ဝတ္ထုတို အမည် - ချစ်ခြင်း၏ အနုပညာ
စာရေးသူ - ဝတ္ထုတို
Short Story
-------------------------------------------------
ချစ်ခြင်း၏ အနုပညာ
#ဂျူး
သူမရှိသောအခါ သူ့သစ်ပင်များသည် ကျွန်မအတွက်မျှော်လင့်မှု ပေးစွမ်းနိုင်သော မြတ်နိုးဖွယ်ရာ သက်ရှိများ ဖြစ်လာပါတော့သည်။ သူရှိစဉ်က ထိုသစ်ပင်များကိုပင် ကျွန်မ ငြူစူ မုန်းတီးခဲ့ဖူးပါသည်။
ကျွန်မတို့ ခြံစည်းရိုး သံတိုင်များ နောက်ကွယ်တွင် သစ်ပင်များ တန်းစီ၍စိုက်ရန် သူကြိုးစား ကတည်းက ကျွန်မနှင့်သူ အချေအတင် စကားများ ခဲ့ရသည်။ ဤသည်မှာ သူ၏ သစ်ပင်စိုက် ဝါသနာ အစပင် ဖြစ်သည်။ ကျွန်မက ခြံစည်းရိုးမှ အပြင်သို့ တိုးလျှိုးပေါက် လှမ်းမြင်ချင်သည်။ ခြံထဲသို့ တစ်စုံတစ်ယောက် ကျော်လွှားဝင်လာလျှင်တောင်မှ တိုက်ထဲကနေ လှမ်းမြင်ရချင်သည်။ သူ့သစ်ပင်တွေက ကန့်လန့် ပိတ်ဆီးထားမည်ကို ကျွန်မ မလိုလားပါ။ နောက်ပြီး သူစိုက်မည်ဟု ရည်ရွယ်ထားသော အပင်အမျိုးအစားကို သိရတော့ ကျွန်မ၏ မကျေနပ်မှုက ထိတ်လန့်မှုအဖြစ် ပြောင်းလဲသွား၏။ ဆိုက်ပရက်စ်ဟုခေါ်သော ထင်းရှူးပင်ပေါက်တစ်မျိုး သူမှာထားသည်တဲ့။ ထိုအပင်များသည် ရာသီမရွေး စိမ်းမှောင်လန်းဆန်းပြီး ရှည်သွယ်သောကြောင့် ခြံစည်းရိုး အဖြစ် သုံးသော အပင်မျိုး ဖြစ်သည်တဲ့။
"နေစမ်းပါဦး၊ အဲဒီ ဆိုက်ပရက်စ် ပင်ဆိုတာက သူတို့ဆီမှာ လူသေရင် ဝမ်းနည်းတဲ့ အထိမ်းအမှတ် အဖြစ် စိုက်တာ မဟုတ်လား၊ ရှင်က ကျွန်မတို့အိမ်ကို အမင်္ဂလာအိမ်ဖြစ်အောင် လုပ်မလို့လား"
ထိုအခါ သူက စုတ်တစ်ချက် သပ်ကာ "အဲဒါက ဖြူနရယ်လ် ဆိုက်ပရက်စ်ကွ၊ ကိုယ်စိုက်မှာက အရီဇိုးနား ဆိုက်ပရက်စ်" ဟု စိတ်မရှည်သလို ပြောပြီးနောက် ထိုအပင် အမျိုးအစားများကို အားရပါးရ ခွဲခြား ရှင်းပြနေလေသည်။ ရုက္ခဗေဒအဓိက ဘာသာရပ်ဖြင့် ဘွဲ့ရထားသူ တစ်ယောက်ဟု ထင်ရသည်။ သို့သော် သူသည် ဘီအေဘွဲ့ရ ကျောင်းဆရာ တစ်ယောက်ဖြစ်ပြီး သူသင်ကြားရသည်မှာ သမိုင်းဘာသာ ဖြစ်ပါသည်။ ကျွန်မက သူ့အစီအစဉ်ကို အကြောင်းပြချက် နှစ်မျိုးဖြင့် ငြင်းပယ်ခဲ့သော်လည်း နောက်ဆုံးတော့ သူက မျှတအောင် လုပ်ပေးတော့မည့် ဒိုင်လူကြီး အပြုံးမျိုးဖြင့် ဆုံးဖြတ်ပေး၏။ ကျွန်မ မစိုက်စေချင်သော အပင်မျိုးကို သူအလျှော့ပေးလိုက်ပြီး သူဖြစ်စေချင်သော ခြံစည်းရိုးပင် တစ်မျိုးကို စိုက်ပျိုးခဲ့ခြင်းပင် ဖြစ်ပါသည်။
ထိုအချိန်မှစ၍ ကျွန်မတို့ ခြံဝိုင်းထဲသို့ အပင် တစ်မျိုးပြီး တစ်မျိုး ရောက်လာခဲ့သည်။ ပထမတော့ သူ့အပင်များနှင့် ကျွန်မအား မိတ်ဆက်ပေးသေး၏။ မြန်မာအမည်၊ နိုင်ငံခြားအမည်၊ ရုက္ခဗေဒအမည်တို့ဖြင့် ပြောပြသည်။ တစ်မျိုးပြီး တစ်မျိုး များပြားလာသောအခါ ကျွန်မ မမှတ်မိ နိုင်တော့ပါ။ သူတန်ဖိုးထားသော အပင်များသည် ကျွန်မ မျက်စိ ထဲမှာတော့ နည်းနည်းမျှ တန်ဖိုးမရှိ။ ငှက်မွှေး ပုံသဏ္ဌာန်နှင့် ဖြာထွက်နေသော ရွက်မြွာများ ပါဝင်သည့် ဍရင်ကောက် ပင်ဟု သူပြောသော အပင်တစ်ချို့ကို တိုက်နံရံ ထောင့်အထိကပ်၍ ပန်းအိုးဖြင့် စိုက်လာသောအခါ ကျွန်မ အနည်းငယ် စိတ်တိုစ ပြုလာပြီ။ သူပြောတော့ အစိမ်းနုဖျော့ဖျော့ တိုက်နံရံမှာ အစိမ်းရင့် ငှက်မွေး ရွက်ပေါင်းများ ဖြာထွက် စင်းကျနေသည်မှာ အလွန်လှပ ကြည့်ကောင်းသည် ဆိုပဲ။ ပထမတော့ သူပြောသလို လှပချင် လှပပါလိမ့်မည်။ နောက်ပိုင်း သူ့မှာ အပင်တွေ များပြားလာပြီး ခြံဝိုင်း တစ်ခုလုံး အမျိုးမျိုးသော အိုးစိုက် အပင်များ၊ မြေစိုက် အပင်များ၊ တွဲလွဲဆွဲ အပင်များဖြင့် ပြည့်ကျပ် သွားသောအခါ မလှပတော့ပါ။
သစ်ပင်တွေ ရောက်လာကတည်းက ကျွန်မနှင့် သူ့အကြား အေးအေးဆေးဆေး စကားပြောရချိန် မရှိ၊ ကျောင်းက ပြန်လာကတည်းက သစ်ပင်တွေအနီး ရောက်နေလိုက်သည်မှာ ညစာ စားဖို့ နှစ်ခါလောက် ခေါ်မှ အိမ်ထဲ ဝင်လာသည်။ ညစာ စားပြီးတော့လည်း အမှောင်ထဲမှာ ခြံထဲတစ်ခါဆင်း၍ သစ်ပင်တွေကြား လမ်းလျှောက် ရသေး၏။ အပင်ကြို အပင်ကြား ပိုးမွှားတွေကိုက်မှာ စိုးရိမ်သော ကျွန်မက အိမ်ထဲဝင်ဖို့ သွားပြောလျှင် ကျွန်မကပဲ သူမရှိလျှင် မနေတတ်သူ ဖြစ်ရပြန်၏။ သစ်ပင်များ အပေါ် ကျွန်မက မနာလိုသူ ဖြစ်ရပြန်၏။
"ရှင်သေရင် သူများလိုဥစ္စာစောင့် ဖြစ်မှာ မဟုတ်ဘူး၊ သစ်ပင်စောင့်ပြိတ္တာဖြစ်မှာ" ဟု ကျွန်မက ဆူပူလျှင်လည်း သူက အပြုံးပင် မပျက်ပါ။
"ရုက္ခစိုး နတ်ပါကွာ" ဟု ကျွန်မ၏ ကောက်ချက်ကို ပြင်ပေးသေး၏။ သူ့သစ်ပင်များကို စိတ်လိုလက်ရ ရေလောင်းပေးမိ ပြန်တော့ ကျွန်မ၏ လုပ်ရပ်ကို သူမကြိုက်ပြန်ပါ။
"ဘယ်အပင်ဟာ ရေဘယ်လောက် လိုတယ်ဆိုတာ မင်းသိလို့လား၊ တစ်ချို့ အပင်တွေက ရေအိုင်ရင် အမြစ်ပုပ်တယ်၊ မင်းနားလည်လား"
သူ့သစ်ပင် တစ်ခုတစ်လေကို အစီအစဉ်တကျ မလှပဘူး ထင်ပြီး အဆင်ပြေအောင် နေရာ ရွှေ့ပေးမိပြန်တော့ သူကျွန်မကို တတွတ်တွတ် အပြစ်ဆို၍ မပြီးတော့ပါ။
"တချို့ အပင်က တစ်ဝက်တစ်ပျက် အရိပ်ကို ကြိုက်တယ်၊ တချို့ အပင်က တောက်ပတဲ့ နေရောင်ကို ကြိုက်တယ်၊ အပင်တွေရဲ့ လိုအပ်မှုအလိုက် ကိုယ်က နေရာ ချထားပေးတယ်၊ မင်းက နဲနဲလေးမှ နားမလည်ဘဲ နေရာရွှေ့တယ်၊ ဥယျာဉ်ပညာဟာ မျက်စိပသာဒ တစ်ခုတည်း အပေါ်မှာ ဆုံးဖြတ်လို့ မရဘူး"
စေတနာဖြင့် လုပ်ခဲ့သော အမှုကိစ္စလေးနှင့် မထိုက်တန်စွာပင် သူ့ရှင်းပြချက်တွေကို နားငြီး ရလေသည်။ သည်လောက် ကဲကဲဆတ် ဖြစ်လာတော့ ကျွန်မ ဒေါပွလာသည်။ သူ့အပင်တွေက ဘာမို့လဲ။ နောက်တော့ ကျွန်မ သူ့အပင်တွေကို လုံးဝ မထိတော့။ လုံးဝကို လှည့်မကြည့်တော့ပေ။
"ရှင်သေရင် အဲဒီသစ်ပင်တွေ ဓားနဲ့ နုပ်နုပ် စင်းပစ်မယ်" ဟု ကျွန်မ မကြာခဏ ကြုံးဝါးမိသည်။ သည်လို ဆိုပြန်တော့ သူခပ်ပြုံးပြုံးပဲ။
"ကိုယ်လက် လှုပ်ရှားမှု မလုပ်ဘဲ တစ်နေကုန် စက်မှာထိုင်ပြီး ဆွယ်တာထိုးနေတဲ့ မင်းကသာ အရင်သေချင် သေမယ်၊ ကိုယ်က ကျန်းမာရေး ကောင်းတယ်၊ ကိုယ့်သစ်ပင်တွေနဲ့ ကိုယ် အဆင်ပြေ နေတာပဲ"
သစ်ပင်တွေနှင့် ပတ်သတ်ပြီး သူ့ကို ကျွန်မ စိတ်ကုန်စ ပြုလာသောအခါ သူ့သစ်ခွပင်မှ ဦးဦးဖျားဖျား အပွင့်များကို ကျွန်မကို လာပေးရင်တောင်မှ သူကုသိုလ်ရဖို့ ဘုရားကပ်လှူပေးရုံသာ ဖြစ်ပြီး သူကျွန်မကို ချစ်ဟန် တူပါရဲ့ဟု မကြည်နူး မခံစား နိုင်တော့ပေ။ ခြံဝိုင်း ထဲတွင်သာမက တစ်ဆင့်တက်ပြီး ဝရန်တာထောင့်မှာ မြေအိုးဖြင့် တစ်ပင် စိုက်လာသောအခါ ကျွန်မ၏ သည်းခံ လျစ်လျူရှုစိတ် တစ်ထစ် လျော့သွား၏။
"ရှင့်ဟာရှင် မြေကြီးပေါ်မှာပဲ အပင်စိုက် ကျွန်မ ဝရန်တာမှာ လာမစိုက်နဲ့" ဟု ကျွန်မ ရန်တွေ့သောအခါ သူက ကျွန်မကို အပြုံးဖြင့် ဆွဲဆောင်လေသည်။
"ဒီလို အပင်မျိုးက ဝရန်တာမှာ စိုက်လို့ သိပ်အဆင်ပြေတာကွ၊ သူက သိပ်စိုထိုင်းတာကို မကြိုက်ဘူး၊ သူ့အပွင့်တွေက သွေးလိုပဲ ရဲရဲတောက်နေမှာ၊ စောင့်ကြည့်၊ ပင်စည်တံကနေပြီး အညှာတွေ ဖြာထွက်ပြီး အဆုပ်လိုက် လုံးဝိုင်းနေအောင် ပန်းပွင့်တာ၊ ဘယ်လောက် တိကျသလဲ ဆိုရင် အရွက် ခုနစ်ရွက်ပဲ ထွက်တယ် မပိုဘူး၊ သူ့နာမည်ကလည်း သိပ်လှတယ်၊ ကက်သရင်းတဲ့"
ကျွန်မကတော့ အရွက်ထွက်လာတာကို ကြည့်ပြီး ဂမုန်းပင် လိုပဲလို့ အောက်မေ့သည်။ ထိုအပင်က ပန်းပွင့်လာအောင် နှစ်နှစ် စောင့်ရ၏။ ပွင့်လာတော့လည်း သူပြောသလောက် မလှပပါ။ ဘောလုံးပန်းဟု ကျွန်မတို့ သိသော ပန်းပုံစံ မျိုးပါပဲ။ ဘာများ ထူးခြားလို့လဲ။ နောက်ထပ် တစ်ဆင့်တက်ပြီး ဧည့်ခန်းမှာ တောင်ထန်းပင်လိုလို ပန်းပင်ပုပုတစ်မျိုး ပန်းအိုးဖြင့် စိုက်လာတော့ ကျွန်မ၏ သည်းခံစိတ်တွေ ကုန်ပြီဟု အောက်မေ့လိုက်မိသည်။ ထိုပန်းအိုးကို သူ့ရှေ့မှာ ရိုက်ခွဲ မပစ်မိအောင် မနည်း ထိန်းထားရသည်။
"နေစမ်းပါဦး၊ မင်းရွက်ထားရတာလည်း မဟုတ်ဘဲနဲ့ အပြစ်မရှိတဲ့ သစ်ပင်တွေကို ဘာလို့ မုန်းနေတာလဲ"
တကယ်တော့ ကျွန်မ သစ်ပင်တွေကို အရင်က မမုန်းပါ။ သူဂရုစိုက်လွန်း၊ အကဲပါလွန်းသောကြောင့်သာ ငြူစူမိခြင်း ဖြစ်သည်။ သူပြောသည့် သစ်ပင်စိုက်ခြင်း အကျိုးများကို ကျွန်မက တနုံ့နုံ့ ဒေါသထွက်ရသည်။ စဉ်းစားကြည့်ပါ။ ကျွန်မတို့ တောင်ပေါ်မြို့လေးမှာသည်လောက် လေကောင်းလေသန့် ပေါများတာ၊ အောက်စီဂျင်ထုတ်ပေးပြီး ကာဗွန်ဒိုင်အောက်ဆိုဒ် ဓာတ်ငွေ့ စုပ်ယူသည်ဆိုသော သူ့သစ်ပင်တွေ၏ အကူအညီ ဘယ်မှာ လိုလို့လဲ။ မတောက်တခေါက် စာတွေဖတ်ပြီး ပေါက်တတ်ကရတွေ လျှောက်လုပ်နေသည်ဟုသာ ကျွန်မမြင်သည်။ ထိုအပြုအမူမျိုးကို လွန်လွန်းလှပြီ ထင်နေသော ကျွန်မသည် နောက်ဆုံးတော့ ဘယ်လိုမှ သည်းမခံနိုင်သော အဖြစ်အပျက်ကို ကြုံတွေ့ရတော့သည်။ ကျွန်မတို့ အိပ်ခန်းထဲတွင် ပြတင်းပေါက်နှင့် နီးသော အခန်းခေါင်းရင်းထောင့်၌ ပန်းအိုးကြီးဖြင့် သစ်ပင် တစ်ပင် စိုက်လာခြင်း ဖြစ်ပါသည်။
* * *
ကျွန်မ၏ သည်းခံနိုင်စွမ်းကို ချိုးဖျက်လိုက်သော ထိုအပင်သည် အပင်ပေါက်ကလေး ဘဝထဲက ရုပ်ဆိုးလှသည်။ ကျွန်မ မြင်ဖူးသမျှ အပင်များထဲတွင် ရုပ်အဆိုးဆုံး ဖြစ်သည်။ ကျွန်မ ခါးခါးသီးသီး ကန့်ကွက်တော့ သူက "အချိန်စောင့်ကြည့်ပါဦး" ဟု တောင်းပန်ခဲ့လေသည်။ ဤအပင်၏ တန်ဖိုးကို တစ်နေ့တော့ ကျွန်မ သိလာမှာပါတဲ့။ ဘာသိရမှာလဲ၊ ဘာတန်ဖိုးတွေ ရှိလို့ သိရမှာလဲ။ အမွှေးအမျှင်တွေနဲ့ ဆူးချွန်တွေနဲ့ လိမ်ခြောက်ခြောက် တစောင်းပြသာဒ်ပင် တစ်ပင်မှာ ဘာတန်ဖိုး ရှိမှာမို့လဲ။ သူက နားမလည်သော ကလေးတစ်ယောက်အား စိတ်ရှည်စွာ ရှင်းပြတော့မည့် ကျောင်းဆရာ မျက်နှာထား ပီသစွာဖြင့် ပြုံးလေသည်။ "သစ်ပင်တိုင်းမှာ တန်ဖိုး တစ်မျိုးစီ ရှိကြတာပဲ" တဲ့။
နှစ်နှစ်လောက် ကြာသောအခါ ထိုအပင်သည် အလွန်ကြီးမားပြီး ပို၍ရုပ်ဆိုးလာတော့သည်။ အခန်းနံရံဆီသို့ တွယ်တက်လိုဟန်ရှိသော ရှည်မျောမျော ပင်စည်ချောင်းများသည် ကိုးရိုးကားယား နိုင်လှ၏။ ပိန်ခြောက်ခြောက် လက်တံတွေနှင့် တူသော အစိမ်းပုပ်ရောင် ဇောင်းနှုတ်ခမ်းတွေမှာ ဆူးချွန်တွေ အမွှေးရှည်တွေနှင့် ဖြစ်၏။ လိမ်ကောက် ရှည်လျားပုံက သူ့အနီးသို့ ရောက်လာသော တစ်စုံတစ်ခုကို နွယ်ရစ် စုပ်ယူတော့မလို ထင်ရသည်။ ကျွန်မဖြင့် ထိုအပင်ကို လုံးဝ ကြည့်မရပါ။ ဘယ်တော့များ သူအပြင် ပြန်ထုတ်လေမလဲဟု စောင့်နေရင်းက ရက်တွေလတွေ ကြာလာခဲ့သည်။ ဘာစိတ်ကူးဖြင့် ဒီလောက် ကိုးရိုးကားယား နိုင်လှသော အပင်ကြီးကို ကျွန်မတို့ အခန်းထဲ သယ်လာခဲ့ရပါလိမ့်။
ညခပ်မှောင်မှောင်မှာ အခန်းထဲသို့ ဝင်မိလျှင် ထိုအပင်ကို မကြည့်မိအောင် သတိထားရသည်။ အရုပ်ဆိုးလှသော ထိုတစောင်းပင်သည် ထိတ်လန့် ချောက်ခြားစေသော အစွမ်းသတ္တိလည်း ရှိဟန်တူ၏။ သူ ထိုအပင်နား သွားပြီး စစ်ဆေး ကြည့်ရှုနေချိန်များတွင် ကျွန်မ ခပ်လှမ်းလှမ်းမှ ရင်ထဲလေးလံပြီး စိုးရိမ် ပူပန်သလို ခံစားရသည်။ တခါတရံ ညသန်းခေါင်တွင် သူအိပ်ယာမှ ထသွားတတ်သည်။ ကျွန်မ တရေးနိုးချိန် သူ့နေရာကို စမ်းသပ်ကြည့်၍ သူမရှိလျှင် ကျွန်မစိုးရိမ် ပူပန်ရမြဲ။ ခေါင်းရင်းဘက် နံရံကို ကြည့်လိုက်တိုင်းလည်း ထိုအပင်ဘေးတွင် သူခပ်ကိုင်းကိုင်း ငုံ့ရပ်နေသည်ကို မြင်ရမြဲ၊ ထိုသို့ မြင်ရတိုင်းလည်း ထိတ်လန့် ချောက်ခြားမှုနှင့်အတူ စိုးရိမ် ပူပန်မှုက တိုးတိုး လာခဲ့သည်။ "ဘာလုပ်နေတာလဲ" ဟု မေးကြည့်တော့ သူက ခပ်ရိုးရိုးပင်၊ "ပန်းပင်က အဖူးများ ထွက်ပြီလားလို့ ကြည့်တာ" တဲ့။
"ပန်းပင် ... ဟုတ်လား၊ ဘယ်မှာလဲ... ပန်းပင်" ဟု ကျွန်မ မသိသား ဆိုးရွားစွာ ခပ်ရိရိ မေးလျှင်တော့ သူက လိမ်ခြောက်ခြောက် အပင်ရှည်ကြီးကို မေးငေါ့ပြတတ်သည်။ အမွှေးအမျှင်များ ဆူးချွန်များ ပြည့်နေသော အခွံထူထူ၊ ဇောင်းရှရှ အချောင်းများဖြင့် ထိုအပင်ကို ပန်းပင်ဟု ကျွန်မ ဘယ်လိုမှ တွေးယူ၍ မရပါ။
"ကျွန်မတို့ မိဘတွေ နေဖူးတဲ့ အညာမှာတော့ တစောင်းဖူးကို ဟင်းချက် စားရတာပဲ၊ မှိုဟင်းလိုပဲ သိပ်စားကောင်းတယ်" ဟု ကျွန်မက အပြစ်ကင်းစင်သည့် မျက်နှာပေးမျိုးဖြင့် မသိမသာ တွယ်ထည့်လိုက်တော့ သူမချိသလို ပြုံးလေသည်။ ထို့နောက် "ပန်းပွင့်ဖို့ ကောင်းပြီ" ဟု သူ့ဟာသူ တစ်ယောက်တည်း ပြောသလို တိုးတိုး ရေရွတ်တတ်၏။ ထိုအပင်ကတော့ ဘာမှ မထူးခြားပါ။ ဘာပန်းမှလည်း မပွင့်။ ဘာတန်ဖိုးမှလည်း မပြ။ အခန်းထောင့်မှာ ထီးထီးကြီး တွန့်လိမ်နေတော့သည်။ ဘယ်လိုမှ ကျက်သရေ မရှိသော သစ်ပင်ကြီးဟု ကျွန်မ တွေးမိသည်။
"သစ်ပင်တွေကို မင်းမနာလို ဖြစ်နေတာလား" ဟု သူအတည်ပေါက် မေးဖူး၏။ ကျွန်မက နှုတ်ခမ်းမဲ့ပြီး အထက်စီးက ငြင်းခဲ့ဖူးပါသည်။ "သစ်ပင်တွေကို မင်းမချစ်ဘူးလား" ထိုစကားလုံးကိုတော့ ခါးသီးသော မျက်လုံးများဖြင့်သာ ကျွန်မ ဖြေခဲ့သည်။ ကျွန်မ အတွက်တော့ သိုးမွေးချည်တွေကို ချစ်မှ ပိုက်ဆံရတာ ဟု ပြောလိုက်ရ အကောင်းသားနော်။ သူကတော့ ကျွန်မမျက်လုံးထဲ စူးစိုက်ကြည့်ပြီး ပြုံး၏။ ထို့နောက် ရှည်လျားသော စကားများကို စိတ်လိုလက်ရ ပြောခဲ့လေသည်။
"သစ်ပင်တစ်ပင်ကို ချစ်တတ်ရင် လူတစ်ယောက်ကို ချစ်တတ်ဖို့ မခဲယဉ်းပါဘူး၊ အခုအရွယ်ကြီး ကျမှ အချစ်ဆိုတာ ဘာလဲလို့ မင်းကို ရှင်းပြရင် မင်းက ငါစိတ်ဖောက်ပြန်သွားပြီ ထင်ဦးမယ်။ တကယ်တော့ အချစ်ဆိုတာ ခံစားမှု စိတ်သက်သက် မဟုတ်ဘူး၊ အကဲခတ်တတ်မှု ပါတယ်၊ နားလည်မှု ပါတယ်၊ ပြုစုပျိုးထောင်မှု ပါတယ်။ ကိုယ်ဒီသစ်ပင်တွေကို အမျိုးအစား အများကြီး စိုက်လာခဲ့တာနဲ့အမျှ တစ်ခုချင်းစီရဲ့ ကွဲပြားခြားနားတဲ့ လိုအပ်မှု၊ ဖြစ်ပေါ်မှု၊ အခြေအနေ အားလုံးကို ကိုယ်သိတယ်။ သူတို့အတွက် ကိုယ်ဘာလုပ် ပေးရမယ်ဆိုတာ ကိုယ်သိလာတယ်။ ကိုယ့်စိတ်ရဲ့ လိုအင်ဆန္ဒဆိုတာ ကိုယ်မေ့ထားနိုင်ပြီး သစ်ပင်တွေရဲ့ လိုအပ်ချက်ကို အမြဲစောင့်ကြည့် ဖြည့်ဆည်း ပေးတတ်တဲ့လူ ဖြစ်လာတယ်။ ဘယ်သစ်ပင်က ဘယ်ရာသီမှာ ဘယ်လို အနေအထား ပြောင်းတတ်တယ်၊ ဘယ်သစ်ပင်က လေဒဏ်ကို ကြောက်တယ်၊ ဘယ်သစ်ပင် အမြစ်က မိုးပေါက်ဒဏ်ကို ကြောက်တယ် ဒါတွေကို ကိုယ်နားလည်လာတယ်။ သူတို့ လိုအပ်မယ့် နှစ်သက်မယ့် အနေအထားကို ကိုယ်အကဲခတ်ပြီး ပြုပြင် လိုက်လျောပေးတယ်။ ဒီမြို့ပေါ်က ပန်းခြံတွေထဲမှာ ကိုယ့်ဆီက အပင်တွေ ဘာကြောင့် ထူးထူးခြားခြား သန်စွမ်း လှပနေရသလဲ ဆိုတဲ့ အဖြေက အဲဒါပဲ"
"သစ်ပင်တွေရဲ့ အရိပ်အကဲကို သိတဲ့ ကိုယ်ဟာ မင်းအရိပ်အကဲကို ဘာကြောင့် မသိရမှာလဲ၊ မင်းဘာလိုချင်တယ်၊ ဘာဖြစ်စေချင်တယ်ဆိုတာ ကိုယ်အားလုံး သိတယ်၊ အချစ်ဆိုတာ မင်းထင်သလို ခံစားမှုသက်သက် မဟုတ်ဘူး၊ အတတ်ပညာ တစ်ခုပဲ၊ သစ်ပင်စိုက်သလို ပြုစုပျိုးထောင်သလို ဘေးကနေ အရိပ်အကဲ ကြည့်ပြီး ပြုပြင် လိုက်လျောပေးရတဲ့ အတတ်ပညာ တစ်ခုပဲ၊ မင်းကတော့ ထင်မှာပေါ့၊ မင်းဘဝမှာ ကိုယ်မရှိရင် မဖြစ်ဘူးဆိုပြီး ခံစားနေရတယ်၊ အဲဒီ ခံစားချက်ဟာ မင်းရဲ့ အချစ်အတိုင်းအဆလို့ မင်းထင်တယ်၊ တကယ်တော့ အဲဒီလို မင်းဘဝမှာ ကိုယ်မရှိရင် မဖြစ်ပါဘူးဆိုတဲ့ မင်းအသက်ရှင် နေထိုင်ဖို့ ကိုယ်မင်းအတွက် ဘာတွေ လိုက်လျောခဲ့တယ် ဆိုတာ မင်းမတွေးမိဘူး မဟုတ်လား"
ကျွန်မ မျက်နှာမှ မဲ့ပြုံးကို သူမြင်သွားသောအခါ သူပင့်သက်တစ်ချက် ရှိုက်၍ စကား ရပ်ပစ်လိုက်၏။ ထို့နောက် နေရာမှ ထွက်သွားဟန် ပြင်သည်။ ကျွန်မ ဗြုန်းကနဲ သူ့လက်ကို ဖမ်းဆွဲထားလိုက် မိလေသည်။
"အို့ ပြောစမ်းပါဦး၊ ရှင်ကျွန်မကို ဘာတွေများ လိုက်လျောခဲ့ပါလိမ့်"
သူရုတ်တရက် မျက်နှာနီမြန်းသွားအောင် ဒေါသထွက်သွား၏။
"ကောင်းပြီ ... မင်းသိချင်ရင် ကိုယ်ပြောပြမယ်၊ ပထမဦးဆုံး အချက်အနေနဲ့ မင်းက ဟောဒီ ဇာတိမြို့ကလေးကို ချစ်တယ်၊ ကိုယ်က မြို့ကြီးကို သဘောကျတယ်။ ကိုယ်နဲ့အတူ လိုက်နေသမျှ မင်းရဲ့ နှစ်နှစ်ကာလဟာ ကိုယ်ဘယ်လို ကြိုးစားဆွဲခေါ်ခေါ် မင်းအတွက် နေသားတကျ မဖြစ်ဘူး၊ မင်းရဲ့ အသုံးဝင်မှုဟာ ဘာလဲဆိုတာ မင်းကိုယ်မင်း မသိဘူး၊ မင်းကိုယ်မင်း အားမရဘူး၊ မင်းဘဝကို မကျေနပ်ဘူး၊ ကိုယ့်အသိုင်းအဝိုင်းမှာ မင်းမပျော်ဘူး၊ မင်းရဲ့ ညှိုးနွမ်းမှုကို ကိုယ်ကြာရှည် မြင်ရက်ပါ့မလား၊ မင်းနဲ့ အသင့်တော်ဆုံး နေရာကို ကိုယ်သိအောင် ကြိုးစားပြီး ကိုယ်ဒီမှာနေဖို့ ဆုံးဖြတ်လိုက်ရ တော့တာပေါ့။ ဒီမြို့ ရောက်တဲ့အခါ မင်းဟာ မင်းကိုယ်တိုင်ရဲ့ အရေးပါမှုကို ခံစားဖူးလာတယ်၊ ကျေနပ် တက်ကြွလာတယ်၊ မင်းရဲ့လက်တွေက သိုးမွေးချည်တွေကို ကိုင်တွယ်တဲ့ နေရာမှာ အကျွမ်းကျင်ဆုံး၊ မင်းမျက်လုံးက ဒီဇိုင်းပုံဆန်းတွေ အကွက်ဖေါ်တဲ့ နေရာမှာ အတောက်ပဆုံး၊ ဒါတွေကို ကိုယ်မသိဘဲနဲ့ ကိုယ့်အလုပ် ကိုယ့်ဆန္ဒကို ပစ်ပယ်ပြီး ဒီလို ချောင်ကျကျ နေရာမှာ လာနေပါ့မလား"
သူ့စကားများကို ကျွန်မ ယုံရမှာလား၊ မယုံရဘူးလား ဝေခွဲမရပါ။
"ကိုယ် ဒီမြို့ကလေးမှာ ကျောင်းဆရာ ဝင်လုပ်တာ ကိုယ့်အတွက်လို့ မင်းထင်နေသလား၊ မင်းက ကိုယ့်ကို မင်းနဲ့ အနီးဆုံး နေရာမှာ နေစေချင်တယ်၊ လောကအပေါ် ပတ်ဝန်းကျင်အပေါ် ကိုယ်ဘယ်လို အသုံးကျလဲ မင်းမတွေးဘူး၊ မင်းအတွက် အသုံးကျဖို့ပဲ မင်းစဉ်းစားတယ်၊ အိုးမကွာ အိမ်မကွာ နေရတဲ့ အလုပ်မျိုး ကိုယ်လုပ်မှ မင်းစိတ်ချမ်းသာတယ်၊ မင်းက ကိုယ်ခရီး ထွက်မှာကို သေမလောက် ကြောက်တယ်၊ ခရီးက ပြန်လာရင် ဘယ်အရေးကြီးတဲ့ ကိစ္စကိုမှ မလုပ်ဘဲ မင်းဆီကို ချက်ချင်း အရောက်လာစေချင်တယ်၊ ခရီးက ပြန်လာတဲ့အခါ အသေးအဖွဲ ပစ္စည်းလေးပဲဖြစ်ဖြစ် ဖြစ်ဖြစ် ကိုယ့်အမှတ်တရ လက်ဆောင်အဖြစ် မင်းမက်မောတယ်၊ မင်းဘာကို သဘောကျတယ်ဆိုတာ ကိုယ်အမြဲ လေ့လာပြီး မင်းသဘောကျအောင် ကြိုးစား နေထိုင်ခဲ့တယ်၊ ဥပမာကွာ- လူ့ရှေ့သူ့ရှေ့ ထမင်းစားတဲ့အခါ မင်းပန်းကန်ထဲကို ကိုယ်ဟင်းထည့်ပေးတဲ့ ကိုယ့်အပြုအမူကို မင်းမက်မောတယ်၊ ကိုယ့်ပန်းကန်ထဲကို ဟင်းထည့်မပေးဘဲ မာနကြီးနေတဲ့ မင်းအပြုအမူကို မင်းမက်မောတယ်၊ ဘတ်စ်ကားနဲ့ ဖြစ်ဖြစ် ရထားနဲ့ ဖြစ်ဖြစ် ခရီးရှည် သွားရတဲ့အခါ မင်းအနားမှာ ကိုယ်ထိုင်နေတာနဲ့တင် မင်းကျေနပ်တယ်၊ တတွတ်တွတ် စကားများတာကို မင်းမကြိုက်ဘူး၊ ပူးပူးကပ်ကပ် ယုယတာမျိုးကို မင်းမကြိုက်ဘူး၊ ဒီလင်မယား နှစ်ယောက်က အေးတိအေးစက် နိုင်လိုက်တာ ဆိုတဲ့ ဘေးက ထင်မြင်ချက်မျိုးကို မင်းမက်မောတယ်၊ လမ်းခရီးမှာ တွေ့ရတဲ့ မြင်ကွင်းတွေအကြောင်း တစ်ယောက်တည်း တွေးနေရတာကို စကားပြောရတာထက် ပိုကြိုက်တယ်၊ ဘေးခရီးသွားဖေါ်တွေနဲ့ကိုယ်စကား လက်ဆုံ ကျတာကို မင်းမကြိုက်ဘူး။ မင်းမကြိုက်လိုက်တာ ဆိုတဲ့ အပြုအမူမျိုး ကိုယ့်ဆီမှာ ဘယ်နှခါ တွေ့ဖူးလို့လဲ"
ကျွန်မ မပြုံးဘဲ မနေနိုင်တော့ပါ။
"မိဘ ဆွေမျိုး အသိုင်းအဝိုင်းကြားမှာ ပြဿနာ ဖြစ်တဲ့အခါ၊ မင်းစိတ်ညစ် ရတဲ့အခါ မင်းက မာနကြီး တစ်ခွဲသားနဲ့ ပြောပြ တိုင်ပင်ဖို့ ဝန်လေးတတ်ပေမယ့် ကိုယ်က မင်းအရိပ်အကဲကို သိတယ်။ မင်းရဲ့ ဒေါသတွေ ကိုယ့်ဆီ လမ်းလွှဲလာအောင် ကိုယ်က မျှယူပေးရတယ်။ မင်းကို ဆရာလုပ်တာ မင်းမကြိုက်ဘူး၊ အထက်စီး လေသံနဲ့ ကိုယ်အကြံပေးမိရင် အဲဒီအကြံပေးချက်ကို မင်းကပြောင်းပြန်ဖြစ်အောင် လုပ်ပစ်တတ်တယ်။ မှားသွားတော့မှ ကိုယ်မသိအောင် ကျိတ်ခံတယ်၊ ဒါတွေကို ကိုယ်မသိဘဲ နေပါ့မလား၊ မင်းပြဿနာကို ကိုယ်ဖြေရှင်းပေးတဲ့ အခါတိုင်း ကိုယ်ဖြေရှင်းပေးတယ်လို့ မထင်ရအောင်၊ မင်းရဲ့ ကိုယ်ပိုင် စိတ်ကူးတွေလို့ ထင်အောင် ကိုယ်ဆွဲခေါ်သွားခဲ့တယ်၊ မင်းရဲ့ ဝမ်းနည်းမှု၊ နာကျည်းမှုတွေဟာ ဘယ်တော့မှ အချိန်မကြာ ခဲ့ရပါဘူး၊ မင်းဘဝမှာ အားလုံး ကျေနပ် နှစ်သိမ့်အောင် ကိုယ်ကြိုးစား ခဲ့ရတာ ချည်းပါပဲ"
ထူးဆန်းသော စကားများကို သူတောက်လျှောက် ပြောသွားပြီး သူ့သစ်ပင်ကို ရေလောင်းဖို့ ပြင်ဆင်သောအခါ စကားဆက် ပြတ်သွားတော့သည်။ ထိုအကြောင်းများကို နောက်ထပ်လည်း စကားမစပ်မိ ကြတော့ပါ။ ကျွန်မ မနှစ်သက်သော ဤသစ်ပင်ကို ဤအခန်းထဲ ကာလ ကြာရှည်စွာ ထားနေသေးတော့ သူ့အပြုအမူနှင့် သူပြောသွားသော စကားများကို ဖြစ်နိုင် မဖြစ်နိုင် ချိန်ဆရင်း ကာလများစွာ ကုန်ခဲ့ရပြန်သည်။
ကျွန်မတို့ အခန်းထဲသို့ ထိုအပင်ရောက်လာပြီး သုံးနှစ်ကျော်သော အခါမှာတော့ ကျွန်မ၏ သည်းခံနိုင်စွမ်း ကုန်ဆုံးသွားသည်။ သည်လောက်ဆို တော်လောက်ပြီလေဟု ဆုံးဖြတ်ကာ ကျွန်မ အခန်းပြောင်း လိုက်ပါတော့သည်။ သည်တော့လည်း သူက မတုန်မလှုပ် ဆေးလိပ်သောက်ရင်း ကျန်နေခဲ့လေသည်။
သည်တစ်ခါ ကျွန်မ အခန်းထဲသို့ နောက်ထပ် အပင်တစ်ပင် ယူလာလျှင်တော့ သူနှင့်ကျွန်မ အပြတ်ပဲဟု စိတ်ကူးဖြင့် ကြိုတင် ကြိမ်းဝါးရင်း ဒေါသ ထွက်နေခဲ့သော်လည်းသူ ဘာပင်မှ သယ်မလာတော့ပါ။ သူ့အပင်ကို မမြင်ရတာ ကြာတော့လည်း ကျွန်မ ဒေါသတွေပြေကာ မေ့စ ပြုလာသည်။ တစ်ခါတစ်ရံ ထမင်းဝိုင်းမှာ သစ်ပင်တွေအကြောင်း သူပြောပြ နေလျှင်တော့ ကျွန်မ ရုတ်တရက် သတိရသွားကာ သူ့အခန်းထဲက တစောင်းပင်ကြီး အခြေအနေကို လူမမာမေးသလို မေးမိသည်။ သူ့ထံမှ မထူးခြားသော အဖြေကိုသာ တသမတ်တည်း ရ၏။
သည်လိုနှင့် ဤအပင်ရောက်ပြီး ငါးနှစ်လောက်ကြာသော နေ့တစ်နေ့တွင် သူရုတ်တရက် ကွယ်လွန်ခဲ့ပါသည်။
* * *
သူကွယ်လွန်မည့် နေ့က ညဉ့်အတော် နက်သည်အထိ ခြံထဲမှာ သူရှိနေသည်။ ထိုညက လသာ၏။ ပင်လယ်ကဗွီး ပင်ကြီးအောက်တွင် ပက်လက် ကုလားထိုင်ပေါ်၌ ထိုင်ရင်း သူအိပ်ပျော်သွားခဲ့သည်။ ကျွန်မ အိပ်ယာ ဝင်သည်အထိ သူခြံထဲက တက်မလာသေးပါ။ ပထမတော့ သူ့ကို ခေါ်ဖို့ သွားလျှင် သူတစ်မျိုးတစ်မည် ထင်မည်စိုး၍ ပေကတ်အိပ်ဖို့ ကြိုးစားသေး၏။ နောက်တော့ နှင်းတောထဲတွင် သူ့ကို စိတ်ချလက်ချ ထားပြီး မအိပ်နိုင်တော့သဖြင့် သွားခေါ်ရသည်။ ကျွန်မနှိုးတော့ သူ့လက်ဖျားများ အေးစက်လျက် ရှိသည်။ သူက လွယ်လွယ်ကူကူပင် ထလိုက်လာ၏။ ကျေးဇူးပဲ ဟုပင် ပြောခဲ့ပါသေးသည်။ နောက်တစ်နေ့ သူအခန်းထဲမှ ထွက်မလာ၍ ဝင်ကြည့်တော့ သူအိပ်ယာပေါ်မှာ မလှုပ်ရှား နိုင်တော့ဘဲ ဝူးဝူးဝါးဝါး ဖြစ်နေသည်။ ကျွန်မ ထိတ်လန့် ငိုကြွေးကာ ဆရာဝန် ပင့်တော့ ဆရာဝန်က မရနိုင်တော့ဟု အသိပေးသည်။
ဦးနှောက်သွေးကြော ပြတ်ပြီတဲ့။ ထိုည သန်းခေါင် အချိန်တွင် သူကွယ်လွန် ခဲ့ပါသည်။ တကယ်တမ်း သူကွယ်လွန်သည့် အခါမှာတော့ ကျွန်မ သူ့အပင်များကို ဓားနှင့် မခုတ် ဖြစ်တော့ပါ။ အပင် တစ်ပင်တိုင်းသည် သူ့လက်နှင့် ထိတွေ့ပြုစုထားလို့လား မသိ၊ ကျွန်မနှင့် အလွန်ရင်းနှီး နေသလို ခံစားရပါသည်။ အပင်တိုင်းကို ကျွန်မ ကိုင်တွယ် ချဉ်းကပ် လေသမျှ သူ့အရိပ်အငွေ့များ ထင်ဟပ်ကာ နွေးထွေးနေတော့သည်။
ကျွန်မ သစ်ပင် မုန်းတီးကြောင်း သူပြောပြ ထားခဲ့လေသလား မသိ။ သူ့မိတ်ဆွေ တချို့က ကျွန်မထံ ဟိုအပင်လာတောင်း ဒီအပင်လာတောင်း လုပ်သေး၏။ ကျွန်မ ဘယ်သူကိုမျှ ဘာအပင်မျှ မပေးခဲ့ပါ။ သူ့ဘဝ၏ တစ်ဝက် တစ်ပိုင်းသည် ကျွန်မဖြစ်၍ ကျန်တစ်ပိုင်းသည် သစ်ပင်များ ဖြစ်သည်။ သားသမီးသဖွယ် သူသဘော ထားခဲ့သော သစ်ပင်များကို ကျွန်မ မစွန့်ပစ်ရက်ပါ။ ကျွန်မသည် သူ့အပေါ် ချစ်မြတ်နိုး တမ်းတစိတ်ဖြင့် ဥယျာဉ်ထဲမှ အပင်များကို လိုက်လံငေးမော ရေတွက်ရင်း မျက်ရည် ကျခဲ့ရသော ရက်များလည်း မနည်းလှပါ။ သူမရှိသောအခါ အပင်များသည် တဖြည်းဖြည်း ညှိုးငယ်လာသည်။ အပင်များကို နေ့စဉ် ကြည့်ရှုနေရင်းက သူတို့ တစ်ယောက်ယောက်ကို လိုအပ်နေပြီဟု ကျွန်မ နားလည်လာသည်။ ခက်တာက မည်သည့်အပင်ကို မည်သည့် ပိုးသတ်ဆေး ဖျန်းပေးရမည်နည်း၊ မည်သည့် အကိုင်းအခက်ကို မည်သည့်အချိန်တွင် ဖြတ်တောက်ပေး ရမည်နည်း၊ ကျွန်မ ဘာမှ မသိပါ။ မာလီတစ်ယောက်လောက် ငှားပေးရမည်လား။ သို့သော် သူ့လက်ဖြင့် ကိုင်တွယ် ပျိုးယူခဲ့သော အပင်များကို ကျွန်မလက်ဖြင့်သာ ထိတွေ့ပြုစုလိုပါသည်။ နောက်တော့ သူ့နေရာကို ကျွန်မဝင်ဖို့ ဆုံးဖြတ်လိုက်သည်။
ကံကောင်း ထောက်မစွာပင် အမျှော်အမြင်ကြီးလှသော သူက အပင်တိုင်းတွင် နာမည် ကတ်ပြားများ ချိတ်ဆွဲ ထားခဲ့လေသည်။ ကျွန်မက ထိုကတ်ပြားမှ နာမည်ကို ဖတ်ကာ သူ့စာအုပ်စင်မှရုက္ခဗေဒ စာအုပ်များ၊ ဥယျာဉ် စိုက်ပျိုးနည်း စာအုပ်များဖြင့် တိုက်၍ လေ့လာ ဖတ်ရှုရသည်။ ရုက္ခဗေဒ နာမည်များသည် ကျွန်မ ခေါင်းကိုက် ရလောက်အောင် ရှည်လျား ရှုပ်ထွေးလှ၏။ အပင်တစ်ပင်၏ နာမည်ကို စာအုပ်ထဲတွင် တွေ့ရပြီး ပြုစုနည်းကို ဖတ်ရှုသိရှိ ရသောအခါ ကျွန်မ စိတ်ကြည်နူး ချမ်းမြေ့ရသည်။ တချို့ပန်းပင်ကို သူက သံစည်ပိုင်းဖြင့် စိုက်ပျိုးပြီး တချို့ပန်းပင်ကို မြေကြီးတွင်ချ၍ စိုက်ပျိုးခဲ့သည်။
တချို့ပန်းပင်ကို မြေပန်းအိုးဖြင့် စိုက်ပျိုးပြီး တချို့ကို သစ်ပင်ကြီးများတွင် ကပ်၍လည်းကောင်း၊ သစ်ချောင်းခွက်လေးများ ပြုလုပ်၍ ကြိုးဖြင့် ချိတ်ဆွဲ၍လည်းကောင်း စိုက်ခဲ့သည်။ လိုအပ်သော အပူချိန်၊ အစိုဓါတ်၊ အမြစ်၏ ရေထိန်းသိမ်းနိုင်စွမ်းအား စသည်တို့ကို ယခုတော့ ကျွန်မနားလည် ခဲ့ပါပြီ။ အပင်တွင် တွယ်ကပ်နေသော ပိုးဥများ၊ ပျားဥများကို ကျွန်မရှာဖွေ ဖယ်ရှားတတ်ပြီ။ ဒီတီတီ ပိုးသတ်ဆေး လိုသော အပင်နှင့် ဆာလဖာမှုန့် လိုသော အပင်ကို ခွဲခြားတတ်ပြီ။ ရေဝပ်ရမည့်အပင်၊ ရေစီးကြောင်း ဖွင့်ပေးဖို့ လိုအပ်သည့်အပင် ခွဲခြားတတ်ပြီ။ အရိပ်ကြောက်သော အပင်နှင့် အရိပ်ခံနိုင်ရည် ရှိသော အပင်ကိုလည်း ခွဲခြားတတ်ပြီ။
တကယ်တော့ သစ်ပင်များသည် စိတ်ဝင်စားဖို့ ကောင်းပါသည်။ သူသည် ကျောင်းမှာ ကျောင်းသူကျောင်းသား များကို ပြုပြင် ထိန်းသိမ်းပြီး အိမ်မှာ အပင်များကို ထိန်းသိမ်းသူ ဖြစ်သည်။ သူ့သစ်ပင်များကို သူမြတ်နိုး သလိုပင် ကျွန်မ တွယ်တာ နေမိပြီ ဖြစ်ကြောင်း သူသိစေချင် လှသည်။ ကျွန်မက သူ့ထက်သာသည့် အချက်မှာ မိန်းမပီပီ အနေအထား အလှအပ ခန့်မှန်းတတ်ပြီး လှပစွာနှင့် မှန်ကန်စွာ နေရာချထား ပေးတတ်ခြင်းပင် ဖြစ်သည်။ သစ်ပင်များကို ပြုပြင် ထိန်းသိမ်းရင်း သူ့ကို မေ့အောင် ကြိုးစားနေခိုက် တစ်ညမှာတော့ ကျွန်မသူ့ကို အိပ်မက် မက်ပါသည်။
နိုးလာသော အချိန်ကျမှသာ အိပ်မက်ဟု သိလိုက်ရသော်လည်း တကယ်ဖြစ်နေသလို ကျွန်မ ခံစားနေခဲ့ရတာ ကျွန်မ မှတ်မိသည်။ အိပ်မက်ထဲမှာ သူ့အဝတ်အစားတွေက ကပိုကရို။ ဟိုတုန်းကလိုပဲ သူ့အခန်းထဲက ကုတင်ပေါ်မှာ သူငုတ်တုတ်ထိုင်၍ ဆေးလိပ် သောက်နေသည်။ ကျွန်မက သူ့ဆေးလိပ်ကို ဆွဲယူ လွှင့်ပစ်ရန် ကြိုးစားတော့ သူက ခေါင်းမာစွာ ပြုံးသည်။ ကျွန်မက အပြင်မှာလိုပင် ဒေါသကြီးလျက်နှင့် သူ့ကို အခန်းထဲက နှင်ထုတ်သည်တဲ့။ သည်တော့ သူက အထက်စီး အပြုံးဖြင့် ခေါင်းခါယမ်းသည်။
"ဘာဆိုင်လို့လဲ၊ ဒါကိုယ့်အခန်းလေ၊ ဆေးလိပ်နံ့ မခံနိုင်ရင် မင်းအခန်းထဲ မင်းသွားနေပေါ့" တဲ့။
ထိုည သန်းခေါင်ကျော်အချိန် ကျွန်မ ဗြုန်းကနဲ လန့်နိုးလာတော့ သူ့ဆေးလိပ်နံ့ကိုပင် ရသလို ခံစားရသည်။ တစ်ယောက်တည်း အထီးကျန် ရက်များစွာ ကုန်လွန်အောင် ကျွန်မ၏ အခန်းထဲမှာ တိတ်ဆိတ်ခက်ခဲစွာ ရင်ဆိုင် ဖြတ်ကျော် ခဲ့ရသည်ကို တွေးမိတော့ ရင်ထဲ တင်းကျပ် ဆို့နင့်ကာ ချက်ချင်း ငိုချ ပစ်လိုက်ချင်၏။ တိတ်ဆိတ် ကြေကွဲဖွယ်ညတွင် ငြိမ်သက်စွာ ငေးမော ဝမ်းနည်းရင်းက ခေါင်းရင်းအခန်းထဲသို့ ကျွန်မ မဝင်ဖြစ်တာ ကြာပြီပဲဟု သတိရမိသည်။ ထိုအခန်းထဲသို့ ယခုနေ ကျွန်မ ဝင်သွားလျှင် အိပ်မက်ထဲကလိုပင် ကုတင်ပေါ်မှာ ထိုင်နေသော သူ့ကို မြင်ရမလားဟု မရေမရာ စိတ်ကူး ဆန်းပြားလျက် သွားလည်း သွားချင်၊ မသွားလည်း မသွားရဲဘဲ ဖြစ်နေသည်။ ကျွန်မသည် ငြိမ်သက်စွာ လှဲလျောင်းရင်းက တဒိတ်ဒိတ် ရင်ခုန် လှုပ်ရှားလာကာ လက်ဖျားတွေ အေးစက် တုန်ခိုက်လာ၏။
ကျွန်မ ကြောက်နေတာလား။ မဖြစ်နိုင်ပါ။ ကျွန်မသည် သူ့ကို ချစ်မြတ်နိုးစွာ လွမ်းဆွတ်နေဆဲ ဖြစ်သောကြောင့် သူနှင့် ဗြုန်းကနဲ ရင်ဆိုင်တွေ့ဖို့ အကြိမ်များစွာ မျှော်လင့် ရူးသွပ်ခဲ့ဖူးပါသည်။ ထိုညက ပြန်လည် အိပ်ပျော်အောင် ကြိုးစားရင်း တဖြည်းဖြည်း မျက်စိကြောင်လာကာ နာရီသံကို နားစွင့်လျက် မြန်မြန် မိုးလင်းပါစေဟု ဆုတောင်းနေရသည်။ ကျွန်မ ဆုတောင်း မပြည့်ပါ။ အချိန်သည် ကုန်ခဲလှသည်။ နောက်ဆုံး ဘယ်လိုမှ သည်းမခံ နိုင်သောအခါ ကျွန်မ ဝုန်းကနဲ ထထိုင်လိုက်မိသည်။ သူ့အခန်းမှာ ဖုန်တွေ ထုတက်လို့ ရှိမှာပဲ။ အလွန်အသန့်အရှင်း ကြိုက်တဲ့သူဟာ သူ့အခန်းကို ဒီလို တံခါးပိတ်ပြီး ပစ်စလက်ခတ် ထားတာ တွေ့ရင် ဘယ်လောက်များ ဒေါသကြီးလိုက်မလဲ။ ကျွန်မ သူ့အခန်းသို့ အားတင်း၍ ဝင်ရောက်သွားပါသည်။
တံခါး ဖွင့်လျှင် ဖွင့်ချင်း ကျွန်မ သတိထားမိသည်မှာ ထူးဆန်းသော အနံ့တစ်မျိုး ဖြစ်သည်။ အိပ်မက်ထဲကလို ဆေးလိပ်နံ့ မရပါ။ ရေမွှေးနံ့လိုလို၊ ပန်းနံ့လိုလို သင်းမွှေးသော ရနံ့ဖြစ်သည်။ ကျွန်မ စိတ်ထင်တာများလားဟု ကြောက်လန့်တကြား ရှူရှိုက်ကြည့်တော့ တကယ့်ကို ပြေပြစ်သော မွှေးရနံ့ ဖြစ်သည်။ ကျွန်မ ရင်တဒိတ်ဒိတ် ခုန်ရင်းက မီးခလုတ်ကို စမ်းကာ ဆွဲချ ဖွင့်လိုက်သည်။ လင်းထိန်သွားသော မီးရောင်အောက်တွင် သူ့ကုတင်သည် ဘာပစ္စည်းမှမရှိဘဲ အထီးကျန်စွာ ရှင်းလင်း နေလေသည်။
သူနှင့်တူသော အရိပ်အယောင်လေးမျှ မရှိ၊ ထူးခြား ဆန်းကြယ်သော အရာဟူ၍လည်း မရှိ။ မြင်နေကျ အရာများဖြင့် ခြောက်သွေ့ တိတ်ဆိတ်သော အခန်းသည် ကြေကွဲဖွယ်ရာ ညှိုးငယ်နေသည်။ ထူးခြားတာ တစ်ခုကတော့ မွှေးရနံ့ပဲ ဖြစ်ပါသည်။ ကျွန်မသည် အသက်ကင်းမဲ့နေသော အခန်းကို ငေးမော နေရာမှ ပင့်သက် တစ်ချက် ရှိုက်ကာ ပြန်လှည့်ထွက်ဖို့ ပြင်ဆင်လိုက်သည်။ ထိုအချိန်မှာပင် ကျွန်မ၏ မျက်စိထောင့်တွင် တစ်စုံတစ်ခု လှုပ်ရှားသွားသလို ရိပ်ခနဲ မြင်လိုက်ရ၏။ နှလုံးခုန် ခဏ ရပ်သွားသည်။ အသက်ရှူဖို့ပင် မေ့လျော့သွားကာ အားတင်း၍ လှမ်းကြည့်လိုက်ပါသည်။ ထိုအရာကို ခေါင်းရင်း ထောင့်ဆီမှာ မြင်လိုက်ရသည်။ ရှည်မျောသော ထိုအရာသည် ကျွန်မကို ချောက်ခြား ရလောက်အောင်ပင် လေဖြင့် လှုပ်ရှားခဲ့ဟန် တူပါသည်။
သူ့ကို ကျွန်မ မေ့နေခဲ့သည်မှာ မည်မျှ ကြာပြီနည်း။
အရုပ်ဆိုးလှသော အပင်ကြီးသည် လက်တံများ ဖြာထွက်လျက် အုတ်နံရံတွင် မျက်နှာကျက် ထိလုနီးပါး တွယ်တက် တွန့်လိမ်နေသည်။ တဒိုင်းဒိုင်း ခုန်သွားသော နှလုံးရှိရာသို့ ငြိမ်သက်အောင် လက်ဖြင့်ဖိလျက် ထိုအပင်ကြီးကို ထိတ်လန့်စွာ ကြည့်မိသောအခါ ကျွန်မသည် ထူးခြားမှုကို မြင်ရသည်။ အမွှေးအမျှင်များ၊ ဆူးချွန်များဖြင့် စိမ်းမှောင်နေသော လက်တံကိုင်းများအကြားတွင် ရှည်မျောမျော အဖြူရောင် အရာတစ်ခု တွဲလောင်းကျနေ၏။ ကျွန်မ ခြေလှမ်း တစ်လှမ်းချင်း တွန့်ဆုတ်စွာ လှမ်း၍ တိုးကပ်သွားမိသည်။ အပင်နှင့် နီးလာလေလေ မွှေးရနံ့က ပို၍ သင်းပျံ့လာလေလေ ဖြစ်သည်။
-------------------------------------------------
K Sharing Audiobook ၏ Social Media Channel များ
0 Comments