ဘဝအိပ်မက် ပန်းအိပ်မက် - မစန္ဒာ (အပိုင်း ၄)

#ဘဝအိပ်မက် ပန်းအိပ်မက်

အပိုင်း (၄)

“အမေကလဲ ဘာဖြစ်လို့များ ဆုပေးရင် အဲဒီလို လင်ကောင်း သားကောင်း ရပါစေ ဆိုတာကြီးကို ထည့်ထည့်ပြီး ရွတ်မှန်းမသိဘူး” 

အပျိုကြီး မမွှေးကြူက စိတ်အလိုမကျစွာ တွေးသည်။

“လင်မရရင် ဘဝမှာ မပြည့်စုံတာ ကျနေတာပဲ ဟွန်း..” 

လင်ကောင်း သားကောင်း ရပါစေဟူသော စကားကို တစ်ခါ ကြားရတိုင်း သူ့ကို တစ်ခါ နှိမ်ခြင်း ဖြစ်သည်ဟု မမွှေးကြူ ထင်သည်။ “မယူချင်လို့ မယူတာ၊ မရလို့ မဟုတ်ပေါင်ရှင်”ဟု စိတ်ထဲမှ ပြန်၍ ပြောမိတတ်သည်။

သူ့ရုပ်ရည်က သိပ်အချောကြီး မဟုတ်သော်လည်း ရွက်ကြမ်းရေကျိုထက်တော့ သာသည်ဟု ထင်သည်။ ငယ်ငယ်တုန်းကတော့ ပိုးပန်းသူတွေ၊ ရိပ်ဖမ်းသံဖမ်း စကားစ,သူတွေ၊ အောင်သွယ်တော်နှင့်တစ်ဆင့် ကြိုးစားသူတွေ အတော်များများ ရှိခဲ့သည်။ အသားမည်းသည်၊ သွားခေါသည်၊ ဥစ္စာမပေါ၊ ရုပ်မချောဟူသော အကြောင်းပြချက်များနှင့် ရွေးရင်းရွေးရင်း အရွယ်လွန်လာခဲ့သည်။

“အင်း... အခုတော့ ငါ့အသက်က သုံးဆယ့်ငါးကျော်နေပြီ၊ ရွယ်တူထဲကဆိုရင် လူပျိုလူလွတ်တောင် မရှိကြတော့ဘူး ထင်ပါရဲ့၊ အင်း ... မုဆိုးဖိုတို့ တစ်ခုလပ်တို့တော့ ရှိတာပေါ့လေ”

မမွှေးကြူက သူ့ဟာသူ တွေးရင်း အပေါ်ထပ်မှ လူပျိုကြီး ကိုကောင်းထက်ကို တွေးရင်း ရှက်တက်တက် ဖြစ်သွားလေသည်။ အမှန်ကတော့ လူပျိုကြီးမဟုတ်၊ အိမ်ထောင်တစ်ခါကျဖူးသော မုဆိုးဖိုဖြစ်သည်။ သို့သော် သည်ရပ်ကွက် သည်လမ်းထဲက လူများကမူ သူ့ကို လူပျိုကြီးအနေနှင့်သာ သတ်မှတ်ထားကြသည်။ အောက်ထပ်က မမွှေးကြူတို့သားအမိနှစ်ယောက်၊ အပေါ်ထပ်က ကိုကောင်းထက်တို့ သားအဖနှစ်ယောက်ဆိုတော့ ခင်မင်သူများက မထိတထိ စချင် နောက်ချင်ကြသည်။ 

“ဟွန်း... ဟိုဘက်လမ်းက စာအုပ်အငှားဆိုင်ကဆိုရင် သာဆိုးသေးတယ်”

မမွှေးကြူ ဈေးမှအပြန် သူတို့ဆိုင်ရှေ့မှ ဖြတ်လျှင် “အပျိုကြီးရေ ... ဆွဲခြင်းက မလေးဘူးလား၊ နီးနီးနားနား ကူညီပြီး ဆွဲပေးမယ့်သူကို ခေါ်လာခဲ့ရောပေါ့”ဟု ပြောတတ်သည်။

သူက “ဘယ်သူ့ကို ခေါ်လာရမှာလဲ”ဟု မျက်နှာထားနှင့် ပြောလိုက်တော့“အဟီး... ကဲကဲတို့ မောင်နှမတွေလေ”ဟု လျောချသည်။ တစ်ခါကလည်း ကိုကောင်းထက်ကို ...“လူပျိုကြီးရေ၊ အပျိုကြီးကို ပြောပေးပါ။ မောင်စိန်ဝင်း (ပုတီးကုန်း) ရပြီလို့”ဟု အော်လိုက်သည်။ 

သူတို့နှစ်ဦးကို ရိပ်ဖမ်း သံဖမ်း စ,နေမှန်း မမွှေးကြူ သိသလို ကိုကောင်းထက်လည်း သိပုံပင်။ ထို့ကြောင့်လည်း သူ့ကိုမြင်တော့ အယောင်ယောင် အမှားမှားနှင့် ..“မောင်စိန်ဝင်း ပုတီးကုန်း ရမယ်၊ ယူမှာလားတဲ့”ဟု ပြောသည်။ 

သူကလည်း ခေါင်းတစ်ဆတ်ဆတ် ညိတ်ကာ...“အင်း... ယူမယ်၊ ယူမယ်၊ စောင့်နေရတာ ကြာလှပြီ”ဟု အားတက်သရော ပြောပြီးမှ ..... “စာအုပ်နော်... စာအုပ်”ဟု နောက်ဆက်တွဲ စကားကို ကမန်းကတန်း ဖြည့်စွက်ခဲ့ရလေသည်။

“မုန့်ဟင်းခါးလေးက ကောင်းသကွယ်၊ မုန့်ဖတ်က ဂျမားမုန့်ဖတ်၊ ဟင်းရည်ကတော့ မေမေ ပြောသလို မုန့်နဲ့ ငါး သုံးချိုးတစ်ချိုးနဲ့ ချက်တာလေ”

ဒေါ်​ရွှေနုက တစ်ပန်းကန်နှင့် မဝဘဲ နောက်ထပ်တစ်ပန်းကန် ပြင်၍ ဆက်စားသည်။

“ဘဲဥလေး ဘာလေးပါရင် ဒီထက်ကောင်းမှာ၊ မခင်လှတို့ကလဲ လှူချင်သေး၊ ကပ်စေးကလဲ နဲသေး”

“ဘဲဥတစ်လုံးလဲ ငါးကျပ်ကျော်နေပြီ အမေရ၊ ဘယ်များများ ထည့်နိုင်မှာလဲ၊ အခုလဲ ကောင်းနေတာပဲဟာ"

“ဘဲဥပါရင်တော့ ဒီထက် ကောင်းမှာပေါ့ဟယ်” 

“ပါပါတယ် အမေရဲ့၊ ဒီမှာကြည့်၊ ဘဲဥဖတ်ကလေးတွေ” 

မမွှေးကြူက ဟင်းရည်ပန်းကန်ထဲမှ ဘဲဥဖတ်ကလေးများကို ဆယ်ပြသည်။

“အံမာလေး... ညည်းဘဲဥက မှန်ဘီလူးနဲ့ ကြည့်မှ မြင်ရမယ့်ဟာကလေးတွေ” 

မမွှေးကြူက သူ့အမေကို စကားဖက်ပြိုင် ပြောမနေတော့ဘဲ ငြိမ်နေလိုက်သည်။ ပြိုင်ပြောလျှင် “ဒါလား ဘဲဥ၊ အိမ်မြှောင်ဥကို စိတ်ထည့်ထားတာ မဟုတ်လား”ဟု ပြောတော့မည်ကို ကြိုသိထားလေသည်။ သူ့မိခင် ဒေါ်ရွှေနုက ရပ်ရေး၊ ရွာရေး၊ သာရေး၊ နာရေး ရှိလျှင် ကိုယ်ဖိရင်ဖိ ကူညီတတ်သော်လည်း အလွန်ပစိပစပ်များကြောင်းကို တစ်လမ်းလုံး သိကြသည်။ နောက်ပြီး သူကိုယ်တိုင် မချက်သော ဟင်း ဆိုပါက မည်မျှကောင်းနေပါစေ၊ အပြစ်တစ်ခုခုကိုတော့ သူ တွေ့အောင် ရှာတတ်လေသည်။ 

“ဟိုဘက်ခန်းက လူကြီးလဲ ဘယ်လိုများ နေထိုင် စားသောက်နေတယ် မသိဘူး” 

 မုန့်ဟင်းခါး နှစ်ပန်းကန်ကုန်ပြီး ဗိုက်တင်းသွားတော့ ဒေါ်ရွှေနုသည် ဟိုဘက်ခန်းမှ ဦးဘပွားကို သတိရသည်။ သူတို့လမ်းထဲတွင် နေသော်လည်း မည်သူနှင့်မျှ အရောမဝင်ဘဲ ခပ်တည်တည်၊ ခပ်တင်းတင်း၊ ခပ်ကင်းကင်းနေသော ဦးဘပွားကို သူ အတော်လေး စိတ်ဝင်စားနေမိသည်။ ထို့နောက် မြင်ပြင်းလည်း ကပ်နေမိသည်။

“ထမင်းချိုင့် ယူစားနေတာပဲ မေမေရယ်၊ ရွှေဘဆိုင်က ဟင်းလဲ ကောင်းတာပဲဟာ”

“တစ်နေ့တုန်းကတော့ ငါးသေတ္တာဘူးတွေရော၊ အသားဘူးတွေရော ကားထဲကနေ ချတာ တွေ့ လိုက်တယ်”

“ဟုတ်လား” 

“အရက်နဲ့ မြည်းနေလားမှ မသိတာ”

“သူ့ ကြည့်ရတာ သောက်တတ်ပုံ မရပါဘူး မေမေရယ်"

“အို.. သောက်ချင်သောက်မှာပေါ့။ အလျင်တုန်းက တော်တော် ပွေခဲ့ဖူးတာတဲ့” 

ဒေါ်ရွှေနုက ဦးဘပွား၏ အသက်ကို စိတ်ထဲမှ မှန်းကြည့်ရင်း...“ငါ့ထက်တော့ ကြီးမှာပေါ့”ဟု တွေးသည်။ ပင်စင် ယူထားပြီး ဆိုတော့ သက်ပြည့်ပင်စင် မဟုတ်သည့်တိုင်အောင် ခြောက်ဆယ်ဝန်းကျင်လောက်တော့ ရှိရော့မည်။ ဆံပင်မဖြူသည်က မြေကြီးလက်ခတ်မလွဲ ဆိုးထားသည်ပင် ဖြစ်ရမည်။ 

သည်နေ့မနက်တော့ အပေါ်ထပ်မှ မခင်လှတို့ သားအမိအကြောင်း တွေးလိုက်၊ ဘေးခန်းမှ ဦးဘပွားအကြောင်း တွေးလိုက်နှင့်မို့ ဒေါ်ရွှေနုတစ်ယောက် သူ့ရင်ခေါင်းထဲတွင် အောင်တောင့်တောင့် ဖြစ်နေသည်ကို မေ့နေသည်။ အခါတိုင်းလို ရင်ထဲက အောင့်တောင့်တောင့်နဲ့ "လေထိုးတာ ထင်ပါရဲ့ "ဟူ၍ လည်းကောင်း၊ “အင်း... အသည်းကင်ဆာ ဆိုတာများလား၊ ဒါမှမဟုတ် သည်းခြေမှာ ကျောက်တည်တာများလား၊ ဘုရား ... ဘုရား”ဟု ပေါက်တတ်ကရ မတွေးမိသေးချေ။

“သားတွေ သမီးတွေ အကုန်လုံးကတော့ နိုင်ငံခြားမှာချည်းပဲတဲ့”

“ဒါနဲ့ သူက ဘာဖြစ်လို့များ တစ်ယောက်တည်း နေရစ်ရတယ် မသိဘူး၊ လိုက်သွားရောပေါ့နော်”

“သားသမီးတွေကလဲ လိုလိုချင်ချင် ခေါ်ကြ ရဲ့ လားမှ မသိတာအေ”

. “အို ... အဖေကြီး တစ်ယောက်တည်းရှိတာ၊ မခေါ်ဘဲ ရှိပါ့မလား အမေရဲ့”

“ကိုယ့်အိမ်ထောင်တွေနဲ့ ကိုယ်ဆိုရင် သူစိမ်းတွေ ဖက်ကုန်ကြပြီ သမီးရဲ့၊ သားက ကောင်းချင်ဦး၊ သမီးက ကောင်းချင်ဦးတော့၊ ချွေးမတွေ၊ သမက်တွေကလဲလည်း ကောင်းပါဦးမှ၊ ညည်းယောင်းမလို မိန်မမျိုးဆိုရင် ခက်ရချည့်”

ဒေါ်ရွှေနုသည် သူ့ချွေးမကို သိပ်ပြီး ကြည့်မရချေ၊ အမေရဲ့ .. အမေရဲ့ နှင့် အပြောလေးချိုသော်လည်း အတွင်းက စိတ်မပါလှဟု ယူဆထားလေသည်။ 

“အပေါ်ထပ်က ဦးထင်ကြီး ကြည့်ပါလား၊ ချွေးမနဲ့ သမက်နဲ့သာဆိုရင် သူ ဒီလိုမူးရူးနေလို့ ဘယ်ရလိမ့်မလဲ၊ သားတစ်ယောက်တည်း သူစိမ်း မဖက်လို့သာ၊ အဖေ့ သည်း သည်းခံ... ခံ... ခံ အဟီး...” 

စကားပြောရင်း တံခါးဝသို့ အမှတ်မထင် လှမ်းအကြည့်တွင် မားမားကြီးရပ်နေသော ဦးထင်ကို တွေ့တော့ ဒေါ်ရွှေနု လန့်ဖျန့်သွားသည်။ ဘာစကား ဆက်ရတော့မည် မသိဘဲ မလုံမလဲနှင့် သွားဖြီးပြီး ရယ်ပြသည်။

“အဟီး.. မူးထင်၊ အဲ... ဦးထင် "

“ထမင်းကြမ်းခဲလေးများ အနည်းအပါး မပိုဘူးလား ကျောင်းအစ်မရဲ့ ” 

“ပိုမယ် ထင်ပါ့ ... သမီးရေ”

“မုန့်ဟင်းခါးနဲ့ ရောစားချင်လို့ဗျာ၊ ကျုပ်က မုန့်ဟင်းခါး ဆိုရင် ထမင်းလေးနဲ့ ရောစားရမှ ကြိုက်တာ၊ ဒါမှလဲ ရင်အေးတာ၊ ခုတော့ ထမင်းချက်တာကလဲ နောက်ကျ၊၊ ညက ထမင်းကြမ်းကလဲ မကျန်”

အမှန်ကတော့ မုန့်ဟင်းခါး လာပို့မည်ဟု ကလေးတွေက သတင်းပေးထား၍ ထမင်းမချက်ဘဲ စောင့်နေခြင်း ဖြစ်သည်။ မုန့်ဟင်းခါးရတော့မှ ထမင်းနှင့် ရောနယ်ကာ အားရပါးရ စားချင်စိတ်ပေါက်လာသည်။ ပြန်ချက်လျှင်လည်း ကြာ၊ ဆာလည်း ဆာလှပြီမို့ လွယ်လွယ်ကူကူပင် ထမင်းဆင်းတောင်းခြင်း ဖြစ်သည်။ သည်အိမ်မှာ မရလျှင် ဟိုဘက်အိမ်သွားတောင်းမည်။ ဆန်ဈေးတွေ ဘယ်လိုပင်တက်ပါ​စေ၊ စမ်းချောင်းကဲ့သို့သော မြန်မာရပ်ကွက်တွင် တမင်း တစ်ပန်းကန်အတွက် ပါးပါးရှားရှား၊ တိုတိုထွာထွာ မရှိကြသည်ကို ဦးထင် သဘောပေါက်ပြီးသား ဖြစ်သည်။

“ဝင်ထိုင်လေ အဘထင်ရဲ့၊ ကျွန်မ ထမင်းထည့်လိုက်ဦးမယ်” 

မမွှေးကြူက ဦးထင်၏လက်ထဲမှ ကြွေရည်သုတ် သံဇလုံကို လှမ်းယူကာ မီးဖိုဘက် ဝင်သွားသည်။ ဦးဘထင်က အိမ်ထဲ မဝင်ဘဲ အပေါက်ဝတွင်ရပ်ရင်း နံရံတွင် ချိတ်ထားသော ဒေါ်ရွှေနုတို၏ ဇနီးမောင်နှံပုံကို လှမ်းကြည့်သည်။ လွန်ခဲ့သော အနှစ် သုံးဆယ်ခန့်က ပုံဆိုတော့ ဒေါ်ရွှေနုကလည်း ချောတုန်း၊ သူ့ခင်ပွန်းကလည်း ခန့်တုန်း ဖြစ်လေသည်။ 

“ကျောင်းအစ်မတို့ ဥပုသ်ရတယ် ထင်ပါ့”

“ဪ... ဟုတ်ကဲ့”

ဦးထင် ပြောမှပင် သည်နေ့ လကွယ်နေ့ ဖြစ်ကြောင်း ဖျတ်ခနဲ သတိရသည်။ လပြည့် လကွယ် ဥပုသ်နေ့တိုင်း ဥပုသ်စောင့်သည်ဟု တစ်ခါက ပြောထားဖူးသည်ကို အမှတ်တရ မေးမြန်းခြင်း ဖြစ်ဟန်တူသည်။ ပြောတုန်းကသာ ခပ်ကြွားကြွားပြောထားသော်လည်း သည်နေ့ လကွယ်နေ့ဖြစ်ကြောင်း ဒေါ်ရွှေနု သတိပင် မထားမိခဲ့။ သီလလည်း မယူမိ။

“ဦးထင်ရော ဥပုသ်ရသလား”

“မရပါဘူးဗျာ” 

ဦးထင်က ခေါင်းခါသည်။ သူ ဥပုသ်မစောင့်ဖြစ်သည်မှာ နှစ်ပေါင်း အတော်ကြာနေပေပြီ။ သူတို့အိမ်က ဘုရားစင်မှာလည်း ပလပ်စတစ်ပန်းခြောက် သုံးလေးခက်ကို ပန်းအိုးထဲ ထည့်ထားသည်မှအပ ဘာအဆောင်အယောင်မျှ မရှိ။ ဘုရားရုပ်ပွားတော်လေးကလည်း သူ့ကို စေ့စေ့မကြည့်လိုဟန်နှင့် မျက်လွှာချထားသည်ဟု သူ့စိတ်ထဲတွင် ခံစားနေရသည်။ သူကလည်း ဘုရားကို တည့်တည့် ရင်ဆိုင်မကြည့်ရဲ၊ ခပ်လွှဲလွှဲသာ မရဲတရဲ ဖူးရသည်။

“အသက်တွေက မငယ်တော့ဘူး ဦးထင်ရဲ့ ၊ သွားနှင့်တဲ့သူတွေလဲ သွားကုန်ကြပြီ၊ အားတဲ့အချိန်လေးမှာ ပုတီးလေးစိပ်၊ တရားလေး ထိုင်နဲ့ တရားနှလုံးကို တတ်နိုင်သမျှသွင်းပြီး ကိုယ့်ကိုယ်ကို အေးချမ်းအောင် နေရတယ်၊
ဒါမှလဲ ဒီဘဝမှာ အရင်းမရှုံးဘဲ အမြတ်ရတော့မှာပေါ့”

ဒေါ်ရွှေနုက လက်ကောက်ဝတ်တွင် ဝတ်ထားသော နံ့သာဖြူပုတီးကို ဖြုတ်ကာ စိပ်ရန်ဟန်ပြင်သည်။ ပုတီးလေး ဂျောက်ဂျောက်စိပ်ရင်း စိတ်တွေက ပျံ့လွင့်ကာ ဟိုလူ့ကို စိတ်ဆိုးလိုက်၊ သည်လူ့ကို ဒေါသဖြစ်လိုက် ဖြစ်နေတတ်တာကိုတော့ သူ့ကိုယ်သူ မတတ်နိုင်။

“တရားအားထုတ်တာတော့ ကျုပ်လဲ တတ်နိုင်သမျှ လုပ်တယ်ဗျာ”

ငွေမလည်သောအခါများတွင် ရှိသမျှ ပစ္စည်းလေးများကို အပေါင်ဆိုင်ပို့ရသည်ကို ရည်ရွယ်ပြီး ဦးထင်က ခပ်ပြုံးပြုံး ပြောသည်။ ဦးထင်တို့သားအဖက အပေါင်ဆိုင် သွားရသည်ကို “တရုတ်အားထား ရသည်ဟု ပြောလေ့ ရှိသည်။ သို့သော် နားလည်ပုံမရ။

“အင်းလေ...၊ သူ့အသက်လဲ ကြီးလှပြီပဲ။ ​သောက်တဲ့အခါလဲ သောက်၊ မသောက်တဲ့အခါလဲ တရား​လေး ဘာ​လေး ထိုင်တယ်ထင်ပါရဲ့”ဟု တွေးသည်။

“ဟုတ်တာပေါ့ ဦးထင်ရယ်... တစ်နေ့ ငါးမိနစ် မှတ်မှတ်၊ ဆယ်မိနစ် မှတ်မှတ် တတ်နိုင်သမျှ ရှုမှတ်သွား​ပေါ့"

“ဟုတ်ကဲ့“

“ကိုယ်နောက်ပါမည့် အထုပ်က ဒါလေးပဲ ရှိတာ"

“ဟုတ်ကဲ့”

“ကျန်တာတွေ အကုန်ထားခဲ့ရမှာ”

“ဟုတ်ကဲ့”

ဦးထင်က အလိုက်သင့် ထောက်ခံရင်း.. “ကျုပ်ကတော့ ထားခဲ့စရာ ဘာပစ္စည်းမှ မရှိ​ပေါင်၊ ယူသွားစရာလဲ ဘာအထုပ်မှ မရှိသေးဘူး” ဟု ခပ်ပျော်​ပျော် တွေးသည်။

“ကုသိုလ်ထုပ် မရှိပေမယ့် အကုသိုလ်ထုပ်ကြီးက​တော့ အတော်ကြီးနေပြီလား မသိဘူး”ဟု ဆက်၍ တွေးမိသောအခါတွင်ကား ရင်ထဲတွင် တော်တော်ကြီး လေးလံသွားသည်။ အခြားအကုသိုလ်များကို ကြီးကြီးကျယ်ကျယ်
မလုပ်ဖူးသော်လည်း ငါးပါးသီလထဲမှ သူရာမေရိယကံကို နေ့စဥ် ချိုးဖောက်နေမိမှတော့ သူသည် ရေစုန်တွင် တရွေ့ရွေ့ မျောနေသူတစ်ဦး ဖြစ်နေမှန်း သူကိုယ်သူ အသေအချာ သိနေသည်။

“တရားဆိုတာ ထိုင်ခါစတော့ စိတ်ကို ငြိမ်အောင်ထိန်းရတာ ဘယ်လွယ်မလဲ၊ ဟိုနားက နာသလိုလို၊ ဒီအနားက ကျဉ်သလိုလိုနဲ့ တစ်ကိုယ်လုံးကို ပရွက်ဆိတ်တွေ အုံခဲပြီး ကိုက်သလိုလိုနဲ့ ဝေဒနာတွေ ပြတာပေါ့ ဦးထင်ရေ၊
အိမ်မှာ ထိုင်ရကာ စိတ်မငြိမ်ရင် ရိပ်သာလေး ဘာလေး၊ ဆယ်ရက်စခန်းလေး ဘာလေး ဝင်ပြီး ကြိုးစားကြည့်ပါလား”

ဒေါ်ရွှေနုက တရားဟောရန် ဟန်ပြင်စဉ် မမွှေးကြူပြန်ထွက်လာ၍ ဦးထင် အတော်ကြီး စိတ်သက်သာရာရသွားသည်။

“ထမင်းကြမ်းတော့ မရှိဘူး အဘရေ၊ ထမင်းပူပဲ ယူခဲ့တယ်”

“အေးဗျာ... ကျေးဇူးပါပဲ”

ထမင်းမောက်မောက်ပါသော သံဇလုံကို လှမ်းယူကာ ဦးထင်က ကျေးဇူးစကား ဆိုသည်။ မုန့်ဟင်းခါးပန်းကန်ထဲသို့ ထမင်းခဲကို ချေထည့်၊ ငံပြာရည်နှင့် ငရုတ်သီးမှုန့် ထပ်ထည့်၊ နှံ့အောင်နယ်ပြီး ပဲသီးစိမ်းတောင့်လေး ကိုက်ကာ စား၊ ဟား.... တွေးရင်းနှင့်ပင် ဆာသည်ထက် ဆာလာပေပြီ။

“ရိပ်သာမသွားဖြစ်ဘဲ အိမ်မှာပဲ ရသလောက် မှတ် မူးထင် အဲ... အဲ.. ဦးထင်ရေ... တရားရှာ ကိုယ်မှာတွေ့တယ်တဲ့...”

“ဟုတ်ပါ့... ဟုတ်ပါ့၊ သွားမယ်နော်... ကျောင်းအစ်မကြီး”

ဦးထင်က စကားကို ဇွတ်ဖြတ်သည်။ ပြတ်ခါနီး ဖိနပ်ကို အသာလေး မှေး၍စီးကာ လှေကားမှ ခပ်သုတ်သုတ် ပြန်တက်လာသည်။

“ထမင်းတစ်ပန်းကန် အလကား ယူတော့လဲ ဒီလောက်တရားဟောတာတော့ ခံပေါ့ကွာ”ဟု တွေးကာ တစ်ဦးတည်း ရယ်မိသည်။

“ငါကလဲ ပြန်ပြောခဲ့ဖို့ကောင်းသား... ။ မူးထင် အဲလေ.. ဦးထင်ကို ရှာ အဖြူဆိုင်မှာ တွေ့မယ်လို့လေ ...အဟေ... ဟေ့ ....."

(ဆက်ရန်)
---------------------------
#မစန္ဒာ

crd 👉 

Post a Comment

0 Comments