စာရေးသူ - ကိုးငယ်မင်း
Short Story
-------------------------------------------------
"ပင်လယ်ပန်းချီ"
အခန်း ၁။
ပင်လယ်ပြာပြာကြီးကို အုပ်မိုးထိစပ်သော ကောင်းကင်ပြာထက်ဝယ် ဇင်ယော်ငှက်များက လှပစွာ ပျံဝဲလျက်။ အလိပ်လိုက်တက်လာသည့် လှိုင်းလုံးများက ကမ်းစပ်အရောက် လှိုင်းလုံးအရှိန်ပြေလျော့သွားသည်။ သဲသောင်ပြင်ကျယ်ကြီးအပေါ်ကို လှိုင်းလုံးကလေးများက မခို့တရို့ တက်လာလိုက် ပြန်ဆင်းသွားလိုက်နှင့်။ စိမ်းမြမြတောင်တန်း၏ အလှက ပင်လယ်ပြာနှင့် ပေါင်းစပ်လိုက်သောအခါ အဘယ်အလှမှီနိုင်လိမ့်မည်မထင်။ ကမ်းခြေတွင် ညနေခင်း၏ လေညှင်းခံထွက်လျှင် ရှုမငြီးနိုင်သည့် အလှများနှင့် မွေ့လျှော်ရမည်။
ကျွန်မတို့ ဟိုင်းကြီးရွာကလေးက ပင်လယ်ကမ်းခြေနှင့် အနီးတွင်ရှိသည်။ ကျွန်မတို့အိမ်ထဲက အိမ်ပြင်ထွက်လိုက်သည်နှင့် ပင်လယ်ကြီးက ပြာလွင်လွင် အပြုံးများနှင့် ကြိုဆိုနှုတ်ဆက်၏။
ကျွန်မ ငယ်စဉ်ကတည်းက ပင်လယ်ကမ်းခြေနှင့် ထိတွေ့လာခဲ့သော်လည်း ဘယ်သောအခါမှ ငြီးငွေ့သည့် အငွေ့အသက်ကို မခံစားဖူး။ အေးချမ်းသာယာလှပသည့် ပင်လယ်ကမ်းစပ်တွင် လေညှင်းခံပြီး ပင်လယ်၏ အလှရှုခင်းကို အရသာခံတတ်စမြဲ။
ငယ်စဉ်က ရေးဆွဲခဲ့သည့် ပန်းချီစာအုပ်တစ်အုပ်လုံးလိုလိုတွင် လှိုင်းပြေပြေလေး ထလာသော ပင်လယ်ပြင်ကြီးနှင့် ပတ်ဝန်းကျင်ရှုခင်းပန်းချီများသာ နေရာယူထားတတ်သည်။ (ကောင်းကင်ပြာရယ်၊ ပင်လယ်ပြာရယ်၊ တောင်တန်းတွေရယ်)
သူငယ်ချင်းများက ကျွန်မ ပန်းချီစာအုပ်ကို ဖွင့်ကြည့်ပြီး ' ချောစု... နင်ဒီပုံပဲဆွဲတတ်တာလား'ဟု မေးခွန်းထုတ်သည်အထိပင်။
အခန်း ၂။
၂.၅.၂၀၀၈ နေ့လည်အချိန်အခါ...
နှစ်စဉ်နှစ်တိုင်း လေကြမ်းမုန်တိုင်း တိုက်ခတ်မှုကြောင့် ကမ်းစပ်နားတစ်ဝှိုက် အိမ်များ အိမ်ခေါင်မိုးလဲရတတ်သည်။ ထိုဖြစ်စဉ်များသည် ကျွန်မ ဘဝအတွေ့အကြုံနှင့် နှိုင်းယှဉ်ရလျှင် သိပ်မဆန်းတော့။ ထို့ကြောင့် ထုတ်ပြန်ကြေညာချက်များကိုလည်း ကျွန်မတို့ အရေးမလုပ်မိခဲ့ချေ။
ယခုနှစ် လေကြမ်းမုန်တိုင်း တိုက်ခတ်ခြင်းမှာ ယခင်နှစ်များထက် အဆန်းတစ်ခုဖြစ်လာသည်။
"ဟူး...ဟူး... ဟူး... "
လေပြင်းမုန်တိုင်း တဖြည်းဖြည်း ကြမ်းသည်ထက် ကြမ်းလာပြီ။
နေ့ခင်းနေ့လည် မှေးခနဲ အိပ်ပျော်လုဆဲဆဲ ဖျတ်ခနဲ သတိတစ်ခုပြန်ဝင်လာသည်။ အဖေနှင့် ညီမလေးကတော့ နှစ်နှစ်ရခြိုက်ခြိုက် အိပ်ပျော်နေဆဲ။
" အဖေ.... အဖေ.... ညီမလေး ... ထပါဦး၊ ဘာအသံကြီးလဲမသိဘူး"
တစ်သက်မှာ တစ်ခါမှ မကြားဖူးသည့် အသံမျိုး။ အစက ဝိုးတဝါးကြားရပေမယ့် ယခုတော့ ပီပီပြင်ပြင် ကြားနေရပြီ။ ကြောက်မက်စရာအသံ။ လေတိုက်သံလော....။ မခွဲခြားတတ်တော့ပါ။
အဖေနှင့် ညီမလေး လန့်နိုးလာသည်။ အိမ်အပြင်ဘက်ကို သုံးယောက်စလုံး ထွက်ကြည့်ကြ၏။
"ဟင်...မမ"
" အို.... အမလေး.... အဖေ အဲ့ အဲ့ဒါ ဘာကြီးလဲ "
လေပြင်းမုန်တိုင်း အပြင်းအထန်တိုက်ခတ်နေသည်မို့ အမှုန်အမွှားများကြား ကျွန်မ ပင်လယ်ကြီးကို မရမက လှမ်းကြည့်မိသည်။ ပင်လယ်ပြာပြာကြီးမဟုတ်ခဲ့ပေ။ ဒေါသကြီးနေသည့် သူ့အသွင်။
ကောင်းကင်ပြာကိုလည်း မမြင်ရတော့။
မိုးကလည်း သည်းထန်၏။
ပင်လယ်ကြီးတွင် မြင်တွေ့လိုက်ရသည့်အရာတစ်ခုကြောင့် ထိတ်လန့်တုန်လှုပ်သွားစေသည်။ ပင်လယ်ပြာပြာမဟုတ်တော့သည့် မဲနက်နက်အရာတစ်ခု။ လှိုင်းလော... ။
ထိုအရပ်မှ ဆူညံသည့်အသံတစ်ခုက နားထဲ တဟုန်ထိုး ပြေးဝင်သည်။ လေတိုက်ပြင်းထန်နှုန်းက ကျွန်မ ကြုံတွေ့ခဲ့ရသည့် သက်တမ်းတစ်လျှောက်တွင် ထိပ်တန်းအရှိန်အဝါ။
"အလိုလေ.... လှိုင်းလုံးကြီးပါလား"
အဖေ၏ တုန်တုန်ယင်ယင် စကားသံတစ်ခွန်းက ကျွန်မ စိတ်ကို ပို၍ အားငယ်စေပြီး သွေးပျက် ခြောက်ခြားစေသည်။ ညီမလေး မျက်နှာမှာလည်း သွေးမရှိတော့။
ကျွန်မ ဘာလုပ်ရမည်နည်းမသိတော့ပါ။ သွေးပျက်တုန်လှုပ်မှုများကို ရင်ဝယ် ပိုက်လျက်။
" အဖေ... သ... သမီး... တို့.... သေရတော့မှာလားဟင်"
"ဟာ... ဘာလို့ သေရမှာလဲ၊ လောကကြီးကို လွယ်လွယ်နဲ့ အရှုံးမပေးစမ်းနဲ့ သမီး ချောစု"
အဖေ့စကားက နားထဲ စိမ့်ဝင်သွားစေသည်။ လက်ကို ကျစ်ကျစ်ပါအောင် ဆုပ်ထားလိုက်ပြီး 'ငါ မသေရဘူး'ဟု ကိုယ့်ကိုယ်ကို အားခဲလိုက်၏။
ညီမလေးက ကြောက်အားကြီးစွာ အားကိုးတကြီးနှင့် ကျွန်မကို ဖက်တွယ်ထားသည်။
"ညီမလေး... မကြောက်နဲ့၊ မမတို့ မသေပါဘူး"
နှုတ်က ရေရွတ်အားပေးစကားဆိုလိုက်သော်လည်း ကျွန်မ လက်များက တုန်ယင်နေလေပြီ။ မျက်လုံးများက ဂဏှာမငြိမ်နိုင်တော့။
လေပြင်းတိုက်ခတ်မှု၏ ပြင်းထန်မှုက ကျွန်မတို့ ပျဉ်ထောင်အိမ်ကလေး ယိုင်နဲ့နဲ့ဖြစ်လာ၏။
" သမီးတို့... အိမ်ထဲမှာနေလို့ အခြေအနေ မဟန်တော့ဘူး၊ လာ... ဒီကို"
တဖက်မှ ပျဉ်ထောင်အိမ် ဂိုထောင်ကြီးကို လှမ်းမြင်လိုက်ရ၏။ ထိုဂိုထောင်က ကျွန်မတို့ အိမ်ထက်စာလျှင် အများကြီး ခိုင်ခန့်သေးသည်။
လေတိုက်အား ပြင်းထန်မှုက လူကို လွင့်ခနဲ ပါသွားနိုင်လောက်သည်။ ဂိုထောင်ထဲ အပြေးဝင်လိုက်ကြ၏။ ထိုဂိုထောင်ထဲတွင် ကျွန်မတို့အရင် ဝင်ရောက်ခိုအောင်းနေကြသူ ငါးယောက်ရှိသည်။ ခိုင်ခန့်မှုမရှိသည့် အိမ်များ လေထဲလွင့်ပါကုန်ကြပြီ။ ယခု ခိုအောင်းနေသည့် ဂိုထောင်အိမ်က လေဒဏ်ကို ခံနိုင်သည့်ပုံ။
သို့သော် ပြင်းထန်ကြီးမြင့်လှသော လှိုင်းဒဏ်ကိုတော့ မခံနိုင်ခဲ့ချေ။
"ဝုန်း"
လှိုင်း၏ ရိုက်ခတ် လွှမ်းမိုးမှု နောက်ဝယ် ကျွန်မ ဘာဖြစ်သွားသည်မသိ။ အသက်ရှု၍ မရတော့။ ကျွန်မ ခါးလယ်ပိုင်းက မည်သည့်အရာနှင့် ရိုက်ခတ်မိလေသည် မသိ။ ဒုတ်ခနဲ အသံက ခါးအောက်ပိုင်း လှုပ်ရှားမှုကို အတိတ်မေ့သွားစေသည်။ ကျွန်မ မွန်းကြပ်နေလေပြီ။ အသက်ရှု၍ မရတော့။ နှာခေါင်း ပါးစပ်ထဲသို့ ရေများဝင်ကာ မွှန်ထူမွန်းကြပ်လှ၏။ ဂိုထောင်အိမ်ထဲက ကျွန်မ ထွက်ရန် ကြိုးစားရမည်။ ထွက်ပေါက်က ရှာမတွေ့တော့။ ကျွန်မ အမြင်အာရုံက မှောင်မဲမှုများနှင့်သာ ထွက်ပေါက်တစ်ခုကို ရှာနေရသည်။
ဟင်... ။ တွေ့ပြီ။ ကျွန်မ ထွက်ပေါက်တစ်ခုကို ရှာတွေ့ခဲ့ပြီ။
"ဖူး.... ဝူး... ဖူး"
ရေထဲမှ အပေါ်ပြန်တတ်လာနိုင်သည့်အချိန် အချက်ချင်း အသက်မရှုနိုင်။ နှာခေါင်း ပါးစပ်များထဲက ရေများကို မှုတ်ထုတ်ပြီး အသက်ကို အမောရှုရသည်။ တစ်လောကလုံး မှောင်မဲနေပြီး ဘာတွေဖြစ်ကုန်ကြပြီနည်း။ (အဖေနှင့် ညီမလေး ဘယ်ရောက်သွားကြပြီလဲ။)
ခေါင်းကို ရိုက်ခတ်မိသည့် အရာတစ်ခုကို ကျွန်မ ဆက်ခနဲ အမိအရ ဖမ်းယူလိုက်သည်။ မဟုတ်လျှင် ကျွန်မ ရေထဲနစ်မြှုပ်သွားဖို့က အပြည့်အဝ သေချာနေပြီ။ ကံကောင်းထောက်မစွာ ပျဉ်ချောင်းတစ်ခုဖြစ်နေ၏။ သို့သော် ပျဉ်ချောင်းက ရေထဲတွင် ကျွန်မ ခန္ဓာကိုယ် ခိုတွဲဖို့ ကောင်းကောင်း အသုံး မဝင်ခဲ့ပါ။ ကိုယ်ဖော့ထားရင်းက နိမ့်ချီ မြင့်ချီနှင့် အသက်ပင် ဘယ်နားရှုမိလေသနည်း။
လှိုင်းသံများလော မည်သည့်အရပ်မှ လာသည့် အသံသည်လော ကျွန်မ မသိတော့ပါ။ လှိုင်းတစ်ချက်ဝင်လာလိုက်တိုင်း အသက်ကို အောင့်ထားရသည်။
လက်ထဲစမ်းမိစမ်းရာ စမ်းရှာရင်း သစ်သားလုံးတစ်လုံးကို ထပ်မံဖမ်းမိရာ အမိအရ ဖမ်းဆုပ်ထား၏။ ပျဉ်ပြားတစ်ချောင်းကို တစ်ဖက်ချိုင်းကြားတွင် ညှပ်၊ သစ်သားလုံးတစ်ခုကို ကျန်လက်တစ်ဖက် ဂျိုင်းကြားတွင် မလွတ်သွားရန် ခိုင်ခိုင် ညှပ်တွယ်ထားရသည်။
အသံများက ကမ္ဘာပျက်နေသည့်အလား ဆူညံနေသည်။ မုန်တိုင်းလှိုင်းထန်မှုက မငြိမ်းသက်နိုင်သေး။ မှောင်မဲအတိရှိနေပြီး ဘာကိုမှ ကမ်းမမြင်လမ်းမမြင်။ လှိုင်းလုံးတစ်လုံး ကျွန်မ အနားရောက်မလာခင် အသက်ကို ဝအောင် ရှုထားလိုက်ရသည်။ လှိုင်းလုံး တစ်လုံး၏ လွှမ်းမိုးမှုက ရေထဲ ပတ်ချာလည်ရိုက်ကာ အကြာကြီးနစ်မြုပ်နေပြီး အသက်ရှုဖို့ မနည်းပြန်တက်ရသည်။ ချိုင်းကြားနှစ်ခုတွင် ညှပ်ထားသည့် ပျဉ်ပြာနှင့်သစ်သားလုံးကို ကျစ်ကျစ်ပါအောင် ညှပ်ထားရ၏။
ဒိုက်များလော ဆူးညှောင့်များလော မည်သည်အရာများနည်း မသိ အောက်ပိုင် ခြေထောက်များကို ဆူးများ ခြစ်မိသည်။ ထိုထက်ဆိုးသည်က...
"အ... "
ပျဉ်ချောင်းတစ်ခုမှ သံမှိုက ပေါင်ကို လာစိုက်သည်။ နာကျင်စွာ အော်ဟစ်လိုက်ပေမယ့် အသံက စူးစူးဝါးဝါး မထွက်နိုင်တော့ချေ။ ခိုက်ခိုက်တုန်အောင် ချမ်းတုန်နေလေပြီ။
ကျွန်မ ကိုယ်ပေါ်မှ အင်္ကျီကိုပင် မသယ်နိုင်တော့တော့ပေ။ မွှေးပွ အင်္ကျီမို့ ရေနှင့် လေးနေ၏။ အသက်ကို ဝအောင်မရှုရ ကိုယ်လည်း ဖော့ထားရတော့ မောပန်းနွမ်းနယ်လှပြီ။ အင်္ကျီကို ပါးစပ်နှင့်ကိုက်ကာ ဆွဲဖြဲ။ မရမက ချွတ်ရသည်။ ချိုင်းကြားထဲက ပျဉ်ပြားများ လွတ်မသွားစေရန် သတိပြုနေရသည်။
ပါးစပ်ထဲ နှာခေါင်းထဲ ရေငန်များ အလုံးလိုက်ဝင်ပြီး ကျွန်မ အသက်ငင်နေပြီ။ အသက်ရှု၍ မရတော့ပါ။ နစ်ချိန်က ပိုများနေသည်။
အမြတ်တနိုးတန်ဖိုးထားခဲ့သည့် ဆံပင်ရှည်ကြီးက ယခုအချိန်ဝယ် ကျွန်မအတွက် အသက်ရှုမွန်းကြပ်စေသည့် အရာ။ လည်ပင်းကို မကြာခဏ ရစ်ပတ်လာတတ်၍ ပြန်ဖြည်နေရသည်။ စိတ်မရှည်စွာ ဆံပင်ကို ကိုက်ဖြတ်တော့လည်း မရ။ ဆံပင်က ခိုင်မြဲလှသည်။
ငါ မသေရဘူးဟု ကိုယ့်ကိုယ်ကို အားပေးလိုက်မိသည်။ လောကကြီးကို လွယ်လွယ်နှင့် အရှုံးမပေးနိုင်။ အဖေ့စကားကို နားထဲ စွဲထင်နေသေးသည်။
"အဖေ..."
ကယောင်ကတမ်း အော်လိုက်မိသည်။ ခိုက်ခိုက်နေပြီမို့ အသံက သြရှရှ။
သည်တစ်ခါ တိုက်မိလိုက်သည့် အရာတစ်ခုက ပျဉ်ချောင်း သစ်တို သစ်စများမဟုတ်။ သစ်ကိုင်းလို အရာတစ်ခု။ အမိအရ ဖမ်းဆုတ်ထားလိုက်ပြန်သည်။ ဂျိုင်းတွင် ညှပ်ထားသော ပျဉ်တို့ သစ်စများကို လွှတ်လိုက်ပြီး သစ်ကိုင်းကို ဖက်တွယ်ထား၏။ ကျွန်မ ရွေးချယ်မှုက မှန်ကန်သွားသည်။
သစ်ပင်တစ်ပင်ဖြစ်လိမ့်မည်။ ကျွန်မ ကိုင်ထားမိသည့် ကိုင်းက အဖျာလောက်သာ ငေါထွက်နေသည်။
ခိုက်ခိုက်တုန်အောင် ချမ်းနေပြီး သစ်ကိုင်းကို လက်မလွှတ်သွားမိစေရန် သတိထားနေရသည်။ လှိုင်းလုံးများက ကျွန်မကို အကြိမ်ပေါင်းမရေတွက်နိုင်အောင် လွှမ်းမိုးခဲ့ပေမယ့် သစ်ပင်းကိုင်းကို ခိုင်ခိုင်မြဲစွာ ဖက်တွယ်ထားစမြဲ။ အသက်ရှုရန် ရေထဲမှ ပြန်ပေါ်လာချိန်က အလွန်နည်းလှသည်။
ကျွန်မ အံကိုကြိတ်ကာ အားမာန်တင်းထားလိုက်၏။
အခန်း ၃။
လှိုင်းများ ငြိမ်သက်သွားပေမယ့် ကျွန်မ ခန္ဓာကိုယ်အောက်ပိုင်း ရေများထိစပ်နေ၍ ခိုက်ခိုက်တုန်အောင် ချမ်းတုန်နေခဲ့ပြီ။ အောက်ပိုင်း ခန္ဓာကိုယ် ရှိပါရော့လားဟု သံသယပင်ဖြစ်မိသည်။
ဖက်တွယ်ထားသည့် သစ်ပင်ကိုင်းကိုလည်း လက်ဖြုတ်၍ မဖြစ်သေး။
တဖြည်းဖြည်း ရေကျလာသည့်အလျောက် သစ်ကိုင်းကို အလိုက်သင့်ကိုင်ကာ လျောဆင်းရသည်။
ညမိုက်တစ်ခုကို အကျည်းတန်မှုများနှင့် ဖြတ်ကျော်ခဲ့ရပြီး တစ်ရေးမှ မအိပ်စက်ရဲ။ ချမ်းတုန်နေပြီး အသက်ကို ဝအောင် ရှုနေရသည်။ ဖက်တွယ်ထားသည့် သစ်ကိုင်းများကိုပင် မြဲမြဲမကိုင်နိုင်တော့ချေ။
ရေများ အားလုံး ကျဆင်းသွားခဲ့ပေမယ့် သစ်ပင်ကို ရဲရဲမလွှတ်ရသေး။
ဝေလီဝေလင်းအချိန် ပတ်ဝန်းကျင်ကို ဝေ့ဝဲကည့်မိသည်။
အမြင်မသဲကွဲသေးပေမယ့် အရိပ်များတော့ မြင်နေရပြီ။ ကျွန်မ ဖက်တွယ်ထားခဲ့သည့် သစ်ပင်ကြီးကို တစ်ချက်ကြည့်လိုက်သည်။ ကြီးမားလှသော သဖန်းပင်ကြီး။ ထိုမျှကြီးမားလှသော သစ်ပင်မျိုး ကျွန်မ မတွေ့ခဲ့ဖူးပါ။ ကျွန်မ အသက်က ယခုသစ်ပင်ကြီးဆီမှာပင် ရှိတော့သည်။ ထိုသစ်ပင်ကြီးနှင့်သာ မတွေ့ခဲ့လျှင်မူ ကျွန်မ အသက်ရှင်သန်ဖို့အခွင့်အရေး ရှိတော့လိမ့်မည်မထင်။
ဒီရေတက်ချိန် ပြန်ရောက်လာ၍ ရေပြန်တက်လာ၏။ ကျွန်မ နစ်မြှုပ်သွားမည်စိုး၍ သဖန်းပင်ကြီးကို ပြန်လည် ဖက်တွယ်ထားရသည်။
ဒီရေပြန်အကျ။ အလင်းမှိန်ပျပျနှင့် ပတ်ဝန်းကျင်ကို မြင်သာသည့်အချိန်ဝယ် ဝေ့ဝှိုက်ကြည့်မိတော့ ကျွန်မ တုန်လှုပ်သွားရသည်။ ပုတ်ပွနေသော လူတွေ... ။ မျက်စိတစ်ဆုံး။ လက်ကားယာ ခြေကားယား အလောင်းများက ရှုမလှ။
တစ်လောကလုံးတွင် ကျွန်မ တစ်ယောက်တည်း ရှိနေသည်လော...။ လောကကြီးက ဘာတွေဖြစ်ကုန်ကြပြီနည်း။ ကမ္ဘာပျက်သွားသည်လော။ ရင်ထဲ အားငယ်တုန်လှုပ်ခြောက်ခြားမှုများ တစ်ဟုန်ထိုး မြင့်တက်လာ၏။
ခါးက ထိခိုက်မိထားသောကြောင့် ကျွန်မ မထနိုင်။ ခါး၏ နာကျင်မှုဒဏ်က ကျွန်မကို အပြင်းအထန်းနှိပ်စက်သည်။ လှုပ်၍ မရ။ လှုပ်လျှင်နာသည်။
တဖြည်းဖြည်း နေမြင့်လာပေမယ့် အကူအညီပေးမည့်သူက အရိပ်အယောင်ပင် မတွေ့ရသေး။
"ဂျွတ်.... ဂျွတ်... "
"ဟင်.. "
ခြေသံကြားတစ်ခုကြားလိုက်ရသောကြောင့် ကျွန်မ အားတတ်သွားရသည်။
"ကယ်ပါ... ကယ်ပါ"
ကျွန်မ အားစိုက်အော်လိုက်တော့ ယိုင်နဲ့နဲ့နှင့် သူ ကျွန်မ အနီးအနားရောက်လာပြီး 'အမေလား'ဟု မေးသည်။
ခြံနွယ် အမှိုက်သရိုက်များနှင့် ကွယ်နေသည်မို့ သူ ကျွန်မကို မမြင်သေးပါ။ ကျွန်မ ခေါင်းထောင်ကြည့်ရင်း....
"မဟုတ်ဘူး မောင်လေး၊ အစ်မကို ကူတွဲပေးပါဦး၊ ခါးနာနေလို့ လမ်းမလျှောက်နိုင်ဘူး"
သူလည်း ယိုင်နဲ့နဲ့နှင့် အားအင်ချိနဲ့နေပုံ။ ရေဘေးဒုက္ခကို သူ ခံရတော့ ပင်ပန်းနွမ်းနေနေလောက်ပြီ။ ကျွန်မ အကူအညီတောင်းရသည်မှာပင် အားနာသွားမိသည်။
ကျွန်မ ခန္ဓာကိုယ်ကို သတိရမိကာ 'မလာသေးနဲ့ဦး၊ ငါ့မှာ အဝတ်အစားဘာမှ မရှိတော့ဘူး' ဟု အလျှင်မှီ တားလိုက်သည်။ မည်သည့်အလောင်းက ဖြုတ်ယူလာသည့် အဝတ်အစားများလဲတော့ မသိ။ ကျွန်မကို လှမ်းပစ်ပေးသည်။
အဝတ်အစားဝတ်အပြီး သူ ရောက်လာပြီး ကုန်းပိုးကာ ခေါ်သည်။
"အား....အမလေး.... ကျွတ် ကျွတ်"
ခါးကို အပ်တစ်စင်းနှင့် ထိုးဆွနေသည့်အလား နာကျင်၏။ လှုပ်လိုက်တိုင်း နာကျင်သည့် တဆစ်ဆစ်နှင့် ဝေဒနာကို ခံရသည်။ သူလည်း ကျွန်မကို ကုန်းပိုးပြီး သယ်ဆောင်လာရတာ မောပန်းနေလေပြီ။ လမ်းတစ်ဖြတ်တွင် ကျွန်မကို အောက်သို့ချကာ သူ အမောဖြေသည်။ အားနာလွန်း၍ ကျွန်မကို ထားရစ်ခဲ့ဖို့ ပြောပေမယ့် သူ မထားခဲ့ပါ။
နားလိုက် သွားလိုက်နှင့် နောက်ဆုံးမှာတော့ မည်သည့်သို့ မည်ပုံ သောင်တင်လာသည့် သင်္ဘောပျက်ကြီးလဲ မသိ။ ထိုသင်္ဘာပျက်ကြီးထဲတွင် ရေဘေးဒုက္ခသည်များ ရှိနေကြသည်။ သင်္ဘောပျက်ကြီး၏ နေရာလွတ်တစ်ခုတွင် ကျွန်မကို ချထားခဲ့ပြီး 'အမေ့ကို သွားရှာလိုက်ဦးမယ်'ဟု သူ ပြောသွားသည်။ ကျွန်မ သူ့ကို ကျေးဇူးတင်စကားပင် မပြောလိုက်ရ။
သင်္ဘောပျက်ကြီးထဲရှိ ရေဘေးဒုက္ခသည်များထဲတွင် အဖေနှင့် ညီမလေးပါလား ဝေ့ဝဲ ရှာမိသည်။ မတွေ့ပါ။
အားငယ်စိုရွံ့မှုများက တစ်ဟုန်ထိုး ဝင်ရောက်လာသောကြောင့် မျက်ရည်စများနှင့်သာ အဆုံးသတ်ခဲ့ရသည်။
အခန်း ၄။
ပင်လယ်ပြာပြာကြီးနှင့် ကောင်းကင်ပြာကြီးက ထိစပ်နေသည့်အလား ပရိယာယ် ဆင်လျက်.. ။
ယခုတော့ ပင်လယ်ပြာပြာ။ ကြောက်မက်စရာ သူအသွင် မရှိတော့ပါချေ။ လှိုင်းလုံးလေးတို့ကလည်း ယခုတော့ ပန်းချီဆွဲချင်စရာ။
ကျွန်မ နားမလည်နိုင်စွာ ပင်လယ်ကြီးကို ငေးမောကြည့်လိုက်၏။ ပင်လယ်ကြီးတွင် အဖေ့ ပုံရိပ်များ ညီမလေး အငွေ့အသက်များ ရှိနေသယောင်ယောင်။ သဘောင်္ပျက်ကြီးအထိ ကုန်ပိုး လိုက်ပို့ပေးခဲ့သော ကျေးဇူးရှင် ကောင်လေးကိုလည်း တမ်းတမိ၏။ သူ့ကို ကျေးဇူးတင်စကား တဝြကီး ပြောချင်သေးသည်။ သူ ဘယ်ဆီအရပ် ရှိနေသနည်း။
နှလုံးအိမ်အတွင်း ဒဏ်ရာအစိုင်အခဲများက ပင်လယ်ကြီးကို ငေးမောကြည့်မိလေတိုင် စူးတစ်စင်းနင့်ဝင်သွားသည့်အလား ဖွဲမီးဖြစ်ခဲ့ပြီ။ ကျွန်မ ပင်လယ်ကြီးကို မမုန်းပါ။
သို့သော် ဒေါသကြီးသည့် သူ့အသွင်ကို ကျွန်မ နှလုံးသားပန်းချီကားချပ်တွင် နောင်ဘယ်သောအခါမှ ထပ်မံ မခြယ်မှုန်းချင်တော့ပါ။
ကိုးငယ်မင်း
ရွှေအမြုတေ မဂ္ဂဇင်း ( ဇန်နဝါရီလ ၂၀၁၉ )
-------------------------------------------------
0 Comments