အပိုင်း (၉)
“ကဲ ... ဘယ်လိုလုပ်ကြမလဲ”
ဦးထင်က သူ့သား ကိုကောင်းထက်ကို မေးသည်။ ကိုကောင်းထက်က အဖြေမပေးနိုင်၊ ကဲကဲ ယူလာပေးသော မုန့်လက်ညှိုးလေးကို စုံစုံမက်မက်နှင့် စုပ်၍ စုပ်၍ စားနေသော ကလေးငယ်အား ကြည့်နေသည်။ သူတို့ ဘာလုပ်ကြမည်နည်း။ ဘာလုပ်ရမည်နည်း။
“ဘာလုပ်ကြမလဲဟင်”
ကိုကောင်းထက်က သူ့ဘေးမှ မခင်လှကို လှည့်ကြည့်ပြီး အားကိုးတကြီး မေးလိုက်မိသည်။ သူ ဘယ်လိုဖြေမည်နည်းဟု စိတ်ဝင်တစား နားစွင့်နေသော မခင်လှခမျာလည်း ရုတ်တရက် လန့်သွားသည်။
“ဟုတ်ပါ့၊ ဘာလုပ်ကြမလဲဟင်”
အလျင်က ထိုပြဿနာသည် ကိုကောင်းထက်၏ ပြဿနာဟု လုံးလုံးလျားလျား ထင်ထားခဲ့သည်။ အခု ကိုကောင်းထက်က သူ့ကို မေးလိုက်တော့ သူနှင့်လည်း ပတ်သက်နေပြီဟု ယူဆမိပြီး ရင်တုန်သွားသည်။ ထို့ကြောင့် သူရှေ့တွင် ထိုင်နေသော ဒေါ်ရွှေနုကို ကယောင်ကတမ်း လှမ်း၍ မေးလိုက်သည်။ ဒေါ်ရွှေနုကလည်း အဖြေမပေးနိုင်။ တစ်စုံတစ်ခု အဆုံးအဖြတ် ပေးတော့မလိုနှင့် “အဟမ်း”ဟု မရဲတရဲ ချောင်းဟန့်သည်။ ထို့နောက် ဟိုကြည့် သည်ကြည့်နှင့် တံတွေးမျိုချသည်။ ပင့်သက်ရှိုက်သည်။ ဘာသံမှတော့ ထွက်မလာ။
“ဂေဟာ သွားပို့လိုက်တာပဲ ကောင်းမယ် ထင်ပါတယ်ဗျာ နော်”
မည်သူဆီကမှ အဖြေမရတော့ ဦးထင်က သူ့ဟာသူပင် ဖြေသည်။
“ဒီလိုတော့လဲ သနားစရာ”
ဒေါ်ရွှေနုက မပွင့်တစ်ပွင့် ပြောသည်။ သူ့စိတ်ထဲတွင် ဦးထင်တို့သားအဖ“သနားစရာကလေးဗျာ၊ ကျုပ်တို့ မွေးစားထားလိုက်မယ်”ဟု ပြောလိမ့်မည်ဟု ထင်နေသည်။ ထိုသို့ပင် ပြောစေချင်သည်။ သို့သော် သူပြောစေချင်သောစကားကို မကြားရတော့ တော်တော်လေး စိတ်ပျက်သွားသည်။
“အင်းလေး... သနားပါတယ်”
မခင်လှကလည်း သံယောင်လိုက်ကာ ပြောသည်။ သူ့အနေနှင့် တာဝန်ယူကာ မွေးစားသမှု မပြုနိုင်သော်လည်း တစ်စုံတစ်ဦးကိုတော့ ထိုတာဝန်ကို ယူစေချင်သည်။
“ဟုတ်ပါတယ်၊ သနားတော့ သနားစရာပါ”
ကလေးကို အကုန်လုံးက သနားနေကြပြီး သူတစ်ဦးတည်းက မသနားသလို ဖြစ်နေသောကြောင့် ဦးထင်သည် နည်းနည်းတော့ မခံချင်ဖြစ်မိသည်။ သူလည်း နှလုံးသားရှိသော လူသားတစ်ဦးမို့ သနားတော့ သနားမိသည်သာ ဖြစ်သည်။ ညတုန်းကလည်း အိပ်၍ပင် မပျော်ခဲ့၊ သူ့လက်မလေး သူစုပ်ကာ ကွေးကွေးလေး အိပ်နေသော ကလေးငယ်အား ကြည့်ရင်း ရင်ထဲတွင် နင့်နင့်နဲနဲဖြစ်နေသည်။
သေဆုံးသွားသော မြေးငယ်ကလေးကိုလည်း သတိရနေသည်။ သူ့အနေနှင့် တာဝန်ယူကာ မမွေးစားနိုင်သော်လည်း တစ်စုံတစ်ဦးကများ သနားပြီး မွေးစားလိုက်လျှင် မည်မျှကောင်းလေမည်နည်းဟု တွေးနေမိသေးသည်။
“သနားတော့သနားစရာပါ၊ ကျုပ်လဲ သနားတတ်ပါတယ်၊ ဒါပေမယ့်”
ဦးထင်က စကားကို အဆုံးမသတ်ဘဲ သက်ပြင်းချသည်။ သနားခြင်း ဟူသည်မှာ အလွယ်ကူဆုံး အလုပ်တစ်ခုဖြစ်ပြီး တာဝန်ယူခြင်း ဟူသည်ကတော့ အလွန်ခက်ခဲသော အလုပ်တစ်ခုဖြစ်ကြောင်းကို သူတို့အားလုံး အခုမှပိုပြီး သဘောပေါက်မိကြသည်။
“ကလေးက အငယ်လေးပဲရှိသေးတယ်၊ ဒါ ကလေးကို အရွယ်ရောက်လာတဲ့အထိ ချေးကလူး သေးကလူး ပြုစုဖို့၊ ကျွေးမွေးဖို့၊ စောင့်ရှောက်ဖို့၊ နောက်ပြီး အဝတ်အစားဆင်ပေးဖို့၊ ကျောင်းထားဖို့၊ ကျောင်းထားတယ်ဆိုရင်လဲ ကျောင်းစရိတ်၊ ဒီကြားထဲ နေထိုင်မကောင်းရင် ဆေးဖိုးဝါးခ၊ ဟား...ငကောင်းရေ မလွယ်ဘူး ထင်တယ်ဟ.. မလွယ်ဘူး”
ကိုကောင်းထက်က သူ့ကိုယ်သူ စိတ်ထဲမှ ပြောနေမိသည်။
“ဒီလိုဆိုရင် ဒီကလေးကို ဂေဟာပဲ သွားပို့လိုက်တော့မှာလား”
တဆက်တည်းတွေးမိပြီး ကလေးငယ်အား လှမ်း၍ကြည့်လိုက်မိသည်။ ဘွားရွှေ၏ပေါင်ပေါ်တွင် ထိုင်နေသော မျက်နှာချိုချိုလေး? အောက်သွားလေးနှစ်ချောင်းပေါ်အောင် ရယ်နေသည်။ သူ့ရှေ့တွင် ငုတ်တုတ်လေးထိုင်ကာ “ကံကောင်းရေ” “ညီလေးရေ”နှင့် ခေါ် နေသော ကိုတူး၏ဆံပင်ကို မမှီတမှီ လှမ်းဆွဲနေသည်။
“အင်း... သူဟာ သေသွားတဲ့ ငါ့သားကလေး ဝင်စားတာများ ဖြစ်နေမလားပဲ၊ သားကလေးလဲ နောင်ဘဝရောက်ပြီး ဒီလိုအဖြစ်မျိုး ကြုံနေရမယ်ဆိုရင်”
ကိုကောင်းထက်က ဆက်၍ မတွေးရဲဘဲ အတွေးကို ဖြတ်လိုက်သည်။
“မနေ့တုန်းက ကလေးတွေပြောနေကြတယ်၊ သူ ကံကောင်းလို့ ငါနဲ့တွေ့တာတဲ့၊ ငါဆိုတဲ့အကောင်က သူ့ကို မိဘမဲ့ဂေဟာ သွားပို့မယ့်ကောင်ဆိုတာ သူတို့ မသိရှာကြဘူး"
ကိုကောင်းထက်က စိတ်မချမ်းသာစွာနှင့် တွေးနေမိသည်။ ထိုစဉ်တွင် ဖိုးမူနှင့် ဖိုးခွားပါ ရောက်လာကြတော့ ကလေးအုပ် အင်အားတောင့်တင်းကာ ဆူလာပြန်သည်။
“ကံကောင်းရေ” “ကံကောင်းရေ”နှင့် ခေါ်နေကြသော အသံများကို နားထောင်ရင်း သူ့ဟာသူ ရှက်သလိုလိုပင်ဖြစ်လာသည်။ မည်သူတစ်ဦးတစ်ယောက်ကမျှ တာဝန်မယူနိုင်သည့်အတွက် မိဘမဲ့ဂေဟာတွင် ကြီးပြင်းရတော့မည့် ကလေးကို ကံကောင်းသည်ဟု ဆိုနိုင်ပါမည်လား၊ ဆိုသင့်ပါရဲ့လား။
“ကျုပ်အသက်က ခြောက်ဆယ်ကျော်နေပြီ၊ သားအဖနှစ်ယောက် ကိုယ့်ထမင်းတောင် ကိုယ်အနိုင်နိုင် ချက်စားနေကြရတာ၊ ဒီကလေး ပေါက်စနလေးကို တစ်နေကုန် ထိန်းဟယ်၊ ကျောင်းဟယ်၊ ချီဟယ်၊ ပိုးဟယ်နဲ့ ဘယ်လုပ်နိုင်ပါ့မလဲ”
“ဟုတ်တာပေါ့... အဘရယ်”
ရှင်းချက်ထုတ်နေသော ဦးထင်ကို ကရုဏာနှင့် ကြည့်ရင်း ကိုရန်ဝေးက ခေါင်းညိတ်၍ ထောက်ခံသည်။ သူတို့သားအဖ နှစ်ဦးသား ဘဲဥကြော်လိုက်၊ ငါးခြောက်ဖုတ်လိုက်နှင့် ဖြစ်သလို စားနေကြရသော ဘဝထဲသို့ ခြောက်လသား ကလေးငယ်ကလေးတစ်ဦးကို ဆွဲထည့်ရန် မလွယ်ကူမှန်း လူတိုင်းသိကြသည်။ ထိုကလေးကို ဝမ်းပန်းတသာ လက်မခံနိုင်ခြင်းအတွက် အပြစ်ရှိသူလို ခံစားနေရဟန်ရှိသော ဦးထင်ကိုလည်း သနားနေမိသည်။
“ထိန်းတာကတော့ ကျွန်မတို့လဲ ကူကက်ပြီး ထိန်းပေးနိုင်ပါတယ် အဘရယ်”
ထမင်းရည်ဇလုံကိုင်ပြီး ဝင်လာသော မမွှေးကြူက ပြောသည်။ ကံကောင်းကို တိုက်ရန်အတွက် ထမင်းရည်ထဲတွင် နို့မှုန့်အနည်းငယ်နှင့် သကြားတစ်ဇွန်းရော၍ ခေါက်လာခဲ့ခြင်းဖြစ်သည်။ သည်ကလေးကို ကိုကောင်းထက်တို့ သားအဖက မွေးစားကြမည်။ သူတို့က ဝိုင်းဝန်းပြီး ထိန်းကြမည်ဟု သူဖြစ်စေချသည့်အတိုင်း တွေးနေမိသည်။
“ဟုတ်သားပဲ ဘဖိုးထင်ကလဲ၊ သမီးလဲ ထိန်းပေးမှာပေါ့နော်"
တချိန်လုံးငြိမ်နေသော ကဲကဲက အားတက်သရော ဝင်ပြောသည်။
“ကံကောင်းလေးက ငယ်ငယ်ကလေးရှိသေးတာ၊ ဂေဟာကိုတော့ သွားမပို့လိုက်ပါနဲ့ ဦးကောင်းရယ် နော်၊ ဟိုကျတော့ သူ့ကို ဘယ်သူက ဂရုစိုက်မှာလဲ”
“ဟိုမှာ ဝန်ထမ်းတွေ ရှိပါတယ်ဟာ”
“ဟင်...ဦးကောင်းကလဲ၊ ဝန်ထမ်းက ဝန်ထမ်းပဲ၊ သူတို့က ကဲကဲမှ မဟုတ်တာ၊ ကိုဦးမှ မဟုတ်တာ၊ နောက်ပြီး . . အန်တီမွှေးတို့ ဦးကောင်းတို့မှ မဟုတ်တာ”
ကဲကဲစကားကို ရှင်းလင်းအောင် မပြောနိုင်သော်လည်း ဝန်ထမ်း ဟူသည်မှာ ကလေးကို သူတို့တတွေလောက် ဂရုတစိုက် ချစ်ချစ်ခင်ခင် ရှိနိုင်လိမ့်မည် မဟုတ်ဟု ဆိုလိုခြင်းဖြစ်ကြောင်း သူတို့အကုန်လုံး နားလည်ကြသည်။
“ဒီလိုဆို ညည်းက ကံကောင်း အီးအီးပါချင်ရင် တည်ပေးမှာလား”
ဦးထင်က မေးတော့ ကဲကဲက သွက်လက်စွာ ခေါင်းညိတ်သည်။
“ပေးပါ့မယ် ဘဖိုးထင်ရဲ့”
“အံမာ... ကဲကဲရယ်၊ ညည်းက အီးတည်တတ်လို့လား”
“တတ်ပါတယ် ဘဘကလဲ၊ သမီး မတတ်လဲ မေမေ ရှိသားပဲ၊ အဟိ”
ကဲကဲက လျှာကလေး ထုတ်ကာရယ်သည်။
“နောက်ပြီး ထမင်းခွံ့ ပေးမှာလား”
“အဟိ..မေမေ ရှိသားပဲ”
“ အိပ်ချင်တော့ရော သိပ်မှာလား”
“မေမေ သိပ်တတ်တယ်လေ”
“ကဲကဲ.. နေမကောင်းတော့ရော”
“ဒါလဲ မေမေရှိသားပဲ၊ နော် မေမေ”
“ဗိုင်းနာမလေး”
စိတ်လက် ညစ်ညူးနေကြသူများသည် ကဲကဲကိုကြည့်ရင်း တဖြည်းဖြည်း ပြုံးလာကြသည်။ မခင်လှက မျက်စောင်းကြီးခဲကာ ဆဲလိုက်သောအခါတွင်ကား ဝါးခနဲ ရယ်လိုက်ကြသည်။
“နော်... မေမေရယ်နော်... ကံကောင်းလေးကို ထိန်းကြရအောင်နော်”
“တစ်နေကုန်တော့ ဘယ်သူ ထိန်းနိုင်မှာလဲ သမီးရယ်၊ တော်စမ်းပါ”
ကလေးတစ်ယောက်၏ကရိကထသည် မည်မျှများကြောင်း ကလေးသုံးယောက် မွေးဖူးသော မခင်လှက အသိဆုံးဖြစ်သည်။ ကျန်းမာလျှင်တော့ ကိစ္စမရှိ၊ ကံမကောင်း အကြောင်းမလှ၍ ထိုကလေးက ကဲကဲ ငယ်စဉ်တုန်းကလို ချူတိ ချူချာလေး ဖြစ်နေမည်ဆိုပါက မခင်လှသည် ဆက်၍ မတွေးရဲ။ ခေါင်းကို ယမ်းခါလိုက်သည်။ ကဲကဲလေး ငယ်စဉ်က ခံစားခဲ့သော စိတ်ဒုက္ခ လူဒုက္ခများ ပြန်၍ပင် မစဉ်းစားချင်၊ ပင်ပန်းလှသည်။
“မေမေကလဲ ကလေးဆိုတာ အကြာကြီး မထိန်းရပါဘူး၊ နောက်တော့ ကြီးသွားမှာပဲဟာ”
ကိုတူးက မျက်နှာငယ်လေးနှင့် ဝင်ပြောသည်။
“အခု သားတို့ ကျောင်းကြီး ပိတ်နေတာပဲ၊ သားတို့ပါ ကူထိန်းပေးမယ်လေ ... နော်.. မေမေ”
မည်သည့်အခါကမျှ နားပူနားဆာ မလုပ်တတ်သော သားကြီး ကိုဦးကပါ မရဲတရဲလေး ဝင်ပြောသည်။
“မေမေကပဲ ပြောတယ်၊ သမီးဖို့ မောင်လေးတစ်ယောက်လောက် မွေးပေးချင်သေးတယ်ဆို"
မခင်လှသည် သူ့ကို ဝိုင်းပူဆာနေကြသော ကလေးသုံးဦးကို ကြည့်ရင်း မျက်လုံးမျက်ဆန်ပြူးလာသည်။ အိမ်ဦးနတ်ဖြစ်သော ကိုရန်ဝေးအား ကလေးတွေကို ပြောဦးလေဟူသော မျက်နှာထားနှင့် အကူအညီတောင်းသလို လှမ်းကြည့်သည်။ သို့သော် ကိုရန်ဝေးက သူ့ကို မကြည့်အား၊ သူ့လက်မောင်းကို အားကိုးတကြီး ဆုပ်ကိုင်ကာ “ကျွန်တော်တို့လဲ ကူထိန်းပေးပါ့မယ် ဦးဦးရာ၊ ကံကောင်းလေးကို ခေါ်ထားလိုက်ပါ”ဟု ပူဆာနေသော ဖိုးခွားတို့ကို ငေးကြည့်နေသည့်အတွက်ကြောင့် ဖြစ်သည်။
ထို့ကြောင့် ... မခင်လှသည် "ကိုကောင်းထက် သယ်လာတဲ့ ပြဿနာထုပ်ကြီးတော့ ငါ့ခေါင်းပေါ် လုံးလုံးရောက်တော့မယ် ထင်တယ်” ဟု အထိတ်တလန့် တွေးလိုက်မိသည်။
“ထိန်းတာကတော့ ကျွန်မတို့လဲ ကူကက်ပြီး ထိန်းပေးနိုင်ပါတယ်နော် အမေ”
မမွှေးကြူက ထပ်ပြောသည်။ သူ့မိခင်၏ရင်ခွင်ထဲမှ ကလေးငယ်လေးအား ကြည့်ရင်း... “ငါလဲ အိမ်ထောင်ကျလို့ ကလေးမွေးမယ်ဆိုရင် ဒီလို သားလေးတစ်ယောက်လောက်တော့ ရနိုင်ပါသေးတယ်” ဟုတွေးနေမိသည်။ ကလေးအား ယုယပိုက်ထွေးပြုစုချင်သော မိခင်စိတ်က နိုးကြွနေသည်။
“ဒီလိုပဲ တစ်ယောက်တစ်လက် ဝိုင်း??ထိန်းကြရင်းနဲ့ ကလေးဆိုတာ ကြီးမှန်းမသိ ကြီးသွားတာပါပဲဟယ်”
ဒေါ်ရွှေနုကလည်း မရေမရာ ပြောသည်။ တစ်စုံတစ်ဦးက ကဝန်ယူမည် ဆိုလျှင်တော့ သူက ကူညီပြီး ထိန်းကျောင်းပေးမည် ဆိုသော သဘောမျိုးဖြစ်သည်။
“ထိန်းမယ်ဆိုရင် ပါးစပ်နဲ့ မပြီးဘူး၊ တကယ့်ကိုထိန်းမှ ဖြစ်မှာဗျ”
ချည်ပြီး တုပ်ပြီးပြောသော ဦးထင်၏စကားကိုကြားတော့ သူတို့အားလုံး တစ်ဦးကိုတစ်ဦး လှမ်းကြည့်ကြသည်။ မျက်နှာတွေ မရေမရာ တွေတွေဝေဝေနှင့် တစ်ဦးနှင့်တစ်ဦး အကဲခတ်နေကြသည်။
“သမီးတို့က ကျောင်းမသွားခင် မနက်ပိုင်း”
“ဟုတ်တယ်... သားတို့က မနက်ပိုင်း ထိန်းပေးမယ်”
ကလေးများ၏အသံက အလျင်ထွက်လာသည်။
“ဒီလိုဆို ကျုပ်က ထမင်းစားပြီး နောက်ပိုင်းပေါ့”
ဦးထင်က ခပ်ဆိုင်းဆိုင်း ပြောသည်။ နံနက်ခင်း ထမင်းစားပြီးလျှင် ကလေးက အိပ်တတ်သည်။ ကရိကထ သိပ်များမည်မဟုတ်။ နေ့ခင်းပိုင်း တာဝန်ယူထား၍ မနက်ပိုင်း ချက်ပြုတ်ရေး လုပ်နိုင်သည်။ ထို့ပြင် ညနေပိုင်းကျတော့လည်း အရက်ဆိုင်ကို အေးအေးဆေးဆေး သွားနိုင်သည်ဟူသော တွက်ကိန်းကို ခေါင်းထဲတွင် ချနေမိသည်။
“ကျွန်မတို့သားအမိက ညနေပိုင်း ထိန်းပေးမယ်လေ နော် အမေ”
ညနေပိုင်းကျလျှင် ကလေးကို ရေမိုးချိုး သနပ်ခါးလိမ်းပေး ထမင်းပါခွံ့ပေးမည်။ သူက ကလေးကို ချီပြီး အပြင်ဘက်ထွက်နေတုန်း ကိုကောင်းထက် ရုံးမှပြန်လာသည်နှင့် ဆုံမိပါက သူ့လက်ထဲက ကလေးငယ်ကို “ကံကောင်းရေ” .... “လူကလေးရေ”... နှင့်။
မမွှေးကြူသည် ဆက်၍ မတွေးရဲဘဲ ရှက်ကိုးရှက်ကန်းဖြစ်သွားသည်။
“ငါ့စိတ်ထဲက တွေးမိတာ ဘယ်သူမှ မကြားနိုင်ပါဘူးလေ” ဟု သူ့ကိုယ်သူ အားပေးကာ သက်ပြင်းကို တိတ်တိတ်လေး ချလိုက်သည်။
“ညကျရင်တော့... ကျွန်တော် ခေါ်သိပ်နိုင်ပါတယ် ညရေး ညတာ ထ,စရာရှိရင်လဲ ကျွန်တော် ထ,နိုင်ပါတယ်"
ကိုကောင်းထက်က ညဘက်ကို တာဝန်ယူလိုက်တော့ ကလေးများက ဝမ်းသာအားရနှင့် “ဟေး...” ခနဲ အော်လိုက်ကြသည်။ ကဲကဲက ကံကောင်း၏ပါးလေးနှစ်ဖက်ကို ဆွဲကာ “ကံကောင်းရေ ....မောင်လေး ဘယ်မှမသွားရတော့ဘူး” ဟု ဝမ်းသာအားရအော်သည်။
သူက ဝမ်းသာသော်လည်း ပါးနှစ်ဖက်လုံး နာသွားသော ကံကောင်းက ဝမ်းမသာချေ။ လန့်ဖျပ်ပြီး “ဝါး”ခနဲ ထငိုသည်ကို သဘောကျပြီး ကလေးတွေက တဝါးဝါး ရယ်ကြပြန်သည်။ ခြောက်ခြောက်ကပ်ကပ်ဖြစ်နေသော အခန်းသည် ချက်ချင်းပင် ပြန်ပြီး ဆူဆူညံညံဖြစ်သွားသည်။ ဖိုးခွားနှင့်ကိုတူးက တစ်ဦးကိုတစ်ဦး လက်တွဲပြီး ဝိုင်းကြီးပတ်ပတ် ထကကြတော့ ပိုပြီး ဆူသွားသည်။ ကိုတူးက ဖိုးမူ၏ခြေထောက်ကို တက်နင်းမိသည်။ ဖိုးမူက အော်သည်။
“နေကြဦးလေ နေကြဦး၊ ကိုတူး ထိုင်စမ်း”
ကိုရန်ဝေးက အသံကိုမြှင့်၍ အော်သည်။
“နေကြဦး... သိပ်ပျော်မနေကြနဲ့ဦး၊ ငါတို့မှာ စဉ်းစားစရာတွေ ကျန်သေးတယ်၊ သိပ်မဆူကြနဲ့ကွာ၊ ခဏတိတ်ကြစမ်း”
ကလေးသံတွေ ငြိမ်သွားသောအခါမှ ကိုရန်ဝေးက စကားဆက်ပြောသည်။ သူ့မျက်နှာက တည်ငြိမ်နေသည်။
“ကလေးဆိုတာ ထိန်းနေရုံနဲ့ မပြီးဘူး၊ ကျွန်တော်တို့အားလုံး တစ်ယောက်တစ်လက် ဝိုင်းထိန်းကြရင် ကိုတူးပြောသလိုပဲ ခဏနေရင် ကြီးသွားမှာပါ။ တကယ့်ပြဿနာက ငွေ၊ ဟုတ်တယ်... ငွေ၊ သူရဲ့ စားဝတ်နေရေးအပြင် ကျန်းမာရေးနဲ့ ပညာရေး အဲဒါတွေအတွက် ကုန်ကျလာမယ့်ငွေ၊ အဲဒီငွေကို ဘယ်သူပေးမလဲ”
ဒေါ်ရွှေနုက သူ့သမီး မမွှေးကြူကို ကြည့်သည်။ မမွှေးကြူက မခင်လှကို ကြည့်သည်။ မခင်လှက ဦးထင်ကို ကြည့်သည်။ ဦးထင်က ကိုကောင်းထက်ကို ကြည့်သည်။ ကိုကောင်းထက်ကတော့ ကိုရန်ဝေးကို စိတ်မကောင်းသော မျက်နှာနှင့် ကြည့်နေရင်း “အဟက်...”ဟု မရယ်ချင်ဘဲ ရယ်လေသည်။ ထိုပုစ္ဆာသည် သူ တစ်ချိန်လုံး စဉ်းစားနေမိသော ပုစ္ဆာပင် ဖြစ်လေသည်။
“ဒီကလေးကို မွေးစားပြီဆိုတာနဲ့ သူရဲ့ တာဝန်ကို ကျွန်တော်တို့ ယူရတော့မယ်။ ကျွေးရမယ်၊ အဝတ်အစား ဆင်ရမယ်၊ နေမကောင်းရင် ဆေးကုသပေးရမယ်၊ နောက်ပြီး ပညာသင်ပေးရမယ်”
ကလေးတစ်ဦး မွေးဖွားသည်မှစ၍ ဘွဲ့ရ ပညာတတ်တစ်ယောက် ဖြစ်လာသည်အထိ ကုန်ကျမည့်ငွေများကို သူတို့အားလုံး စိတ်ထဲ အပြေးအလွှား တွက်ချက်ကြည့်မိကြသည်။
ကဲ... ဘွဲ့ ရသည်အထိ ကျောင်းထားမပေးဘူးဟု ဆိုဦးတော့ ဆယ်တန်းအောင်သည်အထိပင် ကုန်ကျငွေက နည်းမည်မဟုတ်။
“ငါ့သားလေးသာ မသေဘဲ ရှိနေရင် ငါ့သားကို ငါ ဖြစ်အောင်မွေးမှာပါ၊ ပညာတွေလဲ အတန်းကုန်အောင် သင်ပေးမှာပါ။ ဘယ်လောက်ကုန်မလဲလို့ ငါ စဉ်းစားနေမှာတောင် မဟုတ်ပါဘူး။ ခြစ်ခြစ်ခြုတ်ခြုတ်နဲ့ ဆရာဝန်ကြီးဖြစ်အောင်၊ အင်ဂျင်နီယာကြီးဖြစ်အောင်”
ကိုကောင်းထက်က စဉ်းစားသည်။ ကံကောင်းသည် သူ၏သွေးလည်း မဟုတ်လေသည့်အတွက် သူက မလွယ်သည့်ဘက်၊ မဖြစ်နိုင်သည့်ဘက်များကို ဇောင်းပေးပြီး စဉ်းစားဆုံးဖြတ်နေမိခြင်းဖြစ်ကြောင်းကို သူ့ကိုယ်သူ ရုတ်တရက် သိသွားသည်။
“ငါ့သားလေးသာဆိုရင် ငါ ဖြစ်အောင်လုပ်မှာ သေချာတယ်” ဟု ဆက်တွေးမိပြီး အသက်ကို တစ်ဝကြီး ရှိုက်၍ရှူလိုက်သည်။ သူရှိုက်၍ရှူလိုက်သော လေထဲတွင် ဖြစ်လာသမျှဒုက္ခတွေကို ရင်ဆိုင်ရဲသောသတ္တိတွေ ပါလာသလို ခံစား လိုက်ရသည်။
“ဒီလိုပဲ ခြစ် ..ခြစ်... ခြုတ်... ခြုတ်”
ကိုကောင်းထက်က ထစ်ထစ်ငေါ့ငေါ့ ပြောသည်။ သူ၏တစ်လတာ အသုံးစရိတ်ကို မည်မျှထိ လျှော့ချရလေမည်နည်းဟု မသက်မသာ တွေးမိသော်လည်း “ငါ့သားကလေး ငါ့ဆီပြန်လာတာ” ဟူသော အတွေးက လွှမ်းနေ၍ ကြည်နူးသလိုလို ဖြစ်နေသည်။
“ကျွန်မတို့လဲ အနည်းအပါးတော့ တတ်နိုင်...”
မခင်လှက ကိုရန်ဝေးကို လှမ်းကြည့်သည်။ “ကျွန်မတို့ရော ဘယ်လောက်တတ်နိုင်မလဲ”ဟူသော မေးခွန်းကို သူ့မျက်လုံးများက မေးနေကြသည်။
ကိုရန်ဝေးက တံတွေးမျိုသည်။ သူ့လခထဲမှ လစဉ် တစ်ပြားတစ်ချပ်မျှ မပိုသည်ကို ကောင်းစွာသိသောကြောင့် ဖြစ်လေသည်။ သူတို့မိသားစုအနေနှင့် ကိုယ်စားသည့်အထဲက ဖဲ့ပြီး ကျွေးနိုင်သော်လည်း လစဉ် ငွေကြေးကို ပုံမှန်ထားပြီး ဖဲ့ပေးနိုင်ဖို့က မလွယ်။ မခင်လှခမျာ သူ့မိခင်ကြီးကို တစ်လ တစ်ရာ ထောက်ပံ့ချင်သည်ဟု ပြောနေသည်ကိုပင် လက်တွေ့အကောင်အထည် မဖော်နိုင်သေးပေ။ နောက်လမှ နောက်လမှနှင့် လတွေ ရွှေ့ လာသည်မှာ ကြာနေပြီ။
ထို့ပြင် ကဲကဲလေး ငယ်စဉ်က ကုန်ခဲ့ရသော ဆရာဝန်ဖိုး၊ ဆေးဖိုးများကို သူ တစ်ဆက်တည်း သတိရသည်။ ကံကောင်းကလေးသာ ထိုသို့ ချူချာနေလျှင် ထိုဆေးဖိုးဝါးခများကို မည်သူက မဆိုင်းမတွ ကြည်ကြည်ဖြူဖြူ ပေးနိုင်ပါမည်နည်း၊ ပေးချင်ပါမည်နည်း။
“အဲဒါက ပြဿနာမဟုတ်ပါဘူး”
သိပ်မကျယ်သော်လည်း ပြတ်ပြတ်သားသားရှိသော အသံကို ရုတ်တရက် ကြားလိုက်ရသည်။ သူ့တို့အားလုံး လုံးဝ မျှော်လင့်မထားမိသူတစ်ဦး၏ အသံဖြစ်လေသည်။
“အဲဒါက ပြဿနာ မဟုတ်ပါဘူး”
တံခါးပေါက်ဝတွင် ရပ်နေသော ဦးဘပွားက ထပ်ပြောသည်။ သူ့မျက်နှာကတော့ ခါတိုင်းလိုပင် မရယ်မပြုံး ခပ်တည်တည် ခပ်တင်းတင်း ဖြစ်သည်။
“ဒါဆို... ဘာ... ဘာက ပြဿနာလဲ ခင်ဗျ”
ကိုကောင်းထက်က အူကြောင်ကြောင် ပြန်မေးသည်။ အပေါ်ထပ်သို့ တစ်ခါတစ်ရံမျှ တက်လာဖူးခြင်းမရှိသော ဦးဘပွားကို သူ၏အိမ်တံခါးဝတွင် ရုတ်တရက် တွေ့လိုက်ရ၍ တအံ့တဩ ဖြစ်နေသည်။ ထို့ကြောင့် ဦးဘပွားကို အိမ်ထဲသို့ ထိုင်ပါဟု ဖိတ်မန္တကပြုရန်ပင် လုံးဝ သတိမရခဲ့ချေ။
“ဒီကလေးအတွက် တစ်လကို ဘယ်လောက်ကုန်မလဲ၊ တစ်နှစ်ကို ဘယ်လောက်ကုန်မလဲ”
ဦးဘပွားက မေးသည်။ သို့သော် သူ့ကို ဖြေမည့်သူမရှိ။ သူ့ကို အဖြေပေးရမည့်အစား “ဒီလူကြီး ဒီနေရာမှာ မဆီမဆိုင် ဘာလာလုပ်ပါလိမ့်”ဟု တွေးနေမိကြသောကြောင့် ဖြစ်သည်။
“ကြီးလာပြီး တက္ကသိုလ်တက်တော့ရော စရိတ် ဘယ်လောက်ရှိမယ်ထင်လဲ”
ဦးဘပွားက ဆက်၍မေးသည်။ သူ့ကို တအံ့တသြ ကြည့်နေကြသူများကို အထက်မှစီးကြည့်ရင်း အကဲခတ်နေဟန်ရှိသည်။
“ဒါကတော့ အတိအကျ ဘယ်သူသိနိုင်မှာလဲတော်”
ဒေါ်ရွှေနုက သူ့ကို ပြောသလိုလို ကိုယ့်ကိုပြောသလိုလိုနှင့် မကြားတကြား ပြောသည်။ သူ၏အောက်နှုတ်ခမ်းသည်လည်း အပြင်ဘက်သို့ ထော်၍ထွက်လာသည်။
ဦးထင်ကမူ သူတို့အခန်းထဲသို့ လှမ်းဝင်လာရန် စဉ်းစားဟန်မရှိဘဲ တံခါးပေါက်ဝတွင် ဟန်ကြီးတစ်ခွဲသားနှင့် ရပ်နေသော ဦးဘပွားကို အမြင်ကတ်လက်စနှင့်မို့ ပိုပြီးကတ်သွားသည်။
“ဘယ်လောက်ကုန်လဲသိတော့ ခင်ဗျားက ပေးမှာမို့လား ဦးဘကြွားရဲ့”ဟု စိတ်ထဲမှနေပြီး ဘုကန်တန်တန် မေးနေမိသည်။ မခင်လှ၏မျက်လုံးများကမူ “အရေးထဲမှာ ဆရာလာလုပ်မနေပါနဲ့ ပုပ်ပုပ်ကြီးရယ်”ဟု ပြောနေဟန်ရှိသည်။
“ကျုပ်မှာ ငွေ... အဲ... ငွေတွေ အများကြီးရှိပါတယ်”
ဦးဘပွား သူ့ဟန်အတိုင်း ခပ်ကြွားကြွား ပြောသည်။
“ဟုတ်ကဲ့၊ သိပါတယ်ခင်ဗျ”
ကိုကောင်းထက်က ရိုသေစွာ ပြောသည်။ တကယ်ရိုသေခြင်းလော၊ ငေါ့တော့တော့ပြောခြင်းလော၊ မခင်လှ မခွဲခြားတတ်ပေ။
“တစ်ကယ်အရေးကြီးတာက ငွေမဟုတ်ဘူး”
“ဟုတ်ပါတယ်၊ အဲ... မဟုတ်ပါဘူးခင်ဗျ...”
ကိုကောင်းထက်က အယောင်အယောင်အမှားမှား ပြောပြန်သည်။ သို့သော် မည်သူမျှ ရယ်မောရန် သတိမရကြ။
“တကယ်အရေးကြီးတာက စိတ်စေတနာ၊ အင်း... ဟုတ်တယ်၊ စိတ်စေတနာ.... ဟုတ်တယ်၊ စိတ်စေတနာ အရေးအကြီးဆုံးပါ”
သည်စကားကိုတော့ ဦးဘပွားသည် သူတို့ကို ပြောနေခြင်းမဟုတ်ဘဲ သူ့ကိုယ်သူ ပြန်ပြောနေဟန် ရှိသည်ဟု မခင်လှ ထင်မိသည်။
“ခင်ဗျားတို့မှာ စိတ်စေတနာရှိသားပဲ”
“ဟုတ်ကဲ့... ဒါပေမယ့် ငွေတော့ မရှိဘူး ခင်ဗျ”
သည်စကားကိုတော့ ကိုရန်ဝေးက ဝင်ပြောသည်။ ဦးဘပွားသည့် ကိုရန်ဝေးကို လှမ်းကြည့်ရင်း ခပ်သဲ့သဲ့ ပြုံးလိုက်သည်။
“ငွေက ကျုပ်မှာ ရှိပါတယ်”
ဦးဘပွားက သူ့အကြည့်ကို ကိုရန်ဝေးမှတစ်ဆင့် ကလေးငယ်ဆီသို့ လွှဲပြောင်းလိုက်သည်။ မုန့်လက်ညှိုးလေး ကိုက်နေသော ကလေးငယ်က သူ့ကို မျက်လုံးလေးအဝိုင်းသားနှင့် ပြန်ကြည့်နေသည်။ ဦးဘပွား၏မျက်နှာပေါ်တွင် သူတို့ တစ်ခါမျှ မမြင်ဖူးသော နူးညံ့သည့်အရိပ်အရောင်ကို ပျပျလေး မြင်လိုက်ရသည်။
“လိုတဲ့ငွေကို ကျုပ်ပေးနိုင်ပါတယ်၊ အဲ... ပေးပါ့မယ်”
ဦးဘပွား၏စကားကို ကြားတော့ ဒီဇင်ဘာမျက်ခုံးမွှေးခဲတံ အကူအညီနှင့် ထင်ထင်ရှားရှား မည်းမည်းနက်နက် ဖြစ်နေသော ဒေါ်ရွှေနု၏မျက်ခုံးနှစ်ဖက်သည် အပေါ်ဘက်သို့ ဆတ်ခနဲ ပင့်တက်သွားသည်။ အရှေ့သို့ ထော်ထွက်နေသော အောက်နှုတ်ခမ်းကမူ အောက်ဘက်သို့ ဟက်ခနဲ ပြုတ်ကျသွားလေသည်။ ကြားလိုက်ရသောစကားကို မယုံချင်။
“ဒါဆိုရင် ဒီကလေး အေးအေးချမ်းချမ်း ကြီးလာအောင် ကျုပ်တို့ တတ်နိုင်မယ် ထင်ပါရဲ့” ဟူသော စကားကို ကြားတော့ ကိုရန်ဝေး၏ရင်ထဲတွင် သိမ့်ခနဲ ဖြစ်သွားသည်။ ဝမ်းသာအားရနှင့်....“တကယ်လား၊ ဒါဟာ တကယ်ပြောနေတာလား၊ ဦး တကယ်ပေးမှာလား” ဟု လျှာခလုတ်တိုက်အောင် စိတ်ထဲမှ မေးနေမိသော်လည်း တကယ့်လက်တွေ့တွင်တော့ သူ့နှုတ်မှ ဘာသံမှ ထွက်မလာခဲ့ချေ။
ဦးဘပွားသည် သူ၏အကြည့်ကို ကလေးငယ်မှတစ်ဆင့် ကိုရန်ဝေးဆီသို့ ပြန်၍ ကူးပြောင်းလိုက်သည်။ သူ့ကို တအံ့တသြ ကျေးဇူးတတင် ကြည့်နေသော ကိုရန်ဝေး၏မျက်လုံးများကို စိုက်၍ ကြည့်သည်။
“ကျုပ်တို့ .. တတ်နိုင်ကြမှာပါ၊ ဟုတ်တယ် မဟုတ်လား”
ဦးဘပွားက ထပ်ပြောသည်။ ထိုနောက် ခေါင်းကို ဆတ်ခနဲ ညိတ်ကာ မျက်နှာကို မော့လိုက်သည်။ ခုနတုန်းက ပျပျလေး မြင်နေရသော နူးညံ့သည့်အပြုံးသည် ပြန်၍ပျောက်သွားသည်။ နဂိုမျက်နှာထားအတိုင်း ခပ်တည်တည် ခပ်တင်းတင်း ပြန်ဖြစ်သွားလေသည်။
“ကဲ... ဒါပါပဲ”
ဦးဘပွားသည် မည်သူ့ကိုမျှ နှုတ်မဆက်ဘဲ ပြန်လှည့်ပြီး ထွက်သွားသည်။ သူ ထွက်သွားတော့မှ ကိုကောင်းထက်လည်း အခန်းထဲသို့ ဖိတ်ခေါ်ရန် သတိရတော့သည်။ သို့သော် တအံ့တဩနှင့် အာစေးထည့်ထားသလို ဖြစ်နေ၍ ဘာစကားမျှ ပြော၍မထွက်ပေ။
လှေကားကို တစ်ထစ်ချင်း နင်းကာ ခပ်လေးလေး ဆင်းသွားသော သူ့ခြေသံကို နားထောင်ရင်း သူတို့အားလုံး ငြိမ်နေကြသည်။ လူတွေကသာ ငြိမ်နေသော်လည်း ရင်ထဲတွင်တော့ တသိမ့်သိမ့် လှုပ်ရှားနေကြသည်။ အမျိုးအမည် မခွဲခြားတတ်သော ဝေဒနာတစ်ခုက ရိုက်ခတ်ပြီး မျက်ရည်တွေလည်း လည်နေကြလေသည်။
ဆက်ရန်
----------------------------
#မစန္ဒာ
0 Comments