ဘဝအိပ်မက် ပန်းအိပ်မက် - မစန္ဒာ (အပိုင်း ၁၃)


#ဘဝအိပ်မက် ပန်းအိပ်မက်

အပိုင်း (၁၃)

"ဦးကောင်းက အဲဒီလိုပြောလိုက်တော့ အန်တီမွှေးက အရမ်းရှက်သွားတာပေါ့ ဘဘကြီးရဲ့ ၊ မျက်နှာကြီးကို နီရဲသွားတာပဲ”

တခစ်ခစ်ရယ်ရင်း ပြောပြနေသော ကဲကဲကို ကြည့်ရင်း ဦးဘပွားသည် ကိုကောင်းထက်၏အူတူတူပုံကိုရော၊ မမွှေးကြူ၏ ရှက်အမ်းအမ်းမျက်နှာကိုရော အတွေးမျက်စိထဲတွင် ထင်းထင်းကွင်းကွင်း မြင်ယောင်လာသည်။ ရယ်ချင်စိတ်ကလည်း လိပ်ပြီး တက်လာလေသည်။ 

“အဲဒီတော့ ဦးကောင်းက သူမှားသွားမှန်း သိပြီး အရမ်းအားနာသွားပြီး ဘယ်လိုပြန်ပြောလဲ၊ သိလား ဘဘကြီး”

“ဆိုပါဦးကွာ”

ကဲကဲက သူ့ဟာသူ ရယ်နေသဖြင့် စကားကို တော်တော်နှင့် မဆက်နိုင်၊ သိပြီးဖြစ်ဟန်တူသော ကိုဦးနှင့် ကိုတူးတို့ကလည်း ကဲကဲနှင့်အတူရော၍ ရယ်နေကြသည်။

“ဦးကောင်းက အန်တီမွှေးကို မျက်လုံးကြီးပြူးကြည့်ပြီး ဆောရီးဗျာ ဆောရီး၊ ကျွန်တော်က မမွှေးကြူကို အရမ်းစားချင်နေလို့ မှားပြီးပြောမိတာပါ ငါးပိရယ်တဲ့” 

“ဟား....ဟား....ဟား....... ကောင်းရောဗျာ” 

သည်တစ်ခါတော့ ဦးဘပွားသည် ပြုံးရုံမျှမက ဟက်ဟက်ပက်ပက် ရယ်မိတော့သည်။ ကိုကောင်းထက်ဆိုသည့်လူ အူတူတူနိုင်ပုံကိုတော့ သူလက်တွေ့ သိပြီးဖြစ်သည်။ ဟိုတစ်ခါ သူ့ကို တည့်တည့်ကြီး ဝင်တိုက်မိတုန်းကလည်း ဆောရီးဟုမပြောဘဲ “သိုင်းကျူးဗျာ နော် သိုင်းကျူး” ဟု အလွဲလွဲအချော်ချော် ပြောခဲ့ဖူးသေးသည်။

“အဲဒီတော့ အန်တီမွှေးလဲ ရှက်ပြီး မီးဖိုချောင်ထဲ ဝင်ပြေးရော၊ ဦးကောင်းထက်ကတော့ ငါးပိရည်ခွက်ကြီးကိုင်ပြီး ​လှေခါးတက်တာ ဘယ်လိုဖြစ်ပြီး ဘာနဲ့ ခလုတ်တိုက်လိုက်မှန်း မသိပါဘူး ဘဘကြီးရယ်၊ ဟပ်ထိုးကြီး လဲလိုက်တာ သူ့တစ်ကိုယ်လုံးလည်း မွှေးကြိုင်နံစော်သွားတာပဲ၊ ငါးပိနံ့....ငါးပိနံ့”

“ဟို .... အဘွားကြီး ဒေါ်ရွှေနုရော” 

ဒေါ်ရွှေနု၏မျက်နှာ မည်သို့ရှိလိမ့်မည်နည်း၊ ဦးဘပွားက သိချင်သွားသည်။

“ဟာ..... ဘွားရွှေလား....ဘွားရွှေရော မေမေရော ဘာပြောကောင်းမလဲ၊ တအားရယ်လိုက်ကြတာ ဘဘကြီးရေ၊ ဘယ်သူ့ကိုမှတော့ မပြောနဲ့နော်၊ ရှူးရှူးတွေ ဘာတွေ ထွက်လို့"

တိုးတိုးလေးပြောသော စကားကို နားထောင်ရင်း ဦးဘပွားသည် အကျယ်ကြီး ရယ်လိုက်မိလေသည်။ ရယ်ရင်းမှ ချောင်းဆိုးပြီး သီးသွားသဖြင့် ကိုတူးက ရေတစ်ခွက် ပြေး၍ ခပ်ပေးသည်။ ချောင်းဆိုးသည်က တော်တော်နှင့် မရပ်။ ကိုဦးက ဦးဘပွား၏ကျောကို အသာလေး ဖိပေးသည်။

“အံမာလေး........ မောလိုက်တာ” 

ဦးဘပွားက ရေကို တစ်ငုံချင်း နား၍သောက်သည်။ ရယ်ရလွန်းသဖြင့် ချွေးစို့ကာ ရင်ထဲတွင် ရှင်းသွားဟန်ရှိသော်လည်း မောသွားသော အမောက တော်တော်နှင့်မပြေဘဲ ရင်ထဲတွင် နာကျင်ကာ ပန်းဟိုက်ကျန်ခဲ့သည်။

“နင်က ရယ်စရာတွေ တအားပြောတာကိုးဟ” 

ကိုတူးက ကဲကဲကို အပြစ်တင်သည်။ ကဲကဲက ဆင်ခြေကန်သည်။

“အံမာ....ရယ်လို့ မောတာမဟုတ်ပါဘူး ကိုတူးကလဲ၊ ဘွားရွှေကြည့်ပါလား၊ ဦးကောင်းကို မျက်လုံးကြီး ပြူးကြည့်နေပြီးမှ တအားထရယ်တာ ရှူးရှူးတွေသာ ထွက်လာတယ်၊ မောတော့ မောပါဘူး”

သေးထွက်အောင် တအားရယ်နေမည့် အဘွားကြီးအား မြင်ယောင်လာရင်း ဦးဘပွားက ရယ်ချင်လာပြန်သည်။ ထို့နောက် “အင်း ဒီလူပျိုကြီးနှင့် အပျိုကြီးလဲ တစ်ခါတည်း အဆင်ပြေသွားကြရင် ကောင်းသား၊ ကံကောင်းအတွက်လဲ အဖေရော အမေရော ရသွားတာပေါ့” ဟု ဆက်၍ စဉ်းစားနေမိသည်။

“ဘဘကြီး မောရင် သွေးဆေးသောက်မလား၊ မေ​မေကတော့ မောရင် သွေးဆေးလေး ထသောက်တတ်တာပဲ"

“နေပါစေကွာ၊ ဒီအမောက သွေးဆေးသောက်လို့ ပျောက်မယ့်အမောမှ မဟုတ်တာ”

“ဒီလိုဆို သံပရာရည်ရောဟင်” 

“အေး.....ကောင်းသားပဲ”

ဦးဘပွား ခေါင်းညိတ်တော့ ကိုဦး ဝမ်းသာသွားသည်။ သူတို့ကို ပျော့ပျောင်းချိုသာစွာ ဆက်ဆံလာသော၊ အိမ်ထဲဝင်ပြီး တီဗွီကြည့်ခွင့်ပေးသော ဦးဘပွားကို သူက ခင်မင်စိတ်တွေ ပွားနေသည်။ မောနေသည်ကိုတွေ့တော့ သက်သာလာအောင် တစ်ခုခု လုပ်ပေးချင်နေသည်။ 

“ရေခဲသေတ္တာထဲမှာ သံပရာသီးရှိတယ်၊ ဂလူးဂိုစ်ကတော့ စားပွဲပေါ်မှာ၊ သွားဖျော်ပေးမလား” 

“ကဲကဲ ဖျော်ပေးမယ်”

“ဟ....နင်က ဖျော်တတ်လို့လား” 

ကိုဦးက မယုံသလိုမေးတော့ ကဲကဲက ပြုံးစပ်စပ်နှင့် ခေါင်းညိတ်ပြသည်။

“လာ.....ကိုတူး၊ ကဲကဲတို့ သံပရာရည်ဖျော်ရအောင်” 

ကဲကဲနှင့် ကိုတူးက ထမင်းစားခန်းထဲ ဝင်သွားကြသည်။ အခုတော့ ဘဘကြီး ဦးဘပွားနှင့် သူတို့ ရင်းနှီးနေပြီမို့ မီးဖိုချောင်ထဲအထိ တံခါးမရှိ၊ ဓါးမရှိ ဝင်ခွင့်ရနေပြီဖြစ်သည်။ သူတို့ကလည်း ကိုင်သမျှပစ္စည်းများကို ဆေးကြောကာ နေရာတကျ ပြန်ထားတတ်သည့်အတွက် ဘဘကြီးက သဘောကျဟန် ရှိလေသည်။

ဘဘကြီးက ရေခဲသေတ္တာထဲမှ ချော့ကလက်တို့ ကိတ်မုန့်တို့ကို ယူစားဟုဆိုသော်လည်း ကဲကဲတို့က တစ်ခါမျှ ယူမစားပေ။ တော်ကြာ သည်ကလေးတွေ ချောကလက်စားချင်လို့ လာနေတယ်လို့ ထင်သွားလျှင် ဘယ်ကောင်းမှာလဲဟု ကိုဦးက အငယ်နှစ်ဦးကို ခပ်ကျိတ်ကျိတ်လေး သတိပေးထားလေသည်။ 

“ဘဘကြီး နောက်ဖေးက ပန်းကန်တွေ ကျွန်တော် ဆေးလိုက်မယ်နော်၊ မကွဲစေရဘူး.....စိတ်ချ” 

ကိုတူး၏အသံ ပေါ်လာသည်။ ကိုဦးကတော့ စားပွဲပေါ်တွင် ပြန့်ကျဲနေသော တိုင်း(မ)နှင့် နယူး(စ)ဝိခ်မဂ္ဂဇင်းများကို သပ်သပ်ရပ်ရပ် ပြန်၍စီသည်။ ထို့နောက် အိမ်နောက်ဖေးမှ တံမြက်စည်းသွားယူကာ ဧည့်ခန်းကြမ်းပြင်ကို လှည်းသည်။ 

“သံပရာရည်က ချိုချိုလား၊ ချဉ်ချဉ်လား ဘဘကြီး”

“ချဉ်ချဉ်ကွာ” 

“ရေခဲထည့်မယ်နော်”

“အေး ..”

ဦးဘပွားသည် ပက်လက်ကုလားထိုင်တွင် သက်တောင့်သက်သာထိုင်ရင်း တံမြက်စည်းလှည်းနေသော ကိုဦးကို ကြည်နူးစွာ ကြည့်နေသည်။ မောင်နှမသုံးဦးက သူ့ကို ချစ်ခင်ကြင်နာစွာ ဝိုင်း၍ ပြုစုနေကြသည်ကို ကျေကျေနပ်နပ်ကြီး ခံယူရင်း ရင်ထဲတွင် လှုပ်လှုပ်ခတ်ခတ် ဖြစ်နေသည်။ သူ တိတ်တခိုး တောင့်တနေသည့်ဘဝ၊ သူ့ရင်ထဲမှ ငြင်းပြင်းထန်ထန် လိုချင်နေသည့်ဘဝသည် ထိုသို့သောဘဝမျိုးပင် ဖြစ်လေသည်။

“ဟား......ဦးဘပွား၊ ပရိသတ်တွေ ဘာတွေနဲ့ ပါလား” 

အိမ်ထဲဝင်လာသော ဦးကံမြင့်က တအံ့တသြ ရေရွတ်သည်။ သူ့ဆေးခန်းတွင် သည်နေ့ မနက်ပိုင်းက လူနာတော်တော်များ၍ အတော်လေးပင်ပန်းသည်။ နေ့ခင်းပိုင်းတွင် ခဏတဖြုတ် အနားယူရန် ဇနီးသည်က တိုက်တွန်းသော်လည်း သူ့စိတ်က ဦးဘပွားဆီ ရောက်နေသည်။ သည်နှစ်ရက် သုံးရက်လောက်အတွင်း သူတို့ မဆုံဖြစ်သည့်အတွက် ဦးဘပွားတစ်ယောက် ပျင်းများနေမလား၊ စိတ်အားများ ငယ်နေမလား၊ တွေ့ကရာတွေများ တွေးပြီး တုန်လှုပ်ချောက်ချားနေမလားဟု တွေးတောစိုးရိမ်နေမိသည်။ ထို့ကြောင့် “ဦးဘပွားနဲ့ ချက်(စ်)သွားထိုးလိုက်ဦးမယ်” ဟုဆိုကာ မနားဘဲ ထွက်လာခဲ့ခြင်းဖြစ်သည်။ 

“ဟာ...ဦးကံမြင့်၊ လာဗျာ”

ပက်လက်ကုလားထိုင်ပေါ်တွင် အေးဆေးသက်သာထိုင်ရင်း ကျေနပ်ပြီး ပြုံးနေသော ဦးဘပွားက ဆီးကြိုနှုတ်ဆက်သည်။

“ ကဲကဲရေ..... ဆရာဝန် ဘဘကြီးအတွက်လဲ ဖျော်ခဲ့ဟေ့” 

ကိုဦးက ထမင်းစားခန်းထဲ လှမ်းအော်သည်။

“ရမယ်.........ရမယ် ” 

ကိုတူးက အခန်းထဲမှနေပြီး အားတက်သရော ပြန်အော်သည်။ ကလေးတွေအကုန်လုံးသည် အခန်းထဲရောက်နေ၍ ကံကောင်းဟူသည့် ကလေးလေး ပါလိမ့်မည်ဟု ဦးကံမြင့်ထင်သည်။ ကံကောင်းကို သူတစ်ခါမျှ တေ့တေ့ဆိုင်ဆိုင် မတွေ့ဖူးသေးပေ။

“ကံကောင်းက ဟိုဘက်ခန်းမှာ အန်တီမွှေးနဲ့ အတူတူ အိပ်နေတယ် ဘဘကြီးရဲ့ ” 

ဦးကံမြင့်က မမေးဘဲနှင့် ကိုဦးက အလိုက်တသိ ဖြေသည်။ ထိုနောက် “ခုနတုန်းက ဘဘကြီး မောနေတယ် ခင်ဗျ”ဟု ပြောသည်။

“နည်းနည်းပါဗျာ....ရယ်ရင်းနဲ့ သီးသွားလို့”

“ရယ်ရင်းနဲ့” 

ဦးဘပွားတစ်ယောက် သီးသွားလောက်အောင် ရယ်သည်ဆို၍ ဦးကံမြင့် တော်တော် အံ့သြသွားသည်။ ထို့ပြင် တော်တော်လည်း ဝမ်းသာသွားသည်။ မည်သည့်အကြောင်းကြောင့် ရယ်ရယ်၊ ထာဝစဉ် တင်းမာနေသော ဦးဘပွားအတွက် ရယ်မောခြင်း၊ ပျော်ရွှင်ခြင်းသည် ဆေးတစ်ခွက်ပင် ဖြစ်သည်။ 

“ကလေးတွေ ပြောပြတာ နားထောင်ရင်းနဲ့ ရယ်လိုက်တာဗျာ ရယ်ရင်းနဲ့ ချောင်းဆိုးတော့ တံတွေးသီးသွားလို့"

“ချောင်းက တော်တော်ဆိုးလို့လား”

“အင်း..... ခုတစ်လောတော့ တော်တော်လေးဆိုးလာတယ်” 

ဦးဘပွားက မမှုလောက်ပါဘူးဟူသော မျက်နှာထားနှင့် ခပ်ပြုံးပြုံး ဖြေသည်။

“ချောင်းဆိုးရုံပဲလား” 

“သွေးလဲပါတာပေါ့”

ဦးဘပွားက ခပ်ပေါ့ပေါ့ ပြောသည်။ ထိုသို့ ခပ်ပြုံးပြုံး၊ ခပ်ပေါ့ပေါ့ ပြောလိုက်နိုင်ခြင်းအတွက်လည်း ကိုယ့်ကိုယ်ကို ကျေနပ်နေသည်။ မျက်လုံးတွင် စိုးရိမ်သော အရိပ်အရောင်တွေ သမ်းလာသော်လည်း “ဒါက ဒီလိုပဲ ဖြစ်တတ်ပါတယ်။ အရေးမကြီးပါဘူး” ဟု ဟန်ဆောင်ရန် ကြိုးစားနေသော ဦးကံမြင့်ကို အရသာခံ၍ ကြည့်နေမိသည်။

“သံပရာရည် .....ဘဘကြီး” 

ကဲကဲနှင့်ကိုတူးက သံပရာရည်ဖန်ခွက်ကို တစ်ခွက်စီ ကိုင်လာကြသည်။ စားပွဲပေါ်တွင် တရိုတသေ လာတင်သည်။

“အခု ကျုပ်မှာ မြေးတွေရနေပြီလေ”

“ကောင်းပါ့ဗျား” 

ကျေနပ်စွာပြောသော ဦးဘပွားကို ဦးကံမြင့်က ခေါင်းညိတ်၍ ထောက်ခံသည်။ တစ်ပြည်တစ်ရွာမှ တစ်ခေါက်တစ်လေ ပြန်လာရန်ပင် မစဉ်းစားတော့သော မြေးများကို မှန်းဆပြီး လွမ်းနေခြင်းထက် အနီးအနားမှ ကလေးများကို ချစ်ခင်လိုက်ခြင်းက ပို၍ လက်တွေ့ ကျကြောင်း ဦးဘပွား နားလည်သွားလေပြီဟု တွေးရင်း ဝမ်းသာသွားသည်။ လူဟူသည်မှာ လူနှင့်ကင်းကွာ၍ မနေနိုင်ကြောင်း ဦးဘပွားတစ်ယောက် သဘောပေါက်လောက်ပြီ ထင်သည်။

“သောက်လိုက်ဦးဗျ” 

ဦးဘပွားက ဦးကံမြင့်အား သံပရာရည်ကမ်းပေးသည်။ ကိုယ်တိုင်လည်း ဖန်ခွက်ကို မ,ကာ အားရပါးရ သောက်လိုက်သည်။

“အားပါး... ပါး” 

ဦးဘပွား၏မျက်နှာက ရှုံ့မဲ့သွားသည်။

“အား .....ပါး.....ပါး ချဉ်ဆို တကယ့်ကိုချဉ်တော့တာကိုး ... ဟိုး .. ဟိုး "

“ဟင်... ဘဘကြီးပဲ ချဉ်ချဉ်ဆို ” 

ကဲကဲ၏မျက်နှာလေးက ဆီးရွက်ခန့်သာရှိသည်။

“ကဲကဲတို့မှာ ညှစ်လိုက်ရတဲ့သံပုရာသီး၊ နောက်ပြီး သကြားလဲ မထည့်ရဲဘူး”

“လုပ်လိုက်ဟ ...” 

ဦးဘပွားက မျက်နှာ ရှုံ့ရှုံ့ကြီးနှင့် ရယ်သည်။

“အင်း ဦးဘပွားကလဲ အခုမှပဲ လူနဲ့တူလာတော့တယ်၊ အလျင်တုန်းက သူ့ကိုကြည့်ရတာ သံပတ်ပေးထားတဲ့ စက်ရုပ်ကြီးလို တင်းတင်းတောင့်တောင့်ကြီး” 

ရယ်နေသော ဦးဘပွားအား ဦးကံမြင့်က ဝမ်းမြောက်ဝမ်းသာ ကြည့်နေမိသည်။ အေးစက်မာကျောသော သူ့မျက်နှာကြီးမှ အကြောဆိုင်များကို ပြေလျော့သွားအောင် လုပ်ပေးသော ကလေးများကိုလည်း ကျေးဇူးတင်လိုက်မိသည်။ 

“ကျွန်တော်တို့ ပြန်ဖျော်ပေးမယ်လေ” 

“တော်ပါပြီဗျာ၊ နေပါစေတော့” 

ဦးဘပွားက အလိုမကျဟန်နှင့် ပြောသော်လည်း မျက်နှာကတော့ ပြုံးနေသည်။ သံပုရာရည်ချဉ်ချဉ်ကို ကုန်သည်အထိ သောက်လိုက်သည်။

“သံပုရာရည်ချဉ်ချဉ်က သွေးတိုးကျတယ်ဆို၊ ကဲ ... ဦးကံမြင့် နှိပ်လေဗျာ”

ဦးကံမြင့်က သံပုရာရည်ဖန်ခွက်ကို မြှောက်ကြည့်ရင်း “ဘယ်လောက်များ ချဉ်မှာမို့လဲ” ဟု တွေးကာ အားတင်းလိုက်သည်။

ထို့နောက် တစ်ရှိန်ထိုး မော့ချလိုက်သည်။ ချဉ်လွန်းသဖြင့် ပါးတွေ ကျဉ်တက်သွားသော်လည်း သူ့မျက်နှာကို စူးစိုက်အကဲခတ်နေသူများအား ချိုသာစွာ ပြုံးပြလိုက်သည်။

သို့သော် သူ့အပြုံးက မပီပြင်။ မျက်ခုံးများက ကုတ်ကာ မျက်နှာက ရှုံ့နေသည်။ ကြိုးစားပြီး ပြုံးနေသော နှုတ်ခမ်းနှစ်လွှာကလည်း တွန့်နေသည့်အတွက် သူ့မျက်နှာသည် ကာတွန်းရုပ်နှင့် တူနေသည်။ ဦးဘပွားက ဣန္ဒြေမဆည်နိုင်ဘဲ တဟားဟားရယ်တော့ အနေခက်နေဟန်ရှိသော ကလေးများကလည်း မနေနိုင်တော့ဘဲ ဝါးခနဲ ဝိုင်းရယ်ကြသည်။ သည်အခန်းထဲတွင် သည်လိုရယ်သံများ ပေါ်ပေါက်လာခြင်းအတွက် ဦးကံမြင့်သည် ကလေးများအား ထပ်၍ ကျေးဇူးတင်နေမိပြန်လေသည်။

“ဘဘကြီးအတွက် ကျွန်တော်တို့ အသစ်ထပ်ဖျော်.....ဟင် ... ဖေဖေ” 

အားတုံ့အားနာပြောရင်း လမ်းမဘက်သို့ အမှတ်မဲ့ လှမ်းကြည့်လိုက်မိသော ကိုဦးက တအံ့တသြ ရေရွတ်သည်။

“ဖေဖေရယ် အစောကြီး ပြန်လာတယ်"

နေပူကျဲကျဲတွင် ထီးမဆောင်း ဘာမဆောင်းနှင့် တစိုက်စိုက် လျှောက်လာနေသော ကိုရန်ဝေးကို တွေ့ရသည်။ အခါတိုင်း ညနေပိုင်းမှသာ ပြန်ရောက်တတ်ရာ အခုလို နေ့လယ်ခင်းကြီး ပြန်လာသည်ကို တွေ့တော့ ကိုဦးစိတ်ထဲတွင် တော်တော်လေး ထူးဆန်းနေသည်။

“ဖေဖေရေ ... ကဲကဲတို့ ဒီမှာ”

ကဲကဲက လှမ်းအော်သည်။ အလယ်လှေကားကို လှမ်းတက်တော့မည့်ဟန် ဖြစ်နေသော ကိုရန်ဝေးလည်း ခြေလှမ်းတုံ့သွားသည်။ ဦးဘပွား၏ အခန်းထဲတွင် သူ့သားသမီးသုံးဦးလုံးကို မြင်တော့ အံ့သြသွားဟန်ရှိသော်လည်း ဘာမှမပြောဘဲ “သမီးတို့မေမေရော” ဟု ခပ်လောလော မေးသည်။

“မေမေ .......အပေါ်မှာလေ”

“အေး.... အေး”

ကိုရန်ဝေးက အပေါ်ထပ်သို့ ခပ်သွက်သွက် လှမ်းတက်သွားသည်။

“ဖေဖေ ဘာဖြစ်လာလဲမသိဘူး”

ကိုဦး စိုးရိမ်သွားသည်။ သူလက်ထဲမှ တံမြက်စည်းကို ကဲကဲအား လှမ်းပေးလိုက်ပြီး ဖခင်နောက်သို့ ပြေးလိုက်သွားလေသည်။

* * *

“ဒါကြောင့်မို့လို့ မနေ့တုန်းက အမေ့ကို အရမ်းသတိရနေတာ။ အမှန်အတိုင်းပြောစမ်းပါ ဦးရန်ဝေးရယ်၊ ကျွန်မအမေ အသက်မှရှိသေးရဲ့လား”

မခင်လှသည် ကြမ်းပေါ်တွင် ပုံ့ပုံ့အိအိကြီး ထိုင်ချပြီး ငိုသည်။ သူ့စိတ်တွေ လှုပ်ရှားလာလျှင် ဖြစ်လေ့ဖြစ်ထရှိသည့်အတိုင်း ခင်ပွန်းသည်ကို ခါတိုင်းလို “အစ်ကို” ဟု မခေါ်တော့ဘဲ “ဦးရန်​ဝေး” ဟုခေါ်သည်။ 

“တယ်လီဖုန်းလိုင်းကလဲ သိပ်ပြီးကောင်းတာမဟုတ်ဘူး၊ အသံတွေဝါးနေတယ်၊ အမေမူးလဲလို့ မြန်မြန်လိုက်ခဲ့ပါလို့ ပြောတာပဲ”

“ဘယ်သူဆက်တာလဲ” 

“ကိုသက်ထွန်းလေဟာ”

ကိုသက်ထွန်းသည် မခင်မြ၏ယောက်ျားဖြစ်သည်။ သူကိုယ်တိုင် ဆရာဝန်ဆိုတော့ အမေ့အခြေအနေကို ကျန်လူအားလုံးထက် ပိုပြီးနားလည်မည်ဖြစ်သည်။ “မြန်မြန်လိုက်ခဲ့ပါ” ဟု ဆိုကတည်းက အရေးကြီးလို့ပေါ့ဟု တွေးရင်း မခင်လှသည် မျက်ရည်တွေထပ်ကျလာပြန်သည်။ 

“မူးလဲတယ်လို့ ပြောတာနော်” 

မခင်လှက မယုံသလို ထပ်မေးနေသည်။ 

“အေးပါဟ” 

“ဘာဆက်ပြောသေးလဲဟင်”

“လိုင်းတွေက အသံမကြည်ပါဘူးဆို၊ ဘာမှ သဲသဲကွဲကွဲ မကြားရဘူး၊ မြန်မြန်လိုက်ခဲ့ပါဆိုတာပဲ ကြားရတယ်"

ကိုရန်ဝေးက ဇနီးသည်၏အကဲကိုကြည့်ရင်း မယုတ်မလွန် ဖြေသည်။ မခင်လှက သွေးပူတတ် သွေးဆူတတ်သည်။ ကိုယ့်စိတ်ကိုလည်း ကိုယ်ထိန်းတတ်သူမဟုတ်။ အမှန်အတိုင်း ပြောလိုက်ပါက ငိုယိုပြီး တက်ချက်သွားမည်ကို သူစိုးရိမ်နေသည်။

“ဒီ့ပြင် ဘာမှ မကြားရဘူးလား” 

“ဪကွယ် အသံတွေ ဝါးနေပါတယ် ဆိုမှ”

အမှန်က ကိုသက်ထွန်း၏အသံကို သူ ကြည်ကြည်လင်လင် ပြတ်ပြတ်သားသား ကြားခဲ့ရသည်။ 

“မနေ့ည ဆယ်နာရီလောက်က မူးလဲတာ လုံးဝ သတိလည်မလာဘူး၊ မနက် ရှစ်နာရီက ဆုံးသွားပြီ” တဲ့။

“မနေ့တုန်းက တစ်နေ့လုံး အမေ့ကို အရမ်းသတိရနေတယ်၊ ညတုန်းကလဲ အိပ်လို့ ကောင်းကောင်း မပျော်ဘူး။ အိပ်မက်တွေကလဲ ကယောက်ကယက်နဲ့။ ကျွန်မစိတ်ထဲ လေးလိုက်တာ။ ဦးရန်ဝေးရယ် အမေ တစ်ခုခုများ ဖြစ်နေပြီလား.....ဟီး”

မခင်လှက တအိအိ ငိုသည်။

“ကဲပါကွာ....ဘာမှန်းညာမှန်း မသိဘဲ တအား ငိုမနေပါနဲ့၊ လုပ်စရာရှိတာလုပ်၊ ထည့်စရာရှိတာ ထည့်ကွာနော်၊ နက်ဖြန်မနက် အစောကြီး ရရာကားနဲ့ လိုက်ကြရအောင်။ လေယာဉ်လက်မှတ်တော့ ဘယ်နည်းနဲ့မှ ရနိုင်မှာမဟုတ်ဘူး”

ကိုရန်ဝေးက ခပ်ပျော့ပျော့ ပြောသည်။ မျက်နှာငယ်လေးများနှင့် ရောက်လာကြသော ကဲကဲတို့မောင်နှမတစ်တွေအား မျက်ရိပ်ပြသည်။ 

“ကဲ....ကိုတူးက မေမေ့ကို ကူပြီးထည့်ပေး၊ သမီးကလဲ လိုတာလုပ်ပေးရအောင် မေမေ့နားမှာနေ၊ ဖေဖေ ဘွားရွှေတို့ဆီ သွားပြောလိုက်ဦးမယ်”

ကိုရန်ဝေးက အောက်ထပ်ဆင်းရန် ဟန်ပြင်တော့ မခင်လှက မျက်ရည်သုတ်ရင်း လှမ်းမေးသည်။

“ကလေးတွေပါ ခေါ်သွားမယ်မဟုတ်လား” 

“ဘယ်ဖြစ်ပါ့မလဲကွယ်” 

“ဟင်.....ထားခဲ့လို့ ဘယ်ဖြစ်မလဲ”

“ဖြစ်ပါတယ်၊ အိမ်နီးချင်းတွေက ကောင်းသားပဲ အလှရယ်၊ နေမကောင်းတဲ့ကိစ္စ (အသုဘကိစ္စဟု ကိုရန်ဝေးက မပြောရဲချေ) သွားရမှာ ကလေးတွေ တရုန်းရုန်းနဲ့ဆို ဘယ်ကောင်းပါ့မလဲလို့"

“အမေကတော့ သူ့မြေးလေးတွေကို တွေ့ချင်ရှာမှာပေါ့”

မခင်လှက ခပ်ပျော့ပျော့ ထပ်ပြောနေသော်လည်း ကိုရန်​ဝေး မကြားချင်ဟန်ဆောင်ကာ ကိုဦး၏လက်ကိုဆွဲပြီး အောက်ထပ်သို့ ဆင်းခဲ့သည်။ ကိုဦးက သားကြီးလည်းဖြစ် လူကြီးလည်းဆန်သဖြင့် ကိုရန်ဝေးက အားကိုးသည်။ အခြေအနေမှန်ကိုလည်း ဖွင့်ပြီးပြောပြရဲသည်။ 

* * * 

“အမှန်ကတော့.....ဆုံးပြီ....ဒေါ်ဒေါ်ရဲ့” 

ကိုဦးသည် သူ့ဖခင်၏လက်ကို တင်းတင်းဆုပ်ကာ ခေါင်းငုံ့ထားရင်း သေဆုံးနေပြီဖြစ်သော ဘွားဘွားကြီး၏ ရုပ်အသွင်ကို မှန်းဆ၍ ကြည့်မိသည်။ အတူနေမဟုတ်ဘဲ တစ်ခါတစ်လေမှသာ တွေ့ရသောကြောင့် ဘွားဘွားကို သူတို့မောင်နှမတစ်တွေက စွဲစွဲလမ်းလမ်းတော့ မချစ်ခင်လှပေ။ 

"ဒါပေမယ့် မခင်လှကို အမှန်အတိုင်းမပြောရဲသေးဘူး၊ သူက သူ့စိတ်ကို သူနိုင်တာမဟုတ်ဘူး၊ လမ်းကျတော့မှပဲ အခြေအနေကြည့်ပြီး ပြောရတော့မှာပဲ”

“ဖြစ်မှ ဖြစ်ရလေကွယ်၊ မခင်လှက သူ့အမေမှာ သွေးတိုးရှိတယ်လို့ မနေ့တုန်းကပဲ ပြောနေသေးတာ”

ဒေါ်ရွှေနု စိတ်မကောင်းစွာ ပြောသည်။ ထို့နောက် သူ့ဟာသူလည်း ခေါင်းထဲတွင် မူးသလိုလို၊ ရင်ထဲတွင် မောသလိုလို ဖြစ်လာသည်။ 

“ကလေးတွေကိုတော့ ထားခဲ့ရရင် ကောင်းမလား မသိပါဘူး ဒေါ်ဒေါ်ရယ်၊ နာရေးကိစ္စဆိုတော့လဲ ခေါ်မသွားချင်ဘူး၊ နောက်ပြီး အဲဒီကို ကားနဲ့ သွားရတဲ့ခရီးက သိပ်ပင်ပန်းတယ်လို့ ပြောကြတယ်”

ရခိုင်ရိုးမကို ကားနှင့်ကျော်ဖြတ်ပြီး ကုန်းလမ်းခရီးမှ သွားဖူးသူတိုင်းက ခရီးကြမ်းလှ ပန်းလှ ပြောကြသံများကို ခဏခဏကြားဖူးနေခဲ့သည်။

နာရေးကိစ္စလည်းဖြစ်ပြန်၊ ခရီးကလည်း ကြမ်းပြန်ဆိုတော့ ကိုရန်ဝေးသည် ကိုဦးတို့မောင်နှမတစ်တွေကို ခေါ်မသွားချင်ပေ။ ထို့ပြင် မခင်မြသည် သူ၏သားသမီးများကို တရားလွန် အလိုလိုက်တတ်သည်။ နယ်မှာနေသည့် ဆရာဝန်ကြီး၏သားသမီးတွေဖြစ်ပြီး အမေကလည်း အလိုလိုက် အကြိုက်ဆောင်နေတတ်တော့ မခင်မြ၏ကလေးများသည် အတော်လေးဆိုးသည်။ (ကိုရန်ဝေးက ဆိုးသည်ဟုထင်သော်လည်း မခင်လှကမူ“ကလေးဆိုတာ သူသူကိုယ်ကိုယ် ဒီလိုပါပဲ။ ကဲလို့ရရင် ကဲတာပေါ့” ဟု ကာကွယ်ပြီးပြောတတ်သည်။) ကိုဦးကတော့ အေးအေးနေတတ်၍ ကိစ္စမရှိ၊ ကိုတူးနှင့် ကဲကဲက အတန်ငယ် ကျွတ်ဆတ်ဆတ်နိုင်တော့ ငယ်ငယ်တုန်းကဆို ဆုံမိကြတိုင်း သူတို့မောင်နှမဝမ်းကွဲချင်း နပမ်းထလုံးကြသည်ကို ကိုရန်ဝေး သတိရနေသည်။

ယခုလည်း ငယ်ငယ်တုန်းကလို နပမ်းထမလုံးဘူးဟု မပြောနိုင်။ ကိုယ့်ကလေး ခံလာရလျှင်လည်း စိတ်ညစ်ရမည်။ ကိုယ့်ကလေးက တီးလိုက်ပြန်လျှင်လည်း အားနာရမည်။ သည်တော့လည်း ကိုယ့်အိမ်ကိုယ့်ယာမှာပင် အေးအေးဆေးဆေး ထားခဲ့သည်က အကောင်းဆုံး ဖြစ်မည်ဟုပင် ကိုရန်ဝေး ဆုံးဖြတ်မိသည်။ 

“ထားတာကတော့ စိတ်ချပြီးထားခဲ့ပါကွယ်၊ ဒေါ်ဒေါ်တို့ ရှိသားပဲ၊ စားရေးသောက်ရေးလဲ မပူနဲ့”

“ကျွန်တော် ထမင်းချက်တတ်ပါတယ် ​ဖေဖေရဲ့ ။ ဘဲဥပြုတ်ကို ဆီဆမ်းပြီးစားရင် ကဲကဲတို့လဲ ကြိုက်တယ်"

ကိုဦးက လူကြီးလေးလို ပြောသည်။ မမွှေးကြူ ကိုဦးခေါင်းကို ချစ်စနိုး ပွတ်လိုက်သည်။

“ဘဲဥမပြုတ်ရပါဘူး ကိုဦးရယ်၊ အန်တီမွှေး ချက်ပေးမှာပေါ့”

“အေးလေ ညရေးညတာကျတော့လဲ အပေါ်ထပ်မှာ ကိုကောင်းထက်တို့သားအဖရှိသားပဲ။ ကဲကဲကိုတော့ သူ့အန်တီမွှေးနဲ့ လာအိပ်ပစေပေါ့၊ ဟုတ်ဘူးလား၊ ကလေးတွေ ကျောင်းကြီးပိတ်နေတာပဲ၊ ကျောင်းတက်ရတာလဲမဟုတ်၊ ဘာမှပူမနေနဲ့၊ စိတ်ချသာ သွား၊ အဲ မခင်လှကိုသာ ဂရုစိုက်”

ဒေါ်ရွှေနု ပြောရင်းဆိုရင်း သွေးဆေးတစ်ခွက် ထသောက်သည်။ သူတကာ၏ နာရေးသတင်းကိုကြားတိုင်း သူ့ခမျာ နှလုံးတုန်ရင်ခုန် ဖြစ်တတ်လေ့ရှိသည်။ သူ့ခန္ဓာကိုယ်သေးသေးလေးအထဲတွင်လည်း ရောဂါအဆောက်အအုံ ကြီးကြီးမားမားတစ်ခုခု ရှိနေသည်ဟု ထင်နေတတ်လေသည်။

“ကျေးဇူးတင်ပါတယ် ဒေါ်ဒေါ်ရယ်၊ တစ်ပတ် ဆယ်ရက်တော့ ဒေါ်ဒေါ်တို့သာ ကြည့်ရှုစောင့်ရှောက်ထားပါတော့နော်၊ ကိုကောင်းထက်နဲ့ အဘထင်ကိုလဲ ပြောပြီး အပ်ခဲ့ပါဦးမယ်။ နောက်ပြီး ဟိုဘက်ခန်းက အန်ကယ်ကြီးကိုရောပေါ့”

ထားခဲ့လျှင် အကောင်းဆုံးဟု ယူဆ၍သာ ထားခဲ့ရမည်ဖြစ်သော်လည်း ကလေးသုံးဦးကို တကယ်တမ်း ထားခဲ့ရမည်ဆိုတော့လည်း ကိုရန်ဝေးက စိတ်မချချင်ပြန်ပေ။ သို့သော်လည်း အကူအညီတောင်းစရာ ဆွေမျိုးရင်းချာလည်း အနီးအနားမှာမရှိပေ။ အင်းစိန်တွင် ဘကြီးတစ်ယောက်ရှိပြီး ညီဝမ်းကွဲတစ်ယောက်က ဒဂုံမြို့သစ်တွင် နေသည်။ အနီးဆုံးဟူ၍ ကြည့်မြင်တိုင်တွင် နှစ်ဝမ်းကွဲအစ်မတစ်ယောက်ရှိသည်။ သို့သော် ပစိပစပ်များလှသည်ဆိုပြီး မခင်လှက ကြည့်၍မရချေ။

ကိုရန်ဝေး၏ စိတ်ထဲတွင် လေးတေးတေးကြီး ဖြစ်နေသည်။ မတတ်သာ၍ သွားရမည်သာဖြစ်သော သည်ခရီးကို ရှောင်လွှဲ၍မရမှန်း သိလျက်နှင့် အတွင်းစိတ်က ရှောင်လွှဲချင်နေသည်။ သည်အသက်အရွယ်အထိ အမေနှင့် တစ်ခါမျှ ခွဲ၍မအိပ်ဖူးသော ကဲကဲကိုသာ သနားနေသည်။ နေရာတကာတွင် အတတ်ဆန်းချင် ဆော့ချင်လှသော ကိုတူးကိုလည်း စိတ်မချ။ နောက်ပြီး သူတို့သွားနေတုန်း ဖျားကြ နာကြမှာကိုတော့ အစိုးရိမ်ဆုံးဖြစ်သည်။

“ကိုဦး သားကြီး၊ ငါ့သားကြီးကိုပဲ ဖေဖေ အားကိုးရတော့မှာပဲ၊ ညီလေးနဲ့ ညီမလေးကို ဂရုစိုက် ဟုတ်လား”

“စိတ်ချပါ ဖေဖေ” 

ကိုဦးက အသက်ကို တစ်ဝကြီးရှိုက်၍ ရှူလိုက်သည်။ သူ့ကို စူးစိုက်ကြည့်နေသော ဖခင်၏မျက်လုံးများကို တည့်တည့်ရင်ဆိုင်ကာ ကြည့်ရင်း ပြုံးပြလိုက်သည်။ ထို့နောက် ခပ်တိုးတိုး ထပ်ပြောသည်။

“စိတ်ချပါ ဖေဖေ၊ သားဂရုစိုက်ပါ့မယ်” 

* * *

အိပ်မပျော်သော ညဟူသည်ကို ယခင်က ကိုဦး တစ်ခါတစ်ရံမှ မကြုံဖူးခဲ့ပေ။ ဖေဖေသည် ကိုဦး၏ရင်ထဲသို့ တာဝန်သိစိတ်နှင့်အတူ စိုးရိမ်ကြောင့်ကြ ပူပင်တတ်ခြင်းများကိုပါ တပါတည်း ထည့်ပေးခဲ့ဟန်တူသည်။ အခုတော့ ကိုဦး အကုန်လုံးအတွက် စိတ်ပူနေမိသည်။ အောက်ထပ်တွင် အန်တီမွှေးနှင့်အတူတူ သွား၍အိပ်သော ကဲကဲတစ်ယောက် ကောင်းကောင်းအိပ်မပျော်နိုင်ဘဲ ဖြစ်နေရှာမည်ကို တွေးပြီး စိုးရိုမ်သည်။ ထို့နောက် ကိုတူး၊ ကိုတူးက အသက်သာ ဆယ်နှစ်ရှိပြီ ဖြစ်သော်လည်း သေးမလွတ်သေး၊ အဆင်မသင့်လျှင် အိပ်ရာထဲ သေးပေါက်ချတတ်သည်။ အခါတိုင်း မေမေက တစ်ရေးနိုးထလာပြီး ကိုတူးကို အိမ်သာထဲ ဆွဲခေါ်သွားတတ်သည်။ အခုတော့ ထိုတာဝန်သည် သူ၏တာဝန်လုံးလုံးဖြစ်ချေပြီမို့ ကိုဦးခမျာ သူ့ညီငယ်ကို ရှူရှူးတည်ရန် စိတ်စောနေသည့်အတွက် အိပ်မပျော်နိုင်အောင် ဖြစ်နေသည်။ 

သူတို့ညီအစ်ကိုနှင့်အတူ လာအိပ်သော ဘဖိုးထင်ကို အိမ်ရှေ့ခန်းတွင် နေရာပေးပြီး သူတို့က မေမေတို့ကုတင်ပေါ် တက်အိပ်နေရသည့်အတွက်လည်း ပိုပြီးစိုးရိမ်နေမိသည်။ တော်ကြာ သူအနိုးနောက်ကျလျှင် မေမေတို့၏မွေ့ရာကြီးသည် ကိုတူး၏ရှူးရှူးများနှင့် ရွှဲနစ်သွားနိုင်လေသည်။ ခုနတုန်းက ကိုတူးကို တစ်ခါနှိုးသေးသည်။ သို့သော် ကိုရွှေတူးက မထ၊ “မပေါက်ချင်ဘူး မပေါက်ချင်ဘူး” ဟု အော်ကာ တရှူးရှူးနှင့် ပြန်၍ အိပ်ပျော်သွားလေသည်။ 

“ဆယ့်နှစ်နာရီ ထိုးရင်တော့ ရအောင်ကို နိုးမယ်” 

ကိုဦးက ဆုံးဖြတ်ရင်း ခြင်ထောင်အမိုးဖြူဖြူကို စိုက်၍ကြည့်နေသည်။ ခြင်​ထောင်အမိုးက ပိတ်ကားလိုဖြစ်ပြီး သူ့ကို ယုံကြည်အားကိုးစွာ ကြည့်နေသော ဖေဖေ့ကိုလည်းကောင်း၊ “ကျွန်မစိတ်ထဲလေးလိုက်တာ ဦးရန်ဝေးရယ်၊ အမေ တစ်ခုခုများ ဖြစ်နေပြီလား” ဟု မေးရင်းက တအိအိငိုနေသော မေမေ့ကိုလည်းကောင်း မြင်ယောင်လာသည်။ အခုအချိန်လောက်ဆိုလျှင်လည်း ဘွားဘွားကြီး ဆုံးသွားကြောင်း မေမေသိသွားလောက်ပြီမို့ ဘယ်လောက်များ ငိုနေမလဲ တွေးပြီး ကိုဦး၏ရင်ထဲတွင် ပန်းဟိုက်ဟိုက် ဖြစ်နေသည်။

“သူ့အမေသေသွားပြီဆိုတော့ မေမေ အရမ်းဝမ်းနည်းမှာပေါ့။ အင်း ငါတို့လဲ တကယ်လို့များ ဖေဖေသေတယ်ဆို၊ မေမေသေတယ်ဆိုရင် အမလေး.....ဘုရား.....ဘုရား”

ကိုဦးသည် အိပ်ရာထဲမှ ဆတ်ခနဲထ၍ ထိုင်လိုက်မိသည်။ ဘုရားကို မတ, စဖူး တ,ရင်း ရင်တွေ တအားခုန်လာသည်။ ထိုသို့သာဆိုလျှင် သူဘာလုပ်ရမည်နည်း။ မိမိကိုယ်ကိုလည်းကောင်း၊ ညီလေးနှင့် ညီမလေးကိုလည်းကောင်း၊ သူ မည်ကဲ့သို့ တာဝန်ယူ စောင့်ရှောက်ရမည်နည်း။ 

"ဖေဖေရော မေမေရော နေကောင်းပါတယ်၊ ဘာလို့ သေရမှာလဲ၊ ဖွဖွ လွဲပါစေ၊ ငါ ဘာတွေတွေးနေမိတာလဲ”

ကိုဦးက သူ့ကိုယ်သူအပြစ်တင်ရင်း သမ္ဗုဒ္ဓေဂါထာကို ရွတ်သည်။ သံဗုဒ္ဓေကို ကိုဦး အမြဲရွတ်သည်။ စိတ်ညစ်လျှင်သော်လည်းကောင်း၊ ကြောက်လျှင်သော်လည်းကောင်း၊ စိုးရိမ်ကြောင့်ကြ ဖြစ်မိလျှင်သော်လည်းကောင်း၊ နောက်ဆုံး ဆရာမ စာမေးခါနီးလျှင်ပင် ဖေဖေ သင်ပေးထားသော ထိုသံဗုဒ္ဓေဂါထာကို ရွတ်မြဲဖြစ်သည်။ ငါးခေါက်လောက် ဆက်တိုက်ရွတ်ပြီးလျှင်ကား အတန်အသင့် စိတ်သက်သာရာ ရတတ်လေသည်။ 

အိမ်ရှေ့ခန်းတွင် ချိတ်ထားသော တိုင်ကပ်နာရီမှ တစ်တောက်၊ တစ်တောက်နှင့် အသံကို ကြားနေရသည်။ ကိုဦးသည် သံဗုဒ္ဓေရွတ်လက်စကို ဆက်မရွတ်မိဘဲ စိတ်ထဲမှ တစ်တောက် တစ်တောက်နှင့် လိုက်၍ ဆိုနေမိပြန်သည်။ 

အောက်ထပ်မှ ဘဘကြီး၏ချောင်းဆိုးသံကို ကြားသည်။ ထို့နောက် အိပ်ရာမှ ထပြီး ရေချိုးခန်းတံခါးဖွင့်သံ၊ ချောင်းထပ်ဆိုးသံ။

“ဘဘကြီးက ချောင်းဆိုးပျောက်ဆေးလဲ သောက်ရဲ့ လား မသိပါဘူး”

ကိုဦးက စိတ်မကောင်းစွာ တွေးမိသည်။ ချောင်းဆိုးပြီးတိုင်း မျက်စိမျက်နှာမကောင်းဘဲ မောနေတတ်သော်လည်း ဆေးသောက်ရန်ကိုကား ဘာဖြစ်လို့များ မေ့လျော့နေရလေသနည်းဟု အံ့သြနေမိသည်။ 

သူတို့ချောင်းဆိုးလျှင်ကား မေမေသည် လျှက်ဆားကို ကွမ်းရွက်ကလေးနှင့်ထုပ်ကာ ပါးစောင်တွင် ငုံထားတတ်သည်။ ကွမ်းရွက်စိမ်းက အာငွေ့နှင့်နွေးကာ အစိုပြန်ပြီး လျှက်ဆားနှင့်အတူ လည်ချောင်းထဲသို့ တစိမ့်စိမ့် ကျဆင်းသွားတတ်သည်။ ခဏနေလျှင် လည်ချောင်းယားနေခြင်း ပျောက်ပြီး ချောင်းဆိုးလည်း သက်သာသွားတတ်သည်။ ကဲကဲကတော့ လျှက်ဆားက ငန်သည်။ ကွမ်းရွက်က စပ်သည်နှင့် ချေးများချင်သည်။ တစ်ခါတစ်ရံလည်း မေမေလစ်လျှင် လစ်သလို ထွေးထုတ်ပစ်တတ်သည်။ သည်တော့လည်း သူ တစ်ခုခုဖြစ်လျှင် တော်တော်နှင့် မပျောက်တတ်ချေ။ 

“ချောင်းဆိုးရင် ပုစွန်တို့၊ ခရမ်းသီးတို့ မစားရဘူးတဲ့။ အဲဒါတွေက လည်ချောင်းယားတယ်လို့ မေမေကပြောတယ်။ ဘဘကြီးကတော့ ပုစွန်ကြိုက်တယ် ထင်တယ်၊ ဒါကြောင့် ချောင်းဆိုး မပျောက်တာလား မသိ”

တစ်နေ့တုန်းက ထမင်းစားပွဲပေါ်တွင် စားမကုန်ဘဲ ကျန်နေသော ပုစွန်ထုပ်ဟင်းကိုမြင်ယောင်ရင်း ကိုဦးက ပုစွန်ထုပ်ကို တရားခံစွဲလိုက်မိသည်။ 

“မေမေက အန်တီမွှေးကို ဈေးဖိုးပေးသွားတယ်၊ အန်တီမွှေးက နက်ဖြန်ကျရင် ဘာဟင်းစားမလဲတဲ့၊ အင်း ဘဘကြီးစားတဲ့ ပုစွန်ထုပ်မျိုးကြီးသာ”

ကိုဦး တွေးရင်းတောရင်း တံတွေးမျိုလိုက်မိသည်။

“ဒါပေမယ့် မဖြစ်ပါဘူး၊ ပုစွန်ထုပ်က သိပ်ဈေးကြီးတာ၊ အန်တီမွှေးက ကောင်းမယ်ထင်တာ ဝယ်ပြီးချက်ပေးပါလိမ့်မယ်လေ၊ ဖေဖေကပြောဖူးတယ်။ ဆာမှစားတဲ့။ ဆာတဲ့အခါကျမှ စားရင် ဘာဟင်းနဲ့ဖြစ်ဖြစ် သိပ်ပြီးစားလို့ကောင်းတာပဲတဲ့”

ကိုဦးက ဟိုတွေး သည်တွေးနှင့် မျက်တောင်တွေ တဖြည်းဖြည်း မှေးစင်းလာသည်၊ ထို့နောက် မှေးခနဲ အိပ်ပျော်သွားသည်။

ထို့နောက် အိပ်မက်မက်သည်။ အိပ်မက်ထဲတွင် ကိုဦးသည် ငပလီကမ်းခြေသို့ ရောက်သွားသည်။ ထို့ပြင် ဘွားဘွားကြီးကိုလည်း တွေ့ရသည်။ ဘွားဘွားကြီးက ပုန်းညက်ပင်ကြီးအောက်တွင် မေမေ၊ ဖေဖေတို့နှင့်အတူ ထိုင်ကာ စကားပြောနေသည်။ ကိုဦးတို့ကတော့ သောင်ပြင်တွင် ပြေးလွှားဆော့နေကြသည်။ ခရုတွေ ကောက်ကြသည်။

ကမ်းစပ်တွင် ခရုကောက်နေစဉ် လှိုင်းလုံးကြီးတစ်လုံးက သူ့ဆီသို့ တလိမ့်လိမ့် ​ပြေးလာသည်။ ကိုဦးက နောက်ဘက်သို့ဆုတ်ကာ ပြေးသော်လည်း မလွတ်၊ ရေလှိုင်းက သဲသောင်ပြင်ကို ဖြန်းကနဲရိုက်ကာ ရေစက်ရေမှုန်များ ဖွားကနဲ လွင့်သွားသည်။ ကိုဦး၏အင်္ကျီတွင်လည်း ရေများရွှဲကုန်သည်။ ထိုအချိန်တွင် အိပ်မက်မှ ကိုဦးလန့်နိုးလာလေသည်။ 

“သွားပါပြီဗျ”

ကိုဦးက အိပ်ရာမှ လူးလဲထလိုက်သည်။ သူ့အင်္ကျီတွင်လည်း တကယ့်ကို စိုရွှဲနေသည်။ ပင်လယ်ဆားငန်ရေတော့မဟုတ်၊ ကိုတူးက သူ့လည်ပင်းကိုခွကာ ရှူရှူးပန်းလိုက်ခြင်းကြောင့်ဖြစ်သည်။

“ဟေ့ကောင်.......ကိုတူး.... ထ” 

ပုဆိုးတခြား လူတခြားဖြစ်နေသော ကိုတူးကို နှစ်ချက်ဆင့် ထုပစ်သော်လည်း ကိုတူးက မနှိုးချေ၊ အီးခနဲအော်ကာ တစ်ဘက်သို့ လှိမ့်ဝင်သွားပြီး ဆက်၍ အိပ်နေသည်။

“ကောင်းတယ် သေးပန်းတာက မင်း၊ စိုတာကတော့ ငါ ဟင်း ခွေးကောင်” 

ကိုဦးက အိပ်ရာထဲမှ မြန်မြန်ထွက်ကာ အင်္ကျီလဲရသည်။ တစ်ခုတော့ တော်ပါသေးသည်။ သူ့ကိုခွကာ ပန်းလိုက်ခြင်းဖြစ်၍ ချက်ချင်းနိုးသည်။ မွေ့ရာတွေတော့ ရွှဲစိုမသွားချေ။ 

* * *

“ကိုတူးက ဒီအသက်အရွယ်အထိ အိပ်ရာထဲမှာ သေးပေါက်တုန်းလားဟ”

“​​ပေါက်တုန်းပဲ အဘဖိုးထင်ရေ၊ နက်ဖြန်ညကျရင်တော့ ဒီကောင့်ဟိုဒင်းကို သားရေကွင်းနဲ့ ချည်ထားမှဖြစ်မယ်”

ဘဖိုးထင်က ခြင်ထောင်ကို ပင့်ထွက်လာကာ တဟဲဟဲနှင့်ရယ်နေသည်။ အိပ်ရာဘေးရှိ နို့ဆီခွက်လွတ်ထဲမှ ဆေးလိပ်တိုလေးကို လှမ်းဆွဲကာ မီးညှိသည်။

“ဘဖိုးထင် အိပ်မပျော်ဘူးလား"

“ပျော်ပါတယ်ကွ၊ ခုနကမှနိုးတာ၊ ဟိုအဘွားကြီး အော်နေတဲ့အသံ ကြားလို့”

သံနေသံထားနှင့် ဘုရားရှိခိုးနေသော ဘွားရွှေ၏အသံက သူတို့တစ်တိုက်လုံး လွှမ်းခြုံထားသည်။ နာရီကိုလှမ်းကြည့်လိုက်တော့ နံနက်ငါးနာရီရှိပြီဖြစ်သည်ကို တွေ့ရသည်။

“အဲဒီအသံက ငါ့ရဲ့ နှိုးစက်ပဲ၊ ဒီအချိန်ဆိုရင် ဒီအဘွားကြီးက အချိန်မှန် ထအော်တော့တာပဲ၊ ငါလဲ အိပ်ရာကနိုးပြီး ထထိုင်ရတော့တာပဲ”

ဦးထင်က မကျေမနပ်ပြောသည်။

“ဘုရားရှိခိုးတယ်ဆိုတာ အေးအေးချမ်းချမ်း သာသာယာယာနဲ့ ကြားရတဲ့သူ စိတ်ကြည်နူးလာအောင် ရှိခိုးတတ်မှ ကောင်းတာပေါ့ကွာ။ အခုဟာက ဒီအချိန်ဒီအခါမှာ ဘုရားရှိခိုးနေတယ်ဆိုတာကို တစ်ရပ်ကွက်လုံးက သိနေအောင် အသံကုန်ဟစ်နေတာကွ၊ သူ့အသံက ကြည်နူးဖို့နေနေသာသာ ငါ့ကွာ ဟင်း မပြောလိုက်ချင်ဘူး”

အခါတိုင်း စောစောနိုးလေ့မရှိသော ကိုဦးက ဘွားရွှေ၏ဘုရားရှိခိုးသံကို ယခင်က သတိမထားခဲ့မိပေ။ အခုမှသာ နားစိုက်၍ထောင်မိသည်။ ထို့နောက် မျက်နှာကြီးရှုံ့နေသော ဘဖိုးထင်ကို ကြည့်ကာ ရယ်မိသည်။ ဘွားရွှေ၏ အသံက လိုအပ်သည်ထက် အများကြီး ပိုကျယ်နေသည်ကတော့ အမှန်ပင်။

ဦးထင်က ခြင်ထောင်ဘေးတွင် ဒူးတစ်လုံးထောင်ထိုင်ရင် “အကျိုးနည်းဗျား၊ သူ့ပါးစပ်ထဲမှာ လောက်စပီကာကြီးများ ငုံထားလားမသိဘူး” ဟု စိတ်ပျက်လက်ပျက်နှင့် ရေရွတ်သည်။ ထို့နောက် ဆေးလိပ်မီးကို တရဲရဲဖြစ်လာအောင် ဆက်တိုက် ဖွာရှိုက်သည်။

“ငါလဲ သူနဲ့ ပြိုင်ရရင်ကောင်းမလား မသိပါဘူး” ဟုတွေးရင် ကိုဦးတို့ဘုရားစင်ကို မော်ကြည့်သည်။ ကိုဦးတို့၏ဘုရားစင်က သူ့ဘုရားစင်လို ခြောက်ကပ်ကပ်မဟုတ်။ သပြေပန်း၊ သစ္စာပန်းများနှင့် ဝေဝေဆာ လှလှပပရှိနေသည်။ ပြောင်လက်အောင် တိုက်ချွတ်ထားသော ကြေးရေတော်ခွက်များက မီးရောင်မှိန်မှိန်ဝယ် အရောင်လက်သည်။ ဘုရားစင်အောင်တွင် အသင့်ချိတ်ဆွဲထားသော ​ကြေးစည်ကိုတွေ့ တော့ ဦးထင် သဘောကျသွားသလို ပြုံးရင်း နေရာမှ ထသွားသည်။ ဘုရားစင်အောက်မှ ကြေးစည်လက်ခတ်ကလေးကိုပါ အဆင်သင့်တွေ့တော့ အသံထွက်အောင်ပင် ရယ်လိုက်သည်။

“ကြားကြားသမျှ အမျှ အမျှ အမျှ ယူတော်မူကြပါ”

ဦးထင်က အသံကျယ်ကျယ်နှင့် ရေရွတ်ကာ ကြေးစည်လေးကို လက်ခတ်နှင့်ရွယ်ပြီး ခပ်သာသာ ရိုက်ခတ်လိုက်သည်။ သာယာသော ညွှတ်နူးဖွယ်အသံလေးနှင့်အတူ ချာချာလည်သွားသော ကြေးစည်လေးကို ပြုံးပြုံးကြီး ကြည့်နေသည်။ ကြေးစည်လေး အလည် နှေးလာကာ အသံတိုးသွားတော့ ဘဖိုးထင်က ခုနကထက်ကျယ်သော အသံနှင့် ထပ်၍ ရေရွတ်ပြန်သည်။ 

“ကြားကြားသမျှ အမျှ အမျှ အမျှ ယူတော်မူကြပါ”

သုံးကြိမ်သုံးခါ အမျှဝေကာ ကြေးစည်ကိုလည်း သုံးခါရိုက်ခတ် ပြီးသောအခါမှ သူ့ကို တအံ့တသြကြည့်နေသော ကိုဦးအား လှည့်ကြည့်သည်။ 

“မင်းကို အောက်ထပ်က အဘွားကြီးမေးရင် အဘထင်က အစောကြီးကတည်းက နိုးနေတာ၊ ဘုရားရှိခိုးပြီးလို့ တရားထိုင်နေတာ၊ ဘွားရွှေ ဓမ္မစကြာရွတ်တော့မှ တရားဖြုတ်ပြီး အမျှဝေတာလို့ပြောနော်၊ ဟုတ်လား ကိုဦး၊ မင်းတို့ကို အဘ ပေါက်စီဝယ်ကျွေးမယ်နော်”

ဦးထင်က ကိုဦးအား နှုတ်ပိတ်ပြီး အိပ်ရာထဲပြန်ဝင်သည်။ ထို့နောက် ရယ်နေသောကိုဦးအား “အစောကြီးရှိသေးတယ်၊ ပြန်အိပ်ဦးကွ” ဟု လှမ်းပြောသည်။ မကြာမီပင် သူ့ဆီမှ တခူးခူးနှင့် ဟောက်နေသောအသံ ထွက်ပေါ်လာလေသည်။

ဆက်ရန်
-------------------------
#မစန္ဒာ

crd 👉 ရသလွင်ပြင်

Post a Comment

0 Comments