ဝတ္ထုတို အမည် - ဆေးဆိုး၍ မရပါ
စာရေးသူ - သုမောင်
Short Story
-------------------------------------------------
ဆေးဆိုး၍ မရပါ
#သုမောင်
သီတာဒေဝီသည် ဒဿဂီရိကို မြင်လျှင်မြင်ချင်း မေ့မြော၍ပင် သွားသည်ဟု ကြားဖူးပါသည်။
နူးညံ့ခြင်းနှင့် ကြမ်းတမ်းခြင်း စရိုက်နှစ်ခု၏ ပဋိပက္ခ ဖြစ်သည် ထင်ပါသည်။
စရိုက် သဘာဝ၊ ပုံသဏ္ဌာန် ဟန်ပန်၊ အနေအထား၊ အခြေအနေ စသည်တို့ကို အရောင်နှင့် ထပ်တူပြု၍ တင်စားတတ်ကြပါသည်။
နီစွေးသော သတ္တိ၊ ဖြူစင်သော စိတ်ထား၊ အပြာရောင် စကားလုံးများ၊ စိမ်းသော အကြည့်၊ ပန်းနုရောင် လေသံ စသဖြင့် ဖြစ်ပါသည်။
* * *
အချစ်ကို အရောင် ဆိုးကြည့်ဖို့ ကျွန်တော် ကြိုးစားဖူးပါသည်။ မရပါ။ ကျွန်တော်တော့ မရပါ။ အခြားသူတော့ မသိပါ။
* * *
ကျွန်တော့် အမေသည် အလွန်နုညံ့သူ ဖြစ်ပါသည်။ ကျွန်တော့်အဖေကား အမေကဲ့သို့ အလွန် နုညံ့ သိမ်မွေ့သူ မဟုတ်သော်လည်း ကြမ်းတမ်းသူလည်း မဟုတ်ပြန်ပါ။
ကျွန်တော့်အမေ၏ ဆွေမျိုးသားချင်းသည်လည်း စရိုက် နုနယ်သူများသာ ဖြစ်ပါသည်။ ကျွန်တော့်အဖေ၏ ဆွေမျိုးသားချင်းများကား စရိုက်ကြမ်းသူများ ဖြစ်နေပါသည်။
အဖေနှင့်အမေ အိမ်ထောင်ကျသောအခါ အမေသည် အဖေ့အိမ်သို့ ပါလာခဲ့ပါသည်။ အဖေကိုယ်တိုင်က စရိုက် မကြမ်းသော်လည်း အဖေ့သားချင်းများက စရိုက်ကြမ်းသည် ဖြစ်ရာ ဆန့်ကျင်ဘက် စရိုက်နှစ်ခုတို့ ပဋိပက္ခ ဖြစ်လာရပါတော့သည်။
ဒဿဂီရိသည် သီတာကို ခိုးပြေးခဲ့လေ၏။ အဖေသည် အမေ့ကို တင့်တောင့်တင့်တယ် လက်ထပ်ယူခဲ့ခြင်း ဖြစ်ပါသည်။ နှစ်ဖက်မိဘ သဘောကျ အိမ်ထောင်ပြုခဲ့ရခြင်း ဖြစ်ပါသည်။ သို့ရာတွင် အဖေ၏နေအိမ် လိုက်ပါသွားခဲ့ရသော မင်္ဂလာဦးနေ့၌ အမေသည် မေ့မြောသွားခဲ့ရသည် ဟူသတည်း။
ထိုအကြောင်းကို အဖေကိုယ်တိုင်က ကျွန်တော့်အား ပြောပြခဲ့ခြင်း ဖြစ်ပါသည်။
“မင်းကြီးတော် အကြောင်းလည်း မင်း သိသားပဲကွ၊ အေး ... မင်း အမေအကြောင်းလည်း မင်း သိသားပဲ၊ သူတို့နှစ်ယောက်ရဲ့ စရိုက်က မုန်တိုင်းနဲ့ ရေပြင်လို ကွာတာကိုးကွ၊ ဆုံမိတယ် ဆိုရင်ပဲ ဘောင်ဘင်ခတ်ကုန်တော့တာပေါ့”
ကျွန်တော့်အဖေသည် စာရေးဆရာ ဖြစ်၏။ ထို့ကြောင့် စကားကို ချက်နှင့် လက်နှင့် ပြောတတ်၏။ တနည်းအားဖြင့် အဖေ့ဆွေမျိုး အသိုက်အဝန်း၏ ကြမ်းတမ်းသော စရိုက်များကြားတွင် အဖေသည် သိမ်မွေ့နေသူ ဖြစ်နေခြင်း ??သို့ရာတွင် အဖေသည် စရိုက်ကြမ်းသော သူ့ဆွေမျိုးများကို အလွန် ချစ်ရှာလေသည်။ အဖေသည် လူသားအမျိုးမျိုး၏ သဘာဝများကို နားလည်နိုင်သောကြောင့်တည်း။
“အေးကွာ ... အဲဒါ တို့ လက်ထပ်ပြီးလို့ ငါ့အိမ် ပြန်ရောက်တဲ့အခါ မင်းအမေခမျာ သတို့သမီးကလည်း ဖြစ်ပြန်၊ လင့်ရဲ့ ဆွေမျိုးစု ကြားထဲလည်း ပထမဆုံးအကြိမ် ခြေချမိတဲ့အချိန် ဖြစ်ပြန်ဆိုတော့ ရှက်အားငယ်နေရှာတာပေါ့၊ မင်းလည်း စာရေးဆရာတစ်ယောက်ပဲ လေကွာ၊ စဉ်းစားကြည့်စမ်း၊ သတို့သမီးက မှန်တင်ခုံရှေ့မှာ မရဲတရဲနဲ့ ထိုင်ပြီး အင်္ကျီလဲဖို့ ပြင်နေ၊ သတို့သား ငါကလည်း နှစ်ယောက်အိပ် ခုတင်ကြီးပေါ်မှာ အသာကလေး ထိုင်ပြီး စိတ်ကူးတွေ လှိုင်နေတဲ့ အခိုက်၊ ဟေ ... ဘယ်လောက် စိတ်လှုပ်ရှား ကြည်နူးစရာကောင်းတဲ့ မြင်ကွင်းလေးလဲလို့၊ ဟုတ်တယ် မဟုတ်လား”
“သိပ်ဟုတ်တာပေါ့၊ ဖေဖေရာ”
ကျွန်တော်တို့ သားအဖ တတွေသည် သူငယ်ချင်းများလို ဆက်ဆံကြပါသည်။ သည်အတွက် အခါများစွာ ပျော်စရာကောင်းပါသည်။ တခါ တခါတော့ စိတ်ညစ်စရာ ဖြစ်ရ၏။ အမြဲလိုလို သူငယ်ချင်းလို ဆက်ဆံနေကြသဖြင့် ပြဿနာ တစုံတရာ ဖြစ်စရာ ကြုံလာလျှင်လည်း သူငယ်ချင်းများလိုပင် ဖြေရှင်းကြသည်ဖြစ်ရာ သားနှင့်အဖ ဟူသော ယဉ်ကျေးမှု အစဉ်အလာသဘောကို မေ့ပျောက်ထားကြပြီး နားလည်မှုတွေ လွဲကုန်ကြရတော့၏။ တကယ်တော့မူ သားနှင့်အဖေသည် သူငယ်ချင်းများမှ မဟုတ်ဘဲလေ။
“အိပ်ခန်း ခန်းဆီး ပဝါလေးကလည်း လေညင်းတိုးတော့ တဖျပ်ဖျပ်၊ ငါတို့ရင်ထဲမှာလည်း အချစ်ငွေ့တွေနဲ့ တလှပ်လှပ်ပေါ့၊ စမ်းရေကလေး စီးနေသလို အလွန်သာယာတဲ့ တဒင်္ဂမှာ ဝုန်းဆို မုန်တိုင်း ဆင်ပါလေရောကွာ၊ မင်း ကြီးတော်ပေါ့၊ သူက တဖက်၊ ငါ့နှမဝမ်းကွဲ မပဲက တဖက် သူ့အုပ်စုနဲ့သူ ဖေရော မောင်ရော စုံစေ့အောင် တိုင်တည်ပြီး ဆဲပွဲကြီး ကျင်းပကြလေတော့တာပဲ။ သူတို့ရန်ပွဲမှာ နှစ်ဖက်စလုံးက ငါ့နာမည်ပါ ထည့်ပြီး ပေးစားကြ ဆဲကြနဲ့ဟ၊ ပွက်လောကို ရိုက်သွားတာပဲ”
ကျွန်တော့် ကြီးတော်ကြီးသည် ရိုးရိုးတန်းတန်း ပဋိသန္တရစကား ပြောသည့်အခါမှာပင် ဖေတွေ မောင်တွေ တပ်၍ ပြောတတ်သူ ဖြစ်၏။ ရန်ဖြစ်ပြီ ဆိုလျှင်ကား မြန်မာလူမျိုးတို့ အစဉ်အဆက် သုံးနှုန်းခဲ့သမျှသော ဆဲရေးနည်း အဘိဓာန် တအုပ်လုံး ကုန်တော့သည်။
“အေး ... မင်းအမေ ဆိုတာက အင်မတန် သိမ်မွေ့ နုနယ်တဲ့သူ၊ ဆဲဖို့ ဆိုဖို့ မပြောနဲ့၊ စကားတောင် မာမာ ပြောတတ်ရှာတာ မဟုတ်ဘူး။ သူ ဒေါသဖြစ်ရင် ဘုရားစင်ရှေ့ ထိုင်ပြီး မေတ္တာပို့တော့တာကလား။ ဒီတော့ အဲဒီ မင်္ဂလာဦး ညနေစောင်းမှာ အိမ်ရှေ့ခန်းက မင်းကြီးတော်နဲ့ မပဲတို့ ဆဲကြ ဆိုကြ ရန်ဖြစ်ကြလည်း ဖြစ်ကရော၊ ဟား ... ဟား မင့် အမေခမျာ မှန်တင်ခုံနားမှာ ခွေခွေကလေး ခေါက်ခနဲ ကျသွားတော့တာပဲ၊ ပြေးပွေ့ပြီး မနည်း နှာနှပ်ယူရတယ်၊ မေ့သွားလို့”
* * *
“တော်တော် သောက်သုံးမကျတဲ့ ကောင်”
ကျွန်တော့် ညီတကောင်ကို အလုပ်ကိစ္စတခု ခိုင်းခဲ့ရာ ပေါ့ပေါ့တန်တန် မေ့မေ့လျော့လျော့ နေခဲ့သည့်အတွက် စိတ်ဆိုးလွန်းသဖြင့် အထက်ပါ စကားကို ကျွန်တော် လွှတ်ခနဲ ပြောခဲ့ဖူးပါသည်။ ထိုအချိန်တွင် အမေသည် ကျွန်တော့်် နောက်နားတွင် ရောက်နေပါသည်။ ကျွန်တော်က အထက်ပါကဲ့သို့ ပြောမိသည့်အခါ အမေသည် ရင်ဘတ်ကို လက်ဖြင့် အုပ်လျက် ...
“ဟယ် ... သားရယ်၊ မိုက်လိုက်တာ၊ သား ပါးစပ်ထဲက မိန်းမပစ္စည်း ထွက်တာ အမေ အံ့ပါရဲ့”
စိတ်မချမ်းသာစွာ ပြောခဲ့ပါသည်။ ကျွန်တော် မှတ်သွား၏။ အမေ့စကား ထိရောက်လှပါသည်။ ရှက်ဖွယ် ကျွန်တော်။ ထိုနေ့မှစ၍ မိန်းမပစ္စည်း ကျွန်တော့်ပါးစပ်မှ မထွက်တော့ပါ။ ဆဲချင်လွန်းမက ဆဲချင်လာလျှင် ကိုယ့်ပစ္စည်းနှင့် ကိုယ်သာ ဆဲပါတော့သည်။
* * *
“ဟဲ့ ... နှ(× x) နင်က ခုမှ လူတလုံး သူတလုံး ဖြစ်လို့ ငါ့တောင် နှုတ်မဆက်တော့ဘူးလား”
ဤကား ကျွန်တော့် ကြီးတော်ကြီးက လူကြီးလူကောင်း တယောက်ကို ဆံပင်ဆွဲလျက် ပြောလိုက်သော စကားတည်း။ ထိုလူကြီးလူကောင်းမှာ အခြားမဟုတ်၊ ကျွန်တော့်အဖေ၏ သူငယ်ချင်း အမတ်တဦးပင်။
မှတ်ချက်။ ။ နိုင်ငံရေး အစိုးရ လက်ထက်မှ ပါလီမန် အမတ်တဦး အဖေထံ လာလည်သည်။ အဖေ့သူငယ်ချင်း ဖြစ်သည်။ ကျွန်တော့် ကြီးတော်နှင့်လည်း ရင်းနှီးသည်။ ငယ်စဉ်ကတော့ အိမ်နီးချင်း သူငယ်ချင်း။ သူ ပါလီမန်အမတ် ဖြစ်နေပြီကို ကြီးတော်ကြီးသည် ဂရုမထား။
ရိုးသားစွာ ရင်းနှီးပွင့်လင်းစွာပင် ဆံပင်ဆွဲ၍ ဆဲရေး နှုတ်ဆက်ပစ်လိုက်သည်။ အဖေက မနည်း တောင်းပန်ယူရသည်။
* * *
ကျွန်တော့်အဖေသည် ငယ်စဉ်က အလွန် ဆင်းရဲသည်။ ခုလည်း လူတန်းစေ့ရုံသာ နေနိုင်သေးသည်။ စာရေးဆရာပေကိုး။ သို့ရာတွင် ငယ်ငယ်ကတော့ ပြောမပြရဲလောက်အောင် ဆင်းရဲခဲ့ရသည်။ ဆင်းရဲသော အသိုက်အဝန်းမှ ကြီးပြင်းရသည်။ အဖေ့ပတ်ဝန်းကျင်သည် ဈေး။
အဖေ၏ အနီးကပ်ဆုံး ပတ်ဝန်းကျင်သည် စရိုက်ကြမ်းသည်။ အဖေသည် စရိုက်ကြမ်းသူတို့ကြားတွင် ထူးခြားစွာ သိမ်မွေ့တတ်ခဲ့သည်။ မိမိဘဝကို မိမိဘာသာ ရုန်းကန်သည်။ ပညာကို ကြိုးစားသည်။ မြန်မာလူငယ် ပီသစွာ နေခဲ့သည်။
အဖေ တိုးတက်လာသည်။ လူတလုံး သူတလုံး ဖြစ်လာသည်။ သစ်တပင် ကောင်းသောအခါ ငှက်တသောင်း နားရသည်။ အဖေ့အခြေအနေ တင့်တယ်လာသောအခါ အဖေ့ပတ်ဝန်းကျင်သည် အဖေ့ကို အမှီသဟဲပြုလာကြသည်။ ဆင်းရဲသူသည် ဘဝ မမေ့တတ်ပါ။ အဖေသည် သူ ရှင်သန် ကြီးပြင်းခဲ့ရသော ပတ်ဝန်းကျင်ကို ချစ်ခင်စွာ ပိုက်ထွေးထားလိုက်သည်။
ကျွန်တော်သည် အဖေ၏သား ဖြစ်သည်။ အဖေ့ကို ချစ်သည်။ အဖေ့ပတ်ဝန်းကျင်ကို ချစ်သည်။ အမေ၏သိမ်မွေ့မှုကို မြတ်နိုးရင်း အဖေ့ပတ်ဝန်းကျင်၏ စရိုက်ကြမ်းကို ချစ်တတ်လာသည်။ ရိုးရိုးသားသား ဝန်ခံရလျှင် ကျွန်တော်သည် အဖေ့ဆွေမျိုးများကို အမေ့ဆွေမျိုးများထက် ကရုဏာ ပိုသည်။ ဤသည်ပင်လျှင် ကျွန်တော် စာရေးဆရာတယောက် ဖြစ်လာစေသည့် ရေခံမြေခံ ထင်သည်။
* * *
အမေသည် ငယ်စဉ်က ချမ်းသာသည်။ ဆွေစဉ် မျိုးဆက် ချမ်းသာခဲ့သည်။ အမေ့ မျိုးရိုးသည် ရိုးရာ မြန်မာ့ဆေးလုပ်ငန်းကို လုပ်ကြသည်။ ကုန်သည်များ မဟုတ်။ အစိုးရ ရာထမ်းမှုထမ်းများ မဟုတ်။ ပူပင်ကြောင့်ကြ ကင်းပြီး အေးဆေး သိမ်မွေ့စွာ ဘဝကို ကူးခတ်သူများ ဖြစ်သည်။ သဘာဝအလျှောက် ဘုရားတရားကို ကိုးစားသည်။ မေတ္တာတရားကို အလေးထားသည်။ မြန်မာဆန်လွန်းသည်။ ဤသို့သော မျိုးနွယ်စုမှ ဆင်းသက်လာသော အမေသည် ကျွန်တော်တို့ကို ငယ်စဉ်ကတည်းက ပုံပြင်များ၊ ဗုဒ္ဓဝင်များဖြင့် ကြီးပြင်းလာစေသည်။ အမေ့ထံမှ ဝတ္ထုဆန်သော အတွေ့ အကြုံပေါင်း မြောက်မြားစွာကို ယနေ့တိုင် ကြားနေရဆဲ။
ဤသည်ပင်လျှင် ကျွန်တော် စာရေးဆရာတယောက် ဖြစ်လာစေမည့် ရေခံမြေခံတခု ဖြစ်သည်ဟု ထင်ပါသည်။
* * *
စာရေးဆရာသည် လောကကြီးနှင့်အမျှ ကျယ်ဝန်းသော အကြောင်းတရားများကို ရှာဖွေတင်ပြချင်သူ ဖြစ်သည်။ အလွန် ရိုးသားပြီး အလွန်စိတ်ဝင်စားဖွယ် ကောင်းသော အကြောင်းခြင်းရာများကို ဖွဲ့နွဲ့လိုသည်။ မိမိ ပတ်ဝန်းကျင်သည် မိမိ၏စာပေ ဖြစ်လာသည်။
ကျွန်တော်သည် ဆွေမျိုးသားချင်းများအကြောင်း မကြာခဏ ရေးတတ်သည်။
ကျွန်တော့်အမေ၏ သိမ်မွေ့သောစရိုက်နှင့် ကျွန်တော့််ကြီးတော်၏ ကြမ်းတမ်းသောစရိုက်တို့၏ ပဋိပက္ခကို ရေးဖို့ ကြိုးစားခဲ့သည်မှာ ကြာပါပြီ။
* * *
ကျွန်တော့်အမေသည် ကျောင်းဆရာမ ဖြစ်သည်။ တနေကုန်အောင် လူရော စိတ်ရော အသံပါ မနားရအောင် အလုပ်လုပ်ရသည်။ သို့ရာတွင် အိမ်ပြန်ရောက်လျှင် နားချင်သည်။
ကျွန်တော့်ကြီးတော်သည် မိုးလင်းမှ မိုးချုပ် အိမ်မှုကိစ္စများကို လုပ်သည်။ မောင် ကောင်းစားလျှင် အစ်မ မီးဖိုချောင်ဟု အဆိုရှိသည်။ အလွန် အလုပ်လုပ်သော ကြီးတော်သည် အမေ့ကို အားမရ။
“ရှင်ပလက်ရေ စက်လက်လေ” ဟူ၍ ကျွန်တော့် ကြီးတော်သည် ကျွန်တော့်အမေ အမောဖြေနေသည်ကို မေးငေါ့တတ်သည်။ မနှိုင်းအပ် မနှိုင်းရာ နှိုင်းသည်ဟု အမေသည် မခံမရပ်နိုင် ဖြစ်တတ်သည်။
ဤသည်မှာ သူတို့နှစ်ဦး၏ ပဋိပက္ခ၊ ဥပမာ တခုသာ ဖြစ်သည်။ ဆိုလိုသည်မှာ စရိုက်မတူသလို စိတ်ထားချင်းလည်း မတူကြဘဲ အမြဲလိုလို တယောက်နှင့်တယောက် မကျေမလည် ဖြစ်နေတတ်သည်။ ဤကိစ္စအတွက် အဖေ့ခမျာမှာလည်း စိတ်ပင်ပန်းရသည်။ သို့ရာတွင် မတတ်နိုင်ပါ။ အိမ်ထောင်ရေးသည် ပဋိပက္ခနှင့် မလွတ်ကင်းပါ။
ဤသို့အားဖြင့် ကျွန်တော်တို့ အိမ်ထောင်စုတွင် ကျွန်တော် ကြီးပြင်းခဲ့ရသည်။ တခါတရံ စိတ်ပျက်မိသလို၊ တခါတရံ ယင်းပဋိပက္ခကိုပင် ဘဝ၏ ပျော်စရာတခုဟု မြင်သည်။
ဆွေမျိုးသားချင်းကို ချစ်တတ်သောလူတိုင်း ဤသို့ ခံစားဖူးလိမ့်မည် ထင်ပါသည်။
* * *
စရိုက်သဘာဝ ခြားနေခြင်းနှင့် မေတ္တာတရားသည် တခုစီဟု နားလည်မိသည်။ ဆွေရယ် မျိုးရယ် ဖြစ်လာလျှင် ချစ်ကို ချစ်ရမည်။ မချစ်ဘဲ နေလို့ မရ။ ဆွေမျိုးသားချင်းများ ကြည့်မရအောင် မုန်းတီးကြခြင်းသည် မမြင်ရ မနေနိုင်အောင် ချစ်သောကြောင့် ဖြစ်သည်ဟု ကျွန်တော် ယုံကြည်ပါသည်။
စရိုက်သဘာဝချင်း မတူသော၊ အထူးသဖြင့် သမီးယောက်မ ဖြစ်ကြသော အမေနှင့် ကျွန်တော့်ကြီးတော်တို့သည် မသိစိတ်၌ အလွန်အမင်း ချစ်ခင်နေကြသည်။ သူတို့ကိုယ်တိုင် သိချင်မှ သိမည်။ ကျွန်တော်တော့ သိသည်။ သေချာပါသည်။
ကျွန်တော့် ကြီးတော်ကြီး လွန်စွာ နာဖျားမကျန်း ဖြစ်လာသောအခါ ကြီးတော်ကြီး အနားတွင် မအိပ်မနေ ပြုစုသူမှာ ကျွန်တော့်အမေ ဖြစ်နေသောကြောင့်တည်း။ ဆဲဆို ကြိမ်းမောင်းရင်း အပြစ်တင် ပြောဆိုရင်းနှင့်ပင် ကြီးတော်ကြီးသည် အမေ့ အပြုအစုကို ခံယူခဲ့သည်။ ထူးခြားသည်မှာ ကြီးတော်ကြီး သတိမေ့မြောလျက် ကယောင်ကတမ်း ပြောသောအခါတွင် ကျွန်တော့်အမေ၏ အမည်ကို ထပ်ကာ တလဲလဲ တသခြင်းပင် ဖြစ်ပါသတည်း။
* * *
ကျွန်တော့် ကြီးတော်ကြီးသည် အိပ်ရာထဲတွင် နှစ်လ နီးပါးလျှင် လဲနေခဲ့ပါသည်။ အမေသည် နှစ်လနီးပါး အအိပ်အစား ပျက်ခဲ့ရပါသည်။ အမေ ကြုံလှီအားနည်းလာသလို ကြီးတော်ကြီးသည်လည်း အခြေအနေ ပိုဆိုးလာခဲ့ပါသည်။
ကြီးတော်ကြီးသည် အမေ မကြိုက်သော ဆဲရေးခြင်းကို လုံးဝ မပြုနိုင်တော့ပါ။ ဆဲရေးခြင်းသာ မဟုတ်။ နှုတ်မှ စကား တလုံးပင် မပြောနိုင်တော့ပါ။ မေးသူက မေးလျှင် ခေါင်းညိတ် ခေါင်းခါသာ ပြုနိုင်တော့သည်။ မျက်လုံးဖြင့်သာ စကားပြောနိုင်တော့သည်။ ပါးစပ်ဖြင့် လုံးဝ စကားမပြောနိုင်တော့ပါ။ အလွန် အဆဲသန်သော လူတယောက် စကား လုံးဝ မပြောနိုင်ခြင်းသည် ကြေကွဲဖွယ်ကောင်းသော ဘဝ၏ဆုံးမစာ တခု မဟုတ်ပါလား။
* * *
အားလုံး စိတ်ပူနေကြသည်။ ကျွန်တော့်ကြီးတော်ကြီးကို ဆေးရုံတင်ထားရသည်။ သူ့ရောဂါသည် ကျွမ်းနေပြီဟု ယူဆရသည်။ သို့ရာတွင် သူ လုံးဝ စကားမပြောနိုင်ခြင်းနှင့် သူ့ ရောဂါသည် တခြားစီ ဖြစ်သည်ဟု ဆရာဝန်များက ဆိုကြသည်။ စကားမပြောနိုင်ခြင်းသည် အာရုံကြောနှစ်ခု ပူးသွားသဖြင့်သာ ဖြစ်သည်။ ခွဲစိတ်ကုသလိုက ဖြစ်နိုင်သည်။ အာရုံကြောနှစ်ခုကို ခွာပေးလိုက်ရုံနှင့် သူ စကား ပြန်ပြောလာနိုင်သည်။ သူ့ရောဂါကိုတော့ အခြားနည်းနှင့် သီးခြား ကုရမည်။ ဆရာဝန်များက အဖေ့သဘောထားကို မေးသည်။ အဖေက ဆုံးဖြတ်သည်။ ရောဂါကြောင့်နှင့် ကြီးတော်ကြီး ဆုံးပါးချင် ဆုံးပါးမည်။ ဤသည်မှာ တကဏ္ဍ ဖြစ်ပါသည်။ ဆုံးပါးသွားသည့်တိုင် မဆုံးခင် သူ့ဆန္ဒကို အဖေ သိချင်သည်။ သူ့အစ်မ၏ နောက်ဆုံးစကားကို အဖေ ကြားချင်လှသည်။
အဖေသည် ခွဲစိတ်ကုသရန် ကိစ္စကို သဘောတူလိုက်သည်။
ကြီးတော်ကြီးကို ခွဲစိတ်နေသော အချိန်တွင် အားလုံး စိတ်ပူနေကြသည်။
အဖေသည် စိတ်လှုပ်ရှားလွန်းစွာ ဆေးရုံအောက်၌ ခေါက်တုံ့ လမ်းသလား နေရှာသည်။ အမေသည် ခွဲစိတ်ခန်း အပြင်ဘက်တွင် ဘုရားစာများ ရွတ်ဖတ်နေသည်။
“ခွဲစိတ်လို့တော့ ပြီးပြီ။ ဒါပေမဲ့ မေ့ဆေး မပြယ်သေးဘူး” ဟု အမေက ဆင်းပြီး သတင်းပေးပါသည်။ ကြီးတော်ကြီး၏ သတိလည်လာမည့်အချိန်ကို စောင့်ဆိုင်းနေရသည်မှာ စိတ်လှုပ်ရှားစရာကောင်းလှပါတော့သည်။
* * *
အမေသည် ဒုတိယအကြိမ် ဆေးရုံပေါ်မှ ပြေးဆင်းလာပြန်သည်။ အမေ၏ မျက်နှာသည်လည်း စိတ်လှုပ်ရှားလွန်းနေမှန်း သိသာသည်။ တသက်နှင့် တကိုယ် မကြုံဖူးအောင် အမေ အူယားဖားယား ဖြစ်နေသည်ကို ပထမဆုံး အကြိမ် ကျွန်တော် မြင်ရသည်။
အမေသည် အဖေ့အနား ရောက်သော်လည်း တော်တော်နှင့် စကားမပြောနိုင်။ အသက်ရှူ မဝသလို ရင်တဖိုဖို နေပြီးမှ ...
“ကိုဖေသန်းရေ ... မမ ဆဲနေပြီ သိလား ... မမ ဆဲနေပြီ” ဟု ဝမ်းသာအားရ ပြောချလိုက်ပါသည်။
ကျွန်တော့်ကြီးတော်သည် သတိလည်လာပြီး မျက်လုံး ဖွင့်ကြည့်ကြည့်ပြီးချင်း အနီးတွင် ရှိနေသော မေ့ဆေးပေး ဆရာဝန်မတဦးကို ဖေနှင့် ကိုင်တုတ်လျက် နှုတ်ဆက်လိုက်သည်။ ထိုအခါ အမေသည် ခွဲစိတ်ခန်းအတွင်းသို့ ဇွတ်အတင်းဝင်လျက် ဆရာဝန် ဆရာမများကို တောင်းပန်ရလေတော့သည်။ သို့ရာတွင် တောင်းပန်စရာပင် မလိုပါ။ အားလုံး ပျော်ရွှင်နေကြလျက် ပြုံးနေကြပါသည်။ အမေ ဝင်လာသည်ကို မြင်လျှင် ကျွန်တော့် ကြီးတော်ကြီးသည် ...
“ဟဲ့ ဖေ(x )မ ငါ့တူတွေ နေကောင်းကြလား” ဟု ပဋိသန္ဓာရ စကားကို ဆိုလိုက်၏။
ဤအကြောင်းများကို အမေသည် ပြောရင်း တဝက်ဖြင့် အဖေ့ကို ဖက်လျက် ရှိုက်ငိုနေပြီ ဖြစ်ပါသည်။
ပျော်ရွှင်စွာ ကျသော မျက်ရည်ကို အဖေ့မျက်လုံးတွင်လည်း ကျွန်တော် တွေ့ရပါသည်။
* * *
စရိုက်သဘာဝ ဟူသည်ကို အရောင်တရောင်အဖြစ် သတ်မှတ်လျက် မေတ္တာကို ဆေးဆိုးဖို့ ကျွန်တော် ကြိုးစားကြည့်ပါသည်။
ဆဲဆိုခြင်းကို နားဝ လေသံပင် မကြားချင်သော အမေသည် ဆဲဆိုခြင်းကို သီလတပါးသဖွယ် စောင့်ထိန်းအသုံးပြုသော ကျွန်တော့်ကြီးတော်ကြီးနှင့် ပထမဆုံးအကြိမ် တွေ့ဆုံရစဉ်က မေ့မြောသွားခဲ့ရ၏။
ယခု နောက်ဆုံးအကြိမ် ဆဲရေးခြင်းကို ကြားရသောအခါ အဘယ့်ကြောင့် ကြည်နူးဝမ်းသာစွာ မျက်ရည်များပင် လည်ရပါသနည်း။
မေတ္တာတရားသည် ဆေးဆိုး၍ မရပါ။
0 Comments