မြရဲ့လ - ဂျူး (ဝတ္ထုတို)

 ဝတ္ထုတို အမည် - မြရဲ့လ

စာရေးသူ - ဂျူး

Short Story


-------------------------------------------------

မြရဲ့လ


#ဂျုး


လပြည့်လသည် ကြည့်နေရင်းမှာပင် တရိပ်ရိပ် မြင့်တက်လာ၏။ လ၏ ရှေ့ဆီတွင် ပါးလျားသော တိမ်လိပ်တန်းတစ်ခု တရွေ့ရွေ့ ဖြတ်ကျော်လျက်ရှိသည်။

ပြာမှောင်သော ကောင်းကင်ပြင်တွင် ကြယ်ကလေးများ ဟိုတစ်စု သည်တစ်စု ပေါ်လာပြီ။ ကောင်းကင်ပြင်ကို အဆုံးအစ မမြင်ရပါ။ မိုးကုပ်စက်ဝိုင်းခြမ်း၏ ရှေ့ပိုင်း သုံးပုံတစ်ပုံကိုသာ မြင်ရပါသည်။ ကျွန်တော့် အထက်က ကောင်းကင်နှင့် ကျွန်တော့် နောက်က ကောင်းကင်ကို ကျွန်တော် မမြင်ရပါ။ ဤဒေသမှာ လူတွေ၏ အမြင်ဆိုင်ရာ ကျယ်ပြန့်မှု ကွင်းပြင်ကို ကန့်သတ်ထားသော အရာများစွာ ရှိပါသည်. ပက်လက်ကုလားထိုင်တစ်လုံး ပေါ်မှာသော်လည်းကောင်း၊ ခုတင် သို့မဟုတ် တန်းလျားထိုင်ခုံတစ်ခု ပေါ်မှာသော်လည်းကောင်း ပက်လက်လဲလျောင်းသည့်အခါ မိမိ မျက်နှာမူရာ တည့်တည့်ရှိ အထက်အရပ် မြင်ကွင်းသည် ကောင်းကင်ပြင် မဟုတ်ဘဲ မျက်နှာကျက် အုတ်အမိုးတစ်ခု ဖြစ်နေသည့်အခါ တစ်ခါတစ်ခါ တော်တော် ကသိကအောက် ဖြစ်ရပါသည်။ တကယ်တော့ ယခု ကျွန်တော့ အာရုံထဲမှာ ရှိနေသည့်တိမ်၊ ကြယ်ပွင့်၊ လနှင့် ကောင်းကင်ဟူသော အရာများကို ဘယ်တုန်းကမျှ ကျွန်တော် သတိတရ ဂရုထားခဲ့မိသည် မဟုတ်ပါ။ ကျွန်တော့်အထက်တွင် ကောင်းကင်ကြီး ရှိနေသည်ဟူသော အသိပင် ကျွန်တော့်မှာ မရှိခဲ့ပါ။ မြို့ပြ၏ စီးပွားရေးနှင့် လူမှုရေး သံသရာမှာ စိတ်ပါလက်ပါ လှည့်ပတ်နေထိုင်ရင်း ကျွန်တော်နှင့် သဘာဝတရားသည် ဝေး၍ဝေး၍ လာခဲ့သည်။ ဒါကိုလည်း ကျွန်တော် စိတ်အနှောင့်အယှက် မဖြစ်ခဲ့။ ကြယ်တွေ၊ လတွေကို မမြင်ရလို့လည်း မတမ်းတတတ်ခဲ့။ ကျွန်တော့်အလုပ်ကလည်း လတွေ၊ ကြယ်တွေ၊ တိမ်တွေနှင့် တော်တော်ဝေးပါသည်။ ဘဏ်လစ်မစ်တက် ဌာနခွဲတစ်ခုမှ ဝန်ထမ်းတစ်ယောက်သည် ငွေစုစာအုပ်များ၊ စာရင်းအင်းများ၊ ငွေစက္ကူများနှင့် လူမျက်နှာများ၊ လက်များကိုသာ တစ်နေ့ပြီးတစ်နေ့ တွေ့မြင်ရင်းနှီး နေခဲ့ရသည် ဖြစ်ရာ စိတ်ကူးသက်သက် အရာများဟု ထင်ရလောက်အောင် မိမိနှင့် ဝေးလံသော ထိုသဘာဝတရားကို လျစ်လျူရှုခဲ့သည်မှာ မထူးဆန်းပါ။ ထူးဆန်းသည်မှာ ယခုအခါ ထိုအရာများကို သတိတရ ရှာဖွေစောင့်ကြည့် တတ်လာခြင်းပင် ဖြစ်သည်။ လပြည့်လတစ်ခု မိုးကုပ်စက်ဝိုင်းမှ စတင် ထွက်ပေါ်လာချိန်မှစ၍ ခပ်မြင့်မြင့် ကောင်းကင်သို့ နေရာယူချိန်အထိ ကျွန်တော် စောင့်ကြည့်ငေးမောနေခဲ့သည်ကို ကျွန်တော့်ရုံးမှ လုပ်ဖော်ကိုင်ဖက်များ၊ ကျွန်တော့် အခန်းနီးချင်းများ၊ ကျွန်တော့် သူငယ်ချင်းများ သူတို့ သိသွားလျှင် တော်တော်အံဩကြပါလိမ့်မည်။ ကျွန်တော် ရူးသွပ်သွားပြီဟု မထင်ရက်သူများသည် ကျွန်တော် ခပ်ကြောင်ကြောင် ဖြစ်သွားပြီဟု ထင်ကြပါလိမ့်မည်။

ခင်ဗျားတို့ ကျွန်တော်နှင့် ပေါင်းသင်းဆက်ဆံရာတွင် စိတ်သန့်စေလိုသော စေတနာဖြင့် ကျွန်တော် ဤကိစ္စကို ပြောပြလိုပါသည်။ သို့သော် ဤကိစ္စမှာ ကျွန်တော် ကိုယ်တိုင်ပင် မရှင်းလင်းသော ပြဿနာဖြစ်၍ ခင်ဗျားတို့ကို ကျွန်တော် ယခုအချိန်မှာ မရှင်းပြနိုင်သေးပါ။ လသည် လူသားများကို ဆွဲဆောင်နိုင်ပါသလား။ ဆွဲဆောင်နိုင်သည် ဆိုလျှင် မည်သည့်ဂုဏ်သတ္တိများဖြင့် ဆွဲဆောင်နိုင်ပါသနည်း။ မည်သည့် အတိုင်းအတာ အထိ ဆွဲဆောင်လေ့ ရှိပါသနည်း။ ပြောရလျှင်တော့ လသည် ကျွန်တော့်အတွက် အလွန်ခက်ခဲသော ပုစၧာတစ်ပုဒ် ဖြစ်၏။ ထိုပုစ္ဆာကို ကျွန်တော့်အား မေးခဲ့သူမှာ ကျွန်တော့်ဇနီး ဖြစ်ပါသည်။ ကျွန်တော့်ဇနီးသည် အရာရာတွင် ခေတ်နောက်ပြန်ဆွဲသည့် အမြင်ရှိသူ ဖြစ်၏။ သူမကို သက်သက်ညှာညှာ ပြောရလျှင် ဂန္တဝင် အမြင်ရှိသူဟု ခေါ်နိုင်မည် ထင်ပါသည်. ဘယ်လောက်များ ဂန္တဝင်ဆန်လိုက်သလဲဆိုလျှင် နာမည်ကိုက “ခင်မြမြ” တဲ့။

သူ့ကို ကျွန်တော်က မြ ဟု ခေါ်ရပါသည်။

ကျွန်တော်တို့ ဇနီးမောင်နှံသည် တစ်ယောက်ကို တစ်ယောက် အလွန် ချစ်မြတ်နိုးကြပါသည်။ မြသည် တောမြို့ကလေးတစ်ခုတွင် မွေးဖွားကြီးပြင်းခဲ့၏။ ကျွန်တော်နှင့် လက်ထပ်ပြီးသောအခါ ကျွန်တော် နေထိုင်ရာ မြို့တော်ကြီးသို့ လိုက်ပါလာခဲ့သည်။ မြို့တော်ကြီးသို့ ရောက်ခါစ ကာလများ၌ မြသည် ဘဝကို ကျေနပ်ပျော်ရွှင်ခဲ့သည်ဟု ကျွန်တော်ထင်ပါသည်။ အံ့မခန်း လှပ ထူးဆန်းသော အဆောက်အအုံများ၊ မိုးသို့ ထိလုမတတ် မြင့်မားသည့် တိုက်ကြီးများ၊ နှစ်ထပ် မော်တော်ကားလမ်းများ၊ ယာဉ်သွားလာရန် ဆောက်ထားသည့် တံတားကြီးများ၊ မြစကူးချောင်းကူး တံတားကြီးများ၊ ခံ့ညားလှပသည့် ရုပ်ရှင်ရုံကြီးများ၊ အားကစားကွင်းနှင့် ဘူတာရုံကြီးများကို မြသည် တအံ့တဩ ငေးမောခဲ့ဖူး၏။ အဝေးပြေး ကားဂိတ်စခန်းသို့ ရောက်စဉ် လေယာဉ်ကွင်းဆီမှ အသံကျယ်လောင်စွာ မြည်ဟိန်းပြီး ကောင်းကင်သို့ တက်လာသည့် ဂျက်လေယာဉ်ကြီးများကို အထိတ်တလန့်၊ ထို့နောက် သဘောကျစွာ မော့ကြည့်ပြုံးရယ်ခဲ့ဖူးသည်။ လေအေးစက် တပ်ထားငည့် ဆလွန်းကားကို သဘောကျစွာ ကျေနပ်ခဲ့ဖူးသည်။ ကြီးကျယ်ခမ်းနားသော ကုန်တိုက်ကြီးများတွင် လိုချင်သမျှ ပစ္စည်းတို့ကို အမျိုးအမည် စုံလင်စွာ တွေ့မြင်ဝယ်ယူရသဖြင့် ကလေးတစ်ယောက် လိုပင် သဘောကျခဲ့ဖူးသည်။ မှန်နံရံများ၊ မှန်တံခါးများဖြင့် လေအေးစက် တပ်ထားသည့် ကျွန်တော့ ရုံးခန်းကို တစ်ရက် လိုက်လာစဉ်က ကျေနပ်နှစ်သက် သွားခဲ့ဖူးသည်။


ထို့ကြောင့်လည်း မြသည် မြို့တော်ကြီးမှာ ကျွန်တော့်ဇနီးအဖြစ် လူရာဝင်ရခြင်းအပေါ် ပျော်ရွှင်နှစ်သိမ့်နိုင်လိမ့်မည်ဟု ကျွန်တော် ထင်ခဲ့၏။ ရိုးသားဖြောင့်မှန်သော ဇနီးတစ်ယောက်ကို ရရှိထားရခြင်း အပေါ် ကျွန်တော်ကလည်း ဂုဏ်ယူကျေနပ်လိမ့်မည်ဟု ကျွန်တော် ထင်ခဲ့၏။ သို့သော် ကျွန်တော့် အထင်များ မှားယွင်းခဲ့သည်။ အဲဒါကိုလည်း ကျွန်တော် ချက်ချင်းမသိခဲ့။ တဖြည်းဖြည်းချင်း ကာလ ကြာမြင့်လာမှ အနည်းအပါး ကျွန်တော် ရိပ်မိခဲ့ရခြင်း ဖြစ်ပါသည်။ မြ အပေါ် ကျွန်တော် စိတ်ပျက်ရခြင်းမှာ မြသည် တိုက်ခန်းကျဉ်းကျဉ်းမှာ နေထိုင်ရသည့် ဘဝနှင့် ဘယ်လိုမျှ နေသားကျမလာခြင်းကြောင့် ဖြစ်သည်။ ဧည့်ခန်း၊ အိပ်ခန်း၊ ထမင်းစားခန်း၊ မီးဖိုခန်း ဟူ၍ ကျွန်တော်က တတ်နိုင်သမျှ အခန်းဖွဲ့ပေးခဲ့ သော်လည်း မြ၏ စိတ်က ကျဉ်းကျပ်နေသည်။ အဝတ်လှန်းစရာ နေရာတွေ အများကြီး ရှိပါလျက် ထမင်းစားခန်းနှင့် မီးဖိုခန်းမှာ ကြိုးတန်းတန်း၍ အဝတ်လှန်းချင် လှန်းသည်။ အိပ်ခန်းထဲမှာ မီးပူတိုက်လျှင် ရနိုင်ပါလျက်နှင့် ကျဉ်းကျပ်သည်ဟု ဆိုကာ ဧည့်ခန်း ဆက်တီခုံများကို ဘေးသို့ရွှေ့၍ ကြမ်းပြင်မှာ မီးပူ တိုက်ချင်တိုက်သည်။ ကျွန်တော်နှင့် အတူ ဧည့်သည်ပါလာ၍လည်း မြသည် သူမ၏ အလုပ်ကို နေရာရွှေ့ရန် စိတ်ကူးတတ်သူ မဟုတ်ချေ။ ကျွန်တော် ဧည့်ခန်းထောင့်မှာ မြေအိုးဖြင့် စိုက်ပျိုးထားသော ဂမုန်းပင်ကြီးကို မြက ရယ်မောနေတတ်သေးသည်။


“ဒါ ... သစ်ပင်တဲ့လားကွယ် ဒါကြီးကဖြင့် အစ်ကို့ ဧည့်ခန်းမှာ ရှုပ်နေရုံပဲ”


ကျွန်တော်က မျက်စိပသာဒ ဖြစ်သည်ဟု ထင်သောအရာများကို မြ မနှစ်သက်။


“ မြ ... ဒီစင်က အဲလို ပစ္စည်းတွေ ပွရှုပ်နေအောင် တင်ဖို့ မဟုတ်ဘူးကွ”


ကြိမ်စစ်စစ်ဖြင့် ပြုလုပ်ထားသော နံရံထောင့်ကပ်

သုံးဆင်းစင်ကလေးပေါ်မှာ မြသည် လက်လှမ်းမီသမျှ ပစ္စည်းများကို စုပြုံတင်ထားတတ်၏။ မျက်မှန်အိတ်လို၊ လက်သည်းညှပ်လို အရာဝတၳုမျိုး၊ လက်ပတ်နာရီလို၊ ဆေးပုလင်းလို၊ စိပ်ပုတီးလို၊ စတက်ပ်လာလို အရာဝတၳုမျိုးတွေကို စင်ပေါ်မှာ မြင်မကောင်း ရှုမကောင်း တင်ထားတတ်၏။


“ စင် ဆိုတာ ပစ္စည်းတင်ဖို့ မဟုတ်ဘူးလား အစ်ကိုရဲ့၊ ဒါဖြင့် အစ်ကို့စင်က ဘာတင်ဖို့ ထားတာတုံး”


ပန်းစိုက်အိုးလေး တစ်ခုတစ်လေ သို့မဟုတ် ပန်းပုရုပ် တစ်ခုတစ်လေ တင်နိုင်ရန် ထားသော စင်ဖြစ်သည်ဟု ပြောလျှင် မြက မျက်မှောင်ကြုတ်လေသည်။ ကျွန်တော့်စကားကို လက်မခံနိုင်သလို အမူအရာပင် ဖြစ်သည်။


“ မြ ... အဲဒါတွေ ရှင်းလိုက်စမ်းပါကွာ ... နောက်ကိုလဲ အဲဒီလို မတင်ပါနဲ့”


သို့သော် သုံးလေးပတ် ကြာသောအခါ စင်ပေါ်မှာ ပစ္စည်းမျိုးစုံ ရောက်နေပြန်တော့သည်။ ဆံပင်အုပ်ထူပြီး ရှည်လျားသော မြ အတွက် ကျွန်တော့်တိုက်ခန်း၏ ရေချိုးခန်း ကျဉ်းကျဉ်းကလေးမှာ ခေါင်းလျှော်ရခြင်းသည် ဆင်းရဲဒုက္ခပင် ဖြစ်သည်။ ထိုဒုက္ခသည် မြ၏

ဒုက္ခမဟုတ်၊ ကျွန်တော်၏ ဒုက္ခဖြစ်သည်။ ရေချိုးခန်းကြမ်းပြင်ရေထွက်ပေါက်မှာ တပ်ထားသော သံဆန်ခါကလေးတွင် အမှိုက်စများ၊ ဆံပင်မျှင်မျာ ရှုပ်ထွေး ပိတ်ဆို့နေသည့် အခါ ရေသည် ကြွေပြားကြမ်းပြင်ပေါ်မှာ ခြေမျက်စိ လျှံနေတော့သည်။


“မြ ... လာဦး”


သံဆန်ခါမှာ ကပ်ငြိနေသော အရာများအားပြ၍ ရှင်းလင်းသန့်စင်ခိုင်းသောအခါ မြသည် အနည်းငယ် တွန့်ဆုတ်စွာ နာခံ၏။ တစ်ခါတစ်ခါ သံဆန်ခါမှ ကျော်ပြီး ဘာပစ္စည်းတွေ ဘယ်လို ဝင်ရောက်သွားသည် မသိရဘဲ ရေထွက်ပေါက် လုံးဝ ပိတ်ဆို့ နေတတ်သေး၏။ ကျွန်တော် ကြိုးစားပြင်ဆင်၍ မရသောအခါ ရေပိုက်ပြင်သည့် အလုပ်သမား ခေါ်ယူရသည်။ ထိုကိစ္စအတွက် မြသည်သာ တရားခံဖြစ်သည်ဟု ကျွန်တော်က အပြစ်တင်လိုဟန်ကို မြက ရိပ်မိ၏။


“ကျွန်မတို့ဆီမှာတော့ ရေချိုးရင် ရေက ကျောက်ပြားပေါ်ကနေ လျှံကျပြီး မြေကြီးပေါ်က မြောင်းအတိုင်း သစ်ပင်တွေဆီ သွားတာပဲ။ ရေချိုးလို့လည်း ကောင်းမှကောင်း၊ အဝတ်လျှော်လို့လည်း ကောင်းမှကောင်း၊ အဝတ်လှန်းလို့လည်း ကောင်းမှကောင်း။ ခုလို ကျဉ်းကျဉ်းကျပ်ကျပ်နဲ့ ကျွန်မ အလုပ်မလုပ်တတ်ဘူးလေ။ ဒါလောက်ကလေး ဖြစ်တာပဲ အစ်ကို ကံကောင်းတယ်မှတ်ပါ”


မျက်စောင်းထိုးလျက် ရယ်မောတော့ ကျွန်တော့် ဒေါသတွေ ပြေလျောကျခဲ့ရတာပါပဲ။


“မင်းတို့ တောနဲ့တော့ လာမနှိုင်းနဲ့ပေါ့ မြရာ ...”


အစားအသောက် ချက်ပြုတ်ပြင်ဆင်ရာတွင် မြသည် ကျွန်တော့်အတွက် နည်းနည်းမျှ ရင်ခုန်ကျေနပ်ဖွယ်

မကောင်းသည့် အိမ်ထောင်ရှင်မတစ်ဦး ဖြစ်သည်။

ပရက်ရှာကွပ်ကာ ပေါင်းအိုးဝယ်ပေးထားပါလျက်ဘဲပေါင်း မပေါင်းတတ်၊ ဟင်းကို နူးအိနေအောင် ချက်ပေးသော်လည်း အနံ့အရသာကို ကျွန်တော် မနှစ်သက်နိုင်။ မြက ဟင်းတိုင်းမှာ နနွင်းမှုန့်တွေ ဝါထိန်ထည့်တတ်၏။ ယုတ်စွအဆုံး အစိမ်းကြော် ကြော်ရာတွင်ပင် နနွင်းမှုန့်တွေ ဝါထိန်နေတတ်၏။ တရုတ်ဟင်း၊ မြန်မာဟင်းနှင့် နိုင်ငံခြားဟင်းအထိ (ချက်ပြုတ်နည်းမျိုးစုံ) စာအုပ်များကို ဖတ်စေခဲ့သော်လည်း ကျွန်တောါ်ဇနီးသည် တစ်ခုမှ ဖြစ်မြောက်အောင် အကောင်အထည် မဖော်နိုင်။ ဝါးမျိုမကျသော ဟင်းတချို့ကို နှစ်သက်ဟန်ဆောင်တတ်သည် အထိလည်း ကျွန်တော်က သဘောထား မကြီးနိုင်။ ထိုအခါ မြနှင့် ကျွန်တော်သည် အသေးအဖွဲ ကိစ္စကလေးများမှ အစ သဘောထား ကွဲလွဲရန် ဖြစ်လာခဲ့သည်။


“ မြ ... ကိုယ် ခဏခဏ သင်ရတာလည်း မောနေပြီ။ ဘောင်းဘီကို ဘေးတိုက် မီးပူ မတိုက်ရဘူး။ ဟောဒီလို ရှေ့နောက်တိုက်ရတယ်။ ဖယ်ဖယ် မင်း မလုပ်တတ်ရင် ဖယ် ...”


“ကျွန်မမှ မတိုက်ဖူးတာ၊ အစ်ကိုနဲ့ရမှ ဘောင်းဘီကို လက်နဲ့ကိုင်ကြည့်ဖူးတာပဲ”


ကျွန်တော် တစ်ခါတစ်ခါ မြကို တော်တော် စိတ်ပျက်ရ၏။


“ ဘယ်သူကတော့ မွေးကတည်းက တက်လာမှာလဲ

မြရယ်၊ မင်းမှတ်ထားဖို့ ပြောတာပါ။ တစ်ခါမရရင် နောက်တစ်ခါပေါ့ စိတ်ဝင်စားရင် တတ်သွားတာချည်းပဲ။ မင်း စိတ်မဝင်စားလို့ မင်း မတတ်တာတွေပဲ”


ကျွန်တော်က အပြစ်တင်လျှင်လည်း မြက ထုံပေပေ အပြုံးဖြင့် ငြိမ်နေမြဲ ဖြစ်၏။ မြ စိတ်ကသိကအောက် ဖြစ်သွားမှာ မဟုတ်ပါဘူး ... ကျွန်တော် ထင်ခဲ့သည်။ သို့သော် မြသည် လျှို့ဝှက်တတ်သူ ဖြစ်လေသလား ကျွန်တော် မသိနိုင်ပေ။ မြက ကျွန်တော့်အပေါ် တစ်စုံတစ်ခု ညည်းညူလာသမျှသည် ကျွန်တော်နှင့် မပတ်သက်စေရဘဲ အခြားကိစ္စများအပေါ် စွပ်စွဲညည်းညူမှုများသာ ဖြစ်၏။


“ အစ်ကိုတို့ ရန်ကုန်က ဈေးသည်တွေက သိပ်အလေးခိုးတာပဲနော်။ မိုက်ရိုင်းလိုက်တာလဲ ပြောမနေနဲ့တော့။ လူကို အ-အ မှတ်နေသလား မသိဘူး”


တစ်ခါတစ်ရံ မြ ဈေးသွားလျှင် ဈေးသည်နှင့် ရန်ဖြစ်လာတတ်သေးသည်။


“ဟောဒီလောက်လောက် ဆန်ကောဝိုင်းကလေးထဲမှာ မဖြစ်စလောက် ကုန်ပစ္စည်း ကလေးကို ရင်းပြီး တစ်နေ့တစ်နေ့ တစ်ရာ့ငါးဆယ်၊ နှစ်ရာ မြတ်အောင် ရောင်းနေကြမှတော့ ဘယ်ကောင်းနိုင်ပါ့မတုံး အစ်ကိုရဲ့ ... ။ အားလုံး သူခိုးတွေ ဖြစ်ကုန်ရောပေါ့။ တန်ရာတန်ကြေး ပေးဝယ်နေရတဲ့ ဈေးဝယ်တွေကို စော်ကားနေတာပဲ”


မြသည် အသားငါးကို လက်ဖြင့် ဆကြည့်ခြင်း၊ မျက်စိဖြင့် မြင်ရခြင်းတို့ဖြင့်ပင် အလေးချိန်ကို မှန်းဆတတ်သူ ဖြစ်သည်။ သမာဓိချိန်ခွင်သို့ မကြာခဏ သွားရောက် ချိန်တွယ်သူမှာ မြ တစ်ယောက်သာ ရှိမည်ထင်၏။


“ဒီကလူတွေက မသိကြလို့များလားဟင် အစ်ကို” ဟု မြက စိတ်ရှုပ်စွာမေးဖူး၏။


“ဘယ် မသိ ရှိပါ့မလဲ မြရာ၊ သိမှာပေါ့။ ဒါပေမယ့် အားလုံးဟာ ကိုယ့်အလုပ်ကိစ္စတွေ မပြီးမှာ စိုးရိမ်နေရတဲ့ လူတွေ။ ခပ်သွက်သွက်လာ၊ ခပ်သွက်သွက်ပြန်။

ဒါတွေကို အချိန်ကုန်မခံနိုင်လို့ပဲ ဖြစ်မှာပေါ့”


ကျွန်တော် မသိနိုင်သော ကိစ္စအတွက် ကျွန်တော် မသိသော အိမ်ရှင်မများ၏ စိတ်ဓာတ်ကို ကိုယ်ချင်းစာပြီး ခန့်မှန်းပေးမိတော့ မြက မျက်မှောင်ကြုတ်၍ ခေါင်းယမ်း နေခဲ့ပါသည်။


“အစ်ကိုတို့ ရန်ကုန်က လေကလဲ မလတ်ဆတ်ဘူးနော်။ ကျွန်မတို့ မြို့မှာဆို လေက သိပ်လတ်ဆတ်တာပဲ၊ လယ်ကွင်းတွေဆီက ဖြတ်လာတဲ့လေ၊ သစ်ပင်တွေဆီက ဖြတ်လာတဲ့လေ၊ တောင်ကုန်းတွေဆီက ဖြတ်လာတဲ့လေ၊ မြစ်ပြင်ဆီက ဖြတ်လာတဲ့ လေ၊ အေးစိမ့်နေတာ အစ်ကိုရဲ့။ အခုဖြင့် ကျွန်မ အသက်ရှုရတာ မကောင်းဘူး။ ဆေးလိပ်တွေ ကလည်း သောက်လိုက်ကြတာ တစ်မြို့လုံး အဆိပ်တွေ ပြန့်နေပြီ ထင်တယ်”


ကျွန်တော် သောက်လက်စ စီးကရက်ကို မျက်စောင်းထိုး၍ ပြောတတ်သေး၏။


“ ကိုယ် ဆေးလိပ်သောက်တာ မြ မကြိုက်ဘူးလား”


သမီးရည်းစားဘဝတုန်းက ရင်ခုန်မှုမျိုးဖြင့် ကျွန်တော်က စနောက် ရယ်မော လိုသည့်အခါ မြ က မျက်နှာထား တည်တည်ဖြင့် ခေါင်းယမ်းခဲ့သည်။


“ အစ်ကို့ကို ဦးတည်ပြောနေတာ မဟုတ်ပါဘူး။ လူအားလုံး ကိုယ့်ကိုယ်ကို ဖျက်ဆီးနေကြတာကို မမြင်ချင်လွန်းလို့ပါ”


မြသည် မြို့တော်ကြီးနှင့် ပတ်သက်သမျှ မကောင်းသည့် အကြောင်းအရာများ ပြောလိုသည့်အခါတိုင်း မြို့တော်ကြီးကို ကျွန်တော် ပိုင်ဆိုင်သကဲ့သို့ စွပ်စွဲတတ်သည်။ အစ်ကိုတို့ မြို့ကြီး ... တဲ့။


“အစ်ကိုတို့မြို့မှာ ကောင်းကင်မှာ ကြယ်တွေ နည်းနည်းလေးရယ်နော်။ ကျွန်မတို့ ဆီမှာတော့ ကောင်းကင်မှာ ကြယ်တွေ အပြည့်ပဲ အစ်ကိုရဲ့ ...”


“ အရူးမ ...”


ကောင်းကင်သည် ကမ္ဘာကြီးတွင် သည်တစ်ခုသာ ရှိသည် မဟုတ်လား။ ကျွန်တော်တို့မြို့က ကောင်းကင်နှင့် မြတို့ မြို့က ကောင်းကင် တစ်ခုတည်းပဲ မဟုတ်လား။


သို့သော် မြ ပြောတာ မှန်ပါသည်။ ကျွန်တော်တို့ မြို့တော်ကြီးတွင် လူဦးရေ ထူထပ်မှု၊ သစ်ပင်နည်းပါးမှု၊ စက်ရုံအညစ်အကြေး အငွေ့များ၊ မော်တော်ကား အိပ်ဇောငွေ့များ၊ ဆေးလိပ်အငွေ့များ၊ ညှော်ငွေ့များ များပြားမှု၊ ဓါတ်ငွေ့များ များပြားမှု စသည့် အချက်များကြောင့် ကောင်းကင်တွင် မှိုင်းများဖြင့် ပြည့်ကျပ်နေနိုင်သည်။ ကောင်းကင်က တိမ်များ၏ အောက်ပိုင်းတွင် ဓာတ်ငွေ့မှိုင်းများဖြင့် ပိတ်ဆို့နေနိုင်သည်။ ထိုအခါ ကျွန်တော်တို့သည် အာကာသတွင် တည်ရှိနေသော ကြယ်များကို အတိုင်းအဆ မရှိ ထိုးဖောက်မြင်နိုင်စွမ်းမည် မဟုတ်ပေ။


“အစ်ကိုတို့ မြို့မှာ လူတွေက ပြုံးတဲ့အခါ မျက်လုံးက

မပြုံးဘူးနော်။ ပါးစပ်ကပဲ ပြုံးကြတယ်”


ရှာရှာဖွေဖွေ မြက ပြောတော့ ကျွန်တော် ရယ်မောပစ်လိုက်ရသည်။ ကျွန်တော်သည် ဘဝမှာ အရေးထားဆုံးက စာရင်းများ၊ ဂဏန်းများ၊ ငွေစက္ကူများသာ ဖြစ်၏။ လူတွေ၏ အပြုံးကို ခွဲခြားစိစစ်ရန်လည်း ကျွန်တော့်မှာ အချိန်မရပေ။ ကျွန်တော်တို့ အားလုံးသည် အရာရာကို အချိန်လု၍ ပြီးစီးအောင် ဆောင်ရွက် လုပ်ကိုင်နေကြရသူများ ဖြစ်သည်။


ကျွန်တော့်ဇနီးကတော့ ကျွန်တော် ရုံးသွားနေစဉ် တစ်ချိန်လုံး တိုက်ခန်းမှာ အကူ မိန်းကလေးတစ်ယောက်နှင့် ပျင်းရိငြီးငွေ့စွာ ကျန်ရစ်နေခဲ့သည်ဆိုတော့ သူမမှာ တွေးစရာ ကိစ္စများ များပြားလိမ့်မည်။ ကျွန်တော် ထိုက်သင့်သလောက် သဘောပေါက်ထားခဲ့ပါသည်။ သို့သော် ကျွန်တော်သိရသလောက်တော့ ကျွန်တော်နှင့် သမီးရည်းစားသက် သုံးနှစ်၊ အိမ်ထောင်သက် သုံးနှစ်၊ စုစုပေါင်း ခြောက်နှစ်ကာလ ကြာမြင့်ခဲ့သည့်တိုင်အောင် ကျွန်တော့်ဇနီး မြသည် စိတ်ကူးယဉ်တတ်ခဲ့သူ မဟုတ်ပါ။


တစ်ခါတုန်းက ညနေချမ်းအချိန် ကျွန်တော် ရုံးမှ အပြန်၌ ကျွန်တော်တို့အခန်း ဝရန်တာသို့ မော့ကြည့်လိုက်သောအခါ မြကို ဝရန်တာမှာ ရပ်လျက်ရှိသည်ကို မြင်ရသည်။ အရာရာကို ရိုးစင်းစွာ တွေးတတ်သူ မြ၏ ကိုယ်စား မြ၏ အတွေးကို ကျွန်တော် နားလည် လိုက်သည်မှာ မြသည် ပျင်းရိငြီးငွေ့စွာပင် ခင်ပွန်းသည်ကို မျှော်နေခြင်း ဖြစ်လိမ့်မည် ... ဟူ၏။ သို့သော် ကျွန်တော့်အထင် မှားခဲ့ပါသည်။


“ မြ ... ဘာလုပ်နေတာလဲ၊ ကိုယ် နောက်ကျလို့လား၊ ၁၅မိနစ်လောက်ပဲ နောက်ကျတာပါ မြရဲ့”


“ မဟုတ်ပါဘူး အစ်ကိုရဲ့ ... ကျွန်မ ဟောဟိုက တိမ်တွေကို ကြည့်နေတာပါ”


မြ၏ မသိနားမလည်စွာ ရိုးအ မှုကို ကျွန်တော် ရယ်မောမိသေး၏။ လည်ပတ် ပါးနပ်သော မိန်းမဆိုလျှင် ခင်ပွန်းသည်၏ စိတ်ခံစားမှု နူးညံ့နှစ်သိမ့်အောင် ရေလိုက်

ငါးလိုက် လျှောချကာ လိမ်ညာပေးမိ ပေလိမ့်မည်။

မြ ကတော့ ဖြောင့်မှန်သည်ဟုပဲ ချီးကျူးရမှာလား မသိ။ နားမလည်ရန်ကောဟု အပြစ်ဆိုရမလား ကျွန်တော် မတွေးတတ်ပါ။ ကျွန်တော့် ဇနီးသည် တိမ်တွေကို ချစ်ရလောက်အောင် စိတ်ကူးယဉ်တတ်သူ မဟုတ်ကြောင်း ကျွန်တော်သိနေ၍ ပို၍ပင် နားမလည်နိုင်အောင် ဖြစ်ရပါသည်။ ထွေထွေထူးထူးလည်း ဆက်လက် မမေးမြန်းမိပါ။ တလောဆီကတော့ ကျွန်တော့်ဇနီးသည် သူမ ရောက်ခဲ့သော သို့မဟုတ် နေထိုင်ခဲ့ဖူးသော တောမြို့ကလေးများအကြောင်း စိတ်လိုလက်ရ ပြောပြနေခဲ့၏။

မြ ပြောပြသည့် မြို့ကလေးသည် လူဦးရေ လေးငါးထောင်သာရှိသော မြို့သေးသေးကလေး ဖြစ်သည်။ ပတ်ဝန်းကျင်တွင် လယ်ကွင်းများ၊ ယာခင်းများ ရှိသည်။ လူအများသည် စပါးစိုက်ခြင်း၊ ဆန်ကြိတ်ခြင်း၊ ဝါစိုက်ခြင်း၊ ပြောင်း၊ ပဲ၊ နှမ်းတို့ စိုက်ပျိုးခြင်းဖြင့် အသက်မွေးကြသည်။ ဟောင်းနွမ်းသော ပျဉ်ထောင်အိမ်ကြီးများသည် ရေနံချေးဝ၀ စုတ်ထားသဖြင့် မည်းနက် တောက်ပစွာ ခိုင်ခံ့နေ၏။ တိုက်ဆိုလျှင်လည်း ထုထည်ထူထဲသော အုတ်နီတိုက်အဟောင်းများ ဖြစ်၏။ ဈေးသည် နံနက်ခင်းမှာသာ စည်ကားပြီး နေ့လယ်၊ ညနေတို့တွင် ဈေးရောင်းသူရော၊ ဝယ်သူရော မရှိသလောက်ပင် ဖြစ်သည်။


“အဲဒီမှာ ဈေးသည်တွေက အလေးမခိုးဘူး အစ်ကိုရဲ့။ အားလုံးက ကျွန်မတို့ကို သိနေကြတယ်။ အားလုံးက သူ့ထက်ငါ အလေးမှန်မှန်နဲ့ ပိုပိုသာသာ ချိန်ပေးတတ်ကြတယ်။ သူတို့ အပြုံးတွေက နှစ်ပေါင်းဆယ်နှစ် ဆယ့်ငါးနှစ် ရင်းနှီးလာတဲ့ အပြန်အလှန် မိတ်ဆွေတွေရဲ့ အပြုံးစစ်စစ်တွေလေ”


မြို့သေးသေးလေးတွင် လူတိုင်းသည် မြကို သိပြီး မြကလည်း လူတိုင်းကို သိပေလိမ့်မည်။ ကျွန်တော် မြို့တော်ကြီးမှာ နေထိုင်ရခြင်း အကြောင်းရင်းများစွာထဲတွင် ဝင်ငွေကောင်းခြင်း၊ ဘဝရပ်တည်မှု တိုးတက်ရန် နည်းလမ်းများပြားခင်း၊ လူမှုရေး အဆင့်အတန်း မြင့်မားခြင်းတို့နှင့်အတူ မိမိအား လူတွေက မသိခြင်း၊ မိမိကလည်း လူတွေကို မသိခြင်းဆိုသည့် အကြောင်းရင်း တစ်ခုလည်း ပါဝင်၏။ မိမိကို မသိသောလူများ၊ မိမိက မသိသောလူများကြားတွင် ကျွန်တော်သည် ဘဝကို လုံခြုံစွာ၊ လျှို့ဝှက်စွာ၊ ထို့ပြင် ငဲ့ကွက်စရာမရှိစွာ ဖြောင့်ဖြောင့်တန်းတန်း နေနိုင်ခဲ့သည်ဟု ကျွန်တော် ကျေနပ်ခဲ့၏။ မြနှင့် ကျွန်တော်သည် နှစ်သက်မှု တော်တော်များများတွင် ဆန့်ကျင်ဘက် ဖြစ်နေခဲ့သည်။


“နောက်ပြီး မြတို့ မြို့မှာ ထောင်မရှိဘူး အစ်ကို။ ရဲစခန်းတော့ရှိတယ်။ အချုပ်ခန်းသေးသေးကလေး ရှိတယ်”


ကျွန်တော်ရယ်မိသည်။


“အဲ့ဒါ သူခိုးဓါးပြ မရှိဘူးလို့ ကြွားချင်တာလား မြရဲ့။

မြတို့မြို့မှာ မရှိပေမယ့် မြတို့ဆီက လူဆိုးလူကောက်တွေကို တခြားမြို့မှာရှိတဲ့ ထောင်ကို ပို့ပေးနေတာကိုး”


“မဟုတ်ဘူး အဲဒီလိုဆိုချင်တာမဟုတ်ပါဘူး။ မြတို့ မြို့မှာ ထောင်ဟာ အရေးမကြီးဘူး။ အဲ့ဒါကို ပြောမလို့”


လူဦးရေ လေးငါးထောင်ရှိသည့် မြို့မှာ ထောင်ဟာ အရေးကြီးနေလျှင်တော့ ထိုမြို့သည် အမေရိကန်ရုပ်ရှင်ကား တွေထဲကလို ဒုစရိုက်မြို့ကလေးသာဖြစ်တော့မှာပေါ့။ သို့သော် ကျွန်တော်ဘာမှ မပြောပါ။ မြ ဘာပြောချင်သလဲ ဆိုတာကို ကျွန်တော်သိဖို့ မကြိုးစားခဲ့မိပါ။


“ကျွန်မတို့မြို့မှာ ရေစက်ကနေ ရေဝေတာမဟုတ်ဘူး အစ်ကို၊ မြေကြီးထဲကနေ တိုက်ရိုက်တူးယူရတာ၊ ရေတွင်းတွေ အများကြီးရှိတယ်။”


“အဲဒီတော့ ...”


“အဲဒီတော့ ရေဟာ သန့်စင်နေတာပေါ့။ ဘာသံချေးအနံ့မှ မရှိဘူးလေ၊ ကြည်နေတာပဲ။ နောက်ပြီး လျှပ်စစ်မီးမလာလို့ မော်တာ မလည်နိုင်တာမျိုး၊ ရေမတင်နိုင်တာမျိုးလဲ မရှိဘူးပေါ့”


“ရေကို တွင်းထဲကနေ ဘာနဲ့ခပ်ယူလဲ။ တွင်းက ဘယ်လောက်နက်သလဲ”


ကျွန်တော် မြကို စ နောက်ချင်စိတ်ဖြင့် ခပ်တည်တည် မေးခဲ့၏။


“ကုန်းအနိမ့်အမြင့်ကို လိုက်လို့ပေါ့ အစ်ကိုရဲ့။ တစ်ချို့တွင်းတွေ အတောင် ၂၀ လောက်နက်တယ်။ တစ်ချို့နေရာ တွေမှာ လေးငါးခြောက်တောင်နဲ့ ရေထွက်တယ်လေ။ ရေကိုငင်ယူတော့ ရေပုံးမှာ ကြိုးတပ်ပြီး ငင်ယူရတာပေါ့။ တစ်ချို့တွင်းတွေမှာ ဘေးတိုင်တစ်တိုင်စိုက်၊ အထက်မှာ တန်းပစ်ပြီး စက်သီးချိတ် ထားလို့ရတဲ့ နေရာလေးတွေ ရှိတယ်။ ကိုယ့်စက်သီးနဲ့ကိုယ် ရေပုံးကြိုးလျှောချပြီး ငင်လို့ရတယ်။ တစ်ချို့တွင်းတွေက စက်သီးတိုင်မပါဘူး။ ဒီတော့ ဒီအတိုင်းပဲ လက်နဲ့ ငုံ့ဆွဲငင် ယူရတာပဲ”


“ဒီတော့ မြတို့လက်တွေ နာမှာပေါ့။ ဘယ်လောက်ပင်ပန်းလိုက်တဲ့ ဘဝလဲနော်”


ကျွန်တော်က သနားဂရုဏာ သက်ဟန်ဖြင့် မသိသားဆိုးဝါးစွာ မှတ်ချက်ချတော့ မြက ပြုံးနေ၏။


“ အို... အဲ့ဒါ ပျော်စရာကောင်းပါတယ် အစ်ကိုရဲ့။ တကယ် လက်နာမခံနိုင်ဘူး။ ငွေကြေးလည်း တော်တော်သင့်သင့် ရှိတယ်ဆိုရင် ကိုယ့်အိမ်မှာ မော်တာနဲ့စုပ်ယူတဲ့ အဝီစိတွင်းတွေ တူးနိုင်သားပဲ”


မြတို့ မြို့တွင် သစ်ပင်ကြီးများသည် ကြီးမားလှ၏။

လူတစ်ယောက်လက်ဖြင့် ဖက်၍ မနိုင်အောင် အဆမတန် ကြီးမားသော ပင်စည်များရှိကြသည်။ သစ်ရိပ် ဝါးရိပ်ဖြင့် မြို့သည် ငြိမ်းချမ်းအေးမြလှ၏။ တစ်ဖက်မှာ တောင်တန်း၊ တစ်ဖက်မှာ မြစ်၊ ရာသီဥတု သည် နှစ်သက်စဖွယ်ရှိသည်။


“ကျွန်မတို့မြို့မှာ ဆောင်းဥတုဟာ ဆောင်းဥတုနဲ့တူအောင် အေးတယ် အစ်ကို။ နွေဥတုမှာတော့ သစ်ရွက်တွေ တကယ် ကြွေကြတယ်။ တောင်လေ တကယ်လာတယ်။ လေဟာ ခြောက်သွေ့ပြီး လတ်ဆတ်နေတာ၊ သစ်ပင်ရိပ်ကြောင့်သာ သိပ်မပူဘဲ အေးစိမ့်နေတာကိုး”


ရာသီသုံးမျိုးတွင် ထင်ရှားကွဲပြားစွာ တွေ့မြင်ရသော သက်ဆိုင်ရာ ရှုခင်းများကို ကျွန်တော့် ဇနီးက မှန်းဆ

မြင်ယောင်သော မျက်လုံးများဖြင့် ပြောပြခဲ့ပါသည်။


“မြ .. ဒီမှာနေရတာ မပျော်ဘူးလား”

ကျွန်တော် မြအား စူးစိုက်စွာကြည့်ရင်း မေးမိတော့

မြက ကျွန်တော့်ကို ပြုံးရယ်ကာ ခေါင်းယမ်းပြခဲ့၏။


“အို.. အဲလို အဓိပ္ပါယ်နဲ့ ပြောတာ မဟုတ်ပါဘူး

အစ်ကိုရဲ့”


ယခုမှ ကျွန်တော်သတိထားမိသည်။ မြသည် ဤနေရာမှာနေရတာ ပျော်ပါသည် ဟုတော့ မဖြေခဲ့ပါ။ ကျွန်တော်

မြကို စိတ်နှင့်မတွေ့သည့်အခါ ဆူပူကြိမ်းမောင်းမိသည့် အဖြစ်များကို ယခုအခါ ပြန်လည် စဉ်းစား ပုံဖေါ်ကြည့်မိတော့ မြ၏ မျက်ရည်များတွင် နာကြည်းမှုများ မပါဝင်ပါဘူးဟု စိတ်သက်သာရာ ရမိသည်။ ကျွန်တော်နှင့် မြ ကတောက်ကဆ စကားများပြီးလျှင် ကျွန်တော်ကသာ ဗြုန်းခနဲ အလျှော့ပေးပြီး ထထွက်သွားရသည်ချည်း ပင်ဖြစ်ပါသည်.. ဟု ကိုယ့်ကိုယ်ကို လုံခြုံစွာ ဆင်ခြင်ပေးမိ၏။ ညဥ့်နက်မှ အိမ်သို့ ပြန်ဝင်လေ့ရှိပြီး အိမ်သို့ရောက်သည့်အခါတိုင်း ကျွန်တော့်ဒေါသတွေက ပြေပြီးပြီ။


* * *


မြကို ပုံမှန်အတိုင်း နူးညံ့သာယာစွာ စကားပြောဖို့ အဆင်သင့် စိတ်ထားမျိုးဖြင့် ကျွန်တော် အိမ်ပြန်လာလေ့ရှိပါသည်။ သည့်အတွက် ကျွန်တော်သည် ကိုယ့်ကိုယ်ကို သဘောထား ကြီးမြင့်သော ယောကျာ်းအဖြစ် ကျေနပ်ဂုဏ်ယူ လေ့လည်း ရှိပါသည်။ သို့သော် ယခုအချိန်ကျမှ ကျွန်တော် မှန်းဆပုံဖေါ် တွေးမိပြန်သည်မှာ ကျွန်တော်နှင့် စကားများ ရန်ဖြစ်ပြီးနောက် ကျွန်တော် အိမ်ထဲမှ ထွက်ခွာသွားသော အချိန်တိုင်း မြသည် သူမ၏ ဒေါသများ၊ နာကြည်းမှုများ၊ ဝမ်းနည်းမှုများကို ဘယ်လို ဖြေဖျောက် လမ်းလွှဲယူလဲ။ ယောကျာ်းနှင့် မျက်နှာချင်းဆိုင် ရန်တွေ့ ဖြေရှင်းချင်သေးသော သူမရင်ထဲမှ စကားများကို ဘယ်မှာသွန်ချ၍ ကုန်ဆုံးစေခဲ့ သလဲ။ ဒါတွေကို ကျွန်တော်မသိပါ။ ကျွန်တော်သိသည်မှာ ကျွန်တော် ဒေါသပြေပြီး အိမ်ပြန်ရောက်လာချိန်တွင် မြသည် ဝရန်တာမှာ ထွက်၍ မတ်တတ်ရပ်ပြီး ကောင်းကင်သို့ မော့ကြည့်နေတတ်၏။ ကောင်းကင်မှာ တိမ်လိပ်တွေ ရှိချင်ရှိမည်။ သို့မဟုတ် လခြမ်းကွေးကလေး ရှိချင်ရှိမည် သို့မဟုတ် လပြည့်ဝန်းရှိချင်ရှိမည်။ သို့မဟုတ် ကြယ်အနည်းအပါး ရှိချင်ရှိမည်။


“မြ” ဟု ကျွန်တော် စတင်နှုတ်ဆက်သည့်အခါ မြသည် ဘာမျှ နာကျင်မှုမရှိ ပကတိ ရှင်းလင်းသော မျက်နှာပေးဖြင့် “အစ်ကို” ဟု ညင်သာစွာ ထူးတတ်သည်။ ကျွန်တော်က လက်နှစ်ဖက်ကို ကမ်းလျက် ပြုံးပြလိုက်သည့်အခါ မြသည် ကျွန်တော်တို့ နှစ်ဦးအကြား ဘာမျှ အတားအဆီး မရှိခဲ့ဖူးလေဟန်ဖြင့် ကျွန်တော့်ရင်ခွင်ထဲသို့ အလိုက်သင့် ဝင်ရောက်လာတတ် လေသည်။

အိမ်မှ ဆင်းဆင်းချင်း လှေကား အချိုးအကွေ့များမှာ တွေ့ရာ နံရံကို လက်သီးဖြင့်ထိုးလျက် ဒေါသကို လမ်းကြောင်းလွှဲပစ်ခဲ့သော ကျွန်တော့်အဖြစ်ကို မြမသိ။ ထို့အတူပင် ကျွန်တော်မရှိသည့် အချိန်ကာလအတွင်း မြ၏ ဒေါသတို့ကို ဘယ်အရာဖြင့် လမ်းကြောင်း လွှဲပစ်ခဲ့ရသလဲဟု မြကို ကျွန်တော် မမေးမိ။ မမေးခဲ့မိပါ။ ပထမပိုင်း ကာလများဆီကတော့ မိန်းမ တစ်ယောက်၏ ဒေါသကို လမ်းကြောင်းလွှဲပေးစရာ ပစ္စည်း ကိရိယာအစုံအလင် မီးဖိုချောင်ထဲမှာ ရှိသည်ဟု စိတ်ချထားခဲ့၏။ မြသည် ကြက်ဥများကို ပေါက်ခွဲပစ်နိုင်သည်။ ဖန်ခွက်များ၊ ြွကေပန်းကန်များကို ပေါက်ခွဲပစ်နိုင်သည်။ သို့သော် နောက်ပိုင်းမှာ ထိုသို့မဟုတ်မှန်း ကျွန်တော် သိလာခဲ့သည်။ မြသည် ကျွန်တော့်အပေါ် သက်ရောက်နေသည့် သူမ၏ ဒေါသ အတွက်ဘယ်အရာဖြင့် အစားထိုးပေးခဲ့သလဲ။ ဘယ်အရာအပေါ် လမ်းလွှဲပေးအပ်ခဲ့သလဲ။ ကျွန်တော် မသိနိုင်တော့သည့် အခြင်းအရာသာ ဖြစ်ပါသည်။ ဝရန်တာမှာ မျှော်ကြည့် မော့ကြည့်တတ်သည့် မြ၏ အကျင့်ကို ကျွန်တော် အိမ်ပြန်ချိန်အား စောင့်မျှော်ရာမှ ရသည့် အကျင့်ဟုပင် ကျွန်တော်ထင်ခဲ့သည်။

မြို့တော်ကြီးကို မြ စိတ်ကုန်လာသည်ကို ကျွန်တော်သိသောအခါ မြ၏ စိတ်အပြောင်းအလဲအတွက် ခရီးထွက်ရန် ကျွန်တော် ကြိုတင်ကြံစည်ခဲ့ပြီး မြကို အနီးကပ်အချိန်ရောက်မှ ဖွင့်ပြောခဲ့သည်။


“မြရေ.. ကိုယ်တို့ ဟောဒီမြို့ကြီးကနေ ဆယ်ရက်လောက် ထွက်ပြေးကြစို့လား။ မြသွားချင်တဲ့ တောင်တန်းတွေ၊ လယ်ကွင်းတွေ မြစ်တွေဆီ၊ နောက်ပြီး လတ်ဆတ်တဲ့ လေတွေဆီကို သွားကြမယ်။”


ကျွန်တော် မျှော်လင့်ထားသည်က မြသည် မျက်ဝန်းများ တောက်ပလျှက် တအံ့တဩ ကြည်နူးပျော်ရွှင်စွာ ရယ်မောပေလိမ့်မည် ဟူသည့် အဖြစ်အပျက်။ သို့သော် တကယ်တမ်းကျတော့ မြသည် မထူးခြားသော သာမန်အပြုံးကလေးဖြင့် လက်ခံခဲ့သည်။


“မြတို့ ရွာကလေးကို သွားလည်ချင်သလားမြ”


မြက ဖြည်းညင်းစွာ ခေါင်းခါယမ်းပါသည်။


“အဲ့ဒီမှာ အဖေလည်း မရှိတော့ဘူး။ အမေလည်း မရှိတော့ဘူးလေ အစ်ကို။ ကျွန်မ တွယ်တာစရာ ဘာမှ မရှိတော့တာ၊ ကျွန်မရဲ့ မြို့ကလေးဟာ တစ်ခြားမြို့ကလေး သုံးလေးဆယ် လိုပါပဲ၊ ပိုပြီး မထူးခြားနိုင်ပါဘူး။ အစ်ကို သွားချင်တဲ့မြို့ကို သွားကြတာပေါ့”


ကလေး၊ ပင်းဒယ၊ မန္တလေး၊ စစ်ကိုင်း နှင့် ပုဂံ၊ ညောင်ဦး မြို့များသို့ ခရီးထွက်ရန် ကျွန်တော် ဆုံးဖြတ်လိုက်ရပါသည်။ ရထားခရီးစဉ်၊ ကားလမ်းခရီးစဉ်နှင့် မြ၏ စိတ်ကြည်လင်မှုအတွက် သဘ်ော ခရီးစဉ်ကိုပါ ထည့်၍ စီစဉ်လိုက်ပါသည်။ တောင်ပေါ် ဒေသရှုခင်း၊ အညာရှုခင်း၊ ဘုရားစေတီပုထိုးများ ရှုခင်းနှင့်အတူ အဆုံးမရှိ ကျယ်ပြန့်လှသော ကောင်းကင်ပြင်နှင့် မရေမတွက်နိုင်အောင် များပြား ပြည့်နှက်နေသော လင်းလက်သည့် ကြယ်ကလေးများ၏ ရှုခင်းသည် မြကိုသာမက ကျွန်တော့်ကိုပင် ကြည်နူး လှိုက်လှဲစေခဲ့သည်။ ပြန်တွေးကြည့်တော့ ထိုခရီးကာလ ဆယ်ရက်သည် ကျွန်တော်နှင့် မြအကြားမှာ ဘာရန်စကားမှ မဆိုရသော၊ ဘာဒေါသမှ မထွက်ရသော ချမ်းမြေ့ ဆိတ်ငြိမ်သည့် အဖိုးတန်ကာလ ကလေးပဲ ဖြစ်သည်။ နောက်နှစ်တွေမှာလည်း သည့်ထက်ပို၍ ရက်အားရအောင် စီစဉ်ပြီး မြနှင့် ကျွန်တော် နှစ်ယောက်အတူ ခရီးထွက်ကြမည်။ ဆယ်ရက်တာမျှ ငြိမ်းချမ်းကြည်နူးစွာ အသစ်ဖြစ်တည်သော ချစ်ခြင်းဖြင့် ကျွန်တော်တို့ နှစ်ယောက်သည် လာမည့် တစ်နှစ်တာ ကာလကို ရင်ဆိုင်ရင် ခွန်အားသတ္တိများကို ရရှိပေလိမ့်မည်။ ထိုအတွေးသည် ကျွန်တော့်ရင်ထဲမှာသာ တိုင်တည်ဆုံးဖြတ်လျက် မြကို မပြောမိသော အတွေးဖြစ်သည်။ မြကို ဘာကြောင့် မပြောမိပါလိမ့်ဟု ပြန်တွေးကြည့် တော့လည်း ရေရေရာရာမသိ။ ပြောဖို့စဉ်းစားပြီး မပြောလိုက် မိတာလား။ သို့မဟုတ် ပြောဖို့ကို သတိမရတာလား၊ ကျွန်တော် မခွဲခြားနိုင်ခဲ့ပေ။


ကျွန်တော် ဘယ်တော့မျှ မမေ့နိုင်တော့မည့် ညတစ်ညရှိသည်။ ထိုညသည် ကျွန်တော်တို့ ခရီး၏ နောက်ဆုံးည ဖြစ်သည်။ ပုဂံညောင်ဦးမှ အပြန်တွင် ကျွန်တော့်ဆွေမျိုးများ ရှိသော မြို့သေးသေးကလေး တစ်မြို့မှာ ကျွန်တော့် ဆန္ဒဖြင့် တစ်ရက် ဝင်နားခိုကြသည်။ ထိုကာလသည် ကျွန်တော်နှင့် မြ၏ ဘဝမှ နှုတ်ယူ၍ရလျှင် ပြန်နှုတ်ယူ လိုက်ချင်သော ကာလကလေး ဖြစ်၏။ တကယ့်အဖြစ်မှန်တွင် ကျွန်တော်တို့သည် မိမိတို့ဘဝမှ မည်သည့် ဂဏန်းတစ်လုံးကိုသော်မျှ နှုတ်ယူခွင့် မရှိနိုင်ပါ။

ကျွန်တော်တို့ တည်းခိုသည့် အိမ်သည် ခြံဝိုင်းကျယ်ပြန့်ပြီး ခြေထံရှည် သစ်သားအိမ်ကြီး ဖြစ်သည်။ ရေနံချေး သုတ်ထားပြီး မည်းနက်ခိုင်ခံ့သောည အိမ်ကြီး ဖြစ်သည်။ မြ အလွန်သဘောကျသော အိမ်အမျိုးအစား ဖြစ်သည်။ ထို့ထက်ပို၍ မြကို အံ့ဩရွှင်လန်းစေသည့် (ဟု ကျွန်တော်ထင်ခဲ့သော) အရာမှာ ခြံဝိုင်းရှေ့က ရေတွင်းကြီး ပင်ဖြစ်သည်။


ရေတွင်းကြီးသည် အချင်းငါးပေနီးပါး ကျယ်ဝန်း၏။ ရေတွင်းပေါင်မှာ ထုထည် ထူထဲစွာနိမ့်သော ဘိလပ်မြေကိုင်ထားသည့် ပေါင်ဖြစ်သည်။ ရေတွင်း နှုတ်ခမ်းပေါင် သည် ကျွန်တော့်လက်နှင့် ထိလိုက်သောအခါ အေးစိမ့်သည့် အတွေ့ကို ပေး၏။ တမံတလင်း အရောင်သည် လရောင်အောက်မှာ ပြောင်လက်ချောမွတ်နေ လေသည်။ လူတွေ ပွတ်တိုက်ပါများ၍ ချောမွတ်နေသော ရေတွင်းနှုတ်ခမ်းကို ကျွန်တော် လက်ထောက်မှီပြီး ရေတွင်းထဲ ငုံ့ကြည့်လိုက်သောအခါ ဟိုးအောက်ခြေရှိ ရေပြင်၌ လပြည့်၏ အရိပ်ကို မြင်ရသည်။ ထို့နောက် ကျွန်တော့် မျက်နှာအဖြစ် ခပ်မည်းမည်းအရိပ်၊ ထို့နောက် မြ၏ အရိပ်။ မြကလည်း ကျွန်တော် ငုံ့ကြည့်သလိုပင် ငုံ့ကြည့်လျက် ရယ်မောလိုက်သည်။ မြ၏ ရယ်သံသည် ရေတွင်း၏ နက်ရှိုင်းမှု၊ လုံခြုံမှုကြောင့် လိုဏ်သံပေါက်ကာ ထူးဆန်းသော ရယ်သံတစ်ခုပမာ ထင်ရသည်။ ကျွန်တော် မြကို လှည့်ကြည့်လိုက်မိသည်။


“ဘာရယ်တာလဲ မြ”


မြက ပြုံးလျက် ကျွန်တော်ကို ကြည့်၏


“ကျွန်မ ငယ်ငယ် တုန်းကပေါ့.. ငယ်ငယ်ဆို တော်တော်ကို ငယ်ငယ်တုန်းကပါပဲ။ ကောင်းကင်လဟာ ဘာလဲလို့ မသိတတ်အောင် ငယ်သေးတဲ့ အရွယ်ပေါ့။ အဲဒီတုန်းက လကို သိပ်လိုချင်ခဲ့တာ”


ကျွန်တော် ခပ်ဟက်ဟက် ရယ်မောမိသည်။


“လိုချင်ပေမယ့် လက သိပ်ဝေးလွန်းတယ် ဆိုတာတော့ သိနေသတဲ့ အစ်ကိုရဲ့.. အဲဒီလိုနဲ့ တစ်နေ့ကျတော့ အဖေက ကျွန်မကို ချီထားပြီး ကျွန်မတို့ အိမ်ရှေ့က ရေတွင်းကြီးထဲကို ငုံ့ကြည့်တော့ ရေတွင်းထဲမှာ လကို မြင်တာကိုး။ ဒီတော့ ကောင်းကင်က လဟာ သိပ်ဝေးတယ်။ အဖေ ယူပေးနိုင်မှာ မဟုတ်ဘူး။ ရေတွင်းထဲက လကတော့ နီးတယ်။ ရေပုံးကြိုးနဲ့ ငင်ယူရင် အဖေ ယူပေးလို့ ရမှာပဲလို့ တွက်သတဲ့”


မြ၏ အသံမှာ ကလေးတစ်ယောက်ကို ပုံပြောပြနေသည့် အသံမျိုးဖြစ်သည်။ ကျွန်တော်သည် ရေတွင်း အုတ်သမံတလင်းပေါင်ကို မှီလျက် မြ ၏ မျက်နှာကို ခပ်ဆဆ ငေးကြည့်မိသည်။


“အဲဒီတော့ အဖေ့ကို ယူခိုင်းတာပေါ့။ အဖေက ရယ်လိုက်တာ မပြောပါနဲ့တော့။ ဒါပေမယ့် အဖေက ကျွန်မအလိုလိုက်ပါတယ်။ ရေဖြည့်ထားတဲ့ ဗာလီချိုင့် သေးသေး ကလေး မြေကြီးမှာ ချပေးပြီး အဲ့ဒီထဲမှာ ပေါ်နေတဲ့ လကလေးကို ကျွန်မကိုပေးရော၊ ကျွန်မက ငြင်းသတဲ့။ ဒီလက သေးသေးလေး၊ ရေတွင်းထဲက လက ကြီးကြီး ကြီးလို့ ပူဆာသတဲ့”


မြက တစ်ချက်ရယ်ပြန်သည်။


“အဲ့ဒီတော့ အဖက ကျွန်မကို ဘယ်လောက်အလိုလိုက်သလဲဆိုရင် ရေတွင်းထဲက လကို ကျွန်မ အမိန့်အတိုင်း ရေပုံးနဲ့ ခပ်ခပ်ပေးတာ ရေတွင်းဝလည်းရောက် ရေပုံးထဲက လကလည်း ပျောက်၊ ရေတွင်းထဲမှာပဲ လ က ကျန်နေ၊ အဲဒီလို ထပ်ကာထပ်ကာ ရေငင်ပြီးမှ ကျွန်မကို ဖေဖေက ချော့ရသတဲ့”


“ဒါဖြင့် မြ က တော်တော်ဆိုးခဲ့တာပေါ့နော်။ တော်ပါသေးရဲ့မြရယ်၊ အခုနေများ ရေတွင်းထဲက လကို ယူခိုင်းရင် ကိုယ်တော့ဒုက္ခပဲ”


မြက ကျွန်တော့် ပခုံးကို မှီနွဲ့ကာ ရယ်မောသည်။


* * *


ထိုညက ကျွန်တော်တို့ နှစ်ယောက် ကြည်နူးစွာ အိပ်မောကျသွားခဲ့သည်။ အနည်းဆုံးပေါ့လေ၊ ကြည်နူးစွာ အိပ်မောကျသွားခဲ့သည်ဟု ကျွန်တော် ထင်ပါသည်။

သို့သော် နောက်တစ်နေ့ နံနက် အာရုဏ်တက်ချိန်တွင် ကျွန်တော့်ဘေးမှာ မြမရှိ။ အိမ်သာမှာ တောမြို့များ၏ ထုံးစံအတိုင်း အိမ်နှင့် ခပ်လှမ်းလှမ်းတွင်ရှိသဖြင့် အိမ်သာသို့သွားလိုလျှင် ကျွန်တော့်ကို နှိုးရန် မြကို မှာထားခဲ့သည်။ သို့သော် ကျွန်တော် လိုက်သွားသော အခါတွင်လည်း ထိုနေရာမှာ မြမရှိ။ အိမ်ရှေ့ မျက်နှာ သစ်ရေချိုးရာ ရေတိုင်ကီများ၊ စဥ့်အိုးများရှိရာနေရာမှာလည်း မြမရှိ။


“ မြရေ ...”


တစ်အိမ်လုံး နိုးသွားသောအခါ မြကို နေရာအနှံ့ လိုက်ရှာကြသည်။ အိမ်ပတ်ဝန်းကျင် တစ်ခုလုံး ဘယ်နေရာမှ မြမရှိ။ ကျွန်တော်သည် နားမလည်နိုင်မှုသာ များလျှက် စိုးရိမ်သောက က တဖြည်းဖြည်းမှ ဝင်ရောက်လာခဲ့သည်။


“မြ ...”


နောက်ဆုံးမှာတော့ ကျွန်တော် ဘယ်လိုမှ မထင်မှတ်ခဲ့သော အဖြစ်အပျက်ကို ချောက်ချားနာကျင်စွာ ကျွန်တော် ရင်ဆိုင်လိုက်ရသည်။ ရေစိုရွှဲနေသော

မြ ၏ အလောင်းကို ကျွန်တော် မြင်လိုက်ရသောအခါ ကျွန်တော်သည် သောကနှင့် နာကျင်ကြေကွဲမှု၊ ချောက်ချား တုန်လှုပ်မှုတို့ဖြင့် သတိလက်လွတ် ဖြစ်သွားခဲ့ရပါသည်။ မြ ဘာဖြစ်သွားခဲ့သည်ဟု ကျွန်တော်မသိပါ။


၆ နှစ်တိုင်တိုင် ရင်းနှီးခဲ့သော မြမှာ ဘာစိတ်ရောဂါမှ

မရှိကြောင်း ကျွန်တော်သာလျှင် အသိဆုံးဖြစ်ပါသည်။

မြသည် ဘယ်တုန်းကမျှ ခပ်ကြောင်ကြောင် စရိုက်ရှိသူလည်း မဟုတ်။ မြသေသွားရင် အစ်ကို သိစေ့မယ် ... ဟူသည့် နာကြည့်စကားတစ်ခွန်းသော်မှ ဒေါသအလျောက် ပြောဆိုခဲ့ခြင်းမရှိ။ အများတကာလို စာကလေး တစ်ကြောင်းတစ်လေမှလည်း ထားရစ်ခဲ့ခြင်းမရှိ။ ကျွန်တော်နှင့် မြ သည် ညအိပ်ရာဝင်သည်အထိ ရန်စကား တစ်ခွန်းသော်မှ မဆိုခဲ့ကြ။ မြ စိတ်အနှောက်အယှက် ဖြစ်မည့် စကားတစ်ခွန်းသော်မှ ကျွန်တော်ကလည်း မပြောခဲ့မိ။ ကျွန်တော်တို့ နှစ်ယောက် စိတ်လက် ပေါ့ပါးစွာ ရယ်မောခဲ့ကြသည် မဟုတ်လား။


ဖြစ်နိုင်သည်မှာ ရေတွင်းပေါင် နှုတ်ခမ်းသည် လိုအပ်သည်ထက် ပို၍ ချောမွတ်နေခြင်း၊ သာမန်ရှိသင့်သည့် အမြင့်ထက် ပို၍ တော်တော်နိမ့်နေခြင်း၊ ရေတွင်းဘေးက အောက်ခြေ အုတ်သမံတလင်းသည် ရေညှိတက်၍ ချောနေခြင်း.. ထိုအချက်များအရ မတော်တဆပြုတ်ကျခဲ့သည်ဟု ကျွန်တော်တို့ကောက်ချက်ချရပါလိမ့်မည်။


* * *


ချစ်လှစွာသော ဇနီးသည်တစ်ယောက် အိပ်ယာထဲမှ

ထသွားသည်ကို မသိလိုက်လေခြင်း၊ အလန့်တကြား အော်လိုက်သည့် အာမေဍိတ်သံကိုပင် မကြားလိုက် လေခြင်းဟု နောင်တနှင့် ရှက်ရွံ့မှုများစွာဖြင့် ကြေကွဲတုန်လှုပ် သွားရသော ကျွန်တော် သည် မြ၏ ဖြစ်နိုင်ခြေများကို တွက်ချက်စဉ်းစား၊ အဓိပ္ပါယ်ကောက်ရန် ဘယ်တော့မှ ခေါင်းအေးအေး၊ သွေးအေးအေး တည်ငြိမ်နိုင်တော့မည် မဟုတ်ပါ။


မည်သို့ သေဆုံးခဲ့သည် ဖြစ်စေ ကျွန်တော့် ဇနီးကတော့ သေဆုံးခဲ့ပြီ။ ကျွန်တော့်ကို တစ်ယောက်ထည်း ထားရစ်ခဲ့ပြီ။ မည်သို့ သေဆုံးခဲ့သည် ဖြစ်စေ ကျွန်တော့ဇနီးသည် ရေတွင်းဆီသို့ ကျွန်တော် မသိလိုက်ဘဲ နောက်တစ်ကြိမ်သွားဖို့ ကြိုးစားခဲ့ပြီ။ ဘာကြောင့်သွားခဲ့ပါသလဲ။ ကျွန်တော် မသိပါ။ ကျွန်တော် မြကို နားလည်ခဲ့သည်ဟုများ တစ်ခါတုန်းက ကိုယ့်ကိုယ်ကို ထင်ခဲ့မိပါသလား။ ဒါဆိုလျှင် ကျွန်တော်သည် အလွန်မှားယွင်းသော လူတစ်ယောက်သာ ဖြစ်ခဲ့ပါလိမ့်မည်။


ကျွန်တော်သည် လောကကြီးထဲမှာ ပျော်ရွှင်တတ်သော လူတစ်ယောက် ဖြစ်ခဲ့သလားဟု ကိုယ့်ကိုယ်ကို ပြန်မေးကြည့်မိသည်။ ကျွန်တော် ယခင်က ဘယ်လို ခံစားချက် ရှိခဲ့မှန်း ကျွန်တော်မသိနိုင်တော့ပါ။ ယခုအခါ အတိတ်ဘဝနှင့် ပတ်သက်သည့် မှတ်ဉာဏ်များ တဖြည်းဖြည်း လျော့ပါးသွားခဲ့သည်။ ကောင်းကင်ဆီမှ ကျွန်တော် ဘာကို စောင့်ကြည့် တတ်ခဲ့ပါသနည်း။ တိမ်တွေလား၊ ကြယ်တွေလား၊ လကိုလား။ လောလောဆယ် ကျွန်တော်

မြင်နေရသည် မှာတော့ လပြည့်လပင် ဖြစ်သည်။

လသည် လူသားတစ်ယောက်၏ မှတ်ဉာဏ်ကို ဖျက်ဆီးပစ်တတ်ပါသလား။ မည်သည့် ဂုဏ်သတ္တိများဖြင့် ဖျက်ဆီးလိုက်ပါသနည်း။ မည်သည့် အတိုင်းအတာအထိ ဖျက်ဆီးလေ့ရှိပါသနည်း။ ပြောရလျှင်တော့ လသည် ကျွန်တော့်အတွက် အလွန်ခက်ခဲသော ပုစ္ဆာတစ်ပုဒ် ဖြစ်ပါသည်။


-------------------------------------------------

K Sharing Audiobook ၏ Social Media Channel များ

K Sharing Youtube

Telegram Channel

Facebook Page



Post a Comment

0 Comments