The Boy Standing By The Window

The Boy Standing By The Window

( ၁ )

“ မောင် ( ...... ) အဆင့် ဆယ့်ငါး ”

သားနာမည်ကိုခေါ်ပြီး အဆင့်သတ်မှတ်ချက်ကြေငြာလိုက်တဲ့ အတန်းပိုင်ဆရာမရဲ့ အေးစက်တည်ငြိမ်လှတဲ့
စကားသံအဆုံးမှာ သားရဲ့
အတွေးပုံရိပ်ထဲ မေမေ့ရဲ့ တင်းမာခက်ထန်နေတဲ့
မျက်နှာကြီးကို ဖျတ်ခနဲ မြင်ယောင်လာလေရဲ့။
 သား ရုတ်ချည်း ကြောက်ရွံ့သွားပြီး ခန္ဓာကိုယ်တစ်ခုလုံး ပူလောင်အိုက်စပ်နေတဲ့ မနက်ခင်းမှာ
 အေးခဲသွားသလိုခံစားလိုက်ရတယ်။
 နှလုံးခုန်သံတွေဟာ တားမရဆီးမရအောင် ကျယ်လောင်မြန်ဆန်စွာ အဆက်မပြတ်ခုန်နေတာ သား နားကနေတောင် သားပြန်ကြားရတဲ့အထိပဲ။ 

“ ဟဲ့ ကလေး စာရွက်လာယူလေ ဘာကြောင်နေတာလဲ ”

ဆရာမရဲ့ သတိပေးသံထွက်လာတော့မှပဲ သား တုန်တုန်ရီရီနဲ့ ရီပို့ကဒ်လေးကိုသွားယူရတယ်။
ဆရာမရဲ့ မျက်နှာကို သားမော့မကြည့်ရဲဘူး။ 
သား အဆင့်တစ်ရနေကျကနေ အဆင့်ဆယ့်ငါးဖြစ်သွားတဲ့အတွက် ရာဇဝတ်မှုတစ်ခုခု ကျူးလွန်ထားတဲ့သူတစ်ယောက်လို ခံစားနေရတယ်။ သား ဆရာမလက်ထဲက 
ကဒ်ကို လက်နှစ်ဖက်နဲ့ တရိုတသေ လှမ်းယူလိုက်ပြီးချိန်မှာပဲ ဆရာမက အံ့အားသင့်သလို အပြစ်တင်တယ်။

“ ဒီကလေး ဘယ်လိုဖြစ်တာပါလိမ့်။ အမြဲအဆင့်တစ်ချည်းရခဲ့တဲ့သူက ဒီလောက်ထိပြုတ်ကျသွားရတယ်လို့ ”

သား အတန်းပိုင်ဆရာမ ကို ပြန်ဖြေချင်စိတ်မရှိတာကြောင့် ဘာမှမပြောဘဲ ကိုယ့်ထိုင်ခုံမှာကိုယ် ငြိမ်ငြိမ်လေး ပြန်ထိုင်ပြီး ရီပို့ကဒ်ထဲက ဘာသာရပ်တစ်ခုချင်းစီရဲ့ အမှတ်စာရင်းတွေကို စိုက်ကြည့်နေမိတယ်။ ခါတိုင်း သားအတော်ဆုံး ဘာသာရပ်ဖြစ်ပြီး အမှတ်ပြည့်အမြဲတမ်းရနေကျ သိပ္ပံဘာသာရပ်ရဲ့ အမှတ်စာရင်းဟာ အခုချိန်မှာတော့ နှစ်ဆယ်မှတ်ကျော်ကျော်လျော့နေခဲ့လေရဲ့။ ဘာကြောင့် အဲသလိုဖြစ်သွားခဲ့ရလဲဆိုတာ သား ကိုယ့်ကိုယ်ကိုယ် အတိအကျသိပါတယ်။ သိပ္ပံဘာသာရပ်ဟာ အမြဲလိုလို နောက်ဆုံးမှ ဖြေရတဲ့ဘာသာရပ်။ အဲဒီဘာသာဖြေနေတုန်းမှာ သားစိတ်တွေဟာ စာထဲမှာ စိတ်အာရုံရှိမနေခဲ့ဘဲ နာရီပျောက်သွားခဲ့တဲ့အကြောင်းသာ မေမေ
သိသွားရင်ဆိုပြီး စိုးရိမ်ကြောက်လန့်စိတ်တွေ ပြင်းထန်နေခဲ့တာလေ။ 

အဲဒီ နာရီဟာ ပြီးခဲ့တဲ့လက သား အဆင့်တစ်ရလို့ဆိုပြီး မေမေ ဝယ်ပေးခဲ့တဲ့လက်ပတ်နာရီပေါ့။ တကယ်က သားက ပန်းချီဆွဲတဲ့ စာအုပ်ရယ်၊ ရောင်စုံခဲတံလေးတွေရယ်လိုချင်တာ။ သား ပန်းချီဆွဲတာ ဝါသနာပါလို့လေ။ ဒါပေမဲ့ မေမေက ဝယ်မပေးခဲ့ဘူး။ ကျောင်းသားက ကျောင်းစာတစ်ခုကိုပဲစိတ်ပါဝင်စားမှုရှိရမယ်။ တခြားအပိုလုပ်တွေဟာ ကျောင်းသားနဲ့ဘာမှမဆိုင်ဘူးလို့ ဆူပြီး နာရီကိုသာဝယ်ပေးခဲ့တယ်။ နာရီက အကောင်းစားလေးပါ။ သား မနက်တိုင်း ကျောင်းကိုပတ်သွားရတယ်။ သူငယ်ချင်းတွေကတော့ အားကျနေကြတာပေါ့။ ဒါပေမဲ့ သားမပျော်ဘူး။ သားမှ လက်ပတ်နာရီတွေကို မကြိုက်တာ။ လက်ကို လေးသလို ကျပ်သလိုခံစားရလို့ မပတ်ချင်ဘူး။
ဒါကြောင့် ကျောင်းရောက်ပြီဆိုရင် ချွတ်ပြီး လွယ်အိတ်ထဲထည့်ထားလိုက်တာပဲ။ ကျောင်းဆင်းခါနီးတော့မှ ထုတ်ပတ်လိုက်တာများတာ။ 

သိပ္ပံဘာသာရပ်ဖြေခါနီးအချိန် စာမေးပွဲခန်းထဲနာရီပတ်သွားဖို့ လွယ်အိတ်ထဲကို နှိုက်ကြည့်လိုက်တော့ နာရီမရှိတော့ဘူး။ သား ပူထူပြီး ပျာယာခတ်စွာ လိုက်ရှာပေမဲ့
ရှာလို့မတွေ့ခဲ့ဘူး။ သေချင်စော်ကိုနံသွားတာပဲ။
သား စာမေးပွဲဖြေတော့ မေမေ့ဒေါသကို စိုးရိမ်နေမိပြီး ကျက်ထားမှတ်ထားသမျှ စာတွေဟာ လွင့်ထွက်ပျောက်ပျက်သွားခဲ့တာ ဘယ်လိုပဲကြိုးစား ဖမ်းဆုပ်သည်ဖြစ်စေ တချို့တစ်ဝက် ပဲပြန်ဖမ်းမိတဲ့အပြင် မှတ်မိတဲ့အချက်အလက်တွေဟာလဲ ရောထွေးလို့ အမှန်အမှားကို ဝေခွဲရခက်သွားခဲ့တယ်။ ဒီလိုနဲ့ပဲ သိပ္ပံဘာသာရပ်မှာ သား ကျေနပ်စရာကောင်းလောက်အောင် မဖြေနိုင်ခဲ့ဘူး။ အဲတာကြောင့်လဲ ဒီလိုအဆင့်မျိုးရလာခဲ့တာပေါ့။

( ၂ )

မေမေက ပညာရေးနဲ့ ပက်သက်ပြီး သားကို အများကြီးမျှော်လင့်ထားတယ်တဲ့။ သားကို အမြဲတမ်းလိုလို စာကလွဲရင် ကျန်တာ စိတ်ဝင်စားခွင့်မရှိဘူးလို့ အမိန့်ပေးထားတယ်။ စည်းကမ်းတင်းကျပ်လိုက်တာလဲလွန်ရောပဲ။ တီဗီ ကို တစ်နေ့လုံးနေမှ တစ်နာရီပဲ ပေးကြည့်တာ။
ကြွက်နဲ့ကြောင်၊ စနိုးဝိုက်၊ ပါဝါရိန်းဂျား၊ အဲဒီဇာတ်ကား သုံးကားကိုပဲ တစ်လှည့်စီ ထပ်တလဲလဲကြည့်ရတယ်။ သား မေမေ့ကို ကြောက်လို့ ခွေအသစ်ဝယ်ပေးဖို့ 
မပူဆာရဲဘူး။  ကျောင်းကသူငယ်ချင်းတွေ သူတို့အိမ်မှာ ကြည့်ခဲ့ရတဲ့ စက်ရုပ်ဇာတ်ကားအသစ်တွေ၊
အာနိုးနဲ့အရည်ပျော်လူသားဇာတ်ကား၊ ကာတွန်းကားအသစ်တွေ အကြောင်းပြောပြနေကြတဲ့အချိန် သားမှာ
 ပါးစပ်အဟောင်းသားနဲ့ ငေးကြည့်နေရတယ်။
 
မေမေက သားကို ရပ်ကွက်ထဲက သားနဲ့ရွယ်တူကလေးတွေနဲ့ သွားကစားမှာကိုမလိုလားဘူး။
ဆော့ကစားမက်သွားရင် စာကိုစိတ်ဝင်စားတော့မှာမဟုတ်ဘူး။ လူတော်တစ်ယောက်လဲဖြစ်လာမှာမဟုတ်ဘူးဆိုပြီး ပြင်းထန်စွာ တားမြစ်ထားတယ်။ ဒါကြောင့် တစ်နေကုန်အိမ်ထဲမှာပဲနေပြီး ရှိတဲ့ အရုပ်လေးတွေနဲ့ပဲ သားတစ်ယောက်တည်း ပျင်းရိငြီးငွေ့စွာ ကစားရတာ။

 သားတို့ရပ်ကွက်ထဲကို သားနဲ့ရွယ်တူ ကောင်လေးတစ်ယောက်လက်ကိုဆွဲလို့ သတင်းစာဂျာနယ်လိုက်ရောင်းတဲ့ ဦးလေးကြီးတစ်ယောက်ရှိတယ်။ ထူးခြားပြီး လူစိတ်ဝင်စားမဲ့ သတင်းတစ်ခုခုကို သူက တစ်လမ်းလုံးကြားလောက်တဲ့ အသံဩဩကြီးနဲ့ အော်ဟစ်ကြေငြာနေကျ။
သူတို့ သားအဖ အိမ်ရှေ့ကနေ ဖြတ်သွားရင် သားအိမ်အပေါ်ထပ် ပြတင်းပေါက်ကနေ လိုက်ငေးကြည့်နေမိတာပဲ။  တခါတလေ သားနဲ့ အဲကောင်လေးတို့ မျက်လုံးချင်း ဆုံမိကြတဲ့အခါ သူက သားကို ခင်မင်နှစ်လိုဖွယ်ကောင်းစွာ ရွှင်လန်းတောက်ပနေတဲ့ အပြုံးနဲ့  ပြုံးပြသွားလေ့ရှိတယ်။

 မေမေကတော့ သူတို့သားအဖကို လက်ညှိုးထိုးပြီး 
သားကို ဆုံးမတယ်။
မြင်လား စာမကြိုးစားရင် အဲဒီလို နေပူစပ်ခါးမှာ 
ပင်ပင်ပန်းပန်း သတင်စာရောင်းနေရမယ်တဲ့။ သား အဲကောင်လေးလို လွတ်လွတ်လပ်လပ် လျှောက်သွားချင်လို့ အားကျနေခဲ့တဲ့အကြောင်း မေ့မေ့ကိုပြောလိုက်ရင်  သွေးတက်ပြီး ဒေါသူပုန်ထသွားမှာ ကျိမ်းသေပဲ။ သားကို ဆူပူကြိမ်းမောင်းရင်း သေလောက်အောင်ရိုက်လောက်တယ်။ ဒါကြောင့် သားရဲ့ ခံစားချက်တွေ၊ သားရဲ့ ဆန္ဒတွေကို မေမေ့ကို မပြောပြဘဲ မျိုသိပ်ထားခဲ့ပြီး  မေမေ့အလိုကျ ခေါင်းပဲညိတ်ပြလိုက်တာပါပဲ။

( ၃ )

မေမေက သားကို သူများထက်အဆဆအရာရာ သာရမယ်လို့ အမြဲဆုံးမတတ်တယ်။ သားကို ဆုံးမပုံဆုံးမနည်းတွေ၊ သားအပေါ် တင်းကျပ်ထားတဲ့ စည်းကမ်းတွေကြောင့် သားဟာ ကျောင်းစာမှာတော်တာ အမြဲအဆင့်တစ်ချည်းရတာဆိုပြီး ရပ်ကွက်ထဲမှာ သူမကိုယ်သူမ ဂုဏ်ယူဝင့်ကြွားလေ့ရှိတယ်။ သားကတော့ အမေ အဲဒီလို သူမမိတ်ဆွေတွေကို ပြောတိုင်း စိတ်ထဲလေးလံဖိစီးသွားတော့တာပဲ။

မတော်တဆ ခြေချော်လက်ချော်ဖြစ်ပြီး
အဆင့်တစ်ကနေ ပြုတ်သွားခဲ့ရင် အမေတော့ ငါ့ကို ဆူပူရိုက်နှက်တော့မှာပဲ ဆိုတဲ့ စိုးရိမ်ကြောက်ရွံ့မှုနဲ့ သား အသေအလဲ ကြိုးစားနေခဲ့ရတယ်။

အခု အဆင့် ဆယ့်ငါးရတဲ့အကြောင်းသာ သိရင် မေမေသားကို ဘယ်လိုအပြစ်ပေးမှာလဲမသိဘူး။ သား ဗလာစာအုပ်မှာ ပုံလေးတွေလျှောက်ဆွဲတာကို မေမေမြင်သွားတုန်းက နောက်မဆွဲတော့အောင်ဆိုပြီး အပြစ်ပေးသလို လက်ကို အပ်တွေနဲ့ထိုးမလား။နာရီပျောက်တာ သိစဉ်တုန်းကလို ဝါးခြမ်းပြားနဲ့ ခန္ဓာကိုယ်မှာ အရှိုးရာတွေထင်တဲ့အထိ နာကျင်သွားအောင် ရိုက်လေမလား။
 ဒါမှမဟုတ် သား ဘဝမှာ မှတ်မှတ်သားသားကြောက်ရွံ့တုန်လှုပ်သွားအောင် အပြစ်ပေးလိုက်လေမလား။ ဟိုတစ်ခါက လိုပေါ့။

( ၄ )

မိုးရွာပြီဆိုရင် ဘောလုံးကန်နေတဲ့ ရပ်ကွက်ထဲက သားနဲ့ရွယ်တူ ကလေးတွေဆီကနေ ဟေးခနဲ  ဝါးခနဲ ပျော်ရွှင်အော်ဟစ်သံတွေကြားရတိုင်း အတူသွားဆော့ချင်တဲ့စိတ်တွေဟာ သား ခန္ဓာကိုယ်ထဲ ပုရွက်ဆိတ်အကောင်တစ်ထောင်လောက် ဝင်ရောက်လာသလို မရိုးမယွဖြစ်လို့။ တစ်ရက် မမျှော်လင့်ဘဲ မိုးတွေသည်းကြီးမည်းကြီး ရွာချလာခဲ့တယ်။ မေမေက သားကိုစာကျက်ဖို့၊ ဘယ်သူလာလာ အိမ်တံခါးဖွင့်မပေးဖို့၊ သူပြန်လာလို့ စာမကျက်ဘဲ တီဗီခိုးကြည့်နေတာတွေ့ရင် အရိုက်ခံရမယ်လို့ တရစပ် မှာပြီး သူ့မိတ်ဆွေတစ်ယောက်ရဲ့အိမ်ကိုထွက်သွားတာမို့ အိမ်မှာ သားတစ်ယောက်ပဲကျန်ခဲ့တာ။ မေမေ တော်တော်နဲ့ ပြန်လာမှာမဟုတ်လောက်သေးဘူးလို့ သားထင်တယ်လေ။ သား အရဲစွန့်ပြီး အဝတ်အစားတွေချွတ်၊ ဘောလုံးဘောင်းဘီလေးတစ်ထည်တည်းနဲ့ အိမ်အပြင်ဘက်ပြေးထွက်ခဲ့တယ်။
မေမေ အိမ်ပြန်ရောက်မလာခင်မှာ  အချိန်မီအိမ်ပြန်ပြီး အဝတ်အစားတွေပြန်ဝတ်လို့ ဟန်မပျက်နေလိုက်ဖို့ ကြံစည်ထားတယ်။ အဲတာဆိုရင် မေမေ ရိပ်မိလောက်မှာမဟုတ်ဘူးလို့ သား တွက်တယ်။

 သား တစ်ခါမှ သူတို့နဲ့ သွားမကစားဖူးပေမဲ့ ရပ်ကွက်ထဲက ကလေးတွေဟာ သားကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုလက်ခံခဲ့ကြပါတယ်။   မိုးရေထဲမှာ  အပြေးအလွှား ဘောလုံးလိုက်လုရင်း ချော်လဲလိုက်၊ ရယ်ရယ်မောမောနဲ့ပြန်ထလိုက်နဲ့  သားဘဝမှာ ဘယ်တုန်းကမှ အဲဒီလောက် 
မပျော်ခဲ့ရဖူးပါဘူး။ 

“ ဂိုး ... ”

သားတို့ အသင်းဘက်က လူတွေ ဝမ်းမြောက်ဝမ်းသာနဲ့ အော်လိုက်သံက ကျယ်လောင်လှတဲ့ မိုးသံတွေကို ကျော်လွန်ပြီး ထိုးခွင်းထွက်ပေါ်လာခဲ့တယ်။ သား ဘောလုံးကန်တာမကျွမ်းပေမဲ့ ညာတောင်ပံကနေ ရော်ရမ်းမှန်းဆပြီး အားပြင်းပြင်းနဲ့ကစ်ထည့်လိုက်ရာက  ကြက်ကန်းဆန်အိုးတိုးပြီး ဂိုးဝင်သွားခဲ့တာလေ။ အသင်းသားတွေက သား ပခုံးကိုဖက်လို့  ချီးမြှောက်ကြတယ်။ သား ဝမ်းသာလိုက်ရတာ။ မေမေ့ကို မေ့ပျောက်သွားရလောက်တဲ့အထိ လွတ်လပ်ပျော်ရွှင်ခဲ့ရတဲ့ အဲဒီအခိုက်တန့်လေးကို သား တွေးမိတိုင်း အခုထိ ရင်ထဲတလှပ်လှပ်နဲ့ ကျေနပ်ပီတိဖြစ်နေရတုန်းပဲ။ 

“ ဟိုမှာ မင်းအမေလား ”

အပေါင်းအသင်းတစ်ယောက်က သားပခုံးကိုပုတ်လို့ မေးငေါ့ပြီး ပြလိုက်တဲ့ဘက် လှည့်ကြည့်လိုက်ချိန်မှာ  
 ထီးတစ်ဖက်လက်ကကိုင်၊ ကျန်လက်တစ်ဖက်က ထဘီကိုမထားတဲ့ မေမေ့ကို သား မိုးစက်မှုန်တွေကြားက
တွေ့လိုက်ရတယ်။ မေမေ့မျက်လုံးတွေဟာ 
လျှပ်စီးလို တဝင်းဝင်းလက်နေခဲ့တာ။ ခေါင်းကို မိုးကြိုးပစ်ချခံလိုက်ရသလို သား ပူထူသွားပြီး 
မျက်နှာပေါ်က ပြုံးရွှင်ရယ်မောခြင်းတွေလဲ ရုတ်ချည်းကြက်ပျောက်ငှက်ပျောက် ပျောက်သွားကြတယ်။
မေမေက ဘာမှမပြောဘဲ ချာခနဲ လှည့်ထွက်သွားတယ်။
သား မေ့မေ့နောက်ကနေ လေးလံမှိုင်းတွဲ့စွာ လိုက်သွားခဲ့တယ်။ 

သား အိမ်ထဲဝင်မယ်လုပ်တော့ မေမေက 
အတွင်းကနေ တံခါးကို ဂျက်ချထားခဲ့တယ်။
သား မျက်ရည်လည်ရွှဲနဲ့ တံခါးကို တဒုန်းဒုန်းထုပြီး တောင်းပန်နေပေမဲ့ မေမေ ဖွင့်မပေးခဲ့ဘူး။

“  အပြင်မှာ ပေါက်လို့ပဲစားနေရတာ ကြိုက်တဲ့ကောင်၊ အပြင်မှာပဲနေ ” လို့  အိမ်ထဲကနေ ကြမ်းတမ်းခက်ထန်စွာ အော်ပြောတယ်။ 

အေးစက်စူးရှတဲ့ မိုးစက်မိုးပေါက်တွေက သားရင်ထဲက ပူပန်သောကကို နည်းနည်းလေးလောက်တောင် သက်သာသွားစေနိုင်စွမ်းမရှိခဲ့ပါဘူး။
အင်္ကျီတုံးလုံးနဲ့ အပြင်မှာ ဒူးနှစ်ဖက်ပွေ့လို့ ကျုံ့ကျုံ့ကလေး ထိုင်ပြီး တရှုံ့ရှုံ့ငိုနေတဲ့ သားကို အိမ်နီးနားချင်းတွေက သနားလို့ မေမေ့ကိုဝိုင်းနားချတော့မှပဲ အိမ်ထဲဝင်ခွင့်ရခဲ့တာ။ မိုးရေထဲမှာ တစ်နာရီလောက်ကြာသွားတာမို့ အဲဒီနေ့ညမှာ သားအပြင်းဖျားသွားခဲ့တယ်။

အဲဒီအဖြစ်အပျက်ကြောင့် သား မကြာမကြာ အိပ်မက်ဆိုးမက်လေ့ရှိတယ်။ ထူးဆန်းအံ့ဩစရာကောင်းလောက်အောင် အိပ်မက်တစ်ခုတည်းကိုပဲ ထပ်တလဲလဲ မက်တာ။ အိပ်မက်ထဲမှာ သားဟာ အမှောင်ထုထဲတစ်ယောက်တည်းရောက်နေခဲ့လေရဲ့။ အမှောင်ထဲကနေ မမြင်ရတဲ့ မကောင်းဆိုးဝါးကြီးတစ်ကောင်ဟာ သားဆီကို တရွေ့ရွေ့ချဉ်းကပ်လာနေခဲ့တယ်လို့  သားစိတ်က အလိုလိုသိနေခဲ့တယ်။ သားလဲ အလွန်အမင်း  ကြောက်ရွံချောက်ချားစွာနဲ့ အိမ်တံခါးကို တဒုန်းဒုန်းထုလို့  အမေ့ကို အော်ခေါ်နေမိတာပေါ့။ ဒါပေမဲ့ တံခါးဟာ လုံးဝ ပွင့်မလာခဲ့ဘဲ အိပ်မက်ကနေ သား ဆတ်ခနဲ လန့်နိုးလာနေကျပါပဲ။

( ၅ )

သားရဲ့ အခုလပတ် စာမေးပွဲအဆင့်ကို မေမေမြင်ပြီး
ဒေါသထွက်ပေါက်ကွဲစွာနဲ့ သားကို ရိုက်လိုက်မှာ၊ အိမ်ထဲကနေ နှင်ထုတ်ပြီး အပြင်မှာ ပစ်ထားလိုက်မှာကို တွေးကြောက်ပြီး ကျောင်းဆင်းခါနီးလေလေ သားရဲ့
 လေးလံချောက်ချားစိတ်တွေဟာ ဒီရေတွေလို မြင့်တက်လာလေလေပါပဲ။ တစ်ခါတစ်ခါ မေမေ့ရဲ့ ရိုက်နှက်မှု ခြေလွန်လက်လွန်ဖြစ်ပြီး သား သေသွားပါစေလို့တောင် ဆုတောင်းမိတယ်။ ဒါမှ မေမေ နောင်တရပြီး တစ်သက်လုံးခံစားသွားရမှာဆိုတဲ့အတွေးနဲ့ပေါ့။

ကျောင်းဆင်းတော့ သား အိမ်ကို ပြန်ရမှာ တော်တော်ကြီး တုန်လှုပ်ဝန်လေးနေမိတာကြောင့် တတ်နိုင်သမျှ ဖြေးလေးနှေးကန်စွာ လျှောက်နေမိတယ်။ အိမ်ပြန်လာတဲ့ တစ်လမ်းလုံး  မေမေ သားကို အပြစ်မပေးနိုင်အောင် ဘယ်လိုလုပ်ရမလဲလို့ သား စဉ်းစားလာခဲ့တယ်။  သား
တစ်လျှောက်လုံး အဆင့်တစ်ချည်းရလာခဲ့တာ။
 ဒီတစ်ကြိမ်လေး ခြေချော်လက်ချော်ဖြစ်သွားခဲ့တာကို မေမေ ခွင့်လွှတ်စေချင်တယ်လေ။

လမ်းမပေါ် ကားတွေရှင်းသွားတာတောင် သား လမ်းမကူးမိဘဲ အတွေးထဲမှာ နစ်မြောပြီး တွေဝေငေးမောနေမိတယ်။ လမ်းတစ်ဖက်ကို ကူးလိုက်ရင် သားတို့ ရပ်ကွက်ကိုရောက်ပြီ။ သား မကြာခင် မေ့မေ့ကို ရင်ဆိုင်ရတော့မယ်။
 မေမေ့ကို သား ကြောက်ပေမဲ့ မုန်းတော့မမုန်းပါဘူး။ မေမေက ပုံမှန်အခြေအနေမှာ သားကိုမျက်နှာသာမပေးပေမဲ့လဲ သားထိခိုက်ဖျားနာဖြစ်ပြီဆိုရင်တော့ ဂရုတစိုက်နဲ့ ကြင်နာနွေးထွေးစွာ ချစ်ရှာပါတယ်။ စားပွဲခုံစွန်းနဲ့တိုက်မိပြီး ခေါင်းပေါက်သွားတုန်းကရော သားဖျားတဲ့အခါမျိုးတွေမှာဆိုရင် သားကို ဆူဆူပူပူမလုပ်ဘဲ မေမေ့သားလေးဆိုပြီး ချိုချိုသာသာပြောဆိုဆက်ဆံတတ်တယ်။ သားလိုချင်လောက်မယ်ထင်တဲ့ အရုပ်တွေလဲ အများကြီး ဝယ်လာပေးတော့တာပဲ။ 

 သား လက်ခနဲ အတွေးပေါက်သွားခဲ့တယ်။ တကယ်လို့ အခု သားသာ  ထိခိုက်နာကျင်မှုတစ်ခုခုဖြစ်သွားမယ်ဆိုရင် မေမေ သားကိုအပြစ်ပေးမှာမဟုတ်လောက်ဘူးဆိုတဲ့အတွေးပေါ့။ ဟုတ်တယ်။ အဲအခါ မေမေ သားကို ခွင့်လွှတ်လိမ့်မယ်လို့ သား ယုံကြည်တယ်။ ဒဏ်ရာရနေတဲ့ သားတစ်ယောက်ကို ရိုက်နှက်အပြစ်ပေးရလောက်အောင် မေမေဟာ ရက်စက်တတ်သူတော့မဟုတ်နိုင်ပါဘူး။ 

( ၆ )

ခပ်ဝေးဝေးမှာ  လမ်းလယ်လောက်ကနေ တည်ငြိမ်ဖြောင့်ဖြူးစွာ  တန်းတန်းမတ်မတ်
မောင်းလာနေတဲ့ အိမ်စီးကားလေးတစ်စီးကို မြင်‌နေရတယ်။ သား အသက်ကိုခပ်ပြင်းပြင်းတစ်ချက်ရှိုက်လိုက်ပြီး ခြေလှမ်းတွေကို အသင့်ပြင်ထားလိုက်တယ်လေ။
အဲဒီကားလေး သားရှေ့တည့်တည့်မရောက်ခင်
တဲတဲလေးအလိုမှာ သား မျက်စိစုံမှိတ်လို့ ကြောက်ကြောက်လန့်လန့်နဲ့ပဲ လမ်းမကြီးကို  ဗြုန်းခနဲ ဖြတ်ကူးပစ်လိုက်တယ်။ ကြောက်စရာကောင်းလောက်အောင် ကျယ်ကျယ်လောင်လောင်ကြီး ထွက်ပေါ်လာတဲ့ ကျွီခနဲ ကားဘရိတ်အုတ်လိုက်သံနဲ့အတူ သားခန္ဓာကိုယ်ဟာ လွင့်ခနဲမြောက်သွားပြီး အဝေးကြီးကို လွင့်စင်ထွက်သွားတော့တာပဲ။ သား လမ်းမပေါ် သုံးလေးပတ်လောက်လိမ့်သွားပြီး နောက်ဆုံးမှာ ဝမ်းလျားမှောက်လျက်သား ဖြစ်သွားတယ်။  

ခေါင်းတစ်ခုလုံး ကြေမွသွားသလို သား ခံစားနေရတယ်။
သားကျောမှာလွယ်ထားတဲ့ ကျောပိုးအိတ်လေးထဲက ပုံနှိပ်စာအုပ်နဲ့ ဗလာစာအုပ်တွေဟာ  ထူးဆန်းစွာ အဆမတန်လေးလံသွားကြပြီး သားရဲ့ကျောရိုးကို ပြင်းပြင်းထန်ထန် ဖိထားကြတာ။
သား လုံးဝ ထလို့မရဘူး။ တစ်ကိုယ်လုံးလဲလှုပ်မရဘူး။
သားမျက်လုံးတွေလဲ ဝါးသွားပြီး ဘာကိုမှကောင်းကောင်းမမြင်ရတော့ဘူး။ သားခေါင်းကနေ နီရဲစေးပျစ်တဲ့သွေးတွေထွက်လာပါစေလို့ သားဆုတောင်းတယ်။ ဒါမှ မေမေ သားကို သနားပြီး အပြစ်မပေးတော့မှာ။ ကြင်နာနွေးထွေးစွာ ပြုမူဆက်ဆံမှာလေ။ အဲဒီအခါကြရင် သားက  “ ဒီတစ်ခါတော့ သားကို ခွင့်လွှတ်ပါ မေမေရယ်၊ နောက်ဆိုရင် သား မေမေဂုဏ်ယူရအောင် ကြိုးစားပေးမယ်နော် ”လို့ မေမေ့ကို တောင်းပန်တိုးလျှိုသလို နှစ်သိမ့်လိုက်မယ် စိတ်ကူးတယ်။ မေမေ့ဘက်ကလဲ နောင်တရပြီး “ မေမေ့သားလေးကို ခွင့်လွှတ်ပါတယ်။ နောက်ဆို မေမေ မရိုက်တော့ဘူး မဆူတော့ပါဘူး ” လို့ ပြန်ပြောဖို့ သား မျှော်လင့်တယ်။ အဲတာဆိုရင် သားက မေမေ့ကို မပြောတာကြာပြီဖြစ်တဲ့ စကားတစ်ခွန်းကိုပြောလိုက်မယ်လေ။

 “ မေမေ့ကို သား ချစ်တယ် ” လို့ပေါ့။

( ၇ )

အပတ်စဉ်ထုတ် အနုပညာနဲ့ပက်သက်တဲ့သတင်းစာရဲ့ ခေါင်းကြီးပိုင်းမှာ ပါလာတဲ့ နာမည်ကြီးအဆိုတော်
တစ်ယောက်ရဲ့ လက်ထပ်သတင်းကို ကျယ်လောင်စွာ အော်ဖတ်ရင်း သတင်းစာ‌ဂျာနယ်ရောင်းသူဟာ သူ့သားလေးလက်ကို ဆွဲလို့ ရပ်ကွက်ထဲကို ဝင်လာခဲ့တယ်။ အဝါရောင် နှစ်ထပ်တိုက်အိမ်ကလေးရှေ့ကိုဖြတ်လျှောက်ခဲ့တဲ့အချိန်မှာတော့ သားလေးဟာ အိမ်အပေါ်ထပ်ပြတင်းပေါက်ကို မော့ကြည့်တယ်။  ခါတိုင်းလို သား ပြုံးပြနေကျ  ကောင်လေးကို မတွေ့ရလို့ သား မျက်နှာ အတန်ငယ်ညှိုးငယ်သွားလေရဲ့။
တစ်ပတ်မှာတစ်ခါ စက္ကန့်ပိုင်းလောက်သာ ဖျတ်ခနဲ မြင်တွေ့ခွင့်ရတဲ့ အဲဒီကောင်လေးကို သားက စိတ်ထဲကနေ  တစ်ဖက်သတ် ခင်နေရှာတာလေ။ ဒီအပတ်မတွေ့လဲ နောက်အပတ်ကြရင်တွေ့မှာပါလို့ သူ သားပခုံးကို ဆုပ်ကိုင်လို့ နှစ်သိမ့်ပေးလိုက်တယ်။ ဒီလိုနဲ့ ဆက်လျှောက်လာခဲ့ကြရင်း မှုခင်းဂျာနယ်ကိုသာ အများဆုံးဝယ်ဖတ်လေ့ရှိကြတဲ့ လမ်းဘက်ကိုရောက်တော့ မှုခင်းဂျာနယ်ရဲ့ ခေါင်းကြီးပိုင်းမှာ ပါလာတဲ့ သတင်းတစ်ခုကို သူ  လုပ်ရိုးလုပ်စဉ်အတိုင်း အော်ဟစ်ကြေငြာလိုက်တယ်။

“ မှုခင်းဂျာနယ်တွေ ... မှုခင်းဂျာနယ်တွေ ... လေးတန်းကျောင်းသားလေးတစ်ယောက်  လမ်းဖြတ်အကူး ကား
တိုက်ပြီး ပွဲချင်းပြီးဆုံးသွားရှာတယ်တဲ့ ... မှုခင်းဂျာနယ်တွေ ...”

( ၈ )

သူတို့သားအဖရောက်လာတိုင်း အိမ်အပေါ်ထပ်ပြတင်းပေါက်ကနေ ငေးကြည့်နေတတ်တဲ့ ကောင်လေးကို အဲနေ့ကတည်းစပြီး သူ နောက်ဘယ်တော့မှ မတွေ့ရတော့ပါဘူး။ ဒါပေမဲ့ သားကတော့ သူမတွေ့ဘူးဆိုတာကို ဘယ်လိုပြောပြော မယုံဘူး။ သားဟာ အဲဒီအိမ်ရှေ့ရောက်တိုင်း  အဲဒီကောင်လေးရှိရာ ပြတင်းပေါက်ကိုမော့ကြည့်ပြီး အခုချိန်ထိ မမေ့မလျော့လှမ်းပြုံးပြနေတုန်းပါပဲ။

Post a Comment

0 Comments