ငှက်ဆိုး
#နေဝင်းမြင့်
( ၁ )
မည်းနက်ပြောင်ချောနေသော ကျောပြင်မှ ချွေးစီးကြောင်းများသည် မြစ်များ၊ ချောင်းများသဖွယ် စီးဆင်းနေဆဲ။ ကွန်ဗေယာ(ပစ္စည်း သယ်ဆောင်သော သားရေပတ္တာလိုင်း)ပေါ်မှ နှစ်လုံး တစ်တွဲ၊ သုံးလုံး
တစ်တွဲ ပြေးဝင်လာသော အုတ်စိမ်းများနှင့် အပြိုင် စည်းချက်ညီညီ လှမ်းလိုက်၊ ကုန်းယူလိုက်၊ အုတ်စိမ်းထပ်ပေါ် ဆီးတင်လိုက်နှင့် နာရီဝက်ခန့် ရှိပြီ။ ထို့ကြောင့်လည်း တစ်ကိုယ်လုံးမှ ချွေးစီးကြောင်းများက ကျောပြင်ထက်၌ လည်းကောင်၊ ဒူးနှင့် ဒူးခေါင်းခွက်၊ ခြေသလုံးသို့တိုင် ပျံ့စီးစိုရွဲလျက် ရှိသည်။ နဖူးဆီမှ မျက်လုံးအိမ်အတွင်းသို့ ဝင်လာတတ်သော ချွေးကြောင်းများကိုမူ လျှပ်တစ်ပြက် သုတ်ပစ်ရသေးသည်။
ခါးအထက်ပိုင်း အင်္ကျီပင် မကပ်နိုင်။ ဗလာကျင်းထားသည်။အောက်ပိုင်းကမူ စစ်ဘောင်းဘီ ဟောင်းနွမ်းနွမ်း ဝတ်ထားရသည်။ပုဆိုးနှင့် အုတ်စီရသည်က သိပ်မကောင်းလှ။ ဘောင်းဘီတိုနှင့် လုပ်ရသည်က လွတ်လပ်သည်။ စစ်ဘောင်းဘီခါးရစ်၌ ချွေးတို့ အိုင်ရွဲနေသည်။
ထိုစဉ်မှာပင် အုတ်ညှစ်စက်ခေါင်းမှ ခေါင်းလောင်းသံတစ်ချက် ထွက်ပေါ်လာသည်။ အုတ်စိမ်းသယ် ကွန်ဗေယာ ရပ်ဆိုင်းသွားသည်။အုတ်ညှစ်စက်ခေါင်း အတွင်းသို့ တရစပ် ကျနေသော မြေတောင့်ချ ကွန်ဗေယာပါ ရပ်ဆိုင်းသွားခြင်း ဖြစ်သည်။
သန်းညွန့်သည် ခါးကို အသာအယာ ဆန့်ထုတ်လိုက်သည်။ဖျိုးဖျိုးဖျင်းဖျင်း ဂျိုးဂျိုးဂျွတ်ဂျွတ်ပင် မြည်သွားသည်။ ချက်ချင်း မဆန့်နိုင်သေး။ ပြန်ကုန်းလိုက်ရသည်။ နောက်တစ်ဖန် ခါးကို ဆန့်ထုတ်ရာ
တွင် မတ်မတ်ရပ်၍ ရပြီ။ သို့ရာတွင် ခပ်ဆိုင်းဆိုင်း ကိုင်ထားရသေးသည်။ လက်နှစ်ဖက်က ခါးကို ထောက်ဆိုင်းထားရသေးသည်။
“ ဝှီး ... စီကောင်းရင် လုပ်ပြီ”
အုတ်စီဘက် ကပ္ပလီကို လှမ်းပြောလိုက်ခြင်း ဖြစ်သည်။
ကပ္ပလီကား နာမည်ရင်း ရှိသေးသည်။ သို့သော် မေ့နေကြပြီ။ သည်မှာက ကပ္ပလီပဲ သိသည်။ မည်းချိတ်နေသော အသား၊ လိပ်ကောက်နေသော ဆံပင်တို့ကြောင့် ဖြစ်မည်။ သူသည်ပင်လျှင် ရွှေသွား လေး၊
ငါးချောင်း စိုက်ခဲ့ဖူးသဖြင့် ရွှေသွားသန်းညွန့်၊ အချို့က ရွှေသွား၊တချို့ကလည်း ပေါက်ခေါ၊ ရင်းနှီးသူများက ခေါကြီး စသည်ဖြင့် နာမည်တွင်နေသူ ဖြစ်သည်။
“ဘကြီးတင် ရပ်လိုက်တာဗျ။ ဘာဖြစ်တာလဲ မသိဘူး”
“အေးကွာ ၂၀၀ ပျော့ပျော့ ကျန်ခါမှ ဒီအတိုင်းဆို ဒီကနေ့ ၁၂ တွဲ ရဖို့ မလွယ်ဘူး ထင်တယ်”
“ပြောလို့တော့ မရဘူးဗျ၊ နောက်ပိုင်း ထွက်ချင် ထွက်လာမှာ”
“ထွက် ထွက်ပါဦးကွာ၊ မင်းမြေကြီးက ပြတ်တာနဲ့ စက်က ပျက်တာနဲ့”
ကပ္ပလီ ဘာမျှ မပြောတော့။ သည်လို စက်ရပ်ချိန်ကလေးမှာ သူတို့ နားချိန် ရသည်။ အုတ်တင်တွဲထိပ်မှ အုတ်စိမ်းတုံးများဘေးတွင် တင်ထားသော နွားတံဆိပ် ဆေးလိပ်တိုကို လှမ်းယူသည်။
“ခေါကြီး ပေးဗျာ ... မီးခြစ်”
“မပါပါဘူးကွာ”
ကပ္ပလီက ဆေးလိပ် သောက်တော့ သူလည်း သောက်ချင်သည်။ အာတွေ၊ လျှာတွေ ယားလာသည်။ နွားဆေးလိပ်ကို ဒူးယားနှင့် မလဲနိုင်။ ခါတိုင်း ဆေးလိပ် တစ်မက်ဖိုး(နှစ်လိပ်)လောက်တော့ အေးသိုက်က ထည့်ပေးနေကျ။ သည်နေ့ ယူမလာနိုင်။ အေးသိုက်ပဲ မေ့သလား၊ ဆိုင်ကပဲ အကြွေး မပေးသလား မသိ။ အိတ်ကပ်ထဲမှာ ပါမလာမှန်း အလုပ်ထဲ ရောက်မှ သိသည်။ ကနေ့ သူ လယ် ကျသည်။ သည်မှာက ဦး၊ လယ်၊ ဘိတ် ဟူ၍ သုံးဆိုင်း ခွဲထားသည်။ ညဂိုဏ်း၊ နေ့ဂိုဏ်းက တစ်လစီ။ ညဂိုဏ်း ဆိုတော့ မနက်ပိုင်း ရွာထဲ လျှောက်၊ ပူဖောင်း ရောင်းလို့ ရသည်။ နေ့ဘက်ကျလျှင် အလတ်ကောင် တင်ရွှေကြီးကို ရောင်းခိုင်းရသည်။ သည်တစ်ကောင်က ကြီးကောင်ဝင်လာတော့ ပူဖောင်းလည်း မရောင်းချင်တော့။ ဘာပဲဖြစ်ဖြစ် ပူဖောင်းရောင်းခြင်း အမှုကိုကား လက်လွတ်မခံနိုင်။ တင်ရွှေကြီး မလုပ်လျှင် အောက်ကအကောင် တိုးလွင် လုပ်လိမ့်မည်။ တိုးလွင်မလုပ်လျှင် သာရကို ခိုင်းရလိမ့်မည်။ ပူဖောင်းက ထက်ဝက် မြတ်သည်။ အတတ်ပညာ ပါသည်။ သူသည် ထန်းတပင်မှာ နေစဉ်က ကိုရင်ကြီး တစ်ပါးထံမှ သင်ယူခဲ့ရသည့် ပညာ ဖြစ်သည်။ ပန်းသီး၊မျောက်၊ ဘဲ၊ ရေနွေးအိုး၊ ပစ်တိုင်းထောင် စသည်ဖြင့် ကျွမ်းကျင်စွာလုပ်နိုင်သည်။
သားသမီးတွေကလည်း အများသား။ ခြောက်ယောက်။လောရှည်၊ သန်းအေး၊ တင်ရွှေကြီး ပြီးတော့ ရှားရှားပါးပါး သမီးလေး အထွေးဆုံးပဲဟု တွေးတွေးဆဆ ခင်ထွေးဟု မှည့်ခဲ့သည်။ သို့သော်လည်း ခင်ထွေးနောက်မှ ထပ်တိုးလာသော တိုးလွင်အပြင် နောက်ထပ် သာသာထိုးထိုး ရခဲ့သော သာရသည် ကြီးလှပြီ။
“ကပ္ပလီ ပေးစမ်းကွာ တစ်ဖွာ၊ ခံတွင်းချဉ်လို့”
ကပ္ပလီက ချက်ချင်း မပေး။ လေး၊ ငါးဖွာ ရှိုက်၍ရှိုက်၍ ဖွာလိုက်သည်။ အားရပါးရလည်း ရှိုက်သွင်းလိုက်သည်။ နှာခေါင်း၊ပါးစပ်တို့မှ မီခိုးမှောင်မှောင် ထွက်တော့မှ လှမ်းပေးသည်။ တံဆိပ်ပတ်ပင် မီးစွဲနေပြီ။ မတတ်နိုင်။ ဈေးများသည်၊ ချေးခါးသည် လုပ်နေလို့မရ။ တစ်ဖွာရရ နှစ်ဖွာရရ ရှိုက်ဖွာလိုက်သည်။ ကပ္ပလီ ကိုက်ထားသဖြင့် တစ်စစီ ဖွာထွက်နေသော ဆေးလိပ်ဖင်ကိုပင် မရွံနိုင်။
ရွံနေ၍ မရ။ သူဘာဝနှင့် သူတို့အကြောင်း စာနာစိတ်များ၊ ကိုယ်ချင်းစာစိတ်များ ရှိသည်။ ရွံစရာရယ် ဘာရယ် မရှိ။
သန်းညွန့် သားရေပတ္တာလိုင်းပေါ်သို့ ထိုင်ချလိုက်သည်။ စက်ရုံပင်မ ထွက်ပေါက်ဘက်မှလေတစ်ချက် သုတ်ခနဲ ဝင်လာသည်။ ချွေးစကလေးများ မခြောက်တခြောက်မို့ စိမ့်ခနဲ အေးသွားသည်။
ထိုစဉ်မှာပင် ခေါင်းလောင်းသံ ကျယ်ကျယ်လောင်လောင်ကို ကြားရသည်။ မြေတောင့်သယ် ကွန်ဗေယာနှင့် အုတ်စိမ်းသယ် ကွန်ဗေယာများ စတင် လည်ပတ်သည်။အုတ်ဖြတ်စက်ကို ကျော်လွန်ကာ ပြေးဝင်လာသော အုတ်စိမ်းများက အတွဲလိုက် အစုလိုက် ဖြစ်သည်။ သောက်လက်စ နွားတံဆိပ် ဆေးလိပ်တိုကို နောက်ဆုံး နှုတ်ဆက်ခြင်းအဖွာ အဖြစ် အားပါးတရ ရှိုက်သွင်းလိုက်သည်။ အာခေါင်ပင် စူးခနဲ ပူသွားသည်။ ဆေးလိပ်တိုကို လွှင့်ပစ်လိုက်ပြီး အုတ်စိမ်း နှစ်လုံး ကောက်ကိုင်လိုက်သည်။ စီရသည့် နေရာနှင့် လူနှင့် မလွတ်ချင်တော့။ တွဲ ရွှေ့ ရဦးမည်။
“ကပ္ပလီ ဆင်းရွှေ့ကွာ၊ ကုတ် ဟိုဘက်မှာ သွားယူ"
ကပ္ပလီက အုတ်တင်တွဲပေါ်မှ လွှားခနဲ ခုန်ချလိုက်သည်။ကုတ် သွားယူပြီး ရထားလမ်းနှင့် အုတ်တင်တွဲဘီးကြားသို့ ထိုးသွင်းကာ လူအားနှင့် ဖိချလိုက်သည်။ ကုတ်သဘောအရ တွဲ ရွေ့သွားသည်။ ကုတ် ဆိုသည်မှာ နှစ်ကျပ်လုံးခန့် အလုံး ရှိ၍ ခြောက်ပေခန့် ရှည်လျားသော သံချောင်းကြီး တစ်ချောင်းသာ ဖြစ်သည်။
“ရပြီလား”
“အေး....တော်ပြီ”
သိပ်ရွှေ့လိုက်လို့ကလည်း မဖြစ်။ အုတ်စီရန် လူ ချောင်ချောင်ချိချိ နေရရုံသာ ရွှေ့ ရသည်။ သိပ်ရွေ့ လျှင်လည်း အဝေးကြီး လှမ်းယူနေရသည်။
“ကပ္ပလီရေ ... လေပေါင် မမီဘူး ထင်တယ်ကွ၊ အုတ်က ပျော့ပြီး ဖွာနေတယ်”
“အင်းဗျ၊ နေဦး”
ကပ္ပလီက ရွှံ့စ တစ်စကို ဖဲ့၍ စက်ထိန်းခန်းကိုင် ဘကြီးတင်မောင်ကို လှမ်းပစ်လိုက်သည်။ ဘကြီးတင်မောင် လှမ်းအကြည့်မှာ ကပ္ပလီက အုတ်စိမ်းတစ်လုံးကို ဖဲ့ပြ၊ လိမ်ပြ လုပ်ပြသည်။ လေပေါင်မီရဲ့လား၊ ပျော့တယ်၊ စီရမှာလား၊ လက်လွှတ်လိုက်ရမှာလား စသည့်မေးခွန်းများ၏ သင်္ကေတ ဖြစ်သည်။ လွှတ်လိုက်ရမှာလား ဆိုသည်မှာ တွဲပေါ်သို့ မစီဘဲ ကွန်ဗေယာအတိုင်း ပါသွားစေ၍ အလေအလွင့် ဖြစ်စေသည့်သဘော။ လေပေါင် မမီသော အုတ်စိမ်းသည် တောက်လျှောက် ဒုက္ခပေးနိုင်သည်။ အခြောက်လှမ်းရုံထဲမှာ ပြိုနိုင်သည်။မီးဖိုထဲမှာ ပြိုနိုင်သည်။ မီးဖိုထဲမှာ တွဲပြိုလျှင် သိပ်မလွယ်လှ။ ဘကြီးတင်မောင်က လေပေါင်ဂိတ်ကို ကြည့်သည်။ အုတ်ကို ကြည့်သည်။မီတာဒိုင်ခွက်များ၊ ညွှန်တန်များကို စစ်ဆေးသည်။ နောက် အုတ်တစ်လုံးကို ယူ၍ ခါးချိုးကြည့်သည်။ နောက်မှ ကျေနပ်အားရဟန်ဖြင့် ခေါင်းညိတ်ပြသည်။
ဆက်လုပ်။
ကပ္ပလီနှင့် ရွှေသွားက ဆက်စီသည်။ လှမ်းဆွဲလိုက်၊ စီလိုက်။ နောက်အဆိုင်းက မောင်စိန်နှင့်မောင်လှိုင်။ အုတ်တင်တွဲ အလွတ်တစ်စီးကို တွန်းလာနေသည်။ သူတို့စီရမည့်တွဲ ဖြစ်သည်။ အုတ်တင်လှည်း တစ်တွဲမှာ အုတ် နှစ်ထောင့်သုံးရာ၊ နှစ်ထောင့်ငါးရာ၊ နှစ်ထောင့်ရှစ်ရာ စသည်ဖြင့် ဝင်အောင် စီရသည်။ အင်္ဂလိပ်လို အခေါ်တော့ ရှိသည်။ သူတို့ မသိ။ အရေအတွက်သာ ပြော၊ သူတို့ လုပ်တတ်သည်။
သူတို့အလှည့် ပြီးတော့ ၉ နာရီခွဲပြီ။ ဘာပဲဖြစ်ဖြစ် ၁၂ နာရီ မထိုးခင် မြေသယ်ယာဉ်များ မပျက်ဖို့ လိုသည်။ မြေကြီးကလည်း ကောင်းပါမှ။ စက်ကလည်း မပျက်ပါမှ။ လျှပ်စစ် ဓာတ်အားကလည်း မချွတ်ယွင်းပါမှ။ ကနေ့ည ၁၂ တွဲ ရမည် မှန်းထားသည်။ ၁၂ တွဲ ရလျှင် သူတို့ နောက်တစ်ကျော့ စီရဦးမှာ သေချာသည်။ သန်းညွန့်က စက်ရုံရှေ့ ထင်းရှူးပင်ကို ဝင်းပတ်ထားသော အုတ်ခုံဆီသို့ ထွက်လာခဲ့သည်။ အုတ်ခုံစောင်းမှာ ပတ်လက် လှဲချလိုက်သည်။ မြင့်မား ဝေးလွင့်သော ကောင်းကင်ကို ကြည့်ရင်း မူးဝေသလို ခံစားရသည်။ အုတ်ခုံနှင့် ကျောပြင် ထိတွေ့မှု ရသလို အေးမြစွာ ခံစားရသည်။ အသက်ကို ဖြည်းဖြည်းကလေးရင်း ရှူရင်း အမောဖြေနေလိုက်သည်။
“တောက် ... ဆေးလိပ်တစ်လိပ်လောက် သောက်လိုက်ရရင်၊ အို ... နေနှင့်ဦး မနက်ဖြန်ဆို ...”
သန်းညွန့်မျက်စိထဲတွင် ငွေတွေ အထပ်လိုက် တွေ့နေရသည်။ မနက်ဖြန်ဆို ငွေစုငွေချေး သမဝါယမအသင်းမှ ငွေထုတ်ပေးမည့်နေ့။ မိမိတို့ ကုန်ထုတ်ဌာနမှ ကိုယ်စားလှယ် ကိုခင်ရီက ကြော်ငြာသင်ပုန်းမှာ ကြေညာထားသည်။ သည်နှစ် သန်းအေး လှူရမှာ၊ အေးသိုက် နားကပ် ရွေးရမှာ၊ ကုန်ဝယ်စာအုပ်လည်း ရွေးရဦးမယ်။ မတင်ရီ ပေးရမှာက အဲ ဘယ်လောက်မှန်း မသိ။အေးသိုက် မေးရဦးမည်။ အရင်းက ခုနစ်ရာ ဆိုလား ပြောတော့ပြောသည်။ ဒါက သူ သိသလောက်။ အတိုးနှင့်ဆို မတင်ရီကတော့ပြောသည်။ ဆပ်ပြီးတော့လည်း ပြန်ယူတာပေါ့။ ငွေရတုန်းတော့ မှန်မှန်ဆပ်ပေါ့ ဆိုလား။ အငယ်ကောင်တွေမှာလည်း အင်္ကျီ မရှိ။အေးသိုက်ကလည်း ဘာ ဆိုလား ဝယ်ချင်သေးသတဲ့။ အရေးကြီးဆုံးသမီးခင်ထွေးမဖို့ ထဘီကလေး၊ ရှင်မီးကလေး ဝယ်ပေးမှ ဖြစ်မည်။ သူ့ပဲ အားကိုးရမည် ထင်သည်။ ဟိုကောင်တွေက မိန်းမယူပြီး ပြေးကြမှာ။
ဆေးလိပ်သောက်ချင်မှု ချဉ်ခြင်းသည် အတွေးထဲမှ ငွေစက္ကူများကို ဖြတ်ကျော်သွားသည်။ ဆေးလိပ် ထရှာမည် စိတ်ကူးကြည့်သေးသည်၊ မရ။ ညောင်းရိကိုက်ခဲနေသော ခန္ဓာကိုယ်ကို မသယ် မကြွချင်တော့။ မှေးခနဲ အိပ်ပျော်သွားသည်။ မီးဖိုကြီးဆီမှ မီးထိုးသံ တဝုန်းဝုန်းက ကျယ်လောင်စွာ ထွက်ပေါ်နေဆဲ။
( ၂ )
သန်းညွန့် ပြန်လာတော့ ၁၂ နာရီ ထိုးပြီးပြီ။ ညသည်
မှောင်မည်းလွန်းသည်။ စက်ရုံနှင့် သန်းညွန့် နေထိုင်ရာ အလုပ်သမားတန်းလျားနှင့်က ဝေးလှသည်တော့ မဟုတ်။ စက်ရုံဝင်းထဲမှာပင် ဖြစ်သည်။ မဝေး ဆိုသည့်တိုင် ၁၀ မိနစ်ခန့် လျှောက်ရသည်။ ကနေ့ည သူတို့ ညဆိုင်းမှာ ၁၂ တွဲ မှန်းထားသော်လည်း ၁၀ တွဲသာ ရသည်။ မြေကြီး ပြတ်၍ ဖြစ်သည်။ ထို့ကြောင့်လည်း သူတို့ နောက်ဆုံးတွဲကို မစီခဲ့ရ။ မစီခဲ့ရသည်ပင် ခပ်ကောင်းကောင်း။ အုတ်ခုံပေါ်တွင် ဘယ်လောက်ကြာအောင် အိပ်ပျော်သွားသည် မသိ။ ကပ္ပလီလာနှိုးမှ နိုးသည်။ ရင်ထဲမှာ ချမ်းစိမ့်နေသည်။ ကိုယ်တွေ လက်တွေ ကိုက်ခဲနေသည်။ မျက်လုံးတွေက ပူနေသည်။ ကပ္ပလီ ယူလာသော အင်္ကျီကို ကပျာကသီ ကောက်စွပ်လိုက်ရသည်။
“ကပ္ပလီရေ ငါတော့ ဖျားချင်နေပြီကွာ”
“ဖျားမှာပေါ့၊ ခင်ဗျားက လေတိုးထဲ ချွေးတွေနဲ့ လာအိပ်နေတာကိုး”
ကပ္ပလီက ဇီးကုန်းဘက်ကို ပြန်သွားသည်။ ဇီးကုန်းလမ်းကမှောင်နှင့်မည်းမည်း။ကပ္ပလီနှင့် သူ ရထားလမ်းမှာ လမ်းခွဲသည်။ သူ တန်းလျားထဲ ရောက်တော့ အားလုံး အိပ်နေကြပြီ။
“အေးသိုက်ရေ …. အေးသိုက်”
တံခါးကို တဒုန်းဒုန်း ထုသံကြောင့် အေးသိုက် တံခါးဖွင့်သည်။ တံခါးအဖွင့်မှာတော့ တန်းစီ အိပ်နေကြပြီ ဖြစ်သော ကလေးများကို မြင်ရသည်။ မှိန်ယဲ့သော မီးလုံးရောင် နီကျင်ကျင်အောက်မှာ ပိုးတုံးလုံးကောင်လေးတွေနှင့်ပင် တူသေးတော့သည်။ ခြင်တွေက မည်း၍ သီးနေသည်။ အေးသိုက် တံခါး ဖွင့်ပေးရသော်လည်း အိပ်ချင်စိတ်က ပြေသေးဟန် မတူ။
“ကိုသန်းညွန့်ကြီး နောက်ကျလှချည်လား”
“မကျပါဘူးဟ၊ ငါ ဖျားလာတယ်၊ ရေနွေး ရှိသေးလား”
“ဘယ်ရှိပါ့မလဲ”
“အမိုးတို့ အိမ်မှာကော”
“အိပ်ရောပေါ့တော်၊ အားနာစရာ တော့်ဟာကလည်း”
“အိမ်မှာ ဆရာမကြီးအိမ်က ဝယ်ထားတာ ဘာရှိလဲ”
“ဘာဆေးမှကို မရှိတာ၊ နေဦး တော်က ဘာဖြစ်တာတုံး၊ဒီမှာ ခလောက်ကွန်ဒိုင် တစ်လုံးတော့ ရှိတယ်”
“ ပေးဟာ ”
အေးသိုက်က ထရံကြားမှ စက္ကူထုပ်ကို ယူလာသည်။ဆေးဖြူပြား တစ်ပြား ဖြစ်သည်။ ကိုဒါနင်။ သို့သော် ကိုဒါနင်လို့ မခေါ်တတ်။ ခလောက်ကွန်ဒိုင်ပဲ ခေါ်တတ်သည်။ ခလောက်ကွန်ဒိုင်ဆိုလျှင် သည်ဆေးမှန်း သန်းညွန့်ကလည်း နားလည်ထားသည်။ မမှားနိုင်။ မှားစရာ မရှိ။ သည်ဆေးကို သည်လို ခေါ်လာတာ ကလေးခြောက်ယောက် ရပြီ။ သန်းညွန့်က စောင်ပါးကလေးကို ခြုံလိုက်သည်။
“စောင် ထပ်ပေးပါဦးဟာ ... ချမ်းလိုက်တာ”
“နေဦး တင်ရွှေကြီးစောင် ယူပေးမယ်”
တင်ရွှေကြီးစောင် ဆိုပေသည့် တိုးလွင်နှင့် နှစ်ယောက်မှတစ်ထည်။ ချမ်း၍ ခြုံသည့်စောင် မဟုတ်။ ခြင်ကိုက်၍ ခြုံသည့်စောင်။ အေးသိုက်က သန်းညွန့်ခြေသလုံး မာခေါက်ခေါက်ကို နှိပ်ပေးသည်။ ပေါင်ရင်းကို ကြိတ်နင်းပေးသည်။ ခဏကြာတော့ သန်းညွန့်မှေးခနဲ အိပ်ပျော်သွားသည်။ သန်းညွန့်ဘေးမှာ ဝင်ခွေရင်း အေးသိုက်မှေးနေလိုက်သည်။ စူးခနဲ လန့်အော်လိုက်သော ညငှက်တစ်ကောင်၏ အော်သံက အေးသိုက်အား လန့်နိုးစေသည်။
ငှက်ဆိုး။ ဖွဟဲ့၊ ဖွဖွ။
အေးသိုက်က ကြောက်လန့်တကြား မြည်တမ်းလိုက်သည်။အယောင်ယောင်အမှားမှားပင် သန်းညွန့်နဖူးကို စမ်းလိုက်သည်။ပူလိုက်တာ ချစ်ချစ်တောက်။ ဒညင်းကုန်းဘုန်းကြီးကျောင်းမှ တုံးမောင်းသံ ခပ်သဲ့သဲ့ကို ကြားရသည်။ ၄ နာရီ။ မိုးလင်းတော့မည်။ စင်စစ် ငှက်ဆိုးကို သူမ မတွေ့ခဲ့ဖူး။ ငှက်ဆိုး ဘယ်လိုကောင်လဲ သူမ မသိ။ သို့သော် သည်ကောင် အော်လျှင် လူ သေတတ်သည်ဟူသော အစွဲအလမ်းက အရိုးခိုက်နေပြီ။ အထူးသဖြင့် လူနာ ရှိသည့်အိမ်များက သည်ကောင်အော်သံ ကြားလျှင် အနည်းဆုံး ရင်ဖိုရ။မျက်လုံးပြူးရ၊ စိတ်မကောင်းဖြစ်ရနှင့် စိတ်ထိခိုက်ရသည်။ ခဏကလေးမှေးလိုက်မိသည့် မိမိကိုယ်ကိုယ်ပင် အေးသိုက် အပြစ်တင်နေမိသည်။
ဘာပဲဖြစ်ဖြစ် သူမ ရင်ထဲမှာ ငိုချင်နေမိသည်ကား အမှန်။ ဂီခနဲ အော်လိုက်သော ငှက်ဆိုးသံက ကြီးစိုးနေသည်။ ခြင်တွေ ဝေ့ဝဲနေသော၊ချွေးသီးချွေးပေါက်များ သီးထနေသော သန်းညွန့်မျက်နှာကိုသာ ကြည့်နေမိသည်။ သာရအင်္ကျီကလေးနှင့် တယုတယ သုတ်ပေးလိုက်သည်။ အဖျားက မကျချင်။ အို ... မနက်ဖြန် ပိုက်ဆံ ရမှပဲ လမ်းဆုံက ဆေးခန်းမှာ ဆေးထိုးပေးရဦးမည်။ မသကာ နှစ်ရက်ပေါ့။ခွင့်လည်း သွားတောင်းရမည်။ ငွေစုငွေချေးပိုက်ဆံလည်း ငါပဲ သွားထုတ်ရမှာပေါ့။ အေးသိုက် အကွက်ချနေမိသည်။ မိုးလင်းတော့မည်။
နောက်ဖေးချောင်ကို ရေနွေးတည်ရန် ထလာခဲ့သည်။
( ၃ )
ငွေစုငွေချေး သမဝါယမအသင်းက စုငွေချေးငွေများ ထုတ်ပေးနေပြီဆိုသည့်သတင်း ရောက်လာချိန်၌ သန်းညွန့် အဖျားကျသွားသည်။အေးသိုက်ကို ကမန်းကတန်း လွှတ်သည်။ အေးသိုက်က ညနေစာကို အစောကြီးကတည်းက ချက်ထားသည်။ မည်း၍ ကြမ်းနေသော မျက်နှာ၌ သနပ်ခါးတွေ တင်း၍ ဖွေးနေသည်။ သန်းညွန့်ပင် သူ့မိန်းမမျက်နှာ ကြည့်၍ အဖျားတက်ချင်ချင် ဖြစ်သွားရသည်။
“နင် သွားတော့လေ၊ ပြန်လာရင် ဈေး ပြေးရဦးမှာ။
တောက်... ကနေ့မှ ဖျားတယ်ကွာ၊ ငါပါ ဈေးလိုက်ချင်တာ”
“ဟုတ်ပါ့တော် ... တော်နဲ့ ကျုပ် ဈေးမသွားရတာ ကြာပြီနော်”
တော်နဲ့ ကျုပ် ဈေးမသွားရတာ ကြာပြီ ဆိုသည့်စကားကို သန်းညွန့် ခံစားရသည်။ ဟုတ်တော့လည်း ဟုတ်သည်။ ကြာခဲ့ပြီ။
သူများတွေလို တစ်လမျိုး၊ ကိုးသီတင်းမျိုးစာ ဝယ်ထားနိုင်သည်မဟုတ်။ တန်းလျားထဲက အိမ်ဆိုင်ကလေးနှင့်ပင် ပြီးရတာ များသည်။ဆေးလိပ်၊ ဆီ၊ လက်ဖက်ခြောက်၊ ငရုတ်၊ ကြက်သွန်။ တစ်မတ်ဖိုး၊ ငါးမူးဖိုးအထိ ရသည်။ တစ်မတ်ဖိုး၊ ငါးမူးဖိုး ဝယ်လို့လည်း ရှက်စရာ မဟုတ်။ သူလို ကိုယ်လိုချည်း။
အေးသိုက် ထွက်သွားတော့ သန်းညွန့် မှိန်း၍ ကျန်ရစ်ခဲ့သည်။ ကနေ့မှ လောရှည်နှင့် သန်းအေးက လွဲလျှင် အားလုံး အိမ်ပေါ်မှာ ရှိနေသည်။ လောရှည်နှင့် သန်းအေးက ဘိလပ်မြေအိတ် သွားထမ်းကြသည်။ ၄ နာရီပင် ထိုးခါနီးပြီ။ အေးသိုက်က မလာသေး။ ခိုင်းလိုက် သည်အတိုင်းချည်း။ နှေးတုံ့နှေးကန်နှင့်။ ပိုက်ဆံကော ရေတတ်ရဲ့လား မသိ။ လမ်းမှာ ကျပျောက်နေမှဖြင့်။ လွှဲစာနှင့် ဆိုတော့လည်း ဟိုလက်မှတ် သည်လက်မှတ် ထိုးရတာ ကြာနေတတ်သည်လည်း ရှိသည်။
သန်းညွန့်က ရောက်တတ်ရာရာ တွေးပူနေခြင်းသာ ဖြစ်သည်။ အေးစက်နေသော ဖန်ကျရေနွေး တစ်ခွက်ကို ကောက်မော့လိုက်သည်။ အာသာပြေသည်ဟု မထင်။ လမ်းဘက်သို့သာ မျှော်နေမိသည်။ သူကိုယ်တိုင်လည်း သွားနိုင်သည် မဟုတ်။ စောင်ပိုင်းကို ခြုံ၍ ထိုင်နေရသည်။ ကိုယ်တွေ၊ လက်တွေက ကိုက်နေဆဲ။ တိုးလွင်နှင့် သာရကလည်း အမေ့ကို မျှော်သည်။ မုန့်စိမ်းပေါင်း
လား၊ မုန့်ကျွဲသည်းလား တစ်ခုခုတော့ ပါလာနိုင်သည်။ လခထုတ်သည့် ရက်များတွင် အဖေ ဝယ်လာနေကျ ဆိုတာ သူတို့ သိသည်။အခုလည်း လခထုတ်ရက် မဟုတ်သော်လည်း ပိုက်ဆံရမည့်နေ့ ဆိုတာ သူတို့ သိသည်။
ထိုစဉ် အေးသိုက်က အိမ်ပေါ် ပြေးတက်လာသည်။ အမောတကောမှ ချွေးတွေ၊ သံတွေနှင့် ဖြစ်သည်။ မျက်လုံးများက ပြူးဝိုင်းနေသည်။ တစ်ဖက်က အထုပ်တစ်ထုပ်ကို တဘက်ဟောင်းတစ်ခုနှင့်ပိုက်ထားရင်း ပြေးတက်လာခြင်း ဖြစ်သည်။
“ကိုသန်းညွန့်ကြီး … ကိုသန်းညွန့်ကြီး”
အမေ ပြန်လာလျှင် မုန့်ပါလာမည် ဟူသော အသိဖြင့် မျှော်လင့်တကြီး စောင့်စားနေခဲ့သော တိုးလွင်နှင့် သာရတို့ပင် မုန့်ကို မေ့သွားသည်။ အော်ရင်း ပြေးတက်လာသော အမေ့ကို အထူးအဆန်းလို
သူတို့ ငေးကြည့်နေသည်။
“ဘာဖြစ်တာလဲဟ နှင့်ဟာကလည်း”
““မ .. မတင်ရီ ... နောက်က လိုက်လာလို့တော့”
“မတင်ရီ ... ဘာဖြစ်လို့လဲ”
“ပိုက်ဆံ အတင်းလုတယ်၊ ကျုပ်က ကိုသန်းညွန့်ကြီးနဲ့တွေ့မှ ယူပါ ဆိုတာ လူကြားထဲမှာ အတင်းလိုက်ပြီး တောင်းလို့”
“အခု ဘယ်မှာလဲ”
“နောက်မှာ ... ကျုပ်လည်း အတင်းပြေးလာခဲ့တယ်”
“နေပါဦး သူ့ ပိုက်ဆံက ဘယ်လောက် ပေး
ရမှာလဲ၊ ပေးစရာ ရှိရင် ပေးရမှာပေါ့၊ နင့်မှာ စာရင်း ရှိတယ် မဟုတ်လား”
“အို ... ကျုပ်တို့ ယူလာတာက ခုနစ်ရာထဲပါတော်၊
အခု သူ တောင်းတာက နှစ်ထောင်ကျော်တော့်”
“နှစ်ထောင်ကျော်တယ် ဟုတ်လား”
“အတိုးနဲ့ တွက်တာတဲ့”
သန်းညွန့် ငိုင်သွားသည်။ တိုးလွင်နှင့် သာရက အဖေ့ကို ကြည့်နေကြသည်။ ခင်ထွေးကမူ သနပ်ခါးထူထူကလေး လိမ်းထားရင်း အမေနှင့် ဈေးလိုက်ဖို့ ပြင်နေသည်။ ကနေ့ သူ့ဖို့ ထဘီ ဝယ်ရမည် မဟုတ်ပါလား။
( ၄ )
“မအေးသိုက် မအေးသိုက် ...မနည်းမီအောင်
လိုက်ရတယ်၊ တကတည်း ပြေးလိုက်တာ လုံးနေတာပဲ၊ ကိုသန်းညွန့်ရေ ရှင့်မိန်းမက ရှင့်ရှေ့မှာ ပေးမတဲ့၊ ဟင်း ... ဟင်း ..."
မတင်ရီက ပြောပြောဆိုဆို အိမ်ပေါ်တက်လိုက်လာသည်။ခေါင်းခါခါ၊ လည်ခါခါ လှုပ်ရှားမှုတိုင်း၌ နားကပ်ရောင်က လက်လက်ထနေသည်။ လက်တစ်ဖက်က သားရေအိတ် ညိုမှိုင်းမှိုင်းတစ်လုံးကို ကိုင်ထားသည်။ ပြီးမှ အခန်းပတ်လည်ကို ငဲ့ကြည့်သည်။
“တန်းလျားခန်းလေးတွေကလည်း ကျဉ်းလိုက်တာ အသက်ရှူလို့တောင် မဝဘူး၊ ဟို..ဘယ်သူ ရေတစ်ခွက်လောက် ပေးစမ်းပါကွယ်၊ အဲ...နေ..နေ"
သန်းညွန့် ရင်ထဲမှာ ကျဉ်ခနဲ ခံစားရသည်။ ရေတောင်းပြီးကာမှ နေပါစေတော့ ဆိုသည်ကို သူ ဘဝင်မကျ။ အေးသိုက်ကမူ ငွေထုပ်ကလေးကို သိမ်းကျစ်ထားသည်။ သန်းညွန့်ကိုပဲ ကြည့်နေသည်။သန်းညွန့်လည်း နဖူးမှာ ချွေးသီးတွေ တစ်လုံးချင်း သီးထလာသည်။ ရင်ထဲမှာ တုန်ယင် မောဟိုက်နေသည်။
“ကဲ ဆိုပါဦးဗျာ”
မတင်ရီက အိတ်ထဲက စာရင်းစာရွက်ကို ထုတ်သည်။ စာရွက်ကို သန်းညွန့်ရှေ့ ချပြသည်။
“ကဲ .. စာရွက် ပြမနေနဲ့ဗျာ၊ ပြောသာ ပြောပါ"
“ဒီလိုလေ ကိုသန်းညွန့်ရဲ့၊ ရှင်တို့ ချေးတာ ခုနစ်ရာလေ၊နှစ်ဆယ်ကျပ်တိုး ဆိုတော့ တစ်လ တစ်ရာ့လေးဆယ်၊ ဆယ်လ ဆိုတော့ အတိုးကချည်း ထောင့်လေးရာ၊ တိုးရင်းပေါင်း နှစ်ထောင့်တစ်ရာလေ၊ဟင်း ... ဟင်း ... ဒါတောင် အတိုးအပေါ် အတိုး မဆင့်ပါဘူး၊ဟင် သူများဆို ဘယ်ရလိမ့်မတုံး”
“နှစ်ထောင့်တစ်ရာ …. ဟုတ်လား”
“ဟုတ်ပါတယ်ရှင်၊ တစ်ခုတော့ ရှိပါတယ်၊ ကျွန်မက
လည်း လုံးခနဲ ယူသွားတော့လည်း မကောင်းဘူး ဆိုတာ သိပါတယ်။လိုချင်သရွေ့ ပြန်ယူထားပေါ့၊ ကနေ့တော့ မယူနဲ့ဦးနော်၊ မနက်ဖြန် လာယူလှည့်၊ ငါးရာ ယူယူ၊တစ်ထောင် ယူယူ ၊ဒါက သပ်သပ် ရှင်းသွားအောင် အရင်ငွေသာ အရင်ဆပ်လိုက်၊ ရုံးရှေ့မှာ ငွေထုတ်တုန်းက မအေးသိုက်နဲ့တောင် အချေအတင် ဖြစ်ရသေးတယ် လူကြားတာပေါ့”
“နှစ်ထောင့်တစ်ရာတော့ မပေးနိုင်ဘူးဗျာ၊ ကျွန်တော်တို့မှာလဲ ..."
“မပေးနိုင်လို့တော့ မရဘူး ကိုသန်းညွန့်၊ ဆယ်လတောင် စောင့်ခဲ့ရတာ၊ ခု ငွေတစ်ခါ ထုတ်မှ တစ်ခါ ငွေမြင်ရတာ၊ ကျုပ်က နောက်ထပ် ဘယ်ငွေကို မျှော်ပြီး စောင့်ရဦးမှာလဲ”
“ဟုတ်တော့ ဟုတ်ပါတယ် ဒါပေမဲ့”
“ကိုင်း ... ဒါပေတွေ ဘာတွေ မဲ့မနေနဲ့၊ မိုးလည်း ချုပ်
တော့မယ်၊ မြန်မြန် လုပ်”
“မဟုတ်သေးပါဘူးဗျာ၊ ကျွန်တော် ရှင်းပါဦးမယ်၊ ကျွန်တော်လည်း နေကောင်းတာ မဟုတ်ဘူး၊ ဆေးဖိုးဝါးခ၊ ကလေးတွေ အဝတ်အစားဖိုး၊ နောက် သန်းအေးကို မြောက်ပိုင်းအလှူမှာ ထည့်ဖို့ ရှိသေး
တယ်ဗျာ၊ တောင်းပန်ပါတယ်”
“လူ ဆိုတာကတော့ လူ့ကိစ္စတွေနဲ့ချည်းပေါ့ရှင်၊ ဒါတွေသာ လိုက်နေရင် ဘယ်အလုပ်လုပ်လို့ ရတော့မလဲ၊ ဒါတွေ မပြောပါနဲ့၊ ကိုင်း ... မအေးသိုက် လုပ်ပါ”
အေးသိုက်က သန်းညွန့်ကို ကြည့်သည်။ မျက်ရိပ်ဝန်း၌ စိုစွတ်နေသည်။ အသံမထွက်ဘဲ ငိုနေသော ဇနီးသည်ကို မချိတင်ကဲ ကြည့်ရသည်ကိုက ဝေဒနာ။ သူသည်ပင်လျှင် ခံစားနေရသည်။ အကျဉ်းအကျပ်ထဲ ရောက်နေသည်။ စိတ်အစဉ်က ထွက်ပေါက် ပိတ်မိနေသော ကြွက်ကဲ့သို့ လူးလာဆန်ခတ် လှုပ်ရှားနေသည်။
သန်းညွန့် ငွေထုပ်ကို ယူလိုက်သည်။ ကလေးတွေက စူးစူးရဲရဲ ကြည့်နေကြသည်။ အဝတ်စကို ဖြေလိုက်တော့ စက္ကူတစ်ရွက်နှင့် ငွေစက္ကူများ။သန်းညွန့်က စာရွက်ကို ဖတ်ကြည့်လိုက်သည်။ ငွေပေးပြေစာ ဖြတ်ပိုင်း၊စာရွက်ထိပ်မှာ ၂ဝ ဆိုသော အင်္ဂလိပ်ဂဏန်းကို ထင်ထင်ရှားရှား ရေးထားသည်။ လ ၂ဝ ဖြတ်တောက်ရန် ဆိုသည့်သဘော။ နှစ်နှစ်နီးပါး။ သည် နှစ်နှစ်နီးပါးတွင် လစာကျန် အနည်းငယ်နှင့် ရုန်းရဦးမည်။
“မတင်ရီရယ် ကျုပ်သမီးကိုလည်း ကြည့်ပါဦးတော်၊တောင်းပန်တာပါ၊ အကုန်လုံးတော့ ယူမသွားပါနဲ့”
တစ်ချိန်လုံး ငြိမ်သက်နေခဲ့သော အေးသိုက်က ဝင်ပြောသည်။ နေ့လယ်က လိမ်းထားသော သနပ်ခါးဖွေးဖွေး အလယ်တွင် ချွေးစီးကြောင်းများကြောင့် ကွက်ကျားရိုက်နေသည်။ လွင့်ခြောက်နေသော ဆံစများက ဖွာထွက်နေသည်။
“ကျုပ် ပြောပါပကော၊ မနက်ဖြန် လာပြန်ယူလှည့်လို့၊ရှင်တို့ အခုလို လက်ခက်ရင် ပေးရမှာတောင်...”
“မလုပ်ပါနဲ့တော်၊ မနက်ဖြန် ငွေတစ်ထောင် ပြန်ပေးပါဦး၊ရှိကြီးခိုးပါရဲ့”
သန်းညွန့်က ငွေ ၂၁၀၀ ကို ပေးလိုက်သည်။ တုန်ယင်နေသော လက်ချောင်းများက ငွေစက္ကူများကို စွန့်လွှတ်လိုဟန် မရှိ။အုတ်စိမ်းလို လေးလံသော ထုထည်ကို ကိုင်မ,ခဲ့သော လက်ချောင်း သန်သန်ကြီးများသည်ပင် ငွေစက္ကူ အနည်းငယ်ကို မနိုင်တော့သည့်ဟန် ယိမ်းခါနေသည်။
“ကျေးဇူးပါပဲရှင်၊ ရော့ ရော့ ကလေးတွေ
မုန့်ဖိုး”
မတင်ရီက တိုးလွင်နှင့် သာရကို တစ်ကျပ်စီ ပေးသည်။မည်သည့်နည်းနှင့် ရသည်ပင် ဖြစ်စေ ငွေတစ်ကျပ်စီ ရသဖြင့် မြူးတူးစွာ ပြေးဆင်းသွားသည်။
မတင်ရီ ပြန်သွားတော့ နှစ်ဦးသား ငိုင်ကျန်ရစ်သည်။ ငွေ လေးရာပဲ ကျန်တော့သည်။ နားကပ် ဝယ်ဖို့၊ ထဘီဝယ်ဖို့၊ စာအုပ် ရွေးဖို့၊ လှူဖို့ သည် ငွေလေးရာနှင့်။ ပြီးတော့ လပေါင်း ၂ဝ ထမင်းစားဖို့ ကျန်သေးသည်။
အေးသိုက်ကမူ ငိုနေဆဲ။ ထဘီစနှင့် မျက်ရည် သုတ်ဆဲ။သန်းညွန့်က ခေါင်းအုံး ညစ်ထေးထေးပေါ်သို့ ခေါင်းချလိုက်သည်။ထိုအခါမှ အေးသိုက် လူးလဲထသည်။ သူ့ယောက်ျား နေမကောင်းပါလား။ နဖူးကို စမ်းကြည့်လိုက်သည်။ ပူသည်။ မည်သို့ပင် ဖြစ်စေ ခလောက်ကွန်ဒိုင် တစ်ပြားတော့ ဝယ်ထားရဦးမည်။ ညဘက် ငှက်ဆိုး လာချင်လည်း လာနိုင်သေးသည်။ ဘာပဲဖြစ်ဖြစ် သည်ညတော့ သူမ အိပ်လိမ့်မည် မဟုတ်။
Bookish by Karine 📚✨
0 Comments