#ဗညားရှိန်း
အပိုင်း(၁၉)
နောက်တစ်ပတ်ထဲမှာ သူဇာကို ရှိန်းက တွေ့လိုသည်ဆို၍ ဖြူပြာ ဆေးတိုက်အလာ လိုက်လာသည်။ အဖေကိုတွေ့တော့ သူဇာသည် ရင်ခွင်ထဲတိုးဝင်ကာ ငိုရှာသည်။ သူဇာ့ပခုံးလေးများကို ညင်သာစွာ ရှိန်းက ဖက်ရင်း ....“သမီး မငိုနဲ့လေ၊ မငိုနဲ့” ချော့နေသည်။
“ဖေဖေ သမီးကို ခွင့်လွှတ်ပါတယ်နော်”
“ခွင့်လွှတ်ပါတယ် သမီး၊ ဖေဖေတို့ဟာ သမီးဆန္ဒကို လိုက်လျောလိုပါတယ်၊ သမီး သူငယ်ကသာ မိသားဖသားပီပီ လာတောင်းရင် ဖေဖေတို့ ပေးစားမှာပါ၊ လာမတောင်းရင် နေပါစေ၊ သမီးကိုရော တွေ့ဖို့ ဆက်သွယ်သေးလား"
ရှိန်းသည် မလေးနုထံမှ အကြောင်းစုံ သိပြီးပေမယ့် မသိချင်ယောင်ဆောင်၍ မေးလိုက်သည်။ သူဇာသည် ရှိုက်၍ငိုနေရာမှ မျှော်လင့်ချက်ကင်းသော မျက်နှာနှင့် အဖေကို ကြည့်လိုက်သည်။ သူသည် မိဘကို စုံကန်၍ လိုက်သွားခဲ့သည်ကိုတောင် သူ့ချစ်သူ ဘမောင်ချိန်က လာလည်းမတောင်း၊ အဆက်အသွယ်လည်း မလုပ်။ သူသိသောဖုန်းနှင့် အိမ်ကနေ ဆက်သွယ်တော့လည်း ဖုန်းက ခေါ် မရ။ စိတ်ထဲကတော့ သံသယရှိလာသည်။
“ဆက်သွယ်လို့မရပါဘူး ဖေဖေ"
“ဖေဖေက ဒီသူငယ်နဲ့ မဆက်သွယ်နဲ့တော့လို့ မပြောလိုပါဘူး၊ ဒါပေမဲ့ သမီးကိုယ်တိုင် လိုက်သွားတာတောင် သူက လိုလိုလားလား လက်ခံချင်တဲ့စိတ် မရှိလို့ပေါ့၊ သမီးကို ပြန်ထည့်လိုက်တာ၊ ဖေဖေတို့ကလည်း တကယ်လာတောင်းမယ်ထင်လို့ အခုချိန်အထိ စောင့်နေတယ်၊ သူ့ဆီက ဘာစကားမှမလာတော့ စဉ်းစားရခက်တယ်"
ရှိန်းသည် စကား ခဏရပ်ထားသည်။ ဘမောင်ချိန် မယားကြီးရှိသည်ကို သူဇာ သိလေမလား၊ မသိလေသလား။ မလေးကလည်း ဘာမှပြောမသွား။ နောက်မှပဲ သူဇာ့ဘာသာ သိပါစေ၊ သူက ဘာမှမပြောပါ။
“ဖေဖေခေါ်တာက မင်းကို အန်တီမလေးက ဒီဆေးတိုက်မှာ အလုပ်လုပ်စေချင်တယ်တဲ့၊ သမီး ကျောင်းပြန်နေချင်သေးလား”
သူဇာသည် ခေါင်းခါပြ၏။
“တစ်နေ့ နေချင်တဲ့စိတ်ရှိလည်း နေပေါ့၊ အပြင်ကလည်း အဝေးသင်အနေနဲ့ စာမေးပွဲက အောင်ပါတယ်၊ လောလောဆယ် အိမ်မှာ အလကားနေမယ့်အတူ အန်တီမလေးကို ကူပါလား”
သူဇာသည် စိတ်ပြေလက်ပျောက် တစ်ခုခုလုပ်နေခြင်းက သူ စိတ်သက်သာရာရဖို့ ဖြစ်သည်ကို စဉ်းစားမိသည်။
“ဖေဖေ့သမီးတွေ ဖေဖေ့လုပ်ငန်းခွင်မှာရှိနေတော့ ဖေဖေလည်း စိတ်အေးတာပေါ့၊ ဖေဖေ့မျက်စိအောက်မှာ မဟုတ်လား"
“ဟုတ်ပါတယ် ဖေဖေ၊ သူဇာ လုပ်ပါ့မယ်၊ ဘာလုပ်ရမှာလဲ”
"အန်တီမလေး ပြောလိမ့်မယ်လေ၊ ကဲလာ ဖေဖေနဲ့ လိုက်ခဲ့"
မလေးနု ရုံးခန်းကို ရှိန်းက သူဇာကို ခေါ်လာခဲ့သည်။ ရုံးခန်းထဲမှာ မလေးနုကို အဆင်သင့်တွေ့ရသည်။
"ကဲ… မလေးရေ၊ အလုပ်လျှောက်တဲ့လူတော့ လာပြီ”
သူဇာက မလေးနုထံ အပြေးလေးသွားကာ လက်ကိုဆွဲ၍ ဆုပ်နယ်နေသည်။ မျက်ရည် ဝေ့လာပြန်သည်။
“ကဲ ... ဖေဖေသွားမယ်၊ သမီး နေရစ်ပေတော့”
ရှိန်းက နှုတ်ဆက်ကာ ထွက်သွားသည်။
“သူဇာ ထိုင်လေ”
မလေးနုက ပြောလိုက်သည်။ သူဇာသည် စားပွဲဘေးမှ ကုလားထိုင်ကို မလေးနုအနား ဆွဲယူ၍ နီးနီးကပ်ကပ် ထိုင်လိုက်သည်။
"အန်တီမလေး သူဇာ့ကို အလုပ်ပေးမလို့ဆို”
"ဟုတ်တယ်”
“သူဇာက ဘာလုပ်ရမလဲဟင်”
"အန်တီမလေးတို့ဆေးတိုက်က သိတဲ့အတိုင်း လူနာကို ထမင်းကျွေးတယ်လေ၊ မီးဖိုမှာ စားဖိုမှူးရော ဘဏ္ဍာထိန်းရော ရှိပါတယ်၊ စေတနာခန်းက အခမဲ့ ကျွေးရတယ်။ ငွေကြေးခန်းက ငွေယူ ကျွေးတော့ ဗိုလ်ဆန်ဆန်အစားအစာတွေပေါ့၊ ဒါ့အတွက် စားဖိုမှူးက ကျွမ်းကျင်ပြီးသား။ စေတနာခန်းကတော့ မြန်မာစာပဲ။ အသား တစ်ခွက်၊ အရည်တစ်ခွက်၊ အသီးအရွက်တစ်ခွက်ကြော် သုံးမျိုးပေးတယ်။ ဦးစံမောင်တို့က တာဝန်ယူချက်တယ်။ သူက ဈေးမသွားနိုင် တော့ သူငယ်လေးတွေ သတ်သတ်ထားရတယ်၊ သမီးက ဖြစ်နိုင်ရင် ဈေးဝယ်လာတာတွေ မှန်မမှန် စစ်ဆေးရမယ်၊ အလေးပြည့် မပြည့်၊ အများကြီးဝယ်ရတာကိုး။ ဦးစံမောင်နဲ့ တိုင်ပင်ပြီး ဟင်းအမည်လည်း စီစဉ်ပေါ့၊ မြန်မာဟင်းပဲ၊ မခက်ပါဘူး၊ ဦးစံမောင်က ထမင်းလည်း ချက်ရတော့ မနိုင်ဘူး"
သူဇာက ပခုံးလေးတွန့်ကာ ပြုံးလိုက်ရင်း...
“သူဇာတို့အိမ်မှာ ဦးထွန်း ချက်တာပဲ စားတာ၊ ဘာမှမချက်တတ်ဘူး၊ ဈေးလည်း ဒေါ်သိန်းမေ သွားတာ၊ မေမေကလည်း တစ်ခါမှ မခိုင်းဘူး၊ သူလည်း ဈေးမသွားဘူး" ဟု ပြောပြသည်။
"အခု သမီးက ဈေးသွားဖို့မလိုဘူး၊ သူတို့ဝယ်လာတာတွေ မှန်မမှန် စစ်ဆေးဖို့ပဲ၊ ဦးစံမောင်နဲ့ တွဲလုပ်ရင်းက သူဇာ စိတ်ဝင်စားလာမှာပါ၊ တော်ကြာ ဟင်းတောင် စီမံတတ်မှာ၊ အန်တီမလေးမှာ ရုံးကိစ္စနဲ့တင်ပဲ ဦးနှောက်ခြောက်လွန်းလို့ သူဇာ အခက်အခဲတွေ့ရင် အန်တီမလေးကို ပြော၊ အန်တီမလေး ကူမှာပေါ့။ ဖေဖေက လူနာတွေကို စေတနာနဲ့ကျွေးတာ ဖြစ်ပေမယ့် မကုန်သင့်တာ မကုန်ရအောင် သူဇာက ကြပ်မတ်တော့ ဖေဖေ့လုပ်ငန်း ရေရှည်တည်တံ့နိုင်တာပေါ့ "
သူဇာသည် ငေး၍စဉ်းစားနေသည်။ တင်သက်မာက အခန်းထဲ ဝင်လာသည်။
“အန်တီသက်မာ”
သူဇာက ဆီးကြိုနှုတ်ဆက်လိုက်သည်။
“အန်တီမလေးကလေ သူဇာကို အလုပ်ပေးမလို့တဲ့”
သက်မာက ကုလားထိုင်မှာ ဝင်ထိုင်ရင်း သူဇာ့စကားကို ပြုံး၍နားထောင်နေသည်။
“ကောင်းတာပေါ့၊ ဖြူပြာက ငွေစာရင်းကိုင်၊ သူဇာကရော ဘာလုပ်မှာလဲ"
“စားဖိုမှူးရဲ့ လက်ထောက်ပေါ့၊ မီးဖိုအတွက် ဝယ်တာခြမ်းတာတွေ မလေလွင့်အောင် စိစစ်ရမယ်တဲ့၊ ဟင်းအမျိုးအမည်လည်း စီစဉ်ရမယ်တဲ့”
သူဇာက ပြောပြသည်။
"အေးပေါ့၊ စာရင်းအင်းကို ဖြူပြာက ထိန်းနိုင်ပြီး သူဇာက မီးဖိုကိုထိန်းနိုင်ရင် ဖေဖေ့လုပ်ငန်းက ဟာကွက်မရှိတော့ဘူးပေါ။ အာကာတို့၊ ဝဏ္ဏတို့ပါ ဝင်ပြီး လုပ်နိုင်ရင် ဒီဆေးတိုက်ကို မင်းတို့မိသားစု ဦးစီးနိုင်တယ်”
တင်သက်မာက ပြောပြသည်။ သူဇာသည် ခေါင်းလေးကို ဖြည်းညင်းစွာ ယမ်းခါလိုက်သည်။
"သူတို့က မူးရူးနေတာပဲ၊ မေမေ့ကို မလေးစားပါဘူး၊ ဖေဖေ့ကို ကြောက်တယ်ဆိုပေမယ့် ဖေဖေက နိုင်ငံခြားသွားနေတာ များတယ်၊ အိမ်မှာရှိတာ နည်းတယ်မို့လား၊ ခုတော့ ဖေဖေက အိမ်ကို ပြန်မလာတော့ ပိုဆိုးတယ်။ သူဇာတို့လည်း အိမ်မှာနေရတာ မပျော်ပါဘူး၊ ဒါနဲ့ အန်တီသက်မာတို့ ကိုကိုနဲ့တွေ့တုန်းက ကိုကို လာတောင်းမယ်ဆိုတာ တကယ်ပြောတာလားဟင်”
တင်သက်မာရော မလေးနုပါ ပါးစပ်အဟောင်းသားနဲ့ ဘာမှမဖြေနိုင်သေး။ တင်သက်မာကတော့ စကားလုံးရှာနေသည်။
“လာတောင်းမယ်ဆို အခုအချိန် လာသင့်တာပေါ့နော်၊ တစ်လကျော်သွားပြီ၊ သူဇာ ကိုကို့ရဲ့ဖုန်းကို ဆက်တာလည်း မရဘူး၊ ရုံးဖုန်းပဲသိတယ်”
“အဆက်အသွယ် မရဘူးပေါ့”
တင်သက်မာက မေးလိုက်သည်။
“ဟုတ်တယ် အန်တီသက်မာ"
“တစ်ခုတော့ရှိတယ် သူဇာရယ်၊ သမီးကို သူ တကယ်ချစ်ရင် သမီးအိမ်ကို တိုက်ရိုက် ဒါမှမဟုတ် အန်တီသက်မာတို့ဆီကတစ်ဆင့် ဆက်သွယ်နိုင်ပါတယ်၊ ဟုတ်တယ်မို့လား၊ သူ့မှာ သူဇာ့ကို ဆက်သွယ်ဖို့ အခက်အခဲတစ်ခုခု ရှိချင်ရှိနေမှာ၊ ဒါမှမဟုတ် အရေးပေါ် နိုင်ငံခြားခရီးတွေ ဘာတွေ ထွက်သွားရလား မသိ"
သူဇာသည် တွေးနေရာမှ ပြန်မေးလိုက်သည်။
“မဖြစ်နိုင်ပါဘူး အန်တီသက်မာရယ်၊ နိုင်ငံခြားသွားလည်း သူဇာ့ကို ဖုန်းနဲ့နှုတ်ဆက်မှာပေါ့၊ အန်တီသက်မာပြောတဲ့ သူဇာ့ကို ဆက်သွယ်ဖို့ အခက်အခဲဆိုတာ ဘာလဲ”
"ဪ… သူ့မိဘက သဘောမတူနိုင်လို့လားလို့ တွေးရတာလေ၊ သဘောမတူလို့သာ သူဇာ့ကို ခိုးယူတာ၊ နို့မို့ရင် မိဘဆီ တောင်းယူမှာပေါ့”
သူဇာသည် မျက်ရည်များကျကာ ရှိုက်၍ ရှိုက်၍ ငိုပါတော့သည်။ မလေးနုသည် ဘာပြော၍ ဘာလုပ်ရမှန်းမသိ။ သူဇာ့ကို ကြာကြာ လိမ်မနေချင်။ ဖွင့်သာပြောလိုက်ချင်သည်။ ဒါပေမဲ့ အချိန်က အဖြေပေးမည်ပဲဖြစ်သည်။ မလေးနုသည် သူဇာ၏ပခုံးလေးကို ယုယစွာ ဆုပ်နယ်လိုက်သည်။
“သူဇာ နက်ဖြန်မှာ အလုပ်ဆင်းတော့နော်၊ ကဲ ... ဘုရားရှိခိုးလိုက်၊ အန်တီမလေး အခန်းထဲမှာ ဘုရားစင်ရှိတယ်၊ ဘုရားဂုဏ်တော်၊ တရားဂုဏ်တော်၊ သံဃာဂုဏ်တော်တွေ ရွတ်”
“ဘာတွေ ရွတ်ရမယ်”
သူဇာ့မေးခွန်းကြောင့် မလေးနု အံ့အားသင့်သွားသည်။
“သူဇာတို့ ဘုရားရှိခိုးပြီး ဘာမှမရွတ်ဘူးလား"
"ဟင့်အင်း... မရွတ်ပါဘူး၊ ရှိလည်း တစ်ခါမှမခိုးဘူး၊ သူဇာတို့အိမ်မှာ ဘုရားစင်မှမရှိဘဲ"
မလေးနုသည် တင်သက်မာမျက်နှာကို ကြည့်လိုက်သည်။ တင်သက်မာကလည်း ပါးစပ်အဟောင်းသားနှင့် ဖြစ်နေသည်။
"ကဲ.. ဖြူပြာကို သွားတွေ့ပြီး မီးဖိုတွေ ဘာတွေ ဆင်းကြည့်၊ အန်တီမလေးလည်း ဦးစံမောင်ကိုရော ဘဏ္ဍာစိုးကိုပါ ပြောပြထားမယ်။ သူဇာ သွားနိုင်ပြီ"
သူဇာသည် ခပ်ကြောင်ကြောင်လေး သူတို့ကိုကြည့်ကာ ထသွားသည်။
“တင်သက်မာရေ... ရှိန်းတို့မိသားစုကြီး ဖရိုဖရဲဖြစ်နေတာ မဆန်းဘူး။ ရှိန်းကိုယ်တိုင်က ဘုရား၊ တရား မရှိ။ အေးကလဲ ရှိပုံမရဘူး။ မိဘကိုရိုသေဖို့ ကိုယ်ကျင့်တရားကောင်းဖို့ ကလေးတွေကို သူတို့ ဘယ်လိုဆုံးမလဲ မသိ။ အေးကလည်း ဗုဒ္ဓဘာပဲမဟုတ်လား"
“ကျောင်းမှာတုန်းက တို့ ဘုရားအတူတူ ရှိခိုးတာပဲ"
“ဗုဒ္ဓဘာသာမှ မဟုတ်ပါဘူး၊ ဘာသာတရားတစ်ခုခုတော့ ရှိသင့်တာပေါ့၊ မင်းတို့ ရင်းနှီးတဲ့ ရှိန်းအစ်ကို ကိုဇေယျာရှိန်းက ကွန်မြူနစ်မို့လို့ ဘာသာတရားမရှိတာ မလေး ဘာမှမပြောလိုဘူး၊ အဲဒီ ရှိန်းဟာ တစ်ခါတစ်ခါ တစ်ဖက်စွန်းရောက်ပြီး သူလုပ်တာတွေဟာ အရမ်းကာရော (desperate) ဖြစ်တတ်တာ ထင်တယ်၊ သူတို့တစ်အိမ်လုံး အထိန်းအချုပ် ဘာမှမရှိဘူး”
မလေးနုသည် ရှိန်းအတွက် အတော်စိတ်ပျက်သွားသည်။
"သူ့မိဘတွေ ဦးမင်းရှိန်း၊ ဒေါ်အေးသွယ်တို့ဟာ မန္တလေးမှာ ဘုရားဒကာ ကျောင်းဒကာတွေပဲ သက်မာထင်တာ၊ အေးကလည်း ညံ့ပါတယ်၊ သူက နမူနာ ဘာမှမပြနိုင်ဘဲ၊ လင်တွေ သားတွေ သမီးတွေကလည်း ထင်သလို နေကြမှာပေါ့”
“တော်တော် စိတ်ပျက်စရာကောင်းတာပဲ သက်မာရယ်၊ မလေးတော့ ကလေးတွေကို သနားပါတယ်”
"ကဲ… မလေးလည်း မီးဖိုဘက်ဆင်းလိုက်ပြီး သူဇာကို မီးဖိုမှာ အုပ်ချုပ်ဖို့ထားမယ့်အကြောင်း ဘဏ္ဍာစိုးဦးကြည်နဲ့ စားဖိုမှူး ဦးစံမောင်ကို ပြောပြမယ်လေ၊ ဦးစံမောင်က လူစိမ်းမှမဟုတ်ဘဲ၊ သူဇာ့အဘိုးစက်ရုံက အလုပ်သမားဆို၊ ကိုယ်သွားမယ်"
သက်မာကတော့ မလေးနု သွားရာကို ငေးကြည့်နေမိသည်။
* * *
သူဇာသည် ညနေ ဖြူပြာနှင့်အတူ အိမ်ပြန်ရောက်တော့ အေးအေး အခန်းကို ပြေးတက်သွားသည်။
"မေမေ သမီး အလုပ်ရလာပြီ"
သူဇာက အမေဖြစ်သူ ထိုင်နေသော ကုလားထိုင်ရှေ့ ကြမ်းပြင်တွင် ထိုင်ချရင်း ပြောလိုက်သည်။
"ဘယ်မှာလဲ၊ ဘာအလုပ်လဲ”
အေးက မေးလိုက်သည်။
“ဖေဖေ့ရဲ့ ဆေးတိုက်မှာလေ၊ ဘဏ္ဍာစိုးကို ကူရမယ်တဲ့၊ အန်တီမလေးက ပြောတယ်။ မီးဖိုမှာ ဝယ်တာ ခြမ်းတာတွေ၊ အသီးအရွက်၊ သားငါး စိစစ်ရမယ်။ ပြီးတော့ ဟင်းစပ်လည်း စီစဉ်ရမယ်”
“ဘာ..."
အေးက အသံမာမာနှင့် အော်လိုက်၍ သူဇာပင် လန့်သွားသည်။
"ဒီကောင်မက ငါ့သမီးကို ထမင်းချက်ခိုင်းတယ်၊ ပြောလိုက်ပါလား၊ ကိုယ့်အိမ်မှာတောင် ကိုယ်မချက်ဘူးလို့၊ ဒီကောင်မက လူပါးဝလို့။ ဒီအလုပ် မလုပ်ရပါဘူး”
“မဟုတ်ဘူး မေမေ၊ ထမင်းချက်က ဦးစံမောင်တို့ ရှိတယ်လေ။ သမီး မချက်ရပါဘူး၊ အုပ်ချုပ်ရ စီမံရမှာ"
“သမီးတို့ ဘာမှနားမလည်ပါဘူး၊ မင်းတို့အမေလေးက ဆေးတိုက်ရော သားသမီးတွေရော သူက လက်ဝါးကြီးအုပ်မှာ၊ သူ့သြဇာ နာခံအောင်လို့ သိမ်းသွင်းနေတာ၊ သမီးတို့ ငတ်နေလို့လား၊ အလုပ်လုပ်ရအောင်၊ ဖြူပြာတောင် စာရင်းကိုင်မို့လို့ မေမေ ခွင့်ပြုတာ”
အေး အော်သံက အပြင်ထွက်လာ၍ ဖြူပြာကပါ ထိတ်လန့်တကြား ပြေးဝင်လာသည်။
“ဘာဖြစ်လဲ မေမေ၊ ဖြူပြာနဲ့အတူတူ သူဇာ လုပ်ရတာပဲ၊ ဘာဖြစ်လို့လဲ”
ဖြူပြာက သူဇာ့အနားထိုင်ကာ ပြောပြန်သည်။
"လာပြန်ပြီလား တစ်ယောက်၊ ငါ့သမီးကိုနှိမ်ပြီး နင်တို့အမေလေးက ထမင်းချက်ခိုင်းလို့၊ ဒါကို နားမလည်ဘူးလား၊ ဟိုအဖေလုပ်တဲ့လူကလည်း ကိုယ့်သမီးတစ်ယောက်လုံးကို ထမင်းချက်ခိုင်းတာ ကြည့်နေတယ်”
“မေမေကလည်း ထမင်းချက်လည်း မဟုတ်ပါဘူး၊ ပြီးတော့ အန်တီမလေးကို အမေလေး အမေလေးနဲ့ မပြောပါနဲ့"
"ပြောတယ် ပြောတယ်၊ ပျော့ပျော့ ပျော့ပျော့နဲ့ နံတဲ့ကြောင်ချေး။ နင်တို့အဖေကို အပိုင်စီး၊ သားသမီးတွေကို သူ့လက်အောက် သိမ်းသွင်း၊ ဆေးတိုက်တစ်ခုလုံး အပိုင်စီးတော့မှာ၊ သိလား"
ခက်ကပြီ။ သူဇာရော ဖြူပြာပါ ပါးစပ်အဟောင်းသားလေးတွေနှင့် ဘာပြောရမှန်းမသိ။
"နင်တို့က နာသလား၊ အဲဒီဟာမက တမင်နှိမ်ပြီး ငါ့သမီးကို ထမင်းချက်ခိုင်းတာ”
“မဟုတ်ပါဘူးလို့ဆို၊ မေမေကလည်း”
ဖြူပြာက ခေါင်းကုတ်ရင်း စိတ်ရှုပ်စွာ ပြောလိုက်သည်။
"ငါ့ကိုလည်း သမီးတို့အဖေက ရစက ထမင်းချက်ခိုင်းတယ်။ ဘာရမလဲ မချက်တတ်ဘူး၊ ထမင်းချက်ရှာပေးလို့ ပြောလိုက်တယ်။ အရေးပိုင်သမီး တစ်သက်လုံး လုပ်လာတာ၊ ခြေမွေး မီးမလောင်၊ လက်မွေးမီးမလောင် ဘွိုင်နဲ့နေလာတာ၊ သူ့ကို ချက်ကျွေးရမယ်လို့ အစကတည်းက ဦးကျိုးအောင် နှိမ်တာ၊ ငါက ဘာခံမလဲ၊ အခု ဒါ့ကြောင့် မင်းတို့အဘွားက ထမင်းချက် ဦးထွန်းတို့လင်မယားကို ပို့ပေးတာ"
“မေမေ သူများကို လမင်းချက်မကျွေးရင် နေပေါ့၊ ဖေဖေ့ကိုတော့ ချက်ကျွေးရမှာပေါ့”
ဖြူပြာက ပြောလိုက်သည်။
“လာပြန်ပြီလား မိဖြူပြာ၊ ညည်းက ငါ့ကို သြဇာပေးစရာ မလိုဘူး၊ နင်တို့အဖေကို ငါ ဘယ်တော့မှ ထမင်းချက်မကျွေးဘူး မှတ်၊ ငါ့အပေါ် မကောင်းတဲ့လူကို ငါ မကောင်းနိုင်ဘူး၊ အခုလည်း သူဇာ မင်းအဖေ မကောင်းလို့၊ သိလား”
ဖြူပြာမှာ အမေလုပ်သူ ပါးစပ်မှ ထွက်လာမည့် စကားလုံးတွေကို မကြားရဲသလို အလန့်တကြား ကြည့်နေသည်။
“မိန်းမတွေနဲ့ မင်းတို့အဖေက ပွေ၊ အခု သူဇာကိုခိုးတဲ့အကောင် ဘမောင်ချိန်က ဘယ်သူ့သားလဲ၊ သိလား”
သူဇာက ခေါင်းခါပြသည်။ ဖြူပြာကတော့ မအေဖွင့်ပြောမှာကို စိုးရိမ်တကြီးနှင့် တားနေသည့်ကြားက အေးက ဆက်ပြောသည်။
“မင်းတို့အဖေ ပွေပြီး ရည်းစားထားတဲ့ သဇင်ရွှေရဲ့သား၊ ဒါ့ကြောင့် ငါ့သမီးကို ကလဲ့စားချေတာ၊ မကြိုက်ဘဲနဲ့ ခိုးယူပြီး အခု ပစ်ထားတာ”
“ဘာ.. ဘာပြောတယ် မေမေ"
သူဇာသည် မယုံနိုင်သလိုဖြစ်သွားသည်။
"အဲဒီ ဘမောင်ချိန်က မယားကြီးနဲ့၊ မင်းတို့အဖေဟာ မယားကြီးရှိလျက်နဲ့ သဇင်ရွှေကို ရည်းစားထားပြီး မယားကြီးရှိလို့ မယူပါရစေနဲ့ဆိုပြီး အကြောင်းပြ စွန့်ပစ်ခဲ့လို့ ဘမောင်ချိန်ကလည်း ငါ့သမီးကို မယားကြီးရှိလျက်နဲ့ မချစ်ချစ်အောင် ရည်းစားထားပြီး အခု ပြန်လွှတ်လိုက်တာ၊ သမီးကို မယူတာ သိပြီလား၊ သူ့အမေကိုယ်စား လက်စားချေတာ”
သူဇာက ချုံးပွဲချ ငိုတော့သည်။ ဖြူပြာကတော့ "မေမေ ဘာတွေပြောနေလဲ”ဟု အော်ရင်း အချိန်မီ ဖုံးကွယ်ချင်ပေမယ့် မရ။ အန်တီသက်မာတို့က ဘမောင်ချိန်အကြောင်း ဖွင့်မပြောဖို့ ပြောထား၍ ဖြူပြာက ထိန်းရသည်။ အချိန်တန်မှ သူ့အလိုလို သိပါစေတဲ့၊ ယခုတော့ မေမေက ဖွင့်ပြောလိုက်ပြီ။
"ဘာ တစ်ယောက်က ဖုံးထားမလို့လဲ၊ ငါ မှန်တာပြောတာ၊ သွား.. အကုန်လုံး ထွက်သွား၊ ငါ့အခန်းထဲ မလာကြနဲ့"
အေးက အော်ထုတ်လိုက်၍ ညီအစ်မနှစ်ယောက် ထွက်လာကြသည်။ ဖြူပြာက သက်မာကို အကျိုးအကြောင်း ဖုန်းလှမ်းဆက်သည်။
"အေးကွယ်၊ ဒီကိစ္စက လိမ်လိမ်မာမာနဲ့ ကိုင်တွယ်ရမှာ၊ အေးက အတော်ခက်တာပဲ”
“ပြီးတော့ ပြောသေးတယ်၊ သူဇာ ဆေးတိုက်မှာ အလုပ်မလုပ်ရဘူးတဲ့”
“အဲဒါ ဘယ်ဟုတ်မလဲ၊ တဖြည်းဖြည်းတော့ ရှင်းပြ၊ ကိုယ့်အဖေ အလုပ်တိုက်၊ ကိုယ့်အဖေ အရှိန်အဝါအောက်မှာ အလုပ်လုပ်ရတာ လုံခြုံမှုရှိတာပေါ့၊ သူဇာက ငယ်သေးတယ်၊ စိတ်လေနေတဲ့အခါ တခြားမှာ အလုပ်လုပ်ရတာ အန္တရာယ်က များပါဘိ၊ ဖြူပြာလည်း အနားမှာရှိတယ်လေ”
"ထမင်းချက်မို့လို့တဲ့၊ ဖေဖေ့ကိုတောင် သူ ထမင်းချက်မကျွေးဘူးတဲ့”
"အဲဒီ မာနတွေ အေးကို နှိပ်စက်နေတာ၊ အန်တီသက်မာတို့ ကိုယ့်ပညာ ကိုယ့်အလုပ်နဲ့ပေမယ့် မီးဖိုချောင်ဝင်ရတာပဲ၊ အခုဟာကလည်း ထမင်းချက်ရမှာ မဟုတ်ဘူး၊ မီးဖိုကို စိစစ်ပေးဖို့ပဲ၊ အန်တီသက်မာ သူ့ကို ဖြည်းဖြည်းတော့ ပြောပြပါဦးမယ်၊ သူဇာကို စိတ်သက်သာအောင် နှစ်သိမ့်လိုက်ပါဦး၊ ဒါပဲ ဖြူပြာ”
အန်တီသက်မာက ဖုန်းချသွားသည်။ ဖြူပြာသည် သူဇာ့အနား သွားထိုင်သည်။ သူဇာကတော့ မျက်ရည်မကျပေမယ့် ရှိုက်နေဆဲ။ မိခင်ဖြစ်သူ၏ လိမ္မာပါးနပ်မှု၊ အကင်းပါးမှု မရှိသည်ကို ဖြူပြာ စိတ်ညစ်သည်။ ဖေဖေ့ကို ထိန်းမရသည့်ကိစ္စမှာ မေမေ အိမ်ထောင်ရေးပညာနည်းမှုတွေ ပါသည်ကို ဖြူပြာက နားလည်ပါသည်။
"သူဇာရယ်၊ မငိုပါနဲ့တော့ဟယ်၊ ဖေဖေ့ကိုလည်း နာကြည်းမနေပါနဲ့၊ ဖြူပြာ ဖေဖေ့ဘက်က ကာကွယ်နေတာမဟုတ်ဘူး၊ ဖေဖေဟာ ဟိုတုန်းက မေမေနဲ့ အဆင်မပြေလို့ အဲဒီမိန်းမတွေနဲ့ ဖြစ်ခဲ့တာ၊ ဖေဖေ တကယ်ဆိုးရင် တစ်ယောက်ယောက်ယူသွားပြီး တို့ကို ပစ်ထားခဲ့မှာပါ၊ ခုတော့ ဘယ်သူ့ကိုမှ တရားဝင်မယူဘူး၊ မေမေ့ကိုလည်း ဝင်ငွေကောင်းလာတယ်ဆို တစ်လ တစ်သိန်းပေးတယ်၊ ဘယ်သူ ဒီဝင်ငွေ ရှာပေးနိုင်မှာလဲ၊ သားသမီးတွေကို ကောင်းကောင်းထားတာပဲ၊ တိုက်နဲ့ ကားနဲ့၊ ပြီးတော့ ဖြူပြာ့ကို အန်တီသက်မာက ပြောတယ်၊ ဘမောင်ချိန် အမေကို ဖေဖေက ရည်းစာအဖြစ်သာ ထားတာ၊ သားမယားလို မကျူးလွန်ဘူးတဲ့၊ ဒါ့ကြောင့် သူဇာ့ကို ဘမောင်ချိန်က ရည်းစားပဲထားတာ၊ မိန်းမအဖြစ် မယူတာတဲ့၊ မငိုပါနဲ့တော့ သူဇာရယ်၊ ဖေဖေဟာ တို့ကိုချစ်ပါတယ်”
သူဇာသည် ဘာမှမပြောတော့ဘဲ မျက်နှာကျက်ကို ငေးနေသည်။ ဖြူပြာက ဆက်ပြောသည်။
“ဖြူပြာ စဉ်းစားမိတယ်၊ သူဇာ အလုပ်တော့ လုပ်ရမှပဲ၊ ဖေဖေ့ဆေးတိုက်က ရုံးအဖွဲ့မှာလို့၊ မေမေ့ကို ပြောထားပေါ့၊ တခြားရုံးတွေ ကုမ္ပဏီတွေမှာ သူဇာ လုပ်ဖို့တော့ ဖြူပြာရော ဖေဖေရော စိတ်မချပါဘူး၊ အန်တီမလေးဟာ တို့အပေါ် ဘယ်လောက်ကောင်းလဲ၊ မေမေပြောသလို မဟုတ်ပါဘူး”
သူဇာသည် နားထောင်ရင်း သက်ပြင်းကြီး ချလိုက်သည်။
“ဖြူပြာရယ်… ဖေဖေနဲ့ မေမေ ပဋိပက္ခမှာ သူဇာက ဓားစာခံပေါ့နော်၊ ဘယ်တော့မှ ဖေဖေနဲ့ မေမေလည်း ပြန်တည့်ပါ့မလဲ မသိဘူး၊ သူဇာတော့ ကိုကို့ကို စိတ်လျှော့လိုက်ပါပြီ၊ ဒီအကြောင်း ဖေဖေလည်း သိပြီပေါ့"
“သိပါတယ်၊ ဖေဖေက ဒါ့ကြောင့် အန်တီမလေးနဲ့တိုင်ပင်ပြီး သူဇာ စိတ်မလေအောင် အလုပ်ခန့်တာ၊ ထမင်းလည်း မချက်ရပါဘူး သူဇာရယ်၊ ချက်ရလည်း ဖြူပြာအမြင်မှာတော့ ဖေဖေ့အလုပ်တိုက် ဖေဖေ့အတွက်ပဲ လုပ်ရမှာပေါ့၊ တစ်နေ့ သူဇာရော ဖြူပြာရော လင်ယူမှာပဲ၊ ဖေဖေနဲ့ မေမေ့ကို သင်ခန်းစာယူရမယ်၊ မီးဖိုချောင် မေမေဝင်ပြီး မစီမံတာ မခန့်ခွဲတာလည်း မေမေ့ရဲ့ ပျော့ညံ့ချက်ပဲ၊ တို့က မိန်းမ၊ မီးဖိုချောင်နဲ့ မကင်းနိုင်ဘူး၊ တို့ကိုယ်တိုင် ချက်ရတာမှ မဟုတ်ဘဲ၊ တို့လက်အောက်မှာ ထမင်းချက်ရှိတယ်၊ ဖေဖေကလည်း မေမေက တယုတယနဲ့ သူကိုယ်တိုင် အစားအသောက်ကို ဂရုစိုက်တယ်ဆိုတာ လိုချင်တယ်၊ ဖေဖေချစ်တဲ့ သူ့အမေကိုလည်း ပြုစုတယ်၊ ဂရုစိုက်တယ်ဆိုတာ လိုချင်တယ်၊ တို့မေမေကလည်း သိတဲ့အတိုင်း အရွဲ့တိုက်တာတို့ ကတ်ဖဲ့လုပ်တာတွေရှိတော့ ဖေဖေက ပြန်အရွဲ့တိုက်တာပေါ့၊ ဖေဖေရွဲ့တော့ မေမေက ပိုခံရတာပေါ့ “
"တော်ပါတော့ ဖြူပြာရယ်၊ သူဇာလည်း အိမ်မှာမနေချင်ပါဘူး၊ မေမေ့စိတ်လည်း မမှန်ဘူး ထင်တယ်”
“အေးလေ၊ သူ့ပျော့ကွက်ကြောင့်ဆိုပေမယ့် သားစိတ် လင်စိတ် စိတ်ဆင်းရဲပါများတော့ သူ့စိတ်လည်း ကစဉ့်ကလျားဖြစ်လာတယ်ထင်တယ်၊ မေမေ့ကိုလည်း ဖြူပြာ သနားပါတယ်၊ ကဲကွယ် ဖြစ်လာတဲ့အထဲက အကောင်းဆုံး လုပ်ရမှာပဲ၊ နောက်တစ်ခါသာ သူဇာ မမှားစေချင်ဘူး”
ဖြူပြာ့စကားကို သူဇာက တစ်လုံးမှ ပြန်မဖြေတော့ပေ။ သူ့အကြောင်း တွေးလေလေ၊ ပထမဆုံး ခံစားရသော အချစ်၏ထိုးနှက်မှု ပြင်းထန်ပုံကို မချိတင်ကဲဖြစ်မိသည်။ ယောက်ျားများ၏အချစ်မှာ တစ်စုံတစ်ရာသော အတိုင်းအတာပဲချစ်မည်၊ ပြီးတော့ ပိုင်းဖြတ်လိုက်မည် ဆို၍ ရပါသလား။ ရ၍ပဲ ဘမောင်ချိန်က သူ့ကို အနိုင်နှင့်ပိုင်းခဲ့ပြီ။ တကယ်ခံစားရသော သူ့အတွက်ကတော့ ရရှိသော ဒဏ်ရာကို ဘယ်လိုကုစားရပါ့။ ဘမောင်ချိန်၏မေမေ သဇင်ရွှေ ခံရသလို သူဇာ ခံစားသွားရပြီကို ကိုကိုတစ်ယောက် စာနာမှုနှင့် မတွေးတော့ပြီလော၊ ကိုကိုက ပြန်လည်ဆက်သွယ်ဦးတော့ မယားကြီးရှိသူတစ်ယောက်ကို လက်ခံဖို့ဆိုသည်မှာ သူဇာ့အဖို့ မလွယ်တော့ပါ။
အပိုင်း(၂၀)ဆက်ရန်
------------------
#ခင်နှင်းယု
0 Comments