အပိုင်း (၈)
နံနက်စောစော လင်းအားကြီးမို့ ကားအသွားအလာလည်း မရှုပ်၊ လူအသွားအလာလည်း ကျဲသေးသည်။ သူတို့ရှေ့တွင် ခပ်သွက်သွက် လျှောက်သွားနေသော ပဲပြုတ်သည်က...“ပဲ... ဟဲ... ဟဲ... ဟဲ... ပြုတ်”ဟု ဆွဲဆွဲငင်ငင် အော်လိုက်သည်။ မြင့်မိုရ်လမ်းထဲသို့ လျှောက်ဝင်သွားသော အခြားတစ်သည်ကမူ...“ပဲ... ပြုတ်” ဟု ခပ်တိုတို၊ ခပ်ပြတ်ပြတ်၊ ခပ်ဆတ်ဆတ် အော်လိုက်လေသည်။
ပဲပြုတ်သည်နှစ်ဦး၏ အော်သံနှစ်မျိုးကို နားထောင်ရင်း ဦးကံမြင့်က ရယ်ချင်သွားသည်။ သို့သော် ဦးဘပွားကမူ ရယ်ချင်ပုံမရ၊ နဂိုနေ ခပ်တင်းတင်းဖြစ်သော သူ့မျက်နှာသည် သည်တစ်ခါတော့ ပိုပြီးမှုန်နေသည်ဟုပင် ဦးကံမြင့် ထင်မိသည်။
“အင်း... ကိုယ့်ကိုယ်ကို ကင်ဆာဖြစ်နေပြီလို့ သိထားတဲ့လူတစ်ယောက်အနေနဲ့ ပဲပြုတ်သည် အော်တာကို နားထောင်ပြီး ဘယ်လိုလုပ် ရယ်ချင်ပါ့မလဲလေ”
ဦးကံမြင့်က ကရုဏာစိတ်နှင့် တွေးနေမိသည်။ ဦးဘပွားကိုကြည့်ရသည်မှာ မျက်နှာက ခပ်မှုန်မှုန်၊ မျက်တွင်းက ခပ်ကျကျနှင့် ကြည်ကြည်လင်လင် လန်းလန်းဆန်းဆန်း မရှိပေ။
“ညက အိပ်ပျော်ရဲ့လားဟင် ဦးဘပွား”
“ဘယ် အိပ်လို့ ရပါ့မလဲဗျာ”
အမေးစောင့်နေဟန်ရှိသော ဦးဘပွားက ညည်းညည်းညူ ဖြေသည်။
“ညက အိမ်အပေါ်ထပ်မှာ ညဉ့်နက်သန်းခေါင်အထိ တစ်ယောက်ဆင်း တစ်ယောက်တက်နဲ့ သောသောကို ညံနေကြတာပဲ”
“ဘာလို့တုန်းဗျ”
"အပေါ်ထပ်က အူတူတူလူလေဗျာ၊ ကိုကောင်းထက်ဆိုတဲ့ လူပျိုကြီးဟာကော”
“ဘာလဲ အဲဒီလူပျိုကြီး မိန်းမရလာလို့လား”
ဦးကံမြင့်က ရယ်ရယ်မောမော မေးသည်။ ထိုလူပျိုကြီးကို သူလည်း မျက်မှန်းတန်းမိသည်။ မျက်နှာချိုကာ ရိုကျိုးဟန်ရှိသော်လည်း အူကြောင်ကြောင်တော့ လုပ်လေ့ရှိသည်။ တစ်ခါက တုပ်ကွေးဖျားပြီး သူ့ဆီ ရောက်လာဖူးသည်။ သူ ဝင်မလာခင်ကတည်းက တဟွတ်ဟွတ် ဆိုးနေသော ချောင်းသံကို ကြားရသည်။ (ဟိုတလောက တုပ်ကွေးဖျားသူတိုင်း ချောင်းဆိုးကြသည်။) ခဏနေတော့ အနွေးအင်္ကျီ အထူကြီး ဝတ်ထားသောသူက ဆေးခန်းထဲသို့ ဝင်လာသည်။ သူ့ရှေ့က ကုလားထိုင်တွင် ရို့ရို့လေး ဝင်ထိုင်ကာ သူ့ကို ပြုံးကျဲကျဲလေးကြည့်ပြီး... “ဦး... နေကောင်းပါရဲ့ လား ခင်ဗျာ”ဟုဆိုသည်။ ဆေးခန်းလာသော လူနာက ဆရာဝန်ကို ကြည့်ပြီး “နေကောင်းပါရဲ့ လား” ဟု ပဋိသန္ဓာရ စကားဆိုပုံကြောင့် ဦးကံမြင့် ရယ်မောခဲ့ရသေးသည်။
“မိန်းမရလာတာ မဟုတ်ဘူး ဆရာရဲ့ ၊ ကလေးရလာတာ”
“ဘာရယ်ဗျာ”
“ဟုတ်တယ်... ကလေးရလာတာ”
“ဟား... ဟား ... ဟား ဒီလိုဆို လူပျိုကြီး ခြေပုန်းခုတ်ထားပြီ ထင်တယ်”
သူက ကြိုတင်၍ ဟောကိန်းထုတ်ကာ ရယ်မိပြန်သည်။ သူ၏ရောဂါ သူ၏ဝေဒနာအကြောင်းနှင့် မသက်ဆိုင်သော ထိုကဲ့သို့ ပေါ့ပေါ့ပါးပါး စကားလေးများကို ပြောရင်း ဦးဘပွားကို စိတ်ပြေလက်ပျောက် ရှိစေချင်သော စေတနာကြောင့် ဖြစ်လေသည်။
“ဒီလိုဗျ... ဒီလို၊ ခင်ဗျားမသိပါဘူးဗျာ”ဟူသော လေသံနှင့် ဦးဘပွားက ခပ်ဆတ်ဆတ် ပြောသည်။ သို့သော် သူ့မျက်နှာတွင် အပြုံးရိပ်ကလေး ခေတ္တဖြစ်သွား၍ ဦးကံမြင့် ကျေနပ်သွားသည်။
“ဘတ်(စ်)ကားပေါ်မှာ ကလေးချီ တက်လာတဲ့ မိန်းမတစ်ယောက်ဆီက ကလေးကို ခေါ်ပြီး ပေါင်ပေါ်တင်လာတာတဲ့လေ၊ အဲဒီမိန်းမက ကလေးကို သူ့ဆီမှာ ထားခဲ့ပြီး ကားပေါ်က ဆင်းပြေးသွားလို့တဲ့ဗျာ”
“ဟောဗျာ”
ဦးကံမြင့်၏ပါးစပ်သည် ဟက်ကနဲ ပြဲသွားပြီး တအံ့တသြဖြစ်သွားသည်ကို မြင်လိုက်တော့ ဦးဘပွား သဘောကျသွားသည်။
“အဲဒီတော့ အဲဒီလူက ဘာလုပ်သတုန်း”
“ဘာလုပ်ရမလဲ ကလေးကြီး ချီပြီး အိမ်ပြန်ရောက်လာတာပေါ့။ အိမ်ရောက်တော့ ကလေးက ကျွက်ကျွက်ညံအောင် ငို၊ သူ့အဖေ အမူးကြီးက သူ့ကိုဆဲ၊ လမ်းထဲကလူတွေကလဲ ဆင်းလိုက်ကြ၊ တက်လိုက်ကြ၊ ရုတ်ရုတ်သဲသဲ
ပြောမပြောချင်တော့ပါဘူးဗျာ”
ရှုံ့ရှုံ့မဲ့မဲ့ပြောနေသော ဦးဘပွား၏မျက်နှာကို လှမ်းကြည့်ကာ ဦးကံမြင့်က ဟက်ဟက်ပက်ပက် ရယ်မိသည်။ ဦးဘပွားမျက်နှာ တစ်ချက်ကြည့်ရုံနှင့် လူတွေ ဘယ်လောက် ဆူညံပြီး သူ ဘယ်လောက် စိတ်ညစ်ခဲ့ရကြောင်း သိသာ ထင်ရှားနေသည်။
“အခုရော အဲဒီကလေး ဘာလုပ်လိုက်ကြလဲ”
“သိပါဘူးဗျာ၊ မနေ့ညတုန်းကတော့ အပေါ်ထပ်မှာ အိပ်တာပဲ”
မနေ့ညတုန်းက ဦးဘပွား ကောင်းစွာ အိပ်မပျော်ပေ။ ခါတိုင်းလိုပင် သုံးလေးခါလောက် နိုးသည်။ နိုးတိုင်းလည်း ကလေးငိုသံကို နားစွင့်မိသည်။ မအိပ်မီက...“ဒီညတော့ ကလေးငိုသံ ကြားနေရတာနဲ့ အိပ်လို့ရမှာ မဟုတ်ပါဘူး” ဟု မကျေမနပ် တွေးရင်း အိပ်ပျော်သွားသည်မို့ ကလေးငိုသံ မကြားရတော့ ထူးဆန်းနေသည်။
ကလေးငိုသံကြားလျှင် တရှူးရှူး ထွက်လိုက်မည်ဟု ပြင်ထားသော ဒေါသအငွေ့ အသက် အမှုန်အခိုးများသည်လည်း အီလည်လည် ဖြစ်သွားကြသည်။ မကြားရလေ နားစိုက်၍ ထောင်မိလေနှင့် ရုတ်တရက် ပြန်၍ အိပ်မပျော်။
ခါတိုင်းလည်း တစ်ရေးနိုးလျှင် ပြန်အိပ်မပျော်တတ်ဘဲ စိတ်အတွေးနယ်ကို ကမ္ဘာမြေအနှံ့ ဖြန့်ချင်တိုင်း ဖြန့်လျက် မျက်လုံးကြောင်နေလေ့ ရှိမြဲဖြစ်သည်။ သူကသာ နားတစ်စွင့်တည်း စွင့်နေမိသော်လည်း ကလေးငယ်ကတော့ အဲ့ခနဲ တစ်ချက်တစ်လေပင် မငို၊ ဘွားရွှေ ဝါးခွံထားသော ထမင်းများကို အပြည့်အသိပ်စားထားသည်မို့ ဗိုက်တင်းပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်နေပုံရသည်။
“အင်း... ခြောက်လဆိုတာ အငယ်လေးရှိသေးတာပဲ။ သားအလတ်ရဲ့ မိန်းမ မွေးတဲ့ ငါ့ရဲ့ မြေးအငယ်ဆုံးလေးထက်တောင် နည်းနည်းငယ်ဦးမယ်”
သူက နဖူးပေါ် လက်တင်ကာ စဉ်းစားနေမိသည်။
“အဖေက ထွက်သွားတယ်တဲ့၊ အင်း ... သေလား ရှင်လားတော့ မသိဘူးပေါ့လေ၊ အမေကတော့ သေသွားတယ်တဲ့၊ အိမ်နီးချင်းမိန်းမကတော့ မလိမ့်တပတ်နဲ့ ထားပစ်ခဲ့တယ်၊ သည်သတ္တဝါလေး လူ့လောကထဲ ရောက်လာတာ ခြောက်လလောက်ပဲ ရှိသေးတယ်။ သူ့ကို ဘယ်သူကမှ လက်မခံချင်ကြတော့ဘူးလား၊ သည်လောကမှာ သူ့အတွက် နေရာကလေး တစ်နေရာ မရှိတော့ဘူးလား၊ ဒါဟာ သူ့ရဲ့ ကံကြောင့်လား၊ သူ့ရဲ့ ဘဝအကျိုးပေးကြောင့်လား...။
သူက တမျှော်တခေါ်ကြီး စဉ်းစားနေမိသည်။
အခါတိုင်းလို ရင်ဘတ်ထဲက ပိုအောင့်လာသလား၊ ပိုမောလာသလားဟုပင် မစဉ်းစားအားဘဲ အပေါ်ဘက်မှ ချွတ်ခနဲ အသံကြားတိုင် နားစွင့်နေမိသည်။ သို့သော် ကလေးပေါက်စန၏ ငိုသံကို မကြားရဘဲ ကထိကကြီးကတော် ဒေါ်ခင်လှ သူ့သားကို အိပ်ရာထဲက အတင်းဆွဲထူပြီး သေးတည်နေသောအသံကိုသာ ကြားရလေသည်။
“ထပါ ကိုတူးရယ် ... ထ၊ တော်ကြာ မင်းအိပ်ရာထဲ သေးပါချပြီး အောက်ထပ်က ပုပ်ပုပ်ကြီးခေါင်းပေါ် ကျနေမှ ဒုက္ခ”ဟု ပြောသံကို ခပ်သဲ့သဲ့ကြားလိုက်ရ၍ သူအတန်ငယ် ဒေါသဖြစ်လိုက်ရသေးသည်။
“အင်း... ဖက်တီးမကများ ငါ့ကို ပုပ်ပုပ်ကြီးတဲ့။ အဲဒီမိန်းမတော့ မှတ်ထား၊ ဒီတစ်ခါတွေ့မှ မခင်ဝဝလို့ ခေါ်ပစ်လိုက်ဦးမယ်”ဟု တစ်ဦးတည်း ကျိတ်၍ တွေးနေမိသေးသည်။
“အဲဒီ လူပျိုကြီးက မွေးစားမလို့ ခေါ်လာတာလား"
ဦးကံမြင့်က မေးသည်။
“သိပါဘူးဗျာ”
ဦးဘပွားက မရေမရာ ဖြေသည်။ ဦးကံမြင့်က မေးမှ ထိုအဖြေကို သူလည်း သိချင်နေကြောင်း၊ တစ်ညဉ့်လုံးလည်း ထိုအကြောင်းကိုသာ စဉ်းစားနေမိကြောင်းကို ကိုယ်?သတိထားမိသည်။
“သူက စေတနာ ရှိလွန်းလို့ မွေးစားမယ် ဆိုရင်တောင် ဒီကလေးပေါက်စနလေးကို ဘယ်သူထိန်းမှာလဲ၊ သူက မိုးလင်းက မိုးချုပ် အပြင်ထွက်နေရတာ၊ သူ့ အဖေကြီးကလဲ ကလေး ငိုရင် ထမင်းမကျွေး ရေမတိုက်ဘဲ အရက်ငှဲ့တိုက် မယ့် ပုဂ္ဂိုလ်မျိုးကြီး”
ဦးကံမြင့်က သူမေးသော မေးခွန်းကို သူ့ဟာသူ ပြန်ဖြေနေသည်။ သူ့စကားကို ဦးဘပွားကလည်း ခေါင်းညိတ်ကာ ထောက်ခံသည်။
ဝင်ဆာလမ်း (ယခု ရှင်စောပုလမ်း)မှ ချိုးကွေ့ကာ ပြည်လမ်းပေါ် ထွက်မိတော့ ရွှေတိဂုံစေတီတော်ကြီးကို ထင်ထင်ရှားရှား လှမ်း၍ဖူးမြင်ရသည်။ ဦးကံမြင့်က ပြောလက်စ စကားကို ဖြတ်ကာ ခေတ္တရပ်ပြီး စေတီတော်မြတ်ကြီးအား လက်အုပ်ချီ၍ ကြည်ညိုလိုက်မိသည်။ ရွှေတောင် ရွှေခဲကြီးသဖွယ် ကောင်းကင်ယံကို ထိုးဖောက်၍ တက်နေဟန်ရှိသော စေတီတော်ကြီးကို ဖူးမြင်ရတိုင်း ဦးကံမြင့်သည် မြန်မာပြည်တွင် မြန်မာလူမျိုးတစ်ဦး ဖြစ်ခဲ့ရခြင်းအတွက် ဂုဏ်ယူမိသည်။ ဗုဒ္ဓဘာသာဝင်တစ်ဦး ဖြစ်ရခြင်းအတွက် ကျေနပ်ဝမ်းမြောက်မိသည်။ ပွင့်တော်မူပြီးသော မြတ်ဘုရား လေးဆူတို့၏ အသုံးအဆောင်များနှင့် ဓာတ်တော်များ ကိန်းဝပ်ရာဖြစ်သော ဗိသုကာပညာရပ်အနေနှင့်လည်း အပြစ်တစ်စုံတစ်ရာ ဆိုဖွယ်ရာမရှိအောင် အချိုးအစားကျ ပြေပြစ်လွန်းလှသော ထိုကဲ့သို့သော စေတီတော်ကြီးမျိုးသည် မြန်မာပြည်မှလွဲ၍ မည်သည့်နိုင်ငံတွင်မှ မရှိခဲ့ပေ။
“ကြည့်စမ်းပါဦးဗျာ...ဘယ်လောက်တောင် အချိုးအစားကျပြီး သပ္ပာယ်လိုက်တဲ့ စေတီကြီးလဲ”
“ဟုတ်ပါ့"
ဦးဘပွားက ဦးကံမြင့်၏ဘေးတွင် ယှဉ်လျက်ရပ်ရင်း စေတီတော်ကြီးကို မျှော်ကြည့်သည်။ ပြောသူ ကျေနပ်အောင်..”ဟုတ်ပါ့” ဟု ထောက်ခံလိုက်သော်လည်း ဦးကံမြင့်လိုတော့ ဂုဏ်ယူပီတိစိတ်တွေ လွှမ်းလာဟန် မရှိပေ။
“ကျွန်တော်တော့ ဒီလို သာသနာအစစ်အမှန် ထွန်းကားတဲ့နေရာမှာ လာပြီး လူဖြစ်ရတာ ကိုယ့်ကိုယ်ကို သိပ်ကျေနပ်မိတာပဲ”
နိုင်ငံနှင့် သာသနာအတွက် ဂုဏ်ယူ ပီတိစိတ်တွေ လွှမ်းနေသော ဦးကံမြင့်ကို ငေးကြည့်ရင်း ဦးဘပွားက အံ့သြနေသည်။ သူ့အနေနှင့် အလေးအနက် မရှိခဲ့သည်မှာ အမှန်ပင်။ မြန်မာပြည်တွင် မွေးလာ၍ မြန်မာဖြစ်လိုက်သည်။ ဗုဒ္ဓဘာသာဝင်မိသားစုမှ ဆင်းသက်လာ၍ ဗုဒ္ဓဘာသာဝင်တစ်ဦး ဖြစ်လိုက်သည် ဟူသော သဘောသာရှိသည်။ ထိုမျှထက်တော့ မပိုခဲ့ချေ။ ထို့ပြင် သူသည် မြန်မာပြည်သည် နေပျော်စရာကောင်းလှသော ထိုင်းပြည်တစ်ခုဟု မမြင်ခဲ့ပေ။ မြန်မာလူမျိုးတို့သည် ချစ်ခင်စရာကောင်းလှသည်ဟုလည်း မထင်၊ တော်သည် တတ်သည်ဟူ၍လည်း မတွေး၊ တစ်ခါတစ်ရံတွင် .... “ငါတို့မြန်မာတွေကလဲ ညံ့ပဲညံ့နိုင်ပါ့”ဟုပင် တွေးမိပြီး အားမလို အားမရပင် ဖြစ်မိသေးသည်။
မြန်မာပြည်တွင် မွေးပြီး မြန်မာပြည်တွင် ကြီးခဲ့ပြီမို့သာ မြန်မာပြည်သား ဖြစ်လာရသူတစ်ဦးဖြစ်သည်။ ထို့ကြောင့်လည်း သူ့သား သူ့သမီးတွေကိုလည်း...“ကိုယ့်ပြည်၊ ကိုယ့်မြေကို အရောက်ပြန်လာခဲ့ပါ"ဟု မှာရန် သတိပင်မရခဲ့။ သူကိုယ်တိုင်ကလည်း ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုးကို အထင်မကြီးခဲ့တော့ သူ့သားသမီးတွေကို ရေကြည်ရာ မြက်နုရာတွင် ရှင်သန်ကြ??ဟုသာ ခပ်ပေါ့ပေါ့ သဘောထားခဲ့မိသည်။ အခုတော့ သူ့သဘောထားခဲ့သလိုပင် သားတွေ သမီးတွေက ရေကြည်ရာ မြက်နုရာကို တွေ့ နေကြပေပြီမို့ တစ်ခေါက်တလေ ပြန်လာရန်ပင် စိတ်ဝင်စားကြပုံမရပေ။
“ဒီမှာ ဆရာ..”
ဦးဘပွားက ခပ်ဆတ်ဆတ် ဆက်ခေါ်သည်။
“ဘာသာတရားကို ဆရာ တကယ်ယုံသလား”
“ယုံပြီလားဗျာ...”
“နောင်ဘဝရှိတယ် ဆိုတာကိုရော"
"ယုံတယ်"
“ကံ... ကံ၏ အကျိုးကိုရော”
“သိပ်ယုံတာပေါ့”
လမ်းဘေးက ပျဉ်းမပင်အောက်တွင် ရပ်ရင်း သူတို့နှစ်ဦး တစ်ဦးကိုတစ်ဦး စိုက်ကြည့်နေမိကြသည်။
ဦးဘပွား၏မျက်လုံးများက... “ဘာလို့ ဒါတွေကို ယုံနေရတာလဲ” ဟု အငြင်းပွားချင်သော မျက်လုံးများဖြစ်ပြီး၊ ဦးကံမြင့်မျက်လုံးများကမူ ... “သံသရာ ဝဲသြဃကြီးထဲမှာ သတ္တဝါမှန်သမျှ ကံ.. ကံ၏အကျိုးဆက်တွေနဲ့ နစ်မွန်း လည်ပတ်နေကြရတာပဲ”ဟု နားဝင်လာအောင် ချော့မော့ ပြောပြချင်နေဟန်ရှိသော မျက်လုံးများ ဖြစ်လေသည်။
“ကျွန်တော်ကတော့ ကံကို တယ်မယုံချင်ဘူး”
“ကျွန်တော်ကတော့ အသက်ကြီးလာလေ ကံကို ယုံလေပဲ"
“ကံဆိုတာ အလုပ်ပဲဗျ”
“ဟုတ်တယ်၊ ကံဆိုတာ အလုပ်ပဲ၊ ဒါပေမယ့် ဒီဘဝ လုပ်တဲ့အလုပ်တင် မကဘူး၊ အရင့်အရင် ဘဝတွေက လုပ်တဲ့အလုပ်တွေရဲ့ အကျိုးဆက်လဲ ဖြစ်တယ် ဆိုတာကိုတော့ မေ့လို့ မဖြစ်ဘူး”
ဦးကံမြင့်က ယုံကြည်ပြတ်သားစွာ ပြောသည်။ ဦးဘပွားသည် ဘာပြန်ပြောရမည် မသိ၍ ငြိမ်နေရင်းမှ..."ဒီလောက်ဖြစ်လှတာ.. သူ့နာမည်ကို ဘာလို့များ ဦးကံမြင့် မှည့်နေသေးလဲ၊ ဦးကံယုံလို့ ပြောင်းလိုက်ဖို့ကောင်းနေပြီ” ဟု ဘေးချော်ပြီး စဉ်းစားနေမိသည်။
“ကံဆိုတာကို ဘယ်သူမှ မမြင်နိုင်ပေမယ့် အင်မတန်မှ စွမ်းအားကြီးတဲ့အရာဗျ၊ သူဖန်တီးလာရင်၊ သူစီမံလာရင်၊ သူချုပ်ကိုင်လာရင် ဘယ်သူမှ သူ့ကို အာ မခံနိုင်ဘူး၊ မပြိုင်နိုင်ဘူး၊ သူစီမံရာကို မငြင်းမဆန် နာခံကြရတာပဲဗျ..."
“ဒီလောက်တော့လဲ ဟုတ်မယ် မထင်ပါဘူးဗျ”
ဦးဘပွားက ခပ်ပျော့ပျော့ ငြင်းသည်။ ငြင်းမယ်သာ ငြင်းနေသော်လည်း သူ့ဆီသို့ ဗြုန်းခနဲ ဒိုင်းခနဲရောက်လာသော ကင်ဆာဆိုသည့်ရောဂါကို သတိရနေသည်။ သူ့အလိုလို ဖြစ်လာသော ထိုရောဂါကို မဖြစ်အောင် သူ မတားနိုင်။ ဖြစ်လာပြီ ဆိုတော့လည်း ပျောက်အောင် သူ မတတ်နိုင်ခဲ့ပေ။ ထိုသို့ဖန်တီးလာသော ကံကို မည်သည့်ဉာဏ်၊ မည်သည့်ဝီရိယနှင့်မှ ယှဉ်ပြိုင်ပြီး အနိုင်ယူနိုင်မည်မဟုတ်ကြောင်းကို အတွင်းစိတ်က သိနေသော်လည်း ရလို့ရငြား ကြိုးစားပြီး တွန်းလှန်ကြည့်ချင်သေးသည်။ သူတို့နှစ်ဦးလုံး ထိုဝေဒနာကို တစ်ပြိုင်နက်တည်း သတိရမိကြသော်လည်း နှစ်ဦးလုံးက ထိုအကြောင်းကို စကားစပ်၍ မပြောပဲ မေ့ချင်ဟန်ဆောင်နေမိကြသည်။
“ဒီလိုဆိုရင် ငါ့မှာ ကင်ဆာနဲ့ သေရမယ့်ကံ ပါနေတယ်ပေါ့၊ မသေခင် သားတွေ သမီးတွေနဲ့ ဝေးရမယ့်ကံလဲ ပါနေတယ်ပေါ့”
ဦးဘပွားက ခါးသီးစွာ တွေးမိသည်။ ပင့်သက်ကို ရှိုက်ကာ အပေါ်ဘက် မော့ကြည့်လိုက်တော့ သူ့ခေါင်းအပေါ်ဘက်တွင် ခရမ်းရောင် ပျဉ်းမပန်း အဖူးအငုံများကို ဝေဝေဆာဆာ တွေ့ရသည်။ ပျဉ်းမပန်းများကို မည်သူကမျှ တမြတ်တနိုး ခူးယူခြင်းမရှိ။ ပန်းအလှလည်း မပြင်၊ ဘုရားအိုးလည်း မထိုး၊ ပန်ဆင်ခြင်းလည်း မပြု။ သို့သော်လည်း အချိန်ရာသီ တစ်နှစ်လည်ပြီး သူ့ပွင့်ချိန်ရောက်လာလျှင် သည်ပန်းများက ဝေဝေဆာဆာ ဖူးပွင့်မြဲဖြစ်သည်။ သူ့မိခင် ပင်မကြီးကို အဖူးတွေ၊ အပွင့်တွေနှင့် အလှဆင်မြဲဖြစ်သည်။ ရာသီကုန်ဆုံးတော့လည်း တိတ်တိတ်ဆိတ်ဆိတ်လေး ပျောက်ကွယ်သွားတတ်ကြသည်။
“ဒီ ပျဉ်းမပန်းတွေ တုံးတဲ့အချိန်ကျရင် ငါ သေခါများ နီးမလား၊ ဒါမှမဟုတ် သေများ သေနေပြီလား”
ဦးဘပွားက တွန့်ဆုတ်ဆုတ် တွေးလိုက်မိသည်။ တကယ်သေရန် မဆိုထားနှင့်၊ သေဖို့အတွေးကိုပင် ရဲရဲဝံ့ဝံ့ မတွေးရဲဘဲ ရင်ထဲတွင် လှိုင်းခတ်လာချင်သည်။
“ပျဉ်းမပန်းတွေ ပျောက်သွားသလို ငါလဲ လူ့လောကထဲက ပျောက်ရတော့မှာပါလား။ ငါ့ကို သတိထားမိတဲ့သူ၊ သတိရမယ့်သူ၊ တမ်းတမယ့်သူလဲ ကျန်ခဲ့မှာ မဟုတ်ပါဘူး”
ဦးဘပွားက တွေးရင်း ဝမ်းနည်းလာသည်။ သူ၏ အသုဘတွင် ဝမ်းနည်းပန်းနည်း ငိုမည့်သူပင် ရှိလိမ့်မည် မဟုတ်ဟု ရုတ်တရက် တွေးမိပြီး ရင်ထဲတွင် နာကျင်သွားသည်။
ဆက်ရန်
-------------------
#မစန္ဒာ
0 Comments