုစားဖို့ ထမင်းစားခန်းကို ဆင်းလာခြင်းပဲ။ ဘာမှ စားလိုစိတ် မရှိတော့ပါ။ ဟိုတစ်ခါ ခန်းဆီးနောက်မှာ ရပ်၍ ဦးပြူးတို့ စကားပြောသည်ကို နားထောင်ခဲ့ဖူးသည်။ ဒီတုန်းက ဒေါသတွေ ပေါက်ကွဲခဲ့ရသည်။ ယခုတော့ ဘာစကားမှ မဆိုချင်။ ဖြည်းညင်းစွာ လှမ်း၍ လှေကားရှိရာ ရောက်လာကာ တစ်ထစ်ချင်း ဖြည်းဖြည်းတက်လာသည်။
အိပ်ခန်းထဲဝင်၍ ခုတင်ပေါ် လှဲပြီးချိန်မှာ ဒေါသကတော့ ဖြစ်မလာ။ ကြေကွဲဝမ်းနည်းခြင်း၊ ဆွေးမြည့်ခြင်းက ရင်ထဲမှာ ပိုကဲလာသည်။ ယခင်အခါက ရှိန်း မိန်းမတွေပွေတိုင်း သူဇာသည် အမေ့ဘက်မှ အမြဲရပ်တည်ခဲ့သည်။ သန္တာလှိုင် အေးတို့အိမ်ကို ဝင်ထွက်နေသည်ကိုပင် သူဇာက မကြိုက်၊ သန္တာလှိုင်ကို အရောတဝင် နေသည်ကို ဆူပွဆူပွ လုပ်ခဲ့သည်။ ယခုတော့ သူဇာကိုယ်တိုင်က မလေးနုမွေးနေ့ပွဲ ကျင်းပပေးသည်တဲ့။ မလေးနုကိုလည်း ရှိန်းက မွေးနေ့လက်ဆောင် စိန်လက်စွပ်လေးကို မလေးနုလက်မှာ ကိုယ်တိုင် ဝတ်ပေးသတဲ့။ ဪ.. ဘယ်လိုအဖြစ်များပါလိမ့်။ သူ့မှာတော့ တစ်ယောက်တည်း။ အခန်းကျယ်ကြီးထဲက အိပ်ရာပေါ်မှာ အာကာတို့၊ ဝဏ္ဏတို့လည်း မရှိ။ သမီးတွေ အားလုံးကလည်း မလေးနုနှင့် ဘုရားပေါ်မှာတဲ့။ စိတ်မမှန်သူ သမီးမူရာတစ်ယောက်ပဲ ခြေရင်းခန်းမှာ ရှိသည်။
မလေးနုဆိုသော မိန်းမသည် ဘယ်လိုမိန်းမလဲ သူသိချင်လိုက်တာ။ တဖြည်းဖြည်းနှင့် သူ၏မိသားစုကို ထိုးဖောက်ဝင်ရောက် သိမ်းသွင်းလာလိုက်သည်မှာ အမာခံ သူဇာပင် ပါသွားသည်။ အေးသည် သက်ပြင်းရှိုက်ရာမှ တစိမ့်စိမ့်နှင့် ငိုကြွေးနေမိသည်။ ရှိန်းတစ်ယောက် သူ့ဆီပြန်လာဖို့ တဖြည်းဖြည်း ဝေးပြီထင်ပါရဲ့။
* * *
သူဇာတို့ညီအစ်မကတော့ မလေးနုနှင့်အတူ ရွှေတိဂုံဘုရားရင်ပြင်မှာ လှည့်လည်ဖူးမြော်ကြရင်း မလေးနုနှင့် မွေးနံကြာသပတေးထောင့်မှာ ဆီမီးသက်စေ့၊ ပန်းသက်စေ့၊ ရေသက်စေ့ ပူဇော်ကြသည်။ မလေးနု ရင်ထဲမှာတော့ မြတ်စွာဘုရားရိပ်မှာ ကြည်နူးအေးချမ်း၍နေပေသည်။ သူတို့သုံးယောက် အနောက်ဘက် စောင်းတန်းကို ဆင်းအလာ မလေးနုကို လူတစ်ယောက် လှမ်းနှုတ်ဆက်သည်။ မလေးနုမှာ ခေတ္တအံ့အားသင့်နေပြီးမှ ..
"ကိုစိန်မောင်"ဟု နာမည်ကို လှမ်းခေါ်လိုက်သည်။
“မမ ဘုရားလာလား"
"ဟုတ်ပါတယ်"
“ကျွန်တော်လည်း ဘုရားလာပါတယ်၊ နည်းနည်းနေကောင်းလို့၊ ဒါနဲ့ မမကို ကျွန်တော်တို့ ပြောရဦးမယ်၊ ကျွန်တော်တို့ ဘဝမြင့်ရိပ်သာကို ဖျက်လိုက်ပြီ၊ လျော်ကြေးရတဲ့ငွေနဲ့ သန်လျင်ဘက်မှာ ကျွန်တော်တို့သားအဖ မြေလေးတစ်ကွက်ရပြီး တဲထိုးနေတယ်”
“ဝမ်းသာတယ် ကိုစိန်မောင်၊ လေကောင်းလေသန့်ရဖို့လို တယ်၊ အိမ်ပတ်ဝန်းကျင်လည်း ဂရုစိုက်၊ ဆေးလည်း မှန်မှန်သောက်"
"သွားလိုက်ပါဦးမယ် မမ"
ကိုစိန်မောင်က နှုတ်ဆက်ထွက်သွားသည်။
"အန်တီမလေး လူနာလား၊ အန်တီမလေးကလည်း သွားလေရာ အသိပေါလိုက်တာ”
"ဟုတ်တယ်၊ သူတို့ အရင်နေတဲ့ရပ်ကွက်က နာမည်က ဘဝမြင့်ရိပ်သာတဲ့၊ လူတွေကတော့ ဆင်းရဲလားမပြောနဲ့၊ ရပ်ကွက်ကလည်း ရေသွားကြောင်းမရှိ၊ ညစ်ပတ်နံစော်နေတာပဲ၊ ခု သန်လျင် ပြောင်းရတယ်ဆိုတော့ လေကောင်းလေသန့်ရရင် သူက အဆုတ်နာသမားဆိုတော့ ကျန်းမာရေးအတွက် ကောင်းပါတယ်"
သူတို့သုံးယောက် အနောက်ဘက်စောင်းတန်းမှဆင်း၍ ပြန်လာခဲ့သည်။ မလေးနုကို ဆေးတိုက်ချခဲ့ကာ သူဇာတို့ အိမ်ပြန်လာခဲ့သည်။
အိမ်မှာ အေးအေးသည် သူတို့ကို ဘာမှမမေး၊ တိတ်ဆိတ်စွာပင် အိပ်နေသည်။ ဖြူပြာက အနားကပ်လာသည်။
“မေမေ နေကောင်းလား၊ ဒီညစာ ဘာစားမလဲ”
တယုတယ မေးကာ လက်ကို ဆုပ်ကိုင်လိုက်သည်။ အေးသည် ခေါင်းကို ဖြည်းညင်းစွာ ခါလိုက်သည်။
"မေမေ အိပ်ချင်တယ်၊ ဘာမှ မစားချင်ဘူး"
"အိပ်ခါနီး အိုဗာတင်းနဲ့ ဆေးတော့ သောက်လိုက်ပါ "
ဖြူပြာက အိုဗာတင်းယူဖို့ အောက်ဆင်းသွားသည်။ သူ့သမီး သူဇာသည် သူ့ထံ မလာလိုတော့ဘူး ထင်ပါရဲ့။ အေးသည် သူဇာတစ်ယောက် အခန်းထဲကို ဝင်လာလိုလာငြား မျှော်မိသည်။
အပိုင်း(၁၆)ဆက်ရန်
--------------------
#ခင်နှင်းယု
0 Comments