စာရေးသူ - ကိုးငယ်မင်း
Short Story
-------------------------------------------------
"ရေမျောကမ်းတင်" #ကိုးငယ်မင်း
"ရောက်နေတာ ကြာပြီလား"
" မကြာသေးပါဘူး၊ ရှေ့ဆင့်နောက်ဆင့်ပဲ ရောက်လာတာပါ မစံပယ်ညို"
"ဟာ... မောင်ကလည်း"
"ဘာလဲ"
"အဲလို မခေါ်ပါနဲ့"
စံပယ်ညိုဆိုသော အမျိုးသမီး၏ အသံက တုန်ယင်နေလေသည်။
"နောက်လည်း ခေါ်ရမှာပဲလေ"
"မောင်နဲ့ ဒါနောက်ဆုံးတွေ့ရမှာပဲလေ၊ ဒီနေ့တော့ မောင် အရင်ခေါ်နေကျအတိုင်းပဲ ခေါ်ပါနော်၊ သဲ ရင်ထဲ မခံစားနိုင်လို့ပါ"
တဖက်စားပွဲဝိုင်းမှ သူတို့နှစ်ဦး၏ အသံမှာ ကျယ်ကျယ်လောင်လောင် ပြောနေကြသည်တော့ မဟုတ်ပါချေ။ ကျွန်တော် ထိုင်နေသည့် ဆိုင်ကလေးက တိတ်ဆိတ်ပြီး ဆူဆူညံညံအသံဗလံ မရှိသည်မို့ လိုက်ကာစခပ်ပါးပါးလေးသာခြားထားသော စားပွဲဝိုင်းမှ သူတို့နှစ်ဦး၏ အသံကို မသိမသာလေး ကြားနေလေသည်။ သူတို့နှစ်ဦးကိုတော့ မမြင်ရပါ။ အရိပ်အယောင်သာမြင်ရနိုင်သည်။ ကျွန်တော်ကလည်း သူတို့နှစ်ဦး၏ စားပွဲဝိုင်းကို နောက်ကျောပေးထိုင်ထားသည်မို့ အရိပ်အယောင်ပင် မမြင်ရပါ။
တကယ်တော့ ကျွန်တော်သည် သူတစ်ပါး Personal ကိစ္စတွေကို စပ်စုတတ်သူ မဟုတ်ပါ။ Black Coffee တစ်ခွက်ကို စိတ်အေးလက်အေးသောက်၍ စိတ်အပန်းဖြေစရာ သိပ်ကောင်းလှသည့် ဤဆိုင်တွင် Black Coffee ကလွဲလျှင် အခြားပတ်ဝန်းကျင်ကို စိတ်ဝင်စားဖွယ်မရှိဟု ထင်ခဲ့မိသည်။ ဒီတစ်ခါတော့ တစ်ဖက်က သူတို့နှစ်ဦး ပြောနေသံကို နားစွန်နားဖျားကြားရုံဖြင့် စိတ်ဝင်စားသွားသည်။
အထူးသဖြင့် မစံပယ်ညို၏ တုန်တုန်ယင်ယင်နှင့် ဝမ်းနည်းနေဟန်အသံကလေးကို ကြားရတော့ ပို၍ စိတ်ဝင်စားသွား၏။
မောင်ဆိုသောသူနှင့် မစံပယ်ညိုတို့က တစ်ချိန်က ချစ်သူရည်းစားတွေဖြစ်ခဲ့ဖူးဟန်တူသည်။ ဟုတ်သော်ရှိ မဟုတ်သော်ရှိ သူတို့နှစ်ဦး၏ အကြောင်းကို ကျွန်တော် သိချင်စိတ်ဖြစ်သွားသည်။
လိုက်ကာစခြားထားသည့် တဖက်စားပွဲဝိုင်းက စကားသံများကို Black Coffee သောက်၍ နားထောင်မည် စိတ်ကူးလိုက်မိ၏။
"တော်စမ်းပါဟာ... ဒီနေ့တစ်ရက်တည်း ပါးစပ်အရသာခံပြီး ခေါ်နေတော့ မောင်တို့ဇာတ်လမ်းက လှသွားမှာမှမဟုတ်တာ"
မစံပယ်ညို၏ ငိုသံသဲ့သဲ့လေးကို ကြားရသည်။
"ငိုမနေစမ်းပါနဲ့ဟာ... ငိုခြင်းငို မောင်က ငိုရမှာပါနော်၊ ကျန်ရစ်ခဲ့တဲ့သူနဲ့ ထားသွားတဲ့သူ ဘယ်သူက ပိုခံစားရမလဲ စဥ်းစားကြည့်"
"မောင်ရယ်... သဲကလည်း ထားသွားခဲ့ချင်လို့မှ မဟုတ်... ဘဲ"
မစံပယ်ညို၏ ပြန်လည်ချေပသံကလေးက ငိုသံများနှင့် လုံးထွေးရစ်ပတ်နေတော့သည်။
"ဘာပဲဖြစ်ဖြစ် ထားသွားတာဟာ ထားသွားတာပါပဲ၊ ဘာမှ ခေါင်းစဥ်တွေ ပြောင်းတပ်မနေစမ်းပါနဲ့တော့"
"မောင်ရယ်... မောင့်ကို သဲ ဘယ်လောက်ချစ်တယ်ဆိုတာ မောင် အသိဆုံးပဲလေ"
သူက ဟက်ဟက်ပက်ပက် ရယ်လေသည်။ သူ့ရယ်သံများက သိပ်အသက်မပါလှချေ။
"သိတာပေါ့ဗျာ... မောင့်ကို သိပ်ချစ်လွန်းလို့ ထားသွားခဲ့တာပေါ့လေ"
"တော်ပါတော့ မောင်ရယ်"
မစံပယ်ညို၏ ငိုသံလေးလေး မကြားရတော့ပေမယ့် စကားသံကလေးများထဲတွင် ငိုသံလေး ခပ်သဲ့သဲ့ ပါဝင်နေသေးသည်။
"ဒါဆို မောင့်ကို ဘာလို့မရွေးခဲ့တာလဲ၊ မောင့်ဘက်က ခုချိန်ထိ အဆင်သင့်ပဲနော်၊ သဲသာ မောင့်ကို ရွေးချယ်မယ်ဆိုရင် သဲကို ခုခိုးပြေးပစ်မှာ"
ဇာတ်ရှိန်မြှင့်တက်လာသည့် သူတို့နှစ်ဦး၏ စကားသံများကြောင့် ကျွန်တော် မျက်ခုံးပင့်သွားရ၏။ Black Coffee ထဲသို့ သံပုရာရည် ညှစ်ထည့်နေရင်းမှ ညှစ်လက်စ သံပုရာသီးစိပ်ကို အရည်ကုန်အောင် ဆက်မညှစ်မိတော့ဘဲ အမှိုက်ပုံးထဲပစ်ထည့်လိုက်သည်။
"အို... မောင်ကလည်း... အဲလိုတော့ ဘယ်ဖြစ်ပါ့မလဲ၊ အချိန်က နှောင်းသွားခဲ့ပြီလေ"
မစံပယ်ညိုက အလန့်တကြားပြန်ဖြေသည်။ ထိုအခါ သူက 'ဘာရယ်... အချိန်က နှောင်းသွားခဲ့ပြီပေါ့ ဟုတ်လား'ဟုဆိုကာ အားရပါးရရယ်လေသည်။ သူ့ရယ်သံတွေထဲတွင် ကြေကွဲဝမ်းနည်းမှုများ ပြွတ်သိပ်နေလိမ့်မည်ဟု ကျွန်တော် သုံးသပ်မိ၏။
မစံပယ်ညို၏ အသံ မကြားရတော့ပါ။
"အချိန်မနှောင်းခင်ကတည်းက မောင့်ကို ထားသွားဖို့ ဆုံးဖြတ်ချက်ချခဲ့တာ မဟုတ်ဘူးလား မစံပယ်ညို၊ ခုချိန်မှာ မစံပယ်ညိုဆိုတဲ့ နာမ်စားပဲ ခေါ်သင့်တော့မယ်၊ မောင်တို့ ဇာတ်လမ်းက ပြီးသွားခဲ့ပြီပဲလေ... ဟုတ်တယ် မဟုတ်လား မစံပယ်ညို"
မစံပယ်ညို၏ အသံထွက်မလာပါချေ။ ငုံ့၍ ငိုနေပြီလား မသိချေ။
ခဏအကြာ မစံပယ်ညို၏ ရှိုက်သံလေး ထွက်ပေါ်လာ၏။
သြော်... မစံပယ်ညို ထပ်၍ ငိုနေပြန်ပြီဟု ကျွန်တော် တွေးကာ သနားကရုဏာ ဝင်မိသွားသည်။ မစံပယ်ညို ငိုရတာများလွန်း၍ မျက်လုံးများ မို့အစ်နေလောက်ပြီ။
မောင်ဆိုသောသူကလည်း မစံပယ်ညိုကို စကားနာထိုးတာ ထိမိ ပိုင်နိုင်လွန်းလှသည်။ ဘေးက ကြားနေရသူ ကျွန်တော်ပင် မစံပယ်ညိုနှင့် ရောယောင်နာကျင်သွားသလိုလို။
"ငိုမနေပါနဲ့ဟာ... မကြာခင် ပျော်ရတော့မှာပါ"
"ဘာ... ပျော်နေမယ်လို့ မောင် ထင်နေတာလား"
ဒီတစ်ခါ မစံပယ်ညို၏ ရန်တွေ့သံလေးက ခုနက ပျော့ညံ့ညံ့အသံလေးနှင့် မတူတော့ချေ။
"မပျော်ရင် သဲ မိဘတွေ သဘောတူတဲ့ လူကို စွန့်လွှတ်ပြီး မောင့်ကို ခုရွေးလိုက်တော့လေ၊ မောင်တို့ ခိုးပြေးကြမယ်ကွာ... သဲကို မောင် သိပ်ချစ်တယ်"
Black Coffee ကို ကျွန်တော် ဘယ်လိုအရသာနှင့် မြိုချမိလိုက်သလဲ မသိ။ သူတို့နှစ်ဦး၏ ဇာတ်ရှိန်က မြင့်ပြီးရင်း မြင့်နေသည်မို့ အချစ်ဇာတ်လမ်းတစ်ပုဒ်ကို ရေဒီယိုမှာ နားထောင်ရသည့်နှယ်။ အချစ်ဇာတ်လမ်းအပြင် ရင်ဖိုဖွယ်စကားလုံးများကြောင့် သည်းထိတ်ရင်ဖို အချစ်ဇာတ်လမ်းဟု ခေါ်ရမည်။
"အို... မောင်ကလည်းကွာ.. မဖြစ်နိုင်တော့ပါဘူးဆို၊ သဲ မိဘတွေအကြောင်း မောင် သိသားနဲ့"
"ဒါဆို ဘာလို့ မောင့်ကို ဒီနေရာကို ချိန်းတာလဲ"
ဘုန်းခနဲ ပုတ်သံကြားလိုက်ရသည်။ စားပွဲကို ပုတ်သည်ထင်၏။ မစံပယ်ညို ထိတ်ခနဲဖြစ်ကာ ခန္ဓာကိုယ်လေး တွန့်သွားပေလိမ့်မည်။ တဖက်မှ ကျွန်တော်ပင် စိတ်ထဲ ဖျတ်ခနဲလန့်သွား၏။
စက္ကန့်အတော်ကြာအောင် သူတို့နှစ်ဦး၏ စကားသံများ မကြားရတော့ပေ။ ကျွန်တော် Black Coffee ကို အရသာမခံဘဲ သောက်၍ နားစွင့်နေမိသည်။
"သြော်... ဟင်း ဟင်း... ဒီဖိတ်စာလာပေးဖို့ မောင့်ကို ချိန်းခဲ့တာပေါ့လေ၊ ဟုတ်လား မစံပယ်ညို ... ဟာသပဲကွာ..."
သူ ရယ်ပြန်သည်။ သူ့ ရယ်သံတွေက ခါတိုင်းလိုပင် အသက်မပါလှချေ။
"မဟုတ်ပါဘူး... သဲ မောင့်ကို နောက်ဆုံးအကြိမ် ဆုံချင်လို့ လာခဲ့တာပါ"
"နောက်ဆုံးအကြိမ် တွေ့ဆုံတာဆိုပြီး ဒီဖိတ်စာက ဘာလို့ ထပ်ဖိတ်နေသေးတာလဲ၊ ဘာလဲ... မောင်က မင်္ဂလာဆောင်ကို လာရဦးမှာလား ပြောစမ်းပါဦး မစံပယ်ညိုရဲ့"
မစံပယ်ညိုဆီက အသံထွက်မလာပေ။ ငိုသံလည်း မကြားရချေ။
"ဘယ်လို သတ္တိတွေနဲ့ ဒီဖိတ်စာကို ပေးရတာလဲ ပြောပါဦးကွာ... ဖိတ်ရင်တော့ လာမှာနော်"
မစံပယ်ညို၏ လေပူမှုတ်ထုတ်သံက ခပ်ပြင်းပြင်း။
"လာတော့ မလာပါနဲ့"
"မင်း ဇွတ်အတင်း ဖိတ်လည်း ဟောဒီက ကောင်ကြီးက မျက်နှာပြောင်တိုက်ပြီး မလာရဲပါဘူးဗျာ၊ စိတ်ပူမနေပါနဲ့ကွာ"
သူတို့နှစ်ဦး ငါးမိနစ်လောက်ကြာအောင် ငြိမ်ကျသွားပြန်သည်။
"ဖိတ်စာလေးက လှတော့လှသားပဲနော်၊ မောင့်လိုဆို အပေါစားဖိတ်စာလောက်ပဲ တတ်နိုင်မှာ၊ သတို့သားနာမည်က ဘာတဲ့... အမယ့်... ဒေါက်တာ မောင်မောင်ချစ် တဲ့၊ ဟား... မင်းတော့ သိပ်ကံကောင်းပြီ မစံပယ်ညိုရေ၊ နာမည်ကိုပဲ ကြည့်ပါလား မောင်မောင်ချစ်တဲ့၊ မင်းကို သိပ်ချစ်မယ့် နာမည်မျိုးပဲ၊ မောင့်ထက် ပိုချစ်နိုင်ပါစေလို့ ဆုတောင်းပေးတယ်နော်"
သူတို့နှစ်ဦး တိတ်ဆိတ်သွားပြန်သည်။
"မောင်တို့ တွေ့ကြတာ ဒီလောက်ပဲ သင့်ပါတယ်ကွာ၊ ပြန်ပါတော့ မစံပယ်ညို"
"မောင်"
မစံပယ်ညို၏ ငိုသံလေးကို ထပ်ကြားရပြန်သည်။
သူ ပြန်မထူးပါ။
"ထူးပါဦး မောင်ရယ်... နောက်တစ်ခါ ထပ်ခေါ်လို့ မရတော့တဲ့ မောင့်ကို သဲ ဒါနောက်ဆုံးခေါ်တာပါ"
"မင်း .. မင်းကွာ... ခုချိန်ထိ ငါ့ရင်ကို နာကျင်အောင်...."
သူ့ဘက်က စကားမဆက်နိုင်တော့ဘဲ ငိုသံထွက်လာသည်။ အစောပိုင်းက အသည်းမာလွန်းလှသည့် သူ့အသံနှင့် ပြောဟန်များက ငိုသံများနှင့်အတူ ပျောက်ကွယ်သွားလေ၏။
"မောင့်ကို မနာကျင်စေချင်ပါဘူး"
သူတို့နှစ်ဦးစလုံး ငိုကြတော့သည်။ တိတ်ဆိတ်လွန်းလှသော ဒီဆိုင်အတွင်း ငိုသံခပ်သဲ့သဲ့လေးများနှင့် မသပ်မရပ်ဖြစ်သွားရသည်။
"မောင့်ကို နောက်ဆုံးအကြိမ်အနေနဲ့ သဲ နမ်းခဲ့ပါရစေနော်"
သူ့ဘက်က ဘာသံမှ မကြားရချေ။ မစံပယ်ညို၏ တောင်းဆိုမှုကို လက်ခံသည့် သဘောဖြစ်မည်။
စက္ကန့်အနည်းငယ်အကြာတွင် မစံပယ်ညို၏ ရှိုက်သံလေးတစ်ချက်ထွက်ပေါ်လာပြီး ဆိုင်ထဲမှ ပြေးထွက်သွားသည်။
သူလည်း ငိုသံများနှင့် ရင်ကွဲပက်လက်ကျန်ရစ်ခဲ့ပုံရသည်။
သူတို့နှစ်ဦး၏ ဇာတ်လမ်းက ဒီမှာပင် အဆုံးသတ်သွားလေသည်။
.....
ကျွန်တော်နှင့် Black Coffee ဇာတ်လမ်းက မပြီးသေးပါ။ ဒီနေ့ Black Cofee သောက်ရသည်မှ ရင်တုန်မှင်သက်ဖွယ်ကောင်းလွန်းလှသည်။ Black Coffee အရသာကိုပင် မရတော့လောက်အောင် စိတ်လှုပ်ရှားဖွယ်ကောင်းလွန်းလှသည်။ ကျွန်တော် စိတ်လှုပ်ရှားမှုကို ရင်ဖွင့်ခဲ့ချင်ပါသေးသည်။
ကျွန်တော့်နာမည်ကို ပြောကို ပြောခဲ့မှဖြစ်မည်။ ကျွန်တော့်နာမည်ကို သိလျှင် အံ့သြကြလိမ့်မည်။
ကျွန်တော့်နာမည်မှာ
"မောင်မောင်ချစ်" ဖြစ်သည်။
ကိုးငယ်မင်း
'မြေဆီ' ဝတ္ထုတိုစုစည်းမှု(ကလောင်စုံ) August 2021
-------------------------------------------------
0 Comments