တစ်ခါမှား တစ်ခါမိ - သုမောင် (ဝတ္ထုတို)

 ဝတ္ထုတို အမည် - တစ်ခါမှား တစ်ခါမိ

စာရေးသူ - သုမောင်

Short Story


-------------------------------------------------

တစ်ခါမှား တစ်ခါမိ


#သုမောင်


တစ်ခါသောက် တစ်ခါမှားတတ်သော ကျွန်တော်သည် တစ်ခါမှား တစ်ခါမိလည်း ဖြစ်တတ်ပါသည်။ “မိတယ်” ဆိုလို့ ခေတ်စကား အလိုအရ ကောင်းသည်၊ ဇိမ်ရှိသည်ဟုမဆိုလိုပါ။ တကယ့်ကို သူခိုးလူမိသလို အဖမ်းခံမိခြင်း ဖြစ်ပါသည်။


နော့ဖြင့် မေးစရာရှိသည်။ သုမောင် အရက်သောက်တာ တစ်နိုင်ငံလုံး လူအသိ မဟုတ်ပါလောဟု။ နေရာမရွေး လူမျိုးမရွေးနှင့် ဗြောင်သောက်သည်ကော မဟုတ်လားဟု။ မှန်ပါသည်။ ကျွန်တော်သည် အရက်နှင့်ပတ်သက်လာလျှင် တွေ့မရှောင်ဖြစ်ခဲ့ပါသည်။ စသောက်ကထဲက ဘယ်သူ့ရှေ့မှ မရှောင်ဘဲ သောက်ခဲ့ပါ၏။ သို့သော် ချွင်းချက် အနေနှင့်ကား ပုဂ္ဂိုလ် တစ်ယောက်ရှိပါ၏။ ဟုတ်ကဲ့ပါ။ ဖခင်ကြီးရှေ့တွင်ဖြစ်ပါသည်။ အရက်ဆန့်ကျင်ရေး ဖခင်ကြီးရှေ့မှာတော့ ကျွန်တော် မသောက်ပံ့ခဲ့ပါ။ ဖခင်ကြီး ကွယ်လွန်ချိန်အထိဖြစ်ပါသည်။ ဖခင်ကြီးရှေ့မှာ မသောက်ဟု ဆိုသဖြင့် ကွယ်ရာမှာ သောက်တာတော့ သေချာပါပြီ။ သိသာသိစေ၊ မမြင်စေနှင့်တဲ့။


သည်တော့ ကျွန်တော်သောက်တာ အဖေသိသည်။ လက်ပူးလက်ကြပ်ကား မမြင်ခဲ့ချေ။ သို့ သော် သောက်မှန်း သိသွားခဲ့သည်ကတော့ အကြိမ်ကြိမ်ဖြစ်သည်။

အဲသိရုံမက မိသွားသည့် အဖြစ်အပျက်များကို

ယခု ကျွန်တော် ပြောပြပါတော့မည်။


ကျွန်တော့်ဖခင်ကြီးသည် အကြားအာရုံ ချို့တဲ့သောကြောင့် (အမြင်အာရုံလည်း မကောင်းသဖြင့်) အနံ့ခံအာရုံ အလွန်ကောင်းသည်ဟု ထင်ပါသည်။ အဖေသည် စီးကရက်အလွန်ကြိုက်သူ (CHAIN SMOKER) ဖြစ်လေရာ ကျွန်တော်တို့ သူ့ရှေ့ စီးကရက် သောက်နေလျှင် ဘာတံဆိပ် ဟု၍ပင် တပ်အပ်ပြောနိုင်ပါသည်။ (သူ့ကျတော့ စီးကရက် လက်မလည်အောင် သောက်ပြီး ကျွန်တော်တို့တော့ အရက်နှင့် ပတ်သက်ပြီး လုံးဝ ခွင့်မလွှတ်။)


သို့သော် ထိုမျှအရက်ကို မကြည့်ချင်လောက်အောင် မုန်းသဖြင့်လည်း တခုတော့ ကံကောင်းသည်။ နှာခေါင်းအာရုံ ကောင်းသော်လည်း အရက်နံ့ကို ကောင်းစွာ မသိခြင်းဖြစ်ပါသည်။ ဆိုပါဆို့။ ဒဏ်ရာအနာတရကလေး တခုခုဖြစ်နေလျှင် ကျွန်တော် အရက်သောက်ထားတော့ အဖေမသိတော့ချေ။ အကြောင်းကား စပရစ်(အရက်ပြန်) ကို အနာပါတ်ဝန်းကျင် ရွှဲရွှဲလိမ်းထားလိုက်တော့ အဖေက စပရစ်နံ့နှင့် အရက်နံ့ကို ရောထွေးသွားပြီပေါ့။ တစ်ခါကလည်း ဧည့်ခံပွဲတစ်ခု အဖေနှင့် အတူသွားရာ မတတ်သာ၍ အဖေ့အလစ်တွင် ဝီစကီတစ်ခွက် နှိပ်လိုက်၏။ အပြန်လမ်းရောက်သော် “ဟေ့ကောင် မင်းပါးစပ်က ဘီယာနံ့ ရတယ်" ဟုပြောလေသည်။


မည်သို့ပင်ရှိစေ အမူအရာကြည့်၍ကို အဖေက အကင်းပါးစွာ သိနိုင်သည်။ အကြားအာရုံ ချို့တဲ့

သဖြင့်လည်း သူ့ကို စကားကျယ်ကျယ် အော်ဟစ်ပြောရသောကြောင့် ပါးစပ်မှ ထွက်သော လေလုံးများမှတဆင့်

အနံ့ ရသွားနိုင်သည်။


အရက်လုံးဝ ဆန့်ကျင်နှိမ်နှင်းရေးသမား ဖခင်ကြီးကို ရှောင်ရတိမ်းရသည်မှာ မလွယ်ပါ။ တကယ့် စွန့်စားခန်းကြီး များဖြစ်ပါသည်။ အရက်စ သောက်တတ်ခါစကတော့ (မူးအောင်လည်း သောက်တာမဟုတ်) ထုံးစံအတိုင်း သောက်ပြီး အစာများများစား၊ မာလကာရွက်၊ ကြက်သွန်ဖြူ၊ ပီကေ စသဖြင့် ဆရာ့ဆရာများ၏ အညွှန်းအတိုင်း ပြီးမှ အဖေနှင့် မျက်နှာချင်းဆိုင်။ များသောအားဖြင့် ကတော့ အဖေနှင့် တွေ့စရာ

အကြောင်းမရှိမှ သောက်ပါသည်။


သောက်ပြီးလျှင် အိပ်ရာ တန်းဝင်ရုံသာရှိသည်။ ကိုယ်ကလည်း သောက်လက်စ အဖေနှင့်ကလည်း တွေ့ကို တွေ့ရမည် ဆိုလျှင် စောစောက နည်းများကိုသုံးရ၏။ သည်လိုနှင့် အနေကြာလာတော့ အဖေ အမူအရာတွေပျက်လာသည်။ ဟုတ်ပါသည်။ ကျွန်တော် အမူအရာပျက်ခြင်းမဟုတ်။ အဖေ အမူအရာပျက်ခြင်းပါ။ ဘယ်နှယ်

သည် သားအဖနှစ်ယောက် အတူနေတာ။ သူ့မျက်နှာ ကိုယ့်မျက်နှာ အခြေပျက်သည်ကို မသိရှိပါ့မလား။


ထို့ကြောင့် မူလပုံမှန် အမူအရာမှ ကျွန်တော်အပေါ် သံသယမကင်းသော မျက်လုံးများကို ရင်ဆိုင်လာရသောအခါ ကျွန်တော်သည် 'သောက်ချိုး' ပြောင်းရတော့၏။ အရက်ကိုမြန်မြန် အရင်သောက်၊ ပြီး အပေါ်က အစာဖိ၊ နောက်ဆုံးမှ ရေကို ပါးစပ်ထဲ ထပ်လောင်းထဲ့၊ ပြီးမှ စောစောကပြောသော အနံ့ပျောက် သားရေစာတွေဝါး။


အရက်တို့သဘာဝမှာ သောက်ပြီးပြီးချင်း အနံ့မထွက်သေးပါ။ မူးလည်း မမူးသေးပါ။ သူက ကြာမှ အစွမ်းအစလေးပြသည်။ သည်တော့ အထက်ပါနည်းအတိုင်း သောက်ပြီးပြီးချင်း အဖေကို တွေ့စရာရှိတာ မြန်မြန် တွေ့ရသည်။ လူကမမူးသေး။ အရက်က အနံ့မထွက်သေးဘူး မဟုတ်လား။ ဒါတောင်၊


“ဟေ့ကောင် ကြက်သွန်ဖြူတွေ အလကားနေရင်း စားမနေနဲ့၊ ရောဂါရမယ်” ဟု ရိပ်ဖမ်းသံဖမ်း ပြောလာသဖြင့် နည်းပြောင်းရသေး၏။


ပီကေဝါးတော့လည်း …


“ပါးစပ်အားနေလား'' ပြောခံရ။ မာလကာရွက်ကလည်း နေရာတိုင်း မရှိနိုင်။ ကွမ်းဝါးဖို့ကတော့ အရက်ထက်ပို၍ အဖေမုန်းသဖြင့် ပါးရိုက်ခံရမှာ သေချာသည်။ ကွယ်လွန်သူ နာမည်ကျော် မင်းသားကြီး၏နည်းလမ်းက မဆိုးသော်လည်း ရိက္ခာရှားပါးမှုကြောင့် မနိပ်။ သူ့နည်းက နောက်ဆုံး အစာပိတ် ထောပတ်မျိုချတဲ့။


နောက်ဆုံး ကျွန်တော့်ဖာသာ တီထွင်သော နည်းကတော့ မြန်ကောင်းသက်သာ ဖြစ်ပါသည်။ ငှက်ပျောသီးတစ်လုံးကို မဝါးဘဲ အလောတော် ကိုက်ကိုက်ပြီး မျိုချခြင်းဖြစ်၏။ ဘာဘဲဖြစ်ဖြစ် အဖေ မိသွားရတာပါဘဲ။ အသို့ဟူမူ အရက်တို့၏ သဘာဝမှာ ပါးစပ်မှသာ အနံ့ထွက်ခြင်းမဟုတ်။ ထွက်သက်အဖြစ်နှာခေါင်းမှလည်း ထွက်ပါ၏။ ပါးစပ်ကို တခုခု ဝါးပြီး ပိတ်လို့ရသော်လည်း နှာခေါင်းကိုကား ပိတ်ထားလို့ မရပါ။ အရှေ့မှာ စကားပြောလျှင် အသက်ကို ရှုသာရှုပြီး ထွက်သက်ကို ပါးစပ်မှ မှုတ်ထုတ်သောနည်းဖြင့် ကာကွယ်ရေး လုပ်ခဲ့ရပါသည်။


သို့ သော် တနေ့သော် ကျွန်တော် အိပ်မောကျနေစဉ် ဘာစိတ်ကူးပေါက်သည်မသိ။ အဖေသည် ကျွန်တော့် အိပ်ခန်းသို့ ကူးလာပြီး ကျွန်တော့်ပါးကို ဖွဖွညင်သာ နမ်းလေရာ အားရပါးရ မှုတ်ထုတ်နေသော ထွက်သက်

လေကို ရှူမိပြီး ကျွန်တော် သောက်ထားတာတွေ ဗူးပေါ်သလို ပေါ်ကုန်ပါတော့သည်။ (အဖေကကျွန်တော်တို့ကို သူဆုံးပါးခါနီးအထိ ဖက်ရမ်းနမ်းရှုပ် တတ်ပါသည်။)


ထိုနေ့မနက် ကျွန်တော် အိပ်ရာနိုးတော့ ကျွန်တော့် သွားတိုက်တံတွင် အရက်ဆန့်ကျင်ရေး စာစောင်ချိတ်ထားသည်ကို တွေ့ရပါသည်။ သည်လိုနှင့် အရက် ဆန့်ကျင်သော ဖခင်ကို ကျွန်တော်က ဆေးလိပ်ဆန့်ကျင်ရေး စာပြန်ပို့၊ အဖေကထပ်ရေး၊ ကျွန်တော်က ထပ်ပြီးစာပြန်နှင့် စာချင်း စကားနိုင်လုခဲ့ရာ နောက်ဆုံး တစ်လုံးတည်းသော “ဆဲ” စာဖြင့် ကျွန်တော် အရှုံးပေးခဲ့ရပါသည်။ ထိုအကြောင်း အကျယ်တဝင့်ကို ''သာဓု-သုမောင် စာပေတိုက်ပွဲ” ဟူသော ပျော်စရာ “ကွမ်းစကား” စာတစ်ပုဒ် ကျွန်တော်ရေးခဲ့ဘူးပါသည်။


ဒါက ပထမဆုံးအကြိမ် ကျွန်တော် အရက်သောက်တာကို အဖေ မိသွားခြင်းပါတည်း။



နောက်တစ်ကြိမ်က ( ၁၉၈၀ ) ပြည်ထောင်စု ပဒေသာကပွဲ ကျိုက္ကဆံကွင်းမှာပါ။ ထိုပွဲတွင်

ကျွန်တော်က အဖေစီစဉ်သော ပြဇာတ်တစ်ပုဒ်တွင် သရုပ်ဆောင်ရပါသည်။ နေ့လည် အသံသွင်း၊ ညပြဇာတ်ကနှင့်အလုပ်ရှုပ်နေချိန် အေးဘုံမှာလည်း ပထမဆုံးသော ဗိုက်က ပူကောင်းတုန်း၊ မွေးရက် စေ့နေချိန်။ ကျွန်တော့်

စိတ်က ယောက်ယက်ခတ်နေ၏။


မူလပင်ကိုယ်က ကင်မရာရှေ့ သရုပ်ဆောင်ရမှာကိုပင် ရှက်တတ်သော ကျွန်တော့မှာ လူထောင်သောင်း

ချီနေသော ပရိသတ်ရှေ့ ဘယ်လောက် ရင်တုန် ဒူးတုန်ဖြစ်လိုက်မည်ကို စဉ်းစားသာ ကြည့်ကြပါ။ ပြဇာတ် ကဖူးတာ ဒါပထမဆုံး အကြိမ်ဖြစ်သည်။ နောက်ဆုံး မတတ်သာ၍ ကျွန်တော် အရက်သောက်ပြီး စင်ပေါ်တက်ရသည်။ သို့သော် မူးအောင်တော့ မသောက်။ အာရွှင်ရုံမျှ။ အကြောက်ပြေရုံမျှသာ သောက်ပါသည်၊ စောစောက ပြောခဲ့သည့် နည်းမျိုးစုံကိုလည်း သုံးခဲ့ပါသည်။ ပီကေရော၊ ထောပတ်ရော၊ ငှက်ပျောသီးရောအကုန်စားခဲ့ မျိုခဲ့ပါသည်။


လိုရမယ်ရဆိုသလိုပင် မိတ်ကပ်ခန်းသွားပြီး မင်းသမီးခင်သီတာထွန်းထံမှ ရေမွှေးတောင်ဆွတ်လိုက်သေး၏။ မိတ်ကပ်ခန်း ရောက်သော် သူတို့က “ဟယ် ဘိုသု မျက်နှာပြောင်ကြီးနဲ့တော့ လာ လာ မိတ်ကပ် နဲနဲ ပွတ်လိုက်” ဟု စေတနာနဲ့လား မြှောက်ပေးတာလားမသိ။ ဝိုင်းပြောကြသဖြင့်(ဘယ်တော့မှ မိတ်ကပ်မလိမ်းဖူးသော ကျွန်တော်) မိတ်ကပ်လူးမိ၏။


ကျွန်တော်ပြောခဲ့ပါသည်။ အရက်တို့၏ သဘာဝမှာ ချက်ချင်း အချက်မပြဟု။ ဟော အိမ်ကအထွက် သွေးပူအောင် ခိုးသောက်ခဲ့သော အရက်က ကိုယ့်အလှည့် မကျသေးခင်အတွင်း တန်ခိုး ပြပါလေပြီ။ မူးအောင် မသောက်၊ စကားရွှင်ရုံ သောက်သဖြင့် မိတ်ကပ်လူးခန်းထဲ မင်းသမီးများ၊ သူတို့ နောက်လိုက်များနှင့် ကျွန်တော် တရုန်းရုန်း ဖြစ်နေပါပြီကော။


သူတို့နှင့် ဘယ်တုန်းကမှ ပရောပရီ မနေတတ်ခဲ့ဖူးသော အလွန် တည်ကြည်သူဟု နာမည်ကြီးသော သုမောင် ''ဘုကောင်'' တစ်ယောက် လား လား... မိန်းမလျာများနှင့် ထိပ်ပုတ် ခေါင်းပုတ် ဟိုပုတ် သည်ပုတ်။


ထိုစဉ်မှာပင် အေးဘုံ ရုတ်တရက် ဗိုက်နာလာလို့ သားဖွားဆေးရုံ ပို့လိုက်ပြီးဟူသော သတင်းကကျိုက္ကဆံကွင်းထဲ အထိရောက်လာသည်။ အိမ်မှ အလုပ်သမား တစ်ယောက်က ဇာတ်ရုံလိုက်ပြောရာ ကျွန်တော့ကို ရှာမတွေ့၍ အဖေ့ကို သတင်းပို့၊ အဖေက ဇာတ်ရုံအနှံ့ လိုက်ရှာလေမှ လား လား ကျွန်တော်ကမိတ်ကပ်ခန်းမှာ မျက်နှာအရဲသားနှင့်။


အဖေသည် ကျွန်တော့်ကိုကြည့်၍ မျက်စိမျက်နှာ တော်တော် ပျက်သွားပါသည်။ ပြီးမှ သူ့ အိန္ဒြေရော ကျွန်တော့် သိက္ခာကိုပါ ဆည်ပြီး...


“သား... အေးဘုံ ဆေးရုံရောက်ပြီး မွေးတော့မယ်ထင်တယ်။ ဘိုကလေးတင့်အောင်ကို သွားမေး၊ ကျော်ဟိန်းနဲ့ ခင်သန်းနုပြဇာတ် အရင်ထွက်မလား... သား အရင်ထွက်ရမလားလို့... ဟိုမှာ အေးဘုံ အရေးကြီးတယ် ပြောပြ”


ဘဘ ဘိုကလေးတင့်အောင်၏ ခွင့်ပြုချက်ဖြင့် ကျွန်တော့ ပြဇာတ် အရင်ထွက်ခွင့်ရပါသည်။ ပြဇာတ်ကပြီးပြီးချင်း တစ်ယောက်ထဲ မော်တော်ကား တစ်ကားမောင်း၍ ဆေးရုံသို့ ပြေးပါသည်။ မမီတော့ပါ။ အေးဘုံက မွေးပြီးနှင့်လေပြီး။ မြန်လိုက်တဲ့မိန်းမ။ ဆေးရုံမှပင် အထံ တယ်လီ ဖုန်းဆက်အကြောင်းကြားလိုက်တော့...


“ခွေးကောင် ခုနက မင်းသောက်ထားတယ် မဟုတ်လား...”


ဟု ဆီးပြောပါသည်။


“မသောက်ပါဘူး … ဖေဖေ”


“မသောက်ရင် နှင့် အမေကလိန်းမို့ မိတ်ကပ်ခန်းထဲ ရောက်နေတာလား... မင်းဘယ်တုန်းကမိတ်ကပ်လိမ်းဘူးလို့လဲ... ဘယ်တုန်းက မင်းသမီးတွေနဲ့ ဟီလာတိုက်ဘူးလို့လဲ၊ ကောင်းပြီး... မင်းဒီည မင်းမိန်မ နားမှာဘဲနေလိုက်... နက်ဖြန်မှ မင်းကို နားရင်းအုပ်မယ်...”


ဟူ၍ နားရင်းအကြွေးရိုက်လိုက်ပါသည်။


တကယ်တော့ ကျွန်တော်ပျော်သလို အဖေလည်း ပျော်သွားပုံရပါသည်။ နောက်တစ်နေ့ နားရင်းမရိုက်ဖြစ်ခဲ့ပါ။


ကျွန်တော် သောက်တာကို အဖေသိသော်လည်း လက်ပူးလက်ကျပ် မိတာကတော့ ယခုပြောပြသည့် အကြိမ်နှင့် ပေါင်းမှ ၃ကြိမ်သာ ရှိပါသည်။ ၁၉၈ဝ အတွင်းမှာပင်ဖြစ်၏။ ထိုတစ်ကြိမ်ကတော့ ငပလီတွင် ရုပ်ရှင် သွားရိုက်တုန်းက ဖြစ်ပါသည်။ “ဝေလွင်လွင်" ဆိုသည့် ဇာတ်ကားပါ။ ဒါရိုက်တာက အစ်ကိုမောင်ဝဏ္ဏ၊ မင်းသားက ဦးစိန်မြင့်နှင့် ကျွန်တော်။ ထိုစဉ်က မောင်ဝဏ္ဏသည် သောက် ကောင်းတုန်းဖြစ်၏။ (ခုလို ဘုရားကျောင်း ဒကာမဖြစ်သေး)


ကျွန်တော်နှင့် ဦးစိန်မြင့် ဆိုတာကတော့ ပြောစရာမလို။ ထုတ်လုပ်သူလည်း ဦးစိန်မြင့် ကိုယ်တိုင်ပင် ဖြစ်လေရာ ဘာပြောကောင်းမည်နည်း။ စူဠလိပ်သုံးကောင် ငပလီပင်လယ်ပြင်ထဲ လွှတ်လိုက်သည့်အလားပေါ့။ အဖေနှင့် မိုင်ပေါင်းများစွာ ကွာဟနေရာ ရခိုင်ရိုးမကြီး ကာဆီးထားသည့်နေရာ ကိုယ့်မင်းကိုယ့်ချင်း သောက်ချင်တိုင်း သောက်နေကြပြီပေါ့။ (မှတ်ချက် အဖေ့ကို ကျွန်တော်တို့ ညီအစ်ကိုအပြင် ဦးစိန်မြင့်လည်း တော်တော်ကြောက်ပါသည်။)


အရက်၏ သဘာဝကို နည်းနည်း ထပ်ပြောရပါဦးမည်။ အရက်ကောင်းတို့မည်သည် သည်ကနေ့ အဝသောက်သော်လည်း မနက်ဖြန် သွေးက မတောင်းချင်တတ်သေး။ အရက်ညံ့တို့မူကား သည်နေ့လိုများများ သောက်လိုက်လျှင် မနက်ဖြန် အသာထားလို့ သည်နေ့ ညတွင်းချင်းပင် တရေးနိုးထပြီး တောင့်တတတ်လေသည်။


ငပလီလိုနေရာမှာ ဟိုစဉ်က အရက်ကောင်းသိပ်ပြီး ရှာရမလွယ်ပါ။ လွယ်သည့် တိုင်အောင် ဦးဆောင်သူ

သုံးဦးသားမှာ ခေါင်းဆောင်ကောင်းပီသစွာ အရက်ကို သီးခြားမသောက်။ နောက်လိုက် ငယ်သားမှားနှင့် ကြမ်းတပြေးတည်း ထိုင်၍ ဝိုင်းဖွဲ့ သောက်သောဟူ၏။ ကြောက်ရမည့်သူနှင့် ကင်းကွာပြီး လနှင့်ချီ၍

အရက်ညံ့များကိုသာ မှီဝဲနေကြလေရာ အရက်ဆာသော ဒဏ်ကို မကြာခဏ ခံစားရလေတော့သည်။ သည်တော့

ဘာဖြစ်သနည်း။ ည သောက်ရာကနေ ညနေ၊ နောက်နေ့လည်၊ ဟော... နောက်ဆုံး မိုးလင်းထသောက်သည့် အနေအထားသို့ ရောက်လာခဲ့တော့သည်။ သို့သော် ဘာအရေးနည်း။ အဖေနှင့် တွေ့ရမည်မှ မဟုတ်တာ။ သို့ သော် အရေးတော်ကား ပေါ်ပါလေပြီ။ ကင်မရာ ပျက်သွားခြင်းဖြစ်၏။


ကင်မရာက အဖေပိုင် ကင်မရာ။ အဖေသည် သူ့ကင်မရာနှင့် သူ့ မော်တော်ကားကို ဘယ်သူပြင်တာမှ မကြိုက်သူ ဖြစ်၏။ ပျက်သောနေရာတွင် လက်ရာမပျက် ဒီအတိုင်းထား သူလိုက်လာမည်။ ကိုယ်တိုင်ပြင်မည်။ ဒါက ထုံးစံဖြစ်နေ၏။


ထိုစဉ်ကလည်း ကင်မရာပျက်သွားသဖြင့် ရန်ကုန် အဖေ့ထံ ဖုံးဆက် အကြောင်းကြားရ၏။ အဖေကလည်း ထုံးစံအတိုင်း …


“ဒီအတိုင်းထား မထိနဲ့ မကလိနဲ့။ ငါမှီရာ လေယာဉ်နဲ့ လိုက်လာမယ်..” တဲ့။ သည်မျှ ကြီးကျယ်သော ပြဿနာထဲတွင် ကျွန်တော်တို့ သုံးယောက်၏ အရက်ဆာလောင်မှု ထိန်းသိမ်းရေး ကိစ္စလည်း တမှောင့်ဖြစ်လာခဲ့ ပါတော့သည်။ ပြောခဲ့ပါပကော။ အရက်ညံ့ကို တလကိုးသီတင်း သောက်ထားမိပြီဟု။


အဖေရောက်လာ၏။ သူ့ ကင်မရာကပြင်ပြီး ချက်ချင်းလေယာဉ်ဖြင့် ပြန်သည်ဆိုပေမည့် သုံးရက်တော့ ငပလီမှာ ကြာပါသည်။ ထိုစဉ်အတွင်း ကျွန်တော်တို့ ဇိုးသမား သုံးယောက်မှာ အလူးလူး အလိမ့်လိမ့်ပေါ့။ မတတ်သာ တော့လည်း ခိုးသောက်ကြပေါ့။ အထက်က ကျွန်တော်ပြောခဲ့သော ကာကွယ်နည်းများကိုသုံးကြပေါ့။


မည်သို့ ပင်ရှိစေ အဖေကတော့ မိသွားတာပါဘဲ။ သည်တချီ မိပုံမိနည်းက အနံ့ကြောင့်လည်းမဟုတ်။ အမူအရာ ကြောင့်လည်းမဟုတ်။ ကျွန်တော်တို့ အသုံးတော်ပုလင်းများက ကိုယ်တိုင် သက်သေထွက်ကြ သောကြောင့်သာ ဖြစ်ပါ၏။ ငပလီတွင် ကျွန်တော်တို့ တည်းခိုသောရိပ်သာသည် ဆောက်ခါစဖြစ်၏။ အခန်းများ သီးသန့် မကာရသေးပါ။ ရှိသမျှ အခန်းကိုလည်း မိန်းမသားတွေကို လုံခြုံမှုအတွက် ပေးလိုက်ရသဖြင့် ယောက်ျားသားများက ဝရံတာတွင် တန်းစီအိပ်ကြရ၏။ အဖေ ရောက်လာတော့ အဖေ့ခမြာလည်း ကျွန်တော်တို့နှင့်ပငါဒိုးတူပေါင်ဖက် အိပ်ရပါသည်။ ခက်တာက အဖေ့ကို အားနာခြင်းထက် အရက်ကို ပေါ်ပေါ်ထင်ထင် သောက်မရခြင်းဖြစ်၏။ အရက်ပုလင်းများကိုလည်း အရင်လို ကိုယ့်ခေါင်းရင်းမှာ ကိုယ်ထားပြီး ဦးချမအိပ်နိုင်တော့ပါ။ မီးဖိုချောင် သွားထားဖို့ရာလည်း အဖေသည် မထင်လျှင် မထင်သလို ကိုယ်တိုင် မီးဖိုချောင် ဝင်မွှေတတ်သူဖြစ်နေ၏။


ထို့ကြောင့် ဟိုလိုလို သည်လိုလိုနှင့် စားသောက်ဆိုင်တန်းဘက် ပြေးမော့ကြရ၏။ အဖေကလည်း ညမအိပ်သော ညလူဖြစ်သောကြောင့် မိုးလင်းပိုင်း အဖေအိပ်မှထပြီး သောက်ရပါသည်။ ထိုအခါ ညကတည်းက အရက်ပုလင်းများ ဝယ်ထားပြီး ဟိုသဲစပ်စပ်သောင်ခုံမှာ သွားမြုပ်ထားလိုက်ကြရ၏။ မနက် အဖေအိပ်မှထနှိပ်မည်ဟု။ သို့သော် ကျွန်တော်တို့သည် ပင်လယ်၏ မာယာကို မသိကြချေတကား။ တညလုံး အတက်ကြမ်းသော ဒီရေသည် ကျွန်တော်တို့ မြုပ်ထားသော ရွှေပုလင်းများကို သဲထဲမှ ဖော်ထုတ် တည်းခိုဆောင် ခြေရင်းသို့ ဦးခိုက်ပို့ဆောင် ပေးတတ်ခြင်း မာယာရှိသည်တကား။ တိုက်တိုက်ဆိုင်ဆိုင်အိပ်မပျော်သဖြင့် နံနက်စောစော လမ်းထလျှောက်မည့် အဖေ့ခေါင်းရင်း တည့်တည့်မှာ အစီအရီ ပုလင်းများကို ဘားကောင်တာကဲ့သို့ ပြနေပါရောလား။


အဖေက တော်တော်လျင်ပါ သည်။ ထိုကိစ္စကို သူ မသိချင်ဟန်ဆောင်နေလိုက်၏။ ကျွန်တော်တို့ကလည်း အဖေ မသိသေးဟု အထင်ဖြင့် အဖေအိပ်ရာဝင်သောအခါ အားပါးတရ မှီဝဲကြလေ၏။ ကျွန်တော်တို့

သောက်လို့ ဝလောက်မှ အိပ်ရာထဲမှ ပြန်ထလာပြီး


“ဟေ့… ဟို ဇိုးသမား သုံးကောင် လာကြစမ်း...”


ကျွန်တော်တို့မှာ သောက်လက်စ ပုလင်းများကို ဝှက်ပြီး ပါးစပ်ပင် မဆေးနိုင်ဘဲ အဖေရှေ့မှာ တန်းစီရပ်လိုက်ကြ ပါတော့သည်။ အဖေသည် ကျွန်တော်တို့ ရှေ့တွင် ဂုဏ်ပြုတပ်ဖွဲ့ စစ်ဆေးနေသော ဧည့်သည်တော် ကြီးပမာ ခေါက်တုန့် လျှောက်ပါသည်။ ပြီးမှ... ။


“ဟေ့ကောင် ငစိန်မြင့် ပါးစပ်ဟ၊ “ဟား” လို့ လုပ်စမ်း"


“ဟား" လုပ်စမ်းဆိုတာ ပါးစပ်ဖြင့် ထွက်သက်လေ ထုတ်ခိုင်းခြင်း ဖြစ်ပါသည်။ ဦးစိန်မြင့်က “ဟား” တော့ လုပ်ပါသည်။ သို့သော် သူက လူလည်။ ပါးစပ်မှ ထွက်သက် မမှုတ်ဘဲ ရှိုက်သွင်းပြီး “ဟား” ဟု အသံပြုပါသည်။


“ဟေ့ကောင် ငါ့ကို နောက်စရာများ မှတ်သလား”


“ဖြောက်”


ထို “ဖြောက်” မြည်သံသည် အဖေက မင်းသားကြီး စိန်မြင့် မေးရိုးကို လက်သီးဖြင့် ထိုး၍ ထွက်လာသော အသံဖြစ်၏။ “ခွပ်” ဟု မမြည်သည်မှာ သားအရင်း မဟုတ်၍ ငဲ့ညှာ ထိုးလိုက်သော ကြောင့်သာ ဖြစ်ပါသည်။ ပြီးတော့ ကျွန်တော့် အလှည့်။ မငြင်းသာတော့၍ မေးရိုးကို မော့ပေးလိုက် ရတော့သည်။ သို့သော် ကျွန်တော်က မင်းသားဘဲ အဖေ့လက်သီး ကျွန်တော့် မေးရိုးပေါ် ကျလာသည့် စက္ကန့် ပိုင်းလေးမှာပင် အရှိန်နှင့် နောက်သို့ (ရုပ်ရှင်ဖိုက်တင်ရိုက်သလို) အလိုက်သင့် လှန်ချလိုက်ရာ “ဖြောက်" ဟုပင် အသံမမြည်ဘဲ ကျွန်တော်က ကြမ်းပေါ် ပုံလျက်သား။


နောက်တယောက်။ အကယ်ဒမီ မောင်ဝဏ္ဏ။ သူကား အကယ်ဒမီ ဒါရိုက်တာဆု ရထားပြီး အိုင်တင် မလုပ်တတ်။ “လုပ်ရဲရင် ခံရဲရမယ်'' ဟု ခံယူထားတဲ့သူ။ အဲ အရက်သောက်ထား ပြီးပြီ ဆိုလျှင်တော့ အိုဗာအိုက်တင်တွေ ဖြစ်ကုန်တတ်ပါသည်။ ထို့ကြောင့်...


"ခွပ်''


အဖေ့လက်သီးသည် သူ့ပါးရိုးပေါ်သို့ အသံပြုလိုက်ပါလေပြီ။ မောင်ဝဏ္ဏကလည်း အရက်တန်ခိုးဖြင့် နှစ်ဆတိုးလေပြီ။ ပထမတချက် ယိုင်သွားပြီး သူ့ကိုယ်ကို ပြန်မတ်၏။ ပြီးတော့ ငိုသံပါကြီးဖြင့် ….


“ထိုးပါ ဖေဖေ ၀၀ ထပ်ထိုးလိုက်စမ်းပါ”


သူကား အကယ်ဒမီ အိုက်တင်ကို လုပ်ပါချေပြီ။ သို့သော် ဦးသာဓုကား သူ့အရင် အကယ်ဒမီ ယူခဲ့သူသာ ဖြစ်သည်ကိုမူ ဘယ်သူမှ ငြင်းလို့ မရပါချေ။


“ဟာ ခွေးဖြစ်မဲ့နွား... ထိုးတယ်ကွာ ထိုးတယ်”


"ခွပ်''


“အင့် အောင်မလေးဗျ”


မောင်ဝဏ္ဏသည် သဲသောင်ပြင်ပေါ် ထွက်ပြေးလေပြီတကား။


Post a Comment

0 Comments