မွှေး - ခင်နှင်းယု အပိုင်း (၅)

#မွှေး

အပိုင်း(၅)

သင်္ကြန်ရက်တွင် ́မိုးဖြိုင်ဖြိုင်ရွာလိုက်သောကြောင့် ပိတောက်ပွင့်များသည်လည်း ဖြိုးဖြိုး​ဝေနေကြလေသည်။ ခြံဝင်းနှစ်ဖက်စလုံးထဲသို့ ပိတောက်ခက်များသည် ရွှေနွယ်များလို အိ၍ညွှတ်ကျနေသည်။ လေတိုက်ပုံကလည်း စိမ့်စိမ့်အေးအေးနှင့်။ ပန်းရနံ့ကလည်း မွှေးနေသည်။ 

ဦးကွန့်၊ ဦးဆယ်တို့နှင့်အတူ အတွတ်သည် ပိတောက်ပင်ပေါ် ရောက်၍နေလေသည်။ မြေကြီးပေါ်တွင်မူ မွှေးတို့ညီအစ်မတွေနှင့် ​မေမေက ပိတောက်ခက်များကို ကောက်၍သိမ်းနေကြသည်။ ပိတောက်ကိုင်းများနှင့်အတူ ရေစက်ရေမွှားများသည် ပင်ခြေသို့ တဖြောက်ဖြောက် ကျလာကြသည်။ 

ပိတောက်တစ်ကိုင်းကို အတွတ်က လှမ်း၍ချိုးလိုက်သည်တွင် ပင်ခြေမှ မွှေး၏စူးစူးရှရှအော်သံကို ကြားလိုက်ရသည်။ ချိုးပြီးအကိုင်းကို လွှတ်မချဘဲ မွှေးရှိရာသို့ သူ လှမ်း၍ကြည့်လိုက်၏။ ဖရက်သည် ​ရေတစ်ပုံးကိုကိုင်ကာ မွှေး၏ကိုယ်ပေါ်သို့ အားရပါးရ လောင်းနေသည်ကို တွေ့ရလေ၏။ 

စိတ်ထဲတွင် ခုန်ဆင်းလိုက်ချင်သည်။ လက်ထဲမှ ပိတောက်ကိုင်းကိုလည်း ဖရက်ခေါင်းတည့်တည့်ပေါ်သို့ ပစ်ချလိုက်ချင်သည်။ သို့သော် သင်္ကြန်ဆိုသည်မှာ မည်သူက မည်သူ့ကိုမဆို ရေသွန်းလောင်းနိုင်သည် မဟုတ်ပါလား။

သူ့စိတ်ထဲတွင်မူ မွှေးကိုယ်ပေါ်တွင် သူလောင်းသော​ရေကလွဲ၍ ဘယ်​ရေမှ မစွတ်စေလိုပေ။ ဖရက်ကို မွှေးက ခပ်ထေ့ထေ့ နှုတ်ခမ်းစူကာ ဘာတွေပြောနေသည်မသိ။ အိမ်ဘက်သို့ မွှေးထွက်သွားသောအခါတွင် မြေပေါ်ရှိ ပိတောက်ခက်များကို ဖရက်က ပွေ့ချီကာ နောက်မှလိုက်သွားတော့သည်။ သူဆင်း၍လိုက်ချင်ပေမယ့် သစ်ပင်ပေါ်ရောက်နေသောကြောင့် သူလိုက်ရမည့်အချိန်မှာ နောက်ကျ၍နေပါပကော။ 

ပိတောက်ပွင့်သောရက်များ ကုန်ပြီးသည့်နောက် ဖရက်သည် နေ့စဉ်လိုလို အတွတ်ဆီသို့ ရောက်သည်။ လသာသောညများတွင် မြသားလို ပြာနေသော မြစ်ပြင်ပေါ်၌ လရောင်ခြည်ဖြာလာမှ ဖရက် တစ်ဖက်ကမ်းသို့ ပြန်တော့သည်။ 

စစ်ဖြစ်သည်ဆိုသော်လည်း ဝါးခယ်မမှာမူ အစစ အေးအေးချမ်းချမ်းပင်ရှိပေသည်။ ဂျပန်ခေတ်၏ဒုက္ခ၊ မငြိမ်းချမ်းသောကာလ၏အန္တရာယ်များကို မတွေ့ကြသေးပေ။ သူတို့အားလုံး ကျောင်းတက်မပျက်ကြပေ။

မိုးသည်းထန်စွာ ရွာနေသော ညနေက မေမေနှင့်အတူ မွှေးတို့အိမ်သို့ လိုက်သွားရ၏။ ​မွှေးတို့မိသားစုအားလုံး ပျော်နေကြလေသည်။ ဒေါ်ဒေါ်တင်ကြီးသည် သားကြီး ထောင်မှလွတ်၍ ဗမာ့လွတ်လပ်ရေးတပ်မတော်ထဲသို့ ဝင်သွားကြောင်း၊ မြန်မာပြည်မြောက်ပိုင်းဘက်သို့ စစ်ချီသွားကြောင်းများကို သူ့မေမေအား အားပါးတရ ပြောပြနေသည်။

သူ့စိတ်ထဲတွင်တော့ သံယောဇဉ်ငြိကာ ချစ်နေသော ကိုကိုအောင့်ကို ပြန်မတွေ့သေး၍ စိတ်မကောင်းပေ။ သူသာ ကိုကိုအောင်လို စစ်ထဲလိုက်သွားလျှင် ​မေ​မေသည် ဒေါ်တင်တင်ကြီးကဲ့သို့ ဝမ်းပန်းတသာရှိမည်မဟုတ်ပေ။ ကျောင်းကို သွားစနှစ်တုန်းကတောင် သင်္ဘောဆိပ်အဆင်းတွင် ဖေဖေ့ကွယ်ရာ၌ မေမေက ငိုသေးသည်။

တကယ်ဆိုတော့ စစ်ဆိုသည်မှာ ဘယ်လိုများနေသည်ကို သူ မသိ။ ထိုစဉ်က ဝါးခယ်မသည် လောကနိဗ္ဗာန်လေးလိုပင် မဟုတ်ပါလား။ ကျောင်းပိတ်ရက်များမှာပင် စာသင်မပျက်ဘဲ အင်္ဂလိပ်စာ အပိုသင်တန်းများကို တစ်ဖက်ကမ်းကူးကာ မှန်မှန်တက်ခဲ့၏။ ပြီးတော့ ဗမာ့တပ်မတော်ဆိုသည်ကလည်း ဘာပါလိမ့်။ အတွတ်၏အဘိဓာန်တွင် ထိုစကားလုံးများ ဘာမျှမရှိသေးပေ။

အမှန်တော့ သူသည် အလွန်ပင်ငယ်ပါသေး၏တကား။ မွှေးက သူ့ကို “အပြင်တွင် ဘာတွေဖြစ်နေသည်ကို မသိရကောင်းလား” ဟု ပြောလိုက်စဉ်က ရှက်စိတ်တော့ ပေါ်လိုက်မိသည်။ ဒါပေမယ့် သူ့အသိုင်းအဝိုင်းက ဘာကိုမျှ သိခွင့်မရပေဘဲ။

ဖေဖေလုပ်နေသည်ဆိုသော လွှစင်များရှိရာသို့ပင် သူ တစ်ခါတည်းသာ ရောက်ခဲ့ဖူးသည်။ ဂေါ်ဒူသောင်ဘက်ရှိ လယ်များရှိရာကို ခြေဦးမျှပင် မလှည့်မိပေ။ 

မွှေးတို့အိမ်ကအပြန်တွင် အိမ်အထိ လက်ဆွဲမှန်အိမ်လေးနှင့် ဦးဆယ်က လိုက်၍ပို့သည်။ မိုးရေကြောင့် ခြံမြေဗွက်ထနေကာ သူ့ခြေထောက်များတွင် ရွှံ့ပေနေလေသည်။ အိမ်ရောက်လျှင် ဖရက်ကို မမျှော်လင့်ဘဲ တွေ့ရ၏။

“ဟေ့ ...စောင့်နေတာကြာပြီလား”

သူသည် တံစက်မြိတ်အောက်ရှိ ရာဝင်အိုးကြီးထဲမှ ရေခပ်ကာ ခြေဆေးရင်း ဖရက်ကို လှမ်းမေးလိုက်သည်။ 

“ကြာပါပြီ ဆိုပါတော့။ မိုးသိပ်ရွာရင် အတွတ်တို့အိမ်မှာ အိပ်မယ်လို့ ဖေဖေ့ကို ပြောခဲ့တယ်” 

“လာလေကွာ၊ ကိုယ့်အိပ်ခန်းကို သွားကြစို့။ မင်းမပြန်ပါနဲ့တော့၊ လေကလဲ သိပ်ထန်တယ်။ ကိုကိုအောင့်သတင်းကို ကြားချင်လွန်းလို့သာ မွှေးတို့အိမ် သွားရတယ်၊ ချမ်းလိုက်တာ လွန်ရော၊ လာ လာ”

သူနှင့် ဖရက်သည် အိမ်ပေါ်ထပ်သို့ တက်လာ၏။ အတွတ်၏အိပ်ခန်းမှကြည့်လျှင် မွှေးတို့အိမ်ခြေရင်းဘက်ရှိ မွှေး၏အိပ်ခန်းကို မြင်နေရသည်။ သို့သော် ထိုညတွင် မိုးသည်းထန်နေ၍ တံခါးများကို ပိတ်ထားသည်။ 

ဖရက်က သူ့အိပ်ရာပေါ်တွင် လှဲနေ၏။

“ကိုယ် အခု လှေကောင်းကောင်း လှော်တတ်ပြီ၊ နောင်ကို ကိုယ့်ဘာသာပဲ လှော်လာတော့မယ်၊ တကယ်လို့သာ ဒီမြစ်ကြီးဟာ ရေတွေမဟုတ်ဘဲ မြေကြီးဆိုရင် ကိုယ်လာတာနဲ့ တစ်ခါပြန်ပြီး မြစ်ဖြစ်သွားမှာ”

အတွတ်က စားပွဲတင် မီးအိမ်ကို ထွန်းပြီးမှ ခုတင်ဘေးတွင် လာထိုင်ကာ ဖရက်ပြောသည်ကို နားထောင်နေ၏။ ဖရက်၏စကားလုံးများသည် မရှင်းလှ​ပေ။

"ဒီလိုဆိုလဲ မင်း ငါတို့အိမ် လာနေပါလား" 

“မဖြစ်ဘူး၊ မနက်ဆို မြန်မာစာတော်အောင် အိမ်မှာ စာသင်ရသေးတယ်”

“ကိုယ်လဲ မွှေးတို့နဲ့အတူ ရှေးအပတ်ကစပြီး စာသင်ရမယ်လို့ မေမေက ပြောထားတယ်၊ ကျောင်းတွေပိတ်တုန်း တို့များ စာသင်မပျက်အောင်တဲ့။ ဖရက်ပါ လာသင်ပါလား၊ ပြီးတော့ ဆယ်တန်း ဝင်ဖြေရမယ်"

“မဖြစ်နိုင်တော့ဘူး။ ကိုယ် မွှေးရဲ့မေ​မေကို သိပ်ကြောက်သွားပြီ” 

“ဟယ်...ဘာဖြစ်လို့လဲ၊ သိပ်သဘောကောင်းပါတယ်ကွာ” 

“အေး အဲဒါ ပြောပြမလို့၊ ဒီနေ့ မွှေးဆီက စာပြန်လာတယ်” 

ဘုရား...ဘုရား။ အတွတ်ရင်ထဲတွင် တဒိတ်ဒိတ်ခုန်ကာ တလှပ်လှပ်ဖြစ်လာ၏။ ဘယ်လိုအခြေအနေများ ဆိုက်၍နေကြပြီလဲ။ သူ့မှာတော့ ဘာမှမသိလိုက်ရပါတကား။

“ဘယ်လို ပြန်လာလို့လဲ" 

သူ့အသံကို မနည်းထိန်းပြောရပေမယ့် နှုတ်ခမ်းများက တုန်နေသည်။ 

“ဒီသူငယ့်လက်ရေးကို ကြည့်ရုံနဲ့ပဲ သမီးအပေါ်မှာ သစ္စာရှိမှာမဟုတ်ဘူးတဲ့။ ဒါကြောင့် ကိုယ့်ကို မချစ်ရဘူးတဲ့ကွာ” 

“မင်း ..မင်း ဘယ်တုန်းက မွှေးကို စာပေးလဲ"

“အတွတ်ကို ဖွင့်မတိုင်ပင်တာ စိတ်မရှိနဲ့နော်။ သင်္ကြန်ပြီးတုန်းက ပေးတာပဲ။ ဒါပေမယ့် မွှေးကို ကိုယ်ချစ်နေတာက ဟိုညက ထဘီအပြာလေးနဲ့ တွေ့ကတည်းကပဲ” '

ကျောင်းသွားရမည့်ညနေက တစ်ယောက်တည်း ငိုသလို အတွတ်က ငိုချင်လာသည်။ ဘာမဆို သူသည် အလွန်အချိန်နောက်ကျလုပ်တတ်သော သူငယ်လေးပါလားဟု ကိုယ့်ကိုယ်ကိုယ် နောင်တရနေသည်။ တကယ်ဆိုတော့ ​မွှေးနှင့် တွေ့လာသည်မှာ သူကအရင်ဖြစ်သည်။ မွေးကတည်းက ဆိုကြပါစို့။ လည်ပင်းဖက်ကြီးလာသူတွေဖြစ်၏။ ဘာကြောင့်များ သူသည် မွှေး၏အလှကို မကြည့်တတ်ခဲ့ပါသလဲ။ မွှေး၏နှလုံးသားကို ချစ်မြတ်နိုးရမှန်း မသိခဲ့ပါသလဲ။ 

မွှေးသည် မြတ်နိုးစရာကောင်းသော သူငယ်မလေးတစ်ယောက်ဟု ဖရက်ကပြောသော ညနေက အပြေးအလွှား မွှေးကို သွားကြည့်ခဲ့ရ၏။ ထိုညကတော့ သူသည် လူပျိုပေါက်စအရွယ်တွင် မဖြစ်ဖူးသော စိတ်လှုပ်ရှားမှုကို ခံစားလိုက်ရ၏။ ဆံတောက်သိမ်းစ ဆံထုံးကပိုကရိုနှင့် မွှေးကိုမြင်တော့လည်း စိတ်ထဲက ကြည်နူးမိသား။ အလှဘွဲ့ကဗျာကိုပင် ​ရေရွတ်လိုက်မိသေးသည်။ ခုတော့ ဖရက်က ပိတောက်ပန်းတို့ပွင့်ပြီးသောရက်များတွင် မွှေးကို စ,ပြီးခဲ့ပါပကော။

သူ့ခေါင်းကို ဖော်၍မရသေးပေ။ အပြင်မှ လေများသည် ပြင်းပြင်းထန်ထန် တိုက်ခတ်ကာ အရွယ်ရောက်စ သူငယ်လေးနှစ်ယောက်၏ အချစ်စိတ်မြူးနေပုံကို ထိုးဆွနေပုံရသည်။

“ဘာလို့ ငိုင်နေတာလဲ အတွတ်၊ ကိုယ် မွှေးကို တကယ်ချစ်တာပါ၊ ကိုယ်တော့ ဘာဖြစ်ဖြစ် မွှေးကိုရအောင်ယူမှာပဲ။ မွှေးစာထဲမှာ သူ့မေ​မေက တခြားအကြောင်းတွေကိုလဲ ပြောသေးတယ်တဲ့။ လူတစ်ယောက်ဟာ ကိုယ့်လူ့ဘောင်က လူသားအားလုံးရဲ့ ကောင်းကျိုးချမ်းသာဖြစ်နိုင်ရေးအတွက် မတတ်နိုင်ရင် ကိုယ်နေတဲ့ တိုင်းပြည်တစ်ပြည်အတွက်၊ တစ်တိုင်းပြည်လုံးအတွက် မတတ်နိုင်လဲ ယုတ်စွအဆုံး ကိုယ်နေတဲ့ရပ်ရွာက လူတွေကောင်းကျိုးအတွက် ကိုယ်ကျိုးစွန့်လွှတ် ဆောင်ရွက်ရဲတဲ့သတ္တိ ရှိရမယ်တဲ့။ ကိုယ်ကျိုးစွန့်လွှတ်ခြင်းနဲ့အချစ် အကြောင်းနှစ်ခုပေါင်းမှ ဘဝတစ်ခုဖြစ်သတဲ့။ ကဲ သူ့မေမေရဲ့စကားတွေက ကြီးကျယ်လိုက်တာကွာ” 

အမှန်တော့လည်း စကားလုံးများမှာ သူတို့အတွေးအခေါ်နှင့် စာလိုက်လျှင် မြင့်လွန်းလှသည်ကို အတွတ်က နားလည်၏။ သို့သော် အဘွားကြီးက စာအလွန်ဖတ်သော အဘွားကြီးဖြစ်၏။ 

“မွှေးကရော မင်းကို ဘာပြန်ပြောသလဲ” 

“သူဟာ ဘိက္ခုနီလုပ်မယ့်မိန်းမတော့ မဟုတ်ဘူးတဲ့။ ဒါပေမယ့် လောကကြီးမှာ သူ့ချစ်သူနဲ့ သူလက်ထပ်ရမယ့်သူဟာ တစ်ယောက်တည်း ဖြစ်စေချင်သတဲ့၊ အသက်အရွယ်ကြီးရင့်လာကြတဲ့အလျှောက် အတွေးအခေါ်တွေဟာလဲ ပြောင်းလဲလာကြမှာမို့ ခုလို ငယ်တုန်းမှာ ဘာမှမဆုံးဖြတ်ချင်ဘူးတဲ့၊ ဒါပါပဲ၊ သူရေးတာကတော့”

အတွတ်က သက်ပြင်းကြီး ချလိုက်၏။ ဖရက်ကလည်း ငြိမ်သက်၍သွားပြန်သည်။

“ကိုယ်လေ စစ်ပြီးရင် ကျောင်းပြန်နေမယ်။ ဒီဂရီရပြီးရင် ​မွှေးကို လက်ထပ်မယ်ကွာ၊ ဘာဖြစ်နေနေ ဘယ်သူ​တွေက သဘောတူတူ မတူတူ ရအောင်ကို ယူမယ်” 

ဖရက်က စိတ်ပါလက်ပါပြောနေစဉ် အတွတ်က လွတ်နေသောခေါင်းအုံးတစ်ခြမ်းပေါ်သို့ ပစ်၍လှဲလိုက်၏။ သူ့ရင်ထဲတွင် နုပ်နုပ်စင်းခံနေရသလို ခံပြင်းလှပါတကား။

“ကိုယ် အခု မြန်မာစာသင်နေရပြီ၊ အစတုန်းကတော့ မွေ့နန်းမင်းသမီးရဲ့အလှကို မြင်တာနဲ့ မင်းနန္ဒာဟာ ဒဂုန်ကနေ သန်လျင်ဘက် ခဏခဏ ကူးတာကို လွန်လွန်းတယ်လို့ ထင်မိတယ်။ ကိုယ်တွေ့ကြုံတော့မှ မလွန်ဘူးဆိုတာ သိတယ် သူငယ်ချင်း​ရေ။ ကိုယ်လဲ တစ်ဖက်ကမ်းကနေ တစ်ဖက်ကမ်း ကူးကူးနေတာ ဘယ်တော့ ရင်ကွဲနာကျသေမလဲ မသိဘူး”

အတွတ်စိတ်ထဲမှာတော့ ဖရက်စကားများသည် နည်းနည်းပိုသည်ဟု ထင်သည်။ သို့သော် နောက်ဆုံး သူသည် မွှေး ရွတ်ပြသော ကဗျာလေးကို ရွတ်ဆိုကာ မျက်စိကို မှိတ်လိုက်၏။

“စုလည်းမဆင်၊ ထုံးနောက်ရှင်နှင့်၊ မြင်လျှင်ပင်ကို၊ ကြိုးပါလိုလည်း၊ ကုသိုလ်ကြမ္မာ၊ မမီပါခဲ့”   

* * * 

ဂျပန်ခေတ်နောက်ပိုင်းကို ရောက်လာသောအခါတွင် မွှေး၊ ဖရက်နှင့် အတွတ်တို့သည် ဆယ်တန်းစာမေးပွဲကို အောင်မြင်ပြီးကြသည်။

မွှေးသည် တစ်ဖက်ကမ်းကို မကူးတော့ပေ။ အိမ်တွင်ပင် မြန်မာစာကို ညီမများနှင့်အတူ တစ်နေ့တစ်နာရီ မှန်မှန်သင်ရ၏။ အတွတ်ကမူ အင်္ဂလိပ်စာ အပိုသင်တန်းအတွက် တစ်ဖက်ကမ်းသို့ ကူးလေသည်။ 

ယခုတ​လောတွင် ​မေ​မေက ဘေးရန်ကင်းပုံ မပေါ်၍ ဝါးခယ်မဘက်သို့ ကူးကာ စာသင်သည်ကို ခွင့်မပြုတော့ပေ။ အမှန်တော့ တစ်ဖက်ကမ်းတွင် ဘာဘေးရန်များသည်ကို အတွတ် မစဉ်းစားမိ။ သူ့အတွက်လည်း ဘေးရန်ရယ်လို့ ရှိသည်မဟုတ်။ မြို့ထဲတွင် ကောလဟာလသတင်းများကတော့ မျိုးစုံနေပေသည်။ မျက်မြင်တွေ့ရသည်မှာ တစ်ခါတစ်ရံ လယ်ကွင်းစပ်ကိုဖြတ်၍သွားသော လေယာဉ်ပျံမည်မည်းကြီးများဖြစ်၍ လယ်ကွင်းထဲတွင် ရှောခနဲ၊ ချောင်းစပ်တွင် မည်းခနဲ ပေါ်၍ပေါ်၍လာတတ်သည်။ အဝေးမှ စက်သေနတ်သံသဲ့သဲ့ကိုသာ ကြားရတတ်သော်လည်း ဝါးခယ်မမြို့တွင်မူ ထိခိုက်ဒဏ်ရာရသူဟူ၍ မရှိသလောက် ဖြစ်ခဲ့သည်။ 

နံနက်တိုင်းလိုလို မွှေးတို့ညီအစ်မတစ်စုနှင့်အတူ တစ်နာရီခန့် စာသင်ရသော်လည်း ယခင်ကလောက်တော့ မွှေးနှင့်အတူ မတွဲရပေ။ လယ်ကွင်းစပ်များဆီသို့ သူတစ်ယောက်တည်းသာ လာခဲ့ရချိန် များ၏။ ကမ်းခြေစပ်တွင်လည်း သူတစ်ယောက်တည်းသာ ထိုင်ခဲ့ရချိန်က များ၍လာလေသည်။ 

တစ်ခါတစ်ရံ တိမ်တောက်သောညနေ၌ ​မွှေးသည် သူနေထိုင်ရာသို့ ရောက်၍လာတတ်၏။ ​မွှေး၏မျက်လုံးကလေးများသည် ယခင်ကထက် တောက်ပပာန်ရှိ၍ စကားပြောပုံကလည်း သွက်၍လာသည်။ ရင်သားမို့မို့လေးမှာ ​မွှေးအရွယ်ရောက်လာသောအချိန်၏ အပြောင်းအလဲကို ပြနေဟန်ရှိသည်။ ယခင်ကစကားပြောလျှင် မွှေးမျက်နှာနှင့် လယ်ကွင်းပြင်ကိုလည်းကောင်း၊ တောအုပ်ဆီသို့လည်းကောင်း ကြည့်တတ်သော်လည်း ယခုတော့ သူ့မျက်လုံးများသည် မွှေး၏မို့သောတင်ပါးနှင့် ပေါင်တံများဆီသို့ ခဏခဏကြည့်မိသည်။

မွှေးသည် အရွယ်ပြောင်းလဲလာသည့်အတွက် သူနှင့်သိပ်မတွဲတော့ခြင်း ဖြစ်သည်ဟု သူက ယူဆ၏။ မွှေးကို သူဘာမျှမမေးပေ။ မွှေးကတော့ ငယ်ငယ်တုန်းကလိုပင် စကားပြောရာ၌ ​ရောရောဝင်ဝင် ပြောတုန်းပင် ဖြစ်သည်။ 

ဂျပန်ခေတ်တွင် သော်ကဘုရားပွဲတော်လည်း မကျင်းပဖြစ်တော့၍ သူတို့မိသားစု နှစ်အိမ်ထောင် သိုက်သိုက်ဝန်းဝန်း သွားရသည်လည်း မရှိတော့ပေ။ 

တွေ့ရသောအချိန်များတွင် ကြည့်လိုက်တိုင်း မွှေးကသာ အလှအပ ကိုယ်ခန္ဓာ အသွင်အပြင်တို့ ပြောင်းလဲလာသည် ထင်သည်။ သူကမူ ဘာမျှမပြောင်းလဲသလို ဖြစ်နေ၏။ တစ်ခါတစ်ရံ သန်းခေါင်ယံတွင် ရုတ်တရက်နိုးနေတတ်သည်သာ ဖြစ်၍လာတတ်သည်။ ​မေ​မေက ညနေပိုင်းတွင် လှုပ်လှုပ်ရှားရှား ကစားခိုင်း၏။ တစ်ယောက်တည်း ကစားသည်ကိုလည်း ပျင်းသည်။ ဖရက်တို့တစ်ဖက်ကမ်းကိုလည်း သူ မကူးချင်။ အခုတလော ဖရက်ကလည်း မွှေးကို စပြီးပြီဆိုကတည်းက ခဏခဏ မလာရဲသလို ဖြစ်နေပုံရသည်။ 

အိပ်မပျော်သောညများတွင် သူ စာဖတ်၏။ စာဖတ်မရလျှင် မီးမှိတ်ကာ အခန်းထဲတွင် တစ်ယောက်တည်း ငြိမ်နေတတ်၏။ ဤပျင်းရိငြီးငွေ့ဖွယ်ကောင်းသော စစ်ကာလမှာ ဘယ်သောအခါမှ ကုန်ဆုံးပါမည်နည်း။

တစ်ဖက်ကမ်းတွင် လူငယ်ကလေးများ လှုပ်ရှားနေသော သင်းပင်းအဖွဲ့အစည်းများတွင်လည်း သူပါဝင်ခွင့် မေ​မေက မပေးပေ။

တန်ဆောင်မုန်းလဆန်းတွင် လသာပုံသည် ပို၍လှ၏။ ညဥ့်သို့တိုင်လျှင် မြစ်ရေပြင်ကိုလည်း တစ်လှည့်ကြည့်ရသည်။ စပါးနှံတို့ ဖုံးစ စပါးပင်ပျိုများ လှုပ်ရှားဟန်ကိုလည်း တစ်လှည့်ကြည့်ရသည်။ လရောင်အောက်တွင် သော်ကစေတီကိုလည်း မျှော်၍ဖူးသေးသည်။ စေတီတော်သည် ယခင်ကလိုတော့ ရွှေရောင်ဖြင့် ဝင်းပခြင်းမရှိတော့။ တစ်ခါတစ်ရံ စပါးပင်ရှည်ကြီးများ၏ တေးညည်းသံ ဝိုးတဝါးကို နားစွင့်ရင်း ငိုက်မြည်းအိပ်ပျော်သွားတတ်၏။

လဆန်း(၁၄)ရက် ညကမူ တစ်ဖက်ကမ်း၏ တန်ဆောင်တိုင်မီးများကို ရေဆင်းတံတာဦးထိပ်မှ မျှော်ကာ စောစောပင် အိပ်ရာဝင်ခဲ့သည်။ သို့သော် သန်းခေါင်ယံတွင် သူ့အကျင့်အတိုင်း တစ်ရေးနိုးပြီးကာ ပြန်၍အိပ်မရတော့ပေ။

လမင်း၏အရောင်မှာ မှန်ပြတင်းပိတ်ထားသည့်ကြားကပင် အိပ်ခန်းထဲသို့ ဝင်၍ကျနေပေသည်။ လယ်ကွင်းဘက်ဆီမှ စပါးပင်တို့ ယိမ်းနွဲ့လှုပ်ရှားသံ၊ မြစ်ပြင်ဆီမှ လှိုင်းဂယက်တို့ ရိုက်ခတ်သံများသည် မြစ်လယ်၏သဘင်ပွဲတွင် သဘာဝ၏တေးဆိုသံလို သာယာချမ်းမြေ့လှလေသည်။ အပြင်တွင် သဘာဝသည် ဘယ်လောက်များ လှနေမည်လဲ။

မှုန်ဝါးသော လရောင်ခြည်သည် မြစ်လယ်၏ အလှအပများကို ကြည့်ရန် သူ့ကိုဖိတ်ခေါ်၍ သူသည် အိပ်ရာမှထကာ ဘေးဘက်ပြတင်းကို ဖွင့်လိုက်သည်။ လရောင်သည် မှန်ထဲမှာမြင်ရသည်ထက် အပြင်တွင် ရွှန်းရွှန်းပပ သာနေပေသည်။ မွှေးတို့အိမ် မားမားမြင့်မြင့်ကြီးမှာ လရောင်အောက်တွင် ငြိမ်သက်တိတ်ဆိတ်နေသည်။ သစ်ရွက်ကလေးများပေါ်တွင် နှင်းစက်ကလေးများ ပျံ့ကြဲနေကြသောကြောင့် လရောင်ထိလိုက်လျှင် ဆောင်းနတ်မယ်၏ဝတ်ရုံလို တလက်လက် တောက်နေသည်။ စိမ်းသောစပါးခင်းပေါ်တွင် လမင်း၏ငွေရည်များကလည်း ပုလဲမှုန်လို သွန်ကျနေကြပေ၏။ 

ညဉ့်ငှက်သည် မြစ်ကိုစုန်ကာ ညဉ့်သုံးယံတေးကို ကျူးရင့်ရှာသည်။ ဂယက်စိတ်ကလေးများ တဖျတ်ဖျတ်လှုပ်ရှားကာ တောက်ပနေသော ငွေရေပြင်ပေါ်တွင် လူးလာတုံ့ကာ ချစ်သူကိုရှာနေဟန်ရှိ၏။ 

ပူလောင်သော ဇောစိတ်တို့ဖြင့် အမောကြီးမောကာ လူသားတို့အိပ်ပျော်နေချိန်ဖြစ်၍ သဘာဝ၏အလှနတ်များသည် တိတ်ဆိတ်သော ညဉ့်လယ်တွင်မှ နိုးကြွလာကြကာ အလှသဘင်ပွဲကို ဆင်နွှဲလျက်ရှိကြသည်။

ဆောင်းရာသီကို ကြိုသောလေညင်းတွင် ကရမက်ပန်းရနံ့ကလည်း သင်းသင်းမွှေးကာ ပါ၍လာခဲ့ပေသည်။

အတွတ်သည် မြစ်လယ်ဘက်ဆီသို့ မျှော်၍ကြည့်မိ၏။ မြစ်လယ်ဆီမှ လှေငယ်တစ်စင်းသည် သူတို့အိမ်များရှိရာဘက်သို့ ကပ်လာသည်။ လှေကလေးသည် မွှေးတို့ရေဆိပ်တွင် ရပ်နားလိုက်၏။ လရောင်အောက်တွင် တစ်ယောက်တည်းသော သူငယ်၏ လှုပ်ရှားဟန်များကို အတွတ် အားလုံးမြင်နေပေသည်။ လူငယ်သည် မွှေးတို့ခြံထဲသို့ ဖြည်းညင်းစွာ ဝင်၍သွားလေသည်။

“ဖရက်များလေလား” 

ဤသွင်ပြင်ကို သူ ဘာမှ မမှတ်မိစရာမရှိ၊ ဖရက်မှ ဖရက်အစစ်ပင်။ သူ၏ရင်တို့သည် တလှပ်လှပ် လှုပ်ရှားစပြုလာသည်။ လူရိပ်သည် ခြံရိပ်တွင် ပျောက်ကွယ်သွားပြီးနောက် ​မွှေး၏အိပ်ခန်းဘေးမှ မတ်တတ်တံခါးများ ပွင့်၍လာသည်။

ဝရန်တာကို ဖြတ်ကာ ​လှေကားမှဆင်းလာသော ​မွှေးသဏ္ဌာန်ကို သူ ပြတ်သားစွာမြင်ရသည်။ မွှေးသည်လည်း မြေပေါ်ရောက်လျှင် ပန်းရုံတစ်ခုအောက်တွင် ပျောက်၍သွားပြန်သည်။ 

သူတို့နှစ်ယောက် ညတွင်တွေ့ဆုံသည့် စခန်းသို့ပင် ရောက်ပါပကော။

သူသည် မောလှစွာ ပြတင်းဘောင်ကို မှီလိုက်၏။ အသက်ကို မနည်းရှူရသလို၊ ရင်ထဲက ကျပ်၍လာသည်။ မျက်လုံးများကတော့ ခြံဝင်းထဲတွင် ချစ်သူနှစ်ယောက်ကို ရှာမိ၏။ 

အမှန်တော့ လှပသော ဤညခင်းသည် ချစ်သူတို့အတွက်ပါကလား။ ယခုပင် ညသည် ပို၍လှပလာသည်။ ညဉ့်၏အရှင်နတ်သမီးသည် ချစ်သူနှစ်ဦးတို့အတွက် ဤညများကို ဖန်ဆင်းနေသလား၊ ချစ်သူတို့ တွေ့ဆုံ ချစ်တင်းနှီးနှောဟန်ကို သီဆိုကျူးရင့်ရန်ပင် ငှက်ကလေးများကို တမန်တော်အဖြစ် စေလွှတ်လေသလား။

ကြယ်ပွင့်ကလေးများပင် ပိုမိုတောက်ပလာကာ ပန်းလေးတို့သည်လည်း ငုံရာမှပွင့်လာကြပြီထင်သည်။ လေညင်းရနံ့သည် ပို၍သင်းပျံ့လာပါပကော။

ဪ ... မိရွှေမွှေးကိုလည်း ဆုံးရှုံးရပြန်ပါပကော။ ယခုမှ လက်လွှတ်ရခြင်းသည် ပို၍သေချာလာပြီဟူသောအသိက အတွတ်၏နှလုံးသားကို ဆုပ်၍ဆွဲကိုင် လှုပ်ရှားပစ်လိုက်သည်။ 

လမင်းသည် အနောက်သို့စောင်းငဲ့လာသောအခါ ကြေးနီရောင်သို့ ပြောင်း၍လာခဲ့၏။ ညဉ့်ငှက်ငယ်သည်ပင် အသိုက်သို့ ပျံပြီဖြစ်၍ မိုးသောက်ယံကို ကြိုမည့် ငှက်ငယ်လေးတို့၏အသံကို ကြားရပေပြီ။

သူကတော့ ပြတင်းဘောင်မှ ခွာမရ၊ ဖရက်သည် မွှေးပခုံးကိုဖက်ကာ လှေကားရင်းအထိ လိုက်ပို့သည်။ ဖရက်၏ရင်ခွင်အတွင်းသို့ မွှေး၏ကိုယ် ယိုင်ညွှတ်သွားသည်ကိုမူ သူသည် မကြည့်ပေ။ မျက်နှာကို လက်ဖဝါးနှင့်အုပ်ကာ ခုတင်ဆီသို့ ပြန်လာခဲ့၏။

နံနက်(၄)နာရီထိုးပြီဖြစ်၍ ဝါးခယ်မဘက်ကမ်းမှ သကျမဟာ သီရိဘုရားကြီးကို မျက်နှာသစ်တော်ရေ ကပ်ချိန်တွင် တီးမှုတ်သော နရည်းသံသည် ငြိမ့်အေး ညက်ညောစွာ လေညင်းတွင် ပါ၍လာသည်။

အတွတ်အဖို့တော့ ဆုံးရှုံးခြင်းအထိမ်းအမှတ်အတွက် တီးခတ်သော နရည်းသံသာတည်း။

အပိုင်း(၆) ဆက်ရန်
--------------------------
#ခင်နှင်းယု

Post a Comment

0 Comments