#ဗညားရှိန်း
အပိုင်း(၁၄)
မလေးနု အားချိန်ရသော ဗုဒ္ဓဟူးနေ့လယ်မှာ ကိုအောင်ဝင်းနှင့် တင်သက်မာက နေ့လယ်စာစားဖို့ လာခေါ်ကြသည်။ မလေးနုအဖို့လည်း ဆေးခန်းမှာ တကုပ်ကုပ်နှင့် ခေါင်းမဖော်နိုင်။ တစ်ချိန်လုံးလိုလို သူ့စိတ်ရော ခန္ဓာကိုယ်ရော မြှုပ်နှံထားရသည်။ ယခုလည်း နာလန်ထနှင့် ပြန်ဖြစ်သော လူနာများအတွက် ဖြေရှင်းမရနိုင်သော ပြဿနာကြောင့် မလေးနု ဦးနှောက်ခြောက်နေသည်။
တင်သက်မာတို့ ဇနီးမောင်နှံခေါ်ရာ မြို့ပြင်ရှိ မြယမုံနာ ဟိုတယ်လေးသို့ လိုက်လာခဲ့သည်။ ဟိုတယ်၏အတွင်းဘက် သီးသန့် စားသောက်ခန်းလေးမှာ သူတို့သုံးယောက် အစားအစာများ မှာယူ စားသောက်ကြသည်။ မလေးနု အကဲခတ်မိသမျှ တင်သက်မာသည် အခြေအနေကို အချိန်မီ ထိန်းသိမ်းနိုင်ပုံရ၍ ကိုအောင်ဝင်းကလည်း သူ့ခြေလှမ်းကို ပြင်လိုက်သည် ထင်သည်။ အစားအသောက်များကို တယုတယ တင်သက်မာပန်းကန်ထဲသို့ ထည့်ပေးရုံမက ယုယုယယ ကြင်ကြင်နာနာ တစ်ယောက်နှင့်တစ်ယောက် ပြောဆိုနေပုံတွေမှာ မလေးနုကို မုဒိတာပွားစေပါသည်။
“မလေးလည်း ကျွန်တော်တို့နဲ့ ခုလို ခဏခဏထွက်ပေးပါဗျာ၊ သံပတ်ပေးထားတဲ့ အရုပ်ကြီးလို မရပ်မနား သံပတ်တောင် ပြတ်ထွက်မယ်၊ လူဆိုတော့ ဦးနှောက်ခြောက်ပြီး အဘွားကြီးဖြစ်တော့မယ်၊ ခင်ဗျားသူငယ်ချင်း တင်သက်မာလည်း ဆေးရုံကြီးက ထွက်လိုက်ပေလို့၊ နို့မို့ရင် ဟိုပြေးဒီပြေးနဲ့ တစ်ခါမှ မနားရဘူး၊ ကျွန်တော့်ကိုတောင် လှည့်မကြည့်နိုင်ဘူး”
ကိုအောင်ဝင်းက စားသောက်နေသည်ကို လက်စသတ်ရင်း ပြောလိုက်သည်။
“အခု သက်မာက ကိုအောင်ဝင်းကို ဂရုစိုက်လာပါတယ်နော်"
မလေးနုက ပြောလိုက်တော့ လင်မယားနှစ်ယောက် ရယ်မောလိုက်ကြသည်။
“ကိုယ်တို့ ဒီမှာ လာစားတော့ ရှိန်းကို သတိရတယ်ကွာ၊ ကိုဝင်းတို့လက်မထပ်ခင် ထမင်းကျွေးတော့ ရှိန်းပါတယ်နော် သက်မာ"
သက်မာက ဖြေလိုက်သည်။
“ဟုတ်တယ်လေ”
"ဒီလူက စကားပြော ပွင့်လင်းတယ်၊ ချစ်စရာကြီး၊ အခုတလော ခြေငြိမ်နေတယ်”
“သူ့အမေဆုံးပြီး စိတ်မကောင်းတာလည်း ပါတယ်၊ အလုပ်ကလည်းများတော့ အလုပ်ပိနေလို့”
မလေးက ဖြေလိုက်သည်။
"နောက် တို့များ တစ်ခါလောက် မလေးကိုခေါ်ပြီး ဦးနှောက်ရှင်းရင် ရှိန်းကိုပါခေါ်ခဲ့ပါ သက်မာရယ်”
သက်မာက ခေါင်းညိတ်ပြ၍ ဘီလ်ကို ရှင်းလိုက်သည်။
သူတို့သုံးယောက် ဟိုတယ်ထဲမှထွက်ကာ ကားရှိရာသို့ လာကြသည်။ ကိုအောင်ဝင်းက ကားသော့ဖွင့်ကာ ကားတံခါးကို ဖွင့်ပေးသည်။ သက်မာက မလေးနုနှင့် နောက်မှာပဲ အတူထိုင်သည်။ ကိုအောင်ဝင်းက ကားကို နောက်ဆုတ်၍ အပြင်ဝင်းဝသို့ ထွက်မည်အလုပ် ကားတစ်စီး ဟိုတယ်ထဲသို့ ဝင်လာသည်ကို မလေးနု တွေ့ လိုက်သည်။
ရှေ့မှ ကားတစ်စီးခံနေ၍ မလေးနုတို့ ထွက်မရသေး။ မလေးနုမျက်လုံးများက ဝင်းဝမှ နောက်ဝင်လာသောကားကို မျက်စိရောက်နေသည်။ ကားက အက်စ်အီး လီမိတက် အဖြူရောင် ၉/က။ ဟိုတယ်ရှေ့ရောက်၍ အစောင့်သူငယ်မလေးက ကားတံခါးဆင်းဖွင့်သောအခါ ဆင်းလာသူနှစ်ယောက်ကို မလေးနု မြင်လိုက်တော့ အံ့အားသင့်သွားသည်။
“သက်မာ ကြည့်စမ်း၊ သူဇာ့ကို တွေ့လိုက်လား”
မလေးနုက သက်မာပခုံးပုတ်ကာ အလန့်တကြား ပြောနေသည်။ ကိုအောင်ဝင်းကတော့ ရှေ့ကကား ထွက်သွားပြီဖြစ်၍ ခြံဝကို ကားမောင်းသွားရသောကြောင့် သူတို့နှစ်ယောက် ပြောနေသည်များကို နားမလည်။
“တွေ့တယ်၊ သူ့ကောင်က မဆိုးဘူး၊ ဖြူဖြူ ထောင်ထောင်မောင်းမောင်း လူချောပဲ၊ ကောင်မလေးထက် ကြီးပုံရတယ်"
"အိမ်က သိရဲ့လား မသိဘူး၊ ဖြူပြာ့ကိုတော့ ပြောပြရဦးမယ်"
“အောင်မယ်... အပျိုကြီးမမရယ်၊ ရည်းစားချိန်းတွေ့ပါတယ်ဆိုမှ အိမ်ကို ပြောပါ့မလား"
“ခင်ဗျားတို့နှစ်ယောက် ဘာပြဿနာဖြစ်နေကြလဲ”
ကိုအောင်ဝင်းက ကားမောင်းရင်း မေးလိုက်သည်။
“သူဇာ သူ့အဆက်နဲ့ ဟိုတယ်ထဲဝင်သွားတာ တွေ့လိုက်လို့”
“ဒါများ အဆန်းလိုက်လို့”
“ဆန်းရတယ် ကိုဝင်းရေ၊ မိန်းကလေးမွေးရတာ ကိုယ့်မှာလည်း သမီးနဲ့၊ နောက်မကြာဘူး၊ သက်မာတို့ လေးငါးနှစ်ဆို သမီး အရွယ်ရောက်လာပြီ၊ ပူရတော့မယ်၊ ကောင်းတဲ့လူတွေ့ရင် တော်ပါသေးရဲ့၊ ခုခေတ်က ဆေးသမားလေးတွေ ပေါသနဲ့"
ကိုအောင်ဝင်းက ဘာမှဆက်မပြောဘဲ ကားကို ဂရုစိုက် မောင်းသွားသည်။ သူငယ်ချင်းနှစ်ယောက်လည်း ကားနောက်မှာ စကားမပြောနိုင်ကြ။ တင်သက်မာက သမီးအရွယ်ရောက်မည့်အချိန်ကို တွေးပူမိသလို မလေးနုကလည်း သူဇာ့အကြောင်းကို ဖြူပြာတို့ကို အသိပေးဖို့ တွေးလာသည်။ ဘာပဲဖြစ်ဖြစ်လေ ရှိန်း၏ လုပ်ဖော်ကိုင်ဖက် မိတ်ဆွေအနေနဲ့ပဲဖြစ်ဖြစ် သူဇာအကြောင်း ရှိန်းကို ဖွင့်၍ ပြောသင့်သည်ဟုလည်း သူတွေးနေသည်။ တစ်ယောက်ယောက်ကို တော့ ပြောပြရမည်။ တိုင်တောခြင်း မဟုတ်။ အခြေအနေကို ထိန်းသိမ်းပေးဖို့လိုသည်။ ကိုအောင်ဝင်းက မလေးနုကို ဆေးတိုက်မှာချခဲ့၍ လင်မယားနှစ်ယောက် ပြန်သွားကြသည်။
ထိုနေ့ညတွင် မလေးနု အားနေသည်။ ညဂျူတီလည်း မရှိ၍ သူ တိုက်ရှေ့ဝရန်တာကို ထွက်နေလိုက်သည်။ လဝန်းသည် ကောင်းကင်မှာ ပြည့်လုဆဲဆဲ ရွှန်းပနေသည်။ သူ့အနေနှင့် ရန်ကုန်မြို့ မှာ ဒီလိုညမျိုး တွေ့ရဖို့ခဲယဉ်းလှသည်။ အထူးသဖြင့် သူတို့လို ဆရာဝန်တွေ လှပသောညကို တွေ့ဖို့ အခွင့်အရေးက ကြုံတောင့်ကြုံခဲလှသည်။ နေ့ရှိသ၍ အလုပ်မှာ ကိုယ်ရောစိတ်ရော မြှုပ်နှံထားရသည်။ ရရှိသော နေ့အားတစ်ရက်မှာလည်း လူမှုသူမှု အပြေးအလွှား လုပ်ရသေးသည်။
သူ့အလုပ်က အစိုးရအလုပ်ဆို တော်သေး။ ကိုယ်ပိုင်အလုပ်လို ဖြစ်နေလေတော့ မလုပ်ချင်၍ ထိုင်နေမှပဲ။ လုပ်မယ်ဆို အလုပ်က အဆင်သင့်။
သူသည် ပက်လက်ကုလားထိုင်ပေါ်ထိုင်ရင်း မိုးပြာထက်ရှိ လဝန်းကို ငေးကြည့်ကာ ထိုညလေး ကုန်ဆုံးသွားမည်ကို နှမြောနေသလိုပင်။
ချစ်သူနှင့် သူ ကလော၏ညတွင် လဝန်းကို မြင်ရပြီးကတည်းက သူသည် လသာသောညကို မတွေ့မကြုံလိုပါ။ ကျဆုံးသွားတော့ လသာညကို တမင်ရှောင်ခဲ့သည်။ ယခုတော့လည်း ညဉ့်ဦးလေညင်းက ဝရန်တာပေါ် ကျော်ဖြတ်၍ ဖြည်းညင်းစွာ သူ့ကို တွေ့ထိလာသည်။ ဖြာကျနေသော လရောင်အောက်မှာ အိမ်ခေါင်မိုး ဖြူဖြူများ အိပ်ပျော်နေသလိုပင်။ ကလောညလိုတော့ တောရိပ်တောတန်းတွေအပေါ်မှာ စိမ့်ယိုကျလာသော လရောင်ခြည်မျှင်တန်းတွေကို မမြင်နိုင်ပါ။ ရန်ကုန်ညတွင် တိုက်အောက်မြေပြင်ပေါ်ရှိ လမ်းပေါ်မှ ကားများအသံသည် တစ်ချက်တစ်ချက် အပေါ်သို့ လွင့်ပျံလာသည်။ နေ့စဉ်နှင့်အမျှ ဆရာဝန်ဆိုသူထံသို့ လူကောင်းက မလာပါ။ ရောဂါတစ်စုံတစ်ခု ခံစားရ၍သာ လာကြခြင်းဖြစ်သည်။ ဆေးရုံမှာ လုပ်လည်း မနက်မိုးလင်းကတည်းက ရောဂါမျိုးစုံနှင့် ထိခိုက်အနာတရတွေကို လှည့်လည်ကြည့်ရသည်။ ခွဲစိတ်ကုဆရာဝန်တွေဆို သာဆိုးသေး။ နံနက်ရှစ်နာရီက သွေးသံရဲရဲတွေ ကိုင်ရ တွယ်ရ၊ ဖြတ်ရ တောက်ရနှင့် နေ့လယ်မှပြီးသည်။
ကိုယ်ကုသလိုက်သည့် လူနာက ရောဂါပျောက်ကင်းသွားလျှင် စိတ်ချမ်းသာမှု ပီတိကို ခံစားရ၍သာ ပင်ပန်းနွမ်းနယ်မှု ပျောက်ကင်းသွားရသည်။ တကယ်တော့ ဆရာဝန်အလုပ်သည် စေတနာထားလေလေ မသက်သာလေ။ လူတချို့အမြင်ကတော့ ဆရာဝန်ကြီး၊ ဆရာဝန်မကြီးများအဖြစ် ဂုဏ်ယူစရာ အားကျစရာပါပဲ။ ငွေရေးကြေးရေးလည်း ပြေလည်နေကြသည်။ တချို့ ဆရာဝန်များမှာတော့ ကိုယ်စိတ်ပင်ပန်းရသည်ကို ငွေနှင့် ဘယ်လိုမှ တန်ဖိုးဖြတ်၍ မရနိုင်ပါ။ ဒီအထဲများ ကိုယ့်လူနာ ဆုံးပါးသွားလျှင် ပြီးပါလေရော၊ စိတ်မချမ်းသာမှုက ဖြစ်ရသေးသည်။
မလေးနုစိတ်မှာ နေ့လယ်ခင်းက ထမင်းစားပွဲလေးကို ပြန်ရောက်သွားပြန်သည်။ သူငယ်ချင်း တင်သက်မာ၊ သူ့ခမျာ လိမ္မာသည်ဆိုရမည်။ ဆရာဝန်အလုပ်ကို ဇောက်ချလုပ်လိုပေမယ့် အိမ်ထောင်နှင့်မိန်းမသားဆိုတော့ လင်သားကို ဦးစားပေးဖို့ သူ့မှာ အချိန်တစ်ဝက် စွန့်လွှတ်လိုက်ရသည်။ ဘာပဲဖြစ်ဖြစ် ယူပြီးမှတော့ ကြင်နာချစ်ခင် ယုယရမှာပဲ ဖြစ်သည်။ နှစ်ယောက်နေလာသည့်နောက် တစ်ယောက်အကျိုး တစ်ယောက် မထိခိုက်အောင်တော့ ကြိုးစားရမည်ပဲပေါ့။
မလေးနုသည် တင်သက်မာတို့ ဇနီးမောင်နှံမျက်နှာကို မြင်ယောင်ကာ ကြည်နူးမိသည်။ သူတို့မျက်နှာကို ပြန်တွေးရင်း ကဗျာလေးတစ်ပုဒ်ကို သတိရသည်။ ကြာပြီဖြစ်၍ စာသားများကိုတော့ လုံးစေ့ပတ်စေ့ သတိမရတော့။ အဓိပ္ပာယ်ပဲ သတိရသည်။ ကဗျာအမည်က မုဒိတာဆိုတာကိုတော့ မှတ်မိသည်။ ကဗျာက ဆိုသည်။
ကုမုဒြာကြာဆိုတာ ရှိသတဲ့၊ လမင်း ဝင်းပလာသောအခါ လရောင်ခြည်နှင့် ထိတွေ့မှ ကုမုဒြာကြာက ပွင့်လာသည်တဲ့၊ လမင်းသည် ကောင်းကင်ဖွား၊ ကုမုဒြာကြာက မြေမှာ ပေါက်ဖွားသူ၊ လမင်းရောင်ခြည်ရွှန်းပလာမှ ကုမုဒြာကြာပွင့်သည်ဆိုတော့ ကောင်းကင်နှင့် မြေကြီး ထိသည့် သာဓကပါပဲ။ ထိုညသည် လှပသောည၊ ကျက်သရေမင်္ဂလာရှိသောည၊ “လမင်းနှင့်ကြာ ချစ်သူနှစ်ယောက်တို့ တွေ့ဆုံသော၊ အေးမြချမ်းငြိမ်းသောည၊ ထိုညများကို စာဆိုက မုဒိတာပွားမိပါသည်တဲ့။
တိတ်ဆိတ်ညင်သာစွာ ကြာပွင့်လွှာတို့ ပွင့်ချိန်မှာ ညငှက်လေးများသည် ညကို ကောင်းချီးပေးသောတေးများ ကို သီဆိုနေကြပေသည်။ သန်းခေါင်ယံလေက မွှေးပျံ့သော ပန်းရနံ့ များကို သယ်ယူလာကာ ချစ်သူနှစ်ဦး တွေ့ဆုံပွဲကို ဘိသိက်သွန်းပေ တော့မည်၊ ကြာဝတ်လွှာမှ ထုတ်လွှင့်သော အချစ်မွှေးရနံ့များသည် လဝန်းထံ ရောက်သည်အထိ မွှေးပျံ့သည်တဲ့။
စာဆိုမှာတော့ ချစ်သူနှစ်ဦးတို့ တွေ့ဆုံသောညကို မုဒိတာ ပွားရုံပဲ ပွားနိုင်သည်။ သူ့ချစ်သူနှင့်သူ ဘယ်တော့မှ မတွေ့ဆုံနိုင်တော့ပါဟု ကဗျာလေးအဓိပ္ပာယ်က ဖွင့်ပြထားသည်။ မလေးသည် ဝင်းပသော လမင်းကို စူးစိုက်ကြည့်မိသည်။ သူလည်း စာဆိုလိုသာ ကဗျာဉာဏ်ရှိလျှင် ဖွဲ့ချင်ပါရဲ့။ သူ၏အချစ်ညများတွင်လည်း လမင်းသည် ဘယ်တော့မှ သာတော့မည်မဟုတ်ပါ။
"မလေး"
အတွေးတွင် နစ်မြောနေသော မလေးနုက လန့်သွားသည်။
သူ့ကို ခေါ်လိုက်သူမှာ ရှိန်း။ ရှိန်းသည် မလေးနုနှင့် မျက်နှာချင်းဆိုင် ကုလားထိုင်မှာ ဝင်ထိုင်လိုက်သည်။
"ဘာတွေ တွေးနေတာလဲဟင်၊ ညဉ့်နက်ပြီ၊ မအိပ်သေးဘူးလား"
မလေးနုသည် ရှိန်း လာစကားပြောသည်ကို မကြိုက်။ ဒီလိုညနက်ချိန်မှာ ချစ်သူနှစ်ဦးအတွက် အချိန်ကောင်းဖြစ်ပေမယ့် ရှိန်းနှင့် မလေးနု တွေ့ကြခြင်းကို ပတ်ဝန်းကျင်က မြင်ပါလျှင် မလေးနုသည် စိုးရိမ်စိတ်ဝင်သွား၍ စကားပြန်ရန် တုံ့နှေးနေသည်။ ေ
“မလေး အားတဲ့ နေ့မို့လို့ နားနေတာပါ"
“ရှိန်းလည်း ဒင်နာတစ်ခုကအပြန် မလေး တွေ့ချင်တာနဲ့ လှဖေခေါ်ခိုင်းလိုက်တော့ ဝရန်တာမှာရှိတယ်လို့ သူနာပြုဆရာမလေးက ပြောလိုက်လို့လာတာ၊ ဟုတ်ပါရဲ့ ၊ လက သာလိုက်တာ၊ တို့လည်း အလုပ်တွေနဲ့ ပတ်ချာလည်နေလိုက်တာ၊ လသာတဲ့ည အရသာကို မခံစားမိဘူး"
ရှိန်းကလည်း လမင်းကို မော်ကြည့်ရင်း ပြောလိုက်သည်။
“ဘာကိစ္စရှိလို့လဲ၊ မနက်မှ ပြောရောပေါ့"
မလေးနုက လွှတ်ခနဲ ပြောလိုက်မိသည်။
"မလေး အနှောင့်အယှက်ဖြစ်သွားလား၊ ရှိန်းက နားနေမှန်း မသိလို့၊ ဆောရီး"
“မဟုတ်ပါဘူး”
မလေးသည် ညအချိန်ကြီး မသင့်တော်ဆိုသည်ကို ပြောမထွက်ပါ။
“ဟိုဒင်း သိပ်အရေးကြီးသလားလို့၊ အရေးမကြီးရင် အေးအေးဆေးဆေးပြောလို့ ရလို့ပါ"
မလေးနုသည် ဣန္ဒြေဆည်ကာ ပြောလိုက်သည်။ ရှိန်းသည် မလေးနုကို ပြန်ကြည့်လိုက်၏။
“ဟုတ်ပါရဲ့၊ ရှိန်း မေ့သွားတယ်၊ မန္တလေးအိမ်မှာဆို ညဘက်နားချိန်မှ မိသားစု အေးအေးဆေးဆေး စကားပြောကြဆွေးနွေးစရာရှိ ဆွေးနွေးရတာ၊ အိမ်ကို သိပ်လွမ်းတာပဲ၊ ဆောရီး မလေး၊ ရှိန်းက မလေးကို အိမ်သားတစ်ယောက်လို သဘောထားမိလို့။ မနက်မှ အေးအေးဆေးဆေး ပြောတော့မယ်၊ တကယ်တော့ ရှိန်းဟာ home ဆိုတဲ့ မိသားစုအချစ်အိမ် မရှိတဲ့လူ၊ Homeless ပေါ့နော်၊ မလေးရဲ့ အချိန်ကို အနှောင့်အယှက်ပေးသလို ဖြစ်သွားတယ်”
သူသည် တစ်ယောက်တည်း။ မလေးနုကို မကြည့်၊ ကောင်းကင်ကို မော်ကြည့်နေပြန်သည်။ ကောင်းကင်ပြာနောက်ခံနှင့် ခန့်ညားသော ယောက်ျားတစ်ယောက်မျက်နှာ၊ လမင်းရောင်က မျက်နှာပေါ် ရွှန်းပနေသည်။ မလေးသည် ရှိန်းမျက်နှာရိပ်ကို ငေးနေမိသည်။
"ဒီလိုည မေမေ့ကို သိပ်သတိရတယ်။ မေမေ့ရဲ့အငွေ့၊ မေမေ့ရဲ့အရှိန်အဝါက လမင်းရောင်လို 'အေးချမ်းတယ်။ လသာတဲ့ညလို ချစ်ဖို့ကောင်းတယ်။ မေမေ့မျက်နှာကို မြင်ရရင် အဲဒီလို ခံစားရပေမယ့် အေးကို မြင်ရတဲ့အခါတိုင်း ရှိန်းရင်မှာ ပူပန်တယ်၊ မျိုးတူ မိန်းမနှစ်ယောက်ဟာ ရှိန်းကို ဖြောင့်ဖြောင့်ကြီးဆန့်ကျင်တဲ့ ခံစားမှု နှစ်ခုကို ပေးတယ်”
ရှိန်းက လမင်းရှိရာ ငေးမော၍ ရေရွတ်သလို ပြောနေရာမှ မလေးကို ပြန်ကြည့်လိုက်သည်။ မလေးနုသည် ဘာပြန်ပြောရမှန်း မသိ။
"ရှိန်း နောက်နေရမယ့်အချိန်တွေမှာတော့ မေမေ့လို အအေးဓာတ်ပေးမယ့်သူ မရှိတော့ဘူးပေါ့၊ မေမေ့လို ကိုယ့်အပေါ် စာနာမယ့်သူ၊ ကြင်နာမယ့်သူ၊ နားလည်မယ့်သူ ဆိုပါတော့လေ။ မလေးက တစ်ယောက်တည်းမို့လို့ အထီးကျန်ဝေဒနာကို ခံစားရတာ၊ ရှိန်းက တစ်ယောက်တည်း မဟုတ်ပါဘူး။ မယားတွေ၊ သားသမီးတွေနဲ့ ငွေကြေးဆိုတာလည်း သောက်သောက်လဲ၊ လုပ်ငန်းကိုင်ငန်းတွေနဲ့၊ ဒါပေမဲ့ ကိုယ် ကြာလေ တစ်ယောက်တည်းလိုပဲ၊ တစ်ယောက်တည်း ဆိုတဲ့အသိက ရှိန်းရဲ့ရင်ကို ဖျစ်ညှစ်ထားသလိုပဲ။ ပေါ့ပါးမသွားဘူး၊ မကြည်လင်ဘူး၊ အမြဲပဲ လေးလေးကြီးဖြစ်နေတယ်။ မလေး ဒီလိုဖြစ်လားဟင်၊ အို.. မလေးလည်း ကိုယ့်ခံစားမှုကို စာနာနိုင်မှာ မဟုတ်ပါဘူး၊ ကိုယ် သွားမယ်”
ရှိန်းသည် သူ့စကား သူရပ်ကာ တိုက်ခန်းထဲ ပြန်ဝင်သွားတော့သည်။ မလေးနုသာ တစ်ယောက်တည်း ကျန်ရစ်သည်။
နောက်နေ့မှာတော့ မလေးနုသည် ညက ရှိန်းနှင့် ဝရန်တာတွင် တွေ့ကြကြောင်းကို တင်သက်မာလာတော့ ပြောပြရသေးသည်။ တင်သက်မာကတော့ တစ်စုံတစ်ရာ ထူးခြားသည့်အမူအရာ မပြပါ။
"သက်မာရယ် .…. တို့အလုပ်တွေ အောင်မြင်ပါရဲ့၊ ငွေရေးကြေးရေးလည်း လည်ပတ်လာလို့ မလေး ဝမ်းသာပါတယ်၊ အရှုံး မရှိတော့ဘူးလေ၊ ဆင်းရဲသားလူနာတွေ ရောဂါပျောက်သွားတိုင်း တို့အောင်မြင်မှုကို ပီတိဖြစ်မိပါတယ်၊ မလေး အလုပ်မှာ စိတ်ပျော်လာပေမယ့် ညကလို ရှိန်းနဲ့ မလေး ခဏခဏဆုံမိကြရင် သူများပြောစရာ ဖြစ်မှာစိုးတယ်၊ ရှိန်းကလည်း ဘာလို့အိမ်မပြန်တော့တာလဲ”
“သူ့မေမေ ဆုံးပြီးကတည်းက အေးနဲ့ပိုပြီး စိတ်သဘောကွဲကြတယ်လို့ ဖြူပြာက ပြောတယ်၊ အကြီးအကျယ် ရန်ဖြစ်ကြသတဲ့၊ ရှိန်းက တစ်ခါတည်း ဆေးခန်းပြောင်းလာတာ”
“အေးပေါ့၊ သူ့ဆေးခန်း သူပြောင်းပိုင်ခွင့်ရှိတယ်၊ ဒါပေမဲ့ ကိုယ်ကရှိနေတော့ မသင့်တော်ဘူး၊ ပြီးတော့ ပဋိပက္ခဖြစ်လာတာဆိုတော့ သူ့ဇနီးစိတ်ထဲ တစ်စုံတစ်ရာ သံသယဝင်လာရင် မကောင်းဘူး"
"ဟ... အေးက သူ့ယောက်ျားကို အမြဲတမ်း သံသယဝင်နေတဲ့ရောဂါ ရှိနေတာပဲ၊ မလေးကလည်း ကိုယ်ရှိပါတယ်၊ မပူစမ်းပါနဲ့၊ မြန်မာစကား ရှိတယ်မို့လား၊ ကိုယ်ကောင်းရင် ခေါင်း ဘယ်မရွေ့ဘူးဆိုတာ"
“ဟုတ်တော့ ဟုတ်တယ်”
မလေးနုသည် သက်ပြင်းတစ်ချက်ချရင်း ဆက်ပြော၏။ "မလေးမှာ intuition ခေါ်မလား၊ ကြိုပြီး အလိုလိုသိနေသလို စိတ်ထင့်တဲ့အလေ့ရှိတယ်၊ မလေး ဒေါ်လေးသန်းတို့အိမ် ပြောင်းစက အစစအဆင်ပြေပါတယ်၊ ဒါပေမဲ့ ကြာကြာနေလိုတဲ့စိတ် မရှိဘူး၊ ဘာမှန်း မသိဘူး၊ တစ်ခုခုထင့်နေတယ်၊ မကြာဘူး၊ ဦးလေးက နောက်တော့ ဖောက်လာရော၊ ခုလည်း ဒီဆေးခန်းကို မလေးဆန္ဒနဲ့ ပြောင်းလာတာ၊ ဘာမှ စိတ်မထင့်ဘူး၊ အခု ရှိန်းက ပြောင်းလာတော့ မလေးစိတ်မှာ တစ်မျိုးပဲ၊ တို့နှစ်ယောက် ဘာမှ မဖြစ်ပေမယ့် မလေးကို ပတ်ဝန်းကျင်က အတင်းပြောမှာ၊ စွပ်စွဲမှာ စိုးတယ်"
သက်မာသည် မလေးကို ပြုံးကြည့်ရင်း... “အဲဒီတော့ မင်းက ဘာလုပ်ချင်လို့လဲ”ဟု မေးလိုက်သည်။
“မလေး တစ်နေရာ ပြောင်းချင်ပြန်ပြီ"
"ဟာ မလေးကလည်း သူများပြောမှာကြောက်လို့ ပြောင်းနေရရင် မင်း တစ်သက်လုံး ပြောင်းနေရမှာ၊ လူတွေဆိုဘာ အတင်းအဖျင်းပြောဖို့ ဝါသနာပါတာတဲ့၊ တီးတိုးပြောကြ၊ ဝါဒဖြန့်ကြတာ Whispering campaing ဆိုတာ စစ်တိုက်တဲ့နေရာမှာတောင် သုံးတာ"
"သူ့နာလို ရွာထက်ဝက်၊ ကိုယ့်နာလို ရွာထက်ဝက်ဆိုတာ ရှိတယ်လေ၊ တို့လုပ်ငန်းဟာ မွန်မြတ်တယ်။ အောင်မြင်တယ်ဆိုပေမယ့် မနာလိုသူကတော့ ရှိမှာပဲ"
“အောင်မြင်လေ မနာလိုလေပေါ့”
"အဲဒါ သူတို့က တီးတိုးဝါဒါဖြန့်ကြရာက သူ့မိန်းမကြီးဆီ နားပေါက်၊ သူ့မိန်းမက မလေးကို လာရန်တွေ့မှဖြင့် မလေး ကြောက်တယ်ကွယ်”
`မင်းကလည်း ဒီဆေးတိုက်မှာ ဒီလို စေတနာနဲ့ ဘယ်သူ အချိန်ပြည့်လုပ်မလဲ၊ မလေး စေတနာကို သစ္စာဆိုပေါ့၊ မင်းစေတနာနဲ့ လုပ်ရည်ကိုင်ရည်ကြောင့် ရှိန်းကလည်း မင်းကို အားကိုးတာပေါ့"
သက်မာက မလေးနုကိုသာ အားပေးနေရသည်။ ဖြူပြာ မန္တလေးမသွားခင် သူ့ကိုပြောသွားသော စကားများကို သတိရသည်။ အေးကိုယ်တိုင်က မလေးနုအပေါ် မကျေမနပ်ဖြစ်နေသည်ကိုသာ မလေးနု သိပါလျှင်...
“ဘာပဲဖြစ်ဖြစ် မလေးရယ်၊ သက်မာရော မင်းရော ဒီဆေးတိုက်မှာ လုပ်နေတာ လခစားအနေနဲ့ ငွေရေးကြေးရေးထက် ရှိန်းတို့မိသားစုကို မိသားစုလို ပူးပေါင်းဆောင်ရွက်ပေးနေတာ ရှိန်းရော၊ သူ့သမီးတွေရော အသိပဲ။ ဒါကို မကျေနပ်လည်း သူ့မိန်းမကိုယ်တိုင် ဆေးတိုက်ကို ဦးစီးပေါ့၊ ကိုယ်ကိုယ်တိုင်လည်း အရည်အချင်းမရှိ၊ သူများလုပ်တာကို ထိုင်ကြည့်၊ ဝန်တိုနေတာတော့ ဂရုမစိုက်စမ်းပါနဲ့၊ ဖြူပြာတစ်ယောက်လုံး တို့နဲ့အတူ လုပ်နေတာပဲ၊ စိတ်အေးအေး ထားစမ်းပါ၊ မလေး မရှိရင် တို့လည်းမလုပ်ဘူး"
သက်မာ ပြောစကားကြောင့် မလေးနု ငိုင်သွားသည်။
"သက်မာ မင်းအသိပဲ၊ မလေး မှဲ့တစ်ပေါက်အစွန်းခံခဲ့တာ မဟုတ်ဘူး၊ အခုအရွယ်ကျမှ သူတစ်ပါး ပြောလာမယ့် အဖြစ်တွေ ဖြစ်လာမှာစိုးတယ်၊ ဒါ့ကြောင့် မလေး တစ်နေရာပြောင်းချင်တယ် ပြောတာ”
"ပြောင်းပြောင်း၊ တစ်သက်လုံး ပြောင်းနေရမှာ၊ မလေးကို တရားမဟောချင်ပေမယ့် ကိုယ်နဲ့ မင်းက ပြောစရာရှိ ပြောရမှာပဲ၊ မင်းက အာနန္ဒာနဲ့ တူနေပြီ”
“ဘာဖြစ်လို့ အာနန္ဒာနဲ့ တူရမှာလဲ”
“ကိလေသာကင်းစင်နေတဲ့ မြတ်စွာဘုရားက မာဂဏ္ဍီကို မလိုချင်ဘူးလို့ ပြောလိုက်တာ၊ သူ့အဖေကတစ်ဆင့် မာဂဏ္ဍီက သိတော့ ဘုရားကို မကျေနပ်ဘူး၊ ဘုရားသခင် သူတို့ရွာထဲ ဆွမ်းခံကြွလာရင် ရွာသားတွေကို မြှောက်ပေးပြီး ဆဲခိုင်းတာပဲ၊ အာနန္ဒာကလည်း ဘုရားနဲ့အတူကြွရတာကိုး၊ ကြာကြာအဆဲခံရပါများတော့ အာနန္ဒာက ဘုရားကို လျှောက်ထားတယ်၊ တပည့်တော်တို့ တခြားရွာသွားပြီး ဆွမ်းခံရအောင်ဘုရားတဲ့၊ ဘာဖြစ်လို့လဲလို့ မြတ်စွာဘုရားကမေးတော့ မာဂဏ္ဍီပုဏ္ဏေးမှာ တပည့်တော်တို့ ဆွမ်းခံကြွလာတိုင်း ဆဲရေးတာကို မခံနိုင်ပါဘူးလို့ ပြန်လျှောက်တယ်၊ ဒီတော့ မြတ်စွာဘုရားက ... ချစ်သားအာနန္ဒာ နောက်တစ်ရွာပြောင်းလို့ နောက်ရွာမှာ နောက်မာဂဏ္ဍီတစ်ယောက်နဲ့ တွေ့ရင် တို့ ဘယ်ပြေးမလဲတဲ့”
သက်မာ စကားဆုံးတော့ မလေးနုက ရယ်သည်။
“မရယ်နဲ့လေ၊ နေရာတိုင်းမှာ မာဂဏ္ဍီတွေ ရှိတယ်ကွ၊ နောက်တစ်နေရာမှာ မာဂဏ္ဍီနဲ့တွေ့ရင် မင်း ဘယ်ပြေးမလဲ”
"ကျေးဇူးတင်ပါတယ် တရားဟောဆရာမကြီးရယ်၊ မလေးကလည်း တွေးပူရတာလေ”
သူ့စကားမှ မဆုံးခင် ဧည့်သည်ရောက်လာသည်ဆို၍ ဧည့်ခန်းဘက် ထွက်လာရသည်။ ဧည့်ခန်းမှာထိုင်နေသည်က သူ့ဖောက်သည် မစိန်အေး။
“နေကောင်းရဲ့လား”
မလေးနုက ကုလားထိုင်မှာ ထိုင်ရင်း မေးလိုက်သည်။ ကြည့်ရတာ ကျန်းကျန်းမာမာရှိပုံရသည်။ ကိစ္စတစ်ခုခု ပြောချင်ဟန် ရှိသည်။ သူ့မျက်နှာက ပြုံးစေ့စေ့မျက်နှာထားနှင့်။ မလေးနုကို ကြည့်နေသည်။ မျက်နှာထားပြုံးနေသည်က မစိန်အေး၏ အမှတ်တံဆိပ်။ ဟုတ်ပါ့၊ ဘယ်လောက် စိတ်ညစ်စိတ်ညစ် မစိန်အေး ပြုံးပြုံးနေတတ်သည်က အတုယူစရာပါပဲ။ မစိန်အေးသည် ရာသီလိုက်ပေါ်သော သီးနှံ၊ သရက်သီး၊ မင်းကွတ်၊ နာနတ်၊ သစ်တော်သီး စသည်များကို ဖောက်သည်ယူကာ ခေါင်းပေါ်ရွက်ရောင်းသော ဈေးသည်၊ ပုဇွန်တောင်ဈေးထဲသို့ သူ မတိုးနိုင်၍ ခေါင်းရွက်ကာ အိမ်များရှိရာ လိုက်ရောင်းသည်။
မလေးနု၏ဖောက်သည်ဆိုသည်မှာ ဈေးဗန်းကြီးရွက်ရင်းမှ တစ်နှစ်တစ်ခါ အပြေးအလွှား လာရောက်၍ ကလေးမွေးတတ်သောကြောင့် မလေးနု၏ဖောက်သည်ဖြစ်နေခြင်းပါ။ မလေးနုက သရက်သီးဝယ်စား၍ မဟုတ်။ အံ့သြစရာကောင်းသည်က သရက်သီးဗန်းရွက်၍ သူ လမ်းပေါ်မှာ အမြဲရှိသည်။ မွေးချိန်ခဏလေးတော့ ဆေးခန်းရောက်လာတတ်သည်။ ယခုလည်း ဘာကိစ္စမှန်း မသိ၊ မွေးချိန်တော့ မဟုတ်ပါ။ ခေါင်းပေါ်မှာ သရက်သီးဗန်းလည်း မရှိ။
"မမဆီလာတာ ကိစ္စလေးတစ်ခုရှိနေလို့၊ ဒီမှာ သရက်သီး ရင်ခွဲတွေ ကောင်းလွန်းလို့ ခေါင်လုံးကြီးတွေ မမဖို့ ယူလာတယ်”
မစိန်အေးက ဆင်းသာ ဆင်းရဲသည်။ ဒီလို လက်ဖွာသည့် အကျင့်ကလည်း ရှိသေးသည်။ သူမွေးဖွားတိုင်း မလေးနုကို ငွေမပေးနိုင်ပေမယ့် သူရောင်းသော သစ်သီးများထဲမှ တစ်မျိုးမျိုး ပေါ်ဦး ပေါ်ဖျား မလေးနုကို လာပေးတတ်သည်။ စားပွဲပေါ် သရက်သီးခြင်းကို တင်လိုက်သည်။ သူ့ခေါင်းမှာ ဗန်းရွက်လာသည်ကို မတွေ့ရလျှင် မလေးနုက သံသယဖြစ်နေသည်။ မွေးဖွား၍သော်လည်းကောင်း၊ အရင်းအနှီးမရှိ၍သော်လည်းကောင်း သူ့ခေါင်းပေါ်မှာ ဈေးဗန်းက လွတ်နေခြင်းဖြစ်သည်။ ကျန်အချိန်တွေမှာတော့ ခေါင်းပေါ် မှာ ဈေးဗန်းရွက်ရမြဲ။ ဈေးဗန်းကြီး ခေါင်းမှာရှိသလို ဗိုက်ထဲမှာ ကလေးကလည်း ပြတ်သည်မရှိ၊ ပြတ်လှ တစ်နှစ်ပဲ။
“နေကောင်းပါတယ် မမရဲ့၊ ကလေးတွေ ကျောင်းဖွင့်တော့ ကျောင်းအပ်ရ၊ သူတို့အဖေ နေမကောင်းလို့ ကျွန်မ ငွေရင်းထဲက ပါသွားလို့၊ ငွေတစ်ထောင်လောက် မမဆီ ခဏလာယူတာပါ၊ သရက်သီးတွေရမှာမို့"
ပြုံးစေ့စေ့နှင့် မစိန်အေးက သူ့ကိုကြည့်နေသည်။ ပါးစုံ့ပြဲပြဲက ညိုညို၊ အိအိဖောင်းဖောင်း။ လူကလည်း ဝဝဖိုင့်ဖိုင့်နှင့် ချစ်စရာတော့ ကောင်းသား။
"မမ ငွေကို သရက်သီးရောင်းပြီး ပြန်ဆပ်ပါ့မယ်၊ ငွေက အရေးအကြောင်းဆို စုထားပါတယ်၊ မမ သိတဲ့အတိုင်း တစ်ယောက် မွေးရင် ပါသွားပြန်ရော၊ သူ့အဖေ ပန်းရံလုပ်တာက သူစားတာနဲ့ ကုန်တာ”
“အဲဒီတော့လည်း မမွေးအောင်လုပ်ပါလို့ မလေး ခဏခဏ ပြောတာလည်း မရဘူး၊ မစိန်အေးက နားမှမထောင်ဘဲ၊ အဆန်းပဲ၊ ဒီဆေးခန်းမှာ တွေ့ရတာ ချမ်းသာတဲ့လူတွေက ကျွေးနိုင်မွေးနိုင်ရယ်နဲ့ ကလေးမလိုချင်၊ မစိန်အေးတို့ကျတော့လည်း ကလေး ဘာလို့ များများယူချင်ရတာလဲ"
မလေးနုက ကရုဏာဒေါသောနှင့် ပြောလိုက်သည်။
"မလိုချင်ချင် လိုချင်ချင် သူ့ဟာသူရနေတာ မမလည်း သိသားနဲ့"
မစိန်အေးပြောပုံက အပြုံးမပျက်။
“အဲဒါ မရအောင်လုပ်ပါလို့ သားဝေးအောင် နည်းမျိုးစုံ မလေး ရှင်းပြပြီးပြီ၊ မစိန်အေးတို့က စကားနားမထောင်ဘူး၊ ကိုယ် မွေးလာတဲ့ကလေး ကျွေးနိုင်ဖို့လည်း အရေးကြီးတယ်”
"ကျွန်မယောက်ျားက သဘောမှမတူတာ"
"သဘောသာ မတူတယ်၊ ဒီကလေးတွေ ဝအောင်ကျွေးဖို့လည်း သူလည်း မရှာနိုင်ဘူး၊ မစိန်အေးကသာ ဝတာ၊ မစိန်အေး ကလေးတွေ ဒီဆေးခန်းရှိပေလို့၊ ချူချာလိုက်တာ လွန်ရော၊ ပိန်လှီနေတာ၊ သားဝေးတော့ သူတို့ကိုလည်း ကောင်းကောင်းကျွေးနိုင်တယ်၊ လူကြီးလည်း ကျန်းမာတယ်၊ ပိန်ချည့်ချူချာတာတွေ မွေးနေတော့လည်း ဆေးဖိုးနဲ့ကုန်တာ၊ ကိုယ့်ယောက်ျားကိုယ် နားလည်အောင်ပြောပြ၊ အခုပဲ ဘယ်နှယောက်"
"ငါးယောက်၊ ခု ဗိုက်ထဲမှာ တစ်ယောက်၊ သုံးယောက်က သေတယ်လေ၊ စုစုပေါင်း ရှစ်ယောက်ပေါ့”
မလေးနုကိုကြည့်ရင်း မစိန်အေး ပြောလိုက်သည်။
"ရော့... ငွေတစ်ထောင်ယူသွား၊ ဒီကလေး မွေးပြီးရင်တော့ တော်တော့"
မလေးနု ပြောပြောဆိုဆို လှမ်းပေးသော ငွေကိုယူ၍ မစိန်အေးက နှုတ်ဆက်ကာ ထွက်သွားတော့သည်။ ဘယ်လိုပဲ နားလည်အောင်ပြောပြော မစိန်အေးက သဘောမပေါက်နိုင်၊ သူ့ကလေးတွေကိုလည်း သူပြန်မကြည့်နိုင်။ ဈေးဗန်းခေါင်းရွက်ကာ ပြေးလွှားရင်း ကလေးမွေးနေရလေတော့ ပြန်ကြည့်ချိန်မရ။ အကြီးဆုံး ချိုမက မိန်းကလေးဖြစ်နေ၍ တော်သေး၊ အငယ်များ ပြန်ထိန်းကာ အိမ်မှာ တတ်သလောက် မှတ်သလောက် ချက်ကျွေးသည်။ သူ့အောက် အငယ်တွေ ကျောင်းထားသည့်အရွယ်ပင် ရောက်ပြီ။ ချိုမက ကျောင်းမနေနိုင်သေးပါ။
ချိုမသည် ဆေးခန်းကို လမ်းပေါက်နေပြီ။ မစိန်အေး မပါလည်း လာတတ်သည်။ သူ၏ခါးပေါ်မှာက ကလေးတစ်ယောက်ယောက် ပါမြဲ။ မောင်လေးဖြစ်ဖြစ်၊ ညီမလေးဖြစ်ဖြစ် ပါတတ်သည်။ မလေးနုကတစ်ဆင့် ဆက်သွယ်ပေး၍
ကလေးကုဆရာဝန် ဒေါ်ခင်သန်းအေးနှင့် ချိုမက အဆက်အသွယ်ရပြီးပြီ၊ ဆေးလာယူပြီးတိုင်း မလေးနုကို နှုတ်ဆက်ပြီးမှ ပြန်သည်။
“ကဲ... ဆိုစမ်း၊ ဒီတစ်ခါ မောင်လေးက ဘာဖြစ်ပြန်လဲ"
“ဝမ်းသွားလို့
မလေးနုအမေးကို ချိုမက ဖြေသည်။
“အစားမှားလား”
"အန်တီ ဒေါ်ခင်သန်းအေးကပြောတော့ နို့ဆီမကောင်းလို့တဲ့"
“ဪ.. မစိန်အေးက သူဌေးမဆိုတော့ ကလေးကို နို့မတိုက်ဘူးလား”
"အမေက ညပဲတိုက်နိုင်တာ၊ အမေ ဈေးရောင်းထွက်သွားတော့ မနက်အစောကြီးကတည်းက သွားတာ၊ ကျွန်မ အစကတော့ ကော်ဖီဝယ်တိုက်တယ်၊ ကော်ဖီက တစ်ခွက်နှစ်ဆယ်ဆိုတော့ နို့ဆီဘူးဝယ်ပြီး ဖျော်တိုက်လို့ မောင်လေး ဝမ်းပျက်နေတယ်”
မလေးနုသည် ဘာမှ ဆက်မမေးလိုတော့ပါ။ မိခင်နို့ အာဏာရအပြည့်ရသည်တော့ မှန်ပါရဲ့။ နို့တိုက်ရမည့် မိခင်က လမ်းပေါ်ပြေးနေရလေတော့ မိခင်နို့မတိုက်နိုင်။ ချိုမကရော နာနီတွေလို နို့ဘူးပြုတ်တာတို့၊ ပိုးသတ်တာတို့ ဘယ်လုပ်တတ်ပါ့မလဲ။ လုပ်တတ်လည်း ချိုမအဖို့ လုပ်ချိန်မရပါ။ အရွယ်နှင့်မမျှ လုပ်ရလွန်း၍ လုပ်ရသည့် အိမ်တာဝန် ပိပုံရသည်။
ချိုမကိုယ်တိုင် သူ့ကိုယ်သူကုဖို့ ဆေးခန်းကို ရောက်လာတတ်သည်။ ချိုမကိုကြည့်ရတာ ထွေထွေထူးထူး ရောဂါ မဟုတ်ပါ။ အာဟာရချို့ယွင်းတာပါပဲ။ ဆယ့်နှစ်နှစ်လောက်အရွယ်မှာ စားကောင်း၊ ကစားကောင်းရမည့်အရွယ်။ ချိုမက အိမ်ရှင်မကြီးလို အမေအပြန်ဝယ်လာသော သားငါးတချို့နှင့် ဟင်းသီးဟင်းရွက်ကို အမေညွှန်ကြားသလို ချက်ရသည်။ ပထမတော့ ခဏခဏ အခေါက်ခံရသည်။ ယခုတော့ အခေါက်မခံရတော့ပါ။ ဒါပေမဲ့ အဖေ့ဖို့ ထမင်းဘူးထည့်ပေးရ၊ မောင်လေး ညီမလေးတွေ ဟင်းခွက်မှာ လက်ရှုပ်နေတာနှင့် ချိုမသည် နောက်ဆုံးတော့ အိုးလူးခွက်လူးဟင်းနှင့် ငါးပိရည်ကိုပဲ စားရသည်များသည်။ ဒါ့ကြောင့် ပိန်လှီသည်။ ဒါပေမဲ့ ချိုမ အလုပ်နှင့်လက် မပြတ်၊ ဖွပ်တာလျှော်တာလည်း သူပါပဲ။ ကစားဖို့ဆိုတာကို သတိမရ။ ကလေးဘဝဆိုတာကိုတောင် ချိုမ မေ့ကောင်းမေ့နေမည်။ ဒါကိုတော့ မလေးနု ချီးကျူးသည်။ မစိန်အေးလို မရှိလည်း မရှိ၊ မသိလည်း မသိ၍ ဖြစ်ရသော ရောဂါများကို သူ ဟောရ ပြောရသည်ကို တစ်ခါတစ်ရံ စိတ်မရှည်တော့ပါ။
ငွေကြေးခန်းက သူတို့ငွေနှင့် သူတို့ တတ်နိုင်သူတွေ။ စေတနာခန်းက ဆင်းရဲသူတွေများလေတော့ မရှိခြင်း၊ မသိခြင်း ပြဿနာတွေက အများကြီး။ တတ်နိုင်သလောက် သည်းခံဖြေရှင်းပေးရသည်ပဲ ဖြစ်သည်။
အပိုင်း(၁၅)ဆက်ရန်
--------------------
#ခင်နှင်းယု
0 Comments