ထိုနေ့ညက လရောင်လေး မလင်းတလင်းသာကာ နှင်းမှုန်တွေ တဖွဲဖွဲကျနေသည်။ စာမေးပွဲလည်း တဖြည်းဖြည်းနီးလာပြီမို့ စာကြည့်စားပွဲတွင် မြဲမြဲထိုင်ရန် ကြိုးစားကြရသည်။ အခန်းထဲအောင်းပြီး စာကျက်ရသည်ကို ငြီးငွေ့ပင်ပန်းလာလျှင် အခန်းမီးပိတ်ပြီး အခန်းရှေ့က လူသွားလမ်းထွက်၍ ထိုင်လေ့ရှိသည်က ဂျီဟောသူ (စက်မှုတက္ကသိုလ်မိန်းကလေးဆောင်နေ ကျောင်းသူများ)အားလုံး၏ အကျင့်ပင်ဖြစ်သည်။ လတ်ဆတ်အေးမြသော လေပြည်အေးကို ရှိုက်၍ရှုရင်း အဆောင်ရှေ့မှ ဘောလုံးကွင်းကြီးကို ငေးကြည့်နေလိုက်လျှင် စာကျက်ရသဖြင့် ကုန်သွားသောအင်အားများက တဖြည်းဖြည်းပြန်၍ ပြည့်လာတတ်သည်။
ဂျီဟောရှေ့က ကတ္တရာလမ်းကလေး။ လမ်းကလေး၏ဟိုဘက်တွင် ဘောလုံးကွင်း။ ဘောလုံးကွင်း၏ဟိုဘက်တွင် စက်မှုတက္ကသိုလ်ဆေးရုံ ဝပ်ဝပ်ပုပုကလေး။ ဆေးရုံနှင့် ဓားလွယ်ခုတ်လောက်တွင်တော့ ကျယ်ဝန်းမြင့်မားသော ထမင်းစားခန်းမကြီး။ ထမင်းစားခန်း၏နောက်ဘက်တွင် ဆင့်လျက်ရှိသည်က အေ၊ ဘီ၊ စီ၊ ဒီ၊ အီး၊ အက်ဖ် ယောက်ျားလေးဆောင်များ။ ထိုမြင်ကွင်းသည် ဂျီဟောသူအကုန်လုံး၏ မျက်စိထဲတွင်စွဲနေသော ဂျီဟောရှေ့က မြင်ကွင်းကျယ်ကြီး ဖြစ်လေသည်။ စက်မှုတက္ကသိုလ်ဆရာများ၏နေအိမ်က ကျောင်းသူဆောင်အလွန်တွင် ရှိလေသည်။ ထို့ကြောင့် အိမ်မှကျောင်း၊ ကျောင်းမှအိမ်သို့ သွားလေ့ပြန်လေ့ရှိသော ဆရာ၊ ဆရာမတို့၏ကားအချို့လောက်သာ ဂျီဟောရှေ့က လမ်းကလေးတွင် ဖြတ်သွားကြသည်။ အညောင်းပြေလမ်းလျှောက်သွားသော ဆရာ၊ ဆရာမအချို့နှင့် အလုပ်သမားအချို့လည်း လမ်းလျှောက်၍ ဖြတ်တတ်သည်။ တစ်ခါတစ်ရံမှသာ သွားရင်းလာရင်းကိစ္စရှိ၍ ဂျီဟောရှေ့က ဖြတ်လျှောက်ကြသော ကျောင်းသားများကိုကား ဂျီဟောသူများက ဘယ်ညာ စည်းချက်ကျကျ အော်ပေးကာ နောက်တတ်ပြောင်တတ်သည်။ ညဘက်ရောက်၍ လူလုံးသိပ်မကွဲတော့သော အချိန်ရောက်လျှင်တော့ ဆယ်ခါတစ်ခါလောက်တွင်သာ မျက်စိလည်လမ်းမှားပြီး ရောက်လာသော ကျောင်းသားများက သီချင်းဆိုလေ့ရှိသည်။
ဒီနေ့တော့ တော်တော်ထူးခြားသည်။ ဂျီဟောရှေ့က လမ်းပေါ်မှာမဟုတ်၊ ဘောလုံးကွင်း ဒီဘက်အစပ်မှာလည်း မဟုတ်၊ ဘောလုံးကွင်းအလယ်တွင် ကျောင်းသားတစ်စုထိုင်ပြီး သီချင်းဆိုနေကြသည်။ ဘောလုံးကွင်းအလယ်ဆိုတော့လည်း ဂျီဟောသူနှင့် တော်တော်လေး လှမ်းသွားပြီဖြစ်လေသည်။ သူတို့၏ပုံစံက သူတို့ဟာသူတို့ လွတ်လွတ်လပ်လပ် ဆိုချင်တီးချင်လို့၊ ဦးနှောက်အညည်းဖြည်ချင်လို့၊ ဘောလုံးကွင်းထဲတွင် ကျယ်ကျယ်ပြန့်ပြန့် လာ၍ ဆိုခြင်းတီးခြင်းဖြစ်သည်။ ဂျီဟောသူတွေကို လာ၍ မျှော်ခြင်းမဟုတ်ဟု တိတိလင်းလင်း ပြတ်သားစွာ ဆိုလိုဟန်ရှိလေသည်။
“ပုံစံကိုက ... ငါတို့ကို အရေးမစိုက်ဘူးလို့ ပြောတာပေါ့လေ”
ခင်ချိုက မခံချင်သလိုပြောတော့ ဝေဝေနှင့် မော်မော်က
“ဪ .... ငါတို့တွေကလဲ ဂရုစိုက်ချင်စရာ လှတပတ၊ ချောတောမောတောလေးတွေ ဟုတ်လို့လား ဟ” ဟု ပြောကာ ရယ်နေကြသည်။
ခဏနေတော့ အလယ်ထပ်က ဌေးဌေးနှင့်မဝါရော၊ ဟိုဘက်ထောင့်ဆုံးအခန်းက နွယ်အေးနှင့်သက်သက်မွန်ရော ရောက်လာကြသည်။ ခင်ချိုတို့အခန်းသည် အပေါ်ဆုံးသုံးထပ်၏ အစွန်ခန်းဖြစ်သည်။ လေတဟူးဟူးတိုက်ကာ အအေးဖြစ်သဖြင့် သူ့အလိုလို စုရပ်အဖြစ် သတ်မှတ်ပြီးသားဖြစ်နေသည်။ မမခင်ရောက်လာတော့ သူ့လက်ထဲတွင် လက်ဖက်သုပ်မောက်မောက်တစ်ပန်းကန် ပါလာသည်။ ထွေးထွေးက ဆီးသီးခြောက်ထုပ်တွေ ယူလာကာ ဖြိုးဝေက မစီမာဆီးပြားတွေ ယူလာသဖြင့် ခင်ချိုတို့၏စကားဝိုင်းသည် စိုစိုပြည်ပြည်ဖြစ်သွားသည်။
“သူတို့အရေးမစိုက်တာကို .... ကိုယ်က အရေးမစိုက်ရင် အရေးမစိုက်ခြင်းဟာ အရေးမစိုက်ခြင်းပဲ အဆုံးသတ်သွားမှာမို့ ... အရေးကြီးတာက အရေးမစိုက်ဘဲ နေဖို့ပါပဲ”
ရှင်းရှင်းလေးပြောလို့ရသောစကားကို မေဝင်းမော်က သူ၏ထုံးစံအတိုင်း ရှုပ်ထွေးသွားအောင် ပြောလေသည်။ စက်မှုတက္ကသိုလ်ကျောင်းသားများက စက်မှုတက္ကသိုလ်ကျောင်းသူများကို ပုံမလာပါဘူး၊ တိုက်ဂေါတွေဟု ပြောနေကျ၊ နှိမ်နေကျဖြစ်သည်။ ထိုသို့ နှိမ်ပင်နှိမ်နေသော်ငြားလည်း ဂျီဟောသို့ရောက်လာသော မေတ္တာစာများကား မနည်းလှချေ။ စံပယ်တင်မှဲ့လေးနှင့် ယဉ်စစလေးလှသော မေဝင်းမော်ကိုလည်း ချစ်ခင်ကြင်နာသူတွေ အတော်များလေသည်။
ထို့ကြောင့် မဲမဲလုံးလုံး ပုပုဝ၀ကလေးမို့ ‘အညာထန်းလျက်’ ဟုအမည်တွင်နေသော ရွှေဌေးက ....
“ဪ ....တန်းစီဇယားများတဲ့သူများကျတော့လည်း ပြောအားရှိတာပေါ့လေ၊ ပိုနေရင် တစ်ယောက်လောက် မျှပါလားကွယ်”ဟုပြောရင်း ရယ်နေလေသည်။
“ငွေတော်သာရောင်ခြည် ... ထိန်လင်းတော့တည်၊ ဘုံကြိုးပြတ်တဲ့ မိုးနတ်မဒီ...တကယ်ချစ်ပါတည်၊ ရွှေမေတ္တာအကြောင်းဆက် ပေါင်းဖက်မည်”
ဘောလုံးကွင်းအလယ်မှ သီချင်းသံဖြစ်သည်။
“ထိန်ကြည် ... လရောင်တမ်းတော့ ...အလွမ်းပိုပါတည်၊ ချစ်တူရှိရင် .....”
ခံစားချက်အပြည့်နှင့် ဆိုနေသောသီချင်းသံကို နားထောင်ရင်း ခင်ချိုက ဟက်ခနဲရယ်ကာ သူ့ဘေးမှ ထွေးထွေး၏ပေါင်ကို ပုတ်လိုက်သည်။
“ဟဲ့ ... ဒီအသံ ငါသိတယ်”
“ငါလည်း သိတယ် ...ဆိတ်ကုလား”
ဆိတ်ကုလားဟူသည်မှာ ပဉ္စမနှစ် ဗိသုကာသင်တန်းသားကျောင်းသားတစ်ဦးဖြစ်လေသည်။ စတုတ္ထနှစ်ရောက်ခါမှ ဘာစိတ်ကူးပေါက်လေသည်မသိ၊ မုတ်ဆိတ်မွှေးငုတ်စိစိလေးကို တယုတယ မွေးထားသည်။ နဂိုကတည်းက အသားညိုညို၊ မှုန်ကုတ်ကုတ်ရှိသောမျက်နှာတွင် မုတ်ဆိတ်မွှေးထပ်တိုးလာတော့ ဘယ်ကနေဘယ်လိုဖြစ်ပြီး ဆိတ်နှင့်တူသွားသည်မသိ။ ဆိတ်ကုလားဟူသော အမည်တစ်ခုကို ပိုင်ဆိုင်သွားလေတော့သည်။
“သူက ... အဲဒီသီချင်းတစ်ပုဒ်ပဲ ... ရတာလေ”
“နောက်ပြီး ... သူ့အသံက သနဲ့တနဲ့ မကွဲဘူးလေဟာ”
ဗိသုကာကျောင်းသူကျောင်းသားများသည် အဆောက်အဦးပုံစံလေးများကို ဥာဏ်ကွန့်မြူးကာ ရေးဆွဲရင်း ဈာန်ဝင်သွားသောအခါမျိုးတွင် နှုတ်မှ အလိုလို သီချင်းလေးများ ညည်းမိတတ်ကြသည်။ ဆိတ်ကုလားကလည်း သူကြိုက်နေသော ဘီအီးဒီမှ ဆရာမလောင်းလေးကို ရည်ရွယ်ကာ “ဆရာမကိုပဲ အသည်းစွဲချစ်တော့မည်” ဟူသော သီချင်းလေးကို သီဆိုလေ့ရှိသည်။ သနှင့်ထွက်ရမည့် အသံထွက်များကိုတော့ မပီရှာချေ။ တဝမ်းပူအသံနှင့် အစားထိုးကာ ဆိုသွားတတ်သည်။
“ဆိတ်ကုလားက ... ဘာလို့ မုတ်ဆိတ်ထားရတာလဲဟင်”
“ဟဲ့ ... ငါဘယ်သိမှာလဲ”
“သူ့မျက်နှာ ...ဆိတ်နဲ့တူသွားတာ မသိဘူးလား”
“အေး ... အေး၊ မဝါက မေးနေတယ်လို့ ငါပြောပေးမယ်”
“ဟုတ်ပါဘူး၊ ငါက တကယ်သိချင်တာပါ၊ သစ်ပင်မှာ အရွက်နုနုလေးတွေတွေ့ရင် ... သူ... စားချင်လား မသိဘူးနော်”
“ဘာဖြစ်လို့လဲ”
“ငါက...အရွက်နုနုလေးများ ဝေနေတာတွေ့ရင် အားကြီးစားချင်တာပဲ၊ ဒါ့ကြောင့် ... ငါ အရင်ဘဝက ဆိတ်များဖြစ်ခဲ့သလားလို့ပါ”
နဝေတိမ်တောင်နှင့်ပြောသော မဝါကိုကြည့်ရင်း မော်မော်က တအား ရယ်လိုက်ရာ ပါးစပ်ထဲမှဆီးသီးခြောက်က လည်ချောင်းထဲပြုတ်ကျပြီး နင်နေသည်။ ရေတဝသောက်ကာ လည်ချောင်းကို မနည်းသပ်ချရင်း ...
“ကိုကိုဆိတ်က ... အခုတော့ .. နင့်ကိုသတိမရပါလား ..ခင်ခင်ဆိတ်ရဲ့” ဟု မပြောသာပြောသာ ပြောနေသေးသည်။
ခဏနေတော့ ဆိတ်ကုလား၏အသံ တိတ်သွားသည်။
“နေ့ညထာဝစဉ်လဲပဲ .... မောင့်စိတ်ထဲမှာကွယ် ...ခင့်မျက်နှာသာရည်မှန်း ...” ဟူသော သီချင်းသံကို ကြားရသည်။ ဒီတစ်ယောက်က စကားလည်း ပီသသည်၊ အသံနေအသံထားရော ဆိုဟန်ရော ပိုပြီးနားထောင်ကောင်းလေသည်။ ခပ်လှမ်းလှမ်းကမို့ ခပ်တိုးတိုးသာကြားရသော သီချင်းသံကို စိုက်၍နားထောင်နေမိကြသည်။
“မြတ်စွာဘုရားအလောင်းတော်တောင် ...ဘဝပေါင်းများစွာ တိရစ္ဆာန်ဖြစ်ခဲ့သေးတာ၊ ငါတို့သာဆိုရင်တော့ ပြောမနေနဲ့တော့”
မော်မော်က ရပ်သွားသောစကားကို ပြန်၍ကောက်သည်။
“ဒါကြောင့်လည်း .... ဘဝနီးရင် နီးသလို၊ နီးစပ်ရာ တူတတ်ကြတာ ဖြစ်မှာဟ”ဟု ဆက်ပြောလေသည်။
“အဲဒါ ဟုတ်မှာပဲ၊ ငါတို့မြို့က ဝက်သားရောင်းတဲ့ ဝက်သားသည်ကြီးရဲ့မျက်နှာက ဝက်နဲ့ အတော်တူတယ်” ဟု ရွှေဌေးက ထောက်ခံသည်။
“အံမာ ... ကြက်တူရွေးနဲ့တူတဲ့သူလည်း ရှိတယ်နော်၊ ဝင်းမော် ... နင်တို့အခန်းထဲက အယ်လီနာက ကြက်တူရွေးနဲ့ မတူဘူးလား”
“အေးဟ၊ ဆရာဦးဖြိုးကျော်ကျတော့ သိန်းငှက်ကြီးနဲ့ တူသလိုပဲနော်၊ သူ့မျက်လုံးကလည်း စူးတောက်နေတာပဲ”
“တချို့ကျတော့ မျောက်ဘဝကလာတာ သိသာလိုက်တာ”
“ကျောင်းလခပေးတဲ့နေရာက လူကြီးကျတော့ မြင်းကြီးနဲ့ တူတယ်နော်၊ သူရယ်လိုက်ရင် မြင်းဟီသလိုပဲ”
“ငါကတော့ ... ဘဲဘဝကများ လာသလားမသိဘူး၊ ငါလမ်းလျှောက်တာက .... ဘဲလိုပဲ၊ ကားရားကားရားနဲ့ဆို”
ခင်နွယ်အေးက ပါးစပ်ကပြောရုံမကဘဲ တကယ်ထပြီး လမ်းလျှောက်ပြတော့ ခင်ချို့တို့တတွေ အူနာကုန်သည်။ သူလမ်းလျှောက်ပုံမှာ နောက်ဖက်ကကြည့်လျှင် ဘဲနှင့်တူသည်ကလည်း အမှန်ပင်။
“ငါ ငယ်ငယ်တုန်းက ... တော်တော်အရုပ်ဆိုးတယ်ဟဲ့”
ထွေးထွေးက ဝင်ပြောပြန်သည်။
“ကြီးလာမှ လှတာတဲ့”
“ဘယ်သူက လှတယ်ပြောလို့လဲ ...ဟ”
“ဒီလိုလေဟာ ...၊ ငယ်ငယ်တုန်းကထက် ပိုပြီးကြည့်ကောင်းလာတာကို ပြောတာပေါ့ဟာ .... နင်တို့ကလဲ”
“အဲဒီတော့ ....”
“အဲဒီတော့ ...ငါက ဒေါင်းမျိုးပေါ့”
“အောင်မလေးဟ....ဒေါင်းမရေ”
ထွေးထွေးကို ဝိုင်းထုရင်း ရယ်သံတွေ ဆူညံကုန်တော့ အဆောင်မှုးက အပေါ်တက်လာသည်။ လက်ဖက်လည်းကုန်ပြီ၊ မစီမာလည်း ကုန်ပြီဖြစ်သည်။ နောက်ထပ်မျှော်လင့်စရာလည်း ဘာမှမရှိတော့ချေ။ ထို့ကြောင့် အဆောင်မှူး မဆူခင် အမြန်လူစုခွဲကာ ကိုယ့်အခန်းထဲကိုယ် ဝင်ပြေးကြလေသည်။ အခန်းထဲရောက်တော့ စဉ်းစားလက်စဖြစ်သော ပြတိုက်ပုံစံငယ်ကို ဆက်၍စဉ်းစားရင်း လူနှင့်တိရစ္ဆာန်အကြောင်းကို ခင်ချိုမေ့သွားသည်။
သို့သော် မေဝင်းမော်ကတော့ မေ့ဟန်မတူပေ။ သင်္ချာတစ်ပုဒ်ကို တွက်လိုက် ချက်လိုက်နှင့် ချာလည်ရိုက်ကာ အဖြေထုတ်မရဘဲရှိနေရာမှ ....“ဟုတ်တယ် ...ခင်ချိုရဲ့” ဟု အရင်းမရှိ အဖျားမရှိ ပြောသည်။
“လူနှင့် တိရစ္ဆာန်ဟာ နည်းနည်းစီတော့ တူနေတယ်ဆိုတာ ဟုတ်တယ်ဟ” ဟုဆက်ပြောသောအခါကျမှ ခုနတုန်းက အကြောင်းအရာတွေက သူ့ခေါင်းထဲမှ ထွက်မသွားသေးသည်ကို သိရသည်။
“ငါစဉ်းစားနေတာ ... သိလား၊ ကိုမောင်မောင်စန်းက ပုရွက်ဆိတ်နဲ့တူတယ် ထင်တယ်”
“ကြံကြံဖန်ဖန်ဟာ”
ကိုမောင်မောင်စန်းသည် မေဝင်းမော်၏အချစ်ပန်းကို ဆွတ်လှမ်းနိုင်ရန် ကြိုးစားနေသူဖြစ်သည်။ အသားညိုညို၊ အရပ်ရှည်ရှည်နှင့် ရိုကျိုးနှိမ့်ချသောအမူအရာရှိသည်။ သူ့တွင် ပုရွက်ဆိတ်နှင့်တူသော အချက်အလက်ကို ခင်ချိုမမြင်။ တူချင်းတူလျှင် သစ်ကုလားအုတ်နှင့်တူသည်ဟု ဆိုသည်ကမှ ရေးတေးတေးရှိသေးသည်။
“ရုပ်ကိုပြောတာမဟုတ်ပါဘူး၊ စိတ်ကို ပြောတာပါ”
ဝင်းမော်က တိုးတိုးလေး ရယ်လေသည်။
“သူက အရမ်းကြိုးစားတယ်၊ လုပ်စရာရှိတဲ့အလုပ်ဆိုရင်လည်း ဘယ်တော့မှ ခိုခိုကပ်ကပ်မရှိဘူး”
“ဟုတ်တယ် ....။ အဲဒါတော့ဟုတ်တယ်”
“ကျူတိုရီယယ်မှာရော၊ ပရယ်တီကယ်မှာရော၊ ဆာဗေးချိန်မှာရော တွက်စရာ၊ ကျက်စရာ၊ ထမ်းစရာ၊ ပိုးစရာအားလုံး သူဒိုင်ခံလုပ်တာပဲ”
“ဟုတ်တယ် .... ဝင်းမော်ရဲ့၊ ကြည့်ရတာ နည်းနည်းပျင်းစရာကောင်းပေမယ့် ရိုးသားတယ်၊ ကြိုးစားတယ်။ အဲ့ဒါတော့ အမှန်ပဲ”
ခင်ချိုက ထောက်ခံသည်။ သူ့ကို သူများကျောင်းသားတွေလို ဟီးလေးဟားလေးလုပ်နေတာ တစ်ခါမှ မတွေ့ဖူးပေ။ အားလျှင် စာကြည့်တိုက်ထဲဝင်ကာ စာဖတ်နေတတ်သည်။ ဒီလိုကျတော့လည်း မေဝင်းမော်ပြောတာ ဟုတ်တုတ်တုတ်ဟု လက်ခံရတော့မည်ဖြစ်သည်။ သူ၏ဘဝသည် ကြိုးစားမှု၊ အလုပ်လုပ်မှုတို့ဖြင့် တည်ဆောက်ထားသောဘဝဖြစ်လေသည်။ နာရီကိုလှမ်းကြည့်လိုက်တော့ ၁၂ နာရီထိုးခါနီးပြီမို့ ခင်ချိုက မျက်နှာသစ်၊ သွားတိုက်ကာ ဘုရားရှိခိုးသည်။ ခြင်ထောင်ချပြီး အိပ်တော့မည်ဟု ဟန်ပြင်တော့ မေဝင်းမော်က လှမ်းပြောပြန်သည်။
“ကိုသန်းဝင်းအောင်ကတော့ .... နှံကောင်နဲ့တူတယ်”
“လုပ်လိုက်ဟ .... မိဝင်းမော်”
ခင်ချိုက စိတ်ထဲမှ ရေရွတ်မိသည်။ သူ၏ လူနှင့်တိရစ္ဆာန်ဋီကာတော့ ကျယ်သည်ထက် ကျယ်လာချေပြီ။ ဒီပုံနှင့်ဆိုလျှင် ဒီည အိပ်မှအိပ်ရပါလေမည်လားမသိ။
“သူကတော့ ... ဟားဖို့ ပျော်ဖို့ပဲ”
ဟုတ်သည်။ ကိုသန်းဝင်းအောင်က လူပျော်လူနောက်တစ်ဦးဖြစ်သည်။ သူ့ကို ကျောင်းခန်းထဲ၊ လက်တွေ့ခန်းထဲထက် ကော်ရစ်ဒါနှင့်စားသောက်ဆိုင်တွင်သာ အတွေ့ရများသည်။ ကျောင်းခေါ်ချိန် ၇၅% မပြည့်သဖြင့် မကြာခဏခေါ်ပြီး သတိပေးခံရသူလည်းဖြစ်သည်။ ကျူတိုရီယယ်အချိန်များတွင်လည်း ကိုမောင်မောင်စန်းတို့လိုကျောင်းသားတွေ ကြိုးစားပမ်းစား တွက်နေချိန်တွင် သူက ရီးတီးယောင်တောင်လုပ်နေတတ်သူ ဖြစ်သည်။ ပြီးသောအခါမှ …….“ဟေ့ကောင်တွေ ...ပြီးပြီလား ...မှန်ရဲ့လား ..အေး ... မှန်တယ်ဆိုရင် ပေး” ဟုလှမ်းတောင်းကာ အကုန်ကူးချလေ့ရှိသူဖြစ်သည်။ သူ့ကိုလည်း ကျောင်းသားတွေက စေတနာပိုကြ၊ ခင်မင်ကြသည်။ သူက မချောသော်လည်း သူ၏အစ်မတွေ၊ ညီမတွေက တော်တော်ချောသည်ဟု ကြားဖူးသည်။ ကျောင်းသားကြီးတွေက ပါးစပ်အရသာခံပြီး သူ့ကို ‘ယောက်ဖ’ ဟုခေါ်လေ့ရှိကြသည်ကိုလည်း သူက တခါမျှ စိတ်မဆိုးဖူးချေ။
“နေပါဦး ... မေဝင်းမော်ရဲ့၊ နင်က ပုရွက်ဆိတ်ကိုကြိုက်လား၊ နှံကောင်ကို ကြိုက်လား”
“နင်ဆိုရင်ကော ....”
“ဟ .... သူတို့က ငါ့ကိုကြိုက်တာမှမဟုတ်တာ၊ နင့်ကိုကြိုက်တာ၊ ငါက ကြားထဲကနေပြီး .... ဘယ်သူ့ကိုဝင်ကြိုက်ရမှာလဲ”
တခန်းတွင် သုံးယောက်နေရခြင်းဖြစ်ရာ ခင်ချိုနှင့်ဝင်းမော်က ဟိုဘက်ခြင်ထောင်၊ ဒီဘက်ခြင်ထောင်၊ ကိုယ့်ခြင်ထောင်ထဲကိုယ်ဝင်ပြီး ခပ်ကျယ်ကျယ်လေပေါနေကြတော့ တတိယခြင်ထောင်ထဲတွင် ပုတီးစိတ်နေသော မယုက စိတ်တိုလာဟန်နှင့် ထအော်သည်။
“ပုရွတ်ဆိတ်ကို ကြိုက်ကြိုက်၊ နှံကောင်ကို...ကြိုက်ကြိုက်၊ ကြိုက်ချင်ရာကိုကြိုက်၊ အရေးကြီးတာက လိပ်ကိုမကြိုက်မိဖို့ပဲ၊ လိပ်သာဆိုရင်တော့ သူ့ဘက်ချည်းပဲ သူယက်သွားလိမ့်မယ်၊ တော်ပြီ၊ အိပ်ကြတော့”
ခေါင်းပုသွားကြသော ခင်ချိုနှင့်မေဝင်းမော်က ချက်ချင်းငြိမ်သွားတော့ မယုကျေနပ်သွားသည်။ ဘုရားဆက်၍ရှိခိုးကာ လှဲ၍အိပ်သည်။ သူအော်တာကို ဘာမှပြန်မပြောဘဲ ငြိမ်ခံနေသောကြောင့် စိတ်ကျေနပ်သွားသည်ထင်သည်။ မယ်မင်းကြီးမ ချက်ချင်းအိပ်ပျော်သွားသည်မှာ ဟောက်သံပင် ထွက်လာသည်။
“မိဝင်းမော် ....ပြောစမ်းပါဦးဟ ...။ နင်က ဘာကောင်ကို ..အဲ ဘယ်သူ့ကို ရွေးမှာလဲ”
အိပ်မပျော်နိုင်သေးသော ခင်ချိုက လှမ်းမေးသည်။ မေဝင်းမော်က ချက်ချင်းမဖြေ၊ တိုးတိုးလေး ရယ်နေသည်။
“ပြောလေဟာ”
“နင်ကလည်းဟာ ပုံပြင်ထဲမှာလည်း ပါပြီးသား၊ ရိုးရိုးစင်းစင်းကလေးကို ဘာလို့မေးနေရတာလဲ”
“ဒီလိုဆို .... နင် ..”
“နှံကောင်ကိုရွေးမိရင် ဆောင်းတွင်းကျတော့ ဗိုက်မှောက်နေရမှာပေါ့ဟ”
ခင်ချို၏အာရုံထဲတွင် ပါးစပ်ကြီးတအားဖြဲကာ ပြုံးရယ်နေသော ကိုမောင်မောင်စန်း၏ရုပ်သွင်ကို မြင်ယောင်လာသည်။ ဒါဟာ သဘာဝကျတဲ့ကိစ္စတစ်ခုပဲဟု ဆက်၍တွေးသည်။ ပုရွက်ဆိတ်နှင့်နှံကောင်တွင် အောင်ပန်းကိုဆွတ်ခူးသူသည် ပုရွက်ဆိတ်ကလေးသာလျှင် ဖြစ်ရမည်မဟုတ်ပါလား။
* * *
ထိုသို့သော ညပေါင်းများစွာကို ကျော်လွန်ဖြတ်သန်းခဲ့ပြီးနောက် ခင်ချိုတို့တစ်တွေ ဘွဲ့ရခဲ့ကြသည်။ အမိစက်မှုတက္ကသိုလ်ကြီးကို နှုတ်ဆက်ထွက်ခွာခဲ့ကြရသည်။ တစ်နှစ်ခွဲလောက်နေတော့ ကိုမောင်မောင်စန်းနှင့်မေဝင်းမော်တို့ လက်ထပ်ခဲ့ကြသည့်သတင်းကို ကြားရသည့်။ သူတို့မြို့နှင့် သူတို့ရွာတွင် လက်ထပ်ခဲ့ခြင်းဖြစ်သည့်အတွက် သူတို့၏မင်္ဂလာပွဲကို ခင်ချိုတို့ မတက်ရောက်ခဲ့ရပေ။ နောက်တော့လည်း နယ်မြို့အသီးသီးတွင် တာဝန်ထမ်းဆောင်နေကြသော သူငယ်ချင်းများနှင့် ခင်ချို အလှမ်းဝေးသွားသည်။ ကိုယ်တိုင်လည်း အိမ်ထောင်ကျကာ လူမှုရေး၊ စီးပွားရေးနယ်ထဲတွင် စုန်ကာဆန်ကာ ကူးခတ်ရင်း နှစ်ပေါင်း၃၀ကို ဖြတ်သန်းခဲ့ရသည်။ ယောကျ်ားတစ်ယောက်၊ သမီးတစ်ယောက်၊ သားတစ်ယောက်၊ တိုက်ခန်းတစ်ခန်း၊ မြေတစ်ကွက် စသည်များ ပိုင်ဆိုင်ပြီးနောက် ထူ၍မည်းသောဆံပင်များသည် ဖြူ၍ကျဲသောဘဝသို့ ရောက်ခဲ့ပြီဖြစ်သည်။ ပိန်၍သွယ်သော ခန္ဓာကိုယ်သည်လည်း ဝ၍ပြဲသော ခန္ဓာကိုယ်ကြီးဖြစ်လာသည်။
ထိုအချိန် ထိုအခါကျမှ ဒေါ်ခင်ချိုသည် သူ့လိုပင် ဝ၀အိအိကြီးဖြစ်နေသော ဒေါ်ဝင်းမော်နှင့် ပြန်ဆုံစည်းခဲ့ကြခြင်းဖြစ်လေသည်။ ရယ်စရာကောင်းသည်က နှစ်ယောက်သား ဘေးချင်းယှဉ်ရပ်နေသော်လည်း တစ်ဦးနှင့်တစ်ဦး မကြည့်ဖြစ်၊ မှတ်လည်းမမှတ်မိကြပေ။ ဈေးသည်၏ရှေ့က ဘော့ချိတ်ပုစွန်ပုံဆီသို့သာ ကျရောက်နေကြသောကြောင့်ဖြစ်သည်။ ပုစွန်ပုံထဲတွင် အကောင်ကြီးကြီး လတ်လတ်များပါသလို အကောင်သေးသေးများလည်း ပါသည်။ အရောင်နီနီ မလတ်တလတ် ခေါင်းကျိုးတွေလည်းပါသည်။
“တမင်ရောထားတာ ဖြစ်မှာပဲ”ဟု စိတ်ထဲမှ ငြူငြူစူစူ တွေးမိစဉ် ဈေးသည်က မရွေးရင် ၂၈၀ဝ၊ ရွေးရင်တော့ ၃၀ဝ၀ ဈေးဟု ခပ်တင်းတင်း ပြောလေသည်။
“၃၀ဝဝဈေးပေးပြီး ...ရွေးရတော့မှာပေါ့ဟယ်” ဟု ဒေါ်ခင်ချိုက မသက်မသာ ပြောသည်။
“ရှင်က မရောရသေးတဲ့ပုစွန်တွေကို မရောသလိုလိုနဲ့ ရောထားတော့ ကျွန်မတို့က ရောပြီးသားကို မရောရသေးခင်ကလို ဖြစ်အောင် ...ပြန်ရွေးရတော့မှာပေါ့”
ရှုပ်ထွေးနေအောင်ပြောသော ထိုစကားကိုကြားတော့ ခင်ချို့ရင်ထဲတွင် လှပ်ခနဲဖြစ်သွားသည်။ သူ့မျက်နှာကို ဆတ်ခနဲမော့ကြည့်လိုက်တော့ စံပယ်တင်မှဲ့ကလေးကို တွေ့ရသည်။ သို့သော် အရင်တုန်းကလို ပါးမို့မို့ပေါ်မှာမဟုတ်၊ ပါးအိအိကြီးပေါ်မှာ ဖြစ်သည်။
“ဟယ် ...ဝင်းမော်”
“ဟာ ...ခင်ချို”
ထို့နောက်တော့ သူတို့နှစ်ယောက်သည် ရွေးတော့မည့်ဟန်ပြင်ပြီးလေသော ဘော့ချိတ်ပုစွန်ပုံကြီးကို မေ့သွားသည်။ ဆိုင်ရှေ့ပိတ်ရပ်ပြီး ....
“ဟဲ့ နင်ဝလာလိုက်တာ ...၊ နင့်ယောကျ်ားကော နေကောင်းရဲ့လား။ အခု ဘယ်မှာလဲ၊ ရန်ကုန်ကို ခဏလာတာလား၊ နင့်ကလေးတွေကော ဘယ်အတန်းတွေ ရောက်ကုန်ပြီလဲ၊ အိမ်ထောင်တွေကော ကျပြီလား၊ နင် ပင်စင်ယူလိုက်ပြီလား”
စသည်.... စသည်များကို တစ်ဦးနှင့်တစ်ဦး ပြောမကုန်အောင်ဖြစ်နေတော့ ပုစွန်သည်က ....
“မမတို့ရေ ... မဝယ်ရင်လည်း ...ဘေးဖယ် ရပ်ပေးပါ”ဟု မကြည်မသာ ပြောလာသည်အထိပင်။
ပါးစပ်သေနတ်ကို အပြန်အလှန် မရပ်မနားပစ်လိုက်ကြတော့ ၁၀ မိနစ်ခန့်အချိန်တိုအတွင်းတွင် တစ်ဦး၏လက်ရှိအခြေအနေကို ကျန်တစ်ဦးက အကြမ်းဖျင်း သိသွားလေသည်။ ဝင်းမော်တို့လင်မယားနှစ်ယောက်စလုံး မြစ်ကြီးနားတွင် တာဝန်ထမ်းဆောင်နေတုန်း။ ကလေး လေးယောက်ရှိပြီး အကြီးနှစ်ယောက်က အိမ်ထောင်ကျသွားပြီဖြစ်ကြောင်း၊ အငယ်နှစ်ယောက်က တစ်ဦးက နည်းပြဆရာမ၊ ကျန်တစ်ဦးကတော့ မန္တလေးဆေးတက္ကသိုလ်တွင် တက်နေကြောင်း၊ ကျောက်မြောင်းထဲတွင် တိုက်ခန်းတစ်ခန်းဝယ်ထားကြောင်း၊ လူငှားတင်ထားကြောင်း၊ အခု လူငှားကိစ္စအတွက် ရန်ကုန်ကို ခဏလာခြင်းဖြစ်ကြောင်း၊ ပင်စင်ယူလျှင် မန္တလေးမှာ အခြေချဖို့စဉ်းစားကြောင်း၊ ပြင်ဦးလွင်အနီးစခန်းနားတွင် မြေလေးတစ်ကွက်ရှိကြောင်း၊ ဈေးနှုန်းသက်သက်သာသာနှင့် လှလှပပလေးဖြစ်အောင် ပုံစံရေးဆွဲပေးစေလိုကြောင်း စသည်များသည် ဒေါ်ခင်ချိုစုဆောင်းရရှိထားသော သတင်းအချက်အလက်များ ဖြစ်လေသည်။
“နင့်ပုရွက်ဆိတ်ကြီးကော၊ မနားမနေ အလုပ်လုပ်တုန်းပဲလားဟင်”
“အေး”
ဒေါ်ဝင်းမော်က ခေါင်းညိတ်သည်။ ထို့နောက် ပြုံးသည်။
“ပုံပြင်ထဲက ပုရွက်ဆိတ်ကသာ ဆောင်းရာသီရောက်တော့ စည်းစိမ်အပြည့်နဲ့ နားရတာဟ ....။ ငါ့ရဲ့ကိုပုရွက်ဆိတ်ကြီးကတော့ နွေ၊ မိုး၊ ဆောင်း တစ်ရာသီမှ မနားရပါဘူး၊ ကုန်းတုန်း၊ ရုန်းတုန်း”
“ပင်စင်ယူတော့ ...အေးအေးဆေးဆေး နားရမှာပေါ့ဟ”
“အေးလေ ... သင့်သင့်တင့်တင့်ပေါ့”
ပုစွန်ဆိုင်တွင် နည်းနည်းလူရှင်းသွားတော့ နှစ်ယောက်သား ပုစွန် ဝင်ရွေးကြသည်။ လက်က ရွေးနေသော်လည်း ပါးစပ်ကတော့ မပိတ်။
“ကိုသန်းဝင်းအောင်လည်း ငါတို့မြစ်ကြီးနားကို ခဏခဏလာတယ်”
“နင့်ရဲ့နှံကောင်ကြီးလား”
“အေးပေါ့ ...။ နင် ...စဉ်းစားကြည့်စမ်း၊ သူဘာလုပ်နေလဲလို့”
ကိုယ့်ဘဝ၊ ကိုယ့်သောကနှင့်မို့ ကိုသန်းဝင်းအောင် ဘာလုပ်နေသနည်း၊ ဒေါ်ခင်ချိုမသိ။ ထို့ကြောင့် ဖြစ်နိုင်ချေရှိသည်ကို ရမ်း၍ပြောထည့်လိုက်သည်။
“သူလား ... ။ ပုံပြင်ထဲကလို .... ဗိုက်မှောက်နေရမှာပေါ့”
ထိုစကားကိုကြားရတော့ ဒေါ်ဝင်းမော်က တသိမ့်သိမ့် ရယ်သည်။ ပုစွန်ညှီတွေပေနေသော လက်နှင့် ဒေါ်ခင်ချို၏ကျောကုန်းကို လှမ်းရိုက်သည်။
“သူ အရမ်းချမ်းသာနေတယ်၊ နင် ... တကယ်မသိဘူးလား”
“မသိဘူးဟ”
“သူက အင်ဂျင်နီယာမလုပ်တော့ဘူး။ ရွှေတွေ ကျောက်တွေ တူးနေတဲ့သူဌေးလေ၊ အရင်းအနှီးက နည်းတာမဟုတ်ဘူး၊ ရန်ကုန်မှာလည်း မြေတွေအများကြီးပိုင်တယ် ပြောတာပဲ”
“ဟယ် .... အဟုတ်လား”
ဒေါ်ခင်ချို မျက်လုံးပြူးနေသည်။ နွေရာသီတုန်းက သီချင်းဆိုကာ ပျော်ပါးခဲ့သောနှံကောင်သည် ဆောင်းရာသီရောက်တော့လည်း သီချင်းဆိုမြဲပါတဲ့။
“ငါတို့ပုံပြင်ထဲက နှံကောင်က ဆွေမရှိ၊ မျိုးမရှိ တစ်ကောင်ကြွက်ကိုးဟ။ လူ့လောကထဲက နှံကောင်ကတော့ ဆွေမျိုးတောင့်တယ်လေ၊ သူ့အစ်မတွေ၊ ညီမတွေရဲ့ယောက်ျားတွေကလည်း ထိတ်ထိတ်ကြဲတွေချည်းပဲတဲ့”
ဒေါ်ဝင်းမော်ရွေးထားသော ပုစွန်ပုံကို ဈေးသည်က ကြွပ်ကြွပ်အိတ်ထဲထည့်ကာ ချိန်ခွင်ပေါ် ပစ်တင်လိုက်သည်။
“မိန်းမတို့၏ဥစ္စာသည် အဆင်း” ဟူသောစကားကို ဒေါ်ခင်ချို သတိရသည်။ ထို့နောက် ... “ဒါက ကုသိုလ်ကံကလည်း ရှိသေးတာပဲလေ” ဟု ဆက်၍တွေးနေမိပြန်သည်။
“လူတွေက ထိတ်ထိတ်ကြဲတော့ ထိတ်ထိတ်ကြဲအခွင့်အရေးတွေကိုလည်း ရအောင်ယူနိုင်တာပေါ့၊ နင် .... သဘောပေါက်တယ် ...ဟုတ်”
ဒေါ်ခင်ချိုက ခေါင်းကို ဆယ်ခါလောက် ညိတ်ပြလိုက်သည်။
ဈေးသည်က “ငါးဆယ်သား .... အစ်မ” ဟုပြောကာ ပုစွန်ကို လှမ်းပေးသည်။
ဒေါ်ဝင်းမော်က ပိုက်ဆံအိတ်ထဲမှ ငါးရာတန်သုံးရွက်ကို ထုတ်သည်။ ဈေးခြင်းထဲထည့်လိုက်သော ပုစွန်ဘော့ချိတ်များကို လှမ်းကြည့်ရင်း လွန်ခဲ့သောနှစ် ၃၀ ကျော်ကျော်က သူ၏ဆုံးဖြတ်ချက်သာ တစ်မျိုးဖြစ်ခဲ့လျှင် ဒေါ်ဝင်းမော်တစ်ယောက် ဘော့ချိတ်ပုစွန်အစား ပုစွန်ထုပ်တွေ ဝယ်မှာလားမသိဟု ဒေါ်ခင်ချိုက ခပ်ငေးငေးနှင့် တွေးနေမိသည်။
“သွားမယ် .... သူငယ်ချင်း၊ မပြန်ခင် တစ်ခါလောက် ဆုံကြရအောင်လေ၊ ငါဖုန်းဆက်လိုက်မယ်”
အမျိုးသမီးဝဝကြီးနှစ်ဦးသည် တစ်ဦးလက်ကို တစ်ဦး ညှစ်ကိုင်ပြီး နှုတ်ဆက်ကာ လမ်းခွဲလိုက်ကြသည်။
ဒေါ်ခင်ချိုက ခပ်စိုက်စိုက် လျှောက်လာရင်း ဈေးထိပ်တွင် လူတွေအုံနေတာမြင်တော့ ဘာပါလိမ့်ဟု ကြည့်မိသည်။ ပုရစ်ကြော်များ ရောင်းနေခြင်းဖြစ်သည်။ မန္တလေးပုရစ်များကို ဗိုက်ထဲတွင် ကြက်သွန်ဖြူတောင့်လေးတွေတော့ သွတ်မထား။ သို့သော် ဒါတွေက အိမ်ကျမှ အတောင်ဖြတ်၊ ဖင်ဖြတ်ပြီး အစာသွတ်လို့ရသည်။ ပြီးမှ ပြန်ကြော်တာပေါ့ဟု စဉ်းစားသည်။ ပုရစ်ကြော်ကြွပ်ကြွပ်ကို ခင်ချိုမကြိုက်သော်လည်း ကျန်သည့်အိမ်သားတွေ ကြိုက်ကြလေသည်။
ခင်ချိုက ပုရစ်ပုံရှေ့တည့်တည့်ထိုင်ကာ ဈေးမေးသည်။ စိတ်ထဲက ပုရစ်ကို စိတ်ကူးသော်လည်း နှုတ်ကတော့...“နှံကောင် ... ဘယ်ဈေးလဲ” ဟု ထွက်သွားသည်ကို သူ့ကိုယ်သူပင် မသိလိုက်။
“ဟာ .... ပုရစ်ပါ အန်တီရဲ့၊ အန်တီက နှံကောင်မှ စားချင်လို့လား”
ဈေးသည်ကောင်လေးက ရယ်မောရင်း မေးသည်။ ဒေါ်ခင်ချိုကတော့ ရှက်တက်တက်၊ အမ်းတမ်းတမ်း ဖြစ်သွားသည်။ ခေါင်းညိတ်ရမှာလား၊ ခေါင်းခါရမှာလား သူ့ကိုယ်သူလည်း ဝေခွဲမရချေ။
---------------------------
#မစန္ဒာ
အကောက်ခွန်မဂ္ဂဇင်း၊ ၂၀ဝ၅-ခုနှစ်။
0 Comments