#ဗညားရှိန်း
အပိုင်း(၂၀)
မန္တလေးမှ အေး မေမေ အသည်းအသန်ဖြစ်နေသည်ဟု သံကြိုးရ၍ သူဇာနှင့် အေး လိုက်သွားကြသည်။ အေးတို့မသွားခင် ဆေးတိုက်မှာ ရှိန်းကို ဖြူပြာက အကျိုးအကြောင်း သွားပြောတော့ ရှိန်းက ငွေတစ်သိန်း ထုတ်ပေးသည်။
“ဆေးကုဖို့ရော တကယ်လို့ နားရေးဖြစ်ရင် သုံးဖို့ သမီးတို့မေမေ့လက်ထဲ ထည့်လိုက်"
ဖြူပြာသည် ငွေကို လက်ခံရင်း အဖေ့အရိပ်အကဲကို ကြည့်နေသည်။ သူ့စိတ်ထဲမှာတော့ ရှိန်းပါ လိုက်သွားစေချင်သည်။
“ဖေဖေရော အလုပ်က ခဏနားတဲ့သဘောလည်း ဖြစ်တာပေါ့၊ မေမေနဲ့ လိုက်သွားပါလား”
ရှိန်းကလည်း သမီးသဘော သိပါသည်။
“အလုပ်က ပင်ပန်းရင် အပန်းဖြေဖို့ ပင်လယ်ကမ်းခြေတို့ ဘာတို့ သွားရမှာပေါ့၊ အခု မင်းတို့ဘွားဘွားက မမာနေတာ၊ ပြီးတော့ သွားရမှာက မင်းတို့မေမေနဲ့လည်း အတူသွားရမှာ၊ ဖေဖေ ဘယ်လိုလုပ် စိတ်အပန်းဖြေနိုင်မှာလဲ”
ရှိန်းက ခေတ္တရပ်ပြီးမှ စကားဆက်သည်။
“သမီး အားလုံးသိပါတယ်၊ ဖေဖေ့မေမေ နေမကောင်းတော့ အေးဟာ အဖက်လုပ်ပြီး မမာတာလည်း လာမကြည့်၊ သေတော့လည်း မလာ၊ အငြိုးကြီးကြီး ဖေဖေ့ရဲ့ မေမေအပေါ်မှာ သူ ဒီလိုဆက်ဆံတာတော့ ဖေဖေ ဘယ်လိုမှ ခွင့်မလွှတ်နိုင်ဘူး၊ ဝတ္တရားပိုကျေချင်ရင် သမီးပါ လိုက်သွား၊ ဖေဖေတော့ မသွားနိုင်ဘူး။ မငွေရေးကြေးရေး လိုရင် ထပ်တောင်းလို့ သူဇာ့ကို မှာလိုက်”
ဖြူပြာက ဘာမှဆက်မပြောတော့ပါ။ ငွေကိုသာယူ၍ အိမ်ပြန်လာလိုက်သည်။ သူဇာ့လက်ထဲ ငွေထည့်၍ အကျိုးအကြောင်း မှာလိုက်သည်။ အိမ်ကကားနှင့်ပဲ ဒရိုင်ဘာနှင့် ဦးထွန်း အဖော်လုပ်၍ သူဇာတို့သားအမိ လိုက်သွားကြသည်။
မန္တလေးရောက်တော့ ဒေါ်လေးလေးခင် အခြေအနေ မကောင်းပါ။
"မေမေ ဘွားဘွားကို အားရှိအောင် ပြောလိုက်ပါ၊ ဖေဖေက ငွေတစ်သိန်းပေးလိုက်တယ်။ ဘွားဘွားကြိုက်တာ လှူရအောင်လေ”
သူဇာက အေးလက်ထဲကို ငွေတစ်သိန်းထည့်သည်။ အေးက မကိုင်။
“သမီး အဘွားကို ကိုယ့်ဘာသာပေး၊ သူ့ဆန္ဒကိုလည်း မေး၊ သူလုပ်ချင်တာကို လုပ်ပေးလိုက်”
သူဇာမှာ စိတ်ပျက်သွားသည်။ မေမေသည် သူ့မိခင်အနား ထိုင်၍ စီးကရက် တစ်လိပ်ပြီးတစ်လိပ်သာ ဖွာနေသည်။ ဒေါ်လေး လေးခင်က တီးတိုးပြောသည်။
“အေး စီးကရက်သောက်လှချည်လား၊ မေမေ အနံ့မခံနိုင်ဘူး”
ဒီတော့လည်း အေးသည် စီးကရက်ဘူးကြီးယူကာ အခန်းအပြင် ထွက်သောက်သည်။ အဖေဖြစ်သူ ဦးစန်းမောင်နှင့်လည်း ဟဟမပြောပါ။
"မသူဇာ… မင်းတို့မေမေ ရန်ကုန်မှာနေလည်း ဒီလိုပဲလား၊ အရင်က စီးကရက် မသောက်တတ်ပါဘူး"
သူဇာသည် ဘိုးအေကို ဘာပြန်ပြောရမှန်းမသိ။ ရှိန်းနှင့် အေး အခြေအနေကို ဖွင့်ဟပြောလိုက်ရင် ကောင်းမည်လား၊ ဘွားဘွားအခြေအနေက ဆိုးဝါးနေချိန် မေမေ့အကြောင်းကို သိရလျှင် သူ့ဘိုးအေ ပို၍စိတ်ဆင်းရဲမည်ဖြစ်သည်။
“သူ့သား သီဟရှိန်း သေပြီးကတည်းက မေမေက စိတ်ညစ်တယ်ဆိုပြီး စီးကရက်သောက်တာ ဘိုးဘိုး။ အခု မောင်လေး အာကာတို့၊ ဝဏ္ဏတို့ ဆေးစွဲနေတော့ မေမေ ပိုစိတ်ညစ်တာပါ”
"ခက်တာပါပဲ”
ဦးစန်းမောင်က ညည်းလိုက်သည်။
"ဘွားဘွားကိုပဲ မေးရမလား၊ ဘိုးဘိုးကပဲ စီစဉ်မလား၊ ဘွားဘွား ဆေးကုဖို့ရော ဘွားဘွား လှူချင်တာတွေ လှူရအောင် ဖေဖေက ငွေတစ်သိန်းပေးလိုက်တယ်”
ဦးစန်းမောင်သည် အံ့အားသင့်သွားပုံရသည်။
"အေးကွယ် .…. မင်းတို့အဖေ ရှိန်းကို ဘိုးဘိုးက ကျေးဇူး တင်တယ်လို့ ပြောပြပါ၊ ဆေးဖိုးကတော့ သိတဲ့အတိုင်းပဲ၊ အလွန်ကုန်နေတုန်း ခုလို သူပေးတာသိရရင် မင်းဘွားဘွားလည်း အားတက်မှာ၊ ကဲ လာ သူ အလှူ ဘာလုပ်ချင်လဲ သွားမေးရအောင်"
မြေးအဘိုးနှစ်ယောက် ဒေါ်လေးလေးခင်အနား ရောက်သွားကြသည်။ ဦးစန်းမောင်က ရှိန်း ငွေပေးလိုက်သည်ကို ပြောပြ၍ ဘာလှူချင်သည်ကိုလည်း ဒေါ်လေးလေးခင် ဆန္ဒကို မေးသည်။
“ဘွားဘွား သက်စေ့ သံဃာတွေ ဆွမ်းကျွေးပြီး သင်္ကန်းလှူပေးပါ”
ဒေါ်လေးလေးခင်က ဒါပဲပြောသည်။ အဘွားကြီး အသက် ရှစ်ဆယ့်တစ်နှစ်ရှိပြီဖြစ်၍ စည်ရှင်ကျောင်းတိုက်သွား? သံဃာအပါး ရှစ်ဆယ့်တစ်ပါးကို ဆွမ်းကပ်ရသည်။ အေးက မလိုက်?၍ သူဇာနှင့် ဦးစန်းမောင်ပဲ သွားရသည်။
သူဇာသည် လူကြီးလေးတစ်ယောက်လို လုပ်နေရသည်။ ရန်ကုန်ကိုလည်း ဖုန်းလှမ်းဆက်ရသည်။ ရှိန်းနှင့် တိုက်ရိုက်ပြောပါရစေဆို၍ ရှိန်းက ပြောသည်။
“ဖေဖေ သူဇာပါ၊ ဘိုးဘိုးတို့မှာလေ သိပ်ပိုက်ဆံရှိပုံမရဘူး၊ ဆေးဖိုးပဲ ဟိုနေ့က ချေနေတာ ငါးသောင်းကျော်တယ်”
“တချို့ဆေးတွေ ဘာလိုလဲ၊ ဖေဖေတို့ဆေးတိုက်က ပို့ပေးမယ်"
“မလိုဘူး ဖေဖေ၊ ဘိုးဘိုးနဲ့ ဆရာဝန်ပြောတော့ ဘွားဘွား အခြေအနေက တစ်ပတ်ပဲ ခံမှာတဲ့၊ ဟိုနေ့က ဘွားဘွားအတွက် စည်ရှင် ဝိသုဒ္ဓါရုံတိုက်မှာ သံဃာသက်စေ့ ဆွမ်းကျွေးပြီး သင်္ကန်းလှူတယ်၊ သမီးပြောချင်တာက ဘိုးဘိုးလက်ထဲ ငွေသိပ်ကျန်မှာမဟုတ်ဘူး၊ ဘွားဘွားဆုံးရင် သုံးဖို့ ဖေဖေ ငွေထပ်ပို့လိုက်ပါ”
"အေး ...အေး ... ပို့လိုက်မယ်"
ရှိန်းသည် နောက်နေ့မှာ ဖြူပြာကိုပြော၍ ငွေတစ်သိန်း ထပ်မံပို့လိုက်ပါသည်။
ဘွားဘွားကို သူဇာက ဖေဖေ့ထံက ငွေထပ်မံရောက်ရှိလာတာတွေကို ပြောပြသည်။ မျက်လုံးလေးမှာ ဝမ်းသာသည့် အရိပ်အရောင်သာ ပြ၍ ဘွားဘွားက မလှုပ်ရှားနိုင်တော့ပါ။
သာဓုဆိုသော စကားလုံးကိုပင် တီးတိုးရေရွတ်သည်။ ဘွားဘွားဆုံးသည့်နေ့က သူဇာပင် မနေနိုင်။ ဝမ်းနည်းပန်းနည်း ရှိုက်ကြီးတငင် ငိုမိသည်။
အေးကတော့ မငို၊ ကြောင်တောင်တောင်ကြီး ကြည့်နေသည်။ သူ့မေမေမျက်နှာသည် ပါးလျား၍ ဖြူနုနေသည်။ တစ်စုံတစ်ရာသော အရိပ်အရောင်ကို မမြင်ရ၊ သူ့ဇာတ်ထုပ်များကိုလည်း မေမေ ဘာမှသိပုံမရ၊ သိအောင်လည်း ဆုံးခါနီးအချိန်မှာ အေးက ဘာကိုမှ မပြောလိုပါ။ ဧည့်သည်များ လာသည်ကိုလည်း ဧည့်မခံပါ။
ရက်လည်ဆွမ်းအမီ ဖြူပြာ လိုက်လာသည်။ ရက်လည်ဆွမ်းကျွေးပြီးတော့ ဘိုးဘိုးက သူတို့ညီအစ်မကို မေးသည်။
”ရှိန်း အရက်တွေဘာတွေ သောက်သေးလား"
ဘိုးဘိုးလည်း ဖေဖေ့သတင်းများကို သိဟန်တူပါသည်။
“အရင်လို မသောက်တော့ဘူး ဘိုးဘိုးရဲ့၊ ရှိန်း ဆေးတိုက် ဖွင့်ပြီးမှ အသောက်လျော့သွားတယ်၊ ဘိုးဘိုး စိတ်ပြေလက်ပျောက် ရန်ကုန် လိုက်ခဲ့ပါလား"
ဦးစန်းမောင်က တွေးနေသည်။
“ဘိုးဘိုးကြားတော့ ရှိန်းက ဆေးခန်းမှာ ပြောင်းနေတယ်ဆို"
“ဟုတ်ပါတယ်”
ညီအစ်မနှစ်ယောက်စလုံး တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ ဖြေလိုက်သည်။
“ဒီအကြောင်းတွေ မလေးခင် မသေခင်က အားလုံးကြားတယ်၊ ဘိုးဘိုး နောက်မှပဲ အေးအေးဆေးဆေး လာပါ့မယ်၊ ရန်ကုန် ရောက်ရင်သာ မင်းတို့အမေကို ဂရုစိုက်၊ ဒီလို စီးကရက်သောက်ပုံနဲ့ သက်တမ်းရှည်မှာမဟုတ်ဘူး"
သူတို့ညီအစ်မနှစ်ယောက် ဘာမှမပြောပြတော့ပါ။ ရက်လည်ဆွမ်းကျွေးပြီး နောက်တစ်ပတ်မှာ သားအမိသုံးယောက် ရန်ကုန်ပြန်ခဲ့ကြသည်။
* * *
“ရှိန်း Pass port လျှောက်ဖို့ စီစဉ်ထားတယ်၊ ယူကေ သွားစရာ ရှိတယ်၊ စူပါမားကက်ကိစ္စအတွက်ပဲ၊ မလေး သမီးတို့နဲ့ ဆေးတိုက်မှာ ဖြစ်ပါတယ်နော်"
ရှိန်းက မလေးနု စားပွဲရှေ့မှာ ထိုင်ပြောနေသည်။ မလေးနု စဉ်းစားနေရာမှ မေးလိုက်သည်။
"ဘယ်လောက်ကြာမှာလဲ ရှိန်း"
“ခြောက်လလောက်ကြာမယ်”
“သမီးတွေက အေးပါတယ်၊ ဆိုနိုင်ခက်ခဲတဲ့ ပုံစံမျိုး မဟုတ်ပါဘူး၊ ရှိန်း ခုလို နိုင်ငံခြားသွားတဲ့အခါ သားတစ်ယောက်ယောက်ကို အလှည့်ကျခေါ်သွားပါလား”
“ဘာလုပ်ဖို့၊ သူတို့က ကုန်သွယ်ရေးလုပ်ငန်း ဘာနားလည်တာလိုက်လို့"
"ချက်ချင်းလုပ်ခိုင်းဖို့ မဟုတ်ပါဘူး၊ ရှိန်းနဲ့အတူ သားတစ်ယောက်ခေါ်သွားပြီး ဟိုမှာ လူငယ်တွေဟာ ဆယ့်ရှစ်နှစ်အရွယ်ကျော်တယ်ဆို ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်ပြီး ကိုယ့်ဝမ်းစာ ရှာစားရတယ်ဆိုတာ သိအောင်လို့ပါ၊ ဒီမှာက မိဘအရိပ်ကိုပဲ ခိုပြီး သူတို့ အသက်နှစ်ဆယ်နီးလာပြီ၊ ဆယ်တန်းတောင် မအောင်ကြသေးဘူးလေ၊ ဒီအတိုင်းသွားလို့လည်း မဖြစ်သေးဘူး”
ရှိန်းက မလေးနုပြောသည်ကို စဉ်းစားနေသည်။
"မြန်မာပြည်ရဲ့ ဓလေ့ထုံးစံက မိဘက ရင်အုပ်မကွာ ပြုစုကြတာ အိမ်ထောင်ခွဲသွားတဲ့အထိပဲ၊ ကောင်းတော့ ကောင်းပါတယ်၊ နားမလည်တဲ့ လူငယ်တွေအတွက် ရေသာခိုစိတ် မွေးပေးသလိုဖြစ်နေတယ်၊ မိဘရဲ့စေတနာကို နားမလည်ဘူး၊ အစွမ်းအစ မထုတ်တော့ဘဲ ထိုင်စားနေချင်တယ်၊ နိုင်ငံခြားမှာ လူငယ်တွေ ဘယ်လိုလုပ်ကိုင် ရှာဖွေစားသောက်ရတယ်ဆိုတာ အဲဒီလို လူငယ်မျိုးတွေ သိစေချင်တယ်၊ ဂျပန်သွားတဲ့ လူငယ်တွေလည်း သိန်းချီရလို့သာ၊ ဒီမှာ အိပ်ကောင်းချိန် သန်းခေါင်လွဲအထိ ဟိုမှာ ပန်းကန်ဆေးအလုပ် လုပ်ရတယ်၊ မလေးရှားမှာဆို လူတန်းစေ့မနေရဘဲ ပင်ပင်ပန်းပန်းလုပ်ရတယ်ဆိုတာ ရှိန်းသားတွေ သိစေချင်တယ်၊ သူတို့ကြည့်ရတာ အချိန်တွေ နှမြောလိုက်တာ၊ ဒီလိုထားရင် သီဟရှိန်းလို ဘဝဆုံးမှာပေါ့၊ အခုပဲ အာကာရှိန်းက ရဲဘက်ရောက်နေပြီ"
"ဟုတ်ပြီလေ၊ ဒါ့ကြောင့် ဝဏ္ဏကို ခေါ်သွားမယ်၊ ဒီနေ့ Pass port နိုင်ငံကူးလက်မှတ်အတွက် လက်မှတ်ထိုးစရာတွေ ထိုးဖို့ ခေါ်ရဦးမယ်၊ သမီးတို့ကို သွားတွေ့ဦးမယ်”
ရှိန်းက မလေးအခန်းမှထွက်ကာ ဖြူပြာနှင့် မူရာကို သွားတွေ့သည်။ သမီးများ အလုပ်အခက်အခဲ ရှိမရှိ မေးပြီး ကားကုမ္မဏီဘက် ထွက်ခဲ့သည်။ ကုမ္ပဏီရောက်မှ အိမ်ကို ဖုန်းလှမ်းဆက်လိုက်သည်။
အိမ်မှာ အေးတစ်ယောက်ပဲ ဖုန်းကိုင်မည့်သူ ရှိသည်။ အေးသည် ရှိန်းအသံမှန်း သိသည်။
"ဝဏ္ဏ မရှိဘူး"
“ဘယ်သွားလဲ”
“မြရည်ဦးဆီလေ၊ သိတယ်မို့လား"
"ဘာ... မြရည်ဦး"
“ဟုတ်ပါ့ ... ရှင့်ရဲ့ မယားငယ်ဆီသွားတယ်”
အေးက တယ်လီဖုန်းကို ဆောင့်ချလိုက်သည်။ ရှိန်းကလည်း ဖုန်းကိုကိုင်ကြည့်ရင်း ကြက်သေသေ ငိုင်နေသည်။ ဝဏ္ဏ ခြေလှမ်းပျက်နေသည်ကို သူ မသိရပါလား။ မြရည်ဦးထံ သားဝဏ္ဏ ရောက်၍နေပါပကော။ တစ်ခါက သူသည် မြရည်ဦးကို အစွဲကြီးစွဲခဲ့သည်။ ပျားရည်အိုင်ဟိုတယ်မှာ မြရည်ဦးကို တွေ့စက အညုဆုံး၊ အခရာဆုံး အဆိုကျော်အဖြစ် သူက ပန်းကုံးစွပ်ခဲ့ရသည်မှာ ခဏခဏ။ လက်ဆွဲနှုတ်ဆက်စဉ်မှာလည်း မြရည်ဦးလက်ကို မလွှတ်ဘဲ ဆွဲထား၍ ရွှေပွဲလာပရိသတ်က ဝိုင်းဟားကြသည်။ မူးရူးနေသော သူက ဘာမှမသိ၊ ရှက်ရမှန်းမသိ ဆိုလျှင် ပိုမှန်မည်။ အရှိန်လွန်လာသည့်အခါတွင် မြရည်ဦးနှင့် စင်မြင့်ပေါ်မှာ နှစ်ပါးသွားသီချင်းဆိုကာ တွဲကခဲ့သေးသည်။
နောက်တော့ မြရည်ဦးကို ပျားရည်အိုင်ဟိုတယ်တွင်မက ကြိုက်ရာနေရာမှာ ချိန်းတွေ့ခဲ့သည်။ မြရည်ဦးကို တစ်သက်မမေ့ဆိုသော စကားများက သူ့လက်သုံးစကား။ မြရည်ဦး၏ စုံစုံထူထူ၊ နှင်းဆီငုံလို နှုတ်ခမ်းကို သူ စုပ်ယူနမ်းခဲ့သည်ကိုလည်း သူ ဂုဏ်ယူ၍ ပျားရည်အိုင်ပရိသတ်ကို ပြောနေကျ။ ဟိုတယ်အတွင်းမှာပဲ မြရည်ဦးအမည်ကို တမ်းတမ်းတတခေါ်၍ မြရည်ဦး သီချင်းဆိုနေစဉ် ဣန္ဒြေပျက်လောင်အောင် သူသောင်းကျန်းလွန်း၍ သူငယ်ချင်းက ဆွဲထုတ်ခဲ့ရသည်။
ဒီတုန်းကလည်း နွားသိုးကြိုးပြတ်ပါပဲ။ အခုတော့ သူ့ကို မြရည်ဦးကပဲ စိတ်ကုန်လေသလား၊ သူကပဲ စိတ်မလာလေသလားမသိ၊ ပျားရည်အိုင်ကို မရောက်မိ။
ယခုအချိန်မှာ မြရည်ဦး သီချင်းဆိုချိန်မဟုတ် ပျားရည်အိုင်မှာ မရှိနိုင်၊ နေ့ခင်းဖြစ်၍ အိမ်မှာပဲ ရှိရမည်။ မြရည်ဦးကတော့ သူ မလာလည်း တခြားလူနှင့် တွဲနေကျ။
ယခုပဲ သူ့နေရာမှာ သား ဝဏ္ဏကို အစားထိုးနေပေမည်။ ဒီလိုကျတော့လည်း ဝဏ္ဏကို မြရည်ဦး၏သားကောင် အဖြစ်မခံနိုင်ပါ။ သားအတွက် သူ စိုးရိမ်သွားသည်။ သူ့မန်နေဂျာကို ခေါ်လိုက်၏။
"ကျွန်တော် နိုင်ငံကူးလက်မှတ်နဲ့အတူ သားအတွက်လည်း ထည့်လုပ်မယ်၊ လိုအပ်တာတွေဖြည့်ဖို့ ကျွန်တော့်သားကို သွားခေါ် လိုက်ဦးမယ်"
သူသည် မန်နေဂျာကို မှာခဲ့ကာ မြရည်ဦးတို့အိမ်ရှိရာ ကမ္ဘာအေးဘုရားလမ်းသို့ လာခဲ့သည်။ အိမ်ရောက်တော့ မြရည်ဦးအစ်ကို ဆိုသူက ဆီးကြိုသည်။
"အန်ကယ်ရှိန်း မလာတာ ကြာပြီ၊ ထိုင်ပါဦး"
မြရည်ဦး အစ်ကိုဆိုသူ၏ မျက်နှာပေးကို သူက မကြိုက်၊ မြရည်ဦးအတွက် အစ်ကိုဆိုသူက များသား။
"ရှိပါတယ် အန်ကယ်ကြီးရဲ့၊ မီးမီးနဲ့ တွေ့နေတယ်”
သူ့အစ်ကို ပြောသလိုပါပဲ။ မြရည်ဦးက သူ့သမီးလောက်ပဲ ရှိသည်။
“မြရည်ဦးနဲ့ ခဏလောက်တွေ့ချင်တယ်”
“ကျွန်တော် သွားခေါ်လိုက်ပါဦးမယ်”
သူ့အစ်ကို အိမ်ခန်းထဲသွားပြီး မကြာခင် မြရည်ဦးက ကပိုကရိုဟန်နှင့် ဧည့်ခန်းမှာ ပေါ်လာသည်။
“အန်ကယ်ကြီးကို၊ မီးမီးက ဘယ်သူလဲလို့၊ အန်ကယ်ကြီးတို့များ နေနိုင်လိုက်တာ၊ မီးမီးဆီ မလာတာကြာပြီ၊ ဘယ်ကိုခြေဦးလှည့်နေလဲ”
မြရည်ဦးသည် သူ့ထုံးစံအတိုင်း ခပ်ညုညုလေးပြောကာ ရှိန်းဘေးမှာ ပူးကပ်ထိုင်လိုက်သည်။
“ကဲ .. မွှေးမွှေးလိုချင်သေးလား"
ယခင်က တွေ့နေကျ ထုံးစံအတိုင်း ရှိန်းကို ပါးချင်းအပ်ကာ နှုတ်ဆက်လိုက်သည်။
"ဝဏ္ဏကိုတွေ့ချင်လို့လာတာ၊ မြရည်ဦး ကိုယ့်သားကိုမဖျက်ဆီးပါနဲ့"
"ဟား... ဟား... အန်ကယ်ကြီးသားက နဂိုကတည်းက အပျက်ပါ၊ အန်ကယ်ကြီးကလည်း အမူအရာတွေပြောင်းလို့၊ ဘယ်လိုဖြစ်တာလဲ၊ မီးမီး အံ့ဩလိုက်တာ၊ မီးမီးတို့က ယောက်ျားတွေကို မဖျက်ဆီးပါဘူး၊ မီးမီးတို့ကိုသာ အန်ကယ်ကြီးတို့ ယောက်ျားတွေက ဖျက်ဆီးတာ"
“မင်းကို ငါ ဖျက်ဆီးတာ မဟုတ်ဘူး၊ မင်း ထည်လဲတွဲပြီးမှ ငါ့လက်ထဲ ရောက်လာတာပါ၊ ကဲ... အခု ဝဏ္ဏကိုခေါ်ပေးပါ၊ ငါ့သားက ငယ်သေးတယ်”
"ဘယ့်နှယ့် ငယ်သေးတယ်လဲ”
ဝဏ္ဏက စကားပြောရင်း ဧည့်ခန်းထဲ ဝင်လာသည်။
"ဖေဖေ့လို အန်ကယ်ကြီးအရွယ်နဲ့ အန်ကယ်နဲ့ မီးမီး ဇာတ်လမ်းခင်းရတာ အဘိုးကြီးစော်နံလို့တဲ့။ မြက ကျွန်တော်တို့လို နုနုထွတ်ထွတ်ဘက် လှည့်တာ ဆန်းလို့လား ဖေဖေ "
မခိုးမခန့်ပြောလိုက်သော ဝဏ္ဏ စကားသံကြောင့် ရှိန်းက ဒေါသထွက်လာသည်။
ဝဏ္ဏအပြောက ပိုဆိုးလာသည်ကို ရှိန်းက မခံမရပ်နိုင်ဖြစ်ကာ ခုန်ထသွား၍ ဝဏ္ဏကို ဆွဲထိုးလိုက်သည်။ ဆေးသမား လူပျော့ဖြစ်၍ ရှိန်း လက်သီးဒဏ်မခံနိုင်ဘဲ လဲကျအသွားတွင် ဧည့်ခန်းအလယ် စားပွဲခုံစွန်းနှင့် ခေါင်းထိကာ သွေးတွေ ဖြာကျလာသည်။ မြရည်ဦးက ဝဏ္ဏရှိန်းထံ ပြေးသွား၍ ပွေ့ထူလိုက်သည်။ ရုန်းရင်းဆန်ခတ်ဖြစ်နေဆဲ အစ်ကိုဖြစ်သူ ဝင်လာသည်။
“ဘယ်လိုဖြစ်ကြတာလဲ လူကြီးလူကောင်းရဲ့"
ရှိန်းသည် စားမတတ် ဝါးမတတ် မျက်လုံးများနှင့် ထိုသူကို ကြည့်လိုက်သည်။
အိမ်ထဲဝင်ပြီး မီးမီးနဲ့ အန်ကယ်ကြီးတို့ အရင်က နှစ်ပါးသွားတဲ့ဇာတ်လမ်း၊ ဓာတ်ပုံတွေ သွားယူတာ၊ ဒီမှာ ကြည့်ပါဦး"
ရှိန်းနားကို တိုးကပ်ကာ ဓာတ်ပုံတွေကို ထိုးပြလိုက်သည်။ ရှိန်း မြရည်ဦးဆီ ဝင်ထွက်စဉ်က နှစ်ပါးသွားခဲ့သော အပြာဇာတ်လမ်းဓာတ်ပုံများ။
"မင်းက ဒါ ဘာလုပ်မလို့လဲ”
"အန်ကယ်ကြီးကို အရေးယူမလို့ အန်ကယ်ကြီးရဲ့၊ မီးမီးက ကျွန်တော့်မိန်းမလေ၊ ကျွန်တော့်လက်ထပ်မယား၊ လက်ထပ်စာချုပ် ရှိတယ်။ ဒီတော့ အန်ကယ်ကြီးကို မယားခိုးမှုနဲ့ စွဲရမယ်၊ ဟဲ... ဟဲ... ကျွန်တော်နဲ့ယှဉ်ပြီး တရားရုံး တက်ရဲပါသလား လူကြီးမင်းရဲ့"
ရှိန်း နားလည်လိုက်ပါပြီ။ သူ့ကို ငွေညှစ်နေပြီဆိုသည်ကို။ အခုတော့ အစ်ကိုဆိုသူ၏ ထောင်ချောက်ကို သူဝင်တိုးမိခြင်းဖြစ်သည်။ ရှိန်း သားကိုလှမ်းကြည့်လိုက်တော့ သွေးများက မြင်မကောင်း။
“မင်း ဘယ်လောက်လိုချင်လဲ၊ အဲဒီ ဓာတ်ပုံရော ဖလင်ရော ပေး။ မင်း သဘောတူလို့ မြရည်ဦးကို ငါနဲ့လွှတ်ပေးတာပါ ဆိုတာ လက်မှတ်ထိုးရင် ငါ ငွေပေးမယ်”
"ထိုးမယ်၊ နှစ်သိန်းနော်၊ နှစ်သိန်းပေးရမယ်၊ ဘယ်လာယူရမလဲ”
“ငါ မင်းဆီ လူလွှတ်ပေးမယ်၊ အခု အမြန်ဆုံး ဝဏ္ဏကို ကားပေါ်တင်ပေး"
မြရည်ဦးပါ ဝင်ကူမ၍ ဝဏ္ဏရှိန်းကို ကားပေါ်တင်ပေးလိုက်သည်။ ရှိန်းသည် ဆေးတိုက်ရှိရာ ကားမောင်းသွား၍ သားကို တင်ခဲ့သည်။
မလေးနုရော တင်သက်မာပါ သက်ဆိုင်ရာဆရာဝန်နှင့် တွေ့ပေးပြီး ခေါင်းမှဒဏ်ရာကို ချုပ်လိုက်ကြရသည်။ ပြီးမှ အခန်းထဲ ရွှေ့ထားကြသည်။ ဘယ်လိုဖြစ်လာသည်ကို ဘယ်သူမှ မသိကြပေ။ မကြာခင် ဖြူပြာနှင့် သူဇာတို့ပါ ဝဏ္ဏအနား ရောက်လာသည်။ မလေးနု နှုတ်ဆက်ကာ သူ့အခန်းသူ ပြန်လာသည်။ ညဉ့်ရောက်မှ ရှိန်းသည် မလေးနုကို ခေါ်တွေ့သည်။ သူနှင့် ဝဏ္ဏဖြစ်ခဲ့သည့်အကြောင်းတွေ အားလုံး ပြောပြလိုက်သည်။ မလေးကတော့ တစ်လုံးမှ ပြန်မပြောချင်တော့။ ရှိန်းဇာတ်ထုပ်က သူသိသည်ထက် ပို၍ရှုပ်ပါကလား။
အပိုင်း(၂၁)ဆက်ရန်
----------------------
#ခင်နှင်းယု
0 Comments