ဘဝအိပ်မက် ပန်းအိပ်မက် - မစန္ဒာ (အပိုင်း ၁၂)

#ဘဝအိပ်မက် ပန်းအိပ်မက်

အပိုင်း (၁၂)

“အဲဒါကိုပဲကြည့်တော့ ဒေါ်ဒေါ်ရွှေရေ၊ အခုတော့ ကလေးတွေအကုန်လုံးက သူတို့ဘဘကြီးဘက်က”

မခင်လှက ကျေနပ်ခြင်းတစ်ဝက် မကျေနပ်ခြင်းတစ်ဝက်တို့ ရောနေသောမျက်နှာဖြင့် ပြုံးတမဲ့မဲ့ ပြောသည်။

သူ့ကလေးတွေနှင့် ဦးဘပွား အလွမ်းသင့်ပြီး အဆင်ပြေသွားကြသဖြင့် ဝမ်းသာမိသော်လည်း ကိုဦးက “မေမေရယ်၊ ဘဘကြီးကို ဘယ်တော့မှ ပုပ်ပုပ်ကြီးလို့ မခေါ်ပါနဲ့တော့ဗျာ၊ သူက သဘောကောင်းပါတယ် မေမေရဲ့၊ မေမေထင်သလို သဘောပုပ်ပုပ် မနောပုပ်ပုပ်ကြီးမဟုတ်ပါဘူး” ဟု မိကျောင်းမင်း ရေကင်းပြပြီး ပြောခဲ့သည်ကိုတော့ အတန်ငယ် မခံချင်ဖြစ်မိသည်။

“အေး အခုမှ မဟုတ်တော့ဘူး ဆိုရင်တော့ မပြောတတ်ဘူး။ ပုပ်တုန်းကတော့ တကယ့်ကိုပဲ ပုပ်ခဲ့တဲ့ ပုဂ္ဂိုလ်ကြီးပါတော်” ဟု သူက ပြောတော့ ကိုဦးက ခေါင်းခါရင်း “ဘယ်တုန်းကမှ ပုပ်ခဲ့မှာ မဟုတ်ပါဘူး မေမေရာ၊ တစ်ယောက်နဲ့တစ်ယောက် နားလည်မှုတွေ လွဲနေလို့နေမှာပါ” ဟု စကားကြီး စကားကျယ်ပြောပြီး ဦးဘပွားဘက်က ကာကွယ်ခဲ့သေးသည်။

“တကယ့် တကယ်ကျတော့လဲ စိတ်ရင်း တကယ်ကို ကောင်းရှာပါတယ်” 

ဒေါ်ရွှေနုက ပြောတော့ မခင်လှသည် “အင်း သည်အဘွားကြီးလဲ မျက်နှာကြီးရာ ဟင်းဖတ်ပါသွားပြီ” ဟုတွေးသည်။ အလျင်တုန်းက ဦးဘပွား၏အတင်းကို အပြောဆုံးက ဒေါ်ရွှေနုပင်ဖြစ်ကြောင်း သူမှတ်မိသည်။

“ကြည့်ပါဦး ကံကောင်းအတွက် ဝင်ပြီး တာဝန်ယူတာ နည်းတဲ့စေတနာလား၊ ပေးပြန်တော့လဲ တိုရေးရှာရေး ပေးတာမဟုတ်ဘူး မခင်လှရဲ့ ၊ တစ်လ တစ်ထောင်တောင် ပေးတာ နည်းသလား”

“အင်းလေ၊ သူ့ စေတနာက ချီးကျူးစရာတော့ ချီးကျူးစရာပဲ”

မခင်လှက အင်တင်တင် ပြောသည်။ သူ့စိတ်စေတနာကို ချီးကျူးရမည်ဆိုသော်လည်း မခင်လှသည် အလျင်တုန်းက အမြင်ကတ်ခဲ့သည့် အရှိန်လေးနှင့်မို့ အနည်းအကျဉ်းတော့ ဆက်ပြီး ကတ်နေချင်သေးသည်။ 

“ငယ်ပေါင်းကြီးဖော်တွေ မဟုတ်တော့လဲ တစ်ယောက်အကြောင်းတစ်ယောက် ဘယ်သိပ်သိကြပါ့မလဲကွယ်။ အခုမှသာ ဖြည်းဖြည်းသိကြရတာ၊ လူအကြောင်း ပေါင်းမှသိရတယ် မဟုတ်လား”

ဒေါ်ရွှေနုက လက်ဖက်ကလေး တမြုံ့မြုံ့စားရင်း လေပျော့လေးနှင့် ဆက်ပြောသည်။ ဦးဘပွားကို မြင်ပြင်းကတ်ကတ်နှင့် “လူ့ခွစာကြီး” “လူ့ကန့်လန့်ကြီး” “လူ့ဘဝင်ကြီး” စသည်ဖြင့် အိမ်တကာလည်ပြီး ပြောမိဆိုမိသမျှကို ခုမှ ပြန်တွေးပြီး အားတုံ့အားနာ ဖြစ်နေပုံရသည်။ သူပြောခဲ့မိသမျှကို ကျေရာကျကြောင်း၊ အခုတော့လည်း သာသာထိုးထိုးနှင့် ချီးကျူး၍ မဆုံးနိုင်အောင် ဖြစ်နေသည်။ 

မခင်လှကတော့ ပြောတုန်းကပြောခဲ့မိပြီးမှ ချက်ချင်းကြီး မှားပါပြီဟု ပြောင်းပြန်လုပ်ရမည်ကို ကိုယ့်ကိုယ်ကို ရှက်နေသည်။ ထို့ကြောင့် “ကျွန်မတို့က ဒီအဘိုးကြီးကို တော်တော်ဆိုးတယ် ထင်နေတာ၊ အခုတော့လဲ မဆိုးရှာပါဘူး” ဟု လျော့လျော့ပေါ့ပေါ့ ပြောလေသည်။

“ငါတို့လမ်းထဲမလဲ လူသစ်တွေက အရမ်းရောက်??လာပြီကိုး မခင်လှရဲ့၊ တစ်ယောက်အကြောင်း တစ်ယောက်??ဆိုတာ ချက်ချင်းကြီး ဘယ်သိနိုင်ကြတော့မှာလဲ” 

ဦးဖီးလမ်းထဲတွင်သာမက စမ်းချောင်းတစ်ရပ်ကွက်လုံးတွင် ကန်ထရိုက်တိုက်တွေ မှိုလိုပေါက်ပြီး အိမ်ထောင်စုဦးရေများမှာလည်း လျင်မြန်စွာ တိုးတက်လာသည်။ မခင်လှတို့ ရောက်လာသည်မှာလည်း လေးငါးနှစ်သာ ရှိသေးသည်မို့ လူသစ်တန်းတွင် ပါဝင်သူများဖြစ်သည်။ ဒေါ်ရွှေနုတို့သားအမိကမူ နှစ်ပေါင်း အစိတ် သုံးဆယ် သက်တမ်းရပြီးဖြစ်သော စမ်းချောင်းသူစစ်စစ် မူလလက်ဟောင်းကြီးများ ဖြစ်လေသည်။ 

“စမ်းချောင်းကို ဟိုးအလျင်တုန်းက ရှမ်းတွေကစပြီး တည်သွားတာလို့ ပြောကြတယ် မခင်လှရဲ့ ။ သူတို့စီရင်ခဲ့တဲ့ ဆေးတွေ၊ အင်းတွေရဲ့ အစွမ်းကြောင့် စမ်းချောင်းရပ်ကွက်ဟာ မီးကွင်းနေတာပေါ့။ ဒေါ်ဒေါ်တစ်သက်တော့ စမ်းချောင်းမှာ မီးလောင်တယ်ဆိုတာ မကြားဖူးပါဘူး၊ အကြောင်းမသင့်လွန်းလို့ တစ်ခါ နှစ်ခါတော့ လောင်ဖူးတယ်၊ ဒါပေမယ့် အဲဒီမီးဟာ တစ်အိမ်အပြင် နှစ်အိမ်မကူးဘူး၊ ဒါကြောင့် ဒေါ်ဒေါ်တို့ စမ်းချောင်း လက်ဟောင်းသမားတွေဟာ အိမ်ကို မီးပေါင်ထားလေ့ မရှိကြဘူး၊ လိုမှ မလိုဘဲကိုး၊ ဟုတ်ဘူးလား” 

ဒေါ်ရွှေနုက ဦးဘပွားဆီမှ ဦးလည်ပြီး သူချစ်သော စမ်းချောင်းကို ဆက်၍ ချီးမွမ်းခန်းဖွင့်သည်။ စမ်းချောင်းရပ်ကွက်ကို ဒေါ်ရွှေနု ချစ်သည်။ စမ်းချောင်းရပ်ကွက်တွင်းရှိ လူနေမှုကိုလည်း ချစ်သည်။ သူက ကိုယ့်ကိုယ်ကို သာမက ပတ်ဝန်းကျင်မှ လူများကိုပါ အမြဲတမ်း စိတ်ဝင်စားနေသူဆိုတော့ သည်ရပ်ကွက်တွင်းမှာ စိတ်ဝင်စားစရာ ဇာတ်လမ်းလေးများက ပြည့်ကျပ်နေသည်။ 

သူက အိမ်လည်ပြီး အတင်းပြောတတ်သူ (ထိုအထဲတွင် သူကိုယ်တိုင်လည်း ပါဝင်သည်)များကိုလည်းကောင်း၊ အိမ်မှာထိုင်ပြီး ပြောသမျှအတင်းကို စောင့်၍နားထောင်တတ်သူများကိုလည်းကောင်း သဘောကျသည်။ သူတို့သာ မရှိလျင် ယခု လောကကြီးသည် သည်မျှ စိုစိုပြည်ပြည် စည်စည်ကားကား ရှိမည်မဟုတ်ဟုပင် တွေးမိတတ်သည်။

တစ်ခါတရံလည်း တစ်ဦးနှင့်တစ်ဦး စကားပြော၍ အပေါက်အလမ်းမတည့်ဘဲ စိတ်ဆိုးကြ စိတ်ကောက်ကြလည်း ဖြစ်တတ်သည်။ သို့သော် ကြာကြာမခေါ်ဘဲ မနေနိုင်ကြ။ အရေးအကြောင်း၊ သာရေးနာရေးရှိလျှင် ဝိုင်းကြ ဝန်းကြသည်။ ကူညီကြသည်။ ကိုယ့်အိမ်က ဟင်းခွက်လည်း သူ့အိမ်ရောက်၊ သူ့အိမ်က ဟင်းခွက်လည်း ကိုယ့်အိမ်ရောက်နှင့်မို့ ဒေါ်ရွှေနုပျော်သည်။

အိမ်ဝမှနေပြီး “မဟိုဒင်းရေ ဘာချက်လဲ”ဟု မေးကာ မီးဖိုချောင်ထဲအထိ တန်းပြီး ဝင်သွားနိုင်သည့်အရသာမျိုးကို ဝင်ဒါမီယာ ယခုသံလွင်လမ်းတွင် ရနိုင်မည် မဟုတ်ပေ။ သူ့မှာ သည်ထက်မက ချမ်းသာကြီးချမ်းသာပြီး ဝင်ဒါမီယာ ယခု (သံလွင်လမ်း)၊ ရွှေတောင်ကြားတွင် တိုက်ဆောက်နိုင်မည် ဆိုလျှင်ပင် ဒေါ်ရွှေနုတို့ကတော့ စမ်းချောင်းမှ ခွာနိုင်မည် မထင်။ ဘေးခန်းက အဖိုးကြီး ဦးဘပွားလို ရွှေတောင်ကြားကအိမ်ကို သံရုံး ငှားပြီး သူကတော့ သည်တိုက်ခန်းလေးဆီသို့သာ ပြန်ပြေးလာမည် ဖြစ်လေသည်။

“အင်း ဦးဖီးလမ်းထဲက လူဟောင်းတွေလည်း အတော်ကို ဆုံးပါးကုန်ကြပြီ။ ဟိုဘက်လမ်းထိပ်က ဦးထွန်းရှိန်၊ လမ်းလယ်က ဦးလှနဲ့ ဦးအောင်သိန်း၊ နောက်ပြီး ခင်မောင်ဆွေတို့အဖေ ဦးဟုတ်စိန်၊ နောက်ပြီး အဲဒီအိမ်ရှေ့ တွင်ခုံက ဦးမြအေး၊ သူ့တွင်ခုံမှာ ဆီစက်ကလိုသမျှ ပစ္စည်းရလို့ ဆီဘုရားလို့တောင် ခေါ်တယ်တဲ့။ နောက်တော့ ဦးဇေယျာရဲ့ ဇနီး ဒေါ်ဒေါ်နု၊ သူက ပိန်ပိန်ပါးပါး ညက်ညက်ကလေးနဲ့ မိန်းမချောပေါ့၊ နောက်တစ်အိမ်က ဦးမြတ်ထွန်းဦးတို့ ဇနီးမောင်နှံ၊ နောက်တော့ မာမီကြီး၊ ဒီဘက်ပိုင်းရောက်လာတော့ ဆန်နီဘွိုင်တို့အဖေ ဦးစိုးညွန့်၊ တင်တင်အေးအမေ ဒေါ်နှင်းသင်၊ အဲဒီ ဒေါ်နှင်းသင်ထိုးတဲ့ရှောက်ယိုများ ဘယ်လိုစားကောင်းမှန်း မသိဘူး။ ရှောက်သီးအလုံးလိုက်ကို အစိမ်းရောင်မပျက်ဘဲ ယိုထိုးထားတာ ဆိုတော့ လှလိုက်တာလဲလွန်ရော” 

ဒေါ်ရွှေနုက ဦးဖီးလမ်းထဲတွင် လှုပ်ရှားသွားလာခဲ့သူများကို တစိမ့်စိမ့် သတိရနေသည်။ 

“နောက်ပြီး ရွှေရိုးတစ်ယောက်ရှိသေးတယ်၊ သိပ်စိတ်မနှံ့ရှာပေမယ့်လည်း ဘယ်သူ့ကိုမှ ဒုက္ခမပေးဘူး။ သူ့ကိုလည်း အကုန်လုံးက ခေါ်ကြပြောကြကြတယ်၊ ဆွမ်းကျွေး ကွမ်းကျွေးများရှိရင် ဘာမှပြောမနေနဲ့၊ ဘုန်းကြီးပွဲပြီးရင် ရွှေရိုးပွဲပဲ၊ သူက အရင်ဆုံး တက်လာတာ။ ဘယ်ဧည့်သည်မှ မစားရသေးဘူး၊ ရွှေရိုးက အရင်ဆုံးစားတာပဲ၊ ဒါပေမယ့် သူ့ကိုလည်း ဘယ်သူကမှ အပြစ်မယူကြဘူး၊ အကုန်လုံးက မေတ္တာထားကြတယ်။ ခွင့်လွှတ်ကြတယ်။ အခုတော့ မရှိရှာတော့ဘူး။ ရွှေရိုးရော သူ့အမေကြီးရော ဆုံးကြရှာပြီ"

တစ်ယောက်နှင့်တစ်ယောက် တိုင်ပင်ကြ၊ မေတ္တာထားကြပုံတွေကို ပြန်တွေးရင်း ဒေါ်ရွှေနုက ကြည်နူးနေသည်။

အခုတော့လည်း လူဟောင်းတွေ တဖြုတ်ဖြုတ် ပဲ့ကြွေကာ လူသစ်များက အစားထိုးဝင်ရောက်လာသည်။ ရွက်ဝါတွေ တသဲသဲ ကြွေသွားသော်လည်း ရွက်သစ်တွေဝေနေသော သစ်ပင်ကြီးလိုပင် ဦးဖီးလမ်းကတော့ စည်ကားနေမြဲသာဖြစ်လေသည်။ သူ့မျက်စိရှေ့တွင်ပင် ကျည်းသားရိုက်၊ ဂေါ်လီပစ်၊ ဂျင်ပေါက် ကစားနေခဲ့ကြသော နေဝင်းတို့၊ ခင်မောင်ဆွေတို့ပင်လျှင် အခုတော့ ဆံပင်တွေ ဖြူစပြုနေကြပြီ ဖြစ်သည်။

“ဪ အချိန်တွေ ဘာရယ်မဟုတ်ဘူး၊ ကုန်သွားလိုက်တာနော်”

“ဟုတ်တယ် ဒေါ်ဒေါ်ရွှေရဲ့ ၊ ကျွန်မတို့ ဦးဖီးလမ်းထဲ ရောက်တာတောင် ငါးနှစ်လောက်ရှိပြီ၊ ဘာမှ ကြာလိုက်ရတယ် မထင်ပါဘူး”

မခင်လှက တွေးတွေးဆဆ ပြောသည်။ ထိုငါးနှစ်အတွင်း အမေ့ကို နှစ်ခါသာ တွေ့ခဲ့ရသည်ကိုလည်း ချက်ချင်းဆက်ပြီး သတိရသည်။ ဒါတောင် သူက အမေ့ဆီသွားနိုင်တာမဟုတ်၊ အမေကသာ သူ့ဆီသို့ အရောက်လာခဲ့ရခြင်းဖြစ်လေသည်။ 

“အင်း လောကကြီးထဲမလဲ လူငယ်တွေက ကြီး၊ လူကြီးတွေက အို၊ လူအိုတွေက သေ၊ သေပြန်တော့လဲ တဖြည်းဖြည်း မေ့သွားကြရတော့တာပဲ။ သံသရာဆိုတာ ဒီလိုပဲ လည်နေကြရတာ ထင်ပါရဲ့ အေ”

“အင်း အမေ့ခမျာလည်း ကြီးရှာပြီ၊ အိုရှာပြီ” 

မခင်လှကတော့ အမေ့အကြောင်း ဆက်သွားသည်။ သူ့အမေသည် အသက်ခြောက်ဆယ်ကျော်ပြီမို့ ဒေါ်ဒေါ်ရွှေထက် အနည်းငယ် ကြီးလေသည်။ ဒေါ်ဒေါ်ရွှေလို ပိန်ပိန်ပါးပါး ပြားပြားလေးလည်းမဟုတ်၊ ဝဝအိအိကြီးဖြစ်သည်။

“မခင်လှရဲ့ အမေကြီးရော နေကောင်းရဲ့လား"

ဒေါ်ရွှေနုက အမှတ်တရ မေးသည်။ သူတို့နှစ်ဦး ယှဉ်တွဲထိုင်နေလျှင် ဝသူက ပိုဝပြီး ပိန်သူကလည်း ပိုပြီးပိန်နေဟန်ရှိသဖြင့် မြင်သူတိုင်းက ရယ်မောခဲ့ကြသည်ကို သတိရသည်။

“တစ်နေ့တုန်းက စာထဲမှာတော့ နေကောင်းပါတယ်လို့ ပါတာပဲ။ အမေက ဖျားခဲနာခဲပါတယ်၊ ဒါပေမယ့် သွေးတိုးတော့ ရှိနေတယ်။ အစားလဲ နည်းနည်းမှမရှောင်ဘူး”

“ရခိုင်ဘက်မှာ အုန်းသီးပေါပေါနဲ့ အုန်းနို့တွေ သိပ်စားနေရင်တော့ မတည့်ဘူးနော်”

“အဲဒါပေါ့ ...ဒေါ်ဒေါ်ရွှေရယ်” 

သူ့အမေသည် သူ့ထက် ညီမဖြစ်သူ မခင်မြကို ပိုချစ်သည်ဟု မခင်လှထင်သည်။ 

“ကျွန်မနဲ့ နေပါလား အမေရယ်” ဟု သူခေါ်သော်လည်း တစ်လအပြင် ပိုပြီးမနေနိုင်။ 

“ညည်းတို့ရန်ကုန်အိမ် ကျဉ်းကျဉ်းကျပ်ကျပ်ကလေးတွေမှာ အသက်ရှုလို့မဝဘူး အေရဲ့” ဟုပြောကာ ပြန်သွားတတ်သည်။

မခင်မြ၏ယောက်ျားက ဆရာဝန်ဆိုတော့လည်း နယ်တကာအနှံ့ လျှောက်ပြောင်းနေရသည်။ အိမ်ကျယ်ကျယ်ဝန်းဝန်းလည်း ရသည်။ အစားအသောက်လည်း ပေါပေါများများ ရှိသည်ဆိုတော့ “အမေ့အတွက် ပိုကောင်းပါတယ်လေ”ဟု သူက မကြာခဏ စဉ်းစားမိသည်။ 

သူ့အိမ်မှာ မခင်မြလောက် ပေါပေါမကျွေးနိုင်၊ ကျယ်ကျယ် မထားနိုင်တာကတော့ အမှန်ပင်။ နောက်ပြီး မခင်မြက ကလေးတွေ တသွတ်သွတ်မွေးသည်။ အပြင်မှာလည်း ခုနှစ်ယောက်၊ အခုလည်း နောက်တစ်ဗိုက်နှင့် လရင့်ပြီဟု ဆိုသည်။ ရခိုင်ပြည်နယ်ရောက်သွားတော့ အမေလည်း မခင်လှဆီ မလာဖြစ်တော့ပေ။ အသွားအလာ ခက်ခဲသည်ကတစ်ကြောင်း၊ ကလေးတစ်အုပ်နှင့် မခင်မြကို စိတ်မချသည်ကလည်းတစ်ကြောင်း ဖြစ်လေသည်။ 

ကလေးတွေ ကျောင်းပိတ်စကတော့“ဒီတစ်ခါ သမီးတို့မိသားစု အမေ့ဆီလာခဲ့ပါလား၊ မခင်မြက ငပလီလိုက်ပို့မယ်လို့ ပြောတယ်၊ ကလေးတွေကျောင်းပိတ်တုန်း မောင်ရန်​ဝေး ခွင့်ရရင်တော့ လာခဲ့စေချင်တယ်” ဟုရေးထားခဲ့သည်။

“အင်း သွားမယ်၊ လာမယ် ကြံရင် လမ်းစရိတ်နဲ့ စားဖို့သောက်ဖို့ တွက်နေရတာနဲ့ပဲ မသွားဖြစ်၊ မလာဖြစ်တော့ဘူး၊ သင်္ကြန်ကျရင်တော့ တစ်မိသားစုလုံး ကားနဲ့ သွားလိုက်ရရင် ဘယ်လောက်ကောင်းမလဲ။ အမေလဲ တကယ့်ကို
ပျော်ရှာမှာ။ သွားမယ် သွားမယ်။ ဒီနှစ်သင်္ကြန်မှာတော့ မျက်စိမှိတ်ပြီး ဖြစ်အောင်ကိုသွားမယ်၊ ကလေးတွေလဲ ငပလီရောက်ရင် ပျော်လိုက်မယ့်ဖြစ်ချင်း” 

မခင်လှက မိခင်ဖြစ်သူကို ထူးထူးခြားခြား သတိရနေသည်။ သည်က အသွားတွင် ယိုးဒယားပစ္စည်းလေး ဘာလေး ဝယ်သွားမည်။ ဟိုကအပြန်တော့ အိန္ဒိယပစ္စည်းနှင့် ငါးခြောက် ငါးခြမ်းလေး ဝယ်လာမည်။ သည်ပြန်ရောက်မှ တစ်အိမ်တက်ဆင်း လိုက်ရောင်းလိုက်လျှင် စရိတ်ကလေး အတန်အသင့်တော့ ကျေနိုင်သည်။ စိတ်ကူးဖဲရိုက်နေမိသည်။

“ဟော မေးလိုက်စမ်း ကံကောင်းလေး၊ မေးလိုက်စမ်း .. အန်တီလှရယ် ကျွန်တော်လှရဲ့ လားလို့”

ကံကောင်းကိုချီပြီး ထွက်လာသော မမွှေးကြူက သူတို့ဘေးရောက်လာမှ မခင်လှ၏အတွေးများ ပြတ်သွားသည်။ 

“အောင်မလေး...လှလိုက်တာနော်” 

သနပ်ခါးတွေအဖွေးသား လိမ်းထားသော ကံကောင်း၏ပါးနှစ်ဖက်ကို ဆွဲကာ ဒေါ်ရွှေနုက မပီကလာ ပီကလာနှင့် မြူချော့​နေသည်။

“လူဂျိုကြီးရယ်၊ လူဂျိုကြီး ဦးကံကောင်းရယ်၊ မမကဲကို ကြိုက်ရား၊ အန်တီမွှေးမွှေးကို ကြိုက်ရား”

“ဘွားဘွားချွေချွေကိုပဲ ကြိုက်တယ်” 

မမွှေးကြူ၏ဘေးတွင် ကပ်လျက်ပါလာသော ကဲကဲက ကံကောင်းကိုယ်စား ဝင်ဖြေသည်။

“ဘွားဘွားချွေချွေကို ကြိုက်တယ်ရား၊ အဘွားကြီးကို ကြိုက်တာရား၊ အမယ်ကြီးကို ကြိုက်တယ်ရား၊​ ​ပြောဂျမ်း... ပြောဂျမ်း"

သနပ်ခါးနံ့ မွှေးနေသော ကံကောင်း၏ပါးလေးနှစ်ဖက်ကို ဒေါ်ရွှေနုက ခပ်ကြမ်းကြမ်း နမ်းသည်။ ကံကောင်းက စကားတွေ တဝူးဝူး တဂဲဂဲပြောကာ တခစ်ခစ်နှင့် ရယ်သည်။

“ရော့....အမေ၊ ကလေးကို ခဏခေါ်ထားပါဦး”

မမွှေးကြူက ကံကောင်းအား လှမ်းပေးပြီး ကဲကဲနှင့်အတူ ဖိုထဲ ပြန်ဝင်သွားသည်။ ကဲကဲ၏လက်ထဲတွင် သံဇလုံလေးတစ်လုံး ကိုင်ထားသည်ကို မခင်လှ မြင်လိုက်သည်။ 

“ဟဲ့သမီး ....လက်ထဲက ဇလုံက ဘာလုပ်ဖို့လဲ” 

“ ဦးကောင်းအတွက်တဲ့၊ ငါးပိရည် လာတောင်းနေတာလေ”

ကဲကဲ မကြားသဖြင့် ဒေါ်ရွှေနု ဝင်ဖြေသည်။ ဟုတ်သည်။ ကိုကောင်းထက်တစ်ယောက် ငါးပိရည်ဖျော်ကို တော်တော်လေး တောင့်တောင့်တတ စားချင်နေပုံရသည်။ မနေ့တုန်းကလည်း ကဲကဲအား “ကဲကဲရယ် ညည်းငါးပိရည်ကို စောင့်နေရတာ ငါ့မှာ လည်ပင်းကြီးကိုရှည်လို့၊ ဒီတစ်သက် စားရောစားရဦးမှာလား” ဟု ရန်တွေ့ နေသော အသံကို ကြားလိုက်ရသည်။ 

“သားအဖနှစ်ယောက်တည်း နေကြတာဆိုတော့ ငါးပိရည်ကို တတန်တက ဘယ်ကျိုပါ့မလဲအေ၊ သူ့ဦးကောင်း ငါးပိရည် စားချင်တယ်၊ နည်းနည်းပေးပါဆိုပြီး မနက်ကတည်းက လာချွဲနေတာလေ”

“ဟုတ်တယ်၊ အိမ်မှာလဲ ကျွန်မတစ်ယောက်တည်း ငါးပိကြိုက်တာဆိုတော့ တစ်ခါတစ်လေ စားချင်လွန်းမှသာ ကျိုဖြစ်တာ” 

သို့သော် မခင်လှ၏ငါးပိရည်က မီးဖိုပေါ်တင်ကျိုထားသော ငါးပိရည်ထဲသို့ ငရုပ်သီးအခြောက်မှုန့်ထည့်ထားခြင်းသာဖြစ်သည်။ ဒေါ်ရွှေနုတို့သားအမိလို ပုစွန်ခြောက်တို့၊ ကြက်သွန်ဖြူတို့၊ ငရုပ်သီးစိမ်းတို့ကို ထောင်းထည့်ပြီး စားချင်စဖွယ် ဖျော်ထားသည်မဟုတ်ပေ။

“ကိုကောင်းထက်ကိုတော့ ကလေးတွေက အတော်ကိုခင်ကြတယ်နော်” 

“ဪ... ခင်ဆို သူကလဲ ကလေးတွေကို ခင်တာကိုး၊ ဘတ်စ်ကားပေါ်ကနေတောင် ကလေးတစ်ကောင် ပါလာတာ ကြည့်ပါတော့လား"

တစ်သွေးတစ်မွေးဖြစ်နေသော ကံကောင်းကို ကြည့်ရင်း သူတို့နှစ်ဦးသား ကြည်နူးစွာ ရယ်မိကြသည်။ သူတို့ဆီသို့ ကံကောင်းရောက်လာသည်မှာ ဝတ္ထုဆန်လှသည်မို့ ပြန်တွေးမိတိုင်း ရယ်ရွှင်ကြည်နူးရမည့် အဖြစ်အပျက်တစ်ခု ဖြစ်လေသည်။ ခဏနေတော့ မမွှေးကြူနှင့်ကဲကဲတို့ မီးဖိုချောင်မှ ပြန်ထွက်လာသည်။ ကဲကဲ၏လက်ထဲမှ ငပိရည်ဖျော်ဇလုံက ငရုပ်သီးစိမ်း၊ ကြက်သွန်ဖြူနံ့သင်းပြီး မွှေးနေသည်။

“ငါးပိနံ့ရတာ ငါတောင် ထမင်းဆာလာပြီ” 

ငါးပိရည်ဖျော်မွှေးမွှေးကို စိုင်သရက်သီး ကြွပ်ကြွပ်ကလေးနှင့် တို့ကာစားလိုက်ရလျှင် ထမင်းမြိန်လိုက်မယ်ဖြစ်ချင်းဟု မခင်လှ တွေးမိသည်။ အိမ်မှာ သရက်သီးကင်းတော့မရှိ၊ သရက်ဖူးကလေးတစ်စည်း ရှိသည်မို့ အတော်ပင်။ ပြန်တော့မှ မမွှေးကြူ၏ငါးပိရည်ကို တစ်ခါစားလောက် တောင်းသွားပြီး သရက်ဖူး မွှေးမွှေးလေးမြှုပ်ကာ ထမင်းမြိန်မြိန်စားလိုက်ဦးမည်။ 

“ဟော...ဟိုမှာ ဦးကောင်းတောင် ပြန်လာပြီ” 

သူ့ဟန်အတိုင်း ခေါင်းကိုငုံ့ကာ ခပ်စိုက်စိုက်လျှောက်လာသော ကိုကောင်းထက်ကို တွေ့တော့ ကဲကဲဝမ်းသာသွားသည်။ နှုတ်သွက်လျှာသွက်နှင့် လှမ်းခေါ်သည်။

"ဦးကောင်းရေ ... ဦးကောင်း၊ ကံကောင်းက ဒီမှာ” 

နဂိုကတည်းက လာချင်ချင်ဖြစ်ဟန်တူသော ကိုကောင်းထက်က ပြုံးသွားသည်။ အလယ်လှေကားဆီသို့ မသွားဘဲ မမွှေးကြူတို့အခန်းဘက်သို့ လှည့်ဝင်လာသည်။ လာသာလာရသော်လည်း ရှက်တက်တက်ဖြစ်နေသဖြင့် ဘယ်သူ့ကိုမှ မကြည့်ဘဲ ဒေါ်ရွှေနုလက်ထဲမှ ကလေးကိုသာ “ကံကောင်းရေ ..အံမယ် ငါ့သားက သနပ်ခါးတွေ ဘာတွေနဲ့ပါလားကွာ” ဟု လှမ်းပြောသည်။

ကံကောင်းကလည်း ကိုကောင်းထက်ကိုမြင်တော့ မြူးသွားသည်။ ဒေါ်ရွှေနုပေါင်ပေါ်တွင် ခြေထောက်ကလေး နှစ်ဖက်ထောက်ကာ ခုန်ဆွ ခုန်ဆွနှင့် လုပ်နေသည်။ 

“ဟေး ကံကောင်း ခဏနေဦးကွာ၊ ငါ ရေကလေး မိုးကလေး ချိုးလိုက်ပါရစေဦး” 

ကိုကောင်းထက်က ကံကောင်းအား လက်နှစ်ဖက်ဖြင့် မြှောက်ချီကာ တစ်ချက် နမ်းလိုက်သည်။ ထို့နောက် ပြုံးပြုံးကြီး ကြည့်နေသော ဒေါ်ရွှေနုလက်ထဲသို့ ပြန်ပေးလိုက်ပြီး “ခဏလေးပါ၊ ကျွန်တော် ရေချိုးလိုက်ဦးမယ်နော် ဒေါ်ဒေါ်” ဟု ခွင့်တောင်းသလို ပြောသည်။

"ဦးကောင်းရေ” 

ကဲကဲ ခေါ်သည်။ 

“ဦးကောင်းရေ ...ဒီမှာကြည့်”

သူ့လက်ထဲမှ ငါးပိရည်ဖျော်ဇလုံကို မြှောက်ပြရင်း ကဲကဲက မမွှေးကြူဘက်သို့ မေးကလေးထိုးပြသည်။

“ငါးပိရည်ဖျော်လေ၊ အန်တီမွှေး ပေးလိုက်တာ” 

ကိုကောင်းထက်လည်း ငါးပိရည်ဖျော်မွှေးမွှေးကို ငုံ့ကြည့်ရင်း မခင်လှလိုပင် ချက်ချင်း ထမင်းဆာသွားဟန်ရှိသည်။ တံတွေးတစ်ချက် မျိုချလိုက်သည်။ ထို့နောက် မမွှေးကြူအား ကျေးဇူးတတင် လှမ်းကြည့်ရင်း သူ့ဝသီအတိုင်း အလွဲလွဲအချော်ချော် ပြောတော့သည်။

“ကျေးဇူးတင်လိုက်တာ ငါးပိရယ်၊ ကျွန်တော်လေ မမွှေးကြူလေး စားချင်နေတာ ကြာလှပြီ” တဲ့။

ဆက်ရန်
-----------------------
#မစန္ဒာ

crd 👉

Post a Comment

0 Comments