#ဘုရင်ခံ မလိုချင်ပေါင်
အပိုင်း(၄)
“မနက်ကလေ ကျမကိုယ်တိုင် စျေးသွားတယ်။ မဂျိုးဥတို့အညာမှာ ရှားတာတွေ စားစေချင်လို့...."
ညနေစာ စားပွဲတွင် ဒေါ်သန်းဌေးသည် သူ ဒေါ်ဂျိုးဥအပေါ်တွင် အထူးလေးစားစွာနှင့် ချက်ပြုတ်ကြောင်းကို ပြောပြနေ၏။
“ဟောဒါက ငါးမြင်းဗိုက်သား၊ ဆူလိုက်တာ ဝင်းနေတာဘဲ။ ပုဇွန်ထုတ်ကြီးကလဲ ဒီနေ့ စိမ်းလို့ လတ်လတ်ဆတ်ဆတ် ရတာနဲ့ ဝယ်လာပြီး ဆီပြန်ချက်ထားတယ်။ ခါတိုင်းဆိုရင် ရေခဲစိမ်စားရတာ။ အအီပြေအောင် ငါးဖယ်ခြစ်သုပ်နဲ့ စားစမ်းပါ ဒေါ်ဂျိုးဥရဲ့။ မော်လီ ကြီးကြီးရဲ့ ကြာဆန်ဟင်းခါးပန်းကန်ထဲကို ငရုတ်ကောင်း ခပ်ပေးလိုက်အုံးလေ...”
မော်လီသည် ဒေါ်ဂျိုးဥဘေးက သီးသန့်ဟင်းချိုပန်းကန်ငယ်ထဲသို့ ငရုတ်ကောင်းခပ်လိုက်၏။ ဒေါ်သန်းဌေး ထည့်ပေးသော ဟင်းများကို စားရင်း ဟင်းများတွင် အဆီတဝင်းဝင်း ဆီ ဒါလောက်သုံးသည်ကို ဒေါ်ဂျိုးဥသည် အံ့ဩနေ၏။
“မသန်းဌေးရယ် ကျမဖာသာ ယူစားပါ့မယ်။ ဟဲ ဟဲ ဟင်းတွေက ကောင်းလွန်းနေတော့ ဘယ်ဟာစားရမယ်မှန်းတောင် မသိဘူး။ ဒါနဲ့ ဒါနဲ့ ဆီဈေးက ဒီမှာ တရာကျော်ဆို"
အမှန်တော့ သူတို့အညာတွင် ဆီဈေး ဒါလောက်မရှိ။ အထူးသဖြင့် ဒေါ်ဂျိုးဥတွင် ပို၍ပြေလည်နေသည်က သူ့ယာမှ ပဲနှင့်နှမ်းထွက်နေသည်ဖြစ်၍ ဆီကို နှစ်လုံးပေါက် ရာဝင်အိုးတွင် လှောင်စားသူဖြစ်သည်။ သို့သော် သူသည် ဆီပြန်ဟင်းကို တပတ်မှာ တခါလောက်သာ စားခဲ့၏။
“ဟုတ်ကဲ့၊ အို..တခါတလေလာလို့ ကျမတို့မှာ ဧည့်သည်ကို အမြတ်တနိုးကျွေးရတာ မြိန်မြိန်သာစားစမ်းပါ။ ရန်ကုန် ကုန်ဈေးတွေကိုတော့ မေးမနေပါနဲ့၊ အခု ဆီဈေး ကျသွားပါပြီ"
ဒေါ်သန်းဌေးက ငါးဖယ်သုပ်ကို ဒေါ်ဂျိုးဥပန်းကန်ထဲ ထည့်ရင်း ပြောလိုက်၏။
“ဟင်းခါးလေးက ချိုလိုက်တာ၊ ငါးဖယ်သုပ်နဲ့ သိပ်လိုက်တာဘဲ...”
မော်လီကို မော်ကြည့်ရင်း ဒေါ်ဂျိုးဥက ပြုံး၍ပြော၏။
“မော်လီ့ယောက်ျားရော... “
"ကိုကိုကလေ သူ့အမှုသည်တွေနဲ့ တွေ့စရာရှိရင် အေးအေးဆေးဆေး တနေရာရာမှာတွေ့ပြီး စကားပြောတတ်တယ်။ ဒီနေ့လဲ အမှုအတွက် အိမ်ပြန်နောက်ကျမယ်ကြီးကြီးဂျိုး ”
မော်လီသည် အိမ်မှာနေရင်းပင် ကြော့ကြော့မော့မော့ဝတ်၏။
ဒေါ်ဂျိုးဥသည် ဝတ်စားပုံ ခေတ်ဆန်တာတခုသာ သဘောမကျသော်လည်း မော်လီ၏စိန်ဆွဲကြိုး၊ စိန်ကြယ်သီးနှင့် နားတွင် ယိုးဒယားပန်းခက်များ နွယ်ယှက်နေဟန် စိန်သေးသေးလေးများနှင့် စီခြယ်ထားသော နောက်ဆုံးပေါ် နားကပ်ပုံစံများကို ထမင်းစားရင်း စားရင်း မျက်စိရောက်သွား၏။
“မော်လီကလေ တခါ လာတာနဲ့ တခါ မတူဘူး၊ လှပြီး ကျော့နေတာဘဲ။ စိန်လေးတွေကလဲ အသားကောင်းလိုက်တာနော်၊ ခဲသားဆိုတော့ မီးရောင်မှာ ဝင်းနေတာဘဲ”
သူ့ရင်ထဲမှာ မအောင့်နိုင်တော့ပေ။ စိန်များကို ဖွင့်၍ ချီးကျူးလိုက်၏။
“အိမ်က မရွှေစိန်တို့တော့ နာမည်ကသာ မြမြစိန်တဲ့၊ သူ့မှာ စိန်တလုံးမှလဲ မတွေရဘူး၊ မြတလုံးမှလဲ မရှိဘူး။ တခါလာ မဲပြာပုဆိုး၊ နားမှာလဲ ပုလဲဖြူကြီးငုတ်တုပ် တလုံးဘဲ။ စက္ကူတွေကတော့ လင်မယားနှစ်ယောက်လုံး စုရဲ့၊ တအိမ်လုံး စက္ကူချည်းဘဲ ”
“ကြီးကြီးဂျိုးကြယ်သီးက စိန်တွေကမှ တကယ့်ရှေးစိန်ကြီးတွေ။ အလုံးလဲ ကြီး၊ ခဲသား အပါးအဝိုင်း။ ကိုယ့်ချွေးမလေးဘဲ၊ ဝတ်စေချင်ရင် ကြီးကြီးဂျိုးက တဆင်စာမဟုတ်တောင် နားကပ်တရံ လုပ်ပေးလိုက်ပေါ့၊ ဟဲဟဲ..ဟဲဟဲ.. "
မော်လီသည် ရယ်ကာမောကာ ပြောလိုက်၏။
“လုပ်ပေးနိုင်ပေါင်၊ လင်မယားနှစ်ယောက်ဝင်ငွေနဲ့ စိန်နားကပ်တရံတော့ စုမိအောင်စုမှပေါ့၊ မော်လီတို့မှာ ကားတောင် ရှိလာပြီ...”
ဒေါ်ဂျိုးဥသည် ပြုံးပြုံးနှင့်ပင် ငေါ့တော့တော့ ပြောလိုက်၏။
“ကြီးကြီးဂျိုးကလဲ မော်လီက စီးပွားရေးသမားသက်သက်။ ဘီကွမ်းအောင်တော့ အာရ်-အေ ခေါ်တဲ့ စာရင်းကိုင်သင်တန်းတက်တယ်။ လိုင်စင်ခေတ်က သူငယ်ချင်းတွေနဲ့ အစုစပ်ကုမ္ပဏီထောင်၊ လိုင်စင်လဲ လုပ်တယ်၊ စာရင်းကိုင်လဲလုပ်တယ်၊ ဒီတော့ ငွေက လက်ဖျားသီးနေတာပေါ့။ မြမြစိန်တို့လင်မယားနှစ်ယောက်စလုံး လုပ်တဲ့အလုပ်က ချမ်းသာကောင်းတဲ့အလုပ်မှ မဟုတ်ဘဲ...”
“ချမ်းသာကောင်းတဲ့ အလုပ် မဟုတ်ဘူး.....”
ဒေါ် ဂျိုးဥသည် စကားလုံး ထပ်တူလိုက်၍ ရွတ်လိုက်၏။
“ဟုတ်ကဲ့၊ ဆရာမအလုပ်ဆိုတာ ကိုယ်က ပညာရှာပြီး ကိုယ့်ရင်ထဲရှိတဲ့ပညာကို တပည့်တွေကို သွန်ချပေးရတာ။ ငွေရှာချင်တာနဲ့တပြိုင်နက် ဆရာ့ကို မဟုတ်တော့ဘူး။ စာရေးဆရာဆိုတာရော ဘာထူးလဲ၊ ဒါကြောင့် မော်လီတော့ သူတို့လို ရတာနဲ့ မတင်းတိမ်နိုင်ဘူး။ ပြောင်ပြောင်ရှင်းရှင်းဘဲ။ ငွေကို ရှာတယ်၊ သုံးတယ်၊ ဇိမ်နဲ့နေတယ်...”
မော်လီသည် သူ့ဟန်ပန်အတိုင်း ခပ်ကြော့ကြော့ ခပ်မော့မော့ပင် ပြောလိုက်၏။
“ဒီလိုပါ မဂျိုးဥရယ်၊ တခုကလဲ မော်လီက ခလေးမရှိဘူး။ မြမြစိန်မှာတော့ ကလေးကလဲ ခြောက်ယောက်၊ ရန်ကုန်ရဲ့ ကလေးတွေစရိတ်ကလဲ မနဲဘူး။ ဒါတောင်မှ ငြိမ်းဟာ သူ့ရွှေဒင်္ဂါးလေးတွေကို ဖဲ့ဖဲ့ရောင်းပြီး မောင်သန်းချိန်တို့ အိမ်စရိတ်ထဲ ထည့်ရှာပါတယ်။ မော်လီ ပြောသလိုဘဲ၊ သူတို့ဝင်ငွေကလဲ ပုံမှန်ဝင်ငွေတွေလား။ မော်လီတို့ ခင်မောင်ရင်တို့ ဝင်ငွေကသာ ရရင် တလုံးထဲတခဲထဲကို။ လိုင်စင်ခေတ်က ခင်မောင်ရင် ဝတ်လုံလိုက်ရတာကလဲ တချို့ အမှုဆို ထောင်နဲ့ သောင်းနဲ့ ချီပြီး ရတာ"
ဒေါ်သန်းဌေးသည် သူ့သူငယ်ချင်းဖြစ်သူ ငြိမ်းသည်လည်း အလကား ထိုင်စားနေသူ မဟုတ်ပါ၊ တဖက်တလမ်းအားဖြင့် ကိုသန်းချိန်၏အိမ်ထောင်စုတွင် လူအားရော ငွေအားရော ကူသည်ကို ပေါ်ထင်စေချင်သည်။ သူသည် တခြား စကားလုံးများကိုပါ လှပစွာ ရော၍ပြောလိုက်၏။
ဒေါ်ဂျိုးဥ အနည်းငယ် ခံပြင်းသွား၏။ သက်ကြီးပိုင်းတို့ ထုံးစံအတိုင်း ဒေါ်ငြိမ်းမယ်ကို သက်သက်လာစားနေတာဟူ၍ ခနဲ့ချင်သည်။ သူ့သား ယခုလို နေရသည်ကလည်း ဒေါ်ငြိမ်းမယ် ဦးစီးပုံ မဟန်၍ ဟူ၍ ပုံချလိုသည်။ သို့သော် ဒေါ်သန်းဌေးက “ငြိမ်းသည် ရွှေဒင်္ဂါးများကိုရောင်းချ၍ သူ့သမီးနှင့် သားမက်ထံတွင် နေသည်ကို ဖေါ်ထုတ်လိုက်သောအခါ သူမ ပစ်ရန် ချိန်ထားသောမျှားတံကို ဖြုတ်လိုက်ဖို့ လက်တွန့်သွား၏။
“အိုလေ.. မော်လီပြောသလိုသာ လုပ်လိုက်ပါ။ ကားတစီး ဆိုလဲ ကြီးကြီးဂျိုးအနေနဲ့ ဝယ်ပေးနိုင်သားဘဲ၊ ဝယ်ပေးပေါ့၊ ဟဲ ...ဟဲ..ဟဲ"
မော်လီက ဆက်ပြောပြန်သည်။ ဒေါ်ဂျိုးဥသည် ဒေါ်သန်းဌေး ထပ်၍ထည့်ပေးသော ထမင်းကို လက်ကာလိုက်၏။
“တော်ပါပြီ မသန်းဌေးရယ်၊ ဟင်းခါးက သိပ်အဆင်ပြောတာဘဲ...”
"စကားလဲပြော၊ စားလဲစားပေါ့။ ငါးဖယ်သုပ်နဲ့ ဟင်းခါးနဲ့ သတ်သတ်သောက်ပေါ့၊ သိပ်လိုက်တာဘဲ။ ကျမသမီး မော်လီကတော့ အမြဲစကားများတာဘဲ၊ ထမင်းစားတိုင်း သူ့စကားသံချည်းဘဲ..”
ဒေါ်သန်းဌေးသည် မော်လီကို ဘရိတ်အုပ်လိုက်သည်။
“စားပါတယ်၊ တနေ့က ဗိုလ်ချုပ်ဈေး ရောက်သွားတော့ ဟင်းခါးဝင်သောက်ကြတာ ငါးဖယ်ကြော်ပါရင် တခွက် တကျပ်တဲ့၊ ဟင်းခါးချည်းသက်သက်ဆိုရင် ငါးမူးတဲ့ မသန်းဌေးရယ်.....”
ဒေါ်ဂျိုးဥသည် ထမင်းကို လက်စသတ်လိုက်ရင်း ပြောလိုက်၏။
“မော်လီ လက်ဘက်နဲ့ ရေနွေးကြမ်း ချစမ်း။ ပုဇွန်ခြောက်ကလေ လက်ဘက်စား ရွှေပုဇွန်ခြောက်၊ ငါးရံ့ခြောက်ကလဲ ဆားပေါ့သေး၊ ဝါးခယ်မက မှာယူတာ။ ဒေါ်ဂျိုးဥ ပြန်ရင်လဲ လက်ဆောင်ပေးလိုက်ရအုံးမယ်.....”
လက်ဘက်ဝိုင်းတွင်မူ ဒေါ်ဂျိုးဥသည် ထွေထွေရာရာ စကားမဆိုတော့ပေ။ ရွှေစက်တော်ဘုရားပွဲစချိန် တပို့တွဲလဆန်းရောက်လျှင်သာ ဘုရားဖူးလာကြဘို့၊ မင်းဘူးရှိ သူ့အိမ်တွင် တည်းခိုဘို့ သွားဘို့ သူစီစဉ်ပေးမည့်အကြောင်း ဒေါ်ဂျိုးဥက ပြန်လည်ဖိတ်ခေါ်လိုက်၏။
ညစာစားပွဲပြီး၍ ဒေါ်ဂျိုးဥပြန်သွားမှပင် ဒေါ်သန်းဌေးသည် မော်လီကို ကြိမ်းလိုက်၏။
“သမီးကတော့လေ၊ ငါ့သမီးတယောက် ဆိုဆိုသလောက်ဘဲ။ ဒေါ်ဂျိုးဥကြီးအကြောင်း သိတန်သလောက် သိထားရက်နဲ့။ တကတည်း သူ့ထမင်း တခါစားရပါတယ်၊ ထမင်းမှ မျိုကျရဲ့လားမသိဘူးဟဲ့။ ဒီစိန်တွေကိုဘဲ ထိထိပြီး ပြောနေ
တာဘဲ”
မော်လီသည် လက်ခုပ် လက်ဝါးတီးကာ ရယ်လိုက်၏။ ပြီးမှ ငြိမ်သက်သွားရင်း..."မော်လီ ပြောတာ ရိုင်းသွားသလား မေမေ”ဟု မေးလိုက်၏။
"ရိုင်းတော့ မရိုင်းပါဘူး၊ သူက စိန်မက်တဲ့သူဆိုတော့လဲ အိမ်ရှင်ဆိုတာ အလိုက်အထိုက် ဧည့်သည်ကို လိုက်ပြောလိုက်ပေါ့ ”
“အောင်မယ် မေမေလဲ တူတူဘဲ၊ မေမေ့သူငယ်ချင်း ကြီးကြီးငြိမ်း ထိမှာစိုးလို့ ကာကွယ်လိုက်တာ.....”
“ဒါကတော့ သိစေချင်လို့ ပြောတာပါ သမီးရယ်...”
“အောက်သူတွေ ရိုင်းတယ်လို့များ ထင်သွားမလား၊ နောက်မှဘဲ တောင်းပန်ရအုံးမယ်။ မော်လီကတော့ တမင်ပြောတာပါ...”
“တမင် “
“အဟုတ်ကို တမင်ပြောတာပါ မေမေ၊ သူ့စိန်တွေ တထုပ်ထုပ်နဲ့ဟာ ဘာလုပ်ဖို့မှန်းလဲမသိဘူး။ တော်ကြာ ဟိုကန်တော်ကြီးစောင်းမှာ အသတ်ခံရတဲ့ သားအမိလိုဖြစ်နေမှာ။ စိန်ကြီးတွေမှ သတင်းစာထဲဖတ်ရတာ မနဲပါဘူး။ ဇီးဖြူသီးလောက် ဆိုတာ သမီးဖြင့် မြင်တောင်မြင်ဘူးပါဘူး ”
“ဟဲ့ သူတို့အညာမှာက တချို့ ဒီလိုဘဲ၊ ရွှေနဲ့စိန်သာ အဓိကထား စုတတ်ကြတယ်။ အဝတ်နဲ့အစားကို သင့်ရုံဘဲ။ သားသမီးကိုလဲ ပညာသင်ပေးကြပါရဲ့။ ဒါလဲ ကိုယ်အကျင့်နဲ့ကိုယ် အညာသူအညာသားတိုင်း မဟုတ်ပါဘူး...”
“ကြီးကြီးဂျိုးကတော့ ပိုသဲပုံရပါတယ်။ သမီးတို့ကျောင်းမှာကထဲက မင်းဘူးက လာနေတဲ့ သူငယ်ချင်းတွေဆီက သတင်းကြားပြီးသား။ ကိုသန်းချိန်ကြီး အဆောင်မှာ လာလာပြီး မြမြစိန်ကိုလာတွေ့တော့ သူငယ်ချင်းတွေက ဝိုင်းနောက်တယ်။ ကြီးကြီးက “သူကောင်းမျိုး" ́ ဆိုလား၊ ကိုသန်းချိန်တို့အဖေက ရေနံတွင်းစား သူဌေးဆိုလား၊ သိပ်ချမ်းသာတာဘဲတဲ့မေမေရ၊ ဒါပေမဲ့ “စိန်စိန်ရေ ကိုသန်းချိန်ကို မချိန်လေနဲ့၊ စိန်ကိုရမှာ မဟုတ်ဘူး” ဆိုဆိုပြီးတော့ ဟိုကဗျာစပ် ဝါသနာပါတဲ့ မော်လီတို့သူငယ်ချင်း ပိုက်ပိုက်က ခဏ ခဏ နောက်တယ်။ စိန်စိန်ကလဲ ဒီကတည်းက ပြန်ဖြေပါတယ်။ "ငါချစ်တာ ကိုသန်းချိန်ကိုဟေ့"တဲ့။ ဒီလိုအဒေါ်ကြီးတွေ ရှိလဲရှိတတ်တယ်နော်။ မော်လီတို့များ အဲဒီလောက် စိန်တွေရှိရင်လား ကားကို ထဘီနဲ့ဆင်တူ ထည်လဲဝယ်ပြီး ထယ်လဲစီးမယ်။ ဖိုးဖိုးကြီးနဲ့ ဒေါ်ဂျိုးဥနဲ့ အတူထားဘို့ကောင်းတယ်....”
“ယုံပါတယ် မရွှေမော်ရယ် ယုံပါတယ်၊ တကယ်တော့ ငါ့သမီးဟာလေ မြမြစိန် ခြေဖျားတောင် မမှီဘူး၊ မြမြစိန် နေပုံထိုင်ပုံ အတုခိုးဘို့ ကောင်းတယ်.....”
“မခိုးနိုင်ဘူး မေမေရေ၊ မခိုးနိုင်ဘူး။ နဂိုရ်ကလည်း သူငယ်ချင်းတွေ ကျောင်းမှာ ကျောင်းထွက်ရင် ဘာလုပ်မလဲ တိုင်ပင်ကြတော့ “ငါကတော့ ငွေကိုသုံးချင်တယ်၊ မက်တာမဟုတ်ဘူး၊ ဒီတော့ ငွေရလမ်းစဉ် ငွေရတဲ့အလုပ်ဘဲ လုပ်မှာဘဲ” လို့ သူငယ်ချင်းတွေကို ဗြောင်ဘဲ ပြောတာဘဲ။ အကျင့်ပျက်အောင် ငွေရှာမှာတော့မဟုတ်ဘူး။ တခုကလဲ မေမေရာ၊ မြမြစိန်က ပိုးစိုးပက်စက်သုံးနေရင်တော့ အပြစ်တင်စရာပေါ့၊ ကိုသန်းချိန်မှာဖြင့် စပယ်ရှယ်ဆိုလို့ နဂါးလိပ်အဝါပတ်တခုဘဲ သူ ထူးထူးထွေထွေ သောက်ပြီး စာရေးစာဖတ်နေတာဘဲ။ မော်လီတို့လိုများ အဏ္ဏဝါလှိုင်းကြီးလှိုင်းငယ်တွေ မြမြစိန် ဝတ်နေရင် ဒေါ်ဂျိုးဥကြီး လဲသေမလားမသိ....”
မော်လီသည် ယခုလို ရှင်းရှင်းပြောတော့လည်း ချစ်စရာကောင်းပေသား။ ဒေါ်သန်းဌေးကမူ သမီးလမ်းစဉ်ကို မကြိုက်သော်လည်း မတားခဲ့ပေ။
“တခုတော့ မေမေ အံ့သြတယ်၊ သမီးမှာ သမီးဖေဖေရဲ့အဖိုးဘက်က စရိုက်ဓလေ့ တစက်မှ ပါမလာတာ အံ့သြစရာကြီး"
“မအံ့သြနဲ့မေမေ၊ ဘုရားသခင်ကျေးဇူးလို့ မှတ်ပါ။ တော်ပါတော့ ဖေဖေတို့မောင်နှမနဲ့ အဖေ့အဖိုး နေခဲ့ပုံကို သမီးက ပုံပြင်လိုဘဲ နားထောင်ချင်တယ်။ “ငါးနုသန်းလေးကောင် စီမံကိန်းကြီး" ၀ါးခယ်မဌာနေက လူအိုလူဟောင်းကြီးတွေရဲ့ ဘာခေါ်မလဲ၊ သက်ကြီးစကားလောက်ဘဲ ထားလိုက်ပါတော့။ သမီးကံက တနေ့ ငါးနုသန်းနှစ်ကောင်းစားပြီး သေသွားရမယ့်ဇာတာ ပါလာတာမှ မဟုတ်ဘဲ...”
မော်လီသည် ခပ်ရွှင်ရွှင်ပင် ရယ်မောကာ သူ့စကားကို အဆုံးသတ်ရင်း ထမင်းစားပွဲကို ပုမနှင့်အတူ ကူညီသိမ်းရန် ထွက်သွားတော့သည်။
မော်လီ ပြောသည်မှာ ဟုတ်တော့လည်း ဟုတ်ပေသား။ ဒေါ်သန်းဌေးသည် ခဏခဏပင် သူ့ယောက္ခမကြီး၏ဖခင် ဦးဖန်ဖူး၏ ငါးနုသန်းလေးကောင် စီမံကိန်းကို မော်လီကို ပြောပြတတ်၍ မော်လီမှာ ပုံပြင်သဖွယ်ဖြစ်နေပေပြီ။
စစ်မဖြစ်ခင်က အဖြစ်တွေကို ပြန်ပြောပြရခြင်းမှာလည်း လက်ရှိခေတ်လူငယ်တွေအတွက် ပုံပြင်သဖွယ် ဖြစ်နေသည်မှာလည်း အံ့ဩစရာမဟုတ်ပေ။ ထို့အတူ စစ်မဖြစ်ခင်က ကွယ်လွန်သွားသော ဒေါ်သန်းဌေး၊ ဒေါ်ငြိမ်းမယ်တို့၏ဘိုးဘွားများကို အသက်သွင်း၍ လက်ရှိခေတ်ကို ပြလိုက်လျှင်လည်း သူတို့သည် ရင်ကို မ,ကာ သဲကန္တာရအတွင်းရှိ မိသားစုထံ သွားရောက်လည်ပတ်မိကြလေသလားဟု ထင်ကောင်း ထင်ကြပေလိမ့်မည်။
မော်လီကတော့ မိခင်ထံမှရသော သူ့အဖေ၏အဖိုးအကြောင်းကို ဒန္တာရီဟူ၍ သူငယ်ချင်းများကို ပြောပြ၏။
"ဒန္တာရီ လို့ ဆိုရင် မော်လီ့စိတ်ထဲမှာ သက်သာတယ်ကွယ့်။ တကယ်တော့ မေမေပြောပြတဲ့အခါ အိပ်ရာထဲ ဝင်ခါနီး ပြောတဲ့ပုံတောင် သနားစရာအကြောင်းရောက်ရင် ကိုယ်တို့ကလေးဘဝက ဝမ်းနည်းကြသေးတာဘဲ။ ဖိုးဖိုးကြီးတို့ အကြောင်းကတော့ ပုံပြင်ဆံဆံသာ နားထောင်လိုက်ရတယ်၊ စိတ်ထဲကတော့ သူတို့ဟာ လူ့ဘဝမှာ တကယ်နေပြီး တကယ် ဒီလိုစားသောက်သွားကြရပါလားလို့ တွေးလိုက်မိရင် သနားသလိုလဲ ဖြစ်ပါရဲ့၊ ရင်ထဲမှာလဲ နင့်တင့်တင့်ကြီး။ ဒီတော့ ပုံလိုဘဲ သဘောထားပြီး မေ့ပစ်တယ်....”
သူငယ်ချင်းများ ကျောင်းဆောင်တွင် အပျင်းပြေ ဝိုင်း၍ သူ့အကြောင်း ကိုယ့်အကြောင်းရော၊ ရည်းစားအကြောင်း၊ မိမိတို့ဌာနေအကြောင်းများကို စပ်မိစပ်ရာပြောမိကြလျှင် မော်လီက သူ၏ဖိုးဖိုးကြီးအကြောင်းကို ဤသို့ပင် ပြော၏။ မှန်၏။ မော်လီ၏ဖိုးဖိုးကြီးမှာ ဦးဖန်ဖူးဖြစ်သည်။ ဦးဖန်ဖူး ကွယ်လွန်စဉ်က ၀ါးခယ်မတွင် တိုက်ကြီးတလုံးနှင့် အိမ်ငါးလုံး၊ ရန်ကုန်မြို့လယ်တွင် သုံးထပ်တိုက် သုံးလုံး ကျန်ရစ်ခဲ့သည် ဆိုသည်။ ငွေသားကမူ ရှေးငွေ တသိန်းကျော် ကျန်ရစ်ခဲ့သည်။(ရွှေအင်္ဂါးတပြား ၁၅ ကျပ် တန်ဖိုးနှင့် တွက်ကြည့်လျှင် ရှေးငွေ တသိန်း၏ ငွေတန်ဖိုးကို မှန်းဆနိုင်သည်။)
ဦးဖန်ဖူးသည် သူ့အချစ်ဆုံးမြေး(မော်လီ၏အဖေ)နှင့် ထမင်းစားသည်။ သူ့ဇနီးသည်က ဈေးဝယ်လျှင် ငါးနုသန်း သို့မဟုတ် ငါးရံ့ပနော် အစရှိသော ငါး လေးကောင် ဝယ်ရသည်။ ထိုငါးဆီပြန် လေးကောင်ကို မနက်
ညနေနှစ်ကောင်၊ မြေးအဖိုးနှစ်ယောက် စားသည်။ ကျန်အိမ်သားများသည် ငါးပိရေကောင်းကောင်း၊ ဟင်းချိုတခွက်နှင့် ပဲသီး ကန်စွန်းရွက် ခပ်ပေါပေါ အသီးအရွက်များကို တအိမ်လုံး စားလောက်အောင် ကြော်စားရသည်။
ဘိုးဘိုးကြီးမှာ တဦးတည်းသောသမီး ဒေါ်ရင်တယောက်သာ မွေးခဲ့သည်။ ထိုဒေါ်ရင်မှ မော်လီ၏အဖေကို မွေးခဲ့သည်။ သို့သော် ဘာဖြစ်ကြမှန်းမသိ။ ဖိုးဖိုးကြီးဦးဖန်ဖူး ကွယ်လွန်သောအခါ ဦးဖန်ဖူး၏တူ မွေးစားသားများ၊ ဆွေမျိုးများနှင့် သမီးအရင်း ဒေါ်ရင် အမှုဖြစ်လိုက်ကြသည်မှာ ဆွေစဉ်မျိုးဆက် မဆုံးတော့ပေ။
မော်လီ့လက်ထက်တွင် သူ့ဖိုးဖိုးကြီး၏ငယ်ငယ်က ရွှေထီးဆောင်းခဲ့သောခေတ်ကို ပုံပြင်လိုသာ ကြားဘူးသည်။ မော်လီသည် ခပ်ရွှတ်ရွှတ်လည်း ပြောတတ်၏။ “ဒို့ဖိုးဖိုးကြီး ဆောင်းခဲ့တာ ရွှေရောင်ပြားစက္ကူနဲ့လုပ်တဲ့ ထီးစုတ်ကြီး ထင်ပါ့ကွာ”ဟု ပြောတတ်၏။ ဒေါ်သန်းဌေးနှင့် လက်ထပ်သောအခါ မော်လီ့အဖေ ဦးရွှေသွင်တွင် တိုက်တလုံးမှလွှဲ၍ ဘာမျှပါမလာပေ။ ဒေါ်သန်းဌေးကလည်း ဒေါ်ငြိမ်းမယ်သာသာတည်း။ ဦးဖန်ဖူးချမ်းသာပုံများကို ဧဝံ - ဤသို့၊ သုတံ-ကြားလိုက်ရ၏ ဆိုသည်ကလွဲ၍ သူတို့အမွေကိစ္စများတွင် သူ့ခင်ပွန်းသည် မပါအောင် ဆွဲထုတ်ခဲ့သည်။
“ခုခေတ် စာရေးဆရာတွေ ရေးတော့ လယ်သမားများ ဆင်းရဲလွန်းလို့ ငါးပိရေ တို့စရာနဲ့ ဆူးပုတ် ကင်းပုံဟင်းချိုကို လယ်ငါးလေးတွေနဲ့ ဟင်းချက်စားတယ်ဆိုတော့ သနားစရာလေးလိုဘဲ၊ ငါတို့ဖိုးဖိုးကြီးတို့ကတော့ သူတို့ဝဋ်ရှိလို့ ကိုယ်ဝဋ်ကိုယ်ခံကြရတာပါဘဲကွာ....”
မော်လီသည် ဤသို့ပင် သူ့စကားကို လက်စသတ်တတ်သည်။ ထို့ကြောင့်ပင် ဖိုးဖိုးကြီး ဦးဖန်ဖူးတို့၏ စရိုက်ဓလေ့ နည်းနည်းမှ သူ့သမီး မော်လီတွင် မပါသည်ကို ဒေါ်သန်းဌေးက တအံ့တဩ ပြောတတ်ခြင်း ဖြစ်ပေသည်။
အပိုင်း(၅)ဆက်ရန်
------------------------
0 Comments