ကမ္ဘာမြေရဲ့ချစ်သူ - ဂျူး (ဝတ္ထုတို)

 ဝတ္ထုတို အမည် - ကမ္ဘာမြေရဲ့ချစ်သူ

စာရေးသူ - ဂျူး

Short Story


-------------------------------------------------

ကမ္ဘာမြေရဲ့ချစ်သူ


#ဂျုး


သူကသာ ကျွန်မကို နှုတ်မဆက်လျှင် ကျွန်မသူ့ကို လုံးဝမှတ်မိမှာ မဟုတ်ပါ။ သူသည် ကျွန်မချစ်ခဲ့ဖူးသော လူတစ်ယောက်မဟုတ်တော့ပဲ လူစိမ်းတစ်ယောက်ဖြစ်နေပြီ။ သူ့အသားအရေက ညိုမောင်းလျက်၊ သူ့ခန္ဓာကိုယ်ကတော့ ကျစ်လစ်တုတ်ခိုင်နေ၏။ သူ၏ နူးညံ့ညိုလဲ့သော မျက်ဝန်းများနှင့် ပြုံးလိုက်လျှင်ချိုင့်သွားသော ညာဖက်နှုတ်ခမ်းထောင့်စွန်းက အချိုင့်ရာလေးကိုသာ မမြင်ရလျှင် သူ.. ဟု ကျွန်မဘယ်လိုမှ ထင်မိမှာမဟုတ်။


အနှစ်နှစ်ဆယ်ဟူသော အချိန်ကာလသည် မြတ်နိုးစုံမက်စွာ ချစ်ခဲ့မိသူတစ်ယောက်အား မမှတ်မိနိုင်လောက်အောင် မကြာမြင့်လှပါ။ သို့သော် ထိုအချိန်ကာလအတွင်းတွင် သူက အပြောင်းလဲကြီး ပြောင်းလဲသွား၏။ ဟိုတုန်းက သေသပ်စွာ ဖြီးသင်ထားလေ့ရှိသော ခပ်တိုတိုအညိုရောင်ဆံပင်လှိုင်းကလေးများ ပျောက်ကွယ်လျက် ဖွာကြမ်းတွန့်လိမ်သော နီညိုရောင် ဆံပင်ရှည်များ ရောက်နေသည်။ မကျဉ်းမကျယ် ပြေလျောသော နဖူးသည် ဆံပင်ရိုင်းများအောက်တွင် ပျောက်ကွယ်လုနီးပါးဖြစ်နေ၏။ နူးညံ့သော ပန်းသွေးဖျော့ဖျော့ နှုတ်ခမ်းများသည် တင်းမာခြောက်သွေ့သော အညိုရောင်နှုတ်ခမ်းများအဖြစ် ပြောင်းလဲနေပေပြီ။


“နု ခရီးသွားမလို့လား”


သူ့အသံသည်လည်း ဟိုတုန်းက နူးညံ့သိမ်မွေ့မှုများ ပျောက်ကွယ်လျက် မာကျောပြတ်တောက်နေ၏။ သို့သော် မျက်လုံးများ၏ နူးညံ့မှုကတော့ ကံကောင်းထောက်မစွာ ကျန်ရှိနေဆဲဖြစ်သည်။


“ဟုတ်ကဲ့.. အိုမဟုတ်ဘူး သားတို့ရထားများ ဆိုက်လာမလားလို့ လာစုံစမ်းတာ”


သူသည် လှုပ်ခတ်သွားသော အနေအထားကို သဘောကျသလားမသိ၊ ပခုံးများ လှုပ်အောင် ရယ်မောလေသည်။ ထို့နောက်လွယ်ထားသော ကျောပိုးအိတ်ကို နေရာတကျပြန်ပြင်လိုက်၏။


“ဘာရထားလဲ”


“ဟိုက ပုံမှန် ညနေ ငါးနာရီခွဲထွက်တဲ့ရထားပဲ စပယ်ရှယ်ထရိန်းပေါ့”


“အား.. ဒါဆို မမျှော်လင့်နဲ့ဦး အိမ်ကိုအေးအေးဆေးဆေးပြန်နားဦး အဲဒီရထားက မနက်တစ်နာရီ အစောဆုံးရန်ကုန်ကို ဝင်မယ်တဲ့”


သူ့စကားကို ဘယ်တုန်းကမျှ မယုံကြည်ခဲ့သော ကျွန်မသည် ဤတစ်ကြိမ်တွင်လည်း မယုံသင်္ကာပြန်မေးမိ၏။


“ရှ င် က ဘာဖြစ် လို့ အတိအကျပြောနိုင်ရတာလဲ”


သူက ပခုံးတွန့်ပြပါသည်။


“ဘာဖြစ်လို့လဲဆိုတော့ ကိုယ်အခုပဲ မေးထားလို့ပေါ့

ဘာဖြစ်လို့လဲဆိုတော့ ကိုယ်ကလည်း ဒီရထားနဲ့ ပြန်လိုက်မှာမို့ပေါ့”


ကျွန်မ စိတ်ပျက်စွာပင် လက်ကနာရီကို ကြည့်လိုက်မိသည်။


“ဒုက္ဓဘဲ မနက်ခုနှစ်နာရီဝင်မယ့်ရထားက ည တစ်နာရီမှ ဝင်မယ်ပေါ့။ ဘုရား.. ဘုရား... ရထားလမ်းတွေများ ဘာဖြစ်သွားသေးလဲမသိ။ ဘယ်အချိန်ဘယ်ကာလကျမှ ရထားတွေ အချိန်မှန်ထွက်နိုင်မလဲမသိ။ ကျွန်မဖြင့် တစ်နေ့လုံး ဘူတာကို ဖုန်းဆက်တဲ့အလုပ်ပဲ လုပ်နေရတာပဲ”


သူက ကျွန်မကို ပြုံးရုံပြုံးကြည့်လျက် ဘာမှ မပြောချေ။

ထို့နောက် ကျွန်မတို့သည် ရုတ်ရုတ်သဲသဲ ပြည့်လျှံတိုးကြိတ်နေသော လူအုပ်ကြီးထဲမှ တရွေ့ရွေ့ထိုးဖေါက်လျက် ဝင်ပေါက်ရှိရာ ပြန်ထွက်လာကြသည်။ သူ့အရပ်ကြီးက ဟိုတုန်းကထက်ပင် ကျွန်မအပေါ် အုပ်မိုးနေသယောင် ခံစားရသည်။ သူ ဤရထားနှင့် ပြန်မည်ဆိုလျှင် သူလည်း နံနက်တစ်နာရီအထိ ရထားစောင့်ရတော့မှာပေါ့။ ကျွန်မသူ့ကို စာနာစွာ တစ်ချက်ကြည့်လိုက်တော့ သူက ကျွန်မကို ငဲ့ကြည့်ပြုံးနေ၏။ သူ့မျက်လုံးတွေကတော့ လွန်ခဲ့သည့် နှစ်ပေါင်း(၂၀)က ကျွန်မကိုကြည့်ခဲံသည့် မျက်လုံးမျိုး အတိုင်းဖြစ်၏။


“နု အခု ဘာအလုပ်လုပ်နေသလဲ”


“သူငယ်ချင်းတစ်ယောက်နဲ့ ကုမ္ပဏီတစ်ခု စပ်တူဖွင့်ထားတယ်”


သူက လေတစ်ချက်ချွန်လိုက်သည်။


“တယ်ဟုတ်ပါလား။ တွက်ခြေရော ကိုက်ရဲ့လား”


ကျွန်မသူ့ကို စေ့စေ့ကြည့်ပြီး ပြုံးပြလိုက်ပါသည်။


“နုနုမေတို့က မပိုင်ရင် ဘာမှ မလုပ်ဖူးလေ”


သူက သဘောကျစွာ ရယ်မောလေသည်။


“ဒါနဲ့ ကိုမြင့်ဆွေရော ဘာလုပ်နေလဲ”


သူက ချက်ချင်းမဖြေသေးဘဲ ပြုံးနေ၏။ ဘူတာဆင်ဝင်ဘက်ထွက်မိတော့မှ ကျွန်မကို ငဲ့ကြည့်ပြီး ညင်သာစွာခေါင်းရမ်းရင်း ဖြေပါသည်။


“ကိုယ့်အလုပ်ကို နုစိတ်ဝင်စားမှာ မဟုတ်ပါဘူး။ ကိုယ့်အလုပ်က ဝင်ငွေမကောင်းဘူးနုရဲ့”


ကျွန်မသည် သူ့အပြောကြောင့်ပင် စိတ်ဝင်စားလာကာ မျက်မှောင်ကြုတ်မိ၏။


“စိတ်ဝင်စားပါတယ် ဘာအလုပ်လဲ”


သူက တစ်ချက်ရယ်ပြန်သည်။


“တက္ကဆီ အငှားကားထောင်သလို ဆင်အငှားလိုက်စားတဲ့အလုပ်”


“ဆင် ..ဟု တ် လား”


ကျွန်မ တအံ့တသြဖြစ်သွားသည်ကို သူကသဘောကျ ၍မဆုံးနိုင်အောင်ရှိသည်။


“ကိုမြင့်ဆွေမှာ ဆင်ရှိတယ်ပေါ့”


“အင်းလေ..”


“ဘယ် နှစ်ကောင်ရှိလဲဟင်..”


“နှစ်ကောင် ၊ တစ်ကောင်က နည်းနည်းငယ်သေးတယ်”


ကျွန်မ သူ့မျက်နှာကို စူးစိုက်ကြည့်မိ၏။


“ဟား.. ဒါများ ဝင်ငွေမကောင်းဘူးပြောရသေးလား။ ဆင်တစ်ကောင်ကို ကာလပေါက်ဈေး တစ်ဆယ်လောက်ရှိတာ။ နှစ်ကောင်ဆိုတော့”


ကျွန်မစကားမဆုံးမီ သူမျက်ခုံးပင့်ပြ၏။


“နုက အလာကြီးပဲ၊ ဆင်အကြောင်းသိလို့ပါလား ဧကန္တ နုရဲ့ကုမ္ပဏီက သစ်ကုမ္ပဏီဖြစ်ရမယ်”


ကျွန်မနှင့် ပတ်သက်သမျှ သူ့ခန့်မှန်းချက်များ အမြဲမှားယွင်းလေ့ရှိသလို သည်တစ်ခါလည်း သူမှားသွားပါသည်။


“ဟင့် အင်း ပဲအမျိုးမျိုးနဲ့ နှမ်း”


ထို့နောက် ကျွန်မတို့နှစ်ယောက် ဟက်ဟက်ပက်ပက်ရယ်မောရင်း ဟိုတုန်းကလို ပြန်လည်ရင်းနှီးသွားကြသည်။


“ဒါနဲ့ ကိုမြင့်ဆွေ တစ်ယောက်တည်းလား”


“တစ်ယောက်တည်းပဲ”


“အခု ရထားမဝင်သေးဘူးဆိုတာ အတိအကျသိရပြီဆိုတော့ အခုကျန်နေတဲ့ ခုနှစ်နာရီလောက်အချိန်တွေ ရှင်ဘယ်လိုဖြုန်းမှာလဲ”


သူ ကျွန်မကို စူးစူးစိုက်စိုက်ကြည့်နေ၏။


“ဘူတာမှာ ပုဆိုးတစ်ထည်ဖြန့်ခင်းပြီး အိပ်စောင့်လိုက်မှာပေါ့ နုရဲ့”


ကျွန်မ သူ့ကို မျက်စောင်းထိုးလိုက်မိသည်။


“ကြည့်၊ ပစ်စလတ်ခတ်နေတတ်တဲ့ အကျင့်က မပျောက်သေးပဲကိုး။ ခြင်က ကိုက်နဲ့ ကိုမြင့်ဆွေနှယ်”


“ရန်ကုန်က ခြင်လောက်တော့ ကိုယ်မဖြုန်ပါဘူး။ ကိုက်မှန်းတောင်မသိရဘူး။ ကိုယ်တို့ဆီက ခြင်တွေ မှတ်တွေကိုမြင်ရင် နု ဖျားတောင်ဖျားသွားနိုင်တယ်”


“နေပါဦး၊ ခုရှင် ဘယ်မှာနေတာလဲ။ မန္တလေးမှာလား”


“မဟုတ်ဘူး။ သံတောင်နားမှာပဲဆိုပါတော့”


“ဘယ်က သံတောင်လဲ”


ကျွန်မ စပ်စပ်စုစုမေးတော့ သူပြုံးသည်။


“လိပ်ကျနားကပေါ့”


သူပြောသည့်နေရာတွေကို ကျွန်မမသိပါ။


“ဘာဘဲ လိပ်ကျ”


“လိပ်ကျဆိုတာ ပြင်ဦးလွင်နားက ရွာကြီးပဲဆိုပါတော့နုရယ် ၊ နုသိမှာ မဟုတ်ပါဘူး။ သံတောင်ဆိုတာ ရွာသေးသေးကလေး၊ ကိုယ်နေတာ အဲဒီသံတောင်နဲ့ သုံးလေးမိုင်ဝေးတဲ့နေရာလေး”


ကျွန်မသည် သူ့မျက်ဝန်းထဲက အေးစက်တည်ငြိမ်မှုကို ပြန်လည်မှတ်မိသွား၏။


“ကျွန်မနားလည်ပြီ၊ ဒါလောက်ခေါင်တဲ့တောမှာ ရှင်ဘာလို့သွားနေသလဲဆိုတာ မမေးတော့ပါဘူး”


ထို့နောက် အနားမှာ ရှုတ်ရှက်ခတ်စွာ ဝင်ထွက်သွားလာနေကြသော လူများကို ရှောင်တိမ်းငဲ့ပေးရင်း ကျွန်မ ဆုံးဖြတ်ချက်တစ်ခုကို ချလိုက်သည်။


“အတော်ပဲ ကိုမြင့်ဆွေ။ ရှင်ကျွန်မတို့အိမ်မှာ ညစာလိုက်စားပေါ့။ အေးအေးဆေးဆေးစကားပြောကြရအောင်။ ည တစ်နာရီမှာ ကျွန်မယောကျာ်းက သားတွေကို လာကြိုရင်း ရှင့်ကို ဘူတာလိုက်ပို့ပေးပါလိမ့်မယ်”


သူ ငြင်းတော့မည့်ပုံစံဖြင့် တွန့်ဆုတ်သွားခိုက် ကျွန်မက ကမန်းကတန်းလှည့် ထွက်လိုက်သည်။


“လာ.. ကျွန်မယောကျာ်းကို ရှင်တစ်ခါမှ မတွေ့ရသေးဘူး။ သူ့ကို ရှင် သဘောကျမှာပါ။ သူက တော်တော်သိမ်မွေ့တယ်။ သဘောလည်းကောင်းတယ်”


ကားရပ်ထားရာသို့ ကျွန်မတို့လျှောက်လာခဲ့စဉ် ညနေခင်းသည် လျှင်မြန်စွာ မှောင်လာတော့သည်။


* * *


သူနှင့် ကျွန်မ ချစ်သူတွေဖြစ်ခဲ့ကြသည်မှာ တော်တော်အံ့ဩစရာကောင်းသော မှားယွင်းမှုတစ်ခုပင်ဖြစ်သည်။

ကျွန်မတို့နှစ်ယောက်သည် ခရီးဆုံး ပန်းတိုင်ချင်း မတူညီကြ။ ဘဝတန်ဖိုးချင်း မတူညီကြ။ လောက အမြင်ချင်းမတူညီကြပေ။ ကျွန်မဘဝ၏ တန်ဖိုးသည် စားဝတ်နေရေးအဆင့်အတန်း မြင့်မားသော မြို့ပြယဉ်ကျေးမှုဖြစ်ပြီး သူ၏ဘဝတန်ဖိုးကအေးဆေးတည်ငြိမ်စွာ လူနေမှု နိမ့်ကျသော တောနယ်၏ အရိုင်းသက်သက် အလှပင်ဖြစ်သည်။ ကျွန်မက လူ့လောကမှာ အလယ်အလတ်ဟူသော အဆင့်ထက်ပင် ထိုးဖောက် ကျော်ဖြတ်ကာ အမြင့် ဆုံးဟူသော ပညာ၊ သို့မဟုတ် ဂုဏ်သိက်ခါ၊ သို့မဟုတ် ငွေကြေး ပိုင်ဆိုင်မှုကို လိုချင် တပ်မက်သူ။ သူကတော့ လူသူအရောက်နည်းလှသော တောတောင်ရေမြေမှာ နေထိုင် ၍သဘာဝ နှင့် ရင်းနှီးကျွမ်းဝင်မှုကို လိုချင်တပ်မက်သူ။ ကျွန်မက လူသား၏အံ့မခန်း ထူးချွန်လှသော စက်ကိရိယာ တီထွင်မှုများ၊ ဖန်တီး ပြုပြင်မှုများကို လေးစားမြတ်နိုးသူ။


သူကတော့ သဘာဝ၏ အဆင့်ဆင့် ပြောင်းလဲမှု၊ လျှို့ဝှက်နက်နဲသော ဆန်းကြယ်မှုများကို လေးစားမြတ်နိုးသူ။ ကျွန်မတို့နှစ်ယောက်သည် ရှားပါးသစ်ပင် အပေါ် ထားသည့်သဘောထားနှင့် အဖိုးတန် ကားတစ်စီး အပေါ်ထားသည့် သဘောထားကအစ ကွဲပြားခြားနားကြသည်။


သူတွယ်တာသည့် နှစ်တစ်ရာ၊ နှစ်နှစ်ရာ သက်တမ်းရှိသည့် သစ်မာပင်များ၏ တန်ဖိုးကို စာအုပ်စင်၊ ဗီရို၊ စားပွဲ စသည့်အသုံး အဆောင်များအဖြစ်ထက် ပို၍ကျွန်မ မမြင်မိသလို သူကလည်း ကျွန်မသဘောကျသည့် ကားတစ်စီးကို မြင်တိုင်း ကျွန်းပင်ကြီး များကိုသာ နှမြောတမ်းတတတ်သူ ဖြစ်သည်။


ရေငုပ်သင်္ဘောတစ်စီးအကြောင်း စကားစပ်မိလျှင်ပင် ကျွန်မတို့ နှစ်ယောက်၏ ဦးတည်ချက်တွေက အမြဲ ပြောင်းပြန်။ ကျွန်မက ရေငုပ်သင်္ဘော တီထွင်သူ၏ ပညာရပ်၊ စက်ကိရိယာပိုင်း အောင်မြင်မှု၊ လူသားတို့၏ အဖိုးထိုက်တန် လှသော ဦးနှောက်များဆီသို့ စကားလမ်းကြောင်း ဦးတည်ဆဲမှာ သူက သမုဒ်ဒရာအောက်ခြေက တောင်စဉ်တောင်တန်းများအကြောင်း၊ သမုဒ်ဒရာရေစီးကြောင်း များ အကြောင်း ၊ ရှားပါးရေသတ္တဝါများ အကြောင်း စကားလွှဲယူသွား တတ်သည်။ ကျောင်းပိတ်ရက် ရှည်များတွင် သူက ကျွန်မ အနီးမှာ ၊ ကျွန်မရှိရာ ဒေသမှာ နေထိုင်ဖို့ထက် မြန်မာနိုင်ငံအစွန်အဖျား ဒေသများသို့ သွားရောက် လည်ပတ်ဖို့သာ စိတ်ဝင်စားသည်။


ကျွန်မက တော့ကျွန်မ ၏ အနီးမှာ သူမရှိသည့်အခါ စာအုပ်ပေါင်းများစွာဖတ်၊ နိုင်ငံခြားရုပ်ရှင်များကို ကားလဲတိုင်းလိုလို ကြည့်ဖြစ်ကာ အချိန်ဖြုန်းရတတ်သည်။ ကျောင်းပြန် ဖွင့် ၍နေ့စဉ် တွေ့ဖြစ်ကြသည့် အခါ ကျွန်မက ကျွန်မ ဖတ်ခဲ့ရသော စာအုပ်များ၊ ကြည့်ခဲ့ရသော ရုပ်ရှင်များ အကြောင်း သူ့ကို ပြန်လည် ပြောပြပြီး သူကတော့ သူရောက်ခဲ့သည့် လမ်းပန်းဆက်သွယ်ရေး ခက်ခဲပြီး လူသူအရောက်အပေါက် နည်းလှသော တောင်တန်းဒေသများအကြောင်း၊ အုပ်ဆိုင်းနက်ရှိုင်းသော သစ်တောကြီးများအကြောင်း၊ ပင်လယ်ပြင်နှင့် ကျွန်းများ အကြောင်းကို တခမ်းတနား ပြောပြတတ်လေသည်။


သူသည် ငွေရှာဖို့၊ ကြီးပွားချမ်းသာဖို့ နည်းနည်းမျှ စိတ်ဝင်စားသူ မဟုတ်။ ကျွန်မမိဘက ကျွန်မကို ပေးအပ်နိုင်သည့်လူနေမှုအဆင့်အတန်းထက် မနိမ့်ကျအောင် ကျွန်မကို တင့်တင့် တယ်တယ် လက်ထပ်ယူဖို့ ဆိုတာကိုလည်း မစဉ်းစားပေ။ သူစိတ်ဝင်စားသော တောတောင်ရေမြေကို စိတ်မဝင်စား ခဲ့သည့်ကျွန်မအား သူအားမလိုအားမရ ဖြစ်ရသလို ကျွန်မတန်ဖိုးထားသည့် ဂုဏ်သိက်ခါရှိရှိ ၊ အဆင့်မြင့်မြင့် စီးပွားရေး အမြင်ကို စိတ်မဝင်စား တန်ဖိုးမထားသည့် သူ့အပေါ်လည်း ကျွန်မနည်းနည်းမှ မကျေနပ်နိုင်ခဲ့ပါ။


“နုက အစားထိုးလို့မရနိုင်တဲ့ သဘာဝရတနာတွေအပေါ်မှာ နည်းနည်းမှ စိတ်မဝင်စားဘဲ ကိုး” ဟု သူက စွပ်စွဲတတ်သေး၏။


“ မောင်ပဲ အဲဒီ ရတနာတွေကို ဖက်ပြီး နေပေတော့၊ နုတော့ ကိုယ့် ဘဝ တိုးတက်မြင့်မားဖို့ပဲ စိတ်ဝင်စားတယ်၊ လူသားရဲ့ စွမ်းအားက သဘာဝ စွမ်းအားထက် စိတ်ဝင်စားစရာကောင်းတယ်ဆိုတာ မောင်တစ်နေ့ သိလာလိမ့်မယ်”


သို့သော် ကျွန်မတို့သည် တစ်ယောက်ကို တစ်ယောက်အလွန် ချစ်မြတ်နိုးခဲ့ကြပါသည်။ ကျွန်မ၏ စိတ်ကောက်မှုဒဏ်ကို တစ်ရက်ထက် ပိုပြီး ဘယ်တုန်းကမျှ သူမခံနိုင်ခဲ့သလို ကျွန်မက လည်း သူ့ဒေါသကို တစ်နာရီထက် ပို ၍မြင်တွေ့နိုင်ဖို့ ဘယ်တုန်းကမျှ ခွန်အားမရှိ ခဲ့သောကြောင့် ကျွန်မတို့နှစ်ယောက်သည် အမြဲလိုလို တစ်ယောက် ကို တစ်ယောက် သူ့ထက်ငါ အလျှော့ပေးဖို့ စဉ်းစားခဲ့ကြသည်။ ထို့ကြောင့်လည်း သူနှင့်ကျွန်မ ဘယ်တော့မှ မကွဲကွာနိုင်ဟု ကျွန်မ ယုံကြည်စိတ်ချခဲ့သည်။ ဘဝ၏ တန်ဖိုးနှင့် ရောင့်ရဲကျေနပ်မှု၊ အယူအဆ မတူညီသည့် ချစ်သူ ဘဝကို အချစ်မြဲ ခိုင်မြဲစွာ ပေါင်းစပ်ဖို့ ကျွန်မတို့နှစ်ယောက်လုံး အမှန်တကယ် ကြိုးစား ခဲ့ကြပါသည်။ သို့သော်နောက်ဆုံး တော့ တစ်ယောက်ကို တစ်ယောက် မုန်းတီးမှု၊ မနှစ်သက်မှုများ မရှိဘဲ သွေးအေးစွာ ကွဲကွာ ခဲ့ကြသည်။


ကျွန်မတို့ နှစ်ယောက်ဘယ်လို ကွဲကွာ ခဲ့ရပါလိမ့်၊ အကြောင်းရင်း ကို ရှာဖွေစဉ်းစားကြည့်တော့လည်း ရေရေရာရာမရှိ။ ကျောင်းပြီး သွားသောအခါ ကျွန်မသည် ကျွန်မ ပျော်ရွှင်နှစ်သက်သော စီးပွားရေးနယ်ထဲသို့ ဝင်လိုက်၏။ သူက ကျွန်မ၏ မြတ်နိုးစုံမက်မှုကို လျစ်လျူရှုကာ သူစိတ်ဝင်စားသည့် ဒေသများသို့ မကြာခဏ ရက်ရှည်လများ သွားရောက် အလုပ်လုပ်ကိုင်ရင်းဖြင့် ကျွန်မတို့ နှစ်ယောက်ကြားက ပူနွေးသည့် အချစ်သည် အေးခဲသွားလေသည်။ သူနှင့်ကျွန်မသည် ဗြုန်းခနဲ ဝေးကွာ သွားခြင်း မဟုတ်ဘဲ တရွေ့ရွေ့နှင့် တစ်စတစ်စ ဝေးကွာ သွားကြခြင်းဖြစ်သည်။ ယခုအချိန်အထိ သူက အလျင် အိမ်ထောင်ကျခဲ့သလား၊ ကျွန်မက အလျင် အိမ်ထောင်ကျခဲ့ သလား ကျွန်မမသိ၊ အမှန်ကတော့ သူ အိမ်ထောင် ကျမကျ ပင် ကျွန်မ မသိ ပါ။ သူလက်ထပ်ပြီးပြီ ဟု ကျွန်မ ယူဆသည်။


ယောကျာ်းတစ်ယောက်သည် ဆန့်ကျင်ဘက်လိင် မိန်းမ၏ နူးညံ့စွာ ကြင်နာလိုက်လျောမှု မပါဝင်ဘဲ နှစ်ပေါင်းနှစ်ဆယ်ကျော် သူ့ဘဝကို ပျော်ရွှင်အားရနိုင်လိမ့် မည်မဟုတ်။ သိပ်ကို သေချာသည်။ သဘာဝ နိယာမများကို မဆန့်ကျင် တတ်သော ဖြစ်ရာဘဝတွင် ရှိသမျှ ငွေကြေးဓနနှင့် ရောင့်ရဲ တတ်သော သူ့အတွက် မိန်းမတစ်ယောက်ယောက်ကို အိမ်ထောင်ပြုရန် ပို ၍ပင်သေချာ နေပါသည်။


* * *


ကျွန်မ၏ ခင်ပွန်းသည် သူ့ကို အစပထမတွင် ကျွန်မနှင့် အတူပါလာသော ဧည့်သည် တစ်ယောက်ကို ကြိုဆို လိုက်လျောမှုမျိုးဖြင့်သာ ဆက်ဆံခဲ့သော်လည်း သူ၏ အရပ်ဒေသနှင့်အလုပ် အကိုင်ကို တစ်စွန်းတစ်စ သိရသောအခါ တော်တော် စိတ်ဝင်စား သွားသည်။ ကျွန်မတို့ ညစာထမင်းဝိုင်းသည် ခဏအတွင်း ရယ်မောသံများ ဖြင့် နွေးထွေးသွားတော့သည်။


“ကျွန်တော်လဲ Wild life ကို သိပ်စိတ်ဝင်စားတယ်ဗျ၊ တစ်နှစ်တစ်ခေါက် လောက်တော့ အဲဒီ ဘဝမျိုးမှာ နေချင်တယ်ဗျာ”


ကျွန်မ၏ ခင်ပွန်းသည် တကယ်ပင် စိတ်အားထက်သန်သော မျက်လုံးများဖြင့် သူ့ကို အလေးအနက် ပြော၏။ ကျွန်မ မယုံပါ။ ဆယ်စုနစ်နှစ်တိုင်တိုင် ပေါင်းသင်းလာခဲ့သော ကျွန်မယောကျာ်း ဘာကိုစိတ်ဝင်စားတတ်သည် ဆိုတာတော့ ကျွန်မ သိပြီးသားပါ။


“ကျွန်တော့်ဆီ လာလည်ပေါ့ ကိုကျော်နိုင်၊ ကျွန်တော့် နေရာက ပြင်ဦးလွင် နဲ့စာရင် ပြင်စာနဲ့ ပိုနီးတယ်၊ သံတောင် အထိ သွားရလာရ လွယ်ကူပါတယ်၊ သံတောင် ကျော်ရင်တော့ တောက နက်သွားပြီ၊ ခင်ဗျား လာမယ့်ရက်ကို ကြိုပြောထား၊ ရွာက လူတွေကို ကျွန်တော့်ဆီ လိုက်ပို့ဖို့ မှာထားရအောင်လို့”


ကျွန်မကတော့ ထမင်းကိုသာ ငြိမ်သက်စွာ စားရင်း အရင်နဲ့ ဘယ်လောက်တောင် ခြားနားခဲ့ပြီလဲ ဟု တွေးနေမိသည်။ လွ န် ခဲ့သည့် နှ စ် ပေါင်းများစွာ က ကျွန်မသိခဲ့ဖူးသော ကိုမြင့်ဆွေမှ မဟုတ်တော့ဘဲ။ ကျွန်မသိသည့် ကိုမြင့်ဆွေသည် ထမင်းကို ဇွန်းခက်ရင်းဖြင့် သေသပ်စွာ စားတတ်သည်။ ထမင်းတစ်ပန်းကန်ထက် ပို ၍ စားကျင့်မရှိ။ ဟင်းကိုလည်း တို့ကနန်းဆိတ်ကနန်းသာ စားတတ်သည်။ ယခု ကိုမြင့်ဆွေကတော့ ဟင်းအများအပြားဖြင့် ထမင်းကို သုံးပန်းကန်ပြား မောက်မောက်ကုန်အောင် စားခဲ့၏။ ဇွန်းခက်ရင်းကိုလည်း ကိုင်ကျင့် သိပ်မရှိ တာ့ဘူးဟု ကျွန်မထင်သည်။ ဇွန်းခက်ရင်းကိုင်ထားသော သူ့လက်များသည်လည်း တက်သိုလ်ကျောင်းသားဘဝတုန်းကလို ရှည်သွယ် မနေတော့ဘဲ လက်ဆစ်ကြီးမားပြီး တုတ်ခိုင်လာသည်။ လက်ချောင်းများ၏ အရင်းနေရာတို့တွင် လက်ဖဝါးမှာ အသားမာတက်နေပြီ။


“ ဘယ့်နှယ်လဲ နု.......ကိုယ်တို့ တစ်ခါလောက် သွားလည် ကြမလား”


ကိုမြင့်ဆွေ ဆိုသူသည် မိမိဇနီး၏ ဟိုတုန်းက ရည်းစားဖြစ်ခဲ့ ဖူးသည် ဆိုတာ သိပါလျက်နှင့် ဘာသဘောဖြင့် ပြောလိုက်တာလဲဟု ကျွန်မ စဉ်းစားမရပါ။


“ကိုနိုင်သွားပေါ့၊ နုတော့စိတ်မဝင်စားပါဘူး၊ နောက်ပြီး နုက လျှပ်စစ်မီး မရှိတဲ့ဒေသမျိုးမှာ တစ်ရက်တောင်မနေချင်ဘူး”


ကျွန်မရယ်မော ၍ငြင်းရပါသည်။ သူက ကျွန်မတို့ မီးဖိုပတ်ဝန်းကျင်မှ လျှပ်စစ်ပစည်းများကို ဝေ့ဝဲကြည့်ကာ ပြုံးသည်။ သူ့အပြုံးကတော့ ဟိုးလွန်ခဲ့သည့် နှစ်များစွာကလိုပင် ကျွန်မကို လက်လျှော့သော၊ အရှုံးပေးသော အပြုံးဖြစ်၏။


“ခင်ဗျားတို့ဆီက အသားငါး ပေါရဲ့လား”


“အသား အစုံ ရှိတာပေါ့၊ ခင်ဗျားတို့ မစားဖူးတဲ့ အသားတွေတောင်ရှိတယ်။ တောနက်တော့ သားကောင်တွေ ပေါတာကိုး၊ စမ်းချောင်းတွေမှာလဲ ငါး ပုစွန် ရတတ်ပါတယ်”


“ခင်ဗျားအမဲတော့ လိုက်ဖူး မှာပေါ့နော်”


ကိုနိုင်က စိတ်ဝင်စားစွာ မေးတော့ ကျွန်မ ပြုံးမိသည်။ ကိုနိုင်ကသူများ အမဲလိုက်တာကိုသာ အားကျတတ်တာ၊ သူကိုယ်တိုင်ကဖြင့် လှော်ကားက ဆတ်ကြီးတွေ အနားတောင် ကပ်ရဲတာ မဟုတ်။


“ဟိုတုန်းကတော့ အမဲ လိုက်ဖူးပါတယ်၊ ဒါတောင်အပျော်တော့ မလိုက်ခဲ့ဖူးဘူးဗျ၊ စားစရာ ပြတ်လတ်တဲ့အခါ မျိုး၊ မြို့ရွာ နဲ့လဲ အဆက်ပြတ်နေတဲ့ အခါမျိုးမှာ ဟင်းအတွက် လိုက်ဖူးတယ်”


“ရသလား”


သူကပြုံး၍ ခေါင်းညိတ်သည်။


“ ရတာပေါ့ဗျာ၊ တောဝက်နှစ်ကောင် ရဖူးတယ်၊ ပြောင်တစ်ကောင်ရဖူးတယ်၊ အများအားဖြင့်တော့ ချေနဲ့ဆတ်ပေါ့”


သူ့လက်တွေ ကြမ်းတမ်းနေတာ ကျွန်မ မအံ့ဩတော့ပါ။ သူ့မှာ တကယ့်မုဆိုးကြီး တစ်ကောင်၏ တည် ငြိမ် မှုမျိုး ရှိအောင် သူသတ်တဝါဘယ်နှစ်ကောင်ကို သတ်ဖြတ်ခဲ့ပြီလဲ။


“ဒါပေမယ့် ခင်ဗျားတို့ အံ့ဩမလား မသိဘူး။ ကျွန်တော်တို့ က ဇရစ်တို့ မှိုတို့ ဟင်းသီးဟင်းရွက်တွေကိုပဲ အများဆုံးစားဖြစ်ကြတာပါ”


“ ခင်ဗျားတို့ အမဲလိုက်အုပ်စုမှာ လူဘယ်နှစ်ယောက်ပါ သလဲ”


သူက ကိုနိုင့်ကို စူးစိုက်စွာကြည့် ၍ ခေါင်းယမ်း၏။


“ မဟုတ်ဘူး၊ ကျွန်တော့်မှာ အုပ်စုမရှိဘူး၊ ကျွန်တော်တစ်ယောက်တည်းပဲ ၊ ကျွန်တော် နေတဲ့နေ၇ာ တွေက ရွာနဲ့ ဝေးတယ်ဗျ၊ နောက်ပြီး ကျွန်တော်အ၇င်က အမဲလိုက်တဲ့ အရသာကို နှစ်သက်ခဲ့ဖူးတာ ဝန်ခံပါတယ်။ အခုတော့ ကျွန်တော်က လိုက်ရသတ်ရတာထက် သူတို့ ရဲ့ ဘဝကို စောင့်ကြည့်ရတာကို ပိုပြီး စိတ်အားထက်သန်လာတယ်ဗျ၊ ခင်ဗျားတို့က မြို့ပေါ်မှာ နေလို့ သိမှာ မဟုတ်ဘူး၊ ကျွန်တော်တို့ကတော့ သိနေတယ်၊ တောထဲမှာ တိရစ္ဆာန်တွေလဲ ရှားကုန်ပြီဗျ၊ ကမ္ဘာ့ဈေးကွက်မှာ wildlife ဈေးကောင်းရတာကိုး၊ အခုတော့ ကိုယ့်ကို ရန်မူတဲ့သားကောင်မျိုးနဲ့မှ တွေ့မှပဲ ကိုယ့်အသက်ကို လုဖို့ အတွက် မလွှဲမရှောင်သာ ကျွန်တော် သတ်တော့တယ်ဗျာ၊ တစ်ခါတစ်ခါ သားကြီးကို အဖော်ခေါ်ပါတယ်”


“သား .........ဟုတ်လား”


သူ့မှာ သားသမီး ရှိနေနိုင်သည်ကို ကျွန်မ ကြိုတင်တွေးမိပြီးဖြစ် ပါလျက် တကယ်တမ်းကြားရတော့ ကျွန်မ နေသား မကျစွာပင် အံ့ဩသွားသေး၏။


“ကိုယ့်မှာ သားသုံးယောက်ရှိတယ် နုရဲ့”


ထိုသားသုံးယောက်၏ မိခင်သည် ဘယ်လို မိန်းမမျိုး ဖြစ်ပါလိမ့်။


“ခင်ဗျား အမျိုးသမီးက ဘာလုပ်တာလဲ”


ကျွန်မသိချင်သော မေးခွန်းကို ကိုနိုင်က မေးလိုက်၏။


“မိသားစု ဝင်ငွေအတွက်တော့ သူဘာမှ မလုပ်ဘူး ဆိုပါတော့ဗျာ၊ အတန်းပညာလဲ မတတ်ရှာပါဘူး၊ ဒါပေမယ့်သူက သိပ်အံ့ဩဖို့ ကောင်းတဲ့မိန်းမဗျ၊ ဆင်တွေနဲ့ သူနဲ့ ပိုရင်းနှီးတယ်။ ကျွန်တော် ရလာတဲ့ အမဲကို အကောင်လိုက် သားရေမပျက် အောင် သူဖျက်ပေးနေကျပဲ”


ကျွန်မအနည်းငယ် စိတ်သက်သာရာ ရသွားသည်ကို သူ မရိပ်မိအောင် ထမင်း ပန်းကန် များကို စုသိမ်း ရန် ပြင်ဆင်လိုက်မိသည်။ တောထဲသွားနေမှတော့ တောကမိန်းမပဲရမှာပေါ့လေ၊ မထူးဆန်းပါဘူး၊ ဒါပေမယ့် လှများလှသလား မသိ။


“သူက လှ ရဲ့လား ကိုမြင့်ဆွေ”


မနေနိုင် မထိုင်နိုင် လွှတ်ခနဲ မေးမိတော့ သူပြုံး ပါသည်။ သူ့မျက်လုံးများထူးခြားစွာ တောက်ပလျက် ရှိသည်။


“တောသူဆိုတော့ ငယ်ငယ်က လှ ခဲ့ဖူးရင်တောင် အခုအချိန်မှာ မိန်းမတစ်ယောက်ရှိရမယ့် အလှ တွေ ဘယ်ကျန်နိုင်တော့မလဲ နုရဲ့၊ ဒါပေမယ့် သူ့ဘဝ အားမာန်နဲ့ သူ့ကျွမ်းကျင်မှုကို အလှလို့ ပြောနိုင်မယ် ဆိုရင်တော့ သူ

တော်တော်လှပါတယ်”


ထို့နောက် သူက ကျွန်မယောကျာ်းဘက်သို့ လှည့်ကြည့်လိုက်သည်။


“သိပ်အံ့ဩစရာကောင်းတဲ့ ကျွန်တော့် မိန်းမရဲ့ ကျွမ်းကျင်မှုကတော့ သစ်တောနဲ့ ဆင်ပဲဗျ၊ သူ့အဖေက ဟိုတုန်းက ဆင်ဦးစီးပေါ့၊ နောက်ပြီး ဆင်တွေကို လေ့ကျင့်ပေးတဲ့ အလုပ်မှာ တော်တော်နာမည်ကြီးခဲ့တယ်။ ကျွန်တော့်မိန်းမက ကျွန်တော့်ကို တောရဲ့ လျှို့ဝှက်ချက်တွေနဲ့ ပတ်သက်လို့ အများကြီး သင်ပေးခဲ့တယ်၊ သူက ကျွန်တော့်ထက် ၅ နှစ် အသက်ကြီးတယ်”


ဒါဆို ကိုနိုင်နဲ့ ရွယ်တူ ပဲပေါ့။ ဟင်းပန်းကန်များကို သိမ်းရင်းမသိမသာ ကျွန်မပြုံးမိ၏။ သူတို့ ဘယ်လိုများ တွေ့ဆုံ ခဲ့ကြပါလိမ့်။ ကျွန်မနှင့် ကိုနိုင်ကတော့ လိုင်းတူသော စီးပွားဖက်ချင်းဆိုတော့ ဆန်းကြယ်သော တွေ့ဆုံမှု မဟုတ်။ ည ကိုးနာရီတွင် ကျွန်မဘူတာသို့ဖုန်းဆက်ကြည့် မိပြန်သည်။


“ကိုမြင့်ဆွေရေ....ရှင့်ရထားက အခုထိ ပျဉ်းမနား တောင် ဝင်မလာသေးဘူးတဲ့၊ နောက် ခုနစ်နာရီနဲ့ ထည့်ပေါင်းကြည့် ရင် ရန်ကုန်ကို သူအစောဆုံးဝင်နိုင် မယ့် အချိန်က မနက် လေးနာရီပဲ၊ ဒီတော့ ရှင်ဒီမှာ အိပ်ရမယ့် သဘောပဲ”


“သားကြီးအခန်းမှာ ဧည့်သည်အတွက် နေရာ လုပ်ပေးလိုက်ပါနု”


သို့သော် ကျွန်မတို့ သုံးယောက်သည် ဘယ်သူမှ ကိုယ့်အိပ်ရာကိုယ် မသွားဖြစ်ကြဘဲ ဧည့်ခန်းမှာ စကားဝိုင်း ဖွဲ့ ပြောနေခဲ့ကြသည်။


“ဒါနဲ့ ရှင် တောမှာ ပျော်ရဲ့လား ကိုမြင့်ဆွေ”


ကျွန်မ မေးခွန်းသည် ဖြေဆိုရန် ခက်ခဲသော မေးခွန်းမဟုတ်ပါ။ မည်သူမဆို ပျော်တယ်၊ မပျော်ဘူး ယေဘုယျ ခံစားချက်ကို လျှပ်တစ်ပြက် ပြောနိုင်ကြပါသည်။ သို့သော် သူကတော့ ရိုးစင်းသော မေးခွန်းကလေးကိုပင် နက်နဲစွာ စဉ်းစား ရပုံမျိုးဖြင့် ငြိမ်သက်သွားလေသည်။


“သစ်တောဆိုတာ ဘဏ်မှာအပ် ထားတဲ့ ငွေရင်းငွေနှီး လိုပဲဆိုတာ ခင်ဗျားတို့လည်းသိသားပဲ။ ကျွန်တော်တို့စားရမှာက ငွေတိုးဗျ။ အမြတ်အစွန်း နှစ်တိုးကိုစားရမှာ၊ အရင်းကို စားရမှာ မဟုတ်ဘူး။ ဒါပေမယ့် ဘယ်လောက်စိတ်ဆင်း ရဲဖို့ ကောင်းသလဲ။ အခု အဲဒီ ငွေရင်းတွေ တော်တော်ကို လျော့နေပြီ။ခင်ဗျားတို့က မြို့မှာ လဲနေတယ်။ သစ်ထုတ်လုပ်ငန်းနဲ့လဲ ဝေးတယ်ဆိုတော့ သစ်တော ဘယ်လောက် ရှိခဲ့တယ်၊ ဘယ်လောက် ပြုန်းကုန်တယ်၊ တော ကွက် ဧရိယာ ဘယ်လောက်ကျန်တယ်ဆိုတာ သိကြမှာ မဟုတ်ဘူး၊ ကျွန်တော်က သိနေတယ်၊ မြင်နေတယ်၊ ဒီတော့ ကျွန်တော ပျော်ပါတယ်လို့ ဘယ်လိုလုပ်ပြီး ဖြေနိုင်ပါ့မလဲ”


“သစ်တောအားလုံးလိုလို ကျွန်တော် ရောက်ဖူးပါတယ်၊ ကျွန်တော်က သစ်ပင်တွေကို ချစ်တယ်၊ ကျွန်တော့ မိန်းမကလဲ သစ်ပင်တွေကို ချစ်တယ်၊ သစ်မာတွေ၊ ဝါးတွေ ကို ကျွန်တော်တို့ ကိုယ်တိုင် အိမ်ဆောက်ဖို့၊ လှေ ထွင်း ဖို့ ခုတ်ခဲ့ဖူး ပါတယ်၊ ကြိုးဝိုင်းပြင် တောနက်တွေထဲ မှာ ရက်တော်တော်ကြာအောင်လဲ သွားခဲ့ဖူးတယ်၊ ဒါပေမယ့် ကျွန်တော်တို့ က အပင်ကို ကျွန်တော်တို့အတွက် ရွေးတာ ထက် သစ်တောရဲ့ အသက်ရှည်မှု အတွက် ရွေးခဲ့ တာပါ၊ ကျွန်တော်တို့ တတ်နိုင်သမျှ တောတွေကို စောင့်ရှောက်ခဲ့ပါတယ်၊ အပင်ရဲ့ အသက်ကို တွက် တတ်အောင် ၊ တောရဲ့အသက်ကို တွက်တတ်အောင် ၊ နောက်ပြီး သစ်ပင်လှဲနည်း၊ မျိုးဆက်နည်းတွေအားလုံး ကျွန်တော့် မိန်းမက ကျွန်တော့်ကို သင်ပေးခဲ့တာ”


သူသည် ကမ္ဘာပေါ်မှာ အလွန်ရှားပါး တန်ဖိုးကြီး သော ရတနာတစ်ခု အကြောင်း ပြောနေသလို မျက်လုံးများ အရည်လဲ့ ကာ တောက်ပနေ၏။ သူ့မိန်းမ အပေါ် ထားအပ်သည့် တန်ဖိုး လား ၊ သစ်တော အပေါ် ထားအပ်သည့် တန်ဖိုး လား၊ သူသာလျှင် သိနိုင်ပေလိမ့်မည်။


“တောတစ်တောကို မျိုးဆက်ဖို့ မြေဩဇာ အနေအထား ကို သိရမယ်၊ မြေဩဇာ အနေအထား ကို နှိုင်းယှဉ်သိဖို့ သစ်ပင် တစ်ခုချင်းရဲ့ အမြင့်၊ သစ်တောတစ်ခုလုံးရဲ့ အမြင့်ကို တွက်တတ်ရမယ်၊ တကယ်တော့ သဘာဝဟာ သိပ်စိတ်ဝင်စားဖို့ ကောင်း ပါတယ်၊ ကျွန်တော်တို့ လူသား တွေ ပြန်ဖန်တီး ဖို့ မဖြစ်နိုင် လောက်အောင် လျှို့ဝှက် နက်နဲတယ်၊ ကမ္ဘာရဲ့ အသက်ပေါ်မှာ မူတည်ပြီး .....”


ကျွန်မတို့ နှစ်ယောက်ကွဲကွာ ခဲ့ကြသည်မှာ မှန်ကန်သော အဆုံးသတ် တစ်ခုဖြစ်ကြောင်း ယခုတော့ ကျွန်မ သိလိုက်ပါပြီ။ ကျွန်မသည် ကျွန်မနှင့်ထပ်တူ တွေးခေါ် ယုံကြည် သော ခင်ပွန်းတစ်ယောက်ကို လက်ထပ်ယူခဲ့ မိပြီး ၊ သူကလည်း သူနှင့် ထပ်တူ တွေးခေါ်ယုံကြည် သော မိန်းမ တစ်ယောက်ကို ပေါင်းသင်း ခဲ့မိခြင်း ဖြစ်သည်။ သူက အလျင် လက်ထပ်ခဲ့လေသလား ၊ ကျွန်မက အလျင် လက်ထပ်ခဲ့မိသလား ဆိုတာက တော့ သူ့ထံမှ ကျွန်မ သိချင်သမျှ အခြား အရာတို့ ထက် ပိုပြီး စိတ်ဝင်စား ဖွယ် ကောင်း သော အချက် ဖြစ်နေသည်။ သို့ သော် မမေး အပ်ဘူးလား မသိ၊ သို့ မဟုတ် သူ့ စကား အစအနထဲမှ ကောက်ယူ နိုင်မည်လား မသိ။


“ကျွန်တော် နေတဲ့ နေရာကလေး က ပင်လယ်ရေပြင် အထက် ပေသုံးထောင့်လေး ရာကျော် မြင့်တယ်ဗျ။ မြေပြန့် မှာ မဟုတ်ဘူး။တောင်စောင်း မှာ ၊ တောင်ကလဲ ကျောက်လွှာ မြေပဲ၊ ချောက်ကမ်းပါးယံကြီး ရဲ့ အစွန်း ၊ ကွက်လပ်ဧရိယာ တော်တော် ကျယ်တဲ့မြေနေရာကလေး ရှိတယ်၊ အဲဒီ နေရာကလေး ကို ရွေးပြီး သစ်လုံးအိမ် ခိုင်ခိုင်ခံ့ခံ့ ကလေး ဆောက် ထားတယ်။ ဒုဋ္ဌ ဝတီမြစ်ကို ကျွန်တော် အောက်ဘက်မှာ မြင်ရတယ်။ အပေါ်ဘက်တောင်စောင်း မှာတော့ ပေရှစ်ဆယ် ကိုးဆယ် မြင့်တဲ့ သစ်မာ ပင်ကြီး တွေပေါ့၊ အောက်ဘက် ချောက်ကမ်းပါး ရဲ့ တစ်ဖက် စွန်းက သစ်တော အနိမ့်တွေ ၊ အဝေးမှာ ဖြူဖွေး နေတဲ့ မြစ်ကြောင်း ၊ အထက်တည့်တည့် မှာတော့ တိမ်တွေ ပေါ့ဗျာ ၊ တစ်ခါတစ်ခါ တိမ်တွေက ကျွန်တော့် အိမ် ထဲ အထိ ဝင်လာတတ်တယ်၊ သဘာဝ အားဖြင့် တော့ သိပ်စိတ်ချမ်းသာ ရတဲ့ နေရာ ကလေးပါပဲ၊ ဒါပေမယ့် တစ်ခါ တစ်ခါ ကျွန်တော် မပျော်နိုင်ဘူး၊ ခင်ဗျား ယုံမလား ၊ လောကမှာ သစ်တောရဲ့ ခုတ်ပတ် ဆိုတာ တောင် ထည့် မစဉ်းစား တဲ့လူ တွေ တော်တော် များ တယ်ဗျ”


သူသည် ထိုလမ်းကို သူကိုယ်တိုင် ရွေးချယ်ခဲ့ခြင်း ဖြစ်၏။ကိုယ်တိုင် ရွေးချယ် ခဲ့သော လမ်းတွင် စိတ်မသက်သာ စရာ ရှာဖွေ တွေ့လာသော အခါ လူသည် အကြောင်း မဲ့ ဒေါသကြီး တတ်၊ ရိုင်းစိုင်း တတ်သည်။ သူယခင် ကထက် ရိုင်းစိုင်း ခက်ထန် နေခြင်း မှာ သူချစ်သော တောကြောင့် မဟုတ်ဘဲ တောကို ဖျက်ဆီး သူများကြောင့် ဖြစ်ဟန်တူသည်။


“ပထမတန်းစား သဘာဝ အရိုင်း သက်ရင့် သစ်ပင် တစ်ပင် ရဲ့ တန်ဖိုး အတိုင်း လိုချင် ရင် မျိုးဆက် တဲ့ သစ်ပင်ကို တကယ့် သဘာဝ က ပေးတဲ့ အနေအထား အတိုင်းပေးထား ရမှာ ပေါ့၊ အခုတော့ မျိုးဆက် ဖို့တောင် မစဉ်းစား ဘဲ တောတစ်ခုလုံး ပြောင်အောင် ရှင်း ကြတာ ပဲဗျ၊ ဖိလစ်ပီး (န်) ဆိုရင် ဘယ်လောက် သစ်တော ကောင်း လိုက်သလဲ ၊ ခင်ဗျား တို့ လဲ သိမှာ ပါ ကိုကျော်နိုင် ၊ ဖာဒီနန် မားကို့စ် နဲ့ သူ့ ဆွေမျိုး နောက်လိုက် တွေ ရဲ့ ကြောက်ခမန်း လိလိ အသုံးစရိတ် တွေ အတွက် ထောင် နဲ့ ချီ နေတဲ့ အပူပိုင်း သစ်တောခြောက် ဧ၇ိယာ တွေကို ရောင်းစား ပြီး သစ်တွေထုတ်နေကြတယ်၊ ဘယ်သူက ဘာတတ်နိုင်ခဲ့ လို့လဲ။ သိသိကြီး နဲ့ ကြည့် နေရတဲ့ အဖြစ်ပဲ”


ကျွန်မ စိတ်မဝင်စားသော ဘာသာရပ် အပေါ် တုံ့ ပြန် လေ့ ရှိသည့်အတိုင်း ကျွန်မ မျက်တောင် အနည်းငယ် စင်းလာ၏။ ထို့ကြောင့် နေ၇ာမှ ခဏထွက်လာပြီး လိမ်မော်သီးများ ထုတ်ယူ ကာ အခွံ နွှာနေလိုက်ရသည်။ သားတို့ ရထားများ ပျဉ်းမနား ကို ဝင်လာပြီလား ။ သားနှစ်ယောက် သည် ရထားရပ်ထားစဉ် မြေပြင်ပေါ်မှာ အညောင်းပြေ လမ်းလျှောက် ရင်း ခရီးလွန်ကာ ရထားထွက်သော အခါ ကျန်ရစ်နေခဲ့လေမလား၊ ရန်ကုန်သို့ ရထားဝင်လာသည့် အခါ ရထားပေါ်မှာ သားတို့ နှစ်ယောက် မှ ပါ လာပါ့မလား ။ ကိုနိုင် အပြစ်တင် မည် ဆိုလည်း တင်ချင်စရာ ။ ကျွန်မ သည် မဖြစ်လာသေးသော ၊ ဖြစ်နိုင်ခြေ အလွန့်အလွန် နည်းပါး သော၊ ဖြစ်လျှင်လည်း မိမိ ဘာ မျှတတ်နိုင်မှာ မဟုတ်သော ကိစ္စ များတွင် သည်လိုပဲ စိုးရိမ် ပူပန်တတ်လေ သည်။


“လွန်ခဲ့တဲ့ ခြောက်နှစ် လောက် ကတော့ ကျွန်တော့်အိမ် အောက်ခြေ လျှိုထဲ ကနေ ဖြတ်သွား တဲ့ ကျားတစ်ကောင် ကို မြင်လိုက်ရဖူးတယ်၊ အခုတော့ ကျားတွေ ကျားသစ်တွေ မမြင်ရပါဘူး၊ ကျွန်တော်တို့ တောထဲမှာ‌ရောရှိမှ ရှိသေး ရဲ့လား မသိပါဘူး”


ကျားဆိုသော အသံကြောင့် ကျွန်မ မျက်စိကျယ်လာသည်။ ယောကျာ်း နှစ်ယောက် ရှေ့သို့ လိမ်မော်သီး ပန်းကန် ချပေးလိုက်သည်။


“ တိရ စ္ဆာန်ရုံထဲက ကျားလိုပဲ မဟုတ်လားဟင်”


“အင်း.....တောနက် ထဲက ကျားကပိုလှ ပြီး ပိုကျက်သရေ ရှိတာပေါ့ဗျာ၊ သူ့ ခန္ဓာ ကိုယ် က ပန်းပု ထုထား သလိုပဲဗျ၊ တော်တော် ကိုကြည့်ကောင်း တယ်၊ လျှိုဒီဘက်ထိပ်ကနေ ဟို ဘက်ထိပ်ကို လွှားခနဲ ခုန်ကူးလိုက်တာများ ဘယ်လို အလှမျိုး နဲ့ မှ မတူဘူး၊ ကျွန်တော့် မှာ ဓာတ်ပုံတွေ ဆလိုက်တွေ အများ ကြီးပဲဗျ ၊ ခင်ဗျားတို့ နဲ့ တွေ့ ဖြစ်မယ်မှန်း သိရင် ကျွန်တော် ယူလာ ပါတယ်”


သူက ကျားကို ကြောင် တစ်ကောင်လို သဘောထား ပြောနိုင် သော်လည်း ကျွန်မ ကျောထဲက စိမ့် လာသည်။

ကျားရှိသည်ဆိုလျှင်တော့ ရှိသမျှ စည်းစိမ် ပုံပေးလျှင်တောင် သူ့နေ၇ာသို့ ကျွန်မ မလိုက်နိုင်ပါ။ ကိုနိုင်လည်း မလိုက်စေရပါ။ ဘာထူး မှာလဲ ၊ တိရ စ္ဆာန် ရုံမှာ လည်း ကျားတွေ ရှိနေတာပဲ။


“ဘယ်ထရပ်ကားမျိုး ၊ ဘယ်လို အင်ဂျင်မျိုး မှ မတတ် နိုင် တဲ့ သယ် ယူပို့ ဆောင်ရေး လုပ်ငန်းကို ဆင် တွေက လုပ်နိုင် တယ် ဗျ၊ ကြိုး ပြင်တော အစွန်အဖျား ခုတ်ကွက် တော်တော်များများ က မြေညီ မဟုတ်ဘူး၊ တောင်စောင်း တွေ ၊ တချို့ တောင်စောင်း တွေဆို တော်တော်မတ်စောက်တယ်၊ အဲဒီက သစ်လုံးတွေကို ကားလမ်း ပေါက်နိုင်တဲ့ နေရာအထိ ေ၇ာက်အောင် လျှိုတွေ ချိုင့် တွေ ဖြတ်ပြီး သယ်ပေးနိုင်တဲ့ ယာဉ်က ဆင် တမျိုးတည်းပဲ ၊ ဘယ်မြေနေ၇ာက မာတယ်၊ ဘယ်လမ်း ကနေဆင်းရင် ခြေကုတ်မြဲမယ်ဆိုတာ သူတို့ က သိတယ်၊ တောင် ဆင်းမှာ လိမ့် ဆင်းကျသွားတဲ့ သစ်လုံးတွေထဲက ဘယ်လို သစ်လုံးမျိုးကို ရွေးသယ်ရမယ် ဆိုတာတောင် သူတို့ သိတယ်၊ သဘာဝ မြေပြင် အနေအထားကို လူတွေထက် ဆင်တွေက ပိုသိတယ်၊ ပိုရွေးတတ် တယ် ၊ ပတ်ဝန်းကျင် ရာသီ ဥတု ကို ခန့်မှန်း တတ်တယ်၊ ချောင်းထဲကို သစ်မျှော ဖို့ အတွက် လဲ ဆင်တွေကို အားကိုး ရတယ်၊ မြစ်ဝကနေ စောင့်ပြီး သစ်လုံးတွေ ဆယ်ဖို့ လဲ ဆင်တွေကိုပဲ အားကိုး ရတယ်....”


“ပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့အစည်း ရဲ့ လက်သုံး စကား နဲ့ ပြောရရင် အကောင်း စား သစ်လုံး တစ်ခု ထုတ်ယူဖို့ အတွက် တခြား သစ်ပင် နှစ်ဆယ်ကို ခုတ်လှဲ ဖျက်ဆီး ရတယ်တဲ့။ ဒါပေမယ့် ဆင်က အဲဒီလောက် မဆိုးဝါး အောင် ထိန်းပေးနိုင်တာ အမှန်ပဲ ဗျာ”


“ ရှင် က ဆင်ကို ကိုယ်တိုင် မောင်း သလား”


ကျွန်မ ဖြတ်မေးသော အခါ စကားအသုံးအနှုန်း ရွေးချယ်မှု အတွက် ကိုနိုင်ရော၊ သူရော သဘော ကျ စွာ ရယ်မော လိုက်ကြသည်။ ကိုမြင့်ဆွေ က ခေါင်းယမ်း၏။


“ဒီ ကိစ္စ ကိုယ်နဲ့ မဖြစ်ပါဘူး နုရယ် ၊ အင်း ...ဒါပေမယ့် သားကြီး ကတော့ ဆင်ကို ဘာသာရပ် တစ်ခုအနေနဲ့ စိတ်ဝင်စား နေတယ်”


“သားက ဘယ်နှစ်တန်းလဲ”


သူ့သား နှင့် ကျွန်မသား ၏ အသက်အရွယ် ကို နှိုင်း ယှဉ် ကြည့်လိုစိတ်ဖြင့် မေးမိ၏။


“ကိုယ့် သားတွေကို အတန်းကျောင်း မထားဘူး။ ဒီတော့ ဘယ်နှစ်တန်းအဆင့် ရှိသလဲ ကိုယ်မပြော တတ်ဘူး ၊ သူတို့ကို ကိုယ်ပဲ စာသင် ပေးထား တယ်၊ သစ်ပင်အမြင့် ကို ထောင့် ဒီဂရီ တွေနဲ့ တွက်တတ်အောင် ၊ သစ်တော ဧရိယာ တွေ ၊ တောထွက် တွေ တွက်တတ်အောင် သင်္ချာ သင်ပေးထားတယ်၊ သဘာဝ ရေနဲ့ လေထု ထဲက ဓာတ်ငွေ့ အချိုးအဆ တွေ ၊ ကာဗွန်ဒိုင် အောက်ဆိုက် အန္တရာယ်တွေ တွက် တတ်အောင် ဓာတုဗေဒသင်ပေးထားတယ်၊ ကမ္ဘာမြေထု နဲ့ ကျောက်လွှာ တွေ ၊ မြေဆီလွှာ တွေ သိအောင် ၊ ရာသီဥတု သိအောင် ပထဝီ လဲ သင် ပေးထားတယ်၊ သစ်တော တွေမှာ ရှိတတ်တဲ့ ထောင် နဲ့ ချီ နေတဲ့ အင်းဆက် မျိုးစိတ်တွေ ၊ မြေကြီး ထဲက ရေထဲက သက်ရှိ တွေ သိအောင် ဇီဝဗေဒ သင်ပေး ထားတယ်၊ မြန်မာစာ နဲ့ အင်္ဂလိပ် စာကို ကျွမ်းကျွမ်း ကျင်ကျင် ရေးတတ်ဖတ်တတ်တယ်၊ အောင်လက်မှတ် တွေတော့ မရှိဘူးပေါ့၊ ဝန်ထမ်း အလုပ်တော့ လုပ်လို့ မရဘူး ပေါ့၊ ဒါပေမယ့် သူတို့ နဲ့ သင့်တော်သလောက် ပညာကို တော့ သူတို့ တတ်ကြတယ်၊ တော်ပြီပေါ့”


ကျွန်မ သူ့ကို ပါးစပ် အဟောင်းသား ဖြင့် ငေးကြည့် နေမိတော့သည်။ ကျွန်မ ၏သားကြီးကို စီးပွားရေး ပညာရှင် တစ်ယောက် ဖြစ်ဖို့ ကျွန်မနှင့် ကိုနိုင် စီမံကိန်း ရေးဆွဲ ခဲ့ကြသည်။ အသက် ၁၆ နှစ် သာ ရှိသေးသော သား ကြီး သည် ယခုဆိုလျှင် စီးပွားရေး ဘာသာရပ် ၌တော်တော်စိတ်ဝင်စားနေပြီ။ ဈေးကွက် သူတေသန ၊ ကမ်ဘာ့ ဘဏ်လုပ်ငန်း၊ ငွေကြေး လည်ပတ်မှု ၊ ငွေကြေးဖောင်း ပွမှု စသည်တို့ အပေါ် အသက်အရွယ် ဥာဏ်အဆင့် အလိုက် တော်တော် လေ့လာ ပြီးနေပြီ။ ကျွန်မ က သားကြီး အတွက် ဂုဏ်ယူ နိုင်ရန် စိတ်ေ၇ာကိုယ် ပါ

အားသွန် ခွန်စိုက် ကြိုးစား နေချိန် တွင် သူကတော့ သူ့သား တွေကို ကျောင်း ပင် မထားခဲ့ ပါတဲ့။ ကျွန်မ သူ့ကို ဘယ် လို နားလည် ရမှန်း မသိတော့ပေ။


“ သားတွေက သဘာဝ တောတောင် ရေမြေနဲ့ တော်တော် ရင်းနှီး ကြတယ်၊ ချစ်ခင် ကြတယ်၊ တောတောင် တွေ ရှားပါး တိရစာန်တွေကို သူတို့ ထိန်းသိမ်း တတ်ကြမယ်၊ သစ်တော သုတေသနကို ကျွန်တော်နဲ့ ကျွန်တော့် မိန်းမ တတ်သလောက် သူတို့ တတ်ကြမယ်၊ သူတို့ မွေး လာမယ့် သားသမီး တွေကို သဘာဝ အကြောင်း အသက်ရှင် နေထိုင်မှု အကြောင်း သင်ပေးနိုင် မယ်၊ သဘာဝ ဘေးအ န္တရာယ် တွေကနေ ကာကွယ် ပေးနိုင် ကြမယ်၊ကျွန်တော်တို့ မျှော်မှန်း တဲ့ သား တွေရဲ့ အနာဂတ် ကတော့ အဲဒါ လောက်ပါပဲ”


ကျွ န် မ မသိ မသာ ခေါင်းယမ်း မိ၏။


“ရှင် က ရှင့် သား သမီး တွေရဲ့ အနာဂတ်ကို တားဆီး ပိတ်ပင် နေတာပဲ ကိုမြင့်ဆွေ ၊ သိပ်ကျယ်ပြန့် တဲ့ ကမ်ဘာကြီး ကို သူတို့ သိ အောင် ဖွင့် မပေး ဘူး ၊ သူတို့ အတွက် ရှင်ကိုယ်တိုင် ပဲ တံခါး တွေကို ပိတ်ထား တာပဲ”

ကျွန်မ လွှတ်ခနဲ ဝေဖန် လိုက်သော အခါ သူက ခေါင်း မာ စွာ ပြုံး ၏။


“အဲဒါတော့ နု မှား နေပြီ။ ကိုယ့်သား တွေ အတွက် ကိုယ် တံခါး ပိတ်မထားပါဘူး၊ အခု ကိုယ့် ကျောပိုး အိတ်ထဲမှာ ဘာ တွေ ပါမယ်လို့ ထင်လဲ၊ သားတွေ ဖတ်ဖို့ စာအုပ်တွေ ....”


သူက အိတ် ထဲမှ စာအုပ်များကို စိတ်လိုက် မာန်ပါ ထုတ် ပြသည်။ မဂ္ဂဇင်းစာအုပ်များ ၊ Environmental Crisis စာအုပ်များ ၊ အိုဇုန်း နည်းပါးခြင်း နှင့် ဂရင်း ဟောက်စ်အက်ဖက် စာအုပ်များ ၊ လေထု ညစ်ညမ်း မှု ၊ သစ်တော ကာကွယ်ရေး ၊ ကျွန်မ ပခုံးတွန့်လိုက် မိ၏။ လူငယ် တစ်ယောက် ရဲ့ အနာဂတ် ကို သူ့ စိတ်တိုင်း ကျ ကန့်သတ် မယ့် စာအုပ် တွေ ဟုသာ ကျွန်မ မြင်ပါသည်။


ကျွန် မ သူနှင့် လက်မထပ် ဖြစ်ခဲ့ တာ အလွန် မှန်ကန် သည်ဟု ဒုတိယ အကြိမ် စိတ်သက်သာ စွာ တွေး မိ၏။ ကိုနိုင် ကတော့ အစစအရာရာ လိုက်လျော တတ်သူ ပီပီ စာအုပ် များကို စိတ်ဝင်တစားလှန်လှော ဖတ်ကြည့် ကာ မျက်လုံး များ တောက်ပြောင် လျက် ရှိသည်။


“ ခင်ဗျား စာအုပ် တွေက ကောင်းသားပဲ၊ သူတို့ ဒီ အင်္ဂလိပ် စာ တွေ ဖတ်နိုင် သလား”


“ဝါကျ တွေက ရှင်း တာပဲ ၊ သူတို့ ဖတ် နိုင်ပါတယ်၊ တချို့ စကားလုံး တွေကို အဘိဓာန် ကြည့် ၊ တချို့ စကားလုံး တွေ ကျွန်တော့် ကို မေးပေါ့လေ”


ထို့နောက် ကျွန်မတို့ သုံးယောက် လုံး အတွေးကိုယ်စီဖြင့် ငြိမ်သက် သွားကြသည်။ အတန်ကြာ မှ သူက စကားဆက် ၏။


“ဟိုတလောက အမျိုးသမီး ဆရာဝန်တစ်ယောက် ရေးတဲ့ စာအုပ် တစ်အုပ် ကျွန်တော် ဖတ်လိုက် ရတယ်ဗျ၊ ကမ္ဘာဂြိုဟ် ထိန်းသိမ်း ရေးစာအုပ် နဲ့ တူ ပါရဲ့ ၊ တော်တော် ဖတ် လို့ ကောင်း တယ်၊ သစ်ပင် တွေဆိုတာ ကမ်ဘာကြီး ရဲ့ အဆုတ် တွေပဲတဲ့ ၊ သူတင်စား တာ တော်တော် ကောင်းတယ်၊ စကူ ထုတ် စက်ရုံ တွေ ၊ ပလစ်စတစ် စက်ရုံ တွေကြောင့် လေထု၊ ရေထု အဆိပ် အတောက် ဖြစ်တဲ့ အကြောင်း တွေလဲ ပါတယ်ဗျ ၊ စိတ်ဝင် စားစရာ ကောင်းတယ်၊ ရှားပါး တဲ့ သစ်တောကြီး တွေရဲ့ အဖိုးထိုက် တန် မှုကို လူ့ ယဉ်ကျေး မှုကပဲ ဖျက်ဆီး ပစ်လိုက် ပြီ ပေါ့ ဗျာ၊ ကျွန်တော်တို့ အဆိပ်ငွေ့ တွေကြား ထဲမှာ နေမှန်းမသိ နေနေကြတာပဲ၊ အင်း...ဒါပေမယ့် ခင်ဗျားတို့ ရန်ကုန် ပတ်ဝန်းကျင် နဲ့ စာရင် တော့

ကျွန်တော်တို့ ပတ်ဝန်းကျင် က အဆိပ်အတောက် ပိုနည်း မှာ ပေါ့၊ ဘာဖြစ်လို့လဲ ဆိုတော့ ကာဗွန်ဒိုင် အောက် ဆိုက် တွေကို သစ်တော တွေက စုပ်ယူ နေတာကိုး၊ နောက်ပြီး ဓာတု စက်ရုံ တွေလဲ မရှိ ဘဲကိုးဗျ၊ တောနေလူတန်းစား ကျန်းမာရေး ကောင်းတာ အဲဒီ အချက် လဲ ပါနိုင်တာပေါ့”


ကျွန် မ သူ့ကို အမှတ်တမဲ့ မျက်စောင်း ထိုးပစ်လိုက် မိတော့ သူတို့ နှစ်ယောက်လုံး ရယ်မော ကြသည်။


“အဲဒါတော့ အမှန် ပဲဗျ၊ ကျွန်တော်တို့ဟာ တရွေ့ရွေ့ နီး လာနေတဲ့ အ န္တရာယ် ကို ဘယ်သူမှ သတိ မထားမိကြဘဲကိုး၊ ဖားစမ်းသပ်ချက်ဆိုတဲ့ စကား တစ်ခု ခင်ဗျားလဲ ကြားဖူး မှာပေါ့ ကိုမြင့် ဆွေ၊ ဖား တစ်ကောင် ကို ရေအေး ထဲ မှာ ထည့်လိုက် ပြီးတော့အဲဒီရေကို နည်းနည်းချင်း မသိမသာ အပူပေးကြည့် ။ တဖြည်းဖြည်း ရေပူလာနေ တာကို ဖားက မသိဘူး။ နောက်ဆုံးအပူကြောင့် သေသာ သွားရော ဒီရေထဲက ထွက်ပြေးဖို့ ဖားက မစဉ်းစားဘူးဗျ။ ဒါပေမယ့် ပွက်ပွက်ဆူနေတဲ့ ရေပူထဲကို ရုတ်တရက် ဖားကို ထည့်ကြည့် လိုက် ဖားက အပူဒဏ်ကြောင့် ထခုန်ပြီး လွတ်သွားတတ်တယ်ဗျ။ ကျွန်တောတို့လည်း တဖြည်းဖြည်း အပူပေးခံရတဲ့ဖား လိုပဲ ပေါ့ ဗျာ”


နောက်ဆုံး တော့ သူတို့ နှစ်ယောက် ကို ကျွန်မ နှုတ်ဆက်ပြီး အိပ်ခန်းထဲ ဝင်လာခဲ့ သည်။ ယခုမှ တွေ့ဖူးသော ယောကျာ်း နှစ်ယောက်သည် အနှစ်နှစ်အလလ ရင်းနှီး ခဲ့သည့် မိတ်ဆွေ များကဲ့သို့ စကားအမျှင် မပြတ် ဘဲကျန်ရစ်ခဲ့ပါသည်။ နံနက် ငါးနာရီ မိနစ်နှစ်ဆယ် ကျမှ သားတို့ ရထား ဝင်လာသည်။ သား နှစ်ယောက် သည် ကြာမြင့် လှသော ခရီးကြောင့် နွမ်းနယ်မှုအရိပ်အယောင် မရှိ။ ရထား နောက်ကျသည့် အတွေ့ အကြုံ ကို သူ့ ထက်ငါ ဦးအောင် ဖအေအား ပြန်လည် ပြောပြ နေသော သားနှစ်ယောက် ကို ကျွန်မ ပြုံးကြည့် နေမိသည်။ ကျွန်မကိုတော့ ခပ်လှမ်းလှမ်း မှာ မတ်တပ်ရပ် နေသည့် ကို မြင့်ဆွေ က ပြုံးကြည့် နေခဲလေသည်။


“နောက်တစ်ခါ ရန်ကုန်လာဖြစ်ရင် မိသားစုပါခေါ် ခဲ့ပေါ့”


ကျွန်မက လှစ် ခနဲ ပြုံး ၍ ပြောမိတော့ သူခေါင်းယမ်း ပါ သည်။


“အမျိုးသမီး နဲ့ သားငယ်လေးက ရန်ကုန်ကို တစ်ခါမှ တောင် မေ၇ာက် ဖူးဘူး၊ သူတို့ က စိတ်လဲ မဝင်စား ဘူး ၊ ဒါပေမယ့် နုတို့ နဲ့ တွေ့ပေးဖို့ ခေါ် ကြည့်ပါဦးမယ်”


“ဒါနဲ့ သားကြီးက ဘယ်အရွယ် ရောက် နေပြီလဲ”


သူက ကျွန်မကို စူးစူးစိုက်စိုက် ကြည့် နေပြီး မှ သက်ပြင်း ရှိုက် ၍ မျက်နှာ လွှဲ ကာ ဖြေ ပါသည်။


“ဆယ့်ကိုးနှစ်”


“ ဪ ...”


ကျွန်မ တို့ နှစ်ယောက် ကြားတွင် ဘယ်သူက ရှုံး သည် ၊ ဘယ်သူ က နိုင်သည်ဆို သော မေးခွန်းက အရေးမကြီး တော့ပါ။ ကျွန်မက စောပြီး အိမ်ထောင်ကျခဲ့လျှင်လည်း သူ့ အပေါ် နိုင် စရာ အကြောင်း မဟုတ်သလို ၊ သူက စော ၍အိမ်ထောင် ပြုဖြစ်ခဲ့ သောကြောင့် လည်း ကျွန်မ သူ့အပေါ် မရှုံး နိမ့် နိုင်ပါ။ သို့ သော် ကျွန်မ၏ ရင်ထဲမှာ ပြောမပြတတ်သည့် ခံစား မှု တစ်ခု ခု ဖြစ်ပေါ် သွားတာတော့ သေချာပါသည်။ ထိုခံစားချက်သည် မကျေနပ်မှု လား ၊ ဝမ်းနည်း မှု လား ကျွန်မ ကိုယ်တိုင် ရေရေရာရာ မသိပါ။ ထို့ကြောင့်လည်း ကျွန်မ ဘာစကားမှ မပြော ဖြစ်ဘဲ ပြုံးရုံသာ ပြုံးနေခဲ့ပါသည်။


ကျွန်မတို့မိသားစု ဘူတာထဲမှ ထွက်လ သည့်အခါ လူ အုပ်ကြား မှ မြင့်မားစွာ ထင်းထင်းကြီး ရပ်လျက် ကျွန်မတို့ကို မျက်စိ တစ်ဆုံးလှမ်းကြည့် ရင်း သူကျန် ရစ်ခဲ့ပါသည်။

-------------------------------------------------

K Sharing Audiobook ၏ Social Media Channel များ

K Sharing Youtube

Telegram Channel

Facebook Page


Post a Comment

0 Comments