ဝတ္ထုတို အမည် - သူ့မုဒိတာ
စာရေးသူ - သုမောင်
Short Story
-------------------------------------------------
သူ့မုဒိတာ
#သုမောင်
မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာ ဆိုတဲ့ ဗြဟ္မစိုရ်တရား လေးပါးမှာ ဘယ်တရားက အရေးကြီးဆုံးလဲ ဆိုတာ သာမန်လူတွေအဖို့ ဆုံးဖြတ်ရ ခက်ပါတယ်။ လူကြီးသူမတွေ အဆိုအရတော့ ဥပေက္ခာတရားက အရေးကြီးဆုံးပါတဲ့။ ဘာကြောင့်လဲ ဆိုတော့ အစီအစဉ်အလိုက် ဆိုရင် နောက်ဆုံးမို့လို့ပါတဲ့။ နော့ပေမယ့် တရားတစ်ပါးစီဟာလည်း သူ့ဘာသာသူ အရေးကြီး ပါသတဲ့။ ဒီနေရာမှာ လူတွေရဲ့ သဘာဝတရားနဲ့ ယေဘုယျကို ပြောရရင်တော့ အဲဒီ တရားလေးပါးစလုံးကို ပွါးများနိုင်ဖို့ ခက်သလို တစ်ပါးချင်းစီကို စောင့်ထိန်းဖို့တောင် မလွယ်ပါဘူး။ ဘာပဲဖြစ်ဖြစ် လူတွေဟာ မိမိစိတ်ကလေး ကြည်လင်နေတဲ့ အခါမျိုးမှာတော့ ကိုယ်သန်ရာသန်ရာ တစ်ပါးပါးကို ပွါးများနိုင်တတ်ကြပါတယ်။ တကယ်တော့ လူဆိုတာ လောဘ၊ ဒေါသ၊ မောဟ၊ မာန်မာနတွေ ဘယ်လောက်ပဲ ရှိနေပါစေ တစ်ခါတစ်ရံမှာတော့ ဗြဟ္မစိုရ်တရား တစ်ပါးပါးတော့ ပွါးတတ်ပါတယ်။ ဆိုကြပါစို့၊ ပတ်ဝန်းကျင်နဲ့ ဘယ်လောက်ပဲ သဟဇာတ မဖြစ်တဲ့သူပဲ ဆိုစေ။ ကိုယ့်သားသမီးအပေါ်တော့ ချစ်ခြင်းမေတ္တာမပျက်ပါဘူး။ ဒီအတွက် မေတ္တာတစ်စိတ်တစ်ပိုင်းလေးတော့ ပွါးတယ် ဆိုရမှာပဲ။ ဒီလိုပဲ ကိုယ့်ပြဿနာနဲ့ကိုယ် စိတ်ရှုပ်ထွေးနေတုန်းမှာပဲ နွမ်းပါးတဲ့လူကို သနားကရုဏာသက်တတ်ပါသေးတယ်။
ကိုင်း ... အကျယ်ချဲ့ရင်တော့ ရှည်ပါရော့မယ်။ ဒေါ်အေးအုန်းနဲ့ ဒေါ်အေးဦး အမြွှာညီအစ်မအကြောင်းပဲ ပြောပါရစေ။ အထူးသဖြင့် ဒေါ်အေးဦးအကြောင်းပါ။ သူ့ရဲ့ မုဒိတာ ပွါးတတ်ပုံလေး ဆိုကြပါစို့။ သူရို့ ညီအစ်မက မရှိမရှားထဲကပါ။ အများနည်းတူ လှူနိုင်တန်းနိုင်၊ ပေးနိုင်ကမ်းနိုင် ဆိုပါစို့။ အမြွှာညီအစ်မ ဆိုတဲ့အတိုင်း မိဘလက်ငုတ်အလုပ်နဲ့ မိဘတွေအိမ်မှာ အတူနေကြတာပါ။ ဒါပေမဲ့ ပြောကြကြေး ဆိုရင်တော့ ဒေါ်အေးဦးက အခရာပါ။ အိမ်စီးပွါးရေးကို သူကပဲ ဦးဆောင်တယ်။ ပြီးတော့ သူက အိမ်ထောင်သည်။ လုပ်တတ်ကိုင်တတ်လည်း ရှိတယ်။ အကြီးမ ဒေါ်အေးအုန်းကတော့ အပျိုကြီးပါ။ ထုံးစံအတိုင်း ရိုးရိုးအအပေါ့။
အမြွှာ ဆိုပေမယ့် စရိုက်သဘာဝကတော့ နည်းနည်းကွာခြားတာပေါ့လေ။ အထူးခြားဆုံးစရိုက်ကတော့ စောစောက ပြောသလို အငယ်မ ဒေါ်အေးဦးဟာ သူမတူအောင် မုဒိတာပွါးတတ်တာပါပဲ။ အကြီးမကတော့ မုဒိတာမပွါးတတ်ဘူး မဟုတ်ပါဘူး။ ဘုရားနဲ့ တရားနဲ့မို့ စိတ်ထားကတော့ မြင့်မြတ်ပြီးသားပါ။ နော့ပေမဲ့ အပျိုကြီး ဆိုတော့လည်း နည်းနည်းပါးပါးတော့ ကပ်စေးလေး ဘာလေး နှဲတာပေါ့။ ဒီတော့လည်း ကိုယ့်ဖို့ သိတတ်တာ ရှိတာပေါ့။
အငယ်မ ဒေါ်အေးဦးကတော့အိမ်မှာ ငွေကိုင်ပီပီ အပေးအယူ သဘောကို ပိုနားလည်တယ်။ ငွေရေးကြေးရေးမှ မဟုတ်ဘူး။ တရားသဘောမှာလည်း မရှိလို့ မလှူ၊ မလှူလို့ မရှိ ဆိုတာကို သဘောပေါက်တယ်။ ညောင်စေ့လောက် လှူပေမယ့် ညောင်ပင်ကြီးလောက် ရတာကို သိတယ်။ ဒေါ်အေးဦးဟာ အိမ့်စီးပွါးရေးကိုတင် ကိုင်တွယ်တာ မဟုတ်သေးဘူး။ အိမ်ထောင်မှုကိုလည်း နိုင်နင်းတယ်။ ချက်ရေးပြုတ်ရေးကအစ ဆိုပါစို့။ အကြီးမကြီးကတော့ အပျိုကြီး ဆိုတာထက် လွန်ပြီး ရိုးရိုးအအကြီးမို့ ထမင်းဟင်း ခူးခပ်ပေးတာ၊ တူ တူမတွေကို "ဟဲ့ ဟဲ့" နဲ့ ဆုံးမနေတာလောက် ပါပဲ။ သဘောကတော့ ဒေါ်အေးဦးဟာ သူ့အစ်မကို အိမ်ဦးခန်း ထားပြီး ပူဇော်ထားသလိုပါပဲ။ ချစ်လည်း သိပ်ချစ်ကြတဲ့ ညီအစ်မကိုး။ ဒါတွင် မကပါဘူး။ မိဘလက်ငုတ် စီးပွါးရေးက ရတဲ့ အမြတ်အစွန်းထဲက တစ်မိသားစုလုံး စားဝတ်နေရေး၊ အိမ်စရိတ် စတာတွေ နုတ်ပြီးရင် ပိုတဲ့ငွေတစ်ဝက်ကို အစ်မကြီးကို ပေးပါတယ်။ အိမ်မှာ ဘာမှ မလုပ်ရဘဲ အမြတ်တစ်ဝက်ပေးရတယ် ဆိုလည်း သဘောမထားဘူး။ ပြောတာ ကြည့်ဦး။ မုဒိတာပွါးတတ်တာ ပြောပါတယ်။
"ငါ့အစ်မကြီးတို့များ အတိတ်ကံကောင်းလိုက်တာနော်" တဲ့။
သူ့ဘက်က လုပ်အားစိုက်ရတာကို ထည့်မတွက်ရှာဘူး။ ဒီကြားထဲ သူ့ယောက်ျားရတဲ့ သီးသန့် ဝင်ငွေကိုလည်း သူ့မိသားစုအတွက် သုံးတဲ့အပြင် ကြုံရင် ကြုံသလို အစ်မကြီးကို ဆင်သေးတာ။ ဥပမာ သူ့ယောက်ျား လခထုတ်လို့ ဒေါ်အေးဦးအတွက် ထဘီတစ်ထည် ဆိုရင် အစ်မကြီး ဒေါ်အေးအုန်းအတွက် တစ်ထည် ကန်တော့တာ။
ဆိုကြပါစို့ရဲ့။ သူရို့ ညီအစ်မ မိသားစုဟာ ဘာမှ ပြောပလောက်အောင် ပြဿနာမရှိခဲ့ကြပါဘူး။ အထူးသဖြင့် အငယ်မ ဒေါ်အေးဦးရဲ့ အမြဲတမ်း မုဒိတာပွါးနေတတ်တာကိုက အဆင်သင့်စရာ ဖြစ်ခဲ့ပါတယ်။ ဒေါ်အေးအုန်းကလည်း အားအားရှိ စိပ်ပုတီး စိပ်ပြီး မေတ္တာပို့နေတတ်ပြန်တော့ ဘုတ်နဲ့ ကျီးလို အလွမ်းသင့်နေကြတာပေါ့။ ဒီနေရာမှာ ဒေါ်အေးဦး မုဒိတာပွါးတတ်ပုံလေးတွေကိုပဲ ဆက်ပြီး ပြောပြပါရစေတော့။
သူရို့ရဲ့ အိမ်ချင်းကပ်ရက်မှာ မိသားစုတစ်ခု ရှိတယ်။ ပြောရရင် ဒေါ်အေးဦးတို့ထက် နေနိုင်စားနိုင်ထဲကပါ။ အဲဒီအတွက်လည်း "ဟဲ့ ... သူတို့က စုစုဆောင်းဆောင်းနဲ့ လိမ္မာတာကိုး" လို့ ပြောတတ်သလို တစ်ဖက်အိမ်က သားသမီးတွေနဲ့ သူ့သားသမီးတွေ အရွယ်တူတွေမို့လည်း ပြိုင်တာဆိုင်တာ မရှိဘူး။ ဆယ်တန်းစာမေးပွဲမှာ သူ့သားက ရိုးရိုးအောင်ပြီး ဟိုဘက်က သမီးက ဒီလေးလုံးပါတာ မနာလိုမဖြစ်တဲ့အပြင် ဂုဏ်ပြုဆုတောင် သွားပေးလိုက်သေးတာ။ ဟန်လုပ်တာ မဟုတ်ဘူး၊ နှစ်နှစ်ကာကာ ချီးမွမ်းတာ။ ဧည့်သည်လာရင်တောင် ဟိုဘက်အိမ်က သမီးလေး တော်ကြောင်း ကြားကဝင်ပြီး ချီးမွမ်းတာ။ ဒီလိုပြောလို့ သူများတကာ မိဘမျိုးတွေလို "တွေ့လား ... နင့်ကို ဟိုဘက်အိမ်က ကလေးရဲ့ချေး ကျွေးသင့်တယ်" ဆိုတာမျိုး ဝေးရော။ ယှဉ်ပြီး မပြောဘူး။ ကိုယ့်သားကိုလည်း ချီးကျူးပျက်တာ မဟုတ်ဘူး။ တက္ကသိုလ် ရတဲ့လိုင်းမှာ ရိုးသား ကြိုးစားဖို့နဲ့ "သားရယ် အမေဆိုရင် ဘွဲ့ဝေးလို့ ဆယ်တန်းတောင် မရောက်ဖူးပါဘူး" ဆိုပြီး ယောနိသော မနသိကာရ နှလုံးသွင်းသေးတာ။
ဟော ... ဟိုဘက်အိမ်က ဒုတိယကောင် ဆယ်တန်းအောင်တော့ သူနဲ့ရွယ်တူ သူ့သားက ကျရော။ "သားရေ ဆက်ကြိုးစား" တဲ့။ "အားမငယ်နဲ့" ဆိုတာတောင် ပါလိုက်သေးတယ်။ ပြောချင်တာက မနာလို မဖြစ်နဲ့ပေါ့လေ။ တကယ့် စိတ်ရင်းနဲ့ကို ပြောတာ။ ဒါတွင် မကသေးဘူး။ ဟိုဘက်အိမ်ကကောင်က စင်ကာပူ ကျောင်းသွားတက်ချင်တယ် ဆိုတော့ သူရို့မိဘများက မော်တော်ကားရောင်းပြီး ပို့ပေးရှာတယ်။ ဒီတော့လည်း "ဪ … မိဘမေတ္တာများ ပြောပါတယ်။ ကိုယ့်ဖို့ မကြည့်ဘူး။ သားသမီးနောင်ရေး ကြည့်တာ" တဲ့။ ဝင်ပြီး မုဒိတာပွါးပေးတာ။ အိမ်နီးချင်းမို့ ခင်မင်ရင်းစွဲနဲ့ မုဒိတာပွါးပေးနေသလား ဆိုတော့ မဟုတ်သေးဘူး။
"အောင်မယ်လေး ... ငါဈေးဝယ်နေကျ ကန်စွန်းရွက်သည် နှစ်လုံးပေါက်လို့ အတော်ရလိုက်တယ်။ အဲဒါ ညည်း ရပ်တော့၊ ရတာလေးနဲ့ လုပ်ငန်းချဲ့ ဆိုပြီး ပြောခဲ့ရသေးတယ်။ သူ့ခမျာ ဝါသနာပါလို့ရယ် မဟုတ်ရှာပါဘူး။ သူ့ဘဝ တိုးတက်ချင်ဇောနဲ့ လုပ်ရရှာတာ။ ခုတော့လည်း လမ်းဘေးဈေးသည်ဘဝက ကျွတ်ပြီပေါ့" တဲ့။ နီးစပ်ရာလူကို လျှောက်ပြောတော့တာပဲ။ ဟုတ်ပါ့။ ဒေါ်အေးဦး ပြောပါတယ်။
ပြောရဦးမယ်။ သတင်းစာတွေ၊ ဂျာနယ်တွေထဲ သိန်းပေါင်း ဘယ်လောက်တန် အဆောက်အအုံကြီး စသဖြင့် လှူတဲ့တန်းတဲ့ သတင်းများ ပါလာရင် "သာဓု … သာဓု... သာဓု" ဆိုပြီး အသံထွက် ရွတ်တော့တာပဲ။
"မောင်မင်းကြီးသားများ ရှေ့လျှောက် ဒီထက် ချမ်းသာပါစေ။ နောက်ဘဝ နတ်ပြည်ရောက်ပါစေ" ဆိုပြီး ဆုတောင်းပေးရတာ အမောပဲ။ "တို့များလည်း ရှိမှဖြင့် လှူချင်လိုက်တာ" ဆိုတဲ့ ယှဉ်ပြိုင်ချင်တဲ့ စကားတောင် မပြောဘူး။ မုဒိတာပွါးနေတာ။
ဒီလို သူများ ကောင်းစားတာ၊ အခြေအနေ တင့်တာကိုမှ လိုက်ပြီး မုဒိတာပွါးနေတာ မဟုတ်ဘူး။ ပြောင်းပြန် မုဒိတာမျိုးလည်း ပွါးတတ်သေးရဲ့။ ကိုယ့်ရပ်ကွက် မီးလာလို့ အိမ်ရှေ့ရပ်ကွက် မီးမလာတဲ့အခါမျိုး အင်ဗာတာလေးတွေ ဟိုတစ်အိမ် ဒီတစ်အိမ် ထွန်းကြပြီ ဆိုရင်တော့ "ဟိုဘဝက ဆီမီးလှူခဲ့တဲ့ အကျိုးပေါ့။ ဘာပဲဖြစ်ဖြစ် အင်ဗာတာလေး ထွန်းနိုင်ရှာသားပဲ" ဆိုပြီး ရှာကြံ အကောင်းမြင်ပါတယ်။
နာဂစ်မုန်တိုင်းတုန်းကလည်း အရပ်ထဲ ငွေတိုးပေး၊ အပေါင်ခံတဲ့ လူမျိုးခြား အိမ်ဝင်းထဲ မန်ကျည်းပင်ကြီး ဝုန်းဆို ပြိုလဲပါရော။ အဲဒါ ဒေါ်အေးဦးတစ်ယောက် ညကြီးမင်းကြီး အူယားဖားယား ပြေးကြည့်ရှာတယ်။ ပြန်လာတော့ ဘာပြောတယ် မှတ်သလဲ။
"ကံကောင်းတယ်ဟေ့၊ အိမ်ပေါ် မကျဘူး။ ကြည့်နော် ... ဘာပဲပြောပြော မိသားစုစီးပွါးရေးအတွက် ဘာလုပ်ငန်းပဲ လုပ်တယ်ဆိုဆို အလှူဒါနလေးက မပြတ်တော့ နတ်မတာပဲ။ အဲဒီ မန်ကျည်းပင် စဉ်းတီတုံး ဖြတ်ရောင်းရင် မနည်းရမှာ"
ရှာကြံပြီး အဆိုးထဲက အကောင်းရှာတာ။ မုဒိတာ ပြောင်းပြန်။
ဒီလိုပါပဲ။ ဒေါ်အေးဦးရဲ့ မုဒိတာပွါးတတ်ပုံကတော့ ပြောရင် မဆုံးနိုင်ပါဘူး။ အဲဒီလို မုဒိတာဆိုတဲ့ (အရေးကြီးဆုံးပဲ ဆိုပါစို့) ဗြဟမ္မစိုရ်တရားတစ်ပါးတည်း ပွါးနေရုံနဲ့ ဘယ်လောက် အကျိုးများသလဲဆိုတာ ပြောပါ့မယ်။ ဖြစ်ချင်တော့ ဒေါ်အေးဦး မုဒိတာပွါးလို့ အကောင်းဆုံး အခြေအနေ ဆိုပါစို့။ ဟုတ်ပါရဲ့။ မုဒိတာ ဆိုတာက မိမိမှတစ်ပါး အခြားသူအတွက် ပွါးရတာ မဟုတ်လား။ ကြည့်ပါ။ ကံတရားများ အကျိုးပေးချင်တော့ အစ်မကြီး ဒေါ်အေးအုန်း ထီပေါက် ပါလေရော။ ပေါက်တာမှ သိန်း ၅၀၀ ဆု။ ဘာပြောကောင်းမလဲ။ ဒေါ်အေးအုန်းထက်တောင် ဒေါ်အေးဦးက ပိုပြီး ဝမ်းသာသေးတာ။ လျှောက်ကြွားလိုက်ရတာလည်း (ဂုဏ်ယူတာပေါ့လေ) အမော။ သဘောကတော့ သူ့အစ်မကြီးရဲ့ သီလ၊ သမာဓိ၊ မေတ္တာ၊ ဘာဝနာ၊ ဒါနအကျိုး၊ ရှေးရှေးက ကုသိုလ် စသဖြင့်တဲ့လေ။
ဒီနေရာမှာလည်း သူ့ကိုယ်သူနဲ့ နှိုင်းသေးတာ။ ဘာတဲ့ "ကျွန်မက စီးပွါးရေး သောင်းကျန်းနေတာကိုး၊ မမလိုမှ ဘုရားတရား သေသေချာချာ အာရုံမပြုနိုင်တာ" တဲ့။
အစ်မကြီးက "ဘာပဲဖြစ်ဖြစ် ညည်းတစ်ဝက် ဆိုင်ပါတယ်အေ" ဆိုတာတောင် "မမရေ ... အဖေ့လက်ငုတ်ဟာ ညီအစ်မနှစ်ယောက် တစ်ဝက်စီ ဆိုင်တာပါ။ ခုဟာ မမရဲ့ ရှေးကုသိုလ်နဲ့ ပေါ်လာတဲ့ ရွှေအိုးကြီးပါ" တဲ့။ ဒါပေမဲ့ သူလည်း ပုထုဇဉ်ပဲလေ။ လိုချင်မျက်စိတော့ ရှိတာပေါ့။ ဒါကြောင့် ရိုးရိုးသားသား ပြောရှာပါတယ်။
"မမ သဒ္ဓါရင် မမ တူ၊ တူမတွေကို နည်းနည်းပါးပါး ပေးပါ" တဲ့။
မနေပါဘူး။ အစ်မကြီးကလည်း သူ့တူ၊ တူမတွေ စီးဖို့ဆိုပြီး (စကားအလှ သုံးတာပေါ့) မော်တော်ကားတစ်စီး ဝယ်ပေးပါတယ်။ (အောက်ကားပါ)
ကိုင်း ... ဒီမှာတွင် မုဒိတာအကျိုးတရား ပြီးပြီလားတဲ့။ ငွေကြေးဓနကိစ္စကတော့ ပြတ်ပါရဲ့။ လူ့သဘော လူ့သဘာဝက မပြတ်တာပါပဲ။ အင်း ... တိုတိုတုတ်တုတ်နဲ့ အကျဉ်းချုပ် ပြောရရင်တော့ 'ဒဲ့' ဆိုပါစို့။ အစ်မကြီး ဒေါ်အေးအုန်း ထီပေါက်တဲ့နေ့ ညကစလို့ ဒေါ်အေးဦး အိပ်မရတဲ့ရောဂါ စွဲကပ်တော့တာပါပဲ။
စဉ်းစားလို့ မရတာက တစ်ပါးသူငါအတွက် မုဒိတာ အမြဲပွါးနေတတ်တဲ့ ဒေါ်အေးဦးဟာ တစ်အူထုံ့ဆင်း အမြွှာညီအစ်မရင်းကျမှ မုဒိတာမပွါးနိုင်တဲ့ ကိစ္စပါ။
'အနေဝေးတော့ ခင်၊ အနေနီးတော့ ကြဉ်' ဆိုတာ 'ဝေးတသက်သက်၊ နီးတကျက်ကျက်' ဆိုတဲ့ စကားနဲ့ သိပ်မထူးပါဘူး။ နော့ပေမယ့် သူရို့ညီအစ်မရဲ့ ချစ်ခြင်းမေတ္တာ မပျက်တာပါပဲ။ ဟော ... မေတ္တာ ဆိုတာက ဗြဟ္မစိုရ်တရား လေးပါးမှာ ထိပ်ဆုံးနော်။ မုဒိတာကတော့ တတိယ။ ကြားထဲမှာက ကရုဏာဆိုတာ ခံနေသေးတယ်။ နောက်ဆုံးတော့ ဥပေက္ခာကလည်း ခြားနေပြန်တယ်။ ကြည့်စမ်း၊ မေတ္တာနဲ့ မုဒိတာဟာ ကြားခံတွေကြောင့် အစေးမကပ်၊ တစ်ထပ်တည်းမကျ ဖြစ်နေပါပေါ့။
ဪ ... တကယ်တော့လည်း မေတ္တာနဲ့ မုဒိတာ တစ်ထပ်တည်းကျဖို့ မလွယ်ပါလား။ အကယ်လို့ တစ်ထပ်တည်း ကျခဲ့ရင်လည်း ခေတ်စကားနဲ့ ပြောရရင် 'ပွဲသိမ်း' ပေါ့။
စောစောက မြန်မာစကား ပြန်ဆက်ရရင် ...
'ဝေးတသက်သက် နီးတကျက်ကျက်' ဆိုတာက ရန်သတ္တရု ဖြစ်နေတာကို ပြောဟန် မတူဘူး။ အတွင်းစိတ်မှာ 'ကျိတ်' ပြီး ခိုးလိုးခုလု ဖြစ်နေတာမျိုး ပြောတာ ထင်ပါရဲ့လေ။ သူဌေးတစ်ယောက် ထီထပေါက်တာ ဆင်းရဲသားက မုဒိတာပွါးနိုင်တယ်၊ ဒါမှမဟုတ် မနာလို ဖြစ်နိုင်တယ်။ ဒါ သဘာဝကျပါတယ်။ ဆင်းရဲသား ငွေတစ်သောင်းလောက် ကောက်ရတာကို သူဌေးက မုဒိတာမပွါးနိုင်ဘဲ မနာလိုဖြစ်တာကတော့ သဘာဝတောင် မကျပါဘူး။
အနေနီးပေမယ့်
အခြေကြီးရင် တစ်မျိုးထင်
ပြောင်းပြန်မြင်တော့ အသွင်ပြောင်း။
'မုဒိတာ' ဘုရာ့စကားရယ်က
လူ့ပြည်ရွာ တိုက်တစ်လွှားမှာ
ဆပွါးစေ့ ... ကြောင်း။
0 Comments