ဘဝအိပ်မက် ပန်းအိပ်မက် - မစန္ဒာ (အပိုင်း ၁၀)

#ဘဝအိပ်မက် ပန်းအိပ်မက်

အပိုင်း (၁၀)

ဦးဘပွားသည် သူကိုယ်သူ အံသြနေသည်။ သူ ဘာဖြစ်လို့ သည်လိုတာဝန်ယူလိုက်မိမှန်း သူ့ကိုယ်သူပင် အသေအချာ မသိပေ။

“အင်း... ဦးကံမြင့် ပြောသလို ပြောရမယ်ဆိုရင်တော့ ဒီကလေးရဲ့ ကံကြောင့်ပဲ ဖြစ်ရမှာပေါ့လေ”

သည်နေ့ မနက် လမ်းလျှောက်ပြီး ပြန်လာတော့ သူ တော်တော်လေး မောသည်။ ဦးကံမြင့်က သူ့ကို စိုးရိမ်သလို ကြည့်ရင်း "မောသလား ဦးဘပွား”ဟု ဆိုတော့ သူက နှုတ်ခမ်းကို တင်းတင်း ​စေ့ကာ ခေါင်းခါပြလိုက်သည်။ ရင်ထဲတော့ “အင်း .. လာပြီ လာပြီ... ​ဝေဒနာတွေတော့ ဖြည်းဖြည်း လာနေပြီ”ဟု တွေးကာ တုန်တုန်လှုပ်လှုပ် ဖြစ်နေသည်။ သို့သော်လည်း သူတုန်လှုပ်နေသည်ကို ဦးကံမြင့် သိမှာ စိုးရိမ်နေပြန်သည်။

အိမ်ပြန်ရောက်တော့ နံနက် ခုနှစ်နာရီခန့် ရှိပေပြီ။ တိတ်ဆိတ် ငြိမ်သက်လျက်ရှိသော သူ၏အခန်းငယ်ကလေးသည် သူ့ကို ခါတိုင်းလိုပင် အေးစက်စွာ ဆီးကြိုသည်။ သူသည် ဧည့်ခန်းက ကုလားထိုင်တွင် မောလျစွာ ထိုင်ရင်း စားပွဲမှန်ပြားအောက်မှ သားတွေ သမီးတွေ၏ပုံများကို ​ငေး​ငေးစိုက်စိုက် ကြည့်နေမိသည်။ သည်အချိန်ဆိုရင် သူတို့တွေ ဘာများလုပ်နေကြမလဲဟု တွေးရင်း ခေါင်းထဲတွင် ရီဝေဝေဖြစ်လာသည်။

ဘာပဲလုပ်နေသည်ဖြစ်စေ၊ သူတို့၏ဖခင်သည် သူတို့ကို လွမ်းဆွတ် တမ်းတလျက်ရှိကြောင်းကိုကား ယောင်၍မျှ တွေးတောမိလိမ့်မည် မဟုတ်သည်မှာ သေချာသည်။ သူတို့၏ဖခင် ဦးဘပွားသည် ချစ်တတ်လိမ့်မည်၊ လွမ်းတတ်လိမ့်မည်ဟုလည်း ထင်ကြလိမ့်မည် မဟုတ်ပေ။ သမီးကြီး၏ စာတစ်စောင်ထဲတွင် “သမီးလဲ မြန်မာပြည်ကို သတိရပါတယ်၊ ဒါပေမယ့် အလုပ်များလွန်းလို့ ကြာရှည်တော့ သတိမရနိုင်ဘူး၊ ဖေဖေရော သမီးတို့ဆီ လာမလည်သေးဘူးလား၊ ဒီနှစ် နွေမှာ အားရင် လာခဲ့ပါလား ဖေဖေ၊ သမီးကတော့ ဖေဖေ့ကို သတိရနေပါတယ်”ဟု ဆိုခြင်းအားဖြင့် ဖေဖေကတော့ သတိရနေလိမ့်မည် မဟုတ်၍ သွယ်ဝိုက်၍ ဆိုလိုခြင်းဖြစ်ကြောင်းကို သူ နားလည်လိုက်သည်။ သမီးကြီးသည် သူတို့၏ဖခင်သည် သူတို့အား နှစ်နှစ်ကာကာ ချစ်ခင်ခြင်းမရှိခဲ့ဟု စွဲလမ်းယုံကြည်နေဆဲပင် ဖြစ်ပုံရလေသည်။

“အင်း... တကယ့်တကယ်ကတော့ ငါကလဲ ငါပါပဲလေ” 

ဦးဘပွားက သူ့ကိုယ်သူ အပြစ်တင်မိသည်။ သူသည် သားသမီးများအပေါ်တွင်ပင် မာနကြီးခဲ့သူဖြစ်သည်။ သမီး၏စာကို ဖတ်ရတော့ သူစိတ်ထိခိုက်မိသည်။ ထို့ကြောင့် “ဖေဖေက သမီးတို့ကို မချစ်ဘူး၊ သတိမရဘူးလို့ သမီးထင်နေလား၊ တွေ့ ရာအရပ်မှာ တွေ့ရာမိန်းမတွေနဲ့ပဲ နေတယ်လို့ သမီး ထင်နေသလား၊ မှားလိုက်တာ သမီးရယ်၊ အခု ဖေဖေ တကယ့်ကို တစ်ယောက်တည်း နေနေတာပါ။ အားရင် သမီးတို့ သားတို့အကြောင်းကိုပဲ ထိုင်တွေးပြီး လွမ်းနေ တတ်တာကိုရော သမီးသိရဲ့ လား။ သားတွေ၊ သမီးတွေ၊ မြေးတွေနဲ့ သိုက်သိုက်ဝန်းဝန်း ပျော်ပျော်ပါးပါး နေရမယ့်ဘဝကို ဖေဖေ သိပ်ပြီးတမ်းတနေမိတယ်ဆိုတာကိုရော သမီးတို့ သားတို့ ယုံရဲ့လားဟင်”ဟု ချက်ချင်း စာပြန်ရေးမိသည်။

သို့သော် ညတုန်းက ရေးထားသော စာကို မနက်ကျတော့ သူပြန်ဖတ်ကြည့်ပြီး အစိတ်စိတ် အမွှာမွှာ ဆုတ်ပစ်ခဲ့သည်။

“နင်တို့ကို ချစ်တယ် ချစ်တယ်နဲ့ ထိုင်အော်နေရမှာလား၊ ပုံပြောပြီး ပုတ်သိပ်နေရမှာလား”ဟု ဒေါသတကြီး အော်ဟစ်ပြောခဲ့သော အသံများကို သူပြန်၍ ကြားယောင်မိသောကြောင့်ဖြစ်သည်။ 

သမီးကြီးက သူ့စာကို ဖတ်ကြည့်ပြီး “အဘိုးကြီးတော့ အခုမှ နောင်တတွေရနေပြီ”ဟု တွေးကာ မဲ့ပြုံးပြုံးလိုက်မည်ကို သူကြောက်သည်။

ထိုသို့ အတွေးခံ အပြုံးခံရမည့်အစား “သူ့ဟာသူ ပျော်နေတာ၊ သားသမီးတွေကို ချစ်တာ သတိရတာ မဟုတ်ဘူး”ဟုသာ အထင်ခံလိုက်တော့မည်။ ဦးဘပွားက သမီးကြီး၏ဓာတ်ပုံကို ကြည့်ကာ သက်ပြင်းချသည်။ ထိုသို့ပင် ထင်နေသည့်အတွက်လည်း သမီးက တစ်ခေါက်တလေလောက်ပင် အလည်ပြန်လာရန် မစဉ်းစားခဲ့ချေ။

“သမီးတို့ရော... မြန်မာပြည်ကို မေ့နေပြီလား၊ ဖေဖေ့မြေးတွေရော မြန်မာစကား တတ်သေးလား”ဟု သူက မေးတော့ သမီးကြီးက “မြန်မာပြည်ကို မမေ့ပါဘူး ဖေဖေရဲ့။ ကိုယ့်အဖေတစ်ယောက်လုံးရှိနေတဲ့ တိုင်းပြည်ကို ဘယ်မေ့မှာလဲ”ဟု စာပြန်ရေးခဲ့သည်။ ''သမီးကြီးသည် သမီးက မြန်မာလူမျိုးပဲဟာ၊ မြန်မာပြည်ကို မေ့ပါ့မလား”ဟု မရေးခဲ့သည်ကို သူသတိထားမိသည်။ 

“ဖေဖေ့မြေးတွေကတော့ မြန်မာစကား မတတ်သလောက်ပဲ ဖေဖေရေ။ သမီးတို့က အိမ်မှာတော့ မြန်မာလို ပြောပါတယ်၊ ဒါပေမယ့် ကလေးတွေက သိပ်ပြီး နားမယဉ်ဘူးပေါ့၊ တနေ့တုန်းကတော့ သားအလတ်ကောင်က သီးမွှေးငှက်ပျောသီးတစ်လုံးကို ကြည့်ပြီး ဒီဘာနာနားက အရပ်အမြင့်ကြီးပဲတဲ့၊ သမီးတို့တွေ ရယ်လိုက်ရတာ” ဟု ရေးခဲ့သည်ကို သတိရသည်။

“မြန်မာလူမျိုးတစ်ယောက်က မြန်မာစကား မတတ်တော့တာဟာ ရယ်စရာလား၊ ဒါဟာ ရယ်စရာဖြစ်နေသလား”

သူက တွေးရင်းတွေးရင်း ရင်ထဲတွင် အောင့်လာကာ ချောင်းဆိုးသည်။ ပထမတော့ လည်ချောင်းထဲတွင် ယားလာကာ ခါတိုင်းလိုပင် တစ်ချက် နှစ်ချက်လောက် ဆိုးသည်ဟု ထင်သည်။ သို့သော်လည်း တစ်မိနစ်ခန့် အဆက်မပြတ် ဆိုးနေ၍ သူ အတန်ငယ် လန့်သွားသည်။ ချောင်းဆိုးရပ်တော့လည်း ရင်ထဲတွင် ဟိုက်၍ ကျန်ရစ်သည်။

“ရေဆာလိုက်တာ” 

သူက တီးတိုး ညည်းညူမိသည်။ သို့သော်လည်း နေရာမှ ထကာ ထမင်းစားခန်းထဲရှိ ရေခဲသေတ္တာဆီသို့ လျှောက်သွားရမည်ကိုပင် ပင်ပင်ပန်းပန်း ဖြစ်နေ၍ သည်အတိုင်း ပေ၍ ထိုင်နေမိသည်။

“ဒီနေ့မနက် လမ်းလျှောက်တာ များသွားပြီ ထင်တယ်” ဟု တွေးရင်း ချောင်းထပ်ဆိုးပြန်သည်။

စားပွဲပေါ်တွင် ညကတည်းက ကျန်နေသော ရေနွေးကြမ်းခွက်ကို တွေ့ရသည်။ တစ်ဝက်ခန့် ကျန်နေသေးသဖြင့် အသာလှမ်းယူကာ တစ်ကျိုက် မော့သောက်လိုက်သည်။ 

“အလတ်ကောင်ကတော့ စာထဲမှာ မေးထားတယ်။ ဖေဖေတို့တိုင်းပြည်မှာရော နိုင်ငံရေးရာသီဥတု ကောင်းရဲ့ လားတဲ့” 

အတန်ငယ် အမောပြေသွားတော့ သူက ဆက်၍ တွေးမိပြန်သည်။ "ဖေဖေတို့တိုင်းပြည်မှာရော"ဟု မေးထားသည်ကို ထောက်ရှုခြင်းအားဖြင့် မြန်မာပြည်သည် သူ၏တိုင်းပြည် မဟုတ်ဟု ဆိုလိုဟန်ရှိလေသည်။ 

“အင်း...ဟိုနိုင်ငံသူကို ယူ၊ ဟိုနိုင်ငံမှာနေပြီး ဟိုနိုင်ငံသားကလေးတွေရဲ့အဖေ ဖြစ်လာမယ့်သူ ဆိုတော့လဲ ဒီလိုပဲ မေးတော့မှာပေါ့လေ”

သူက ရေနွေးကြမ်း အေးစက်စက်ကို တစ်ကျိုက် ထပ်သောက်သည်။ လည်ချောင်းတစ်လျှောက် မျောပြီး ဆင်းသွားသော ရေသည် သူ၏လက်ရှိဘဝလိုပင် အေးစက်စက် ဖွယ်တယ်တယ်နှင့် အနံ့အရသာကင်းမဲ့နေသည်။ 

“သားငယ်ဆီက စာမရတာတော့ အတော်တောင် ကြာနေပြီ” 

သူ၏သားအငယ်သည် သူ၏မိခင်နှင့် အတူဆုံးမို့ အချောဆုံးဖြစ်သည်။ သူ့မိခင်လိုပင် နက်ရှိုင်းသောကန်ရေပြင်နှင့်တူသည့် မျက်လုံးများကို ပိုင်ဆိုင်သည်။ ရယ်ခဲ ပြုံးခဲသည်။ မိသားစုသံယောဇဉ် သိပ်မရှိဘဲ ကင်းကင်းပြတ်ပြတ် နေလေ့ရှိသည်။ ဖခင်ဆီသို့သာမဟုတ်၊ အစ်မနှင့် အစ်ကိုဆီသို့လည်း စာရေးခဲသည်။ ရေးလျှင်လည်း ဖွဲ့ဖွဲ့နွဲ့နွဲ့ မရေးတတ်ဘဲ တိုတိုရှင်းရှင်းနှင့် လိုရင်းကိုသာ တဲ့တိုးရေးလေ့ရှိလေသည်။ သူများအကြောင်းကိုလည်း ဘာမျှ မစပ်စု၊ သူ့အကြောင်းကိုလည်း ဘာမျှ မပြောတတ်ပေ။ သားငယ်၏နေရေး၊ ထိုင်ရေး၊ စားရေး၊ သောက်ရေး၊ လူမှုဆက်ဆံရေး စသည်များကို သူက မှန်းဆတွေးတော၍သာ ကြည့်ရသည်။

သားငယ်ကတော့ ... “အဆင်ပြေပါတယ် ဖေဖေ” ဟုသာ တိုတိုတုတ်တုတ် ရေးလေ့ရှိလေသည်။

“ဖေဖေရော နေကောင်းရဲ့လား၊ သွေးရော တိုးသေးလား၊ တစ်လောက ဆေးစစ်တာရော ဘာရောဂါတွေ့သလဲ” စသည် စသည်ဖြင့်လည်း ဖခင်ဖြစ်သူကို တစ်ခါမျှ မမေးခဲ့ဖူးချေ။

“မင်းတို့တွေအတွက် ငါရဲ့ ကျန်းမာရေးနဲ့ သေရေးရှင်ရေးဟာ ဘာမှ စိတ်ဝင်စားစရာကိစ္စ မဟုတ်ဘူး ထင်ပါရဲ့” 

ဦးဘပွားက ညှိုးငယ်စွာ တွေးသည်။ အတန်ကြာအောင် ခြေပစ်လက်ပစ် ထိုင်နေမိပြီးမှ နေရာမှ ထသည်။ ရေအေးအေး တစ်ခွက်ကို အလျင် သောက်မည်။ ပြီးတော့ ရေချိုးမည်။ ထိုနောက် အဆင်သင့်ဖျော်သောက်၍ ရသော ​ကွေကာအုပ်တစ်ထုပ် ဖျော်သောက်ပြီး ခေတ္တမျှ အိပ်လိုက်ဦးမည် စဉ်းစားသည်။ 

သို့သော် သူသည် ရေအေးအေးကိုလည်း မသောက်ဖြစ်၊ ​ရေလည်း မချိုးဖြစ်ခဲ့ပေ၊ အိမ်ရှေ့တွင် စကားတပြောပြောနှင့် လျှောက်လာကြသော ဖိုးမူနှင့် ဖိုးခွား မောင်နှမနှစ်ဦးကြောင့် ဖြစ်?သည်။

“ကံကောင်းလေး သနားပါတယ်နော်” 

ဖိုးခွားက ပြောသည်။

“သူ့ကို မိဘမဲ့ဂေဟာပဲပို့မယ် ထင်တယ်တဲ့၊ ပါးပါးက ပြောတယ်” 

“ဘာဖြစ်လို့ မမွေးစားတာလဲ ဟင်”

“ကလေးတစ်ယောက် မွေးစားရတယ် ဆိုတာ လွယ်တာမှ မဟုတ်ဘဲတဲ့”

“ဘာဖြစ်လို့လဲ” 

“ဟ... နွားကြီးရ ပိုက်ဆံကုန်တာပေါ့ဟ”

“ငါမှာသာ ပိုက်ဆံရှိရင် ကံကောင်းလေးကို မွေးစားမယ် သိလား၊ အဟုတ်ပြောတာ” 

“အေး ... ဒါပေမယ့် နင့်မှာမှ ပိုက်ဆံမရှိဘဲ”

“သိကြားမင်းကြီး မ,ပါခင်ဗျာ၊ ကျွန်တော့်မှာ ပိုက်ဆံတွေ အများကြီးရှိလာအောင် မ,စပါ ခင်ဗျ” 

ဖိုးခွားက ဆုတောင်းသည်။ ဖိုးမူက ရယ်သည်။

“နင့်မှာ ပိုက်ဆံတွေ အများကြီးရှိအောင် စောင့်နေရရင်တော့ ကံကောင်းလေး အိုပြီး သေတော့မှာပဲ”

“ဒီလိုဆိုရင် သိကြားမင်းကြီးရေ၊ ကံကောင်းကို သူဌေးကြီးတစ်ယောက်ယောက် မွေးစားအောင် လုပ်ပေးပါ ခင်ဗျ” 

ဖိုးခွားက သူ့ဆုတောင်းကို ပြင်ဆင်ပြီး ထပ်မံ ဆုတောင်းသည်။

“အဲဒီ သူဌေးကြီးက သဘောလဲ ကောင်းပါစေလို့ ထည့်ပြီး ဆုတောင်းဦးလေးဟာ” 

ဖိုးမူက ဖြည့်စွက်သည်။ ပြောပြောဆိုဆို ရယ်ရယ်မောမောနှင့် လှေကားကို သွက်သွက် နင်းကာ တက်သွားကြသော သူတို့မောင်နှမ၏ခြေသံကို နားထောင်ရင်း ဦးဘပွား ငိုင်နေမိသည်။

“သူဌေးကြီး တစ်ယောက်ယောက်တဲ့”

ဖိုးခွား ရေရွတ်သွားသော စကားကို ထပ်၍ ရေရွတ်ကြည့်သည်။ ထို့နောက် သူ့တွင်ရှိသော ပစ္စည်းအင်အား၊ ငွေအင်အားကို စိတ်ထဲမှ တွက်ကြည့်နေမိသည်။ ခြံများ၊ တိုက်တာအဆောက်အအုံများ၊ (စိန်ရွှေရတနာတော့ သိပ်မရှိလှ။ ဇနီးသည်၏လက်ဝတ်လက်စားများကို သမီးကြီးအား အကုန်ပေးလိုက်ပြီဖြစ်သည်။) လစဉ်ဘဏ်သို့ ဝင်နေသော အိမ်ငှားခငွေများ (အိမ်ငှားခကို နိုင်ငံခြားနှင့် ရသည်)။ ထိုငွေများကို ဘယ်လိုမှ သုံး၍ မကုန်ပေ။ ဘုရားရွှေချရန်၊ အုတ်တံတိုင်းပြုပြင်ရေး၊ ကျောင်းကန်ဇရပ်ဆောက်ရန် စသော ကုသိုလ်ရေးများကိုလည်း ဝါသနာမပါလေတော့ ဘယ်ကိုမျှလည်း လုံးလုံးခဲခဲ မလှူဖြစ်ပေ။ လစဉ်ပိုနေသော ငွေပေါင်းများစွာကို သူက စိတ်ဝင်စားခြင်း ကင်းမဲ့စွာနှင့် မျက်နှာလွှဲထားခဲ့သည်မှာ အတန်ကြာပေပြီ။

“ငါ့မှာ ငွေတွေအများကြီး ပိုနေတာပဲ” 

သူက တွေးသည်။

“ဟုတ်တယ်၊ ငါ့မှာ ငွေတွေ အများကြီး ပိုနေတာပဲ” 

သူက ရင်ဘတ်ထဲတွင် အောင့်ပြီး နာနေသည်ကိုရော ချောင်းဆိုးပြီး မောနေသည်ကိုရော ခေတ္တမျှ မေ့သွားသည်။

“ငါမှာတော့ ငွေတွေ အများကြီး ပိုနေတယ်၊ ဟိုကလေးကတော့ ငွေအနည်းအပါးလိုနေတယ်”ဟု တွေးမိသည်။ (ကံကောင်းအတွက် လိုသောငွေသည် ဦးဘပွား၏အတိုင်းအတာနှင့်တော့ အနည်းအပါးသာဖြစ်သည်။)

“ငါက ဒီလောကကြီးထဲက ထွက်သွားရတော့မယ်၊ ဒီငွေတွေကိုလဲ ထားခဲ့ရတော့မယ်၊ တစ်ပြားတစ်ချပ်မှလဲ ယူသွားနိုင်မှာမဟုတ်"

ထမင်းစားခန်းထဲသို့ ဝင်မည်ဟန်ပြင်နေသော ဦးဘပွား၏ ခြေထောက်အစုံသည် အိမ်ပြင်သို့ ထွက်လာမိလျက်သား ဖြစ်နေသည်။ ထိုနောက် သူ့ကိုယ်သူ သတိမထားမိခင်မှာပင် လှေကားမှ တက်လာမိသည်။

ကိုကောင်းထက်တို့အခန်းထဲတွင် လူစုံရောက်နေသည်။ “နေကြဦးလေ၊ သိပ်ပျော်မနေကြနဲ့ဦး၊ ငါတို့မှာ စဉ်းစားစရာ​တွေ ကျန်သေးတယ်”ဟု ကိုရန်ဝေးက ကလေးတွေကို အော်နေသည်။

သူသည် အခန်းထဲသို့ လှမ်းမဝင်ဘဲ တံခါးအကွယ်တွေ ရပ်နေမိသည်။ သူတစ်ပါးအရေး သူတစ်ပါးကိစ္စကို တစ်ခါတစ်ရံ သိချင်ခဲ့ခြင်း၊ စပ်စုခဲ့ခြင်း မရှိခဲ့သော သူ့အနေနှင့် အခုလို သူများအိမ်တံခါးဝအထိ ရောက်အောင် တက်လာခဲ့ခြင်းအတွက်လည် ကိုယ့်ကိုယ်ကို ပြန်ပြီး အံသြနေသည်။ 

“တကယ့်ပြဿနာက ငွေ၊ ဟုတ်တယ် ငွေ၊ သူ့စားဝတ်နေရေးအပြင် ကျန်းမာရေးနဲ့ ပညာရေး၊ အဲဒါတွေအတွက် ကုန်ကျမယ့်ငွေ၊ အဲဒီငွေကို ဘယ်သူပေးမလဲ”

“ငါပြန်ဆင်းသွားရရင် ကောင်းမလား မသိဘူး” 

စဉ်းစားနေမိစဉ် ကိုရန်ဝေး၏စကားကို ကြားရတော့ သူက အပြင်မှနေပြီး ခေါင်းညိတ်၍ ထောက်ခံမိသည်။ ကိုရန်​ဝေးပြောသလို အဲဒါတွေအတွက် ကုန်ကျလာမယ့်ငွေ၊ ထိုငွေကို သူတို့ ဘယ်လိုရှာကြမည်နည်း။ ထိုအချက်ကို သူတို့ ဘယ်လို့ ဖြေရှင်းကြမည်နည်း၊ ဒါကို သူသိချင်နေသည်။

“ဒီလိုပဲ ခြစ် ခြစ်... ခြုတ်... ခြုတ်”

လူပျိုကြီး ကိုကောင်းထက်၏အသံကို အလျင်ဆုံး ကြားရသည်။ ထို့နောက် “ကျွန်မတို့လဲ အနည်းအပါးတော့ တတ်နိုင် ..."ဟု တုံ့ဆိုင်းဆိုင်းပြောသော ဒေါ်ရွှေနု၏အသံ၊ ကထိက ကတော်ကြီး ဒေါ်ခင်လှဆီကတော့ ဘာသံမျှပင် ထွက်မလာချေ။

“ငွေ” 

သူက စဉ်းစားသည်။ လူသားတစ်ဦး၏ဘဝ၊ လူသားတစ်ဦး၏ကြမ္မာ၊ သူ၏အသက်ရှင်သန်ရေး၊ ကြီးပွားတိုးတက်ရေး စသည်တို့အတွက် ငွေသည် မည်မျှ အရေးကြီးနေသနည်း။ ငွေသည် ထိုမျှ အရေးကြီးသောကဏ္ဍတွင် နေရာယူထားသင့်ပါသလား။ မိဘမဲ့နေသည့် ကလေး၊ ခိုကိုးရာမဲ့နေသည့်ကလေး၊ လူမှန်းမသိသေးသည့်ကလေး၊ ထိုခြောက်လသားကလေးငယ်ကလေး၏ ရှင်သန်ကြီးထွားရေးအတွက် ငွေဟူသည်မှာ အဓိကပြဿနာ ဖြစ်သင့်ပါသလား။

“အဲဒါက ပြဿနာမဟုတ်ပါဘူး” 

ဦးဘပွားသည် တံခါးဝတွင် မားမားရပ်ကာ သူ့ကိုယ်သူ အဖြေပေးလိုက်သည်။ 

“အဲဒါက ပြဿနာမဟုတ်ပါဘူး၊ အဓိကအရေးကြီးတာက အဲဒီကလေးကို ပေးကြမယ့်မေတ္တာ၊ နောက်ပြီး ကရုဏာနဲ့ စေတနာ”

သူသည် ကလေးငယ်အား စူးစိုက်ကြည့်ရင်း တွေးနေမိသည်။ သူ့ကို မျက်လုံးဝိုင်းလေးနှင့် ကြည့်နေသော ကလေးငယ်၏မျက်နှာသည် လွန်ခဲ့သောနှစ်ပေါင်းများစွာက သူမြင်ခဲ့ဖူးသော သူ့သား၊ သူ့သမီးများ၏ မျက်နှာလေးများနှင့် တူနေသည်။ ထိုသို့သော ချိုရွှင်လန်းဆန်းသော၊ အပြစ်ကင်းစင်သော မျက်နှာကို ကလေးငယ်များထံမှလွဲ၍ မည်သူ့ဆီမှာမျှ သူ မတွေ့ခဲ့ဖူးသေးချေ။ 

“ဒီကလေးကို အေးအေးချမ်းချမ်း ကြီးပြင်းလာရအောင် ကျုပ်တို့ တတ်နိုင်မယ် ထင်ပါရဲ့” 

ထိုသို့ပြောရင်း သူ့ရင်ထဲတွင် ထိထိခိုက်ခိုက်ဖြစ်လာသည်။ ဝမ်းနည်းခြင်းလော၊ ပျော်ရွှင်ခြင်းလော၊ ကြေကွဲခြင်း​​လော၊ ကြည်နူးခြင်းလော ဘာမှန်းမသိ။ ကျောက်ပြင်ကျောက်သားကြီးလို တင်းမာနေသော နှလုံးသားထဲတွင် နင့်နင့်နည်းနည်းကြီး ဖြစ်သည်ကို ခံစားသိရှိနေရသည်။ 

“အပေါ်ထပ်တက်သွားမိတာ မမှားပါဘူး” 

လှေကားမှ ပြန်ဆင်းလာရင်း ဦးဘပွားက တွေးသည်။ သူသည် ကိုယ့်ကိုယ်ကိုလည်း မကျေနပ်တတ်၊ သူတစ်ပါးကိုလည်း အလွန်ကျေနပ်ခဲသော လူစားမျိုးဖြစ်သည်။ သို့သော် သည်တစ်ခါတော့ ထူးထူးခြားခြား ကျေနပ်နေမိသည်။ 

သူ့ကို မြင်လိုက်တော့ တအံတသြဖြစ်သွားသော မျက်နှာများ၊ သူ့ဆီက ဘာဆိုဘာမျှ မျှော်လင့်မထားသော မျက်နှာများ၊ သူ့စကားကြားတော့ ကျေးဇူးတတင်ဖြစ်သွားသောမျက်နှာများ၊ မျက်နှာဖုံးမပါသော ပကတိမျက်နှာများ၊ ထိုမျက်နှာများကို မြင်ခဲ့ရသည့်အတွက် ကျေကျေနပ်နပ်ကြီး ဖြစ်နေသည်။

“တစ်ကယ့် တစ်ကယ်ဆိုရင် ဟို... အူကြောင်ကြောင်လူ ကိုကောင်းထက်တို့သားအဖဟာ ခပ်မွဲမွဲပဲ၊ အောက်ထပ်က သားအမိကတော့ မမွဲပေမယ့် အတော်ကို ကပ်စေးနှဲမယ့်ပုံ၊ ကထိကမိသားစုကတော့ ကလေးတွေနဲ့ဆိုတော့ လုံးလည် ချာလည်လိုက်နေမှာ၊ ဘယ်လိုမှ ချောင်ချောင်လည်လည် ရှိနိုင်မှာမဟုတ်ဘူး၊ ဒါပေမယ့် သူတို့အားလုံးက ဒီကလေးကို တစ်ယောက်တစ်လက် ဝိုင်းပြီး ထိန်းကြဖို့၊ ကျွေးမွေး စောင့်ရှောက်ကြဖို့ ကြိုးစားပြီး ဆုံးဖြတ်ကြတယ်၊ အဲဒါဟာ ချီးကျူးစရာပဲ” 

ဦးကပွားသည် သူ၏အခန်းနီးချင်းများကို ပထမဆုံးအကြိမ်အဖြစ် အကောင်းမြင်မိလေသည်။

“သူတို့က ကလေးကို မေတ္တာနဲ့ထိန်းကြမယ်၊ စေတနာနဲ့ ပြုစုကြမယ်၊ ကရုဏာနဲ့ ကျွေးမွေးကြမယ်။ လိုတဲ့ငွေကို ငါက ပေးမယ်” 

အခန်းထဲပြန်ရောက်သောအခါ ဦးဘပွားသည် သူရေဆာနေသည်မှာ အတော်ကြာပြီဖြစ်ကြောင်း သတိရသည်။ ထို့ကြောင့် ထမင်းစားခန်းထဲ တန်း၍ ဝင်လာခဲ့ကာ ရေခဲသေတ္တာထဲမှ ရေအေးအေးကို တစ်ခွက်လုံး ကုန်အောင် တစ်ရှိန်ထိုးမော့သောက်လိုက်သည်။

မြမြအေးနေသော ရေသည် သူ၏လည်ပင်းတစ်လျှောက်ကိုသာမက အစာအိမ်ထဲထိပါ အေးပြီး လျောဆင်းသလို ခံစားရသည်။

“လိုတဲ့ငွေကို ငါကပေးမယ်၊ ဟုတ်တယ်၊ ငါ့မှာလဲ ငွေကလွဲလို့ ဘာမှ ပေးစရာမရှိပါဘူး”

သူ၏နှလုံးသား တင်းတင်းမာမာထဲတွင် အတ္တနှင့် မာနတရားများကသာ ခဲကျပ်နေခဲ့သည်။ မေတ္တာ၊ စေတနာနှင့် ကရုဏာစိတ်များ အတော်လေးနည်းပါးခဲ့သည်ကို သူသိသည်။

“မင်းမှာ သူများကို ပေးစရာ ဘာမေတ္တာမှ မရှိ၊ အဲဒီမေတ္တာဆိုတာကြီးကိုလဲ တစ်သက်နဲ့တစ်ကိုယ် မင်း ဘယ်သူ့ဆီကမှလဲ မရဖူးခဲ့၊ အဟက် အဟက်” 

ဦးဘပွားသည် သူကိုယ်သူ သရော်သလို ရယ်ရင်း နံရံတွင် ချိတ်ဆွဲထားသော မှန်ထဲသို့ လှမ်း၍ ကြည့်မိသည်။ ဇရာနှင့် ဝေဒနာတို့၏ အရိပ်အရောင်များ လွှမ်းနေ သမ်းနေသော မျက်နှာတစ်ခုသည် သူ့ကို ပြန်ကြည့်နေသည်။ ထိုမျက်နှာသည် အတ္တကြီးခဲ့သူ၊ မာနကြီးခဲ့သူ၊ ကာမရာဂအားကြီးခဲ့သူ ဦးဘပွားဟူသည့် သူ၏မျက်နှာပင် ဖြစ်သည်။

“ဦးဘပွားဆိုတာ သူပဲ” 

ဦးဘပွားသည် မှန်ထဲမှ ရုပ်သွင်ကို သူစိမ်းပြင်ပြင်တစ်ဦးလို ​ငေးပြီး ကြည့်နေမိသည်။ 

“ငါဟာ ဦးဘပွားပဲ မဟုတ်လား” 

ဦးဘပွားက သူ့ကိုယ်သူ ပြန်ပြီး မေးမိပြန်သည်။

“ဗုဒ္ဓအဘိဓမ္မာအရ အတ္တမရှိဘူး၊ ငါဆိုတာ မရှိဘူး၊ အားလုံး အနတ္တချည်းပဲလို့ ဆိုပေမယ့် ပညတ်သဘောအရတော့ ဦးဘပွားဆိုတာ ငါပဲမဟုတ်လား၊ ဒီရုပ်နာမ် ခန္ဓာငါးပါးကြီးကို ဦးဘပွားလို့ပဲ ခေါ်ကြတယ် မဟုတ်လား” 

ခါတိုင်းထက် မသိမသာ နားထင်နားရင်းတွေ ကျကာ ပိန်နေသောမျက်နှာ၊ ဖြူဖတ်ဖြူရော် ဖြစ်နေသော မျက်နှာ၊ ဆံပင်တွေ ကျဲပါးကာ နားသယ်ဆံစပ်တွေ ဖြူနေသောမျက်နှာ၊ တဖြည်းဖြည်း ချဉ်းကပ်လာသော ဝေဒနာကို တွေးတောကြောက်ရွံ့ နေသော မျက်နှာ၊ ထိုမျက်နှာသည် သူတကယ်ပိုင်ဆိုင်သော မျက်နှာမဟုတ်ကြောင်းကို ပထမဆုံးအကြိမ်အဖြစ် အတွေးပေါက်သွားသည်။

“မဟုတ်ဘူး... ငါဟာ သူ... မဟုတ်ဘူး၊ သူက သေတော့မှာ၊ ချုပ်ငြိမ်းတော့မှာ၊ မကြာခင် ပြာဖြစ်တော့မှာ၊ ဘုရား ... ဘုရား၊ ဒါတွေဟာ တကယ်ပဲဖြစ်လာတော့မှာပါလား” 

မှန်ထဲက ဦးဘပွား၏မျက်နှာ ပိုပြီး ချုံးကျသွားသည်။

“ငါလို့ထင်နေတဲ့ ရုပ်ကြီးကို စွန့်ထားခဲ့ပြီး ဘဝအဆက်ဆက်နဲ့ အခုဘဝက လုပ်ခဲ့တဲ့ ကံ ဟုတ်တယ်၊ အဲဒီကံတွေအရ ဘဝတွေ ဆက်ကာဆက်ကာနဲ့ ဆက်ပြီး သံသရာမှာ လည်ရဦးမှာပဲ”

ဦးဘပွားသည် သူ၏တစ်သက်တာတွင် ပထမဦးဆုံးအကြိမ်အဖြစ် ရှည်လျားလှသော သံသရာအကျိုးဆက်ကို မျှော်၍ ကြည့်လိုက်မိသည်။

“နောင်ဘဝကျတော့ နောက်ခန္ဓာတစ်ခုကို တည်ဆောက်မှီတွယ်ဦးရမယ်။ လူဖြစ်ရင်လဲ လူခန္ဓာ၊ ခွေးဖြစ်ရင်လဲ ခွေးခန္ဓာ၊ ဘုရား...ဘုရား၊ ဒီသံသရာကြီးထဲမှာ ဘဝအမျိုးမျိုးနဲ့ ကျင်လည်ရဦးမှာပါလား၊ ပဋိသန္ဓေစိတ်တွေ ဖြစ်မှာပါလား”

သူ တစ်ခါမျှ လေးလေးနက်နက် မတွေးမိသော နောင်ဘဝကို တွေးမိရင်း ဦးဘပွားသည် အားအင်ကုန်ခန်းကာ ပန်းဟိုက်သွားသည်။

မိရိုးဖလာမို့သာ ဗုဒ္ဓဘာသာဝင်တစ်ဦးဖြစ်ခဲ့ရသော်လည်း သူသည် ဦးကံမြင့်လို ဘာသာတရားကို သက်ဝင်ယုံကြည်ခြင်း မရှိလှပေ။ နောင်ဘဝကိုလည်း မယုံချင်၊ သံသရာဆိုသည်ကိုလည်း မရှိစေချင်။ သို့သော် ဘယ်အချိန် ဘယ်ကာလက ဘယ်လို ယုံကြည်နေမိမှန်းတော့မသိ။ သူ၏အတွင်းစိတ်ထဲတွင် သံသရာနှင့် နောက်နောင်ဘဝများကို ယုံကြည်မိပြီး ဖြစ်နေသည်ကို သူ့ကိုယ်သူ အံ့သြစွာ သိလိုက်ရသည်။ 

“ကဲ.. နောင်ဘဝဆိုတာ ရှိချင်ရင်လဲရှိ၊ မရှိချင်နေ ငါဟာ ငါဟုတ်ရင်လဲဟုတ်၊ မဟုတ်ချင်ရင်လဲနေ၊ ငါ ....အင်း... ငါပဲ ထားပါတော့လေ၊ ငါကတော့ စီးကရက်သောက်မယ်”

အတန်ကြာအောင် နေမိပြီး ဦးဘပွားသည် သူ၏အတွေးကို သူ တိခနဲ ဖြတ်ချလိုက်သည်။ ထမင်းစား စားပွဲပေါ်တွင် အဆင့်သင့်ရှိသော စီးကရက်ဘူးကို ကောက်ယူသည်။ စီးကရက် တစ်လိပ်ကို မီးညှိကာ အေးအေးဆေးဆေး အရသာခံပြီး ဖွာရှိုက်လိုက်သည်။

“ဦးကံမြင့်က ငါ့ကို စီးကရက်မသောက်ပါနဲ့တဲ့၊ တားတယ်၊ ဟား... ဟား မသောက်ဘဲ နေတော့ရော မသေမှာမို့လို့လား၊ သောက်တော့ ချက်ချင်းသေသွားမှာမို့လို့လား” 

စီးကရက်မီးခိုးများကို အဆုပ်ထဲသို့ မက်မက်မောမော ရှိုက်သွင်းလိုက်ရင်း ဦးဘပွားက ခပ်လှောင်လှောင် တွေးသည်။

“ကံကောင်းဆိုတဲ့ ချာတိတ်ကလေး ကြီးလာရင်ကော သူတို့က ပြောပြကြမှာပေါ့၊ မင်းကို ငွေရေးကြေးရေး အကူအညီပေးခဲ့တဲ့ ဦးဘပွားဆိုတဲ့ လူကြီးဟာ ဆေးလိပ်တွေ နင်းကန်သောက်လို့ အဆုပ်ကင်ဆာနဲ့ ကြွသွားတာပေါ့လို့
ပြောပြကြမှာပေါ့၊ အဟက်... ဟက်” 

အပေါ်ဘက်သို့ လွင့်ပျံတက်သွားသော မီးခိုးများကို ကျေနပ်စွာ ကြည့်ရင်း ဦးဘပွားက ပြုံးသည်။ သို့သော် နောက်တစ်ကြိမ် ရှိုက်ပြီး ဖွာလိုက်စဉ် ရင်ထဲတွင် အောင့်ပြီး နာကာ ချောင်းတဟွတ်ဟွတ် ဆိုးလာပြန်သည်။ ထို့နောက် ရုတ်တရက် ပျို့ပြီး အန်ချင်လာသည်။

ဦးဘပွားသည် လည်ချောင်းထဲမှ သလိပ်များကို ဟတ်ကာ လက်ဆေးကြွေဇလုံထဲသို့ ထွေးချလိုက်သည်။ ရဲခနဲ ပါလာသော သွေးများကို တွေ့ရလေသည်။

ဆက်ရန်
-----------------------------------
#မစန္ဒာ

crd 👉 ရသလွင်ပြင်

Post a Comment

0 Comments