ဗညားရှိန်း - ခင်နှင်းယု အပိုင်း (၁၀)

#ဗညားရှိန်း

အပိုင်း(၁၀)

"အမလေး သက်မာရယ်၊ တကယ့်ကို တကယ့်ကို မလေးလေ တစ်ခါတည်း သေလိုက်ချင်တာ စတီရာရင်ကို ဆွဲတော့မလို့၊ စိတ်ကို ပြန်ထိန်းမိလို့ ဒီနေ့ မင်းနဲ့တွေ့ရတာ"

မလေးနုသည် ညက ဦးလေးနှင့် အဖြစ်ကို သက်မာကို ပြန်ပြောပြနေသည်။

"အဲဒီတော့ မင်း ဘယ်လိုလုပ်မယ် စိတ်ကူးလဲ"

သက်မာက မေးလိုက်၏။

`မလေး ဒီဆေးတိုက်မှာပဲ နေတော့မယ်၊ အလုပ်တွေများလို့ အိမ်မှာ မနေတော့ဘူးလို့ ဒေါ်လေးသန်းကို အကြောင်းပြမယ်၊ မနက်ကတော့ တတ်နိုင်သလောက် ပစ္စည်းတွေ စုထားခဲ့ပြီးပြီ၊ မလေး ပစ္စည်းတွေသွားယူရင် သက်မာ အတူလိုက်ခဲ့ပါ၊ ဒီအိမ်ကြီးမှာ မလေး မနေရဲတော့ဘူး၊ ဒီနေ့ကို ပြောင်းမယ်၊ ဦးလေးရဲ့ သံတမန်ပြုံးကြီးကို ကြောက်တယ်၊ အမယ်လေး ဦးလေး သိမ်းပိုက်တာခံရရင် ဒေါ်လေးသန်းကို မလေး ဘယ်လိုမျက်နှာချင်းဆိုင်ရမှာလဲ သက်မာရယ်၊ မင်း လိုက်ခဲ့နော်"

မလေးနု အမူအရာမှာ အလွန်ထိတ်လန့်နေပုံရသည်။ သက်မာက လိမ္မော်ရည်အေးအေးကို ဆရာမလေးတစ်ယောက်ကို မှာလိုက်ရသည်။ ရောက်လာတော့မှ မလေးနုကို ပေးလိုက်သည်။

"ရော့… သောက်ဦး၊ စိတ်အေးအေးထား၊ သက်မာ ညနေကျ မလေးနဲ့အတူ လိုက်ခဲ့ပါ့မယ်၊ ဒေါ်လေးသန်းက စိတ်ကောင်းမှာ မဟုတ်ဘူး"

"အမယ်လေး……. သူစိတ်မကောင်းတာက အခုခဏ၊ သူ့လင်ကြီးက ငါ့ကို သိမ်းပိုက်မှ မလေးကို လင်ခိုးမလို့ စွပ်စွဲမှာ မလေး ကြောက်တယ်၊ နောင်ခါမှ နောင်ပြဿနာ ဖြေရှင်းမယ်၊ မင်းလည်းပါတယ်၊ ငါပြောင်းမယ်ဆိုတာ ဒေါ်လေးသန်းကို အခု ကြိုဆက်လိုက်မယ်၊ ညနေ ငါ့ပစ္စည်းတွေ သွားယူတော့ သူတို့ မလေးကို ဘယ်လိုမှမတားနိုင်ပါဘူး၊ မလေးကိုယ်ကို ကာကွယ်ဖို့ လုပ်ရတာ”

“ရော့ သောက်လိုက်ဦးဆို" 

သက်မာ ပေးသော လိမ္မော်ရည်ကို မလေးနု ယူသောက်လိုက်သည်။

“မလေးမှာလည်း မလေးဒုက္ခပေါ့လေ၊ မင်း ပြောင်းနေမယ်ဆို ဆေးတိုက်အဖို့တော့ သိပ်ကောင်းတာပဲ၊ ရှိန်းကို ပြောပြဦးပေါ့”

“ပြောမယ်လေ၊ ရှိန်းကို ဖုန်းဆက်လိုက်မယ်” 

"ကဲ... လိမ္မော်ရည် ဝင်သွားပြီ၊ စိတ်ငြိမ်သွားပြီလား၊ မလေးကိစ္စပြောတာနဲ့ သက်မာကိစ္စ မပြောရဘူး “

"သက်မာက ဘာပြောမလို့လဲ”

"တို့နှစ်ယောက်မှာ တို့နှစ်ယောက်ပဲ တိုင်ပင်စရာရှိတယ်၊ စိတ်အေးအေးထားပါလေ၊ သက်မာကလည်း မလေးလိုပဲ ကြိုတင်ကာကွယ်တာပါ"

သက်မာစကားက ထူးဆန်းနေ၍ မလေးနုက ငြိမ်သက်စွာ နားထောင်နေသည်။

"ပြောလေ သက်မာ၊ ဘာပြောမလို့လဲ”

"သက်မာ လုပ်သက်လည်း များပါပြီ၊ မလေးတို့ သက်မာတို့က နိုင်ငံခြားပညာသွားယူပြီး ကိုယ့်တိုင်းပြည် ကိုယ်ပြန်လာတဲ့လူတွေဆိုတော့ ဒါလောက် အစိုးရတာဝန် ထမ်းဆောင်ရင် တော်ပြီ"

မလေးနုသည် သက်မာ ဆက်ပြောမည်ကို စောင့်နေသည်။

“အစိုးရအလုပ်က ထွက်မယ်ဆိုပါတော့”

"အေး … ထွက်ပြီး ရှိန်းဆေးတိုက်မှာပဲ လုပ်မယ် စိတ်ကူးတယ်"

"ဟယ်... တို့သူငယ်ချင်းနှစ်ယောက် အတူလုပ်ရမှာပေါ့၊ မလေး အားရှိလိုက်တာ၊ ဒါနဲ့ သက်မာက ဘာကိုကာကွယ်တာလဲ” 

သက်မာသည် စကားအတန်ကြာ မပြောဘဲ ငြိမ်သက်နေသည်။ ပြောစရာတွေက များ၍ ဘယ်ကစပြောရမှန်း မသိသလို ဖြစ်နေသည်။ သူသည် မလေးနုကိုတော့ အကြောင်းစုံ ပြောရတော့မည်။

“မလေးကို သက်မာ ပြောခဲ့ဖူးတယ်၊ အိမ်ထောင်ပြုမယ်ဆိုရင် အိမ်ထောင်ရေးပညာ နားလည်မှဆိုတာ"

“ရှင်းပါဦး”

“အေးအေး အိမ်ကို ခုတလော သွားဖြစ်တယ်၊ ဝင်ထွက် လုပ်တော့မှ အေးနဲ့ ရှိန်းတို့ရဲ့ အိမ်ထောင်ရေးကို သက်မာ သိရတယ်၊ အေးက အိမ်ထောင်ရေးပညာကို နားမလည်ဘူး၊ သူ့ဘက်က ပျော့ညံ့ချက်တွေက အများကြီးဆိုတော့ ရှိန်းက အထိန်းအချုပ်မရှိဖြစ်သွားတာပေါ့၊ တို့က တစ်ဖက်တစ်လမ်း စီးပွားရှာနေတဲ့ မိန်းမတွေလေ၊ အေးက ဘာမှ စီးပွားရှာဖို့မလိုဘူး၊ လင့်လုပ်စာ ထိုင်စားနေရက်နဲ့ သူက အိမ်ကိုလည်း မထိန်းနိုင်၊ သားသမီးလည်း မထိန်းနိုင်တော့ ရှိန်းက စိတ်ပျက်သွားတာ"

"ရှိန်းကလည်း ပွေတာတွေ ပါမှာပေါ့”

"အေးလေ... နှစ်ဦးစလုံးမှာ အပြစ်မကင်းဘူးပေါ့၊ သူတို့ကိုကြည့်ရင်း သက်မာ သင်ခန်းစာရတယ်၊ မလေးက အိမ်ထောင်နဲ့မဟုတ်တော့ အိမ်ထောင်အကြောင်း မသိဘူး။ အေးက စီးပွားရေးလည်း မစွမ်းဆောင်နိုင်၊ အိမ်ကိုလည်း သာယာအောင်မလုပ်လို့ ရှိန်းကလည်း အပြင်မှာ အပျော်ရှာတယ်၊ ရှိန်းကိုယ်တိုင်ကလည်း တက္ကသိုလ်မှာကတည်းက တို့သိတယ်၊ မျက်နှာများများ။ သက်မာလည်း ​အေးအေးကို တတ်နိုင်သလောက် ဝင်ထိန်းပေးတာပဲ၊ ခု သက်မာလက်ကို မီးလောင်လာပြီ”

"ဘာပြောတယ် သက်မာ၊ မလေး နားမလည်ဘူး"

"သက်မာ ပြောပြပါ့မယ်၊ ငွေကြေးတတ်နိုင်တဲ့ မိန်းမကို ယူထားထား၊ ငွေကြေးမရှာနိုင်တဲ့ မိန်းမကို ယူထားထား၊ သူတို့ ​ယောက်ျားတွေသဘောကတော့ တစ်သဘောတည်းပဲ၊ သူတို့ မောပန်းလို့ပြန်လာရင် အပန်းဖြေစရာရင်ခွင် ရှိရမယ်လေ”

"ဆိုပါတော့”

“သက်မာတို့ ဆရာဝန်ဆိုတာ မလေးသိတဲ့အတိုင်း စေတနာထားလေ ကိုယ့်ကိုယ်ပိုင်အချိန်ကို လူနာကို ပေးရလေပဲ၊ သက်မာ စိတ်ထဲမှာ အလုပ်တာဝန်နဲ့ လူနာအပေါ် စေတနာလည်း ထားတယ်၊ ပြီးတော့ သက်မာက သားသမီးနှစ်ယောက်လည်း ပါတယ်၊ အကြီးကောင်က ဒီနှစ် ရှစ်တန်း၊ ဒါ့ကြောင့် ကိုယ့်ကလေးနှစ်ယောက်အတွက်လည်း ငွေကြိုးစားရှာတဲ့သဘောနဲ့ အစိုးရအလုပ်ရော ဂျီပီအနေနဲ့ မလေးတို့ဆေးတိုက်မှာပါ အလုပ်ဖိလုပ်တယ်၊ ခုတော့ သတိရလာတယ်၊ အေးဟာ သူ့သားတွေကို ဖိဖိစီးစီး မအုပ်ထိန်းနိုင်လို့ သားတွေ ပျက်စီးရပြီ၊ သက်မာမှာ ဒီသားကို အပျက်မခံနိုင်ဘူး၊ တဖြည်းဖြည်း ဒီကောင်လည်း အရွယ်ရောက်တော့မယ်၊ ဒီတော့ ကိုယ့်သားကို အချိန်ပိုပေးရမယ်၊ သက်မာ သားကို ကျောင်းမှာကို စောင့်သင့် စောင့်ရမယ်၊ ပျက်စီးတယ်ဆိုတာ ဒီအရွယ်က စတာပဲ၊ ဖြစ်ပြီးမှ အေးလို ယူကျုံးမရ အဖြစ်မခံနိုင်ဘူး၊ ဒုတိယ ကိုအောင်ဝင်း” 

“ကိုအောင်ဝင်းက ဘာဖြစ်လို့လဲ”

သက်မာသည် ရုတ်တရက် ပြန်မဖြေသေး၊ နှုတ်ခမ်းလေးကို ကိုက်ခါ တွေဝေနေသည်။

"ပြောပါဦးဟာ မင်းကလည်း။ ဘာလို့ ရပ်နေတာလဲ"

"ဘယ်ကစရမှန်း မသိလို့၊ ခုနပြောသလို ဆရာဝန်အနေနဲ့ အချိန်မပေးနိုင်တာမှာ သက်မာက ဆေးရုံကြီးရော ရှိန်းဆေးတိုက်ရော ပြေးနေရတော့ ကိုအောင်ဝင်းအတွက် အချိန်မပေးနိုင်ဘူး၊ ခုတလော သက်မာကလည်း အိမ်စောစော မပြန်နိုင်၊ ကိုအောင်ဝင်း ပဲခူးဆန်စက် သွားသလိုလိုနဲ့ ဆန်စက်လည်း မရောက်၊ ခြေလှမ်းပျက်နေတယ်၊ သူ့သူငယ်ချင်းတွေက ဆန်စက်မှာရှိတယ်ဆိုတော့ လိုက်တာ မတွေ့တာက များတယ်၊ ဒီတော့ သက်မာက စုံစမ်းရပြီလေ၊ သတင်းရတာကတော့ ကောင်မလေးငယ်ငယ်တစ်ယောက်နဲ့ တွဲနေတယ်တဲ့"

"ဟေ... မင်း အဲဒီတော့ ဘယ်လိုလုပ်မလဲ"

မလေးနုက မျက်လုံးလေးပြူးကာ မေးလိုက်သည်။ 

"ဒါ့ကြောင့်ပေါ့။ စွပ်စွဲလား၊ ရန်ဖြစ်လားဆိုရင် အေးလိုဖြစ်မယ်၊ အေးက စွပ်စွဲတာ မယုံသင်္ကာများတယ်လို့ ရှိန်းက အပြစ်ဖို့တယ်၊ သူတို့ယောက်ျားဆိုတာ ဖောက်ပြန်နေတာမှန်ရင်တောင် ပြောင်ဖွင့်ပြောတာ မကြိုက်ဘူး၊ ဒီတော့ သက်မာ မသိယောင်ဆောင်နေမယ်၊ အလိမ္မာသုံးရမှာပေါ့၊ အစိုးရအလုပ်က ထွက်၊ ရှိန်းဆေးတိုက်မှာ အချိန်ပိုင်းလုပ်တော့ ဝင်ငွေလည်းရတယ်၊ ကိုယ့်ပညာကိုလည်း အဆုံးမခံနိုင်ဘူး၊ ဒီမှာပဲလုပ်တော့ အိမ်ကို အချိန်ပိုပေးနိုင်တယ်၊ သားကိုလည်း ထမင်းပို့သလိုနဲ့ စောင့်ခေါ်မယ်၊ သူငယ်ချင်းတွေနဲ့ သားကို အလစ်ပေးလို့မဖြစ်ဘူး၊ ကိုအောင်ဝင်းနဲ့လည်း စက်ထဲသွားတာကအစ အတူတွဲလိုက်ပေးရမှာပေါ့၊ ကိုအောင်ဝင်းကိုလည်း အလစ်ပေးလို့မရဘူး၊ သူတို့ သာယာမှုကို သက်မာ ဦးစားပေးရမယ် မလေး၊ သက်မာက အိမ်ထောင်ပြုမိပြီကိုး"

သက်မာစကားဆုံးတော့ မျက်နှာမရွှင်။ မလေးနုအဖို့တော့ အသက်ရှူကျပ်သလို ဖြစ်သွားသည်။

“မလေး ဒါ့ကြောင့် လင်မလိုချင်တာ၊ ဇင့်ကို ချစ်လွန်လွန်းလို့ မမေ့နိုင်လို့ဆိုတာတော့ အကြောင်းရင်းပေါ့၊ ကျန်တဲ့အကြောင်းက မလေး ယောက်ျားတွေကို ဘယ်လိုနားလည်ရမလဲ၊ ခေတ်ကို လိုက်မမီတော့ဘူး၊ မလေး အယူအဆနဲ့ ပြောင်းလဲလာတဲ့ လူမှုဆက်ဆံရေးနဲ့က သိပ်ကွာဟနေပြီ၊ အေးကို ကိုယ်လည်း တစ်ခါမှ မမြင်ဖူးပါဘူး၊ အေးကျတော့ လင်ကိုရော သားသမီးကိုရော မထိန်းတတ်လို့ ရှိန်းက အပျော်ရှာသတဲ့။ ဒေါ်လေးသန်းကျတော့ရော၊ ပညာ လည်းတတ်၊ အေးလည်း အေးဆေးတယ်၊ သူ့အိမ်ကိုရော လင်ကိုရော ပြုစုဂရုစိုက်လိုက်တာ၊ ဒါနဲ့လည်း ဦးလေးဟာ မလေးဘက်ကို ဘာလို့ ခြေလှမ်းလှမ်းလာတာလဲ”

"အတောမသတ်နိုင်တဲ့ ကာမဂုဏ် ဆန္ဒတွေပေါ့၊ ဒါတွေကို ကြည့်ပြီး မလေးကတော့ တစ်ကိုယ်တည်းကို၊ သက်မာတို့ကျတော့ ကိုယ့်လင်ကို ဘယ်လိုထိန်းရမလဲဆိုတဲ့ သင်ခန်းစာကို ပိုလေ့လာရတယ်၊ ကွာလည်း မကွာနိုင်၊ ချစ်လို့ယူထားတာ"

“ဒါကြောင့် သက်မာ ကိုအောင်ဝင်းကို လက်ထပ်မယ်ဆိုတော့ ကိုသန်းဦးလိုတော့ နားလည်မှုပေးနိုင်လိမ့်မယ် မဟုတ်ဘူးလို့ မလေး သတိပေးတာ"

“သက်မာရဲ့ ပထမချစ်သူ ကိုသန်းဦးကို မမီနိုင်ဘူးဆိုတာကို သက်မာ ခံယူထားလို့ အခု မပေါက်ကွဲတာပေါ့။ ကိုသန်းဦးက ဆရာဝန်၊ သက်မာလည်း ဆရာဝန်ဆိုတော့ ဆရာဝန်ဘဝကို တစ်ယောက်နဲ့တစ်ယောက် စာနာနိုင်ကြတယ်၊ ကျောင်းနေတုန်းလည်း တို့ဆေးကျောင်းသူဟာ စာပိုကြိုးစားရတော့ မိန်းမမပီနိုင်ဘူး၊ လက်ထပ်ပြီးလည်း လူနာက တစ်မျိုး၊ တစ်နေ့ထက်တစ်နေ့ တိုးတက်လာတဲ့ ဆေးပညာကို လိုက်မမီမှာစိုးလို့ လေ့လာရတာက တစ်မျိုးနဲ့ မိသားစုကို အချိန်မပေးနိုင်ပြန်ဘူး၊ ဆရာဝန်အချင်းချင်းဆိုတော့ နားလည်မှုနဲ့ ခွင့်လွှတ်နိုင်တာပေါ့”

"အေးလေ သက်မာရယ်၊ အချိန်တွေ နောက်မကျသေးပါဘူး၊ မလေး ရှိန်းဆီ ဖုန်းဆက်လိုက်ဦးမယ်" 

သက်မာ ​ခေါင်းညိတ်ပြလိုက်သည်။ မနက်ပိုင်းဖြစ်၍ မော်တော်ကားကုမ္ပဏီကို ဆက်လိုက်သည်။ 

“ရှိန်းကို စကားပြောပါရစေ”

အတွင်းရေးမှူးကလေးမလေးက ရှိန်းထံ ဆက်ပေးလိုက်သည်။

"မလေး စကားပြောနေပါတယ် ရှိန်း"

“ပြောလေ မလေး"

“ဒီနေ့ကစပြီး မလေး ရှိန်းဆေးတိုက်ကို ပြောင်းနေမယ်၊ အဲဒါ ခွင့်တောင်းတာပါ"

“ဝမ်းသာလိုက်တာ မလေးရယ်၊ ရှိန်းဖြစ်စေချင်တာ ကြာပြီ၊ ရှိန်းဟာ ကိုယ်ကျိုးတစ်ခုတည်းကြည့်တယ်လို့ ထင်မှာစိုးလို့ မပြောတာ၊ လိုအပ်တာ ပြော"

"မလိုပါဘူး၊ ညနေကျမှ သက်မာနဲ့ ပစ္စည်းတွေ သွားသယ်မယ်"

“ညနေကျ ထွန်းမောင်နဲ့ ကားပို့လိုက်မယ်၊ ကားယူသွား"

“ကျေးဇူးပဲ ရှိန်း၊ ဒါပါပဲ"

မလေးက ဖုန်းချလိုက်သည်။

“နောက်နေ့ တွေ့မှ သက်မာ ရှိန်းကို အစိုးရအလုပ်က ထွက်မယ်ဆိုတာ ပြောတော့မယ်နော် မလေး"

သက်မာက ပြောလိုက်သည်။

"အေးပေါ့... သူက တို့နှစ်ယောက်ကို နွားတစ်ရှဉ်းရတယ် ထင်ထားတာ၊ ညနေ မင်းရှိနေနော်”

ညနေ ထွန်းအောင်က ကားမောင်း၍ မလေးနုနှင့် သက်မာ အိမ်ပြန်လာခဲ့သည်။ ထင်တဲ့အတိုင်းပါပဲ။ ဒေါ်လေးသန်းက မျက်နှာမကောင်း။ ယင်းမာဝင်းက မျက်ရည်လည်နေသည်။ ဦးလေးကတော့ လွတ်သွားသည့် သားကောင်ကို မချင့်မရဲကြည့်နေသော မုဆိုးမျက်လုံး။

“မလေး ဒေါ်လေးသန်းတို့ကို မှီခိုနေရတာ စိတ်ချမ်းသာပါတယ်၊ ပြန်ရသွားရ ဆေးကုရတာ တစ်ခုတည်း မဟုတ်ဘူး၊ အုပ်ချုပ်ရေးမှူးတာဝန်ဆိုတာ ဆေးရုံအုပ်ကြီးထက်တောင် တာဝန်ကြီးလို့ မလေး ဆေးတိုက်မှာနေဖို့ ဆုံးဖြတ်ရတာပါ”

"ဒါပေမဲ့ ဒါလောက်မြန်မြန် မပြောင်းသင့်ဘူးပေါ့၊ ဒေါ်လေးကို ကြိုတင်အသိပေးသင့်ပါတယ်”

ဒေါ်လေးက ဝမ်းနည်းစကားဆိုသည်။ မလေးသည် မျက်လွှာအောက်ချနေမိ၏။ ခုချိန်မှာ ဦးလေးမျက်နှာကို ကြည့်ချင်လိုက်တာ၊ မကြည့်ရဲ။

“ဒေါ်လေး စိတ်ဆင်းရဲမှာစိုးလို့ အနီးကပ်မှပြောရတာ မလေးကို ခွင့်လွှတ်ပါ၊ အချိန်မရွေး မလေးကို ဘာကိစ္စရှိရှိ အကြောင်းကြားပါ၊ မလေး ကန်တော့ပါရစေ”

မလေးက ဦးလေးကို အရင်ကန်တော့ပြီးမှ ဒေါ်လေးကို ကန်တော့သည်။ ဦးလေးက ဘာဆုတွေပေးနေသည်မသိ။ ဒေါ်လေးသန်းကတော့ မျက်ရည်တွေတွေကျရင်းက ဆုတောင်းကို တီးတိုး ရွတ်နေသည်။

"မမလေးကို ယင်းမာ ကန်တော့ပါတယ်"

ယင်းမာ ကန်တော့တော့မှ မလေးနု ငိုဖြစ်တော့သည်။ 

"ဒေါ်လေးရေ မလေး မိသားစုနဲ့ နေချင်ပေမယ့် ဘာလို့ ထွက်သွားရတယ်ဆိုတာ ဘယ်တော့မှ ဖွင့်ပြောလို့ရမှာ မဟုတ်ဘူး"

သူသည် ရင်ထဲမှာ တီးတိုးရေရွတ်ရင်း ပစ္စည်းများ သယ်ကာ ဒေါ်လေးသန်းတို့အိမ်မှ ထွက်ခွာလာခဲ့သည်။ ဆင်ဝင်အောက် ရပ်နေသော သားအမိ သားအဖသုံးယောက်ကို မလေး လက်ဝှေ့ နှုတ်ဆက်ရင်း သံတမန်ပြုံးကြီး၏ အမှောင်ဝေ့နေသော မျက်နှာကို နောက်ဆုံး ကြည့်လိုက်မိသည်။

အပိုင်း(၁၁)ဆက်ရန်
-----------------
#ခင်နှင်းယု

Post a Comment

0 Comments