မွှေး - ခင်နှင်းယု အပိုင်း (၆)

#မွှေး

အပိုင်း(၆)

နံနက်တွင် အကြောင်းမရှိဘဲ ခြံနောက်ဘက်တွင် တစ်ယောက်တည်း ​ဝေ့ကာပတ်ကာ လျှောက်နေသည်။ ရပ်တည်ရာမရ ဆိုသည်မှာ ဒီလိုအဖြစ်မျိုးများပေလား၊

မီးဖိုဆီမှ ဖေဖေ့အသံရော၊ မေ​မေ့အသံရော ဆူဆူ ဆူဆူနှင့် တစ်လှည့်စီ ကြားနေရပေသည်။ သူသည် ထင်းပုံဘေးမှ မီးဖိုဘက်သို့လှည့်ကာ ထိုင်၍ကြည့်နေ၏။ မေမေ့ရှေ့တွင် အဝတ်တစ်ပုံမှာ ပုံလျက်ဖြစ်နေပေသည်။

“ခေတ်ကြီးက မကောင်းတော့ဘူးဆိုတာ ကိုလင်းမောင်အသိပဲ။ နေ့ သေမလား၊ ညသေမလား မသိတဲ့အချိန်မှာ အစုတ်ပလုတ်ထဲကများ ​ငွေထွက်အောင် ရှာမနေပါနဲ့တော့၊ အလကားပေးလိုက်တော့ ဘာဖြစ်လဲ” 

မေမေ့အသံမှာ ကျယ်သော်လည်း ဒေါသဖြစ်ပုံမပေါ်ပေ။ ဖေဖေ့မျက်နှာကတော့ နီ၍နေပေသည်။

“ငါက ရောင်းရတာ မဟုတ်ပါဘူး၊ မသက်စု သမက်ကိုက ခြင်ထောင်တစ်လုံး ငါးရာကျပ်နဲ့ ရောင်းပါပြောနေလို့"

မေမေက အဝတ်ပုံကို ဆွဲဖွလိုက်ကာ အကောင်းဟူ၍ တစ်ကွက်မျှ ရှာမရအောင် ဖွာလန်ကြဲနေသော ဇာခြင်ထောင်တစ်ခုကို မ, ၍ ကြည့်လိုက်၏။ 

“အလကားပေးရတာတောင် ပေးရတဲ့သူက ရှက်ဖို့ကောင်းသေး၊ ဒါကို ဘယ်လိုများ ချုပ်မလဲမသိ”

“မင်းအော်လို့ လန့်ပြေးတာ၊ ဒီအစုတ်ကို သူတို့ သေသေချာချာကြည့်ပြီးပြီ၊ ယူမယ်တဲ့။ အမိုးပိတ်ကိုလည်း အင်္ကျီချုပ်ရမယ်တဲ့”

“သိန်းဖေ ...သိန်းဖေ၊ ရော့ အဲဒီခြင်ထောင်ရော၊ ဟို ခေါင်းအုံးစွပ်အစုတ်ရော ယူသွား၊ ဒေါ်သက်စု သမက် စံမောင့်အိမ် သွားပို့” 

မေမေသည် သိန်းဖေဘက်သို့ အဝတ်ပုံကို ထိုးပေးလိုက်သည်။ 

“ရှင်နဲ့ ကိုဘလှနဲ့ အတူတူပဲ၊ သူများတွေ ဒုက္ခရောက်နေပါတယ်ဆိုမှ တယ် ငွေရှာကောင်းတယ်။ မနေ့က တင်တင်ကြီးလည်း ကိုဘလှတို့ကို ဒေါသထွက်လို့"

“ဘာဖြစ်လို့လဲ” 

ဖေဖေက မျက်လုံးလေး ပြူး၍ မေးပြန်၏။ 

“ဘာဖြစ်ရမလဲ၊ မသက်စုတို့ အညာဘက်က ဆန်ပို့တုန်းက ငွေလိုတာနဲ့ မြလက်ကောက်နဲ့ ရွှေငါးကျပ်သား ကိုဘလှတို့မောင်နှမဆီ ထားခဲ့ပြီး ယူတယ်။ ခု ငွေပေါ်လို့ သွား​ရွေးတော့ မြလက်ကောက်ဟာ ရောင်းတာဆိုပြီး အပိုင်ယူထားလိုက်တယ်”

“သူတို့က စာမချုပ်ဘူးလား”

“ဪ ... တင်တင်ကြီးဆီမှာ ထားတုန်းကလိုပေါ့၊ ဒီလိုပဲ ယုံကြည်မှုနဲ့ထားနေကျပေါ့။ ခုတင်တင်ကြီးက မတတ်နိုင်တော့ ဟိုသွားတာပဲ။ ကိုဘလှနှမကလည်း မသိတာမဟုတ်။ မသက်စုက ဇာတ်စုံလာခင်းတယ်၊ စံမောင့်လှေကလည်း စက်သေနတ်ထိပြီး နစ်လို့။ ဒီကြားထဲကများ ရှင်က ခြင်ထောင်တစ်လုံး ငါးရာကျပ်နဲ့ ရောင်းစားချင်သေးတယ်။ မြို့ရေးရွာရေးဆိုလည်း သူတို့မောင်နှမ ဘယ်တုန်းက ပါခဲ့လဲ။ အင်္ဂလိပ်ခေတ် လယ်တွေရေမြုပ်တုန်းကများ သူတို့က လယ်သမားတွေအပေါ် တစ်ပြားအလျှော့မပေးခဲ့ဘူး။ လည်ပင်းညှစ်ပြီး သူတို့ရဖို့သာ မရမက ယူခဲ့တယ်။ ဒါကြောင့်လည်း တင်တင်ကြီးနဲ့ မျက်နှာချင်းဆိုင်မရကြတာ”

ဖေဖေက မျက်နှာကြီးနီကာ ငုံ့နေရာမှ တစ်ချက်ဝင်ပြောပြန်သည်။

“မင်း ...တင်တင်ကြီးကတော့ တရားလွန်ပါတယ်။ ကိုယ့်အခြေအနေပျက်လာတာတောင် သားတွေကို စီးပွားရေးမလိုက်စေရဘူး၊ နိုင်ငံရေးပဲ”

“ဒါကတော့ တိုင်းပြည်အတွက်ဆိုရင် တစ်ကြောင်းမကူ တစ်ကြောင်းကူရမှာပဲ။ ကျွန်မတို့သားကို နိုင်ငံရေးမှာ မထည့်နိုင်တော့ တို့ဗမာအစည်းအရုံးကစပြီး ငွေရေးကြေးရေးနဲ့ ကူခဲ့ရတာပဲ။ ခုလဲ အခြေအနေကတော့ တစ်ခုခုပြောင်းလဲလာဦးမှာပဲ”

​မေ​မေသည် ရှေ့စကားမဆက်တော့ဘဲ ထ၍သွားတော့သည်။ အတွတ်ကမူ ထင်းပုံဘေးမှ ရွှေ့၍မရ၊ ဘာတွေများ ပြောင်းလဲလာဦးမှာလဲ။ ​မေမေက သူ့ကို ကလေးလေးလို နေရာမပေးဘဲ ဖယ်ထားလွန်းလှသည်ဟု သူ့စိတ်ထဲမှာ ထင်မိ၏။ 

မျက်လုံးထဲမှာ ညကမြင်ကွင်းသည် မပျောက်နိုင်သေး။ ဤ ဒေါ်တင်တင်ကြီး ဤဦးဘလှဆိုသော အခြေခံချင်း လုံးဝမတူကြသည့် နှစ်အိမ်ထောင်မှ ပေါ်ထွက်လာသော သက်တံ့ပေါင်းကူးတံတားတွင် အတူလျှောက်နေကြသည့် မွှေးနှင့်ဖရက်တို့လမ်းခရီးကရော မည်မျှကြာကြာ ခိုင်မြဲပါမည်နည်း။

* * * 

မတ်လတော်လှန်ရေးပြီးသည့်နောက် နွေရာသီ၏နှောင်းချိန်သည် သာတောင့်သာယာရှိလှသည်။

နွေရာသီ၏နေရောင်များလို လူတွေ၏ဟန်ပန်များကလည်း ယခုမှ ပွင့်လင်းလှုပ်ရှားဟန်ပေါ်လာတော့သည်။

မွှေးတို့အိမ်ဘက်တွင်မူ ယခင်ကထက် တိတ်ဆိတ်နေသည်မှာ ထူးခြားသည့်အသွင်ပင်ဖြစ်သည်။ ယခင်တစ်ပတ်က တပ်မတော်သား စစ်ဗိုလ်အချို့ လာရောက်တည်းခိုသွားကြ၏။ 

မွှေးက အတွတ်တို့အိမ်ဘက် မကူးသည်မှာ ကြာခဲ့ပြီ။ တော်လှန်ရေးအချိန်အတွင်းတွင်လည်း အတွတ်တို့မိသားစု ဝါးခယ်မဘက်သို့ ခေတ္တပြောင်းကာ အိပ်ကြ၏။ အတွတ်တို့ ပြန်လာသည်မှာလည်း ငါးရက်လောက်ပင် ရှိသေးသည်။ မွှေးတို့ခြံနောက်ဘက် စည်းရိုးနားရှိ သော်ကပင်ကြီးသည် ရွက်နုတို့နီထွေးထွေးနှင့် ပန်းရောင်များ ဝေလျက်ရှိသည်။ 

ပွင့်ဖတ်ကြွေများသည် မြေညီခင်းပေါ်ဝယ် ပြန့်ကြဲလျက်ရှိ၏။ မြေပေါ်တွင် ကြွ၍နေသော သစ်မြစ်ကြီးပေါ်တွင် မွှေးသည် တစ်ယောက်တည်း ထိုင်လျက်ရှိသည်။ လက်ထဲမှ ဝါးခြမ်းပြားဖြင့် မြေပြင်ပေါ်ရှိ ပွင့်ဖတ်ကလေးများကို တစ်ခုချင်း ဖယ်၍ပစ်နေသည်။ လက်က လှုပ်ရှားနေသော်လည်း သူ့စိတ်များသည် ပွင့်ဖတ်များနှင့် ဝါးခြမ်းကို ဂရုထားဟန်မတူပေ။ သူတို့အိမ်မှာလည်း အထူးတိတ်ဆိတ်နေသည်။

အတွတ် သူ့အနားတွင် လာရောက်ထိုင်သည်ကိုပင် သူ သတိမထားမိပေ။ 

“မွှေး”

အတွတ်အသံသည် တိုး၍တုန်ယင်နေသည်။ မွှေးက အတွတ်ကို လှမ်းကြည့်လိုက်သော်လည်း အံ့ဩပုံမရ၊ ငြိမ်လွန်းလှသည်။

“မေမေက ပြောလို့ မင်းကိုလိုက်ရှာလိုက်ရတာ။ ဒီမှာ လာကုပ်နေတာကိုး၊ မင်း မေမေ့အနားမှာ နေဖို့ ကောင်းတယ်”

အတွတ်က အားငယ်ဟန်နှင့် ဆို၏။ 

“မေမေက စိတ်ထိန်းနိုင်ပါတယ်။ မွှေးသာ စိတ်မထိန်းနိုင်လို့ တစ်နေရာတည်း ရပ်မနေချင်ဘူး”

“ဒီသတင်းက ဘယ်လောက်မှန်မှာလိုက်လို့ကွယ်။ သိပ်လဲ စိတ်မပူပါနဲ့”

“တစ်နေ့ကလာတဲ့ စစ်ဗိုလ်ဟာ ကိုကိုအောင်နဲ့အတူတူ အနောက်မြောက်တိုင်းမှာ ဂျပန်တော်လှန်ရေး တာဝန်ကျတဲ့သူတွေပေါ့။ ဒါကြောင့် ကိုကိုအောင် ကျဆုံးသွားတာကို ​မေ​မေ့ဆီ လာပြောကြတာ”

သူတို့နှစ်ယောက်လုံးသည် ငြိမ်သက်သွားကြပြန်သည်။ သော်ကပင်ထက်ရှိ ရွက်သစ်တို့မှာ တော်လှန်ရေးမှာ ပေါ်ပေါက်လာသော အင်အားသစ်တို့၏ဟန်ဖြင့် တက်ကြွရွှင်မြူးလျက်ရှိသော်လည်း တဖြုတ်ဖြုတ်ကြွကာ ​မြေသို့သက်သည့် ပန်းပွင့်အလွှာများကမူ ကျဆုံးရှာသော တော်လှန်ရေးရဲဘော်များကို ကိုယ်စားပြုဟန်ရှိသည်။

“ဖေဖေကတော့ မနက်ဖြန်ကို ရန်ကုန်သွားမလို့။ ဟိုမှာ အတွတ် ကျောင်းနေဖို့အတွက် စီစဉ်မယ်လို့ ဆိုတာပဲ” 

“ကောင်းပါတယ်၊ မွှေးတို့တော့ ဘာလုပ်ရမယ်မသိဘူး။ ဂျပန်ခေတ်မှာ ၁၀ တန်းအောင်ထားတာပဲရှိတယ်” 

“အေး... ဒါကြောင့် ခုဖွင့်မယ့် အရေးပေါ်တက္ကသိုလ်မှာ ငါတို့နေနိုင်တာပေါ့။ ဖေဖေနဲ့အတူ ဖရက်တို့အဖေလည်း လိုက်မယ်။ မေမေက ကိုယ့်ကို ဆရာဝန်လိုင်း လိုက်ခိုင်းတယ်၊ ပြီးတော့ အများအတွက် အသုံးကျအောင်လုပ်တဲ့”

မွှေးသည် ပို၍ငြိမ်သက်စွာ နားထောင်နေ၏။ ပြီးတော့ သူ သက်ပြင်းချလိုက်သည်။ သူသည် ဘာကိုများ လေးလေးနက်နက်စဉ်းစားနေသည် မသိပေ။ မျက်လုံးများသည် လဟာပြင်ထဲတွင် တစ်ခုခု ရှာ​နေဟန်ကိုလည်း ပြ၏။

“မင်းကော အရေးပေါ်တက္ကသိုလ်မှာ ဆက်နေမလား” 

“မေ​မေက ဘာပြောဦးမလဲမသိဘူး၊ မွှေးတော့ နေရမယ် မထင်ပါဘူး၊ အခုဆိုရင် အိမ်မှာ မွှေးဟာ မျက်နှာသာအပေးမခံရပါဘူး။ ဒါကြောင့်လဲ မဟုတ်ပါဘူးလေ၊ တို့အိမ်စီးပွားရေးက ဘာမှ ရှိတော့တာမဟုတ်တော့ အလုပ်လုပ်ချင်လုပ်ရမှာ” 

“ဒါနဲ့ ဘာဆိုင်လဲ၊ မျက်နှာသာမပေးတာနဲ့"

“မွှေး ဖရက်ကို ချစ်နေလို့"

အစက သိပြီးဖြစ်သော်လည်း မွှေးပါးစပ်နှင့် တိတိလင်းလင်း ပြောလိုက်သောအခါ အတွတ်စိတ်ထဲတွင် နင့်သွားတော့သည်။ မွှေးသည် ဝါးခြမ်းလေးကို မြေပေါ်တွင် ထောက်လိုက်ပြန်၏။

“မေမေ့ကို ဖွင့်ပြောကတည်းက မေ​မေက မချစ်နဲ့လို့ ယတိပြတ် ​ပြောတာ၊ ခက်တာက အတွတ်ရေ ... မွှေး ဖရက်ကို မချစ်ဘဲနေလို့မရဘူး၊ စိတ်ကလည်း ဘာ​ကြောင့်ထိန်းမရလဲမသိ။ ကိုယ်သွားတော့မယ်"

မွှေးသည် မျက်နှာကိုငုံ့ကာ သူ့အပါးမှ ထ၍သွားတော့သည်။ အတွတ်ကမူ ဘာလုပ်ရမှန်းမသိ၊ ကြောင်၍ကျန်ရစ်၏။ နောက်မှ ကြီးကြီးတင်ကို သွားတွေ့ရန် ထသွားလိုက်မိသည်။ 

ကြီးကြီးတင်သည် အနောက်ဆောင်ခန်းတွင်ပင် ဆေးလိပ်ပတ်ရန် ချည်ရစ်လျက်ရှိသည်။ သူ့မျက်လုံးများသည် အားနည်းနေပုံရ၍ စိက်မပျော်ဟန်ပြသော်လည်း သူ့စိတ်ကို အလုပ်တစ်ခုခုပေး၍ ဖြေနေပုံလည်းရပေသည်။ 

သူ့ကို မြင်မြင်ချင်းပင် “ထိုင်ဟေ့ သားရေ၊ ရေနွေးကြမ်း သောက်ဦး” ဟု စ၍နှုတ်ဆက်သည်။ 

အတွတ်က ခပ်ကျုံ့ကျုံ့ပင် ထိုင်နေသော်လည်း ဘာစကားပြောရမှန်းမသိသလိုဖြစ်နေသည်။

“မိမွှေးကို တွေ့ရဲ့လား” 

အဘွားကြီးက ထပ်မေးပြန်၏။

“ဟုတ်ကဲ့ တွေ့ပါတယ်။ ကိုအောင် တိုက်ပွဲကျတယ်ဆိုတာ မေမေပြောပေမယ့် မယုံလို့ မွှေးပြောပြမှပဲ ယုံတော့တယ်"

“အေး ... ဟုတ်ပါတယ်။ သားတို့အဖေလည်း နက်ဖြန် ရန်ကုန်လိုက်မလို့ဆို" 

“ဟုတ်ကဲ့” 

“အတွတ် ကျောင်းနေဖို့အတွက် စီစဉ်မယ်ဆိုတာ ဟုတ်လား”

“ဟုတ်ပါတယ်။ မွှေးကိုရော ကျောင်းဆက်ထားဦးမလား ကြီးကြီး”

“သူ အလုပ်လုပ်ရမယ်ထင်တယ်၊ ဖရက်နဲ့​မွှေးတို့အကြောင်း သိပြီးပြီလား။ ငါ့သားကတော့ မောင်နှမလိုပဲဟာ သိသင့်ပါတယ်”

အဘွားကြီးအမေးမှာ ရှင်းခနဲဖြစ်သွားလွန်း၍ အတွတ် ဘာပြန်ဖြေရမှန်းမသိပေ။

“ကြီးကြီးတင် စိတ်ထဲမှာ သား ကျဆုံးသွားတာကို ဂုဏ်ယူနိုင်သလောက်၊ မွှေး ဖရက်နဲ့ကြိုက်သွားတာကို ရင်နာလို့မဆုံးဘူး။ သူ တစ်နေ့ သိမှာပဲ။ ခုနစ်တန်း၊ ရှစ်တန်းပညာနဲ့တွက်တောင် ရသေးတယ်။ အက္ခရာသင်္ချာသဘောလိုပဲ၊ အခြေခံချင်းမတူတဲ့ ဂဏန်းနှစ်ခုဟာ ဘယ်မှာပေါင်းလို့ရမလဲ။ ရိုးရိုးဂဏန်းမှာ သုံးနဲ့နှစ် ပေါင်းရင် ငါး ဖြစ်နိုင်သေးတယ်။ အက္ခရာသင်္ချာမှာ က နဲ့ ခ ဟာ ပေါင်းလို့ ငါးဆိုပြီး ဘယ်မှာလုံးသွားမလဲ။ အလယ်က အပေါင်းဂဏန်းကြီး ခံပြီး က အ​ပေါင်း ခ ဖြစ်မှာပဲ။ အလကားပဲကွယ်။ မိန်းကလေး သိပ်မှားတာပဲ” 

အတွတ်မှာ ကရော ခရော နားထဲတွင် လုံးထွေးသွားကာ ငိုင်မြဲငိုင်မိ၏။ စိတ်ထဲမှာလည်း ရှုပ်ရှုပ်ပွေပွေဖြစ်သွားသည်။ ဘာကို ပြောရပါ့မလဲ။ ကြီးကြီးတင် နှစ်သိမ့်အောင် ပြောရမလား၊ ဖရက်အကြောင်းပြောရမလား၊ ဒီလိုဝင်ရောက် စွက်ဖက်နိုင်လောက်အောင် သူသည် အရွယ်ရောက်ပြီလား။ သူ့ကိုနေရာထား၍သာ ကြီးကြီးတင်ကလည်း ပြောခြင်းဖြစ်သည်။ 

“ငယ်ရွယ်သူတွေဆိုတာကတော့ စိတ်ကူးယဉ်တတ်တာပဲ။ ခုနေ ကြီးကြီးတင် ဇွတ်ဝင်ပါရင် ငယ်စိတ်ကြွနေတုန်း မဟုတ်တရုတ်တွေဖြစ်သွားနိုင်တယ်။ အရှိန်ကျသွားတဲ့အခါကျတော့လည်း မြင်လာမှာပေါ့”ဟု ကြီးကြီးတင်က ဆက်ပြော၏။

အိမ်ရှေ့ဘက်မှ ပစ္စည်းများရွှေ့သံ၊ သယ်ယူသံများ ကြားနေရပေသည်။ 

“ကြီးကြီး ဘယ်သူတွေ ဘယ်ပြောင်းလို့မလဲ” 

ခုမှပဲ အတွတ်က စကားစရှာရတော့၏။

“သူဇာနဲ့ မူရာ ရန်ကုန်ပြောင်းတော့မယ်။ မူရာ့ယောက်ျားလည်း ဦးဝိစာရလမ်းကအိမ် ဂျပန်လက်ထဲက ပြန်ရသတဲ့" 

“ဪ ... ကျွန်တော်တော့ ကိုကိုအောင်ကို ဘယ်တော့မှ မေ့မှာဟုတ်ပါဘူး၊ အမြဲသတိရနေတယ်။ ကိုကိုအောင်တို့လိုလူတွေ အသေခံတိုက်လို့သာ ကျွန်တော်တို့တစ်တွေ စာအေးအေး ပြန်သင်နိုင်ရတော့မယ်ဆိုတာကိုတော့ ကျွန်တော် အမြဲသတိရနေမှာပဲ”

“ကျေးဇူးတင်ပါတယ် သားရယ်၊ အမှန်တော့ လက်နက်စွဲကိုင်ပြီး တပ်ထဲဝင်တဲ့သူတွေသာ ကျေးဇူးတင်ထိုက်တာ မဟုတ်ပါဘူး။ ဒီတော်လှန်ရေးမတိုင်ခင် လက်နက်မဲ့ဘဝနဲ့ ဗြိတိသျှအစိုးရကို အံတု တိုက်ခိုက်လို့ စစ်ဖိနပ် ပုလိပ်ဖိနပ်အောက်မှာ လှိမ့်ခံခဲ့ရတဲ့ လယ်သမားကြီးတွေ အလုပ်သမားကြီးတွေဟာလည်း လွတ်လပ်ရေးရဲ့ ကျေးဇူးရှင်တွေပဲ”

ကြီးကြီးတင်အသံမှာ သိမ်မွေ့၍ အေးလှသည်။

“ကျွန်တော်တို့လည်း တိုက်ရေးခိုက်ရေးမှာတော့ မစွမ်းဘူး။ မေမေက စာမေးပွဲအောင်ရင် ငွေထက် လူတွေရဲ့ အသက်ကို ကယ်နိုင်အောင် ကြိုးစားဖို့ပြောပါတယ်။ ဒါကြောင့် ဆရာဝန်လိုင်း လိုက်ခိုင်းတာပဲ”

“ကောင်းပါတယ်၊ လူတွေဟာ မေတ္တာဗြဟ္မာစိုရ်ဆိုတဲ့ စိတ်နဲ့ အများအတွက် အနစ်နာခံနိုင်တဲ့စိတ် နှစ်ခုပေါင်းရှိမှ လူ့ဘဝဟာ အဓိပ္ပာယ်ရှိတာပဲ။ နို့မို့ရင် လူဟာ အခြားသတ္တဝါနဲ့ ဘာများကွာတော့မလဲ” 

“ဟုတ်ကဲ့၊ မွှေးအတွက်လည်း သိပ်မစိုးရိမ်ပါနဲ့။ သူဟာ သိပ်မဆိုးပါဘူး၊ ဆိုးဆိုးရွားရွားလည်း မဖြစ်နိုင်ပါဘူး”

“အေး မင်းနှမကံပေါ့။ ကြီးကြီးတင်က ထိန်းပေးနိုင်ရုံပဲ။ သားသမီးအပေါ်  နိုင့်ထက်စီးနင်းဆိုတာလဲ မလုပ်ချင်ဘူး” 

“ကျွန်တော် ပြန်ဦးမယ် ကြီးကြီးတင်" 

သူသည် နှုတ်ဆက်ကာ အိမ်ရှေ့ဘက်သို့ လှည့်ထွက်လာခဲ့၏။ အလယ်ခန်းမတွင် မအေးသည် တောသို့ ဖောက်သည်ပေးမည့် အထည်ကြမ်းများကို ချုပ်လုပ်နေသည်။ မွှေးကလည်း အနားက စက်တစ်လုံးဖြင့် ဘော်လီချုပ်နေသည်။ သူ့ကို လှမ်း၍နှုတ်ဆက်သော်လည်း မွှေးမျက်နှာက မပြုံးပေ။

* * * 

ကျောင်းဖွင့်ရက်သည် တဖြည်းဖြည်း နီးကပ်လာ၏။ အတွတ်နှင့် ဖရက်တို့မှာ စာအုပ်နှင့်ပစ္စည်းပစ္စယများကို တိုင်တိုင်ပင်ပင် ပြင်ဆင်နေသည်။ ​မွှေးကိုမူ အတွတ်သည် ယခင်ကထက်ပင် အမြင်ရ ​ဝေး၍လာတော့သည်။ 

လဆန်း(၁၄)ရက် ညများသည်လည်း ရာသီသို့လိုက်၍ ပြောင်းလဲခဲ့၏။ တစ်ခါတစ်ရံ ညတွင် နှင်းမှုန်တို့ သွန်ကျ၍ လရောင်ခြည်ကို ရွှန်းရွှန်းပပ မမြင်ရခဲ့။ တစ်ခါတစ်ရံ နွေ၏ရွက်သစ်ဦးများပေါ် တွင် သစ်လွင်သော လ​ရောင်ခြည်ကို တွေ့လိုက်ရ၏။

မိုးသို့တိုင်လျှင် လဝန်းသည် တိမ်ညိုတို့နောက်မှ ကောင်းကင်ကို ထွန်းပနေသော်လည်း လဝန်းကို မမြင်စွမ်းနိုင်ပါတကား။

ဤကုန်ခဲ့သော လဆန်း (၁၄)ရက် ညများတွင် အတွတ်အဖို့ လဝန်းကို မြင်ရသည်ဖြစ်စေ၊ မမြင်ရသည်ဖြစ်စေ ရွှန်းပသောရောင်ခြည်သည် ကောင်းကင်တွင် ဖြိုးဖြိုးဝေနေသည့်နောက် ဤစကြဝဠာ၏ တစ်နေရာရာတွင် လမင်းရှိနေလိမ့်မည်ကို မှန်းဆနိုင်မည်ဖြစ်၏။

မွှေးတို့နှစ်ယောက် တွေ့ဆုံကြပုံကိုလည်း သူတပ်အပ်သေချာစွာ မမြင်ရပေမယ့် မြူးကြွနေသော ချစ်ရောင်ခြည်များ ယှက်သမ်းနေသည့်နောက် ဤလှပသော ခြံကြီးတစ်နေရာတွင် မွှေးနှင့်ဖရက် ချစ်သူနှစ်ယောက်ရှိနေကြမည်ကို အတွတ်က သိ၏။ ယခင်ကုန်ခဲ့သော လဆန်း (၁၄)ရက်နေ့ ညများတွင်တော့ အတွတ်သည် ဘယ်တော့မှ အိပ်မပျော်ခဲ့။

အကယ်၍သာ သူတို့ ကျောင်းကိုသွားကြရပြီဆိုလျှင် လဆန်း (၁၄)ရက်ညများတွင် မွှေးတစ်ယောက် ဘယ်လိုများ ရှိနေရှာမည်နည်း၊ အတွတ်က မွှေးအတွက် သနား၏။ 

ဝါဆိုဦးညများတွင် အဖိတ်နေ့သို့တိုင်လျှင် ဝါးခယ်မဘက်မှ အာရုံတော်ဝတ်အသင်း၏ ညဉ့်ဘက်လှည့်လည်၍ ချိုချဉ်ခဲဖွယ်များ ခံယူရင်း တီးမှုတ်သွားသော တေးသံများသည် မြစ်ပြင်ကိုဖြတ်၍ မွှေးတို့ရှိရာသို့ လွင့်လာခဲ့ပါလျှင် ကိုယ်ထီးကျန်ဖြစ်သော မွှေးတစ်ယောက် ရင်နင့်ကာ လွမ်းနေရှာမည်လား။ မြစ်ပြင်ကြီးကမူ လရောင်အောက်တွင် တသွင်သွင် စီးမြဲစီးနေမည်သာတည်း။ လဝန်းသည်လည်း မှန်မှန်ပင် ပြည့်ကာ တစ်လပြီးတစ်လ ကုန်လွန်မည်သာတည်း။ ယခုလည်း လဝန်း ပြည့်သည်နှင့်အမျှ သူတို့ကျောင်းဖွင့်ရက်သည် နီးကပ်လာ၏။ နီးလာသည်နှင့်အမျှ အတွတ်အဖို့ သူချစ်သောမြေ၊ သူချစ်သော မြင်ကွင်းတို့နှင့် ခွဲခွာရမည့်အချိန်သည်လည်း မဝေးတော့ပေ။ အနောက်ဘက်လယ်ကွင်းများထဲတွင် စပါးစေ့များသည် အိပ်ပျော်ရာမှ နိုးကြ၊ နိုးရာမှ နေရောင်ခြည်ကို ပြူ၍ကြည့်ကြ၏။

သွန်းသွန်းဖြိုးကာ ရွာကျလာကြသော မိုးပန်းမိုးပွင့်တို့တောအလယ်ဝယ် ခြုံထည်စိမ်းလေးများနှင့် စပါးစေ့လေးတို့ မြူးပျော်ကြ၏။ အရှေ့မြောက်လေသည် စပါးပင်လေးများပေါ်သို့ နှင်းမှုန်များ ကြဲလိုက်လျှင်မူ ခြုံထည်စိမ်းကိုစွန့်၍ အဝါရောင်ဝတ်ရုံကို လဲကြပြန်သည်။

ဆောင်းနှောင်းသို့ တိုင်လျှင် စပါးစေ့လေးတို့သည် ငိုက်မျဉ်း ကိုင်းညွတ်ကာ ပတ်ကြားအက်ထဲ၌ နားနေအိပ်စက်ရမည့်အချိန်ကို စောင့်မျှော်နေကြသည်။ ယခုတော့ ထိုမြင်ကွင်းများကို စွန့်၍ အတွတ်သည် ကျောင်းသို့သွားရပြန်ဦးတော့မည်။ 

မိုးဦးကျလာချိန်တွင် ရန်ကုန်သို့ ဖရက်တို့သားအဖနှင့်အတူ အတွတ်တို့သားအဖ ထွက်လာခဲ့ကြသည်။ ဝါးခယ်မတွင် ဖရက်၏အဒေါ်ကြီးတစ်ယောက်သာ ဆရာမ လုပ်၍ ကျန်ရစ်ခဲ့သည်။ အတွတ်အဖို့ ငယ်ငယ်တုန်းကလိုပင် နွေမှာ အိမ်သို့ပြန်၍ မိုဦးတွင် ကျောင်းသို့လာခဲ့ရ၏။

တက္ကသိုလ်မှာလည်း ရွှေဘုံသာလမ်း အရေးပေါ်တက္ကသိုလ်မှ အင်းလျားကန်ဘေး တက္ကသိုလ်သို့ ပြောင်းရွှေ့လာခဲ့သည်။ တက္ကသိုလ်တွင်မူ ဖရက်က အဆောက်အဦးအင်ဂျင်နီယာဘက်လိုက်၍ အတွတ်က ဆရာဝန်ဘက်ကို လိုက်သည်။ ဖရက်သည် နှစ်စဉ် နွေရာသီကျောင်းပိတ်ရက်တိုင်း အတွတ်နှင့်အတူ ပါလာခဲ့၍ တစ်ပတ်ခန့် ဝါးခယ်မတွင် နေပြီးမှ ပြန်သည်။ သုံးနှစ်မြောက် နွေရာသီကျောင်းပိတ်ရက်တွင်မူ ဖရက်သည် အတွတ်နှင့်အတူ ပါမလာတော့ပေ။ 

အတွတ်သည် ဖရက်ကိုယ်စား ရှည်လျားသော စာများကိုသာ ​မွှေးထံသို့ ယူခဲ့၏။ မွှေးမှ စိတ်ချမ်းသာပါစေတော့ဟု စာကိုယူလာခဲ့ရသော်လည်း ကိုယ်တိုင်ပေးရသောအခါတိုင်း ရင်ထဲမှာ နင့်၍သွား၏။ မွှေးကတော့ ချစ်သူထံမှ စာရသောအခါတွင် မျက်နှာလေးမှာ ဝင်းထိန်သွားတော့သည်။

“မွှေး... မင်းကို ချစ်လွန်းလို့ စိတ်မှ ချမ်းသာပါစေတော့လို့ ဒီစာတွေကို ငါ့လက်နဲ့ ယူလာခဲ့ရတာ။ ငါဘယ်လောက်ရင်နာမယ် ဆိုတာတော့ မွှေးမသိဘူး” 

သူသည် ဖရက်ထံမှစာကို မွှေးအား ပေးရတိုင်း နှုတ်ခမ်းများပင် တလှုပ်လှုပ်ဖြစ်ကာ ဖွင့်၍ပြောလိုက်ချင်သည်။ သို့သော် သူ့ထုံးစံအတိုင်း ပါးစပ်ဖျားတွင် စကားလုံးများသည် ပျောက်ကွယ်၍သွားကြသည်။

ကျောင်းဖွင့် အပြန်ရက်တွင်မူ ကြီးကြီးတင်ထံမှ သူ မမျှော်လင့်သောစကားကို ကြားလိုက်ရ၏။

“ဒီတစ်ခါ အတွတ်ကျောင်းပြန်သွားရင် မွှေးကို ရန်ကုန်ထည့်ရလိမ့်မယ်”

သူသည် ဝမ်းသာအံ့သြသလို၊ ရုတ်တရက် အာမေဍိတ်သံ ထွက်၍သွား၏။

“ဟုတ်တယ်၊ ဟိုမှာ အလုပ်လုပ်ဖို့ မူရာနဲ့ စီစဉ်ပြီးပြီ။ မွှေးက မူရာတို့အိမ်ကနေ အလုပ်တက်လိမ့်မယ်”

“ကောင်းတော့ ကောင်းပါတယ်ခင်ဗျာ။ ပိုကောင်းတာကတော့ သူကျောင်းဆက်​နေနိုင်ရင်" 

“ဒါကတော့ အတိုင်းထက်အလွန်ပဲ၊ ဒါကတော့ မဖြစ်နိုင်သေးဘူး”

ကြီးကြီးတင်က ဒါပဲပြောကာ သူနှင့်စကားစပြတ်သွား၏။

သူသည် အိမ်ကြီးကို ပတ်လည်လှည့်ကာ မွှေးကိုရှာရပြန်သည်။ အိမ်ကြီးသည် ခြောက်သွေ့နေ၏။ ပန်းခင်းများမှာလည်း ယခင်ကလောက် စည်စည်ပင်ပင် မရှိတော့ပေ။ ခြေမသန်သော ဘကြီးကို အိမ်ဦးခန်းတွင် တွေ့ရ၍ အစုတ်အပြဲတစ်ပုံကို သီချင်းတကြော်ကြော်နှင့် လက်ချုပ်ချုပ်နေသော မွှေးအဖေကိုလည်း ထိုဘကြီးအနားတွင် ​တွေ့ရပြန်သည်။ 

သူသည် အနောက်ဆောင်ဘက်သို့ ကူးခဲ့၏။ မီးဖိုထဲတွင် ထမင်းချက်နေသော အေးကို လှမ်းမြင်ရ၏။ မွှေးကိုမူ အနောက်ဆောင်ရှိ စက်ပေါ်၌ ဘော်လီချုပ်နေသည်ကို တွေ့ရသည်။

“မင်း ရန်ကုန်လိုက်ရတော့မယ်ဆို"

မွှေးသည် သူ့ကိုမော့်ကြည့်ကာ ပြုံးလိုက်၏။ မွှေး၏အပြုံးသည် ပေါ့ပေါ့ပါးပါး မရှိလှပေ။

“ဒီလိုဆို မင်း ပိုပြီးစိတ်ချမ်းသာမှာပေါ့နော်”

အတွတ်က စက်ခုံပေါ် လက်ထောက်ကာ ခပ်တိုးတိုး ​မေးပြန်သည်။

“တကယ်လို့သာ ကျောင်းနေဖို့ ဟန်နဲ့ပန်နဲ့ သွားရရင်တော့ ဝမ်းသာစရာပေါ့။ အခုတော့ အလုပ်လုပ်ရမှာ၊ ပြီးတော့ မောင်နဲ့လည်း မတွေ့ရဘူးတဲ့။ မေမေက ကတိတောင်းတယ်” 

အတွတ်သည် ပါးစပ်ကလေး ဟ၍ သွားသည်။ 

"မောင်" 

သူက ထပ်၍ဆိုလိုက်၏။ 

“ဖရက်ကို ပြောတာပါ” 

မွှေးသည် ရှက်ဟန်ဖြင့် ခေါင်းငုံ့သွားရင်း စကားဆက်ပြော၏။

“ဒီမှာက မမအေးတစ်ယောက်တည်း စက်ချုပ်တဲ့ ဝင်ငွေနဲ့ဆိုတော့ သိပ်အဆင်မပြေဘူး။ မွှေးပညာတွေ သင်ထားတော့ အိမ်ကို ကူဖို့ အလှည့်ရောက်လာပြီပေါ့” 

“အေးကွယ်၊ ပစ္စည်းဆိုတာ သင်္ခါရပါပဲ” 

သူက လူကြီးလေးလို ညည်းလိုက်၏။ နားထဲမှာတော့ “မောင်” ဆိုသောလေသံမှာ ခုန်ကာ ပျံကာ ရစ်ဝဲ၍နေတော့သည်။

ထိုနေ့က ထမင်းစားပြီးမှ မွှေးတို့အိမ်က ပြန်ခဲ့သည်။ ဘယ်သူနှင့်မှ စကားမပြောတော့ဘဲ သူ့အိပ်ခန်းရှိရာသို့ တောက်လျှောက် တက်လာခဲ့သည်။ အိပ်ခန်းထဲတွင်မူ မေ​မေ့ကို မမျှော်လင့်ဘဲ သူတွေ့ လိုက်သည်။ 

“သား အခုမှ ပြန်လာတာလား၊ ထမင်းစားချိန်ကတောင် အခေါ်လွှတ်မလို့၊ သိန်းဖေကို ပြောသွားတယ်ဆို၊ မွှေးတို့အိမ်မှာစားမယ်လို့” 

“ဟုတ်ကဲ့ မေမေ” 

သူသည် ခုတင်ပေါ် အသာလှဲလိုက်၏။ 

“သားကို မေမေစကားပြောချင်လို့ စောင့်နေတာ” 

ထူးထူးဆန်းဆန်း သူ့ကို လူရာသူရာ ​မေ​မေက သွင်း၍ စကားပြောချင်သည်ဆိုတော့ သူ့မှာ တအံ့တဩဖြစ်သွားရပြန်သည်။

“သားက ကျောင်းမှာ လူပျိုဖားဖားအဖြစ်နေတော့ ရည်းစားတွေ ဘာတွေများ ရှိလားလို့”

မေမေက သူ့ကို စေ့စေ့ကြည့်ကာ မေးလိုက်၏။ 

သူသည် မဲ့ပြုံးလေး ပြုံးလိုက်ကာ ...
“မရှိပါဘူးမေမေရာ၊ သား ဘယ်သူ့ကိုမှ ချစ်လို့မရပါဘူး”

သူက အဓိပ္ပာယ်နှင့် ပြောသည်ကို ​မေ​မေက နားလည်မည်မဟုတ်။ မွှေးကလွဲ၍ ဘယ်မိန်းကလေးကိုမှ ချစ်မရသည်ကို သူ့ကိုယ်သူသာ သိပေမည်။

“ဒီလိုဆို မေမေ မိန်းကလေးတစ်ယောက်နဲ့ စေ့စပ်ချင်လို့”

“ဘာ” 

အတွတ်သည် မိန်းကလေးတစ်ယောက်ကို ချစ်ရမည်ဆိုသည်ကိုပင် လန့်၍သွား၏။

“ဒါကတော့ ဓမ္မတာပဲ။ သားကို ဇာတ်စုံခင်းရဦးမယ်။ မေမေတို့နှစ်အိမ်ထောင်ဟာ ဘိုးဘွားကစပြီး ဒီနေရာမှာ အခြေစိုက်လာတာ၊ အမျိုးလိုဖြစ်နေပြီ။ ဒါပေမယ့် တင်တင်ကြီးမှာ အခန့်မသင့်တော့ စီးပွားကလဲပျက်၊ လင့်ရောဂါကလဲ ကုမရတော့ဘူး။ သားကလဲ တော်လှန်ရေးမှာကျသွားတော့ သူ့စီးပွားရေးဟာ တော်တော်ကျပ်သွားတယ်။ အရွယ်မရောက်သေးတဲ့ ကလေးတွေကိုလည်း ပညာသင်ပေးရသေးတယ်။ ခုတောင် အေးတစ်ယောက်တည်း စက်ချုပ်တဲ့ဝင်ငွေနဲ့ ဘယ်ဖြစ်မလဲ။ ဒါကြောင့် မွှေး ရန်ကုန်အလုပ်သွားလုပ်ရမယ်”

မေမေ့စကားမှာ ဘယ်ကိုရောက်သွားမှန်း အတွတ်မသိပေ။

“ဒီတော့ သား ဒီဂရီရရင် အေးနဲ့လက်ထပ်ဖို့ အခုထဲက စေ့စပ်ထားရင် မကောင်းဘူးလား၊ တို့များဟာ တင်တင်ကြီးအပေါ် သစ္စာရှိရာ ယိုင်းပင်းရာလဲ ကျတာပေါ့” 

အတွတ်သည် မမျှော်လင့်သော စကားအတွက် အတန်ကြာပင် ငိုင်သွားသည်။ 

“မေမေ သဘောမတူတာကို သားမယူပါဘူး၊ မမအေးကို သားက အစ်မလိုပဲ ချစ်လို့ရတာပါ။ မဖြစ်နိုင်ပါဘူး မေမေရာ" 

“လေးလဲ အရွယ်ရောက်ပြီပဲ” '

“ဟာ သူက လှလွန်းပါတယ်” 

မေမေ့မှာ သူ့စကားပြန်ပုံကို အံ့သြသလို၊ ရယ်ချင်သလို ကြည့်နေသည်။

“ဒါဖြင့် သား... မွှေးကို” 

“မွှေး... မွှေးကို၊ ဟုတ်လား ...”

အတွတ်သည် အသံမြှင့်၍ပြောပြီးမှ 
“မွှေးကို ချစ်ချင်ပါတယ် မေမေရာ။ မွှေးက သားကို မချစ်ပါဘူး၊ မချစ်ပါဘူး”

သူသည် တစ်ခါတုန်းကလိုပင် ခေါင်းအုံးကို မျက်နှာအပ်ကာ ဝမ်းနည်းပမ်းနည်း မေမေ့ကို အော်ပြောလိုက်၏။ ဘာမှနားမလည်သော မေမေမှာ သားကို ဆက်မပြောတော့ဘဲ နေရာမှ ထသွားတော့သည်။

အမှန်တော့ မေမေဆောင်ကြဉ်းသမျှကို ထိုစဉ်က လက်ခံလိုက်ပါလျှင်လည်း မွှေးနှင့်လက်ထပ်ဖြစ်နိုင်ပေသေးသည်။ သို့သော် မချစ်ဘဲနှင့် မွှေး၏လင်သားဘဝကိုတော့ အတွတ်က မလိုချင်ပေ။ မွှေးသည် သူချစ်သောသူနှင့် ရကာ စိတ်ချမ်းသာစေချင်သည်။ 

* * * 

သင်္ဘောစက်အရှိန်ကြောင့် ရေပန်းရေဟုန်များမှာ တဖွားဖွား လှိုင်းကြွကာ သင်္ဘောနောက်တွင် ကျန်ရစ်သည်။ အတွတ်နှင့် မွှေးကမူ သင်္ဘောဝရန်တာမှ မခွာကြသေးပေ။ လက်တဝှေ့ဝှေ့ တယမ်းယမ်း ပြကာ နိမ့်တုံမြင့်တုံဖြစ်နေသော ပဲ့ပိုင်းမှသမ္ဗန်ကို နှုတ်ဆက်နေသည်။ သမ္ဗန်ပေါ်တွင် ​မွှေး​မေ​မေ ဒေါ်တင်တင်ကြီး၊ အတွတ်​မေ​မေ ဒေါ်သောင်းစိန်နှင့် အေးတို့ပါ သူတို့နှစ်ယောက်ကို လက်ပြနေသည်။ တစ်ဖက်ကမ်းရှိ သူတို့အိမ်ရှေ့တွင်မူ အသံကုန်ဟစ်ကာ ခုန်မတတ် လက်မြှောက်ပြနေသော ဖေဖေ့ကို မွှေးက လှမ်း၍မြင်နေရသည်။ 

မိုးစင်စင်လင်းပြီမို့ မြင်ကွင်းများသည် ထင်ရှားပြတ်သားလာသော်လည်း သင်္ဘောက တဖြည်းဖြည်း ဝေးကွာလာသောကြောင့် သူတို့အိမ်ကြီးများမှာ မှေးမှုန်ကာ ကျန်ရစ်တော့သည်။ ​မွှေးသည် ထပ်၍မြင်ရဦးတော့မလို လည်ဆန့်၍ မျှော်ကြည့်၏။ သူမွေးကတည်းက တစ်ခါဖူးမျှမခွဲခဲ့သေးသော ချက်မြှုပ်ဇာတိကို ယခုတော့ စွန့်ရပေပြီ။ ကာလမည်မျှကြာအောင်များ အပြင်သံသရာတွင် လည်ရဦးမည်မသိ။ မွှေးသည် အလုပ်သမားတစ်ယောက်လို ထွက်ခွာလာရခြင်းဖြစ်၍ ကျောင်းသားလို တစ်နှစ်တစ်ခါ ပြန်ရမည်ဆိုသော အတွေးမှာ တွေး၍မဖြစ်ပေ။

“တို့များနှစ်ယောက် မြစ်ကြီးကို စုန်လာခဲ့ပြီနော်” 

အတွတ်က မွှေးအနားမှ မခွာသေးဘဲ ပြောပြ၏။ 

“တို့ဘိုးဘွားတွေက ဒီမြစ်ကမ်းခြေမှာ အခြေစိုက်၊ တို့များက ဒီမြစ်ကမ်းကို ခွာပြီး အ​ခြေသစ် အနေသစ်တွေကို ရှာရဦးမယ်နော်”

ယခု အတွတ် ပြောပုံဆိုပုံကတော့ လေးလေးနက်နက်ရှိသည်။ အတွတ်မျက်နှာကို စေ့စေ့ပြန်ကြည့်လိုက်၏။ အတွတ်က စကားဆက်ပြောမြဲ ပြောနေသည်။ 

“ကိုယ် ကျောင်းသွားစကလဲ ဒီလိုပဲ စိတ်တော်တော်ထိခိုက်တယ်။ အလုပ်လုပ်တယ် ဆိုတာကတော့ သူများစိတ်နဲ့ ကိုယ့်ကိုယ်ကိုး၊ ခွင့်ရတဲ့အခါ ပြန်နိုင်ပါတယ်။ ကျောင်းသားလိုတော့ မလွတ်လပ်ဘူးပေါ့။ စစ်ပြီးခေတ်ဒဏ်တွေပဲ။ ဒီလိုပဲ တောမြို့က မိန်းကလေးတွေ စစ်ပြီးမှ ရန်ကုန်လာအလုပ်လုပ်ကြတာပဲ” 

ဝါးခယ်မမြို့သည် သူတို့မျက်စိအောက်မှ လုံးဝပျောက်ကွယ်သွားတော့သည်။ သင်္ဘောကြီးကမူ မြစ်ကို ဆက်၍စုန်လာ၏။ 

မွှေး၏ရင်ထဲတွင်မူ “ကြက်ကား တတွေး၊  ဒေါင်း တ​ငေးမျှ၊ မဝေးကြဘူး” ဟူသော ကဗျာပိုဒ်ကလေးကို သတိရနေသည်။ 

ရှင်မဟာသီလဝံသ၏ မွေးရပ်မြေကိုချစ်ရသော နှလုံးသားမှ ထွက်လာသည့် ကဗျာစကားလုံးများတည်း။ သူလည်း မွေးရပ်မြေက စွန့်ခွာရသောအခါတွင် ဆွေးဆွေးမြေ့မြေ့နှင့် တမ်းတစရာများ ပေါ်လာခဲ့၏။ တစ်ဖက်ကလည်း ချစ်သောသူနှင့် နီးရမည်မို့ ဝမ်းပင်သာရမည်လားမသိပေ။ သို့သော်လည်း နီးရမည်ဟူသော စကားလုံးကို ​မွှေးက ဒိဋ္ဌမတွေးရဲသောအခါ အသက်ရှူရသည်မှာ တင်းတင်းကျပ်ကျပ် ဖြစ်၍လာလေသည်။ 

* * *

ဒေါ်လေးမူရာသည် ဆင်း၍မကြိုသောကြောင့် အတွတ်က ဦးဝိစာရလမ်းအိမ်အထိ လိုက်ပို့ရသည်။ အိမ်ဝတွင် ဒေါ်လေးမူရာမှာ စောင့်နေဟန် ရှိသော်လည်း မျက်နှာသွင်ပြင်က ပျူပျူငှာငှာမရှိ၊ အေးအေးပင်တွေ့ရသည်။ အိမ်တွင်းဘက်သို့ ထွန်းမောင်ဆိုသူအား လှမ်းခေါ်လိုက်ကာ မွှေး၏ပစ္စည်းများကို တစ်နေရာသို့ သယ်သွားခိုင်း၏။

ဧည့်ခန်းထဲတွင် မွှေးနှင့်အတွတ်တို့ကို ခဏထိုင်ခိုင်းရင်း သူက စကားပြောနေ၏။ အိမ်မှာ နှစ်ထပ်တိုက်အိမ်ဖြစ်၍ ကျယ်ကျယ်ဝန်းဝန်းရှိသည်။ အမှောင်ပျိုးလာ၍ ဧည့်ခန်းတွင် မီးလင်းလာသည်။ ဒေါ်လေးမူရာက အရင်မတ်တတ်ရပ်ကာ “ကဲ...အတွတ်လည်း ကျောင်းဆောင်သွားမှာ မိုးချုပ်မယ်၊ မွှေးနေရမယ့် အခန်းကို မသိန်း လိုက်ပို့လိမ့်မယ်" ဟုဆို၏။

အတွတ်နှင့် မွှေးသည် မသိန်းဆိုသူ နောက်သို့ လိုက်၍သွားကြ၏။ ဧည့်ခန်းဘေး တံခါးမကြီးမှထွက်ကာ တိုက်နောက်ဘက်ဆီသို့ လျှောက်လာကြသည်။ မီးဖို၏အနောက်တောင်ဘက်တွင် ခြေတံရှည်အိမ်တစ်ခုနှင့် အနောက်မြောက်ဘက်တွင် တန်းလျားတစ်ခုကို တွေ့ရသည်။ မသိန်းသည် ခြေတံရှည်အိမ်ဘက်သို့ ခေါ်သွား၏။ အိမ်အောက်တွင် ကားထားကာ အပေါ်မှာ အခန်းနှစ်ခန်း တွေ့ရသည်။

သူတို့သည် မှောင်နေသော လှေကားကို စမ်း၍တက်ရ၏။ လှေကားဆုံးလျှင် လက်ဆွဲမှန်အိမ် ထွန်းထားသော (၁၀၊ ၁၅)​ပေခန့်ရှိ အခန်းတစ်ခုထဲတွင် မွှေး၏ပစ္စည်းများကို တွေ့ရသည်။

“ဒါဟာ မွှေးနေဖို့ အခန်းလား” 

“ဟုတ်ပါတယ်၊ မနေ့ကပဲ ကျွန်မတို့ ရှင်းထားတယ်"

အတွတ်သည် မွှေး၏မျက်နှာကို လှမ်း၍ကြည့်လိုက်သည်။ မွှေးက ခပ်အေးအေးပင် ပြုံး၍ပြလိုက်သည်။ အတွတ်ကတော့ အံကြိတ်လိုက်၊ သက်ပြင်းချလိုက်လုပ်ကာ မွှေးပစ္စည်းများကို နေရာချပေးနေသည်။

“အတွတ် မိုးချုပ်ပြီ၊ သွားတော့လေ၊ ကျောင်းပိတ်ရက်တွေကျ လာတာပေါ့”

“အင်း "

သူသည် လက်ကိုင်အိတ်ကို ကိုင်ကာ လှေကားမှ တလှမ်းချင်း ဆင်းသွားတော့၏။ 

အတွတ်သွားလျှင် ​မွှေးသည် အဝင်တံခါးကို အလုံပိတ်လိုက်၏။ မှန်အိမ်ကို သေတ္တာပေါ်တင်ကာ အိပ်ရာကို ဖြန့်ခင်းလိုက်သည်။ ခေါင်းရင်းပြတင်းကို ဖွင့်လိုက်လျှင် လေအေးများ အခန်းတွင်းသို့ ဝင်လာကြသည်။ သူသည် အိပ်ရာပေါ်သို့ ပစ်လှဲလိုက်၏။ အသက်ကို ပြင်းပြင်းရှူကြည့်သည်။ အသက်ရှူရသည်မှာ မဝသလို ကျပ်တည်းလှသည်။ အခန်း၏အနံ့က မှိုနံ့ဖြင့် အောက်တောင့်တောင့်ဖြစ်ကာ ထိုင်းမှိုင်းလှသည်။

ဘယ်လိုပင် ဆင်းရဲသည် ဆိုပေမယ့် ​မေ​မေ့အိမ်က ကျယ်ပြောလှသည်။ လေက လတ်ဆတ်၍ စပါးနှံအနံ့ဖြင့် သင်းပျံ့လှပေသည်။

ဪ ... အမေ၏အသိုင်းအဝိုင်း၊ အမေ၏ပတ်ဝန်းကျင်မှ ထွက်လိုက်သည်နှင့်တစ်ပြိုင်နက် ပြင်ပလောကသည် စိတ်မော နွမ်းရိစရာကောင်းလှသည်တကား။

အပိုင်း (၇) ဆက်ရန်
----------------------
#ခင်နှင်းယု

Post a Comment

0 Comments