အပိုင်း (၁၁)
အပြင်ဘက်အခန်းတွင် ရယ်သံတွေ ဆူညံနေသည်။ ကလေးတစ်သိုက် ခေါင်းပုတ်တမ်းကစားနေကြခြင်းဖြစ်သည်။
“ကို.....ဦး”
"ဟုတ်ဘူး....မှားတယ်”
“ဒါဖြင့်....ဖိုးခွားလား”
“ဟုတ်ဘူး....ကံ ကောင်း၊ ဟား....ဟား...ဟား”
ကလေးတွေ ဝါးခနဲ ရယ်ကြပြန်သည်။ ခိုးခိုးခစ်ခစ်ရယ်နေသော ကံကောင်း၏အသံကိုပါ ကြားရတော့ ဦးထင်သည် ထမင်းရည်ငှဲ့ရင်းမှ ပြုံးနေမိသည်။
“အဖေ ထမင်းရည်ကို သွန်မပစ်နဲ့နော်၊ ကံကောင်းကို တိုက်ရအောင်”
“အေးပါကွာ”
“ဖွားရွှေကပြောတယ်၊ ထမင်းရည်ထဲကို နို့မှုန့်နည်းနည်း၊ သကြားနည်းနည်း ရောထည့်ပြီး တိုက်ရင် ကလေးဖွံ့ တယ် တဲ့”
“အေး ဒါပေမယ့် အဲဒီနို့ထမင်းရည်ကို ဖွားရွှေ အလျင်သောက်ပါဦးလို့ မင်းက ပြောလိုက်ဖို့ကောင်းတယ်”
“ဘာလို့တုန်း အဖေရ”
“ကလေးက ပိန်တယ်ဆိုပေမယ့် သူ့လောက်တော့မပိန်ပါဘူးကွာ”
ဖွားရွှေခန္ဓာကိုယ် ပိန်ပိန်ကပ်ကပ် ပြားပြားချပ်ချပ်ကလေးကိုတွေး၍ မြင်ယောင်ရင်း ကိုကောင်းထက်က ရယ်လိုက်မိသည်။ သို့သော်လည်း သူဖွံ့ တုန်းက ဖွံ့ ခဲ့လိမ့်မည်ထင်သည်။ အခုအချိန်တွင် ငါးဖောင်ရိုးဖြစ်နေသော်လည်း တစ်ချိန်တုန်းကတော့ သူ့သမီး မမွှေးကြူလို ငါ့ရံ့ကိုယ်လုံးကလေး ဖြစ်ချင်လျှင် ဖြစ်ခဲ့နိုင်သည်။
“ဒီလိုဆိုရင် မမွှေးကြူလဲ အသက်ကြီးရင် သူ့အမေလို ငါးဖောင်ရိုးဖြစ်လာမလား မသိဘူး နော်....အဖေ”
ကိုကောင်းထက်က ကြောင်အိမ်ထဲမှ ဝက်သားပြုတ်ကို ထုတ်ကာ ပါးပါးလှီးရင်း ပြောသည်။ ဝက်သားကို ပဲတောင့်ရှည်နှင့် ရော၍ ကြော်လျှင် သူတို့သားအဖနှစ်ဦးလုံး ထမင်းမြိန်တတ်သည်။
“မဖြစ်နိုင်ဘူးကွ၊ သူ့ကိုယ်လုံးက ငါးရံ့ကိုယ်လုံး”
“အဖေကလဲ သမီးလိုချင်ရင် အမေကို ကြည့်ရတယ်ဆို၊ အခု သူ့အမေက”
ကိုကောင်းထက်သည် စကားကို ဆုံးအောင် မပြောနိုင်ဘဲ ရပ်သွားသည်။ ဦးထင်က တဟားဟားနှင့် ထ၍ရယ်သောကြောင့် ဖြစ်သည်။
“ဟ...ငကောင်း၊ မင်းက အမေကို ကြည့်နေပြီဆိုတော့ ဟား....ဟား....ဟား....သမီးကို လိုချင်နေလို့လား”
“ဟာ....အဖေကလဲ”
ကိုကောင်းထက် ရှက်ကိုးရှက်ကန်းဖြစ်သွားသည်။ ဘာပြန်ပြောရမည် မသိဘဲ အိုးတိုးအန်းတမ်း ဖြစ်သွားပြီး တဟားဟားရယ်နေသော ဖခင်ကို ကြောင်အမ်းအမ်းပြန်ကြည့်နေမိသည်။
“သမီးကိုလိုချင်ရင် သမီးကိုပဲ တည့်တည့်ကြည့်ကွ၊ သူ့အမေကြီးကို အသာဘေးဖယ်ထားလိုက်”
“ဘာဖြစ်လို့လဲ အဖေရ”
ကိုကောင်းထက်က ရှက်အမ်းအမ်းနှင့် မေးသည်။
“ဟာ ဒီငါးဖောင်ရိုးကြီးကို အလျင်ကြည့်နေလို့ကတော့ မင်း ဟိုဟာလေကွာ၊ မင်းတို့ပြောတတ်တာ ဘာတဲ့ အဲအဲ ဖီလင်လေ ဖီလင်ဆိုတာ အောက်သွားမှာပေါ့ ဟုတ်ဘူးလား”
“လုပ်တော့မယ် .... အဖေက”
သည်တစ်ခါတော့ သူတို့နှစ်ဦးလုံး ဟက်ဟက်ပက်ပက် ရယ်မိကြသည်။
သူတို့သားအဖနှစ်ဦး အခုလို ရယ်ရယ်မောမော ပျော်ပျော်ရွှင်ရွှင် မနေဖြစ်ကြသည်မှာ အတော်ကြာနေပြီ။ သူ၏သားငယ်လေး ဆုံးပါးသွားပြီး ဤဦးဖီးလမ်းထဲ ပြောင်းရွှေ့လာပြီးကထဲက သူကလည်း သူ့အလုပ်သူသွား၊ သူ့အဖေကလည်း သူ့အရက်သူသောက်ပြီး အေးတိအေးစက် နေလာကြသည်မှာ ကြာလှပြီ ဖြစ်သည်။ သောကနှင့် ပရိဒေဝကို ကြောက်ရွံ့သွားသဖြင့် သူကလည်း အိမ်ထောင်ရေးကို စိတ်မဝင်စားတော့။ သူ့အဖေကလည်း စပ်၍ပင် မပြောတော့ဘဲ အေးစက်ခြောက်ကပ်စွာ နေလာခဲ့ကြရာ အခုလို သူ့ဖခင်က တဟားဟား ရယ်နေသည်ကိုမြင်တော့ ကိုကောင်းထက် အလိုလို ပျော်လာသည်။
“ဘ...ဖိုး....ထင်”
ကဲကဲက မီးဖိုချောင်ထဲသို့ တဒိုင်းဒိုင်း ပြေးဝင်လာသည်။
“ဘ....ဖိုး....ထင်....ဘာဟင်းချက်လဲ”
ဦးထင်က ထမင်းအိုးကို တစ်ချက်နှစ်ချက်ဆောင့်ကာ မီးဖိုပေါ် ပြန်တင်လိုက်သည်။
“ဒီမှာ ကလေးရယ်၊ ကျုပ်ကို ဘဘဆိုရင်လဲ ဘဘ၊ ဖိုးဖိုး ဆိုရင်လည်း ဖိုးဖိုး၊ ကြိုက်သလိုခေါ်ပါ။ အဲဒီလို ဘဖိုးထင် ဘဖိုးထင်နဲ့ မခေါ်စမ်းပါနဲ့၊ အူယားလွန်းလို့ပါ”
“ဟင်....ဘာဖြစ်လို့လဲ”
ကဲကဲက မျက်လုံးကလေးအဝိုင်းသားနှင့် မေးသည်။
အူရွှင်နေသော ကိုကောင်းထက်ကမူ“ဒီလမ်းထဲက သတ္တဝါလေးတွေက ငါ့ကို ဖိုးထင် ဖိုးထင်နဲ့ မဆင်မခြင်ခေါ်လိုက်ကြတာ သောသောကို ညံနေတာပဲ၊ ဖိုးထင်ဆိုတာကြီးကို မင်း ပြောင်းပြန် ဆိုကြည့်စမ်း ငကောင်း၊ တော်တော် ဆိုးတယ်နော်” ဟု သူ ဖခင်က မကျေမနပ်နှင့် ပြောဖူးသည်ကို သတိရပြီး ရယ်မိပြန်သည်။
“ဘဘထင် ... အဲ... ဖိုးဖိုးထင် ... အား.... ခေါ်လို့လဲမကောင်းဘူး ဘဖိုးထင်ရဲ့၊ ဘဖိုးထင်ဆိုတာပဲကောင်းတယ်”
“လခွမ်းမှပဲ”
ဦးထင်က ဆဲသည်။ ထို့နောက် ရယ်သည်။
“ညည်းတို့အိမ်ရော ဘာဟင်းချက်လဲ၊ ငါတို့တော့ ပဲသီးနဲ့ ဝက်သားနဲ့ကြော်မယ်၊ ဘူးသီးဟင်းခါးချက်မယ်၊ ငါးပိရည် စားချင်တာတော့ ညည်းအမေဆီက တောင်းမလို့”
“ ဦးကောင်းက ငါးပိရည်ကြိုက်လို့လား”
“သိပ်ကြိုက်တာ”
“တို့စရာဖြင့်ရှိပဲနဲ့”
“ရှိပါတယ်၊ ဒီမှာ မတွေ့ဘူးလား၊ မနက်ကတည်းက အဖေဝယ်လာတာ၊ ဒါက ခံတက်ချဉ်၊ ဟောဒါက ခရမ်းကြွပ်သီးနဲ့ ဖန်ခါးသီး”
"မေမေက ငါးပိရည်ကြိုသေးဘူး ဦးကောင်းရ၊ ခုနတုန်းက ကံကောင်းဖို့ ဆန်ပြုတ်ပြုတ်နေတယ်”
ကဲကဲ၏စကားကို ကြားတော့ ကိုကောင်းထက်သည် "ကံကောင်းတို့ကတော့ နံမည်နဲ့လိုက်အောင် ကံကောင်းတော့တာပဲ"ဟု ကြည်နူးစွာ စဉ်းစားမိသည်။ သူ့အပေါ်ထပ် တက်လာပြီး နောက်တစ်နေ့တွင်ပင် ဦးဘပွားက ငွေတစ်ထောင်လာပေးသည်။ ကိုကောင်းထက်က သူ့ကို ကျေးဇူးတင်စွာ ကြည့်ရင်း “လိုသမျှသုံးပြီး ပိုတာကို ကျွန်တော် စာရင်းဇယားနဲ့မှတ်ထားပါ့မယ်” ဟု ပြောတော့ ဦးဘပွားက ခေါင်းကိုသာ ဆတ်ခနဲညိတ်ပြပြီး လှည့်ထွက်သွားသည်။
တစ်လှမ်းနှစ်လှမ်း လျှောက်သွားပြီးမှ သတိရသလို ပြန်လှည့်လာပြီး “တစ်လတစ်ထောင်ဆိုရင် ရပြီလား” ဟု ခပ်တိုးတိုး မေးသည်။
“သိပ်ရတာပေါ့ ဦးရယ်၊ ပိုတောင် ပိုဦးမှာပါ” ဟု သူက ပြောတော့ နားလည်ရခက်သော အပြုံးတစ်ခုသည် ဦးဘပွား၏မျက်နှာပေါ်တွင် ရိပ်ခနဲ ဖြတ်သန်းသွားလေသည်။
“အင်းလေ ဒီလိုဆိုရင်လည်း တစ်လတစ်ထောင် လစဉ်ထုတ်လို့ရအောင် စီစဉ်ပေးခဲ့ပါ့မယ်” ဟု ခပ်တိုးတိုးပြောသည်။ စီစဉ်ပေးခဲ့မည်ဆိုတော့ သူ ခရီးဝေးများသွားမှာမို့လားဟု တွေးမိပြီး “ဦး ခရီးထွက်မှာမို့လားခင်ဗျ” ဟုမေးတော့ ကိုကောင်းထက်ကို ခပ်တွေတွေ ခပ်ငေးငေးကြည့်ရင်း ခေါင်းကို လေးပင်စွာ ညိတ်ပြခဲ့လေသည်။
“သူ့သားသမီးတွေက နိုင်ငံခြားမှာချည်းပဲတဲ့၊ သူ လိုက်သွားမလို့ထင်တယ်”
ကိုကောင်းထက်က စဉ်းစားရင်း ပဲတောင့်ရှည်များကို ဆက်၍လှီးသည်။ သူက အကောင်းမြင်ဝါဒသမားမို့ ဦးဘပွားကို နဂိုကတည်းက အမြင်မကတ်ခဲ့ပေ။ သူ့ဟာသူ ထည်ထည်ဝါဝါနေခြင်း၊ ခပ်ကြွားကြွား ပြောတတ်ခြင်းများသည် သူ့ဘဝ အကျိုးပေးကောင်း၍ ထည်နိုင်ခြင်း၊ ကြွားနိုင်ခြင်း ဖြစ်သည်ဟုသာ သဘောထားသည်။
သူ တယ်လီဖုန်းဆက်ချင်၍ ခွင့်တောင်းတုန်းက “ကျုပ်က အိမ်မှာ လူဝင်လူထွက်ရှုပ်ရင် မကြိုက်ဘူးဗျ” ဟု ပြောခဲ့သည်ကိုလည်း ခဏသာ စိတ်မကောင်းဖြစ်ပြီး ဖျောက်ပစ်လိုက်သည်။ "ဟုတ်သားပဲ၊ တစ်ယောက်တည်း အေးအေးဆေးဆေးနေချင်တဲ့သူကို ငါက နှောက်ယှက်မိတာကိုး” ဟု ကိုယ့်ကိုယ်ကိုသာ ပြန်ပြီးအပြစ်တင်ခဲ့သူဖြစ်သည်။
ထိုကဲ့သို့ နဂိုကတည်းက အကောင်းဘက်က ကြည့်တတ် မြင်တတ်သူဆိုတော့ အခုလို ကံကောင်းအတွက် ငွေရေးကြေးရေး အကူအညီပေးသောအခါတွင်ကား ဦးဘပွားကို ကျေးဇူးတွေ တစ်ထပ်ပြီးတစ်ထပ် တင်နေမိတော့သည်။ တကယ့်ကို လူသူတော်ကောင်းကြီးလို မြင်ပြီး ကြည်ညိုလေးစားနေမိလေသည်။
“ဦးကောင်း ငါးပိရည်စားချင်ရင် ခဏစောင့်၊ သမီးသွားတောင်းပေးမယ်”
““ညည်း....အမေဆီကလား”
“ဟင့်အင်း...... ဟုတ်ဘူး။ အန်တီမွှေးဆီက”
ကဲကဲက ပြုံးကျဲကျဲလေးပြောသည်။ ကိုကောင်းထက်ကတော့ မျက်လုံးပြူးသွားသည်။
"ဟ ကောင်းပါ့မလား”
သူက သူ့ဖခင် ဦးထင်လို ဇလုံတစ်လုံးနှင့် ထမင်းလိုက်တောင်းတတ်သူမဟုတ်။ အထာကလေးနှင့် နေချင်သည်။ အထူးသဖြင့် မမွှေးကြူတို့သားအမိရှေ့တွင် နည်းနည်းတော့ ဟန်လုပ်ချင်သည်။
“ကောင်းပါတယ် ဦးကောင်းကလဲ၊ အန်တီမွှေးက ဦးကောင်းအတွက်ဆိုရင် ပေးချင်လွန်းလို့ မနေ့တုန်းကတောင် မေးနေသေးတယ်”
“ဘာတဲ့တုန်း”
ကိုကောင်းထက်က အလောတကြီး မေးမိသည်။
“သူတို့တွေ ဘာဟင်းတွေ ချက်စားနေကြရှာသလဲတဲ့”
“ဒီတော့ ညည်းက”
“ဪ.....ပဲပင်ပေါက်ကြော်လေးနဲ့ စားနေတာတွေ့ တယ်လို့၊ အန်တီမွှေး မသနားဘူးလားလို့တောင် မေးလိုက်သေးတယ်”
“ဒီတော့”
“အန်တီမွှေးက သနားတာပေါ့ ကဲကဲရယ်တဲ့”
ကိုကောင်းထက်၏ရင်ခုန်သံသည် တော်တော်လေး မြန်သွားသည်။ သို့သော်လည်း ကဲကဲကို မယုံသလို မျက်လုံးပြူးပြီး ကြည့်သည်။
“ဘာလဲ၊ ဦးကောင်းက မယုံဘူးလား”
ကဲကဲက ရယ်ကျဲကျဲလေး ထပ်ပြောသည်။ ထို့နောက် ခစ်ကနဲ ရယ်လိုက်သည်။ တကယ့်တကယ်က မမွှေးကြူကလည်း ထိုသို့ပြောသည်မဟုတ်။ သူက “အန်တီမွှေး မသနားဘူးလား” ဟု ဆိုတော့ “အို....ကဲကဲကလဲ ဘာဆိုင်တာလိုက်လို့“ ဟုသာ ပြောခဲ့ခြင်း ဖြစ်သည်။
“မယုံရဲပါဘူး ကဲကဲရယ်၊ ညည်းတို့တစ်တွေက တယ်ပြီး ယုံရတဲ့ဟာလေးတွေ မဟုတ်ပါဘူး”
“ကြည့်နေ....ကဲကဲ တောင်းပြမယ်”
“ဟဲ့....ကဲကဲ”
ကိုကောင်းထက်က ဟန့်သော်လည်း ကဲကဲက မီးဖိုချောင်မှ လှစ်ခနဲ ပြေးထွက်သွားသည်။ ထို့နောက် လှေကားမှ တဒိုင်းဒိုင်း ပြေးဆင်းသွားလေသည်။ ဆင်းလာတုန်းက ငါးပိရည်တောင်းဖို့ဆင်းလာခြင်း ဖြစ်သော်လည်း တကယ်တန်း အောက်ထပ်ကို ရောက်သောအခါတွင်ကား ကဲကဲသည် လာရင်းကိစ္စကို မေ့သွားသည်။ ဦးဘပွား၏အခန်းဘက်မှ ခပ်သဲ့သဲ့ကြားနေရသော ရုပ်မြင်သံကြားစက်သံကြောင့် ဖြစ်လေသည်။
“မြန်မာ့ရိုးရာ စားစရာ ပူတူးတူးလေးယိုစုံပါ၊ မြန်မာ့ရိုးရာ စားစရာ”
ထိုအသံလေးက ကဲကဲကို ဆွဲဆောင်နေသည်။ ထို့ကြောင့် ကဲကဲ၏ခြေထောက်များသည် မမွှေးကြူ၏အခန်းဘက်သို့ မလျှောက်မိတော့ဘဲ ဦးဘပွား၏အခန်းဘက်သို့ ဖြည်းဖြည်းလေး လျှောက်သွားသည်။ လှေကားဘေးမှ အုတ်ခုံပေါ်တက်ပြီး ခြေဖျားထောက်ကာ သံစကာပေါက်မှနေပြီး အသာလေး ချောင်းကြည့်လိုက်သည်။ ဧည့်ခန်းထောင့်တွင်ရှိသော ရုပ်မြင်သံကြားဖန်သားပြင်တွင် တင်ပါးထိလျှောကျနေသော ဘောင်းဘီရှည်လေးဝတ်ကာ ဆတ်တောက် ဆတ်တောက်နှင့် လှည့်ပတ်ကနေသော ကလေးကာတွန်းရုပ်ကလေးကို တွေ့ရသည်။
“ဖေဖေကလဲ တီဗွီလေးတစ်လုံးလောက်ကို ဘယ်တော့များကျမှ ဝယ်နိုင်မယ်မသိပါဘူး”
ကဲကဲက တောင့်တောင့်တတ တွေးမိသည်။ သူတို့ဖခင် ဦးရန်ဝေးထံတွင် ရေဒီယိုကက်ဆက်လေး တစ်လုံးရှိသော်လည်း ကဲကဲတို့ ကိုင်ခွင့်မရှိပေ။ ရေဒီယိုကက်ဆက်ဟုဆိုသော်လည်း ဖေဖေက ကက်ဆက်ကို အသုံးမပြုဘဲ ရေဒီယိုကိုသာ သုံးလေ့ရှိသည်။ ရေဒီယိုမှ လာသောသတင်းကို မှန်မှန်နားထောင်သည်။ ရေဒီယိုဇာတ်လမ်းနှင့် သောတရှင်လိုရာကိုလည်း ကြိုက်သည်။ တစ်ခါတစ်ရံ ကက်ဆက်ခွေဖွင့်နားထောင်ပြန်တော့လည်း မာမာအေးတို့ ချိုပြုံးတို့၏အသံကိုသာ ကြားရသည်။ ကဲကဲတို့အကြိုက် ကော်နီတို့၊ ဟေမာနေဝင်းတို့၊ ချစ်ကောင်းတို့၏အသံများကို မကြားရ၍ ကဲကဲတို့ကလည်း ဖေဖေ့ကက်ဆက်ကို စိတ်မဝင်စားလှပေ။
သူတို့တကယ်စိတ်ဝင်စားသည့် တီဗွီကျတော့လည်း ဖေဖေက မဝယ်နိုင်၊ သည်တော့လည်း အစီအစဉ်လေးကောင်း၍ ကြည့်ချင်လျှင် သားအဖတွေအားလုံး သူများအိမ်ပြေးပြီး ကြည့်ကြရသည်။ သူများအိမ်ဆိုတော့လည်း အိမ်ရှင်၏မျက်နှာရိပ် မျက်နှာကဲကို ကြည့်ရ အားနာရသည်ပင်။
“အောက်ထပ်က ဘဘကြီးကသာ ငါတို့ကို ကြည့်ခွင့်ပေးရင် ဒီပြင်အိမ်မသွားဘဲ နီးနီးနားနား ကြည့်ရမှာ”
ကိုတူးက မကြာခဏပြောလေ့ရှိသည်။
“ကြည့်ခွင့်ပေးမလားကွ၊ တယ်လီဖုန်းတောင် မဆက်ရတာ မင်းတီဗွီကြည့်ဖို့များ ဝေလာဝေး...”
ကိုဦးကပြောလျှင် ကဲကဲက အကယ်၍ ကြည့်ခွင့်ရလျှင်ပင် မကြည့်ရဲပါဘူးဟု တွေးနေမိတတ်လေသည်။ ဘဘကြီး၏မျက်နှာထား တင်းတင်းမာမာကြီးကိုကြောက်၍ သူတို့စကားပင် ကျယ်ကျယ် ပြောရဲမည်မဟုတ်။ ဇာတ်လမ်းထဲ ရယ်စရာပါလျှင်လည်း ရယ်မောရဲမည်မဟုတ်ချေ။
“သခွားရည်နဲ့ ထုတ်လုပ်ထားတဲ့ ပင်တိုင်စံမိတ်ကပ်နဲ့ စနိုးကရင် (မ်)ကို နာမည်ကြီးလွန်းလို့ လိမ်းကြည့်လိုက်တော့ အရမ်းအရမ်းကို ....”
ရုပ်မြင်သံကြား ဖန်သားပြင်တွင် ဦးထုပ်ဆောင်းထားသော ခင်သန်းနု၏ရုပ်သွင်က ပြုံးပြုံးလေး ပေါ်လာပြန်သည်။ ကြော်ငြာတွေ့ကြည့်ရသည်ကို ကဲကဲတို့ကလေးတွေအားလုံး ကြိုက်နှစ်သက်ကြသည်။ ပျော်ကြသည်။ ကြော်ငြာတော်တော်များများကိုလည်း အလွတ်ရကြသည်။
“ဟဲ့....မိကဲ”
ကဲကဲ၏ကျောကို ကိုတူးက ဖျတ်ခနဲ ပုတ်လိုက်သည်။
“ဟာ....ကိုတူးကလဲ လန့်လိုက်တာ”
“နင် ဘာလုပ်နေတာလဲ၊ ဘာချောင်းကြည့်နေတာလဲ”
ကဲကဲက ပခုံးလေးတွန့်ကာ သွားကျဲလေးနှင့် ရယ်သည်။
“ကိုတူး လာကြည့်၊ ကြော်ငြာတွေလာနေတယ်”
“ငါ့ကို ဘဖိုးထင်က အချိုမှုန့်ဝယ်ခိုင်းလိုက်လို့ဟ။ နင့်တီဗွီ မကြည့်အားပါဘူး”
မကြည့်အားပါဘူးဟု ဆိုသော်လည်း ကိုထူးသည် ကဲကဲရပ်နေသော အုတ်ခုံပေါ်သို့ လှမ်းတက်လာသည်။ သူ့အရပ်က ကဲကဲထက် ပိုမြင့်သဖြင့် သူခြေဖျားထောက်လိုက်တော့ ကဲကဲထက်ပိုပြီး ရှင်းရှင်းလင်းလင်း မြင်ရသည်။
“ဒီနေ့ စနေနေ့၊ ကလေးအစီအစဉ်ရှိမလား မသိဘူး ကိုတူး”
“ကလေးအစီအစဉ်ဆိုရင်တော့ ချစ်စရာ့အရွယ် ကကြိုးသွယ်တွေနေမှာပဲ၊ ငါတော့ မကြိုက်ပါဘူး”
“ဘာဖြစ်လို့”
“ချွတ်တားမလေးတွေက မျက်စပစ်ပြီး ဂျိန်းတုတ်တုတ် ဂျိန်းတုတ်တုတ်လုပ်နေတာ”
“အာ ကိုတူးကလဲ ကောင်းပါတယ်၊ ကဲကဲသာ သူတို့လို ကတတ်ရင် တီဗွီမှာပါရမှာ”
“တော်သေးတာပေါ့၊ နင် မကတတ်လို့ အများပြည်သူတွေ ကံကောင်းသွားရတာ”
သူ့ကို မခံချင်အောင် ပြောနေမှန်းသိသဖြင့် ကဲကဲသည် ကိုတူးကို စိတ်ဆိုးမနေတော့ပေ။ တကယ့်တကယ်ကတော့ ကဲကဲလည်း ကိုတူးလိုပင်ဖြစ်သည်။ တပင်တိုင်အက ငြိမ့်ငြိမ့်ညောင်းညောင်းထက် ဒိုးပတ်တို့၊ အိုးစည်တို့၊ ဦးရွှေရိုး၊ ဒေါ်မိုးတို့လို မြူးမြူးသွက်သွက်တွေကိုသာ ပိုပြီး ကြိုက်လေသည်။
“တော်ပြီဟာ၊ ခြေဖျားထောက်ကြည့်ရတာ ညောင်းလိုက်တာ၊ သွားမယ်”
“နေပါဦး ကိုတူးရ၊ ဟော ပွဲတိုးတဲ့ပုဆိုး မျိုးမျိုးလုံချည်တဲ့”
ကိုတူးက သွားမည်ဟန်ပြင်တော့ ကဲကဲက ဆွဲထားသည်။ တစ်ဦးတည်း ချောင်းကြည့်နေရသည်ထက် နှစ်ဦးချောင်းကြည့်ရသည်က ပိုပြီးအားရှိသောကြောင့် ဖြစ်သည်။
“ကြော်ငြာပြီးရင် သွားမယ်လေနော်”
ကဲကဲက ကိုတူးကို ချော့သည်။ ညောင်းနေသော ခြေချောင်းလေးများကို ကွေးလိုက် ဆန့်လိုက်နှင့် အညောင်းပြေအောင် လုပ်ရင်း“ခဏလေးပါ ကိုတူးရ” ဟုထပ်ပြောသည်။ ထို့နောက် ကိုတူး၏လက်မောင်းကို ကိုင်ကာ ခြေဖျားပြန်ထောက်ပြီး အခန်းထဲသို့ တဖန်မျှော်၍ ကြည့်လိုက်သည်။
“ ဟော....တော့”
တီဗွီရှေ့မှာ မားမားကြီးရပ်ပြီး သူတို့ကိုလှမ်းကြည့်နေသော ဦးဘပွားကို တွေ့ရတော့ ကဲကဲ လန့်သွားသည်။
“အဲဒါမှဂြိုဟ်ပဲ”
ကဲကဲသည် အုတ်ခုံလေးပေါ်မှ ကမန်းကတန်း ခုန်ချလိုက်သည်။ အလျင်လိုမှ အနှေးဖြစ်တာ ဖိနပ်တစ်ဖက်က လွင့်ပြီး အိမ်ရှေ့ရေမြောင်းထဲ ကျသွားသည်။
“ဘာဖြစ်တာလဲဟ”
ကဲကဲ ဘာဖြစ်သွားမှန်း မသိသော ကိုတူးက အခန်းထဲသို့ ယောင်နနနှင့် ခြေဖျားထောက်ပြီး လှမ်းကြည့်သည်။ သူ့ကိုကြည့်ရင်း သံဇကာနားကို လျှောက်လာသော ဦးဘပွားကိုမြင်တော့ ရုတ်တရက် မှင်တက်မိသွားသည်။
“ကိုတူး...လာလေဟာ”
မြောင်းထဲမှ ဖိနပ်ကို ကောက်ရန် မစဉ်းစားအားသေးဘဲ ကဲကဲက အုတ်ခုံပေါ်မှ သူ့အစ်ကိုအား လှမ်းဆွဲသည်။ ခြေထောက်ကို လှမ်းဆွဲခြင်းဖြစ်သော်လည်း အလန့်လန့်အဖျပ်ဖျပ်ဆိုတော့ ပုဆိုးကိုသာ အားရပါးရ ဆွဲမိသည်။
“ဟာ....ခွေးမလေး”
ကျွတ်ကျသွားသော ပုဆိုးကို လက်နှစ်ဖက်နှင့်ပြန်ဆွဲရင်း ကိုတူးက အော်သည်။ ထို့နောက် ပုဆိုးကို ပြန်မဝတ်အားသေးဘဲ ရင်ခေါင်းတွင် လက်နှစ်ဖက်နှင့်စုကိုင်ထားရင်း အုတ်ခုံလေးပေါ်မှ ခုန်ချလိုက်သည်။ မြေပေါ်သို့ လေးဘက်ထောက်လျက်သား မကျသော်လည်း ဟန်ချက်လွဲပြီး ငိုက်စိုက် ငိုက်စိုက် ဖြစ်သွားသည်။ ထို့နောက် ကိုယ့်ပုဆိုးကိုယ်နင်းမိကာ မှောက်လျက်ကြီး လဲတော့သည်။
“ဟာ....ကိုတူး....ဖွ....ဖွ....ဥုံဖွ"
ကဲကဲက ကိုတူးကို မနိုင်မနင်း ဆွဲထူသည်။ ဒူးနှစ်ဖက်လုံး ပွန်းသွားသော ကိုတူး၏မျက်နှာလေးက ရှုံ့နေသည်။ သို့သော် သူ့ဒူးကိုပင် သူအသေအချာ မပွတ်အားသေးဘဲ အိမ်ပေါက်ဝအထိ ရောက်လာသော ဦးဘပွားအား....
“ကျွန်တော်တို့ အချိုမှုန့်သွားဝယ်မလို့ပါ” ဟု တောင်းပန်သလိုပြောသည်။
သူ့အိမ်ရှေ့တွင် လာရှုပ်နေ၍ သူ့တီဗွီကို ချောင်းကြည့်နေ၍ ဦးဘပွားဟူသည့် လူ့ခွစာကြီးသည် သူတို့ကို စိတ်ဆိုးပြီး အော်လိုက်တော့မည်ဟု ထင်နေသည်။ သို့သော် ဦးဘပွားသည် သူတို့ထင်သလို စိတ်ဆိုးမာန်ဆိုးနှင့် မအော်ခဲ့။ သူတို့ကို စိုက်ကြည့်ရင်း“မင်းတို့ တီဗွီကြည့်ချင်လို့လား” ဟုမေးလေသည်။
ကိုတူးသည် ကြားလိုက်ရသော စကားကို မယုံနိုင်သလို ဦးဘပွားအား ကြောင်တက်တက်နှင့် ပြန်ကြည့်နေမိသည်။
“ပြောလေ.....တီဗွီကြည့်ချင်လို့လားဆို”
“ဟုတ်....ဟုတ်....ဟုတ်ကဲ့”
မောင်နှမနှစ်ဦးသား အထစ်ထစ်အငေါ့ငေါ့ နှင့် ဖြေလိုက်မိကြသည်။
“မင်းတို့နဲ့ ဘာဆိုင်လို့ ကြည့်ချင်တာလဲ သွား” ဟု တအားအော်လိုက်သောအသံကို ကြားရတော့မည်ဟု ယူဆပြီး ကဲကဲ၏လက်ဖျားလေးများသည် ချက်ချင်း အေးစက်လာသည်။ သူတို့ကို စိုက်ကြည့်နေသော ဦးဘပွားအား ခါတိုင်းလို သွားကျဲလေးနှင့် ဝင်ရယ်မပြရဲဘဲ“ကိုတူးက "ပြန်မယ်လို့ပြောတုန်းက ပြန်လိုက်ရရင် ကောင်းသား” ဟု နောင်တစိတ်နှင့် တွေးလိုက်မိသည်။
“ဒီလိုဆို လာခဲ့လေ”
“ဗျာ”
ထွက်ခွာရန် ခြေလှမ်းပြင်နေသော ကိုတူးသည် ပါးစပ်အဟောင်သား ဖြစ်သွားသည်။ ကဲကဲကတော့ ကြားလိုက်သောစကား ဟုတ်မှဟုတ်ရဲ့ လားဟု ထင်လိုက်မိသည်။
“လာခဲ့၊ အိမ်ထဲ လာကြည့်လှည့်ကြ”
ဦးဘပွားက တံခါးကို ဖွင့်ပေးလေသည်။
“သမီးတို့ လာရမှာလား”
ကဲကဲက နောက်ဘက်သို့ လှည့်ကြည့်ပြီး မယုံမရဲနှင့် မေးသည်။ သူ့စိတ်ထဲတွင် ဦးဘပွားက သူတို့ကို ပြောခြင်း မဟုတ်ဘဲ ကျောဘက်မှ တစ်ဦးဦးကို လှမ်းပြောခြင်းဖြစ်သည်ဟု ထင်နေသည်။
“အေးလေ.....မင်းတို့ကိုခေါ်နေတာပေါ့”
“ဟင်....တကယ်”
ကလေးနှစ်ဦး၏မျက်နှာလေးများသည် ချက်ချင်းပင် ရွှင်ပြီး ဝင်းထိန်သွားသည်။
“တကယ်ပါကွာ”
ဦးဘပွား အတန်ငယ်ပျော့ပျောင်းသောအသံနှင့် ထပ်ပြောသည်။သူ့မျက်နှာက နဂိုနေအတိုင်း ခပ်တင်းတင်းဖြစ်သော်လည်း မျက်လုံးများကမူ ရိပ်ရိပ်ကလေး ပြုံးနေကြသည်။ ရှိသင့်ရှိထိုက်သော ပစ္စည်းတစ်ခုအနေနှင့်သာ ဧည့်ခန်းတွင် ထားခဲ့ခြင်း ဖြစ်သော်လည်း သူ့အတွက် ရုပ်မြင်သံကြားစက်တစ်လုံးသည် အပိုပစ္စည်းလိုဖြစ်နေသည်။သူက ကြော်ငြာတွေ သီချင်းတွေကို စိတ်မဝင်စားသဖြင့် ပြည်တွင်းပြည်ပသတင်းလောက်သာ ဖွင့်ပြီးကြည့်ဖြစ်သည်။ အခုတော့ တိုင်းရေးပြည်ရေးတွေကိုပါ စိတ်မဝင်စားတော့သဖြင့် ပိတ်ထားဖြစ်သည်သာ များတော့သည်။
သည်နေ့မနက်တော့ စိတ်ထဲတွင် လစ်ဟာလွန်းလှသဖြင့် တီဗွီခလုတ်ကိုဖွင့်ပြီး အရှေ့တွင် ထိုင်နေမိခြင်းဖြစ်သည်။ တီဗွီမှအရုပ်တွေ လှုပ်ပြီး အသံတွေကြားနေရသဖြင့် သူ့အနားတွင် အဖော်တစ်ယောက်ယောက် ရှိနေသလို ခံစားရသည်။ သို့သော် သူက အရုပ်တွေကိုလည်းမမြင်၊ အသံတွေကိုလည်းမကြား၊ သူ့စိတ်က ဟိုရောက် သည်ရောက်နှင့် လွင့်ချင်တိုင်း လွင့်နေခဲ့လေသည်။
အတန်ကြာအောင် တငေးတမောထိုင်နေပြီး ပျင်းလာပြန်သဖြင့် တီဗွီပိတ်ရန် ထအလာတွင် အိမ်ထောင့်ဖက်အကွယ်လေးမှ ချောင်းကြည့်နေကြသော ကဲကဲတို့မောင်နှမအား သတိပြုလိုက်မိခြင်းဖြစ်သည်။
“ဘဘကြီး တကယ်ပြောတာနော်”
ကဲကဲက ထပ်မေးသည်။ သူက ခေါင်းကို ညင်သာစွာ ညိတ်ပြလိုက်သည်။
“ကျွန်တော်တို့ ဟို.... အဲ ကိုဦးနဲ့ ကံကောင်းကိုရော ခေါ်လို့ရမလားခင်ဗျ”
ကိုတူးက မရဲတရဲ မေးသည်။ ဝမ်းသာခြင်း၊ စိတ်လှုပ်ရှားခြင်းတို့ကြောင့် သူ့မျက်နှာလေးသည် အနီရောင်ပြေးနေသည်။
“ခေါ်လိုက်ပါကွာ”
“ ဟေး”
ကိုတူးက ဝမ်းသာအားရနှင့် ခပ်အုပ်အုပ်ကလေး အော်သည်။ ကဲကဲကလည်း လက်ခုပ်ကလေးတီးကာ ခုန်ဆွလုပ်နေသည်။ ထို့နောက် အိမ်ပေါ်သို့ ဒရောသောပါး တက်ပြေးသွားကြသည်။ ခဏနေတော့ သူတို့နှင့်အတူ ကံကောင်းကို ခါးတစ်ခွင်ပြီး ချီထားသော ကိုဦးလည်း မယုံမရဲမျက်နှာလေးနှင့် ပါလာလေသည်။
“ဘဘကြီး ကဲကဲတို့ကို တကယ်ခေါ်တာနော်၊ ဟုတ်တယ်နော်၊ ဟောဒီ ကိုဦးက မယုံဘူးတဲ့”
မခံချင်သလို ပြောနေသော ကဲကဲကိုကြည့်ရင်း ဦးဘပွားက မသိမသာ ပြုံးလာသည်။ သူ ခေါင်းညိတ်ပြသည်ကို မြင်တော့ ကိုဦး၏မျက်နှာလေးသည်လည်း ဝင်းပြီးရွှင်သွားသည်။
“သူတို့ကို ဝမ်းသာသွားအောင် ပျော်သွားအောင် ငါလုပ်လိုက်နိုင်ပါလား”
ဝမ်းမြောက်ခြင်း၊ ကျေးဇူးတင်ခြင်းတို့ ယှက်သန်းနေသော မျက်နှာလေးများကို ကြည့်ရင်း ဦးဘပွား၏ အေးအေးစက်စက် နှလုံးသားကြီးသည် နွေးခနဲ ဖြစ်သွားသည်။ သူတစ်ပါးကို ကူညီရခြင်း၊ အလိုဖြည့်ရခြင်းသည် မိမိကိုယ်တိုင်ကိုလည်း မည်မျှစိတ်ချမ်းသာစေကြောင်းကို အခု ရေးရေးမျှ နားလည်ခံစားမိနေပြီး ဖြစ်သည်။
“ကဲ ..ထိုင်ကြ....၊ ကြည့်ကြ”
ကဲကဲတို့မောင်နှမတစ်စုသည် ကုလားထိုင်ပေါ်တွင် ရို့ရို့လေးတွေ ဝင်ထိုင်ကြသည်။ ကံကောင်းက စားပွဲပေါ်မှ ဆေးလိပ်ပြာခွက်ကို လှမ်းဆွဲတော့ ကိုဦးခမျာ ထိတ်ထိတ်ပျာပျာ ဖြစ်သွားသည်။
“ကဲ ကြည့်ကြ ... ကြည့်ကြ၊ ဘဘကြီးတော့ ခဏမှိန်းလိုက်ဦးမယ်”
သူ့ကိုကြောက်နေဟန်ရှိသော ကလေးတစ်သိုက်ကို ဧည့်ခန်းထဲ ထားခဲ့ကာ ဦးဘပွားက အိမ်ခန်းထဲ ဝင်ခဲ့သည်။ ထိုင်ရသည်မှာ ကြာပြီမို့ သူညောင်းနေသည်။ ခေတ္တခဏမျှ ခြေဆန့်လက်ဆန့် အနားယူချင်သောကြောင့် ဖြစ်သည်။
“ပြောမယ့်သာ ပြောရတာ အိပ်လိုတော့ ပျော်မှာမဟုတ်ပါဘူး”
အခါတိုင်း တိတ်တိတ်ဆိတ်ဆိတ်ရှိတုန်းကပင် နေ့ခင်းပိုင်း အိပ်ပျော်သည်မဟုတ်။ လေအေးစက်ဖွင့်ထားသော အခန်းထဲတွင် သက်တောင့်သက်သာ လဲလျောင်းရင်း ဟိုတွေး သည်တွေး တွေးနေတတ်သည်သာဖြစ်သည်။
အခုလို တီဗွီသံတွေ၊ လူသံတွေ ကြားနေရလျှင် ဘယ်နည်းနှင့်မျှ အိပ်ပျော်နိုင်လိမ့်မည်မဟုတ်ဟု ထင်မိသည်။ သို့သော်လည်း အတန်ငယ် ပန်းဟိုက်ဟိုက်ဖြစ်နေသဖြင့် ဦးဘပွားသည် အိပ်ရာပေါ်တွင် လဲလျောင်းရင်း မျက်စိကိုမှိတ်ထားလိုက်သည်။
ကလေးတို့၏ အသံအုပ်ကလေးများနှင့် စကားပြောသံ၊ ရယ်သံများကို ကြားနေရသည်။ သို့သော်လည်း ထိုအသံများသည် သူ့စိတ်ကို ခါတိုင်းလို အနှောင့်အယှက်မဖြစ်စေသဖြင့် ဦးဘပွား အံ့သြနေမိသည်။ အနှောင့်အယှက် မဖြစ်သည့်အပြင် သူ အခါတိုင်း ခံစားနေရမြဲဖြစ်သော အထီးကျန်ဝေဒနာကိုပင် ခေတ္တမျှ မေ့ပျောက်နေမိသည်။ သူ့ဘေးတွင် အဖော်တွေရှိနေသလို ခံစားရပြီး ထူးထူးခြားခြား လုံခြုံနွေးထွေးနေလေသည်။ ခဏနေတော့ သူသည် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားခဲ့လေသည်။
ဆက်ရန်
------------------------
#မစန္ဒာ
0 Comments