မြကြာဖြူ - ခင်နှင်းယု အပိုင်း (၂၃) ဇာတ်သိမ်းပိုင်း


မြကြာဖြူ 
အပိုင်း (၂၃)(ဇာတ်သိမ်းပိုင်း)

၃၂။

မင်္ဂလာပွဲက နံနက်ခင်းမှာ စပါပြီ။ နှစ်ဖက် အဘိုးအဘွားတွေက မျက်နှာကြီးတွေမို့ ပရိသတ်က အင်းလျားကန်ဟိုတယ်ခန်းမမှာ အပြည့်။ 

ဒေါ်လီနှင့်တူးတူးက တိုင်ပင်ကာ မြန်မာဘီးဆံထုံးတွေ ထုံးကာ ရွှေဖလားရောင်ချိတ်ထဘီ ဆင်တူဝတ်ကြသည်။ ရွှေရောင်ဇာပဝါလွှမ်းခြုံထားသော တူးတူးက ခန့်ညားလှသည်။ ဆံထုံးမှာ စိန်ဘီးတချောင်းပဲ စိုက်ထား၍ ကံ့ကော်ပန်းတွေ ဆံထုံးမှာ ဝေအောင် ပန်ထားသည်။ 

ရှယ်လီကတော့ ဘရိုကိတ်အဖြူခံမှာ ခရမ်းရောင်ပွင့်လေးတွေ ခက်ထားသော လုံချည်ကို ဝတ်ထား၍ ပုလဲလုံးလေးတွေဖောက်ထားသော ဇာပဝါဖြူ ခြုံထားသည်။ သူ့လည်တိုင်မှ ပုလဲသွယ်အရောင်ဟပ်ကာ ဖြူအိနေသောနှင်းခက်လေးနှင့် တူနေသည်။ ဆံထုံးကိုတော့ ရိုးရိုးမြင့်မြင့်ထုံး၍ စိန်ဆံထိုးတခုပဲ ထိုးထားသည်။ ယောက္ခမကြီးက လက်ဝတ်လက်စား ထုတ်ပေးပေမယ့် သူက ဆံထိုးတခုပဲ ယူသည်။

ဧည့်သည်များကို သူတို့သုံးယောက်က အခန်းဝမှ ဧည့်ခံကြိုဆို၍၊ နေရာချပေးသူများကတော့ ဂျင်မီ့သူငယ်ချင်းများဖြစ်သည်။ 

သတို့သားသတို့သမီး ထွက်လာတော့ ရှယ်လီ့ရင်ထဲမှာ မနည်း အားတင်းထားရသည်။ အဘိုးနှင့်အဘွားက ရှယ်လီ့နောက်မှ လိုက်ပေးသည်။ သတို့သမီးအပျိုရံနှစ်ယောက်အနက် တယောက်က အင်နီဖြစ်သည်။ သတို့သမီးမှာ မိစုံဖစုံဆိုတော့ လင်မယားစုံတွဲ ခြံရံလိုက်လာကြသည်။ ရှယ်လီသာ တယောက်တည်း။ အားလုံး နေရာယူပြီးတော့ ဦးရွှေဇံအောင်နှင့် ဒေါ်စံကျော့ခိုင်က ကိုယ်တိုင်လက်ထပ်ပေးမည်ဖြစ်၍ သတို့သားသတို့သမီးရှေ့မှာ ထိုင်လိုက်သည်။ 

ယခုခေတ်လို တရားသူကြီးရှေ့မှာ လက်မှတ်ရေးထိုးသည်မဟုတ်။ တကယ့်ဘိသိက်သွန်း၍ လက်ချင်းယှက်ကာ ရွှေဇာဖျင်ပဝါပါးနှင့် ပတ်၍ ရေဖြန်းလက်ထပ်သော အခမ်အနားအပြည့်အစုံလုပ်ခြင်းဖြစ်သည်။ 

လက်ထပ်ပွဲပြီးတော့ သတို့သား သတို့သမီးတို့ အခန်းအပ်ရန် ကိုဖေသိန်းနှင့်ဒေါ်လီ သတို့သမီးအိမ်ရှိရာ ရွှေတောင်ကြားကို ရှယ်လီတို့နှင့်အတူ လိုက်ပို့သည်။ 

အားလုံးကိစ္စပြီးမှ ရှယ်လီတို့လည်း ပြန်ကာ သူတို့လင်မယားနှစ်ယောက် ဦးဝိစ္စရလမ်းအိမ်ကို ပြန်လာကြသည်။ အိမ်ထဲဝင်လာကြတော့ ဧည့်ခန်းမှာ ဧည့်သည်တယောက် ဆိုဖာပေါ် ထိုင်နေသည်။ 

"ဆရာတို့ကို စောင့်နေတာ"ဟု ထမင်းချက် ဒေါ်စိန်က ဆိုသည်။ ဧည့်သည်က မျက်မှန်အနက်တပ်ထား၏ အနောက်တိုင်းဝတ်စုံ ဝတ်ထားသည်။ 

ဧည့်သည်က ...
"ဖေသိန်း ... ငါ့ကို မမှတ်မိတော့ဘူးလား"

မျက်မှန်ကို ချွတ်၍ ပြောလိုက်သည်။ 

ကိုဖေသိန်းရော ဒေါ်လီပါ အလန့်တကြားဖြစ်အောင်ကို အံ့ဩသွားသည်။ 

"လင်းရွှေအောင်"

ကိုဖေသိန်းသည် အော်ဟစ်လိုက်ကာ ဆိုဖာဆီ အပြေးအလွှားသွား၍ လင်းဘေးမှာ ထိုင်လိုက်ကာ လင်းကို ဖက်လိုက်၏။ ရုတ်တရက် စကားမပြောနိုင်။ တယောက်မျက်နှာ တယောက်ကြည့်နေကြသည်။ ဒေါ်လီက တဖက်ဆိုဖာမှာ ဝင်ထိုင်လိုက်သည်။ 

"ဒေါ်လီတို့ ဂျင်မီ့မင်္ဂလာဆောင်က ပြန်လာတာ"

"ကိုယ်လည်း မင်္ဂလာဆောင်က ပြန်လာတာ"

လင်းရွှေအောင်က ပြောလိုက်သည်။ 

"ဟင် ..တို့ မင်းကို မတွေ့ပါလား"

"ဘယ်တွေ့မလဲ၊ ငါ ကောင်တာနားက ကုလားထိုင်မှာ စောင့်ကြည့်နေတာ၊ ငါ့ကို ဘယ်သူမှ မတွေ့ရဘူး။ ငါက အားလုံးကို တွေ့ရပါတယ်။ ငါ့သားရောသမီးရာ ချောတယ်နော်၊ တူးတူးက ကံ့ကော်ပန်းတွေ ဝေလို့ ပန်ထားတာ၊ ရှယ်လီကတော့ မနှင်းဖြူပါပဲ"

လင်းရွှေအောင်က မောဟိုက်လာသလိုနှင့် စကားရှေ့မဆက်။ 

"စကားဖြည်းဖြည်းပြောပါ လင်း၊ ဒေါ်လီ ... လိမ္မော်ရည်သွားယူလိုက်ဦး"

ကိုဖေသိန်းက သူငယ်ချင်းလက်ကို ဆုပ်နယ်နေသည်။ မျက်နှာကိုလည်း စေ့စေ့ကြည့်နေမိသည်။ မှတ်မိနိုင်စရာမရှိ။ အသွေးအရောင်တွေ အားလုံး ပြောင်းနေသည်။ သွေ့ခြောက်ဝါဖျော့နေသော အသားအရည်၊ ဆံပင်တွေက ကျိုးတိုးကျဲတဲ၊ မျက်တွင်းက ဟောက်ပက်၊ မျက်မှန်တပ်မထားလည်း လင်းရွှေအောင်ဆို၍ ရုတ်တရက် မှတ်မိနိုင်စရာမရှိ။

"သားရဲ့လက်ထပ်ပွဲကို ငါ အမှီလာတာ၊ ငါ ရသင့်တဲ့အမွေ အဲဒါတွေအားလုံး ဂျင်မီနဲ့အင်နီ့ကို ပေးပါလို့ တရားဝင်လွှဲပြောင်းတဲ့စာ ရေးပြီး လက်ထပ်ပွဲအမှီ ဒက်ဒီတို့ဆီ ငါ ပို့လိုက်တယ်၊ မရောက်သေးဘူးထင်တယ်၊ ငါကတော့ မနေ့ညက ရောက်ပြီး အင်းလျားကန်ဟိုတယ်မှာပဲ တည်းတယ်"

"လင်း လိမ္မော်ရည်သောက်လိုက်ဦး"

ဒေါ်လီက ဖန်ခွက်ကို လှမ်းပေးလိုက်သည်။ ဖန်ခွက်ကို လှမ်းယူသော လင်းလက် တုန်နေသည်။ 

"မင်းရောက်လာတယ်ကြားရင် ရှယ်လီရော ဂျင်မီပါ ဝမ်းသာမှာ၊ ဖုန်းဆက်လိုက်မယ်"

"မလိုဘူး... မလိုဘူး။ အကြောင်းမကြားပါနဲ့၊ ဘယ်သူ့ကိုမှ အကြောင်းမကြားနဲ့။ သူတို့ မင်္ဂလာယူချိန်မှာ ဝမ်းသာနေကြမယ်၊ ငါ့သားရဲ့မင်္ဂလာဦးညကို အနှောင့်အယှက်မဖြစ်ပါစေနဲ့"

လိမ္မော်ရည်တကျိုက် လင်းက သောက်ရင်း ချောင်းဆိုးလာသည်။ လည်ချောင်းသံကြီးပါလာကာ လိမ္မော်ရည်တွေ ပြန်ထွက်လာသည်။ ပြီးတော့ သွေးခဲတွေ ပါးစပ်ထဲက ကျလာသည်။

ကိုဖေသိန်းက လင်းကို ဖက်လိုက်တော့ ကိုဖေသိန်းလက်ထဲ ခွေကျသွားသည်။ ကိုဖေသိန်းရော ဒေါ်လီရော ထိတ်ထိတ်ပျာပျာဖြစ်သွားသည်။ 

"သူငယ်ချင်း .... နောက်ဆုံး ငါ့ဆန္ဒကိုဖြည့်ပါ။ တူးတူးကို ခေါ်ပေးပါ၊ ငါတွေ့ပါရစေ"

"ခေါ်ပေးမယ်ကွာ၊ မင်းကို ငါ ဆေးရုံတင်ပါရစေ၊ ဆေးရုံမှာ ခေါ်ပေးမယ် စိတ်ချ၊ ဒေါ်လီ.... ကားပြင်"

ကားပေါ်သို့ လင်းကို တင်ကြကာ လင်မယားနှစ်ယောက် ဆေးရုံဘက် မောင်းလာကြသည်။ ဆေးရုံပေါ်မှာ လင်းကို လိုအပ်တာတွေ လုပ်ကာ သွေးသွင်းထားကြသည်။ ဒေါ်လီက တယ်လီဖုန်း သွားဆက်သည်။ 

"ငါ လန်ဒန်မှာ ဒီလိုပဲ အန်ခဲ့ဖူးပါပြီ၊ ဘာမှမလုပ်ပါနဲ့၊ ငါ့အသည်းက အလုပ်မလုပ်တော့ဘူး"

တလုံးချင်း မောဟိုက်စွာ လင်းက ပြောနေသည်။ ကိုဖေသိန်းက အနားမှမခွာ။

"မင်း ဘာမှမပြောနဲ့၊ ငြိမ်ငြိမ်နေ"

လင်းရွှေအောင်သည် အသာလေး မျက်စိမှိတ်ကာ မှိန်းနေသည်။ 

မကြာခင် တူးတူး အခန်းထဲကို ဒေါ်လီနှင့်အတူ ဝင်လာသည်။ 

"တူးတူးလာပြီ လင်း"

ကိုဖေသိန်းကပြောလိုက်တော့ လင်း မျက်လုံးဖွင့်လိုက်သည်။ သူ့မျက်လုံးတွေ တောက်ပလာသည်။ လက်ကို အသာမကာ တူးတူးကို လှမ်းပေးသည်။ လင်း၏လက်ကို တူးတူးက ဆုပ်ကိုင်ရင်း အံ့ဩခြင်း၊ ကြေကွဲခြင်းတွေနဲ့ ရင်ထဲမှာ ကတုန်ကရင်ဖြစ်လာသည်။ 

"လင်းကို ခွင့်လွှတ်ပါလို့ မဆိုလိုပါဘူး တူးတူး၊ ချစ်သူရှိတဲ့မြေမှာ ခေါင်းချဖို့ လင်း ပြန်လာတာ၊ တူးတူးခေါင်းမှာ ကံ့ကော်ပန်းတွေ ဝေလို့"

ဆက်မပြောနိုင်တော့ဘဲ ပါးစပ်က ပြုံးသလိုဖြစ်နေရာမှ အင့်ခနဲဖြစ်ကာ သွေးတွေ အန်ကျလာပြန်သည်။ မျက်နှာက ဖြူဖွေးသွားသည်။ တူးတူးသည် ဘာလုပ်ရမှန်းမသိ။ လင်းလက်ကို သူ့ရင်ဘတ်မှာ ကပ်ထားရင်းမှ လင်းကို ဒီအချိန်မှာ ရတနာသုံးပါးကို အာရုံလွှဲပြောင်းပေးဖို့ သတိရလာသည်။ 

"ဟုတ်တယ် လင်း၊ ကံ့ကော်ပန်းတွေ မွှေးလိုက်တာ၊ မြသပိတ်တောင်ဘုရားမှာ လင်း ကပ်ခဲ့တယ်လေ၊ ဆည်းလည်းသံတွေက သာလိုက်တာ၊ ကြားလား လင်း"

"ဟင်း ....."

သက်ပြင်းရှည်ချကာ လင်းခေါင်းက တဖက် ငိုက်ကျသွားသည်။

"အမလေး ...လင်း ....လင်း ....."

တူးတူးက အော်လိုက်သည်။ ကိုဖေသိန်းက လင်း၏လည်ပင်းကို စမ်းလိုက်သည်။ လင်း အသက်မရှိတော့ပါ။ တူးတူး အော်ငိုချင်သည်။ 

အခန်းထဲသို့ ခြေသံများ အပြေးအလွှား ရောက်လာသည်။ တူးတူး လှည့်ကြည့်လိုက်တော့ ရှယ်လီ။ 

တူးတူး နားလည်လိုက်ပါသည်။ လင်းလက်ကို အသာချကာ နေရာရွှေ့လိုက်၍ ရှယ်လီကို တူးတူးနေရာမှာ ရပ်စေသည်။ 

ရှယ်လီက လင်းကို စေ့စေ့ကြည့်သည်။ လင်းနဖူးကို ဖြည်းညင်းစွာ နမ်းလိုက်သည်။ ရှယ်လီ့ပါးပြင်မှ လိမ့်၍လိမ့်၍ ဆင်းလာသော မျက်ရည်ပေါက်တွေက လင်းရင်ဘတ်ပေါ်မှ စိမ့်ဝင်ကာ နှလုံးသားကို ထိမတတ်။ 

ရှယ်လီသည် တွတ်တွတ်နှင့် တီးတိုးရေရွတ်နေသည်။ 

"လင်းရေ ...ရှယ်လီနားလည်ပါတယ် လင်းရယ်၊ မြကြာဖြူဆိုတဲ့မိန်းမတယောက်ဟာ တရားဝင်လက်ထပ်ထားပေမယ့် အပယ်ခံမိန်းမတယောက်ပါ"

တူးတူးသည် ရှယ်လီ၏ရေရွတ်မြည်တမ်းသံကို နားထောင်နိုင်စွမ်းမရှိတော့ပါ။ တူးတူးကို ဖုန်းဆက်ပြီး ရှယ်လီ့ထံ ထပ်မံဆက်သွယ်လိုက်သော ဒေါ်လီကလည်း ရှယ်လီ့ကို မကြည့်ရက်။ 

တူးတူးသည် နှုတ်ခမ်းသားကို ပြတ်မတတ် ကိုက်ထားမိသည်။ ရှယ်လီပြောတာ မှန်သည်။ လင်း တရားဝင်လက်ထပ်ထားသူက ရှယ်လီပါ။ ချစ်သူ၏နောက်ဆုံးဆန္ဒကို ဖြည့်စွက်ချင်ဇောနှင့် ဒေါ်လီ့ဆီက ဖုန်းရရချင်း အပြေးအလွှား လာခဲ့မိသည်။ သူ့အပြုအမူသည် မှားယွင်းသွားပြီလား။

'ခွင့်လွှတ်ပါ ရှယ်လီ' ဟု သူ ပြောချင်သည်။ သူ့ရင်ထဲမှာလည်း စကားတလုံးမှ ထွက်မလာနိုင်အောင် မွန်းကျပ်ဆို့နင့်နေပါသည်။ လင်းအပါးမှာ တကယ်တော့ သူ နေခွင့်မရှိ။ လှိုက်လှဲစွာ လူသိရှင်ကြား ငိုကြွေးရမည်က ရှယ်လီ။ 

သူသည် ရှယ်လီ့အပါးမှ ခွာလိုက်သညိ။ ခေါင်းငိုက်စိုက်ချ၍ ချစ်သူကို ကျောခိုင်းကာ ထွက်လာခဲ့သည်။ အခန်းဝမှာ နောက်ထပ် အရေးတကြီးဝင်လာသူ အင်နီ၊ ဒေါ်စံကျော့ခိုင်၊ ဦးရွှေဇံအောင်တို့ကို သူ မော့မကြည့်ပါ။

ဝရန်တာတလျှောက် ဖြည်းညင်းစွာ လျှောက်ရင်း ရင်ထဲမှာ လှိုက်ငိုမိသည်။ 

သူ့ရင်ထဲမှာ လမင်းပျောက်ခဲ့သည်။ ကြာခဲ့ပြီကော၊ တန်ခူးနွေ၏ဝေဒနာကို သူ ခံစားခဲ့ရဖူးလေပြီ။ နှလုံးသား၏ဒဏ်ရာက အသားနုတက်ကာ အမာရွတ်ပင် ထင်ခဲ့ပြီပဲ။ ဒါပေမဲ့ ကံ့ကော်ဦးရနံ့ မွှေးပျံ့ခြင်းကို ပိုင်ဆိုင်ခဲ့ရသူမို့ သူ ခံနိုင်ရည်ရှိပါသည်။ 

ကလေးနှစ်ယောက်ရသည်အထိ ပေါင်းသင်းခဲ့ရသော ရှယ်လီ၏ဝေဒနာ နက်ရှိုင်းမှုကို သူ စာနာမိပါသည်။ ရှယ်လီ၏ရင်မှာတော့ တန်ခူးနွေသည် ဘယ်တော့မှ ရွက်သစ်ဝေတော့မည်မဟုတ်။ ရွက်ကြွေတော၏သစ်ကိုင်းကျိုးကျဲမှာ ပန်းကံ့ကော်ကလည်း မသင်း။ နွေလေပူမှာ ရှယ်လီ့နှလုံးသားတွေ ကျွမ်းခြောက်ရှာတော့မည်။ ရှယ်လီ ငိုကြွေးပါ။ 

အနှစ်နှစ်အလလ မျိုသိပ်ထားသမျှ ပွင့်အန်၍ ရှယ်လီ ငိုကြွေးလိုက်ပါ။ 

ပြီးပါပြီ။
---------------------------
(မြကြာဖြူဝတ္ထုရေးသားရာတွင် အကူအညီပေးကြသော ဆရာဝန်ကြီး ဦးကြည်ပေါ၊ ဆေးတက္ကသိုလ်(၁) ပါမောက္ခဆရာဝန်ကြီး ဒေါက်တာမောင်မောင်ညို၊ ဒေါ်တင်လတ်သန္တာဗိုလ်တို့အား ကျေးဇူးတင်ပါသည်။ အထူးသဖြင့် တကယ့်ဖြစ်ရပ်မှန်ကျောရိုးကို တင်ပြစဉ်က ဝတ္ထုအဖြစ် ရေးဖြစ်အောင်ရေးရန် အကြံပေး တိုက်တွန်းပါသော စာရေးဆရာကြီး မြသန်းတင့်၊ စာရေးဆရာမ ကလျာ(ဝိဇ္ဇာ/သိပ္ပံ)တို့အား ကျေးဇူးတင်ရှိပါသည်။)
ချမ်မြေ့ရွှင်လန်းပါစေ။
-------------------------------------------------------
ခင်နှင်းယု
၅၊၂၊ ၁၉၉၅။

Post a Comment

0 Comments