#ဘဝအိပ်မက် ပန်းအိပ်မက်
အပိုင်း (၃)
ဒန်အိုးထဲမှာ မုန့်ဟင်းခါးဟင်းရည်များက ငရုတ်ဆီဝေ့ကာ စပါးလင်နံ့ မွှေးနေသည်။ ဟင်းရည်ဝပြီး နူးနေသော ငှက်ပျောအူဖတ်များနှင့် ကြက်သွန်ဥများက စားချင်စဖွယ် ပေါလောမျောနေသည်။
“လေးပိဿာတည်းချက်တာ ဆိုပေမယ့် ငါးရော၊ မုန့်ဖတ်ရော ဈေးတက်နေတော့ ပိုက်ဆံတော့ တော်တော်ထိသွားပြီ”
မခင်လှသည် မီးဖိုဘေးတွင် ထိုင်ရင်း ကုန်ကျစရိတ်ကို စိတ်ထဲမှ တွက်နေမိသည်။ သားအကြီးနှစ်ယောက်ဖြစ်သော ကိုဦးတို့ ကိုတူးတို့၏ မွေးနေ့များတွင် ဘာမှမလုပ်ဖြစ်သော်လည်း အငယ်ဆုံး သမီးလေး ကဲကဲ၏ မွေးနေ့ ဆိုလျှင်ကား အုန်းနို့ခေါက်ဆွဲလေးအစ၊ မုန့်ဟင်းခါးလေးအစ ချက်ပြီး ကုသိုလ်ဆက်သည့်အနေနှင့် ဘုန်းကြီးကျောင်းသို့ ပို့ဖြစ်သည်။ ကုသိုလ်မဆက်၍လည်း မဖြစ်။ ကဲကဲက ချူချူချာချာလေး မွေးလာသောကလေး ဖြစ်သည်။ လေထိုး၊ လေနာ၊ ရင်ကျပ်၊ ချောင်းဆိုး၊ အသားဝါ၊ သွေးလွန်တုပ်ကွေးစသည့် ကလေးငယ်များတွင် ဖြစ်တတ်သမျှသော ရောဂါဟူသမျှ သူ မဖြစ်ဖူးသောရောဂါ မရှိ၊ မဖျားမနာနှင့် နေကောင်းနေသောအခါတွင်ပင် သူ့ခမျာ နှာရည်လေးတော့ တရွှဲရွှဲ ယိုနေတတ်သေးသည်။ ထို့ကြောင့် ပိုးမွေးသလို မွေးလာခဲ့ရာမှ အသက်ငါးနှစ် ကျော်လာတော့ တဖြည်းဖြည်း ကျန်းမာလာခဲ့သည်။ ချူချာသောကလေးဖြစ်၍ သူ့အလိုကို အမြဲလိုက်နေရသဖြင့် ခပ်ကဲကဲလေး ဖြစ်လာရာ နာမည်ပါ “ကဲကဲ”ဟု တွင်သည်အထိ ဖြစ်ခဲ့ရသည်။
“ခုတော့ မရွှေကဲတို့က ကျန်းမာလာလိုက်တာ ဒေါင်ဒေါင်ကို မြည်လို့”
မခင်လှက ကြည်နူးစွာ ပြုံးမိသည်။ ကဲကဲလေး ကျန်းမာလာတော့မှ သူ့တို့လည်း အတန်ငယ် အသက်ရှူချောင်ရသည်။ ဆေးဖိုးဝါးခ သက်သာလာသဖြင့် ထမင်းဝိုင်းတွင် အသားချိုချို၊ ဆီစိုစိုလေးများကို မြင်လာနိုင်သည်။
“ဒါပေမယ့် နေ့တိုင်းတော့ အသားဟင်း စားနေရတယ် မထင်နဲ့၊ သရက်သီးသနပ်နဲ့ ပဲဟင်းနဲ့ ပြီးခဲ့ရတဲ့ နေ့တွေမှ ပြည့်လို့”
ပဲဟင်းနှင့် ထမင်းပြီးရသောနေ့များ ရှိသော်လည်း ကလေးတို့အဖေ ဦးရန်ဝေးက နှယ်နှယ်ရရ မဟုတ်။ ရန်ကုန်တက္ကသိုလ်မှ ဆရာတစ်ဦး ဖြစ်သည်။
“ဆရာမှ နည်းပြဆရာတောင် မဟုတ်ပါဘူး၊ ကထိကကြီးပါတဲ့တော်... ဒါပေမယ့် ဝတ္ထုထဲက ကထိကကြီးတွေနဲ့တော့ နည်းနည်းမှ မတူပါဘူး”
ဝတ္ထုထဲ ရုပ်ရှင်ထဲမှ တက္ကသိုလ်ဆရာများသည် ချောင်ချောင်လည်လည် ထည်ထည်ဝါဝါရှိကြသည်ကို မခင်လှ ဖတ်ဖူး ကြည့်ဖူးသည်။ သူတို့ လက်ထပ်ခဲ့စဉ်က ကိုရန်ဝေးသည် နည်းပြဆရာပေါက်စလေး ဖြစ်သည်။ စတစ်ကော်လာ အင်္ကျီအဖြူ၊ ရခိုင်ပုဆိုးနှင့် ပင်နီတိုက်ပုံအင်္ကျီလေးသည် ကိုရန်ဝေး၏အမှတ်အသားများ ဖြစ်သည်။ ရိုးသားသော၊ ကြိုးစားသော တက္ကသိုလ်ဆရာကလေးသည် သူ့အတွက် စည်းစိမ်ချမ်းသာနှင့် ပျော်ရွှင်ဖွယ် သုခအပေါင်းကို ယူဆောင်လာလိမ့်မည်ဟု မခင်လှ မျှော်လင့်ခဲ့ဖူးသည်။ သူတို့ အသက်ကြီးလာသောတစ်နေ့တွင် ကထိကကြီး ဦးရန်ဝေးသည် မျက်မှန်ထူထူကြီးတပ်ပြီး ဂန္တဝင်စာအုပ်ကြီးများ ဖတ်နေလိမ့်မည်။ စန္ဒရားကြီး တီးနေလိမ့်မည်။ ဇိမ်ခံကားကြီး စီးနေရလိမ့်မည်ဟု သူ တွေးထင်မြင်ယောင်ခဲ့ဖူးသည်။
“အခုတော့ ငါ့ယောက်ျား ကထိကကြီးရဲ့ အိမ်မှာ အသံမြည်အောင် တီးစရာဆိုလို့ ဇလုံပဲရှိတယ်။ စီးစရာကတော့ ရှိပါရဲ့ ဖိနပ်”
မခင်လှက တွေးရင်း ခစ်ခနဲ ရယ်လိုက်မိသည်။
တစ်ခါတစ်ရံ ကိုရန်ဝေးတစ်ယောက် အိမ်ရှေ့ကြမ်းပြင်တွင် ကလေးတွေနှင့်အတူ အားလျားမှောက်ပြီး သမိန်ပေါသွပ်၊ မြိုင်ရာဇာတွတ်ပီတို့ကို စိတ်ဝင်တစား ဖတ်နေလျှင် မခင်လှသည် သူတွေးထင် မြင်ယောင်ခဲ့ဖူးသော ကထိကကြီးအသွင်အပြင်ကို ပြန်လည် မြင်ယောင်ပြီး တစ်ဦးတည်း ရယ်မောရတတ်သည်။
“မေမေ "
ကဲကဲက မီးဖိုချောင်သို့ တဒိုင်းဒိုင်း ပြေးဝင်လာသည်။
““ဖြည်းဖြည်း လျှောက်ပါ သမီးရဲ့ ... အောက်ထပ်က ပုပ်ပုပ်ကြီးအကြောင်းလဲ သိသားနဲ့”
မခင်လှက စိုးရိမ်တကြီး ပြောသည်။ ဦးဘပွားကို ကလေးတွေက ဘဘကြီးဟု ခေါ်သော်လည်း သူကတော့ ပုပ်ပုပ်ကြီးဟုပင် ခေါ်သည်။ မျက်နှာထား တင်းလွန်း ပုပ်လွန်းသည့်အတွက်ကြောင့် ဖြစ်လေသည်။
“ဒီတစ်ခါတော့ ပုပ်ပုပ်ကြီးက မပုပ်ဘူး မေမေရ၊ မိကဲကို ချော့ကလက်တွေ ဘာတွေပေးလို့”
“အမယ်တော် ကြားသားမိုးကြိုး”
ဦးဘပွားကို မခင်လှ မေတ္တာမရှိလှချေ။ အလိုလိုနေရင်း ရှိန်နေသည်။ သူ ရောက်လာသည်မှာ တစ်နှစ်ခန့်ရှိပြီ ဖြစ်သော်လည်း မည်သူနှင့်မျှ ရောရောနှောနှော ခင်ခင်မင်မင် မနေခဲ့ပေ။ သူ တန်းတူ ရည်တူထားပြီး ဆက်ဆံသူဆို၍ မင်္ဂလာလမ်းထဲမှ ဆရာဝန်ကြီး ဦးကံမြင့်တစ်ဦးတည်းသာ ရှိသည်။
“ချော့ကလက်ဘူးကြီးက လှမှလှ မေမေရ၊ ဟော့ဒီလောက်ရှိတယ်”
ကဲကဲက လက်ကလေးနှစ်ဖက်ကို ဝိုင်းပြသည်။
“သမီး မယူခဲ့ဘူး မဟုတ်လား”
“ယူပါဘူး”
“အေး... လိမ္မာတယ်၊ ကလေးဆိုပြီး သူများပေးတိုင်း ယူတယ်၊ စားတယ်ဆိုတာ ကောင်းတာမဟုတ်ဘူး”
“သမီးသိပါတယ်။ မေမေကလဲ”
မခင်လှက ချိုင့်ထဲသို့ မုန့်ဖတ်ထပ်ထည့်သည်။ ဦးဘပွားဟူသည့်လူကြီး ဘာစိတ်ကူးပေါက်ပြီး ကလေးတွေကို ချော့ကလက်ပေးပါလိမ့်ဟု စဉ်းစားနေပါသည်။ သူနှင့် သွားရင်းလာရင်း ဆင်းရင်းတက်ရင်း မကြာခဏ ဆုံဖူးသော်လည်း တစ်ခါမျှ ပြုံးပြုံးရယ်ရယ် မရှိခဲ့ချေ။ တစ်ခါကတော့ ကိုရန်ဝေးက ...“ဦး နေကောင်းပါရဲ့လား ခင်ဗျာ” ဟု စ၍နှုတ်ဆက်သည်။
သူက ဘာမှ ပြန်မပြောဘဲ ခေါင်းတစ်ချက်သာ ဆတ်ပြသွားခဲ့သည်။
ကိုရန်ဝေးက မလျှော့သေးဘဲ နောက်တစ်ခါ ဆုံတော့...“ကလေးတွေကလဲ ဆော့ကြတဲ့အရွယ်ဆိုတော့ အောက်ထပ်က ဦးကို အားနာတယ်ခင်ဗျ၊ တစ်ခါတလေ ဆူဆူညံညံနဲ့ အနှောင့်အယှက်များ ဖြစ်မလား မသိဘူး” ဟု အားနာစကား ပြောသေးသည်။
သူက ကိုရန်ဝေးကို ခပ်စူးစူး ကြည့်ပြီး... “ဘယ်တတ်နိုင်ပါ့မလဲ၊ ကျုပ်ဆိုတဲ့အကောင်က ဒီတိုက်ခန်းကိုမှ ပြောင်းလာမိတာကိုး” ဟု ခပ်ပြတ်ပြတ် ပြောခဲ့လေသည်။
ထို့ကြောင့် လူတကာနှင့် သင့်မြတ်၍ အဆင်ပြေအောင်နေတတ်သော ကိုရန်ဝေးပင်လျှင် ဦးဘပွားကိုတော့ လက်မြှောက်ခဲ့ရလေသည်။
“အဘိုးကြီးကတော့ မလွယ်ဘူးဟေ့၊ ညွှန်ချုပ်ဘဝကနေ အငြိမ်းစားယူလာတော့လဲ ဘဝင်က ခပ်မြင့်မြင့်ထင်ပါရဲ့ "ဟု ထောမနာပြုခဲ့သည်။
“ဘဝင်မြင့်ရုံတင်မကဘူး၊ ကပ်စေးကလဲ နဲသေး။ သူ့မှာ တယ်လီဖုန်းရှိတာတောင် သူများ လာဆက်ရင် မီတာတက်မှာစိုးလို့ အိပ်ခန်းထဲ ထည့်ထားတဲ့ဟာကြီး”
တစ်အိမ်တည်းနေသူတွင် တယ်လီဖုန်း ရှိပါလျှက်နှင့် သူတို့ ဆက်ခွင့်မရှိသည်ကိုတော့ မခင်လှ အသည်းနာလှသည်။
ဟိုဘက်ခန်းက ကိုကောင်းထက် တယ်လီဖုန်း ဆက်ချင်၍ သွားပြီး ခွင့်တောင်းတော့... “အရေးကြီးရင်တော့ ဆက်သွားလေ၊ ဒါပေမယ့် ကျုပ်က အိမ်မှာ လူဝင်လူထွက်ရှုပ်ရင် သိပ်မကြိုက်ဘူးဗျ” ဟု ပြောခဲ့ဖူးသည်ဟု ဆိုသည်။
ထို့ကြောင့် အရေးအကြောင်းရှိ၍ တယ်လီဖုန်း ဆက်ချင်လျှင် ကလေးများ၏သူငယ်ချင်း ဖိုးမူတို့ ဖိုးခွာတို့အိမ် ပြေးရသည်။ သူတို့အမေ နော်ဒိုင်ယာနာက သဘောကောင်း၍ ကဲကဲတို့မောင်နှမတစ်တွေကိုလည်း ချစ်ချစ်ခင်ခင် ရှိလေသည်။
“ဒီတစ်ခါ ဘွားရွှေတို့အခန်းလား မေမေ”
“အေး... သူတို့အခန်း သွားပို့ချေ၊ ဘွားရွှေက ဘာနဲ့ ချက်တာလဲလို့ မေးရင် ငါးကြင်းနဲ့ငါးကျည်း တစ်ဝက်စီရောပြီး ချက်တယ်လို့ပြော”
ချိုင့်နှုတ်ခမ်းတွင် ဟင်းရည်နည်းနည်းဖိတ်ကာ ပေနေသဖြင့် မခင်လှ ပြန်ယူပြီး အဝတ်စုတ်နှင့် အသေအချာ သုတ်ပေးသည်။ ဘွားရွှေက ဇီဇာကြောင်သောကြောင့် သူ့အတွက်ဆိုလျှင် သူများထက်တော့ နည်းနည်း ပိုပြီး ဂရုစိုက်ရလေသည်။
“ဘယ်အချိုးနဲ့ ချက်တာလဲဆိုရင်တော့ မုန့်ကို သုံးပိဿာကို ငါးတစ်ပိဿာနှုန်းနဲ့ ချက်တာလို့ပြော၊ အခုချက်တာက မုန့်ခြောက်ပိဿာ၊ ငါးက နှစ်ပိဿာလို့ပြော၊ သိလား ကိုဦး၊ အသေအချာ မှတ်ထားဦး”
ကဲကဲ မမှတ်မိမည်စိုး၍ မခင်လှက ကိုဦးကို ထပ်မှာသည်။ စင်စစ်အားဖြင့် မုန့်လေးပိဿာကို ငါးကြင်း ကိုးဆယ်သားနှင့် ချက်ထားခြင်းဖြစ်သည်။
သို့သော်လည်း ဇီဇာကြောင်ပြီး စပ်စပ်စုစုနိုင်လှသော ဘွားရွှေအတွက် မခင်လှက မုသာဝါဒ အမြဲစွက်ရလေ့ရှိသည်။ ထိုသို့မဟုတ်လျှင် ဘွားရွှေက... "ဪ ... မခင်လှတို့ကလဲ၊ ကောင်းကောင်းလေး စားချင်လို့ ကိုယ့်အိမ်ကိုယ် ချက်စားတာ တယ်ပြီး ချွေတာတာကိုး၊ ကောင်းစေချင်ရင် အကုန်ခံရတယ်ကွယ့်”ဟု ခပ်နှိမ်နှိမ်လေး ပြောတော့မည်ကို ကြိုတင်၍ သိထားသောကြောင့် ဖြစ်သည်။
"အလကား အဘွားကြီး”
တကယ့်တကယ်တော့ သူ့ဆီ လာပေါင်တဲ့ ရွှေကို မှတ်ကျောက်နဲ့ နာနာတိုက်ကြည့်တတ်တာကလွဲလို့ ဘာမှလည်း သိတာမဟုတ်၊ တတ်တာမဟုတ်။ အဲသည်လို လိမ်ညာလိုက်ရင်တော့ အထင်ကိုကြီးလို့။
“ ဒါ့ကြောင့် ဒီလောက် ကောင်းနေတာပေါ့ မခင်လှရယ်၊ အန်တီက လျှာပေါ် တင်လိုက်ရင် သိပြီးသားလို့ ပြောပါလိမ့်မယ် ဟင်း”
ဘွားရွှေတို့သားအမိက တိုက်ခန်းများ၏ မူလမြေပိုင်ရှင်များဖြစ်ကြသည်။ အပြောကောင်းသော ကန်ထရိုက်တစ်ဦးနှင့် ဆက်မိကာ ဤတိုက်ကို ဆောက်ခဲ့ခြင်းဖြစ်သည်။ ကြိုက်ရာအခန်းတစ်ခန်းအပြင် ငွေတစ်သိန်း ထပ်လောင်း၍ ရဦးမည်ဆိုတော့ ဝမ်းသာအားရ သဘောတူကာ မြေကို ထိုး၍အပ်ခဲ့ကြသည်။ ကန်ထရိုက်တာကလည်း တိုက်ပုံစံ ခပ်သွက်သွက်၊ ခပ်လှလှ၊ ခပ်ပါးပါးကို ခြောက်လအတွင်း အပြီးဆောက်ကာ မြိုးမြိုးမြက်မြက်ကလေး စားသွားသည်။ ဘွားရွှေတို့လည်း ငွေတစ်သိန်း ပိုက်မိသည်။ သို့သော် တိုက်ခန်းနံရံမှ ပလာစတာများ တဖြုတ်ဖြုတ် ကြွေတတ်သည်ကိုတော့ အားလုံးသော တိုက်ခန်းပိုင်ရှင်များက သည်းခံကြရလေသည်။
“မေမေ... ဦးကောင်းတို့အိမ် မပို့ရသေးဘူးနော်၊ ဘဖိုးထင်က မုန့်ဟင်းခါးသိပ်ကြိုက်တာ”
ပဲသီးစိမ်းလေးများကို ပါးပါးလှီးနေသော သားအလတ် ကိုတူးက သတိပေးသည်။ သူ့သားသမီး သုံးယောက်တွင် ကိုဦးက ကဲကဲနှင့် တွဲမိပြီး အလတ်ကောင် ကိုတူးက အမေနားတွင် ကပ်ကပ် နေတတ်လေသည်။ ကိုဦးနှင့် ကိုတူးက အသက် တစ်နှစ်ခွဲခန့်သာ ကွာသော်လည်း ကိုဦးက အရွယ်နှင့်မလိုက်အောင် လူကြီးဆန်ကာ တည်ငြိမ်ပြီး ကိုတူးကတော့ ကဲကဲနှင့်အပြိုင် ဆိုးနွဲ့ချင်လေသည်။
“ဘဖိုးထင်ကို သားက မုန့်ဟင်းခါး လာပို့မယ် ပြောတော့ များများပို့ပါတဲ့၊ ထမင်းမစားဘဲ စောင့်နေမယ်တဲ့”
“အေးပါကွယ်... ချိုင့်ပြန်လာတော့ ပို့တာပေါ့၊ ဒီပြင် ပို့စရာလဲ ချိုင့်အပိုမှ မရှိတဲ့ဟာကို”
“ဟင်းရည်ကို ထမင်းအုပ်နဲ့ ထည့်ပြီး မုန့်ဖတ်ကို ပန်းကန်ပြားထဲ ထည့်ပြီး ပို့လိုက်ရင် ရတယ်လေ မေမေရဲ့”
“သားက ဘာလို့ ဒီလောက် အလျင်လိုနေရတာလဲ”
“ဘဖိုးထင်ကို သနားလို့ မေမေရ၊ သူတို့မှာ တစ်ခါလာ ငါးခြောက်ဖုတ်၊ နောက်တစ်ခါလာ ဘဲဥပြုတ်၊ ဒါပဲ စားနေရတာ။ ဟင်းလဲ မချက်တတ်ဘူး”
“အမယ်လေး ဒီခေတ်မှာ ငါးခြောက်ဖုတ်၊ ဘဲဥပြုတ် စားနေနိုင်ရင် နည်းသလား၊ နောက်ပြီး နင့်ဘဘကရော ထမင်းစားဖို့ကို တကယ်စိတ်ဝင်စားလို့လား၊ ဒီအသက်ဒီအရွယ်ကြီးနဲ့ ဟိုအရေတွေပဲ မျိုနေတာဟာကို”
အဘထင်ကိုလည်း မခင်လှက သိပ်ပြီးကြည့်၍မရချေ။ အသက်ခြောက်ဆယ်ကျော်နေပြီဖြစ်သော်လည်း သူ့ခြေထောက်အစုံက ဘုရားကျောင်းကန်ဘက်သို့ လှည့်သည်မဟုတ်။ အရက်ဖြူဆိုင်ဘက်သို့သာ အချိန်မှန်မှန် လျှောက်နေသောသူ ဖြစ်သည်။ တစ်ခါတစ်ရံလည်း မူးပြီးယိုင်နေသော ဖခင်ကို ကိုကောင်းထက်က တွဲပြီး ပြန်ခေါ်လာရတတ်သည်။ အဘထင် အချိန်မှန် အိမ်ပြန်မရောက်လျှင်လည်း ကိုကောင်းထက်က အရှာထွက်ရတတ်သည်။ ထို့နောက် ရေချိန်လွန်နေသော ဖခင်ကို ဆိုက်ကားနှင့် တင်ကာ ပြန်ခေါ်ခဲ့ရတတ်သည်။ အဘထင်ကတော့ အရက်မူးလေ ပြုံးလေနှင့် တစ်ခါတစ်ရံ သီချင်းဆိုတတ်သည်မှအပ သွေးမဆိုးချေ။ သူမူးပုံက ဘယ်သူ့ကိုမှ အနှောက်အယှက်မဖြစ်တော့လည်း အားလုံးက ဥပေက္ခာပြုထားရသည်။ အောက်ထပ်မှ ဘွားရွှေတစ်ယောက်ကသာ ဦးထင်နှင့် စကားပြောတိုင်း “မူးထင်... အဲလေ ဦးထင်“ဟု လုပ်တတ်လေသည်။
“သူက မူးလဲ သူဟာသူ သီချင်းဆိုနေတတ်တာပါ မေမေရာ၊ မဆိုးပါဘူး။ တစ်ခါတလေ သားတို့ကိုတောင် အရုပ်ကလေးတွေ ဆွဲပြသေးတယ်”
အဘထင်က ပန်းချီဆရာတစ်ဦး ဖြစ်သည်ဟုတော့ ပြောသံကြားဖူးသည်။ မဂ္ဂဇင်းများတွင်လည်း ဆွဲခဲ့ဖူးသည်ဟု ပြောသော်လည်း သူ့အမည်ကို ဘယ်သူမှ သိပ်မကြားဖူးကြပေ။ ကိုရန်ဝေးကတော့ “ကားနံပါတ်ရေးတဲ့ သူကိုလည်း ခေါ်ချင်တဲ့သူက ပန်းချီဆရာလို့ ခေါ်တာပဲ”ဟု ပြောဖူးလေသည်။
ထိုစဉ်တွင် ကဲကဲက အိမ်နောက်ဖေးသို့ တဒိုင်းဒိုင်းနှင့် ပြေးဝင်လာပြန်လေသည်။
“မေမေရေ... ဘွားရွှေကြီးက ဆုတွေပေးလိုက်တာ တစ်ပုံကြီးပဲ။ ကျန်းမာပါစေ၊ ချမ်းသာပါစေ၊ ဘုန်းကြီးပါစေ၊ သက်ရှည်ပါစေ၊ ပညာတွေအများကြီး တတ်ပါစေ၊ နောက် ပြီး ... နောက်ပြီး လင်ကောင်း သားကောင်း ရပါစေတဲ့ ဟိ... ”
စပ်ဖြည်းဖြည်း ဖြစ်နေသော ကဲကဲ၏မျက်နှာလေးကို ဝိုင်းကြည့်ကာ သူတို့အားလုံး ဝါးခနဲ ရယ်လိုက်ကြသည်။
------------------------------
မစန္ဒာ
0 Comments