ဘဝအိပ်မက် ပန်းအိပ်မက် - မစန္ဒာ (အပိုင်း ၁၄)

#ဘဝအိပ်မက် ပန်းအိပ်မက်

အပိုင်း (၁၄)

ဦးထင်၏ အမျှဝေသံကြားတော့ ဒေါ်ရွှေနု တော်တော် အံ့ဩသွားသည်။

“ကြံကြံရယ်မှစည်စည်၊ သူ့မှာ ဘာကုသိုလ်များ အမျှဝေစရာရှိလို့လဲ၊ ကုသိုလ်ကောင်းမှုကို အမျှဝေတာ မဟုတ်ဘဲ သူရာမေရိယ အကုသိုလ်တွေကို အမျှဝေနေတာဆိုရင်တော့ ဒုက္ခ”

စိတ်ထဲမှ မလိုတမာ တွေးလိုက်မိ၍ ဒေါ်ရွှေနုခမျာ ရွတ်လက်စ ဓမ္မစကြာပင် ထစ်ထစ်အငေါ့ငေါ့ ဖြစ်သွားသည်။ ဦးထင်လို အမူးသမားကြီးက သူ့ထက်အလျင် အမျှဝေသွားတော့ အတော်ကလေး ကသိကအောက် ဖြစ်သွားသည်ကတော့ အမှန်ပင်။

“အို ဘာပဲဖြစ်ဖြစ် သူက ငါ့လို ရွတ်တတ် ဖတ်တတ်လို့လား"

ဒေါ်ရွှေနုက ရင်ထဲမှ အတွေးကို ဖျောက်လိုက်သည်။ ထို့နောက် အနတ္တလက္ခဏာသုတ်ကို အသံသာသာယာယာနှင့် (သူ့ကိုယ်သူ ထင်ခြင်းဖြစ်သည်။) ဆက်၍ ရွတ်သည်။

“မေမေ”

ကဲကဲက သူ့မိခင်ကို အိပ်ရင်းမှ ယောင်ယမ်းပြီး ခေါ်နေသည်။ 

“အန်တီမွှေးရှိတယ်၊ ကဲကဲရေ အိပ် အိပ်နော်” ဟုပြောသော မမွှေးကြူ၏အသံနှင့်အတူ တဖျတ်ဖျတ် ပုတ်ပေးနေသော အသံကိုပါ ကြားရသည်။

“အင်း ငါ့သမီးအပျိုကြီးလဲ ကံကောင်းကို ချစ်ရ၊ ကဲကဲတို့ မောင်နှမကို ချစ်ရနဲ့ သူများကလေးတွေကို ချစ်ရင်းပဲ အချိန်ကုန်တော့မယ်ထင်ပါရဲ့၊ ဒီတစ်သက်တော့ အိမ်ထောင်ပြုဖြစ်တော့မှာ မဟုတ်ပါဘူး”

အလွတ်ရနေသည့်အတွက်သာ နှုတ်မှ အရှိန်ကောင်းကောင်းနှင့် အဆက်မပြတ် ရွတ်နေသော်လည်း စိတ်ကတော့ ပျံ့ပြီးလွင့်ထွက်သွားပြန်သည်။

“အင်း အပေါ်ထပ်က လူပျိုကြီးကတော့ ငါ့သမီးကို စိတ်ဝင်စားပုံပဲ၊ ဒါပေမယ့် အူတူတူ အတတနိုင်တာက ခက်လှတယ်”

မမွှေးကြူလေးစားချင်နေတာ ကြာလှပြီ ဟူသော အသံကို ပြန်လည်ကြားယောင်ရင်း ဒေါ်ရွှေနုက ရယ်ချင်သွားသည်။ 

“တစ်ခါမှားတာဆို တော်သေး၊ အခုတော့ ဘသားချောက နောက်တခါ ဆက်လိုက်သေးတယ်၊ ကျွန်တော်လေ မမွှေးကြူလေးကို အရမ်းစားချင်နေလို့ မှားပြီး ပြောမိတာပါ ငါးပိရယ်တဲ့ ဟီ ဟိ”

ဘုရားရှိခိုးနေသော ဒေါ်ရွှေနု၏မျက်နှာသည် ပြုံးစိစိဖြစ်သွားသည်။ ရှက်ရွံ့အားနာစွာ အိုးတိုးအန်းတန်းဖြစ်နေသော ကိုကောင်းထက်၏ ခရမ်းချဉ်သီးမှည့်ရောင် မျက်နှာကြီးကို အခုပြန်တွေးကြည့်လျှင် အခု ရယ်ချင်သေးသည်။ မျက်နှာနားတွင် ခြင်တွေ တဝီဝီဝဲလာတော့ ဒေါ်ရွှေနုသည် မှိတ်ထားသောမျက်စိကို မသိမသာဖွင့်ကာ ခြင်ဆေးခွေကို လှမ်းကြည့်သည်။ မီးညှိထားသော ခြင်ဆေးခွေက ဘယ်အချိန်က ငြိမ်းနေသည် မသိ။ ခြင်ဖို၊ ခြင်မ၊ ခြင်ပိစိကွေးတို့က ခြင်ဆေးခွေကို ပတ်ကာ စိမ်ပြေးတမ်း ကစားနေကြသည်။

“ဒီခြင်ဆေးခွေကလဲ ထွန်းလိုက်ရင်း ငြိမ်းလိုက်ရင်း တကယ့်ကို ထွန်းငြိမ်း ခြင်ဆေးခွေပါပဲတော်”

လက်အုပ်ချီထားသော လက်တစ်ဖက်ကို အသာဖြုတ်ကာ ယောဂီတဘက်ကလေး ယမ်းပြီး ခြင်ခြောက်သည်။ လေထက်လည်းကောင်း၊ အလင်းနှုန်းထက်လည်းကောင်း၊ အဆပေါင်းများစွာ လျင်မြန်သောစိတ်က ကိုကောင်းထက်ဆီမှ ခြင်ဆေးခွေ၊ ထို့နောက် ခြင်ဆေးခွေဆီမှ မခင်လှ၏မိခင်ကြီးဆီသို့ ချက်ချင်းရောက်သွားသည်။

မခင်လှ၏ မိခင်ကြီးသည် ခြင်ဆေးခွေကို ခြင်ဆေးခွေဟုပင် မခေါ်။

“ခြင်တွေကလဲ နေ့ခင်းတောင်မှ မနည်းပါလား၊ ကိုထွန်းငြိမ်းကလေး မထွန်းထားဘူးလား”ဟု ပြောတော့ ဘာပြောမှန်း သူချက်ချင်းပင် နားမလည်ခဲ့ပေ။ ထို့နောက် ခြင်ဆေးကိုပြောမှန်းသိပြီး “ဟုတ်ပါရဲ့ တော်” ဟု ထောက်ခံကာ ရယ်ခဲ့ရသည်။

"အင်း ခုတော့ သူ့ခမျာ သေရှာပြီ၊ ဒီအိမ်လာတုန်းက ငါနဲ့အတူတူ ဟောဟိုနားမှာ ထိုင်ပြီး စကားတွေပြောလိုက်ကြတာ”

စင်စစ် သူကချည်းသာ ပြောခဲ့ခြင်းဖြစ်ပြီး ဟိုက နားထောင်သမားသက်သက်ဖြစ်သည်ကို သူမေ့နေသည်။ သူပြောသမျှ သတင်းပလင်းပေါင်းစုံကို ခေါင်းလေးတညိတ်ညိတ်နှင့် မညည်းမညူ နားထောင်တတ်သူဖြစ်၍ သူက ငယ်ပေါင်းကြီးဖော်လို နှစ်နှစ်ကာက ခင်မင်သွားခဲ့မိသည်။

“သူလာတုန်းက ဟောဟိုနားမှာ ပုံ့ပုံ့ကြီးထိုင်ပြီး လက်ဖက်တမြုံ့မြုံ့စားနေတာ အခုတော့ အခုတော့” 

ဇာပဝါပါးပါးလွှမ်းကာ ပက်လက်ကြီးဖြစ်နေမည့် ရုပ်ခန္ဓာကြီးကို တွေးပြီး မြင်ယောင်မိရင်း ဒေါ်ရွှေနု၏ကျောထဲတွင် စိမ့်သွားသည်။ 

“အခုတော့ အဲဒီခန္ဓာကိုယ်ကြီးကို မြေကျင်းထဲထည့်ပြီး မြှုပ်ပစ်တော့မယ်”

ခေါင်းတလားပေါ်သို့ မြေစိုင်မြေခဲများ ကျသံကို ကြားယောင်လာမိပြန်သည်။ ဘုရားမသိဘူးဆိုဆို၊ တရားမရှိဘူးဆိုဆို၊ ဆိုချင်သလို ဆိုပေတော့၊ ထိုအသံကို ဒေါ်ရွှေနုကြောက်သည်။ အသုဘတွင် ခွမ်းကနဲ ချခွဲလေ့ရှိသော ရေအိုးခွဲသံကို ကြောက်သည်။ မီးသင်္ဂြိုဟ်စက် တံခါးကြီးကို “ဂျိမ်း” ခနဲ ပိတ်လိုက်သောအသံကိုလည်း ကြောက်လေသည်။

“ကြောက်...ကြောက်.....အမျှ....အမျှ....အဲ ... အဲ ယောင်လို့.....ကြား....ကြား...သမျှ.....သမျှ....အမျှ.. အမျှ.... အမျှ....ယူတော်မူကြ..."

ဒေါ်ရွှေနုသည် ရွတ်ရိုးရွတ်စဉ် အမျှဝေခြင်းကိစ္စကို ခါတိုင်းလို မပြီးလိုက်ဘဲ မခင်လှ၏မိခင်ကြီးကိုပါ အာရုံပြုပြီး အမည်ကိုခေါ် အမျှတပ်စေသည်။ အမျှဝေအပြီး ဦးသုံးကြိမ်ချပြီးသောအခါတွင်ကား ဒေါ်ရွှေနု မနေနိုင်တော့။ သူ့နှာခေါင်းနားတွင် ပတ်ချာလှည့်ပြီး တဝီဝီ ဝဲသော ခြင်ကို လက်နှစ်ဖက်နှင့် အားရပါးရ ညှပ်ကာ ရိုက်လိုက်သည်။

အခုလေးတင် ငါးပါးသီလကို ခံထားတာဟူသော အသိစိတ် ဝင်လာ၍ လက်ကို အရှိန်လျော့ရန် ကြိုးစားသော်လည်း မအောင်မြင်၊ သူ၏ ဘယ်ဘက်လက်ဝါးနှင့် ညာလက်ဝါးတို့က အရှိန်ပြင်းပြင်းနှင့် ဖြန်းခနဲမြည်အောင် ရိုက်ခတ်သွားသည်။ လက်ဝါးဖြန့်ကြည့်လိုက်တော့ လက်ဖမိုးပေါ်တွင်ထပ်ကာ ပြားနေသော ခြင်က တစ်ကောင်မက နှစ်ကောင် ဖြစ်နေသည်။

“မရည်ရွယ်ဘဲ သတ်မိတာပါဘုရား ... ဘွာခတ်ပါဘုရား ... ဘွားတေးပါ”

သူက ခြင်သတ်ချင်သော်လည်း ငရဲကြောက်လှသူဖြစ်သည်။ ထို့ကြောင့် သူ့လက်ဖမိုးကို ထဘီနှင့်ပွတ်သုတ်ရင်း အယောင်ယောင် အမှားမှား ရေရွတ်လိုက်မိလေသည်။

* * *

ဦးဘပွားသည် ခုတင်ခြေရင်းမှ ပေါင်ချိန် ခပ်ပြားပြားလေးပေါ် တက်ရပ်လိုက်သည်။ ထို့နောက် လှုပ်ရှားသွားသော မြားတံလေးကို ငုံ့ကြည့်နေသည်။ မြားတံလေးက ငြိမ်သွားသည်အထိ စောင့်နေရင်း မဲ့ပြုံးပြုံးလိုက်သည်။

“အင်း နောက်ထပ် တစ်ပေါင် ထပ်ကျသွားပြန်ပြီ” 

ပေါင်ချိန်စက်ကလေးကို စိတ်အလိုမကျစွာ ကြည့်ရင်း ဦးဘပွားက ရေရွတ်နေမိသည်။ ထိုသို့ ဖြစ်နေရခြင်းအတွက် သူသည် တစ်စုံတစ်ဦးကို အပြစ်တင်ချင်နေသည်။ သို့သော် မည်သူ့ကိုမျှလည်း အပြစ်တင်ရန် အကြောင်းမရှိသည်ကို သူ့ရင်ထဲတွင် ပူဆာဆာကြီးဖြစ်လာတတ်သည်။

“ငါ အမြဲတမ်းပဲဖျားနေတယ်၊ နောက် တစ်နေ့တစ်ခြားလဲ ပိန်လာနေပြီး ထမင်းကလဲ ဘယ်လိုမှ စားမ​ကောင်းဘူး၊ ဘာဆိုဘာမှလဲ တမ်းတမ်းတတ မစားချင်ဘူး၊ အင်း ဒီရောဂါဆိုတာ ဒီလိုပဲ မစားနိုင် မ​သောက်နိုင် ဖြစ်လာ
တာပဲ”

ဦးဘပွားက ခုတင်ပေါ်တွင် စိတ်ပျက်အားလျော့စွာ ထိုင်လိုက်သည်။ 

“လူကသာ ပိန်လာတယ်၊ မျက်နှာကျတော့ အမ်းနေတယ်။ အဲဒါဟာ ရောဂါလက္ခဏာပဲ၊ ငါ့ဗိုက်ထဲမှာ အဲဒီဆဲလ်တွေ ဘယ်လောက်ထိ ပျံ့သွားပြီလဲမသိ”

ဦးဘပွားသည် သူ၏အဆုပ်ရှိမည်ထင်သည့် နေရာကို လက်နှင့် အသာအုပ်၍ထားမိသည်။ သူ့လက်အောက်တွင် အရေပြား၊ ထိုအရေပြားအောက်တွင် အသား၊ ထိုအောက်တွင်ကား ရောဂါဝေဒနာများ ပျံ့နှံ့လွှမ်းခြုံထား၍ ပင်ပန်းကြီးစွာ အလုပ်လုပ်နေရရှာ​သော သူ၏အဆုပ်။

“ငါ့ကိုတော့ သိပ်ပြီး မနာပါစေနဲ့၊ သေရမှာထက် နာရမှာကို ငါပိုပြီးကြောက်တယ်၊ မင်း ပြန်မကောင်းနိုင်တော့ဘူး၊ ပျက်စီးရတော့မယ်ဆိုရင် မြန်မြန်ကြီးသာ ဆက်တိုက် ဖျက်ဆီးပစ်လိုက်ပါကွာနော်၊ တမျှဉ်းမျှဉ်းနဲ့တော့ အချိန်တွေ ဆွဲမနေပါနဲ့၊ နာကျင်ခံစားနေရမယ့်ဝေဒနာတွေ ငါကြောက်လွန်းလို့ပါ” 

သူက သူ့ရင်ထဲမှ အဆုပ်ကို လှမ်းပြီး တောင်းပန်နေမိသည်။

“ပြောမယ့်သာပြောရတာ၊ ဒီဆဲလ်တွေက အဆုပ်တင်မ အသည်းတွေ ကလီစာတွေဆီကိုလဲ ပျံ့ချင်ပျံ့ နေလောက်ပါပြီ"

သူက ဆရာဝန် ဦးကံမြင့်အား “ကျွန်တော် နာတာ ကျင်တာကိုတော့ ကြောက်တယ် ဆရာ၊ အဲဒီဝေဒနာတွေ ကျွန်တော့်ဆီရောက်လာရင်တော့ ဆရာ ကျွန်တော့်ကို ပတ်သဒင်းသာ အလျင်မပြတ် ထိုးပေးထားပါနော်” ဟုပင် ပြောထားခဲ့ဖူးလေသည်။ 

“အင်း ...အချိန် .. အဲဒီအချိန်က တဖြည်းဖြည်းနဲ့တော့ နီးလာနေပါပြီ"

ဦးဘပွားက မွေ့ရာပေါ်တွင် အသာလဲလျောင်းလိုက်သည်။ သူသေလျှင် သည်နေရာ သည်မွေ့ရာပေါ်မှာပဲ သေမှာထင်ပါရဲ့ဟု တွေးနေမိသည်။

"ငါသေရင် ဟိုမောင်နှမသုံးယောက်တော့ ငိုကြမှာပဲ၊ အထူးသဖြင့် ကိုဦး ... သူ့မျက်လုံးလေးတွေ ငါ့ကို အမြဲတမ်း တစ်ခုခု အကူအညီပေးချင်နေတဲ့မျက်လုံး၊ မေတ္တာပြည့်နေတဲ့ မျက်လုံးလေးတွေ”

ကိုဦးသည် သူ့ကို အမြဲတမ်းကူညီနေသည်ကို ဦးဘပွား သတိထားမိသည်။ သူ တစ်ခါ ချောင်းဆိုးပြီး ထသီးတုန်းကလည်း ပြေးလာကာ ကျောကိုဖိပေးသည်။ နောက်ကျောတွေတက်ပြီး ကိုက်ခဲနေတုန်းကလဲ ကျောဖက်ကို ပရုပ်ဆီလိမ်းကာ နှိပ်ပေးသေးသည်။ သူ့လက်က မပေါက်၍ အကိုက်အခဲမပျောက်လှသော်လည်း ဦးဘပွားက အနှိပ်ခံရင်း ကြည်နူးနေမိလေသည်။ 

ဦးဘပွားသည် လက်ကို အရွှေ့ လိုက်တွင် ခေါင်းအုံး​ဘေးမှ ဓာတ်ပုံလေးကို ဖမ်းမိ၍ လှမ်းယူကာ မြှောက်ကြည့်လိုက်သည်။ သုံးလသား ကလေးငယ်လေးတစ်ဦး၏ပုံဖြစ်သည်။ အသားက​တော့ ဖြူဖွေးပြီး ဆံပင်နီနီကလေးများက ကောက်လိမ်နေသည်။ မျက်လုံးကတော့ အနက်ရောင်ဖြစ်၍ သားလတ်နှင့်တူသော အချက်ကလေး တစ်ချက်တော့ ပါလာသည်ဟု ဆိုရမည်ဖြစ်သည်။

“ကလေးက ချစ်စရာကောင်းပေမယ့် ငါ့စိတ်ထဲမှာ ငါ့မြေးရယ်လို့ လှိုက်လှိုက်လှဲလှဲလဲ မခံစားရဘူး၊ သူစိမ်း ကလေးလေး တစ်ယောက်ရဲ့ ဓာတ်ပုံကို ကြည့်နေရသလိုပဲ” 

ဦးဘပွားက ဓာတ်ပုံလေးကိုကြည့်ရင်း ဝမ်းနည်းလာသည်။ ထိုမြေးငယ်နှင့် သူသည် ဘယ်သောအခါမှ ဆုံစည်းနိုင်တော့မည် မဟုတ်ချေ။ ထိုမြေးကိုလည်း မြန်မာပြည်မှ ဦးဘပွားဟူသည့် လူကြီးအကြောင်းကို သားလတ်က ပြောပြလိမ့်မည်ဟု သူ မထင်လှပေ။

“ငါသေရင်တော့ သူတို့ ခဏတဖြုတ်တော့ ပြန်လာလိမ့်မယ်ထင်ပါရဲ့ ။ ကျန်ခဲ့တဲ့ အိမ်တွေ၊ မြေတွေကို ရောင်းချ ခွဲစိတ် ယူကြရဦးမှာကိုး” 

ဦးဘပွား ဝမ်းနည်းပမ်းနည်း တွေးလိုက်မိသည်။ သူသေပြီဟူသောသတင်းကို ကြားလျှင် သူ့သားသူ့သမီးတွေ ဘယ်လိုခံစားကြရမလဲဟု တွေးနေသည်။ သမီးကြီးကတော့ မျက်ရည်ကျလိမ့်မည်ဟု သူထင်သည်။ သားနှစ်ယောက်ကတော့ အံ့အားတသင့် ဖြစ်သွားမည်ဟု သူယုံကြည်သည်။ သို့သော် စိတ်နှလုံး ထိခိုက်ကြေကွဲခြင်းမျိုးတော့ ဖြစ်လိမ့်မည် မဟုတ်ပေ။ လူတိုင်း လူတိုင်း မလွဲမသွေလျှောက်ရမည့်လမ်းကို သူတို့ဖခင်လည်း လှမ်းလျှောက်သွားပြီဟုသာ သတ်မှတ်လိုက်ကြမည်ဟု သူထင်နေမိလေသည်။

“ဘ...ဘ.......ကြီး"

ကိုဦး၏အသံကို ကြားရသည်။ သူက လဲလျောင်းနေရာမှ အသာထကာ အိမ်ရှေ့ခန်းသို့ ထွက်ခဲ့သည်။

“ဘဘကြီးအတွက် ပူတင်းလာပို့တာ” 

ကိုဦးက ပြုံးချိုစွာ ပြောသည်။

“အန်တီမွှေး လုပ်ပေးလိုက်တာ ဘဘကြီးရဲ့ ၊ ကြက်ဥပူတင်းလေ”

“တယ်ဟုယ်ပါလားကွ”

“ဘဘကြီး ထမင်းမစားနိုင်ဘူး၊ ဖျားနေတယ်ဆိုတော့ အန်တီမွှေးက ချောင်းတွေလဲအရမ်းဆိုးနေတာ ကြားရတယ်တဲ့၊ အားရှိအောင် ပူတင်းလေး ဖုတ်ပေးမယ်ဆိုပြီး လုပ်ပေးလိုက်တာ၊ သိပ်ကောင်းတာပဲ ဘဘကြီးရ၊ အခု စားမလားဟင်” 

“အေး ကောင်းသားပဲ”

စားချင်စိတ် မရှိလှသော်လည်း ဦးဘပွားက အလိုက်သင့် ပြောလိုက်သည်။ ဝမ်းသာသွားဟန်ရှိသော ကိုဦးက ထမင်းစားခန်းထဲမှ ဇွန်းကလေးတစ်ချောင်း ပြေးယူသည်။ ပူတင်းပန်းကန်လေးတွင် ဇွန်းကို အသင့်တင်ကာ လှမ်းပေးသည်။ကိုဦး ကျေနပ်စေရန် တစ်ဇွန်းခပ်၍ ပါးစပ်ထဲ သွင်းလိုက်သော်လည်း ဦးဘပွားက အရသာရှိလိမ့်မည်ဟု မထင်။ သို့သော် မထင်မှတ်ပဲ စားကောင်းသွား၍ “ကောင်းတယ်ဟေ့” ဟုပြောကာ နောက်တစ်ဇွန်းထပ်၍ ခပ်သည်။

“အန်တီမွှေးကပြောတယ်၊ ဘဘကြီး ကြိုက်ရင် ??? လုပ်ပေးမယ်တဲ့၊ ဟော.....တယ်လီဖုန်း"

အိပ်ခန်းထဲမှ တယ်လီဖုန်းသံကြားတော့ ဦးဘပွား အတန်ငယ် စိတ်အနှောင့်အယှက်ဖြစ်သွားသည်။ သူက မိတ်ဆွေ အပေါင်းအသင်းများကို အကုန် အဆက်ဖြတ်ပြီး အေးအေးနေသဖြင့် သူ့ဆီသို့ အရေးကိစ္စ အထူးတလည်မရှိဘဲ တယ်လီဖုန်းဆက်သူ မရှိလှ။ အခုအချိန်မှာ မည်သူ၏အရေးကိစ္စကိုမှ သူစိတ်မဝင်စား။ ကုန်ကုန်ပြောလျှင်ကိုယ့်ကိစ္စ၊ ကိုယ့်အရေး (ဥပမာ ဘဏ်မှ ငွေရေးကြေးရေးကိစ္စ)ကိုပင် မကြားချင်။

“ဘဘကြီး တယ်လီဖုန်း”

“မင်း သွားကိုင်လိုက်စမ်းပါကွာ” 

“ဟင် ကျွန်တော်” 

“အေး ... ဦးဘပွား အပြင်ထွက်သွားတယ်၊ ဘယ်သူ ဆက်တာလဲလို့ မေးထားလိုက်” 

ပူတင်းပျော့ပျော့လေးက နူးနူးညံ့ညံ့ရှိလှသည်။ သူ့လည်ချောင်းတစ်လျှောက် ရှောခနဲ ရှောခနဲ ဆင်းသွားသည်။ မနက်ခင်းကတည်းက ဘာဆိုဘာကိုမှ မည်မည်ရရ စားမထားသည့်အတွက် ရင်ထဲတွင် ဟာကာ ဆာလောင်နေသည်ကို ယခုမှပင် သတိထားမိသည်။ 

“ဟုတ်ကဲ့ခင်ဗျ၊ ဦးဘပွားအိမ်ကပါ၊ ဟုတ်ကဲ့ ဦးဘပွား အပြင်ထွက်သွားပါတယ်၊ ဟယ်လို ဟယ်လို ... ဟာ ဖေဖေ ... ဖေဖေလား... ကျွန်တော်ပါ၊ ကိုဦးပါ” 

ကိုဦးက တယ်လီဖုန်းပြောရင်းမှ ဝမ်းသာအားရ လှမ်းအော်သည်။

“ဘဘကြီးရေ ... ဖေဖေရယ်၊ ဖေဖေဆက်တာ”

ရွှင်မြူးနေသော ကိုဦး၏အသံကြောင့် ဦးဘပွားပါ ရောပြီး ဝမ်းသာသလို ဖြစ်သွားသည်။

“သားတို့ နေကောင်းပါတယ် ဖေဖေရဲ့ ”

“ကဲကဲလဲ လိမ်မာပါတယ်။ မဆိုးပါဘူး”

“အန်တီမွှေးက နေ့တိုင်း ဟင်းချက်ပေးပါတယ်၊ စားကောင်းပါတယ် ဖေဖေရ” 

“ဘဖိုးထင်က သားတို့နဲ့အတူ လာအိပ်ပေးတယ်လေ”

ထိုစဉ်တွင် ကိုတူးနှင့် ကဲကဲတို့ ယောင်လည်လည်နှင့် ရောက်လာကြသည်။ ကဲကဲ၏လက်ထဲတွင် စလေဆီးသီးတစ်ထုပ်ကို ကိုင်ထားပြီး ကိုတူးကတော့ ကံကောင်းကို ချီထားသည်။

“မင်းတို့အဖေ တယ်လီဖုန်းဆက်နေတယ်”

“ဟာ ဟ ... ဘဘကြီးကလဲ ဖေဖေမှ ပြန်မရောက်သေးတာ”

“ဟ .. ပြန်မရောက်သေးလို့ ဟိုကနေ ဆက်တာပေါ့။ ဟိုအိပ်ခန်းထဲမှာ မြန်မြန်သွား၊ ကိုဦးနဲ့ ပြောနေတာ ကြားတယ် မဟုတ်လား”

ဦးဘပွားပြောသည်ကို ကလေးနှစ်ဦးက ရုတ်တရက် နားမလည်။ 

“မေမေရော နေကောင်းရဲ့လားဟင်၊ ဘယ်တော့ပြန်မှာလဲ” ဟူသော ကိုဦး၏အသံကို ကြားမှ သဘောပေါက်သွားသည်။

ကဲကဲက "ကိုဦးရေ ...ကဲကဲလဲပြောမယ် ... ကဲကဲလဲပြောမယ်"ဟု အော်ကာ အခန်းထဲပြေးဝင်သွားသည်။ ကိုတူးကတော့ သူ့လက်ထဲမှ ကံကောင်းကို ကြမ်းပေါ်ချတော့မလိုလို စားပွဲပေါ် တင်တော့မလိုလို လုပ်နေပြီးမှ တောင်းပန်ပြုံးကလေး ပြုံးပြပြီး ဦးဘပွား ပေါင်ပေါ် သို့ လာတင်သည်။ ထို့နောက် “ငါလဲပြောမယ်ဟေ့” ဟု အော်ကာ ဒရောသောပါး ပြေးသွားသည်။

“မေမေရေ သမီးပါ၊ ကဲကဲပါ မေမေ၊ ငိုသေးလားဟင်။ မငိုနဲ့တော့နော်၊ မေမေ့ကို သမီးလွမ်းလှပြီ မေမေရဲ့” 

ကဲကဲက ချွဲနေသည်။

“မေမေတို့ သွားကြတာ ကြာလှပြီ၊ ဟာ.... မေမေကလဲ ခုနှစ်ရက်တောင် ရှိပြီလေ၊ ဘယ်တော့ ပြန်လာမှာလဲဟင်၊ ဟာ....နက်ဖြန် ဟုတ်လား၊ တကယ်နော် နက်ဖြန်နော်၊ ဟေ့.....ပျော်တယ်ဟေ့”

ဦးဘပွားသည် သူ့ပေါင်ပေါ်သို့ အူကြောင်ကြောင်နှင့် ရောက်လာသော ကံကောင်းကို ကြည့်နေမိသည်။ သည်ကလေးကို သူ တစ်ခါမျှ ချီပိုးယုယခြင်း မပြုခဲ့ဖူးပေ။ သူ့ကို မျက်လုံးအဝိုင်းသားလေးနှင့် ကြည့်နေသော ကလေးငယ်ကို ထွေထွေစိုက်စိုက်ကြီး ပြန်ကြည့်နေရင်း "အေး... ကြည့်ထား၊ အဲဒါ မင်းကို ငွေကြေးထောက်ပံ့မယ့် အဘိုးကြီးဘဲ၊ ကြည့်၊ ဝအောင်ကြည့်ထားဟဲ့ ကောင်လေးရ"ဟု စိတ်ထဲမှ ပြောနေမိသည်။

သူ၏မျက်နှာက ခပ်တည်တည် ခပ်တင်းတင်းကြီး ဖြစ်နေတော့ ကံကောင်းက မလှုပ်ရဲ၊ မျက်နှာလေး မဲ့တဲ့တဲ့နှင့် ငြိမ်နေသည်။ သနားသလို ဖြစ်သွားသော ဦးဘပွားက မသိမသာ ပြုံးပြလိုက်သောအခါမှ သူ့မျက်နှာလေးက ရွှင်လာသည်။ သွားလေးနှစ်ချောင်း ပေါ်အောင် ရယ်ရင်း “ဝူး ဝူး” ဟုပြောသည်။

“ဘာလဲကွ ဝူး ဝူး ဆိုတာ” 

ပြည့်ပြီးဖောင်းလာသော ကံကောင်း၏ပါးကလေးကို လက်ညှိုးနှင့် တို့ကြည့်လိုက်၊ မေးစေ့လုံးလုံးလေးကို ဆွဲကြည့်လိုက်နှင့် ဦးဘပွားသည် အတန်ငယ်စိတ်ရွှင်လာသည်။

“ရော့ကွ၊ ပူတင်း စားမလား”

ဦးဘပွားက ဘေးတွင်ချထားသော ပူတင်းပန်ကန်ကို သတိရကာ တစ်ဇွန်းခပ်ပြီး ခွံ့လိုက်သည်။ ကံကောင်းက စုံစုံမက်မက် မျိုချလိုက်ပြီး အရသာတွေ့သွားသည့် ပါးစပ်ကလေးက ချက်ချင်း ထပ်ဟပေးသည်။

“သား သေးမပေါက်ပါဘူး မေမေရ၊ တစ်ခါတည်းပါ။ တစ်ခါတည်းပေါက်တာ၊ အာ.....သားလဲပေါက်ရော ကိုဦးက ဘုံးခနဲ အုန်းခနဲ ထုရော.....”

ကလေးသုံးဦးက တယ်လီဖုန်းခွက်နားတွင် အုံကာ အလုအယက် ပြောနေကြသည်။ ဦးဘပွားသည် ကလေးများ၏အသံကို နားစွင့်လိုက်၊ သူ့ပေါင်ပေါ်မှ ကံကောင်းကို ပူတင်းခွံ့လိုက်နှင့်မို့ သူ့ရောဂါကိုသူ မိနစ်အနည်းငယ်မျှ မေ့ပျောက်သွားလေသည်။ 

“ဘဘကြီးက မဆူပါဘူး မေမေရဲ့ ၊ သားကို ဘဘကြီးက တယ်လီဖုန်းသွားကိုင်ချေတဲ့၊ အဟုတ်ပြောတာပါ၊ ဘဘကြီးက ခွင့်​ပေးတာပါ”

ကိုဦး၏အသံကိုကြားတော့ ဦးဘပွား နှုတ်ခမ်းကို မသိမသာမဲ့ကာ ပြုံးလိုက်မိသည်။

“အင်း ဒေါ်ခင်ဝဝကတော့ ငါ့ကို သဘောပုပ်၊ မနောပုပ်ကြီးလို့ ထင်နေတုန်းပဲလား မသိပါဘူး”

ဦးရန်ဝေးက သူ့အပေါ်တွင် ပျူပျူငှာငှာရှိသော်လည်း ဦးရန်ဝေးကတော် မခင်လှကမူ သူ့ကို မနှစ်သက်လှကြောင်း သူသိသည်။ သူရောက်လာကာစက မခင်လှသည် တစ်ခါ နှစ်ခါ ပြုံးရယ်ပြီး နှုတ်ဆက်သည်။ သူက သိပ်အရေးမလုပ်သလို ခပ်တည်တည်နေတော့ မခင်လှသည် သူ့ကို နောက်ထပ် မနှုတ်ဆက်တော့ပေ။ တစ်ခါတစ်ရံ မျက်နှာချင်းဆိုင် တိုးလျှင်ပင် မျက်နှာလွှဲသွားတတ်လေသည်။ ကံကောင်းကိစ္စပြီးတော့ တစ်တိုက်လုံး ရှိရှိသမျှ လူတွေအကုန် အပေါ်ထပ်က ဦးထင်ပါမကျန် သူ့ကို ကျေးဇူးတင်တင်နှင့် ခင်ခင်မင်မင် လှိုက်လှိုက်လှဲလှဲ ဆက်ဆံကြသည်။ သို့သော် မခင်လှကတော့ မပွင့်တစ်ပွင့် ပြုံးပြရုံသာ ရှိလေသည်။ သို့သော် ခရီးမသွားခင် ညကတော့ သူ့အခန်းထဲသို့ ရောက်လာခဲ့သည်။ သူ့ကို ခင်မင်ကျေးဇူးတင်သော မျက်လုံးများနှင့် ကြည့်ကာ “ကျွန်မတို့သွားနေတုန်း ကလေးတွေကို ကြည့်ရှု စောင့်ရှောက်ပေးပါ ဦးရယ်၊ အမြင်မတော်ရင်လဲ ဆုံးမပါ” ' ဟု ပြောခဲ့လေသည်။

ခဏနေတော့ ကလေးသုံးဦးလုံး အိပ်ခန်းထဲမှ မြောက်ကြွ မြောက်ကြွနှင့် ထွက်လာကြသည်။

“ဘဘကြီးရေ ... မေမေ ပြန်လာတော့မယ်တဲ့” 

ကဲကဲက ဝမ်းသာအားရ လှမ်းပြောသည်။ 

ကိုတူးကတော့“မေမေပြန်လာမယ်ဟေ့ ... ဖေဖေပြန်လာမယ်ဟေ့.. ဟေ့ မေမေပြန်လာမယ်”ဟုသီချင်းလုပ်ဆိုကာ ဆတ်တောက် ဆတ်တောက်နှင့် လှည့်ပတ်၍ က,နေသည်။ ကိုဦးကတော့ အူမြူးနေသော အငယ်နှစ်ဦးကို ကြည့်ကာ ကြည်နူးပီတိဖြစ်နေသည်။ သူ့ကျောပေါ်တွင် ပိနေသော ဝန်ထုပ်ဝန်ပိုးကြီးလည်း အတန်ငယ်ပေါ့သွားသလို ခံစားလိုက်ရသည်။

“ဖေဖေတို့ရဲ့ အသံကို ကြားလိုက်ရရုံနဲ့တောင် အားရှိလိုက်တာ၊ ပျော်လိုက်တာ”

ဦးဘပွား၏ပေါင်ပေါ်တွင် ဖင်ဆောင့်ပြီး ခုန်ရန် ကြိုးစားနေသော ကံကောင်းကို ကြည့်ရင်း တွေးနေမိသည်။ သူချစ်သော မိခင် ဖခင်တို့၏အသံများကို သည်တစ်ခါ နောက်ဆုံးကြားရခြင်း ဖြစ်သည်ကိုလည်းကောင်း၊ သည်တစ်သက်တွင် နောက်ထပ် ကြားရတော့မည် မဟုတ်ကြောင်းကိုလည်းကောင်း သူ လုံးဝ မသိခဲ့ရှာပေ။

ဆက်ရန်
----------------------------------
မစန္ဒာ

crd 👉 ရသလွင်ပြင်

Post a Comment

0 Comments