ကျွန်မက မချောပါဘူး - ခင်နှင်းယု (ပထမပိုင်း)

#ကျွန်မက မချောပါဘူး

(၁) 

“တစ်မတ်ထက်ပိုရင် ကျွန်မအဖို့ အမြတ်ကြီးပဲ”

ကျွန်မ ပြောစကားကို ဒေါ်ဒေါ်မုံး နားမလည်ပါ။ တစ်မတ် ဆိုတာကိုတော့ သူသိပါသည်။ 

သူသည် တစ်မတ်ခေတ်ကို ဖြတ်သန်းလာခဲ့သည်။ ၂၅ ပြား ဆိုသော အသုံးအနှုန်းကိုက ယခုမှ ဖြစ်ပေါ်လာပါသည်။ တစ်မတ် အကြောင်း ဆက်လက် မမေးဘဲ သူနားလည်သမျှ ကျွန်မ လုပ်ရမည့် အလုပ် အခြေအနေကို ရှင်းပြပါသည်။ 

“ပထမဆုံး မမနဲ့ တွေ့ရမှာပဲလေ။ မမက ညည်း ဘာလုပ်ရမယ် ဆိုတာကို ပြောမှာပေါ့။ ပြီးတော့ နေရာ ပေးဦးမှာ၊ သူ့အဒေါ်က ပို့လိုက်တာ ဆိုတော့ ညည်းကို ယုံကြည်စိတ်ချမှာပါ”

ကျွန်မကို အလုပ်တာဝန် ပေးမည့်သူက ယုံကြည်စိတ်ချမှုကိုတော့ ခံယူချင်ပါသည်။ ကျွန်မ တစ်ခါမှ သူများအိမ်မှာ အလုပ် မလုပ်ခဲ့ဖူးသလို လခစားလည်း မလုပ်ဖူးပါ။ ရုံးတွေ ဘာတွေမှာ လုပ်ဖို့ ကျွန်မ ပညာအရည်အချင်းက ၇ တန်းပဲ ရှိပါသည်။ အပြင်စာတွေ အများကြီး ဖတ်ပါသည် ဆိုပေမဲ့ စာဖတ်ခြင်းကို အတန်းပညာလောက် အရေးထားခြင်း ခံရမည် မဟုတ်။ ယခု အလုပ်မှာတော့ အတန်းပညာ လိုမည် မထင်ပါ။ ပထမအဆင့် ဒေါ်ဒေါ်မုံးနှင့် တွေ့ရခြင်းကို ကျွန်မ စိတ်ချမ်းမြေ့ပါသည်။ နောက်ပိုင်းတွင်လည်း အဆင်ပြေ ကောင်းပါရဲ့။ ဒေါ်ဒေါ်မုံးက အသစ်စက်စက် မဟုတ်သော်လည်း သန့်ရှင်းသော အဝတ်များကို သပ်သပ်ရပ်ရပ် ဝတ်လိုက်၏။ 

“ကျွန်မတို့က ဘယ်သွားမှာလဲ”

“အိမ်ကြီးကိုလေ”

ကျွန်မတို့ အစေခံတန်းလျားနှင့် အိမ်ကြီးမှာ ပေ ၃၀ လောက်ပဲ ကွာပါသည်။ အောက်ထပ်မှာ ကားဂိုထောင် နှစ်ခုရှိ၍ အပေါ်ထပ်မှာ ဒေါ်ဒေါ်မုံးတို့လင်မယားတစ်ခန်း၊ ကျွန်မတစ်ခန်း နေရပါသည်။ ကျွန်မက သူ အဝတ်အစား သပ်သပ်ရပ်ရပ် ဝတ်ထား၍ အပြင်သွားမည် ထင်သောကြောင့် မေးခြင်း ဖြစ်ပါသည်။ 

“မီးဖိုမှာ ငါ ချက်ပြုတ်နေတဲ့အခါ စုတ်စုတ်ပြတ်ပြတ် ဝတ်တာကို မမက မကြိုက်ဘူး၊ ကိုဖြိုးလည်း ကားမောင်းရင် တိုက်ပုံအင်္ကျီ အဖြူနဲ့ လုံချည် နီညိုရောင် ယောအဆင် ဝတ်ဖို့ သူ သက်သက် ဝယ်ပေးထားတယ်”

ကိုဖြိုးဆိုသူမှာ သူ့ယောက်ျား ဘကြီးဖြိုးကို ဆိုလိုခြင်းဖြစ်ပါသည်။ 

“ညည်းကိုလည်း သူ အဝတ်အစား ပေးမှာပါ” 

“ဘာပဲ ပေးပေးပေါ့လေ၊ ကျွန်မ ပြောထားတယ် မဟုတ်လား၊ တစ်မတ်ထက် ပိုရင် အမြတ်ပါလို့” 

“ဘာကိုပြောတာလဲ” 

“ကျွန်မ ငယ်ငယ်တုန်းက ကျောင်းနေတာ တစ်လ တစ်မတ် ပေးရတယ်၊ ဒီတော့ အရင်း တစ်မတ်ထက် ပိုရင် အမြတ်ကြီးပဲပေါ့”

သူ့မျက်နှာကြည့်ရသည်မှာ အဓိပ္ပါယ် ရှင်းလင်းသွားပုံ မရပါ။ ကျွန်မလို သူ ကျောင်းနေဖူးချင်မှလည်း နေဖူးပေလိမ့်မည်။ သူ့မျက်နှာမှာ အေးချမ်း၍ အစဉ် ရိုသေကျိုးနွံသော မျက်နှာမျိုး ဖြစ်သည်။ ကျွန်မကိုလည်း ခင်မင်တွယ်တာပုံရသည်။ 

“ကဲ လာလေ၊ သွားကြစို့” 

သူက ရှေ့မှ ထွက်သွားသည်။ ကြည့်ရသည်မှာ အသက် ၅၀ ကျော်လောက် ရှိပေမဲ့ အသားဖြူဖြူ ခပ်တုတ်တုတ် သွားလာသည်မှာ သွက်လက်သည်။ မျက်နှာဝိုင်းဝိုင်း ပါးစုန့်ဖောင်းဖောင်းနှင့် မျက်လုံးလေးတွေက ကြည်လင် အေးမြပုံရသည်။

ကျွန်မတို့ အိမ်ကြီးဆီ ရောက်တော့ မီးဖိုတံခါးကို ဖွင့်လိုက်သည်။ သူသည် နံနက်စာအတွက် ပြင်ဆင်နေသည်။ ကျွန်မကတော့ တတ်သမျှ မှတ်သမျှ ကူပါသည်။ မီးဖိုကြမ်းပြင်သည် သန့်ရှင်း၍ ကျောက်ပြားဖြူများ ခင်းထားသည်။ အုတ်နံရံကာ အဖြူရောင် ပန်းကန်ဆေးသည့် ကြွေဇလုံ လေးထောင့်ကလည်း ဖြူဖွေးနေသည်။ မီးဖိုနှင့်မတူ အဖြူရောင်များနှင့် တောက်ပနေသည့် အိပ်ခန်းတစ်ခုနှင့် တူသည်။ အဖြူရောင်ကို ကြိုက်သော ကျွန်မ၊ ခေါင်းအုံးလေးနှင့် လှဲ၍သာ အိပ်လိုက်ချင်ပါသည်။ သူသည် ကြောင်အိမ်ထဲမှ ပေါင်မုန့်များကို ယူကာ ပါးပါးလှီး၍ ပေါင်မုန့်ကင်ကိရိယာလေးထဲ ထည့်လိုက်၏။ 

ပြီးတော့ လူတစ်ရပ်လောက် မြင့်သည့် ရေခဲသေတ္တာထဲမှ ကြက်ဥ ထုတ်လိုက်သည်။ ကြက်ဥကို အလုံးမပျက် ကြော်ပုံမှာ အတုခိုးစရာ ဖြစ်၍ ကျွန်မ သေချာစွာ ကြည့်နေသည်။ ခါးသာသာ မြင့်သော မီးဖိုက လျှပ်စစ်မီးဖို အရှင်လေးခုနှင့် ဖြစ်သည်။ အိုးမည်းတွေနှင့် ကျပ်ခိုးတွေ အလိပ်လိပ် တက်နေသော ကျွန်မအဒေါ် မီးဖိုချောင်မှ ထွက်လာသော ကျွန်မအဖို့ ကြွေရည်အဖြူသုတ် မီးဖိုနှင့် မီးရောင် ပြာလဲ့လဲ့ကို တအံ့တဩ ကြည့်နေမိပါသည်။ ဒေါ်မုံး၏ လက်နှီးများသည် ဒါကြောင့် ဖြူဖွေးနေခြင်းဖြစ်သည်ဟု ကျွန်မ သဘောပေါက်သွားသည်။ ဤမီးဖိုမှာ အိုးမည်း၊ ကျပ်ခိုးတို့ကို ရှာမတွေ့ပါ။ 

“အမား ...”

မီးဖိုအပြင်မှ အော်သံကြောင့် ကျွန်မ လန့်သွားသည်။ 

“ရော့ ဒီနို့အိုး ယူသွား၊ ရာဂျစ်ဆီက နို့ယူလိုက်” 

ပြောင်လက်တောက်ပနေသော ကြွေရည်သုတ်အိုးမှာ လက်တန်းလေး တပ်ထားသည်။ လက်တန်းမှ နို့အိုးကို ကိုင်ကာ ကျွန်မ ခြင်ဆန်ခါတံခါးကို ဖွင့်လိုက်၏။ ဟိန္ဒူကုလားကြီး မုတ်ဆိတ်မွေးဖြူဖြူနှင့် သူ့နို့ နှစ်ပုလင်းကို ကျွန်မ အိုးထဲ လောင်းထည့်ကာ ပြန်ထွက်သွားသည်။ 

“ကဲ ... ဒီ တစ်ဖက် အားတဲ့ ဖိုအပေါ်ကို နို့အိုး တင်ထားလိုက်။ မဝေအောင် စောင့်ကြည့်” 

ကျွန်မသည် နှစ်တောင်လောက်ကျယ်သော လေးထောင့်မီးဖို ဖြူဖြူပေါ်မှ ခွင်လေးခုကို စူးစိုက်ကြည့်နေမိသည်။ တစ်ခွင်မှာ ရေနွေးအိုး တည်ထားသည်။ ပေါင်မုန့်ကင်ကိရိယာလေးမှာ ပေါင်မုန့်ကျက်သွားပြီ ဖြစ်၍ ချောက်ခနဲ မြည်ကာ မုန့်ချပ်တွေ အပေါ် ထောင်တက်လာသည်။ စိတ်ချမ်းသာစရာပဲ၊ နီနီထွေးထွေး အလောတော် ပေါင်မုန့်ချပ်လေးတွေ၊ မီးနှင့်သာ ကင်မည် ဆိုလျှင် တူးသွားမည်။ မတူးလည်း အရောင် လှပညီညာမည် မဟုတ်။ 

ဒေါ်မုံးက မုန့်ချပ်ကို ယူကာ ထောပတ်ပါးပါး သုတ်လိုက်သည်။ ကြက်ဥကြော်ကိုလည်း ပန်းကန်ပြားတစ်ချပ်ပေါ် တင်လိုက်သည်။ ပြီးတော့ ရေခဲသေတ္တာ ဖွင့်ပြန်သည်။ အထဲမှ လိမ္မော်ရည်ပုလင်းတစ်လုံး ထုတ်လိုက်သည်။ ဖန်ခွက် ပြားပြားလေးထဲသို့ လိမ္မော်ရည် လောင်းထည့်လိုက်သည်။ ယွန်းဗန်းလေးထောင့်ပေါ်မှာ ကြက်ဥကြော်၊ ပေါင်မုန့်မီးကင်၊ လိမ္မော်ရည် တစ်ဖန်ခွက်။ 

“ကဲ ... နို့ဆူပြီ ထင်တယ်” 

ဟုတ်၏။ ဒေါ်မုံး အမေးနှင့် အံကိုက် နို့က ဆူလာပြီ။ ကျွန်မသည် နို့အိုး ချလိုက်၏။ 

“ပန်းကန်စင်ပေါ်က ကော်ဖီပန်းကန် ယူလိုက်” 

ကျွန်မသည် ကော်ဖီပန်းကန် အလုံးနှင့် အပြားတစ်ချပ် ယူလိုက်သည်။ ဒေါ်မုံးက နို့ထည့် ကရားဖြူ ရှည်ရှည်လေးထဲ နို့တွေ လောင်းထည့်လိုက်သည်။ ဖန်ပန်းကန် အငယ်တစ်ခုထဲမှာ သကြားက သတ်သတ် ထည့်ထားသည်။ နို့နှင့် သကြားကို တခြားယွန်းလင်ဗန်း တစ်ချပ်ပေါ် တင်လိုက်၏။ ပြီးတော့မှ ကျွန်မပေးသော ကော်ဖီပန်းကန် အစုံအလွတ်ကို ဗန်းထဲ ထည့်လိုက်သည်။ 

“တီ”

ရှည်လျားသော လျှပ်စစ်ခေါင်းလောင်းသံ ပေါ်လာသည်။ 

“ဟော ... မမ အဆင်သင့် ဖြစ်ပြီ။ ကဲ ... လေးခင် နို့ဗန်းယူ ငါ့နောက် လိုက်ခဲ့” 

ဒေါ်မုံးက ကျွန်မရှေ့မှ ပေါင်မုန့်ဗန်းကို ယူကာ ထွက်သွားသည်။ ကျွန်မက သူ့နောက်မှ နို့ကရား ပါသော ဗန်းကိုယူကာ လိုက်သွားပါသည်။ သံဆန်ကာတံခါးကို ဖွင့်လိုက်၍ ကျယ်ဝန်းသော ထမင်းစားခန်းကို ဖြတ်ကျော်သွားရသည်။ ထမင်းစားခန်းကြီးကို နောက်မှ သေသေချာချာ ကြည့်ရဦးမည်။ ယခုတော့ ဒေါ်မုံးကို အမီလိုက်ရသည်။ သူသည် ထမင်းစားခန်းကို ဖြတ်၍ ဘေးပေါက်ကို ဖွင့်ကာ လှေကားပေါ် တက်သွားသည်။ လှေကားမှာ နက်ပြောင် တောက်ပနေသည်။ တော်ပါသေး၊ လှေကားထစ်များ အလယ်မှာ ကော်ဇောအစိမ်း ခင်းထား၍ ခြေမချောပါ။ ကျွန်မ နို့ဗန်းကို သတိထားကိုင်ကာ လိုက်သွားရသည်။ အပေါ်ထပ်မှာ ကျယ်သော ခန်းမကြီးတစ်ခုကို တွေ့ရသည်။ ခန်းမကြီးက ရှေ့ဘက်ထိ ဟင်းလင်း ဖြစ်နေသည်။ ရှေ့ဘက် တံခါးမကြီးမှာ အစိမ်းရင့်ရောင် ပွင့်ခက်တွေနှင့် ဇာခန်းစည်းကြီး ချထားသည်။ ခန်းမကြီး၏ ညာဘက် ဝဲဘက်မှာ အခန်းကြီးလေးခု ပိတ်ရက် တွေ့ရသည်။ ညာဘက် အရှေ့ခြမ်းရှိ အခန်းတစ်ခုဆီသို့ ရှေးရှု သွားနေသည်။ သူသည် အခန်းဝမှ ရပ်ကာ၊ တံခါးဘုလေးကို လက်တစ်ဖက်နှင့် အသာ လှည့်လိုက်၏။ 

“ဝင်ခဲ့ ဒေါ်မုံး ...”  

ကြည်လင်စူးရှသော အသံတစ်ခု အခန်းထဲမှ ကြားရသည်။ ဘာဖြစ်၍မှန်း မသိ၊ ကျွန်မ တုန်လှုပ်သွားသည်။ အသံလာရာသို့ ကျွန်မ မကြည့်မိ၊ ဒေါ်မုံး ဘာလုပ်သည်ကိုသာ ကျွန်မ ကြည့်သည်။ တံခါးအတွင်းဘက်ရှိ စားပွဲတစ်ခု ပေါ်မှာ သူ၏ဗန်းကို တင်သလို ကျွန်မလက်ထဲမှ ဗန်းကို တင်လိုက်၏။ ပြီးတော့ ဒေါ်မုံးလိုပင် စားပွဲဘေးမှာ မတ်တတ်ရပ်လိုက်၏။ စားပွဲပေါ်မှာ မုန့်စားပန်းကန်နှင့် ဇွန်းခက်ရင်းများ အဆင်သင့် ရှိနေသည်။ 

“သူက အန်တီဝင်း ပို့လိုက်တဲ့ မိန်းကလေးလား”

အသံရှင်ဘက်သို့ ကျွန်မ မျက်နှာလှည့်လိုက်ပါသည်။ 

“ဟုတ်ပါတယ် မမ” 

ဒေါ်မုံးက ဖြေသည်။ 

“နာမည်က” 

“လေးခင်ပါ” 
 
မမ ဆိုသူသည် ဆိုဖာတစ်ခုပေါ်မှ ကျွန်မကို လှမ်းကြည့်သည်။ နေရောင်ခြည်များ လင်းနေသော အိပ်ခန်းကျယ်ကြီးကို ကျွန်မ ကြည့်လိုက်မိသည်။ အိပ်ခန်းထဲမှာ ဆိုဖာတစ်စုံ ရှေ့ဘက် နံရံမှာ ကပ်လျက်၊ ပြီးတော့ မှန်တင်ခုံ၊ မှန်တင်ခုံ ဘေးမှာ တစ်ယောက်အိပ် ခုတင်ပုပုလေး ပေါ်တွင် ခေါင်းအုံးနှင့် အိပ်ရာခင်း ပန်းရောင်ဖျော့ဖျော့ ဆင်တူ ခင်းထားသည်။ ခြေရင်းတွင် သားမွေးစောင်တစ်ထည် ပုံရက်။ ဒေါ်မုံးက ခုတင် ရှိရာသို့ သွားကာ အိပ်ရာကို သပ်သပ်ရပ်ရပ် ပြင်ဆင်နေသည်။ ကျွန်မတို့ စားသောက်စားပွဲ ရှိရာသို့ မမ ထလာသည်။ မမသည် ကတ္တီပါ အစိမ်းရောင် လွှာဖိနပ်လေးကို စီးထားသည်။ သူ့ကိုယ်မှာ ခြေဖျားထိ ရှည်သော ပိုးပါးစိမ်းဖျော့ဖျော့ အင်္ကျီ ဝတ်ထားသည်။ အရပ်ရှည်ရှည် မြင့်မြင့်နှင့် အသားဖြူလှသည်။ မျက်ခုံးမွေးတွေမှာ တောက်ပသော မျက်လုံးပေါ်မှာ မျဉ်ကြောင်းလေးလို သေးသွယ်ရှည်လျားလှသည်။ နှာတံပေါ်၍ နှုတ်ခမ်းမှာ ပါးလျားသော်လည်း ဖြူဖျော့ဖျော့ ဖြစ်နေသည်။ ခေါင်းမှာ ဆံပင်ကို ပလပ်စတစ် အချောင်းတွေနှင့် အလိပ်အလိပ် လုပ်ထားသည်။ သူ့ကို ကြည့်ရသည်မှာ အရုပ်တော့ မဆိုးပါ။ လှသည် ဆိုသည်ထက် ကြည့်လို့တော့ ကောင်းပါသည်။ သို့သော် လန်းဆန်းနုပျိုခြင်းမရှိသလို ဖြစ်နေသည်။ သူ့အသက်ကို လေးဆယ်လောက် ခန့်မှန်းရပါသည်။ 

စားပွဲရှေ့ ကုလားထိုင်မှာ မမ ထိုင်လိုက်သည်။ ကျွန်မ ဘာလုပ်ရမှန်း မသိ။ ရင်ကလည်း တဒိတ်ဒိတ် ခုန်လာသည်။ ဖြူသွယ်သော လက်ချောင်းများနှင့် လိမ္မော်ရည်ခွက်ကို မမ လှမ်းယူပါသည်။ လက်သည်းလေးတွေက ချွန်မြနီထွေး နေသည်။ မမ လိမ္မော်ရည် သောက်နေပုံကို ကျွန်မ တအံ့တဩ စူးစိုက်ကြည့်နေမိပြီးမှ သတိရ၍ မျက်လွှာချလိုက်မိပါသည်။ သူတစ်ပါး စားနေသည်ကို စူးစိုက်ကြည့်နေခြင်းမှာ ရိုင်းရာကျမည်လား။ မမ ဘာကို လိုသည်ကိုလည်း ကျွန်မ သိဖို့ လိုပါသည်။ မျက်လွှာချ၍ မတ်တတ်ရပ်နေရခြင်းမှာ ကြာလှသည်ဟု ထင်ပါသည်။ 

“မင်းနာမည် ... ဘာယ်သူလဲ” 

“လေးခင်ပါ မမ ...”

ကျွန်မ သွက်လက်စွာ ဖြေလိုက်ပြီး ခေါင်းမော့လိုက်ပါသည်။ 

“ဘယ်မှာ လုပ်ဖူးလဲ” 

“မလုပ်ဖူးပါဘူး” 

“စာကော သင်ဖူးလား” 

“ကျွန်မ ခုနစ်တန်းအထိ သင်ဖူးပါတယ်” 

“အေးလေ၊ ခုနေဖို့ အိပ်ခန်းပေးမယ်။ ထမင်းလည်း ကျွေးမယ်။ လခတော့ ၁၀၀ ပေးမယ်။ မင်း လုပ်ရည်ကိုင်ရည် ကြည့်ပြီး တစ်လကြာတော့ မမ လခတိုးပေးမယ်၊ ကျေနပ်လား” 

“ကျေနပ်ပြီးသားပါ မမ”  

ဒီအဖြေကို ကျွန်မ ဖြေသည်မဟုတ်၊ ဘယ်အချိန်က ရောက်နေမှန်း မသိသော ဒေါ်မုံးက ကျွန်မအနား လာရပ်ကာ ဖြေလိုက်ပါသည်။ 

“သူက တစ်မတ်ထက် ပိုရင် အမြတ်ကြီးပဲတဲ့” 

ဒေါ်မုံးက ဆက်ပြောပြန်ပါသည်။ 

“ဘာတဲ့ လေးခင်၊ တစ်မတ် ... ဘာ တစ်မတ်လဲ” 

ကျွန်မသည် မမ အမေးကို ဖြေရပါတော့မည်။ ဒီတစ်မတ် အကြောင်းကို ကျွန်မက စခဲ့သည်ပဲ။ 

“ဟုတ်ကဲ့ မမ၊ ကျွန်မတို့ မြို့က ဒိစကြိတ်မြို့လေးပါ။ အထက်တန်းကျောင်း ရှိပါတယ်။ ဒါပေမင့် ကျွန်မတို့ နေတာက မြို့ပြင် တာဝိုင်းကြီးမှာ နေပါတယ်။ ကျွန်မ အဖေက ခြံလုပ်ပါတယ်။ အမေကတော့ မမာလှဘူး။ အဖေ့ကို ကူရ၊ အမေ့ကို ပြုစုရနဲ့၊ ကျွန်မ ကျောင်းမနေရဘူး။ တာဝိုင်းကြီးကနေ မြို့ကို ဖြတ်ပြီး၊ မြို့နောက်က ကျောင်းကို တက်ရတာ ဝေးလွန်းလို့ပါ။ ကျွန်မတို့ ရပ်ကွက်ထဲမှာ ကျွန်မလို ကျောင်းမတက်နိုင်တဲ့ ကလေးတွေအတွက် ဆရာ ကိုဌေးအောင်ရယ် ညကျောင်း ဖွင့်ထားတယ်။ သူ့ကျောင်းက တစ်လ တစ်မတ် ပေးရတယ်။ ကျွန်ုမလည်း ဒီညကျောင်းက ၇ တန်း အလွတ်ဖြေပြီး အောင်ခဲ့ပါတယ်။ ဒီတော့ ကျွန်မဘဝမှာ အရင်းက တစ်မတ်ပဲ ရှိလို့၊ တစ်မတ်ထက် ပိုရင် အမြတ်လို့ ပြောတာပါ” 

မမက ခေါင်းလေး ညိတ်ကာ ညိတ်ကာနှင့် လှပစွာ ပြုံးပါသည်။ 

“မင်းအမေကော ခု နေမကောင်းတုန်းပဲလား” 

“အဖေရော အမေရော မရှိတော့ပါဘူး၊ တာကြီးပိုင်းက ခြံကလေးကို ရောင်းပြီး အဒေါ်နှင့် အတူနေပါတယ်။ အဒေါ်က ဆေးလိပ် လိပ်ပါတယ်” 

“အန်တီဝင်း ဆေးလိပ်ခုံမှာ ထင်တယ်”

“ဟုတ်ကဲ့” 

“တခြားလခစား လုပ်ဖို့ ကြိုးစားကြည့်သေးလား” 

မမ မေးခွန်းကို ရုတ်တရက် ကျွန်မ မဖြေသေးပါ။ ကျွန်မလို ခုနစ်တန်းနှင့် လခစားအလုပ် ဘာအလုပ် လုပ်ရမှန်း မသိတာ။ မြို့ထဲမှာ ကျွန်မ သူငယ်ချင်း ၁၀ တန်းအောင်သူ တစ်ယောက် ရှိပါသည်။ သူတောင် လက်နှိပ်စက် သင်ပြီး၊ အလုပ်လျှောက်တာ မရခဲ့ပါ။ မမကို ဒီအကြောင်း ပြန်ပြောရ ကောင်းမည်လား။ ကျွန်မသည် မမကို လေးစားစွာ မော့ကြည့်ရင်း “ကြိုးစားကြည့်ပါသေးတယ်” ဟု ဖြေလိုက်ပါသည်။ 

“ဘယ်မှာလဲ၊ ဒီရန်ကုန်မှာလား၊ မင်းတို့မြို့ မှာလား” 

မမက စိတ်ဝင်စားစွာ မေးနေသည်ကို ကျွန်မ ကျေနပ်မိပါသည်။ 

“ရန်ကုန်မှာပါ၊ ဒါပေမဲ့ မရပါဘူး။ ကျွန်မက ပညာကလည်း ၇ တန်း၊ သူငယ်ချင်းလိုလည်း လက်နှိပ်စက် မတတ်ဘူး”

“အေး အေး မင်း ဒီလို ပွင့်ပွင့်လင်းလင်း ပြောတာ၊ မမ ကြိုက်သွားပြီ။ ကဲ ဒေါ်မုံး သူ့ကို နေရာပေး၊ လိုအပ်တာတွေလည်း ပေးလိုက်၊ အင်္ကျီတိုင်းလည်း ကျွန်မ အလုပ်တိုက်သွားရင် ပေးလိုက်” 

မမ နံနက်စာစားဖို့ ပြင်လိုက်ခြင်းဖြင့် ကျွန်မတို့ အပြင်ထွက်ဖို့ အချက်ပြလိုက်ခြင်း ဖြစ်ပါသည်။ ဒေါ်မုံးက တံခါးရှိရာသို့ ထွက်အသွား၊ ကျွန်မက နောက်မှ လိုက်ပါသွားသည်။ အခန်းပြင် ရောက်တော့ ... 

“ လေးခင်က ပေါတောတောပဲ” ဟု ဒေါ်မုံးက မှတ်ချက်ချပါသည်။ 

* * *

(၂) 

ကျွန်မရသော အခန်းလေးမှာ မမတို့ အိပ်ခန်းကျယ်ကြီးများ၏ နောက်ဘက် အစွန်ဆုံး ၁၀ ပေခန့် ကျယ်သော အခန်းကျဉ်းလေး တစ်ခု ဖြစ်သည်။ ပြတင်းပေါက် တစ်ခုရှိ၍ လေကောင်းစွာ ရပါသည်။ အခန်းနံရံများက စိမ်းဖျော့ဖျော့ သုတ်ထားသည်။ ခုတင်တစ်လုံး၊ စားပွဲတစ်လုံး ရှိသည်။ ဒေါ်မုံးပေးသော ပစ္စည်းများထဲတွင် ကျွန်မ အကြိုက်ဆုံးက အသစ်စက်စက် မဟုတ်သော်လည်း ဖွပ်လျှော်ပြီးသား အိပ်ရာခင်း အဖြူနှင့် ခေါင်းအုံးစွပ် ဖြစ်ပါသည်။ ခြင်ထောင်ကတော့ ပေါင်းတည် ဇာခြင်ထောင်၊ ပြီးတော့ အညာစောင် နီညိုစင်း တစ်ထည်။ မမကို များစွာ ကျေးဇူးတင်ပါသည်။ လက်ဖက်ရည်ဆိုင် ဘေးမှာ အဒေါ်နှင့် အတူနေစဉ်က ကျွန်မ ရသမျှ ပိုက်ဆံနှင့် စာအုပ်ငှားဖတ်ပါသည်။  ဒီစာအုပ်တွေထဲမှာ ဝတ္ထုစာအုပ်တွေ ပါပါသည်။ ဝတ္ထုတချို့ထဲမှာ သူဌေးတွေအိမ်မှာ အလုပ်လုပ်ရသော မိန်းကလေးတချို့ အစားဆင်းရဲ အနေဆင်းရဲတာတွေ ဖတ်ဖူးပါသည်။ 

ရန်ကုန်မှ မမအိမ် ရောက်သည်မှာ ကျွန်မဘဝ ကဏ္ဍသစ်တစ်ခု ဖွင့်လိုက်သလိုပါပဲ၊ အဒေါ်၏အိမ်မှာ ကျွန်မ ခဏခဏ အဆူခံရသည်။ ကျွန်မကလည်း ကျွန်မပါပဲ၊ ဟင်းကို ဘာနဲ့ စားရစားရ စားနိုင်ပါသည်။ များသောအားဖြင့် ဟင်း ဆိုတာကလည်း ဟင်းချို တစ်ခွက်နှင့် ငါးပိရည်ဖျော် ကောင်းကောင်း တို့စရာပါပဲ၊ တစ်လ တစ်ခါလောက်တော့ အဒေါ် ဝက်သား ဝယ်လာတတ်ပါသည်။ ဘာနဲ့ စားရစားရ ကျွန်မ မငြိုငြင်ပါ။ အဝတ်အစား ဆိုလည်း အပြင်ထွက်ဖို့ အကောင်းတစ်စုံပဲ ရှိပါသည်။ အိပ်ရာကိုတော့ တတ်နိုင်သလောက် အိပ်ရာခင်း ဖြူဖြူနှင့် အိပ်နိုင်အောင် ကြိုးစား ဖွပ်လျှော်ပါသည်။ အဒေါ့် အိပ်ရာကိုပါ ကျွန်မ လုပ်ပေးပေမင့်

“ရေက ဒီမှာ ဝယ်သုံးရတာ၊ ဆပ်ပြာ ဘယ်လောက်ဈေးကြီးတယ် ဆိုတာကော သိလား၊ ကိုယ့်ဘဝကိုယ် နားလည်မှပေါ့” ဟု ဆူပါသည်။ 

“အဒေါ်ရယ် အစားရော၊ အဝတ်ရော၊ အားလုံး ခြိုးခြံပါတယ်။ ဘာမှ မတပ်မက်ပါဘူး၊ အိပ်ရာခင်း ဖြူဖြူလေး တစ်ခုကိုတော့ တပ်မက်ပါရစေ” ဟု ကျွန်မက ပြောခဲ့ဖူးပါသည်။ 

ဘာပြောပြောလေ၊ အဖေ ရှိတုန်းက ခြံထဲမှာ ရေတွင်း ရှိသည်။ ရေပေါပေါနှင့် ကျွန်မ အဝတ်ဖွပ်သည်။ အမေ့ခမျာ မမာရလွန်းလို့ လူမမာစော် နံရသည့်အထဲ စောင်ခြင်ထောင် အိပ်ရာခင်းတွေ မသန့်လျှင် ဘယ်မှာ စိတ်ချမ်းသာမှာလဲ၊ နေရောင်ထဲမှာ ခြောက်သွေ့သွားသော အိပ်ရာခင်း စောင်တွေ ရနံ့တို့က မွှေးပျံ့ လတ်ဆတ်နေသလိုပါပဲ။ ဘယ်လိုပဲ ဆင်းရဲ ဆင်းရဲ အဖေတို့ အမေတို့ အဝတ်အစား အိပ်ရာတွေကတော့ အမြဲ သန့်ရှင်းနေအောင် ကျွန်မ ကြိုးစားဖွပ်သည်။ ဆင်းရဲပါသည် ဆိုကာမှ ခေါင်းအုံးက ဆီချေးစော်နံ၊ စောင်တွေ ခြင်ထောင်တွေက ချဉ်စုတ်စုတ် ချွေးနံ့တွေနှင့် ကျွန်မ အလွန်အော်ကလီဆန်တတ်ပါသည်။ အဖေတို့ အမေတို့ ကြေးညှော်နံ့ ကင်းသော အိပ်ရာပေါ်မှာ သေသွားရသည်ကိုပဲ စိတ်ဖြေသာပါသည်။ သည်တုန်းက ရေကလည်း ပေါပါသည်။ ယခုတော့ အဖေလည်း မရှိတော့ပါ။ အမေလည်း အိပ်ရာဖြူဖြူလေးပေါ်မှာ နောက်ဆုံး အိပ်သွားခဲ့ပါပြီ။ ကျွန်မတို့ ခြံကလေးကို ရောင်း၍ အမေ့ရောဂါကြောင့် တင်သောကြွေးတွေ ကျွန်မ ဆပ်လိုက်ပါသည်။ 

အဒေါ့် အိမ်မှာ ဆိုတော့ ရေကလည်း ဝယ်သုံးရသည်။ အဒေါ် စိတ်တိုင်းကျ ကြည့်နေရသည်ပဲပေါ့။ ကျွန်မ အရောင်းအဝယ်လုပ်ခဲ့တုန်းက ကျန်ငွေလေးနှင့် အိပ်ရာခင်းဖြူဖြူ အခြေအနေကို ထိန်းခဲ့ပါသည်။ ယခုတော့ ကျွန်မဆန္ဒအတိုင်း ဖြစ်လာ၍ မမကို ကျေးဇူးတင်မိပါသည်။ ကျွန်မ အခန်းလေးကို သန့်ရှင်းရေး လုပ်ပြီး ခုတင်ပေါ်မှာ ခြင်ထောင်ထောင် အိပ်ရာခင်းပြီး ကျွန်မ အောက်ထပ် ဆင်းလာပါသည်။ ဒေါ်မုံးက သူချက်ပြုတ်ပြီးသား ဟင်းတွေကို ထမင်းချိုင့်ထဲ တစ်ဆင့်ပြီး တစ်ဆင့် ထည့်သည်။ အားလုံး အဆင်သင့် ဖြစ်တော့ ကျွန်မကို ယူခိုင်းသည်။ 

“ညည်း အဲဒါ အိမ်ရှေ့ ယူသွား၊ ကိုဖြိုး ကားထုတ်လာရင် ကားပေါ် တင်ပေးလိုက်” 

“မမက အိမ်မှာ ထမင်းမစားဘူးလား” 

“၉ နာရီပဲ ရှိသေးတယ်၊ ဟို အလုပ်တိုက်မှာ စားမှာ” 

“ပန်းကန်တွေ ဇွန်းတွေရော” 

“အားလုံး အလုပ်တိုက်မှာ အဆင်သင့် ရှိပါတယ်”

ကျွန်မသည် ထမင်းချိုင့်ကို အိမ်ရှေ့ခန်းမကြီးအဝ ယူသွားတော့ ဘကြီးဖြိုး ကားမှာ ဆင်ဝင်အောက် အဆင်သင့် ရောက်နေပါသည်။ ထမင်းချိုင့်ကို ကားးပေါ် တင်လိုက်ပါသည်။ ရှေ့ဆက် ဘာလုပ်ရမှန်း မသိ။ ဘကြီးဖြိုးကလည်း စကား သိပ်ပြောပုံမရ။ ကျွန်မ သံဆွဲတံခါးနား ရပ်နေပါသည်။ 

လှေကားဆီမှ ခြေသံကြား၍ လှည့်ကြည့်လိုက်တော့ မမ။ ကျွန်မ အလွန် အံ့အားသင့်သွားပါသည်။ နံနက်ခင်း အိပ်ရာထက တွေ့ခဲ့သော မမနှင့် ဘာမှ မတူ။ မနက်က မမကို အသက် ၄၀ လောက်ဟု ကျွန်မ ခန့်မှန်းခဲ့ပါသည်။ ယခုတော့ မမသည် ၃၀ လောက်ခန့် နုပျိုသွားသည်။ ဆံပင်တွေမှာ သူ့မျက်နှာနှင့် လှပအောင် နဖူးပေါ်မှာ ခွေနွဲ့ နေကြသည်။ ကုပ်ပေါ်မှာ ဆံထိုး မဟုတ်သော ဆံပင်တိုတွေကို ပုံပုံလေး ရစ်ဖွဲ့ထားသည်။ နှုတ်ခမ်းများက နံနက်ခင်းကလို ဖြူလျော့မနေ၊ ခရမ်းရောင် စိုဝင်းနေသည်။ ကော့နေသော မျက်တောင်အောက်မှာ မျက်လုံးက ဝှန်းမှောင် ကြည်လဲ့နေသည်။ မျက်ခွံပေါ်က နီပြေပြေနှင့် ပါးပေါ်က နီထွေးထွေး အရောင်တွေ၊ မမ မျက်နှာသည် အရောင်စုံတွေကို လိုက်ဖက်အောင် ဆေးချယ်ထားသော ပန်းချီဆရာ၏ လက်ရာနှင့် တူနေသည်။ ပခုံးလက်ပြတ် ခရမ်းရောင်ပွင့်ခက်များ နွယ်ယှက်ထားသော အင်္ကျီအောက်မှာ မို့၍ ဖြိုးမောက်သော ရင်သားက တိမ်းနွဲ့တိမ်းပါးနှင့်၊ ပြီးတော့ ခရမ်းရင့် ဗြောင် ပိုးပျော့လုံချည်ကလည်း ခြေလှမ်းသွားတိုင်း ပြည့်တင်းသော တင်ပါးကို ထင်းထင်းကြီး ပေါ်လွင်စေပါသည်။ သွယ်ပျောင်းသော ခြေတံအောက်မှာ ခရမ်းရောင် ခုံမြင့်ဖိနပ်လေးက မမ ခြေဖမိုးနှင့် လိုက်ဖက်လွန်းပါသည်။ လန်းဆန်း သွက်လက်စွာ မမ ကားပေါ် တက်သွားပုံကို ကျွန်မ တမေ့တမော ငေးနေမိပါသည်။ 

ကားထွက်သွားတော့မှ သံဆွဲတံခါးကို ပိတ်လိုက်ကာ ဧည့်ခန်းမကြီး၊ ထမင်းစားခန်းများကို သန့်ရှင်းရေး ကျွန်မ စလုပ် ပါသည်။ ကော်ဇောပေါ်မှ ဖုန်များ သန့်စင်ဖို့ စက်ကိရိယာ တစ်ခု ဒေါ်မုံးက ထုတ်ပေးပါသည်။ ဒီစက်ကို ကိုင်စ အခက်အခဲ ရှိသည်က လွဲ၍ ကျန်အလုပ်တွေကို ကျွန်မ လွယ်လွယ်ကူကူ လုပ်နိုင်ပါသည်။ တယ်လီဖုန်း လာလျှင် ကိုင်ဖို့လည်း ဒေါ်မုံးက သင်ပြပါသည်။ အားလုံး ပြီးကာနီးမှာ တီခနဲ မြည်လိုက်သော ခေါင်းလောင်းသံ ကြားရပါသည်။ ဘယ်ကပါလိမ့်၊ မမကလည်း အပေါ်မှာ မရှိပါ။ ကျွန်မ ဒေါ်မုံး ရှိရာ မီးဖိုသို့ ပြေးသွားပါသည်။ 

“ဒေါ်မုံး ဘယ်ကလဲ၊ ခေါင်းလောင်းသံ ကြားတယ်” 

ဒေါ်မုံးက အိမ်ရှေ့ကို လိုက်လာပါသည်။ ဘဲလ်သံမှာ ထပ်မြည်လာပါသည်။ 

“ဟဲ့ ခြံဝက အသံ၊ စာပို့သမားလား ဧည့်သည်လား သွားစမ်း” 

ဒေါ်မုံး အမိန့်အတိုင်း ကျွန်မ ခြံဝကို ပြေးထွက်သွားပါသည်။ စာပို့သမား ခြံဝမှာ ရပ်နေသည်။ တံခါးအပြင်မှာ စာတိုက်ပုံး ချိတ်ထားရက်သားနှင့် ဘာကိစ္စရှိ၍လည်း မသိ၊ ကျွန်မ တံခါးနား ရောက်တော့- 

“ရီဂျစ်စတာ စာ လက်မှတ် ထိုးယူစရာစာ ပါလာလို့” ဟု စာပို့သမားက ပြောပါသည်။ မီးခိုးရောင် ဝတ်စုံနှင့် စာပို့သမားလေးသည် အသက် နှစ်ဆယ်လောက်ပဲ ရှိဟန်တူသည်။ အသားလတ်လတ်နှင့် တောင့်တင်း ကျန်းမာသော ကိုယ်ဟန် ရှိပါသည်။ ကျွန်မက သူပြသော နေရာမှာ လက်မှတ်ထိုးလိုက်ပါသည်။ 

“လေးခင်တဲ့၊ ခင်ဗျား နာမည်နော်။ ခင်ဗျားက စာတတ်တယ်” 

သူက ကျွန်မ လက်မှတ်ကို ကြည့်၍ မေးပါသည်။ 

“ဟုတ်ကဲ့”

“အရင်ကဆို အဘွားကြီး တစ်ယောက် ထွက်လာပြီး စာယူရင် အဲဒီမှာ ကြက်ခြေခတ်တယ်။ သူ့ခမျာ စာမတတ်ဘူး ထင်တယ်”

ဒေါ်မုံးကို သူဆိုလိုဟန် တူပါသည်။ ပြီးတော့ သူ့စာအိတ်ကို ကျွန်မအား လှမ်းပေးပါသည်။ 

“သွားတော့မယ်နော်၊ ကျွန်တော့် နာမည် မှတ်ထားပါ၊ စိုးမောင်ပါ” 

ရင်းရင်းနှီးနှီး နှုတ်ဆက်၍ သူ့စက်ဘီးလေး စီးကာ ထွက်သွားပါသည်။ ကျွန်မ ဂရုစိုက် ကြည့်သည်က သူ့ယူနီဖောင်း မီးခိုးရောင်ဝတ်စုံကို ဖြစ်သည်။ အရောင်များ ပြယ်လွင့်စ ပြုသွားပေမဲ့၊ ကောင်းမွန်စွာ ဖွပ်ထားပုံ ရသည်။ ပြီးတော့ သပ်သပ်ရပ်ရပ်နှင့် ကြေမွ မနေပါ။ ကျွန်မ အိမ်ထဲသို့ ပြန်ဝင်ခဲ့ပါသည်။ 

* * *

(၃) 

ညနေရောက်တော့ ကျွန်မ ရေမိုးချိုး အဝတ်လဲပြီး သံဆွဲတံခါးဝမှာ လမ်းလျှောက်ရင်း မမ အလာကို စောင့်နေပါသည်။ ဒီလို လုပ်ရမည်ကို ဒေါ်မုံးက ညွှန်ကြားထားပါသည်။ အိမ်ရှေ့ ခြံဝန်းရှိ မြက်ခင်းစိမ်းကြီးကို ကြည့်ရင်း၊ တိတ်ဆိတ် အေးချမ်းသော ကျွန်မအဖေခြံကို သတိရနေမိပါသည်။ တာကြီးပိုင်း ဆိုပေမဲ့ အစွန်ဖျားဘက်။ ရေတွင်းများ ကိုယ်ပိုင်ရှိ၍ ကျွန်မတို့ဘက်မှာ ယာခင်းတွေနှင့် စိမ်းစိုနေသည်။ တာကြီးပိုင်းချင်း တူပေမဲ့ အဒေါ့်အိမ်က မြို့ဘက်နီး၍ လူနေထူထပ်သော ဈေးဆိုင်တန်း လက်ဖက်ရည်ဆိုင်ဘေးမှာဆိုတော့ ဆူညံပူလောင်လှသည်။ သစ်ပင် စိမ်းစိမ်းစိုစိုကို မမြင်ရပါ။ မမ ခြံကတော့ အေးမြ စိမ်းစိုနေသည့် မြက်ခင်းပေါ်မှာ ပိုက်ခေါင်းမှ ရေပန်းတွေ ချာချာလည်ကာ မြက်ခင်းပေါ် ပက်ဖျန်းနေသည်။ 

မမ ကား ဝင်လာပါသည်။ ခြံတံခါးကို မာလီက ပြေးဖွင့်၏။ ဆင်ဝင်အောက် ရောက်တော့ ကျွန်မ ကားနောက်ဘက် တံခါးကို မှားဖွင့်မိပါသည်။ မမ နံနက်ကလို နောက်မှာ ပါလာသည် ထင်၍ ဖြစ်ပါသည်။ ကားနောက်မှာ ထိုင်နေသူက ဘကြီးဖြိုး။ ကားမောင်းလာသူက လူရွယ်တစ်ယောက်။ လူရွယ်ဘေးမှာ မမ။ ကျွန်မ ရုတ်တရက် ကြောင်နေစဉ် မမ သူ့တံခါး သူဖွင့်၍ ဆင်းလာပါသည်။ 

ကျွန်မ ပစ္စည်းတွေ ယူနေစဉ် မမတို့ အိမ်ပေါ် တက်သွားပါသည်။ 

“လေးခင် အပေါ်ကို လိမ္မော်ရည် ယူခဲ့” 

မမက လှေကားရင်းမှ ကျွန်မကို လှမ်းပြောလိုက်ပါသည်။ ကျွန်မ နောက်ဖေးကို ပြေးသွား၏။ ဒေါ်မုံး ပြင်ပေးသော လိမ္မော်ရည်ဖန်ခွက်များကို ယွန်းဗန်းပေါ်  တင်လိုက်သည်။ ပြီးတော့ ရေခဲတုံးများ ထည့်ထားသော ဖန်ချိုင့်၊ ဖန်ချိုင့်ထဲမှာ ရေခဲယူဖို့ ငွေရောင်ညှပ် တစ်ခု၊ ကျွန်မ ပစ္စည်းများကို ထည့်ရင်း ဒေါ်မုံးကို လှမ်းမေးလိုက်ပါသည်။ 

“အပေါ်ထပ် ဘယ်ကို ယူရမှာလဲ”

“မနက်က မမ အိပ်ခန်းကိုလေ”

“ဟင် ... ဟိုလူတစ်ယောက်လည်း ပါလာသေးတယ်လေ၊ ဧည့်သည်ကို အိပ်ခန်းထဲမှာ ဧည့်ခံတယ်” 

ကျွန်မက ပြူးပြူးပြဲပြဲနှင့် မေးလိုက်၏။ 

“စပ်စုလိုက်တာဟာ။ ကိုပါဟာ ဧည့်သည် မဟုတ်ဘူး” 

ကျွန်မ လိမ္မော်ရည်ဗန်းကို အပေါ်ထပ် ယူလာရင်း စိတ်ထဲမှာတော့ ဒေါ်မုံး စကားကို ရေရွတ်နေမိသည်။ “ကိုပါဟာ ဧည့်သည် မဟုတ်ဘူး”တဲ့။ မမအခန်းထဲ ရောက်တော့ ကိုပါ ဆိုသူ ဆိုဖာပေါ်မှာ ထိုင်နေသည်။ မမကို မတွေ့ရပါ။ 

“ဒီကို ယူလာခဲ့” 

ကိုပါ့ အသံက ဩဇာ မြောက်လှသည်။ တည်ကြည်ခံ့ညားသော အသံ၊ ကျွန်မ စားပွဲပေါ် ဗန်းချရင်း သူ့မျက်နှာကို လှည့်ကြည့်လိုက်ပါသည်။ သူကလည်း ကျွန်မကို ကြည့်နေတော့ ကျွန်မရင်ထဲ လှုပ်ရှားသွားပါသည်။ လက်တွေပါ တုန်လာသလို ဒီနေရာမှာ ကြာကြာ ရပ်ရမှာလား၊ ပြန်ထွက်သွားရတော့မှာလား၊ ဘာလုပ်ရမှန်း မသိ။ မျက်ခုံးကောင်းကောင်း၊ မျက်လုံးက ဝင်းပပနှင့် အသားကလည်း ဖြူပါသည်။ မေးရိုးထောင်၍ အနည်းငယ် ရင့်ကျက်ပုံ ရပေမင့် နှာတံဖြောင့်စင်းနေသော လူချောတစ်ယောက်။ သူ့ဆံပင်ကလည်း ခုခေတ် အမျိုးသားတွေလို ကုပ်ဝဲ မဟုတ်၊ ခပ်တိုတို ညှပ်ထားပါသည်။ 

“လေးခင် သွားနိုင်ပြီ” 

မမအသံ ကြားရသည်။ မမ အဝတ်လဲခန်းထဲမှ ထွက်လာတော့မှ ကျွန်မ ခပ်သွက်သွက် အခန်းထဲမှ ထွက်လာပါသည်။ အမလေး ... ရင်ထဲမှာ မောလိုက်တာ။ ဘာဖြစ်၍မှန်း မသိ။ မိနစ် ၂၀ လောက် အချိန်ကာလလေးကို ဖြတ်သန်းနေသည်မှာ ပင်ပန်းလိုက်တာ။ မမတို့ဓလေ့ထုံးစံပေပဲလား ...။ လူရွယ်ယောက်ျားတစ်ယောက်ကို ကိုယ့်အိပ်ခန်းထဲမှာ ဧည့်ခံသည်တဲ့။ ဒေါ်မုံးကို မေးလျှင်လည်း စပ်စုသည်ဟု အပြောခံရမည်။ ကျွန်မတစ်ယောက်တည်း ထမင်းစားခန်းမှာ ထိုင်နေမိသည်။ ပြီးတော့မှ ညစာအတွက် ကူရန် မီးဖိုထဲ ဝင်လာပါသည်။ မီးဖိုထဲမှာ ဘကြီးဖြိုးတို့လင်မယားနှစ်ယောက်။ 

“ရှင်ရေမချိုး သေးဘူးလား ကိုဖြိုး” 

“အပါ့ကို လိုက်ပို့ရဦးမယ်လေ” 

“သူ ညစာ ဒီမှာ မစားဘူးပေါ့” 

“စားမယ် မထင်ဘူး” 

သူတို့နှစ်ယောက် ပြောစကားကို နားထောင်ရင်း ပန်းကန်တွေ သယ်သွားကာ ထမင်းစားခန်းစားပွဲပေါ်မှာ ကျွန်မ ပြင်ဆင်နေပါသည်။ မကြာခင် မမနှင့် ကိုပါ လှေကားမှ ဆင်းလာကာ ခြံထဲ ထွက်သွားကြသည်။ မမသည် ဘလောက်အင်္ကျီ ပွပွပျော့ပျော့ နံ့သာရောင်နှင့် တစ်မျိုးလှနေသည်။ ကိုပါနှင့် ယှဉ်လိုက်တော့ ကိုပါဆိုသူ ငယ်ပုံ ရသည်။ ကျွန်မသည် သူတို့နှစ်ယောက် လမ်းလျှောက်နေသည်ကို ထမင်းစားခန်း ပြတင်းမှ မျှော်ကြည့်နေမိပါသည်။ အရပ်အမောင်းကတော့ ကိုပါသည် မမထက် မြင့်ပါသည်။ 

နေဝင်လုချိန်ကျမှ ဘာကြီးဖြိုး ကားထုတ်လာကာ ကိုပါကို လိုက်ပို့ရန် ဆင်ဝင်အောက် မောင်းလာသည်။ ကားတံခါး ဖွင့်ပေးဖို့ ကျွန်မ ကားနားမှာ ရပ်နေပါသည်။ 

“အပါ ... နောက် တနင်္ဂနွေတော့ ညစာ မမတို့အိမ်မှာ စားရမယ်နော်” 

ကျွန်မ ဖွင့်ပေးရန် မလို၊ မမ ကိုယ်တိုင် ကားတံခါး ဖွင့်ပေး၍ ကိုပါ တက်သွားပါသည်။ ကားထွက်သွားသည်အထိ မမ လက်ပြ ကျန်ရစ်သည်။ မမ ညစာ ၇ နာရီလောက်မှ စားသည်။ ကျွန်မကတော့ ဘာကြီးဖြိုးတို့ လင်မယားနှင့် အတူ စားရပါသည်။ ၉ နာရီလောက်မှာ ဘကြီးဖြိုးတို့ အစေခံတန်းလျားကို ပြန်ကြသည်။ တံခါးတွေ အားလုံးပိတ်ပြီး ကျွန်မအခန်းကို ကျွန်မ တက်လာခဲ့ပါသည်။ မမက လိုအပ်လျှင် ကျွန်မကို ဘဲလ်တီး ခေါ်မည်ဟု ပြောပါသည်။ 

အိပ်ရာပေါ် လှဲရင်း ဒီအိမ်ကြီးမှာ တစ်နေ့တာကို စဉ်းစားနေမိပါသည်။ ကျွန်မ တွေ့ရသော သူစိမ်း ဆို၍တော့ နံနက်က စာပို့သမားလေး ကိုစိုးမောင်နှင့် ညနေက ကိုပါ၊ မမကတော့ အပါတဲ့။ မောင်နှမလား ဆွေမျိုးလား၊ တဖြည်းဖြည်းတော့ သိလာမှာပဲ ဖြစ်သည်။ ဘာပဲဖြစ်ဖြစ်ပေါ့လေ ကျွန်မ နှစ်သက်သော အိပ်ရာခင်းဖြူဖြူပေါ်မှာ ကျွန်မ ထိုညက ကောင်းစွာ အိပ်ပျော်သွားပါသည်။ 

နောက်တစ်ပတ် တနင်္ဂနွေမှာ ဘာဖြစ်၍မှန်းမသိ၊ ကိုပါကို မမ ထမင်းမကျွေးဖြစ်ပါ။ တစ်နေ့လုံးလိုလို မမလည်း အပြင်ကို ထွက်သွားပါသည်။ ညနေ ပြန်လာတော့ အပေါ်မှာပဲ နေသည်။ ခြံထဲကို ဆင်း၍ မမ လမ်းလျှောက်သည်ကို ကျွန်မ မတွေ့ရပါ။ ထမင်းစားဖို့ ထမင်းစားခန်းထဲ ဝင်သွားတော့ ဘကြီးဖြိုးတို့နှစ်ယောက် စကားပြောနေသံ ကြားရပြန်သည်။ 

“အပါနှင့် မမထား ဇာတ်လမ်းက ဘယ်လိုဖြစ်လဲ မသိ၊ အပါလည်း ထမင်းမစား။ မင်းတို့ မမတော့ စိတ်ကောက်နေတယ် ထင်တယ်” 

ဘကြီးဖြိုး ပြောစကားကို ကျွန်မ သိပ်နားမလည်။ 

“ဘယ်တတ်နိုင်မလဲ။ ကောင်လေးက ငယ်တော့ သူက ချော့ရတဲ့ ဇာတ်လမ်း ဖြစ်မှာပေါ့” 

ကျွန်မ တံခါးဖွင့်လိုက်တော့ သူတို့စကား ရပ်သွားပါသည်။ 

“လာ လေးခင်၊ ထမင်းစားမယ်”

ဒေါ်မုံးက ခေါ်လိုက်သည်။ 

ထမင်းဝိုင်းမှာ ထိုင်ရင်း ကျွန်မ မနေနိုင်။ မေးခွန်းတစ်ခု မေးလိုက်ပါသည်။ 

“ဒေါ်မုံးတို့ ပြောနေသံ ကြားလို့ မမ နာမည်က မမထားတဲ့လား” 

အမှန်တော့ ဒီအိမ် ရောက်လာကတည်းက ဒေါ်မုံးတို့ ခေါ်သလိုသာ မမဟု ခေါ်နေရသည်။ မမ နာမည်ကို ကျွန်မ မသိပါ။ 

“ကိုဖြိုးရေ ... ဒီကောင်မလေး ကြောင်တယ်ဆိုတော့ ရှင် မယုံဘူး။ သူ အပါနဲ့ မမထား ဇာတ်လမ်းကိုလည်း မသိဘူး။ ပြီးတော့ မမနာမည်လည်း မသိဘူး” 

“ဘယ်သိပါ့မလဲကွ၊ အပါနဲ့ မမထား ဇာတ်လမ်းက တို့ငယ်ငယ်က ရုပ်ရှင်၊ သူတို့ မွေးမှာမဟုတ်သေးဘူး” 

ကျွန်မအမေးကို မဖြေ။ သူတို့လင်မယား အချီအချ ပြောကာ ဘကြီးဖြိုး ထမင်းစားပြီးသွားပါသည်။ ဘကြီးဖြိုး အပြင်ထွက်သွားတော့မှ ဒေါ်မုံးက စကားဆက်ပါသည်။ 

“အပါနဲ့ မမထား ဇာတ်လမ်းဆိုတာ မိန်းမကြီးကြီးနဲ့ ကောင်လေးငယ်ငယ် ကြိုက်တဲ့ဇာတ်လမ်း၊ တင်မောင်နဲ့ မေရှင် မြားနတ်မောင်ဇာတ်ကားမှာ သိပ်ကောင်းတာပဲ၊ ဒေါ်မုံးတို့ ကြည့်ရတယ်။ ခုလည်း ကိုပါက မမထားထက် အများကြီး ငယ်တယ်လေ။ မမက အစစ အလိုလိုက်ပါတယ်” 

“မမ နာမည်က ....”

ကျွန်မက ထပ်မေးပြန်သည်။ 

“ရုပ်ရှင်ထဲကလို မမထားတော့ မဟုတ်ပါဘူး၊ ဒေါ်တင်မမတဲ့။ မမက တကယ်တော့ သိပ်သဘောကောင်းပါတယ်။ သူ့ဂုဏ်၊ သူ့စည်းစိမ်နဲ့ စပ်တဲ့လူတွေ ရှိပေမဲ့ လက်မခံဘူး။ အပါကိုပဲ ရင်းရင်းနှီးနှီး နေတယ်” 

“သူတို့ လက်ထပ်တော့မှာလား” 

“ဘယ်သိပါ့မလဲ၊ ဒါလောက်တော့လည်း မစပ်စုနဲ့ဦး” 

ဒေါ်မုံးတစ်ယောက် ပြောသမျှသာ ကျွန်မက သိရသည်။ ကျွန်မကို ဘာကြောင့်များ မစပ်စုနဲ့ဟု ခဏခဏ တားမြစ်နေသည် မသိပါ။ 

နောက်အပတ် စနေမှာ မမအလာကို ကျွန်မ စောင့်ရင်း ခြံထဲမှာ လမ်းလျှောက်နေမိသည်။ မာလီကြီးပင် ရေပိုက်များ သိမ်း၍ အိမ်ပြန်သွားပါသည်။ သစ်ခွပန်းစင်များအနားမှာ ကျွန်မ ထိုင်လိုက်ပါသည်။ ရေဓာတ်နှင့် စိမ်းမြနေသော မြက်ခင်းအရှိန်ကြောင့် ကျွန်မအနားတစ်ဝိုက်မှာလည်း အေးနေပါသည်။ နွေ၏ အပူငွေ့များမှာ ခြံထဲကို တိုးဝင်လာခြင်း မရှိ။ အပြင်မှာတော့ အတော်ပူမည် ဖြစ်ပါသည်။ နေရောင်သည် တဖြည်းဖြည်း ဖျော့လာသည်။ 

ကားတစ်စီး ရပ်သံကြား၍ ကျွန်မ ခြံဝသို့ ထွက်လာပါသည်။ ကားထဲမှာ ကိုပါကို တွေ့ရပါသည်။ ကျွန်မ တံခါးကို ဖွင့်ပေးရင်း မမ ပြန်မရောက်သေးကြောင်း ပြောလိုက်ပါသည်။  

“မင်း လမ်းလျှောက်နေလား” 

“ခြံထဲမှာ ထိုင်ရင်း မမကို စောင့်နေတာပါ” 

“သွား သွား ထိုင်နေ၊ ကိုကိုပါ လာခဲ့မယ်” 

သူ့ကိုယ်သူ ကိုကိုပါဟု ပြော၍ ကျွန်မနားထဲ ထူးဆန်းနေပါသည်။ ဟုတ်၏။ သူ့ကို ကျွန်မ အမည်တစ်ခုခု ခေါ်ရပေမည်။ ယခုတော့ သူပြောသလို ကိုကိုပါဟု ခေါ်ခြင်းမှာ အကောင်းဆုံး ဖြစ်ပါသည်။ ကျွန်မ သစ်ခွပင်ဘေးရှိ ခုံတန်းပေါ်  သွားထိုင်လိုက်သည်။ ကိုကိုပါက ကားကို ဆင်ဝင်အောက် ရပ်ကာ ကျွန်မရှိရာသို့ မြက်ခင်းစပ်နှင့် ပန်းခင်းများကြားမှ လျှောက်လာသည်။ 

ကျွန်မဘေးမှ ခုံတန်းမှာ ထိုင်ချလိုက်သည်။ 

“အအေးတစ်ခုခု သောက်မယ်ဆိုရင် ကျွန်မ သွားယူလိုက်ပါ့မယ် ကိုကိုပါ” 

ကျွန်မသည် ကိုကိုပါ ဆိုသော စကားကို ဖြည်းညင်းစွာ ရွတ်ဆိုလိုက်ပါသည်။ 

”ခုပဲ သောက်ခဲ့တယ်။ အေးအေး ထိုင်ပါကွာ။ ဒီမှာ စကားပြောရင်း မမကို စောင့်တာပေါ့။ ခုမှပဲ အေးတော့တယ်”

သူက လက်ကိုင်ပဝါနှင့် ကုပ် လည်ပင်းတွေ သုတ်ရင်း ပြောလိုက်၏။ သူ့လေသံက တရင်းတနှီး ကိုယ့်ထက် ငယ်သူတစ်ယောက်ကို ပြောသောလေသံ ဟုတ်ပါသည်။ ကျွန်မက သူ့ထက် အများကြီး ငယ်ပုံရပါသည်။ 

“မင်း ဒီမှာ မလုပ်ခင်က ဘယ်မှာလုပ်လဲ” 

ကျွန်မသည် မမကို ပြောပြသည့်အတိုင်း ပြောပြလိုက်ပါသည်။ ပထမတော့ ရှက်ရွံ့သလို ဖြစ်နေပေမဲ့ နောက်ပိုင်း သွက်သွက်လက်လက် ကျွန်မ ပြောရဲလာပါသည်။ 

“ကျွန်မတို့ဆရာ ကိုဌေးအောင်က သူ့ညကျောင်းမှာ စာကြည့်ခန်းလေးလည်း လုပ်ထားတော့ ကျွန်မတို့ စာအုပ်ငှားကြည့်ဖြစ်ပါတယ်။ ညနေစောင်းလည်း စောစော ကျောင်းကိုသွားပြီး စာဖတ်ဖြစ်ပါတယ်။ စာသင်တာက ညမှ သင်ရတာ။ အမေ့ကို စောင့်ရင်းလည်း နေ့လယ် ဝတ္ထုတွေ ဖတ်ဖြစ်ပါတယ်။ အဒေါ့်အိမ်ရောက်တော့ ငှားဖတ်ရတာ ဆရာ့ကျောင်းနဲ့ ဝေးသွားပြီ” 

သူက ကျွန်မကို ရဲရဲဝံ့ဝံ့နှင့် စူးစူးစိုက်စိုက် ကြည့်ပါသည်။ ဒါပေမဲ့ သူ့အကြည့်မှာ ရိုးသားပါသည်။ အစ်ကိုတစ်ယောက်က ညီမငယ်ကို ကြည့်ပုံမျိုး ကျွန်မစကားတွေကိုလည်း စိတ်ဝင်စားစွာ နားထောင်ပါသည်။ ဘာလိုလိုနှင့် နေရောင်တွေ ခြံဝင်းထဲမှာ မရှိတော့ပါ။ မှောင်ရိပ်သန်းလာပါသည်။ အိမ်ကြီးဘက်မှာ မီးရောင်တွေ လင်းလာပါသည်။ မြက်ခင်းလယ်မှာ ဓာတ်တိုင်ထိပ်မှ မာကျူရီမီးရောင် ပြာလဲ့လဲ့ကလည်း မြက်ခင်းပေါ်မှာ ဖြာကျနေပါသည်။ 

“အမှန်တော့ ... လထွက်လာရင် ဒီမီးရောင်က မလိုတော့ဘူး။ ညအလှ ပျက်သွားသလိုပဲနော်။ ဒါနဲ့ မင်းနာမည်က”

“လေးခင်ပါ ...” 

“ အေး ... ဟုတ်ပါရဲ့၊ မမခေါ်သံ ကြားမိသလိုပဲ၊ မမကလည်း ကြာလိုက်တာ၊ အလုပ်မှာ သိပ်အာရုံစိုက်တာပဲနော်။ ဒီခြံကြီးဟာ သိပ်လှတာပဲ။ မမ ဒီအလှမှာ စိတ်ဝင်စားရင် သူ့စိတ် အလိုလို အပန်းပြေမှာ။ မင်းကော ဘယ်လိုထင်လဲ မလေး” 

ကျွန်မ ကြောင်နေပါသည်။ ဘာဖြေရမှန်း မသိပါ။ 

“အဲလေ ... ဒါနဲ့  မင်းဖတ်ဖူးတယ် ဆိုတဲ့ ဝတ္ထုတွေထဲမှာ ဘယ်ဟာတွေကို ကြိုက်လဲ ..." 

“ကျွန်မ ... ကျွန်မ အများကြီး ကြိုက်ပါတယ်”

“ဒီလိုပါလေ၊ ကိုယ်ဆိုလိုတာက အချစ်ဝတ္ထုမျိုးလား၊ သိုင်းဝတ္ထုလား၊ စုံထောက်လား၊ ဘဝသရုပ်ဖော်လား။ တစ်ခုခုကို ဘယ်ဟာ ပိုပြီးဖတ်သလဲ” 

ကျွန်မက ခေတ္တ ငေးနေသည်။ 

“ဝတ္ထုတိုင်း လိုလိုဟာ ဘဝကို သူ့ရှုထောင့်နဲ့ သူသရုပ်ဖော်နေတာပဲလို့ ဆရာ ကိုဌေးအောင်က ပြောပါတယ်။ ကျွန်မလည်း စုံစုံ ဖတ်ပါတယ်” 

“အေး ... အေး ... မင်းဆရာပြောတာလည်း မှန်ပါတယ်။ ဒါပေမဲ့လေ ... အချစ်လွန်ကဲတော့လည်း အချစ်ဝတ္ထု။ လူတွေနေထိုင် စားသောက်ရပုံ ဆင်းရဲကျပ်တည်းမှုတွေကို သရုပ်ဖော်တော့ ဘဝသရုပ်ဖော်ဝတ္ထု ဆိုပါတော့။ အဲဒါ ပြောတာပါ”

“ဟုတ်ကဲ့။ ကျွန်မကတော့ ...” 

ကျွန်မသည် စကား ရှေ့မဆက်နိုင်တော့ဘဲ ငေးနေမိသည်။ 

“ဆိုပါဦး”

“ဘဝသရုပ်ဖော် ဆိုပေမဲ့ ဆင်းရဲတာရဲ့ နောက်တွဲ ပြဿနာတွေပါတဲ့ အကြောင်းတွေ မဖတ်ချင်ဘူး” 

သူက ထူးဆန်းသလို မျက်လုံးပြူး၍ ကျွန်မကို ကြည့်ပါသည်။ 

“ကျွန်မက ဆင်းရဲတာလောက်တော့ ခံနိုင်ပါတယ်။ စာရေးဆရာတွေ စိတ်ကူးနဲ့ရေးတဲ့ ဘ၀ထက် ကျွန်မရဲ့လက်တွေ့ဘဝက ပိုဆင်းရဲပါတယ်။ ထပ်တူထပ်မျှ စာရေးဆရာတွေက ခံစားရေးပါတယ် ဆိုပေမဲ့ တကယ်လက်တွေ့ ခံစားရတဲ့ ကာယကံရှင် ကျွန်မတို့လောက် ခါးသီး နာကြည်းမှုကို သူတို့ မခံစားရဘူး။ ဒီတော့လည်း ဘဝသရုပ်မှန် ဆိုပေမဲ့ မဖတ်ချင်တော့ဘူး။ ကိုယ့်ဘဝက ခဏလွတ်မြောက်လည်း မနည်းဘူး။ ကိုယ့်ဘဝကို မေ့လို့ရတဲ့ စိတ်ကူးယဉ်ဝတ္ထုတွေကို ပိုဖတ်ပါတယ်။ ကြိုက်လွန်းလို့တော့ မဟုတ်ပါဘူး။ ပြီးတော့ စုံထောက်ဝတ္ထု ဖတ်ပါတယ်” 

“အေး မင်းပြောတာလည်း စဉ်းစားစရာပဲ။ မလေးခင် မင်းဟာ သိပ်ဆင်းရဲတယ် ဟုတ်လား။ ဆင်းရဲလို့ ဆင်းရဲသားတွေအကြောင်း ဘ၀သရုပ်ဖော်ကို မဖတ်ချင်တာလား” 

“မဖတ်ချင်လို့တော့ မဟုတ်ဘူးလေ။ ဘယ်လို ပြောရမလဲ။ မဖတ်ရဲဘူး ဆိုရမှာလား။ ဥပမာ နွေတစ်ည၊ ကိုကိုပါ ဖတ်ဖူးလား”

“အေး ဖတ်ဖူးတယ်။ ကိုယ် သိပ်ကြိုက်တာပဲ” 

“ကျွန်မလည်း ကြိုက်တာ။ ဒီဝတ္ထု ဖတ်စက ကျွန်မ ငယ်ပါသေးတယ်။ ဆရာက သူစုထားတဲ့ စာအုပ်တွေထဲက ကျွန်မကို ပေးဖတ်တာ။ ဖတ်ရင်းလည်း ကိုယ်ခံစားရသလိုပဲ။ ဒါပေမဲ့ ကျွန်မ အရွယ်ရောက်လို့ အလုပ်လုပ်ရတဲ့အခါ အရောင်းအဝယ် လုပ်ရင်း ညတစ်ညကို တွေ့ရကတည်းက ဒီလိုဝတ္ထုမျိုးတွေကို မဖတ်ရဲဘူး။ ရင်ထဲမှာ ဝေဒနာဟောင်းက ပေါ်လာသလိုပဲ ...” 

“ဘာ ... ညတစ်ည” 
 
ကျွန်မသည် ရုတ်တရက် စကားကျွံသွားမိသည်ကို သတိရလာပါသည်။ စကားကို စိတ်ဝင်စားရင်း ပြောလိုက်မိပါသည်။ ကိုကိုပါကို ဒီညအကြောင်း မပြောချင်ပါ။ ကျွန်မ ချက်ချင်းပဲ စကားလွှဲလိုက်ပါသည်။ 

“ဖေဖေတို့နဲ့ နေတုန်းက မိဘအရိပ် ခိုနေရတာလေ။ ဆင်းရဲတယ် ဆိုပေမဲ့ ယာခင်းအကျယ်ကြီးက တဲထဲမှာ နေရပြီးတော့ အစား မဆင်းရဲဘူး။ ကျွန်မတို့နောက်ဘက်လှမ်းလှမ်းမှာ မြစ်ရှိတယ်။ မြစ်ကမ်းပါးက တံငါသည်တွေက ငါးနဲ့ ကျွန်မတို့ဟင်းသီးဟင်းရွက်တွေ လဲစားတော့ ငါးဟင်းလည်း ခဏခဏ စားရတယ်။ ပြီးတော့ ဝက်မွေးတဲ့သူတွေကလည်း ဝက်ခိုးပေါ်တဲ့အခါ ကျွန်မတို့ဆီ ဟင်းသီးဟင်းရွက်နဲ့ ဝက်သားနဲ့ လာလဲတော့ ဝက်သားလည်း စားရတယ်။ စိတ်ထဲမှာ ဆင်းရဲတယ်လို့ မထင်ဘူး။ တဲဆိုတာ နေလို့ ရတာပဲ၊ ကွင်းပြင်ကျယ်မှာ လေတဖြူးဖြူးနဲ့။ ကျွန်မ ပင်ပန်းတယ်ဆိုတာ အဖေ့ကို ကူပြီး ရေတွင်းက ရေငင်ပြီး အခင်းတွေ လောင်းရတာ ပင်ပန်းတာပဲ ရှိတယ်။ စိတ်ထဲမှာ ပျော်မိပါတယ်။ အမေက နာတာရှည်ဆိုတော့ အမေ့ကို စောင့်ရင်း စာဖတ်ရတာ မပျင်းပါဘူး။ အဲ အဒေါ်နဲ့နေတော့ သူတို့က လွင်တီးခေါင်၊ သစ်ပင်လည်း မရှိ၊ ဖုန်ကလည်း ထူ၊ လက်ဖက်ရည်ဆိုင်က ဆူ၊ ဈေးတန်းက ဆူနဲ့၊ ဝင်ငွေလည်း မရှိ၊ ကျွန်မလည်း အရောင်းအဝယ်လည်း မလုပ်တော့ဘူး”

“မင်း ဆင်းရဲတာ ပျော်စရာကြီးလိုပဲ၊ မင်း အရောင်းအဝယ် လုပ်သေးလား” 

ဒီ မေးခွန်းကို ကျွန်မ မဖြေချင်ပါ။ 

“ခဏပါပဲ၊ ငွေရင်းမရှိလို့ မလုပ်တော့ဘူး”

ကျွန်မ စကားစသတ်ကာ ထလိုက်ပါသည်။ ဆင်းရဲတာထက်ဆိုးသော ပြဿနာတွေကို ကျွန်မ ဆက်မပြောချင်တော့ပါ။ 

“လရောင်တောင် မြင်ရပြီ ကိုကိုပါ။ အိမ်ထဲ သွားရအောင်၊ မမလည်း လာခါနီးပါပြီ” 

ကျွန်မက ရှေ့မှ သွားနှင့်၍ ကိုကိုပါ နောက်မှ လိုက်လာပါသည်။ ကျွန်မတို့ ဆင်ဝင်အောက်အရောက် မမတို့ကား ထိုးဆိုက်လာပါသည်။ ဂိတ်တံခါးကို ဘယ်သူများ ဖွင့်ပေးပါလိမ့်။ ကျွန်မနှင့်ကိုကိုပါ စကားထဲမှာ စိတ်ဝင်စားနေမိကြသည်မှာ မမတို့ကား ရောက်လာသည်ကို မသိပါ။ 

“မမ ... နောက်ကျလိုက်တာ၊ အလုပ်တွေ များလား” 

ကိုကိုပါက ကားတံခါး ဖွင့်ပေးရင်း မေးလိုက်ပါသည်။ 

“အလုပ်တိုက်က အစောကြီး ဆင်းလာတာ။ ဆံပင်ပုံစံလုပ်ဖို့ နွဲ့ကေသီရယ် ဆိုင်ပိတ်ပြီး အိမ်ပြန်သွားလို့ ဂိုလ်းဒင်းဘယ်လီ (ရွှေတောင်ကြား)လမ်းအထိ လိုက်သွားရတယ်။ ဟိုရောက်တော့လည်း သူ့ကို စောင့်နေရလို့ ကြာတာ။ နက်ဖြန်မနက်အစောကြီး မင်္ဂလာဆောင် ရှိတယ်လေ။ သူတို့က ဧည့်ခံပွဲ မဟုတ်ဘူး။ ဘိသိက်သွန်းပြီး လက်ထပ်ပွဲကို ကျင်းပမှာ ဆိုတော့ အစောကြီး သွားရမှာ” 

မမ ကားပေါ်က ဆင်းလာတော့ သူ့ဆံပင်မှာ နံနက်ကလို မဟုတ်ပါ။ ကျွန်မမျက်စိအမြင်မှာတော့ သဗြုသီးဖတ်တွေလို အဖတ်အဖတ်တွေနှင့် ဆံပင်များ ခေါင်းပေါ်မှာ မို့နေသည်။ 

“ကဲ လာ အပေါ် သွားစို့” 

မမက တံခါးဝ လှေကားထစ်ဆီ လှမ်းလိုက်သည်။ 

“လှပြီးသားကို ဒုက္ခခံလိုက်ရတာ၊ မမက ဒါလောက် ပြင်ဖို့ မလိုပါဘူး” 

“ပြင်ရတယ်ရှင့်၊ ပြင်ရတယ်” 

မမက ခပ်ဝေါ့ငေါ့လေး ပြောကာ ဆက်လျှောက်သွားသည်။ 

“ဟို တနင်္ဂနွေအစား ဒီနေ့ည ရှိတာနဲ့ အပါ ဒီမှာ ညစာစားမယ်နော်” 

ကိုကိုပါ့အသံက ချော့သံ ညုသံပါ။ 

“လေးခင် ဒေါ်မုံးကို အပေါ် လွှတ်လိုက်” 

မမက ကျွန်မကို ပြောလိုက်ကာ ကိုကိုပါနှင့်အတူ လှေကားပေါ် တက်သွားကြသည်။ ကျွန်မက မီးဖိုဝင်ကာ ဒေါ်မုံးကို အပေါ်တက်ဖို့ ပြောလိုက်ရသည်။ ဒေါ်မုံး ဆင်းလာတော့ ကျွန်မကို လှမ်းပြောသည်။ 

“ကဲ ပန်းကန်တွေပြင် လေးခင်၊ အပါရယ် ဒီမှာ ထမင်းစားမယ်။ ခရမ်းချဥ်သီးတွေ ရှိပေလို့၊ သူကြိုက်တယ်လေ၊ ခရမ်းသီး မီးဖုတ်ပြီး သုပ်ပေးရမယ်” 

သူ ခရမ်းချဉ်သီးသုပ်နည်းကာ တစ်မျိုးပါ။ ပန်ထွေဖျော်နှင့်မတူ။ ခရမ်းချဉ်သီး မီးဖုတ်၊ ပုစွန်လှော်ကို ထောင်း၊ ဆီချက်၊ နံနံပင်၊ ကြက်သွန်တွေနှင့် ရောနယ်လိုက်သည်။ အနံ့က မွှေးပျံ့နေသည်။ တစ်နာရီလောက်ကြာတော့ မမတို့ နှစ်ယောက် ထမင်းစားဖို့ ဆင်းလာပါသည်။ မမကိုယ်တိုင် ထမင်းဟင်းကို ကိုကိုပါ၏ပန်းကန်ထဲ ထည့်ပေးပါသည်။ မူနွဲ့နွဲ့သံ၊ ချော့သံတွေ၊ ငေါ့သံတွေ။ ကျွန်မ နားရှက်လာ၍ မီးဖိုထဲ ဝင်နေလိုက်ပါသည်။ 

ချစ်သူတွေ ဆိုတော့ ဒီလိုပဲပေါ့။

ဒုတိယပိုင်း (ဇာတ်သိမ်း)ဆက်ရန်
-------------------------
#ခင်နှင်းယု

crd 👉 OpenRead

Post a Comment

0 Comments